🍵Chapter 231
ထုံကျန်းကျန်းက ၀န်ကြီးယန်ကို သူ့မိန်းမနှင့် အမြန်ဆုံးကွာရှင်းစေလိုနေသည်။ သို့သော် သူမ၌ ပြဿနာအနည်းငယ် ရှိနေလေသည်။
ဝန်ကြီးယန်၏ဇနီးဖြစ်သူ တုမိန်က ရုတ်တရက် ဖျားနာသွားခဲ့သည်။ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့စတင်ဖြစ်ခဲ့ပြီး ရံဖန်ရံခါ သတိလစ်မေ့မြောပြီး လဲကျသွားလေ့ရှိလာသည်။ ကိုယ်အလေးချိန်မှာလည်း အလွန်အမင်း ကျသွားပြီး ဆေးရုံဆီသို့ အကြိမ်ကြိမ်သွားခဲ့သော်လည်း ဆရာဝန်များသည် သူမ မည်သည့်ရောဂါဖြစ်နေသည်ကို မရှာဖွေနိုင်ကြပေ။
တုမိန်သည် မဖျားခင်မှာ အမျိုးသမီးများအဖွဲ့ချုပ်၌ အလုပ်လုပ်ပြီး ဖျားနာသွားပြီးနောက် အလုပ်မသွားနိုင်တော့ချေ။
ရက်အနည်းငယ်သာ ကြာမြင့်လျှင် အဆင်ပြေသော်လည်း ရေရှည်တွင် မဖြစ်နိုင်ချေ။ နောက်ဆုံးတွင် တုမိန်အား အလုပ်နေရာကို ရောင်းချလိုက်ရန် သူမ၏ ခင်ပွန်းက ဖျောင်းဖျလာသည်။
သူမအလုပ်ကို ဝယ်ယူသူမှာ ရှောင်ကျိုး၏ မိခင်ဘက် အဘိုးမိသားစုမှ လွဲ၍ အခြားသူမဟုတ်ပေ။
ကုမိသားစုသည် မူလက ၎င်းတို့၏ ဒုတိယချွေးမအတွက် အလုပ်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့၏ ဒုတိယချွေးမမှာ ကိုယ်၀န်ရှိသွားခဲ့ပြီး ချွေးမကြီးမှာလည်း အလုပ်ရှိနေပြီဖြစ်သဖြင့် နောက်ဆုံးတွင် ကုရိလန်၏ အလှည့်ဆီသို့ ရောက်ရှိသွားသည်။
တုမိန်သည် အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကြောင့် အာဟာရချို့တဲ့လာသည်။ အလွန်ပိန်လှီသောကြောင့် ပါးပြင်များ ချောင်ကျလာပြီး သူမ၏မျက်နှာမှာ ကျန်းမာရေးနှင့်မညီညွတ်သော အဝါရောင်အဆင်းရှိနေကာ ကြည့်ရသည်မှာ လွန်စွာဆိုးရွားလှပေသည်။
သို့သော် ထိုသည်များက ဝန်ကြီးယန်အား အနည်းငယ်မျှ စိတ်မညစ်စေပေ။ သူက သူမကို လူကိုယ်တိုင် ပြုစုပေးရုံသာမက ဟိုဟိုဒီဒီ ခေါ်သွားကာ လမ်းလျှောက်ထွက်ပေးသည်။
ခရီးတစ်ခုပြီးတိုင်း တုမိန်သည် ပို၍သက်သာလာသည်။ ထို့ကြောင့် ဝန်ကြီးယန်သည် သူ ရရှိသမျှ အခွင့်အရေးတိုင်း သူမနှင့်အတူတူ အပြင်ထွက်လေ့ရှိသည်။ သူတို့က တောင်တက်သွားခြင်း၊ မဟာတံတိုင်းကြီးဆီသို့ သွားလည်ခြင်းများပြုလုပ်ကြပြီး သူက သူမ သွားလိုသည့်နေရာတိုင်းဆီသို့ ခေါ်သွားလိမ့်မည်ပင်။
