အပိုင်း ၁၂၇
Viewers 16k

Chapter 127

 ကျွန်တော့်ဘေးကို ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်




ယွီနျန်က မုန့်ယွမ်နှင့် ဘေးတိုက် လျှောက်နေရင်း ဖုန်းတစ်ဖက်က ရုန်ယွဲ့ပြောနေသည်ကို နားထောင်နေသည်။


"သို့ချိုက်ကြက်နဲ့ကျောက်တုံး အကွက်က ရှောင်မိသားစုကလား ဆိုတာ မသေချာဘူး...တကယ်တော့ ဒီပစ္စည်းက ကမ္ဘာပေါ်မှ ပေါ်မလာတာ အချိန်တော်တော်ကြာပြီ... နျင်းမြို့တော်က ရှောင်မိသားစုကလည်း ရှောင်ယင်းခယ် တစ်ယောက်ပဲ ကျန်ခဲ့ပေမယ့် ဆုံးသွားပြီးပြီ...ဇနီးရော သားသမီးရော မကျန်ခဲ့ဘူး... ဒါကြောင့် ခွက်ကို လာထားတဲ့ အသက်ကြီးကြီး အမျိုးသမီးက ရှောင်မိသားစုရဲ့ ဇနီး သေချာပေါက် မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် သူမက ရှောင်မိသားစုနဲ့ အမျိုးတော်တယ်လို့ ပြောနေတော့ အမျိုးနည်းနည်းဝေးတာတွေတော့ ရှိလောက်ပေမယ့် ပြောရခက်တယ်ကွ"


ယွီနျန်က အံ့အားသင့်သွားရသည် 

" မစ္စတာ ရှောင်ယင်းခယ်က ဆုံးသွားပြီးပြီလား"


"ဟုတ်တယ်...သူက နျင်းမြို့တော်က ရှောင်မိသားစုရဲ့ နောက်ဆုံးမျိုးဆက်ပဲ..." 


ရုန်ယွဲ့က သက်ပြင်းချလိုက်သည်

 " နျန်နျန်...မင်း စိုးရိမ်နေတဲ့အရာကို သိပါတယ်...ဒါပေမယ့် ဒီခွက်ကို မင်းက တရားဝင် ဝယ်ယူခဲ့တယ်လေ...ပြီးတော့ ဒီကိစ္စကြောင့် မင်းက ပိုက်ဆံတွေ ပိုလျှံနေတဲ့ လိမ်ရလွယ်တဲ့သူ ဆိုပြီး နာမည်အတပ်ခံခဲ့ရတာကို မမေ့လိုက်ပါနဲ့ ဟုတ်ပြီလား..."


သက်တော်စောင့်က ကားတံခါး ဖွင့်ပေးလာ၍ ယွီနျန်က ရပ်နေရာမှ ကားထဲ ဝင်လိုက်ရန် ပြင်သည်။ ထိုအချိန် တစ်ယောက်ယောက်က ခပ်ဝေးဝေးမှ ခေါ်လာသံကို ကြားလိုက်ရသည် "ကုရွှမ်းနင်" ယွီနျန်က လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ အသံလာရာဘက် လက်ယမ်းပြလိုက်သည်။


ယွီနျန်က ရွှေတေးသွားဆုပေးပွဲ သွားသည့်လမ်းတွင် ရောက်နေမှန်း သိလိုက်၍ ရုန်ယွဲ့က ဖုန်းတစ်ဖက်မှ သဘောကျရယ်မောလာသည် " ကဲ ဘာမှပြောစရာ မရှိတော့ပါဘူး...မင်းဘက်က ရှေ့ဆက်သာသွား...သေသေချာချာလည်း ဂရုစိုက်ပေါ့...အချိန်ကျလာရင် ငါလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဦးမှပါ..."


ယွီနျန်က အနည်းငယ် ရှက်ကိုးရှက်ကန်း ခံစားလိုက်ရသည် " ဟုတ်ကဲ့ပါ...ကျွန်တော်လည်း အကောင်းဆုံး လုပ်မှာပါ"


နေရောင်ခြည်က မိုးကုတ်စက်ဝိုင်းအောက် ပျောက်ကွယ်သွားရင်း ကောင်းကင်ထက် ညနေခင်း ရောင်စုံခြယ် အလင်းရောင်တို့က ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။ ပွဲကျင်းပသည့်နေရာတွင် မီးအားလုံး ဖွင့်ထားလေသည်။ ကားထဲထိုင်နေရင်း ယွီနျန်က ပွဲဘက်က ဖန်များ၏ အော်သံစူးစူးများကို တစ်စွန်းတစ်စ ကြားနေရသည်။


ယွီနျန်က နောက်ဆုံးအကြိမ် ကိုယ့်ကိုယ်ကို ပြန်လည်ပြင်ဆင်လိုက်သည်။


"မင်းရဲ့ ဝတ်စုံက ကြည့်ရ အဆင်ပြေတယ်...ပြီးတော့ လက်ပတ်နာရီနဲ့ လက်ကြယ်သီးတို့လို အဆောင်အယောင် ပစ္စည်းလေးတွေလည်း ဝတ်ထားတယ်...ငါ မင်းအတွက် ဓါတ်ပုံရိုက်ပေးဖို့ သတင်းထောက်တွေကို သေချာစီစဥ်ထားမို့ ဓါတ်ပုံအရည်အသွေးအတွက်ကတော့ လုံးဝအာမခံတယ်..တခြားလား...အို့ ဟုတ်ပြီ...ဒါက ပထမဆုံးအကြိမ် မင်းတစ်ယောက်တည်း ကော်ဇော်နီ လျှောက်ရတာ မို့လား...အရမ်း မြန်မြန်ကြီး မလျှောက်နဲ့ ဓါတ်ပုံရိုက်ခံရဖို့ အချိန်နည်းနည်းလောက် နေပေး..."