တစ်ခါတစ်ရံ လမ်းလျှောက်ရသဖြင့် တုမိန် ပင်ပန်းလွန်းသည့်အခါ ဝန်ကြီးယန်က သူမကို ကျောပေါ်တင်ကာ ကုန်းပိုးတတ်လေသည်။
ဝန်ကြီးယန်က သူ့ဇနီးအား ချစ်ကြောင်းကို အပြုအမူများနှင့် သက်သေပြခဲ့သည်။
ဇနီးဖြစ်သူအပေါ် သစ္စာရှိသည့် ဝန်ကြီးယန်က လူတိုင်း၏ ရင်ကို ထိစေပြီး တူမိန်၏မိသားစုက ထိုကဲ့သို့ ခင်ပွန်းရှိရသည်မှာ မည်မျှကံကောင်းကြောင်း သူမကို မှတ်ချက်ပေးကြသည်။
ဝန်ကြီးယန်၏ ဇနီးအပေါ် သစ္စာစောင့်သိမှုသည် သတင်းစာများထိပင် ပါ၀င်လာလေသည်။
ရိုမီယိုနှင့် ဂျူလီယက်တို့ရှိပြီး ထို့နောက်တွင် ဝန်ကြီးယန်နှင့် သူ့ဇနီးတို့ ရှိကြသည်။ ရုတ်တရက်ဆိုသလိုပင် မြို့တော်တွင် သူတို့နှစ်ဦးမှာ နာမည်ကောင်းရှိသွားကြသည်။
ထုံကျန်းကျန်းမှလွဲ၍ လူတိုင်း၏ ရင်ထဲသို့ ထိကြလေသည်။
တုမိန်၏ရောဂါကြောင့် ကွာရှင်းပြတ်စဲမှုက ရပ်ဆဲသွားခဲ့ပြီး ထုံကျန်းကျန်းသည် ဝန်ကြီးယန်ကို မတွေ့ရသည်မှာ တစ်လကျော်ပင် ရှိနေပြီဖြစ်သည်။
သူမကို အဆာပြေမုန့်အချို့ ပို့မလာလျှင် သူ စိတ်ပြောင်းသွားသည်ဟူ၍ပင် သူမ တွေးနေမိပြီဖြစ်သည်။
ထုံကျန်းကျန်းက ဟော့ပေါ့ပေါ်၌ ရှိ သည့်ပုရွက်ဆိတ်ကဲ့သို့ ကြောက်ရွံ့နေပြီး တုမိန်ကို သေစေလိုနေသည်။
ယခင်က ဝန်ကြီးယန်ကို တုမိန် နှင့် ကွာရှင်းစေလိုရုံသာရှိခဲ့သည်။ သို့သော် တုမိန် နာမကျန်းဖြစ်ပြီးကတည်းက သေဆုံးသွားလျှင် ပိုကောင်းမည်ဟု သူမ ရုတ်တရက် ခံစားခဲ့ရသည်။
ကွာရှင်းပြတ်စဲခြင်းသည် ဝန်ကြီးယန်၏ ဂုဏ်သိက္ခာအတွက် မကောင်းမွန်ပေ။ ထို့အပြင် ကလေးနှစ်ယောက်၏ မိခင်ဖြစ်သည့် တုမိန်က သူမနှင့် ဝန်ကြီး ယန်၏ ဘ၀တွင် ထာဝရရှိနေလိမ့်မည်။
သို့သော် တုမိန် သေဆုံးသွားလျှင် ထိုအရာများအားလုံးက ပြဿနာဖြစ်မည်မဟုတ်တော့ပေ။
ယနေ့၌ ဝန်ကြီးယန်သည် သူ့ဇနီးကို တောင်တက်ခရီး ထပ်မံခေါ်ဆောင်သွားသည်။
၎င်းတို့နှစ်ဦးသည် လူသူအရောက်အပေါက်နည်းသည့် လမ်းကြောင်းသို့ သွားကြရင်း ပတ်ဝန်းကျင်တွင် အလည်အပတ်လာသူများကို မတွေ့ရတော့ပေ။
တုမိန်က အလွန်မောပန်းနေသည်။ " ကလေးတို့အဖေ ပြန်ကြရအောင်။ ကျွန်မ ပင်ပန်းလာပြီ "
ဝန်ကြီးယန်က သူ့ဇနီးရှေ့မှာ ထိုင်ချလိုက်သည်။
" မင်းကို ဟိုနေရာဆီ ကိုယ်ချီပို့ပါရစေ။ အရှေ့နားမှာ အံ့သြဖွယ်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုရှိသည့် ချောက်တစ်ခုရှိတယ်။ ကိုယ် မင်းကိုမြင်စေချင်တယ် "
တုမိန်က အလွန်ရင်ထဲ ထိသွားလေသည်။
" ရှင်လည်း ပင်ပန်းနေတယ်လေ။ ကျွန်မဘာသာလမ်းလျှောက်ပါ့မယ် "
ဝန်ကြီးယန်က နူးညံ့စွာ ပြုံးသည်။
" အဆင်ပြေပါတယ်။ ကိုယ်နောက်ကျောပေါ်ကိုတက်။ ကိုယ်က သန်မာတယ် "
တုမိန်က ငိုချင်လာပြီး ခင်ပွန်းသည်၏ နောက်ကျောပေါ်သို့ တက်လိုက်သည်။ " ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားရတယ် "
ဝန်ကြီးယန်၏ နှုတ်ခမ်းများသည် အထက်သို့ ကွေးသွားသည်။ "ဒီလိုခံစားမိတာ ဝမ်းသာပါတယ် "
ထိုစကားကို ပြောပြီးသည်နှင့် ဇနီးသည်အား ချောက်ကမ်းပါးသို့ သယ်ဆောင်သွားသည်။
မိနစ် ၃၀ ကျော်ကြာပြီးသည့်နောက် သူတို့နှစ်ယောက် အမြင့်ဆုံးတောင်ထိပ်ဆီသို့ ရောက်ရှိသွားကြသည်။
အရာအားလုံးသည် ချောက်ကမ်းပါးမှ ကြည့်သည့်အခါ အလွန်သေးငယ်လွန်းလှသည်။ လေပြည်လေညင်းက လူတစ်ယောက်၏ စိတ်အခြေအနေကို တိုးမြှင့်ပေးလေသည်။
တုမိန် နောက်သို့ လှည့်ကာ ခင်ပွန်းဖြစ်သူနှင့် စကားပြောတော့မည့်အချိန်၌ ရုတ်တရက် အားပြင်းစွာ အတွန်းခံလိုက်ရသည်ကို ခံစားမိလိုက်သည်။
(ယွကျားတွေများကြောက်ဖို့ကောင်းလိုက်တာ)
" အားးးးး"
ချောက်ကမ်းပါးပေါ်မှ ကျယ်လောင်သော အော်ဟစ်သံကို ကြားရနိုင်လေသည်။
အရူးတစ်ယောက်လို တောင်ပေါ်ကနေ ပြေးဆင်းလာသည့် ယန်ရုံအန်းကို လူအများက သက်သေခံနိုင်သည်။
" ကျေးဇူးပြုပြီး၊ ကျွန်တော့် ဇနီးချောက်ထဲ လိမ့်ကျသွားတယ်။ ကျေးဇူးပြုပြီး သူမကို ကယ်တင်ပေးကြပါ ၊ ခင်များတို့ကို ကျုပ်တောင်းဆိုပါတယ် "
ယန်ရုံအန်းသည် ပြင်းထန်စွာ ငိုကြွေးနေပြီး သူ့မျက်နှာတွင် မျက်ရည်များ ၊နှပ်ချေးများက ဖုံးလွှမ်းနေပြီး တစ္ဆေသရဲကဲ့သို့ ဖြူဖျော့နေသည်။ သူ့အား ကြည့်ရသည့်မှာ မိနစ်တိုင်းလိုလို၌ ပြိုလဲကျသွားတော့မတတ်ပင်။
အခြားသူများသည် လူတစ်ယောက်ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျကြောင်း ကြားသောအခါ စိုးရိမ်သွားကြသည်။
" သူမ ဘယ်နေရာမှာ လိမ့်ကျသွားတာလဲ ။ သူမ အသက်ရှင်သေးလား "
" တိုင်ကြားဖို့ ရဲစခန်းကို အမြန်သွားရမယ်ထင်တယ် "
" စိတ်လျော့ပါအုံး ရဲဘော်။ ဒီမှာ ရေသောက်လိုက်အုံး "
ယန်ရုံအန်းက သူ့ကို ကမ်းလှမ်းလာသည့် ရေဘူးကို မယူချေ။ သူ့လက်များက အဆက်မပြတ် တုန်ယင်နေသည်။
" ကျုပ်မိန်းမက ဟိုနေရာက ချောက်ကမ်းပါးကနေ ပြုတ်ကျသွားတာပါ။ သူမ အသက်ရှင်နေသေးလား ကျုပ်မသိဘူး။ ကျုပ် သူမကို မမြင်ရနိုင်ဘူး။ ဝူး……"
သူ့မျက်နှာကို ဖုံးကွယ်ပြီး အော်ဟစ်ပြန်သည်။
အတိတ်တွင် ချောက်ကမ်းပါးကို အလည်လာခဲ့ဖူးသူများသည် သူ၏မိန်းမ အသက်ရှင်နိုင်သည့် အခွင့်အရေးမရှိသည်ကို နားလည်ကြသည်။
" ချောက်က အရမ်းနက်တယ်။ အများစုက လိမ့်ကျမှုမှာ အသက်မရှင်နိုင်ဘူး။ ရဲစခန်းကို မြန်မြန်သွားပါလို့ အကြံပေးပါရစေ။ ဇနီးကို ကယ်တင်ဖို့ သူတို့မှာ နည်းလမ်းတွေ ရှိကောင်းရှိနိုင်တယ် "
အမြင့်ဆုံးချောက်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀ မြင့်ပြီး ၎င်းအောက်တွင် မြေပုံမရှိသည့်သစ်တောဖြစ်သည်။ သူ့ကို ကူညီပေးလိုသော်လည်း သူတို့ တတ်စွမ်းနိုင်သည်မရှိချေ။
ယန်ရုံအန်းသည် အားအင် အားလုံး ဆုံးရှုံးသွားသောကြောင့် ဒူးထောက်ကျသွားလေသည်။ နောက်ဆုံးတွင် လူသုံးဦး အကူအညီဖြင့် သူ့အား ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။
ရဲစခန်းသို့ ရောက်ရှိသည့်အခါမှသာ ဝန်ကြီးတစ်ဦးဖြစ်ကြောင်း လူတိုင်းသိသွားကြသည်။ ထို့အပြင် သူသည် မကြာခင်က သတင်းစာများတွင် ဖော်ပြခဲ့သော မော်ဒယ်စုံတွဲမှ ခင်ပွန်းဖြစ်နေသည်။
လူတိုင်း သက်ပြင်းချမိသွားကြသည်။
ရဲက ဤကိစ္စအား အလွန်အလေးအနက်ထားပြီး ယန်ရုံအန်း နှင့်အတူ ချောက်ကမ်းပါးသို့ ပြန်သွားရန် လူများကို ချက်ချင်း စေလွှတ်လိုက်သည်။
သို့သော် အခြားလူပြောသည့်အတိုင်း ချောက်ကမ်းပါးသည် မီတာ ၈၀၀ မြင့်သည်။ ထိုကဲ့သို့ ပြုတ်ကျမှု၌ မည်သူမျှ အသက်ရှင်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သေဆုံးမှုကလည်း မလှပနိုင်ချေ။
ချောက်ကမ်းပါးအောက်ခြေသို့ ဆင်းရန် ပင် ရက်အနည်းငယ် ကြာမြင့်ပေမည်။ ထို့အပြင် ထူထပ်သောတောအတွင်း၌ သားရဲတိရစ္ဆာန်များ ရှိမရှိကို မည်သူမျှ မသိကြချေ။ တိုတိုပြောရလျှင် တုမိန်၏ ရုပ်အလောင်းကို သူတို့ ရှာတွေ့နိုင်မည်ဟု မထင်ကြချေ။
လူတိုင်းက ယန်ရုံအန်းအား သူတို့၏ သနားကရုဏာများ ဖော်ပြကြသည်။
ယန်ရုံအန်းက လက်မလျှော့ပေ။ သူက အော်ဟစ်ပြီး ရဲများကို ကူညီပေးရန် တောင်းဆိုပြီး ဒူးထောက်၍ပင် ဦးညွတ်သည်။
သူက ဇနီးသည်အား မည်မျှချစ်သည်ကို မြင်သောအခါ လူတိုင်း၏ မျက်လုံးများ နီရဲသွားကြသည်။
တုမိန်အတွက် စိတ်မကောင်းဖြစ်နေစဉ်တွင် သူမ၌ ဤကဲ့သို့ခင်ပွန်းတစ်ယောက်ရှိခြင်းမှာ အလွန်ကံကောင်းသည်ဟူ၍လည်း ခံစားမိကြသည်။
ယန်ရုံအန်းသည် နောက်ဆုံးတွင် ငိုကြွေးရင်း သတိမေ့မြောသွားခဲ့ပြီး ရဲများက အိမ်သို့ ပြန်ပို့ပေးကြသည်။
ထို့နောက် ယန်ရုံအန်း ဖျားနာသွားပြီး ရက်အနည်းငယ်အတွင်း ပိန်လှီသွား၏။
သူ့မိဘများက ငိုယိုကာ အားတင်းထားရန် ပြောခဲ့သည်နှင့် သူ့ထံ၌ ကလေးနှစ်ယောက် ကျန်ရှိသေးသောကြောင့် မဟုတ်လျှင် ဇနီးသည်၏ခြေရာကိုနင်းရန်မှာ ဖြစ်နိုင်ချေများလေသည်။
ကြည်နူးစရာကောင်းသည့်အချစ်ဇာတ်လမ်းကို သတင်းစာမှာ ထပ်မံရိုက်နှိပ်ခဲ့ပြီး လူတိုင်း၏ရင်ကို ထိစေပြန်သည်။
ကွယ်လွန်သူဇနီးမယားအစား သူနှင့် သားသမီးများကို ပြုစုစောင့်ရှောက်လိုကြောင်း ယန်အိမ်ဆီသို့ လာရောက်ပြောဆိုသည့် လက်မထပ်ရသေးသော မိန်းမပျိုများပင်လျှင် ရှိကြပေသည်။
မည်သို့ပင်ဆိုစေကာမူ ယန်ရုံအန်းက ၎င်းတို့အားလုံးကို ငြင်းပယ်လိုက်သည်။
သူက ယခုအချိန်၌ သူ၏မိန်းမအကြောင်းကိုသာလျှင် တွေးနိုင်သည်ဟု ပြောသည်။ အနာဂတ်တွင် နောက်တစ်ကြိမ် လက်ထပ်မည်ဆိုလျှင် သူ့အတွက် မဟုတ်ဘဲ သူ့သားသမီးများကို ပြုစုစောင့်ရှောက်ရန် တစ်စုံတစ်ယောက်လိုအပ်ခြင်းအတွက်ကြောင့် ဖြစ်မည်ဟု ပြောလာသည်။
သူသည် မိန်းကလေးများကို သူ့နှလုံးသားကို ပေးစွမ်းနိုင်မည်မဟုတ်သောကြောင့် ၎င်းတို့အား ထိုကဲ့သို့ မဆက်ဆံနိုင်ပေ။
ရက်အနည်းငယ်အကြာတွင် ထုံကျန်းကျန်းသည် တုမိန်၏မတော်တဆမှုအကြောင်းကို သိရှိသွားသည်။ ခေတ္တခဏ တုန်လှုပ်သွားပြီးနောက် ခေါင်းကို နောက်သို့ လှန်ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။
ကောင်းကင်ဘုံသည် သူမဘက်၌ ကျိန်းသေ ရှိနေလေသည် ။
သူမသည် တုမိန်၏သေဆုံးခြင်းကိုသာ ဆန္ဒရှိခဲ့ပြီး ယခုတွင် အမှန်တကယ်ဖြစ်လာသည် ။
ထုံကျန်းကျန်းသည် သူမ၏အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးအားပါးတရပြုံးနေလေသည်။
အလွန်အခြေအနေကောင်းလေသည်။ တုမိန်က သေဆုံးသွားပြီး ယခု သူမနှင့် ယန်ရုံအန်းအကြားတွင် မည်သူမှ ရပ်မနေတော့ချေ။
ပြီးခဲ့သောလများတွင် သူမက အလွန်စိတ်ပျက်ဒေါသထွက်နေခဲ့ပြီး ကောင်းကောင်းမစားနိုင်၊ အိပ်မပျော်နိုင်ဖြစ်ခဲ့သည်။ ယခုအခါတွင် ၎င်းဝန်ထုပ်ဝန်ပိုးမှ လွတ်ကင်းသွားပြီဖြစ်သဖြင့် ရုတ်တရက်ပင် ဗိုက်ဆာလာလေသည်။
အံဆွဲထဲမှ ပိုက်ဆံနှင့် လက်မှတ်ကို ထုတ်ယူကာ သူမ၏အိမ်မှ အမြန်ထွက်လိုက်ပြီး အရှေ့လေပြေစားသောက်ဆိုင်ဆီသို့ ဦးတည်သည်။ သို့သော် လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်ကာ နောက်ပြန်လှည့်လိုက်သည်။
သူမသည် အရှေ့လေပြေစားသောက်ဆိုင်တွင် ထုံရွှယ်လူနှင့်တွေ့ဆုံပြီး သူမ၏ယခင်ဘဝတွင် ငယ်ရွယ်စဉ်အချိန်၌ သေဆုံးသွားခဲ့သော ၀မ်ရူကွေ့အကြောင်း အရိပ်အမြွက်ပြောလိုခဲ့သည်။ သို့သော် အေးမြသည့်လေက သူမစိတ်ကို ငြိမ်သက်သွားစေသည်။ သူမ အလွန်အမင်း သတိပေးလိုက်မိလိမ့်မည်ဖြစ်ပြီး နောင်တစ်ချိန် ယန်ရုံအန်း သိရှိသွားပါက သူမကို ငြီးတွားပြောဆိုမည်ဖြစ်သည်။
တုမိန်က သေဆုံးသွားပြီဖြစ်သည်။ သူမလုပ်စရာရှိသည်မှာ ယန်ရုံအန်း သူမကို လက်ထပ်လာရန် လဲလျောင်းကာ စောင့်ဆိုင်းနေရန်သာ လိုအပ်တော့သည်။
ထုံရွှယ်လူအတွက်မူ သူမအတွက် မည်သည်ကိုမျှ ပြုလုပ်စရာ မလိုအပ်ပေ။ ၀မ်ရူကွေ့၏အမေက သူ့ကို အနာဂတ်မှာ အဆုံးစွန်ထိ တွန်းပို့လိမ့်မည်ပင်။ ထို့အပြင် သူမ ယန်ရုံအန်း၏ဇနီးဖြစ်လာသည်နှင့် တပြိုင်နက် ထုံရွှယ်လူကို သူမ လုပ်နိုင်သည့် အရာများစွာ ရှိပေသည်။
ထို့ကြောင့် နောက်ဆုံးတွင် ထုံကျန်းကျန်းက အိမ်သို့ပြန်သွားခဲ့သည်။
သို့သော် တုမိန်အပေါ် သူမ ထားရှိခဲ့သော ကျိန်စာက အမှန်တကယ်ဖြစ်လာသောကြောင့် ထုံရွှယ်လူကို စတင်ကျိန်ဆဲလေတော့သည်။