တစ်ယောက်နှင့် တစ်ယောက် သဘောတူပြောဆိုကြပြီးနောက် ယွီနျန်က ခေါင်းငုံ့လိုက်ရင်း တွန့်ရာကြေရာမရှိအောင် ပြန်ပြင်လိုက်သည်။ မနေနိုင်၍ သူက ဖုန်းကောက်ကိုင်လိုက်ရင်း ရွှယ်ယုံ့ဆီ ဖုန်းဆက်လိုက်သည်။


တစ်ဖက်က ချက်ချင်း ပြန်ဖြေလာပြီး ရွှယ်ယုံက ယွီနျန့်ကို မေးလာသည် " စိတ်လှုပ်ရှားနေတာလား"


ရွှယ်ယုံ့အသံ ကြားလိုက်သောအခါ ယွီနျန်က အလိုလို အသက်ရှူထုတ်မိရင်း ဖုံးကွယ်မနေတော့ပဲ ပြောလာသည်


 "ဟုတ်တယ်...အရမ်း စိတ်လှုပ်ရှားနေတယ်" 


သူက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပြီး ဆက်ပြောလာသည်


 " ရွှေထင်းရှူးဆုပေးပွဲနဲ့ မတူဘူး...ရွှေထင်းရှူးဆုပေးပွဲအတွက်က သိပ်ပြီး ထူးထူးခြားခြား မခံစားခဲ့ရဘူး...ဆုရရ မရရ စိတ်ထဲ ဘယ်လိုမှမနေဘူးရယ်...ဒါပေမယ့် ရွှေတေးသွားဆုပေးပွဲကတော့..." 


ယွီနျန်က သူ့ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာသည် 

" ကျွန်တော် ဆုရချင်တယ်"


ထိုမေးခွန်းကို ရွှယ်ယုံက တိုက်ရိုက်ပြန်ဖြေမလာပဲ နူးညံ့ရီဝေသော အသံနှင့် ပြောလာသည်


 " နျန်နျန်...ကိုယ်က အခု ကိတ်မုန့်တစ်လုံး ဖုတ်နေတာ"


"ကိတ်မုန့်လား" 

ယွီနျန်က အံ့အားသင့်သွားသော်လည်း ရွှယ်ယုံက သူ့ကို ယခင်က ပို့ပေးဖူးသော "စားစရာ"များထဲမှ အထပ်ထပ်အလိမ်လိမ် ကိတ်လေး တစ်ခုကို အမှတ်ရသွား၍ ပြုံးပြလာသည်


 "ဒါဖြင့် မစ္စတာရွှယ်...ကိတ်မုန့်ဖုတ်တာ ကံကောင်းပါစေ" 


“ကျေးဇူးပါ" 


ရွှယ်ယုံက လေသံတိုးတိုးနှင့် ညည်းညူလာသည်

 " ကိတ်မုန့်တစ်လုံး ဖုတ်တာက ရုံးရဲ့ မှတ်တမ်းတွေ ဖြေရှင်းရတာထက် ပိုခက်တယ်"


ရွှယ်ယုံ စိတ်ညစ်နေမည့် ပုံစံကို မြင်ယောင်လိုက်ရင်း ယွီနျန်က အသံကျယ်ကျယ် ရယ်မောလိုက်သည်။


သူ့စိတ်အာရုံ ပြောင်းသွားကာ ကိတ်မုန့်ဘက်ကို စိတ်ရောက်သွားလေသည်။ နှစ်ဦးသား ဟိုဟိုသည်သည် စကားအနည်းငယ် ပြောလိုက်ပြီးနောက် ယွီနျန့်ကို အရှေ့ခန်းမှ မုန့်ယွမ်က သတိပေးလာသည်


 " ကော်ဇော်နီပေါ် လျှောက်ရမယ့် အချိန်ကျလာပြီနော်" 


ဖုန်းချလိုက်ပြီးနောက် ရှစ်ရော့က အလျင်အမြန် ပြောလာသည် 


" နျန်နျန်ရေ...မင်း အခုလေးတင် တစ်ယောက်ယောက်က 'ကုရွှမ်းနင်' ဆိုပြီး မင်းကို ခေါ်လာတာ ကြားလိုက်တယ်မို့လား... မင်း လှည့်ကြည့်ပြီး လက်ယမ်းပြတဲ့ GIF

ကို အကြိမ်တစ်သောင်း ပြန်တင်နေကြပြီရော... ဒီနေ့မှာ ရေပန်းစားမှုနှုန်း သတ်မှတ်ချက်က သူများနဲ့ အကြိတ်အနယ်ကို ပြိုင်နေရတာ ...ဒါပေမယ့် 'ကုရွှမ်းနင်'ဇာတ်ကောင်ရဲ့ ဖန်တွေက မင်းကို အဆင့်၂၀ထိ တွန်းပို့နေကြပြီ"  


မုန့်ယွမ်ကပင် အံ့သြသွားရသည် 


" ဒါ တကယ့်ကို အချစ်စစ်ပဲ...ဒါပေမယ့် နျန်နျန် မင်းရဲ့ ဖန်အုပ်စုက အမျိုးအစား မတူဘူးနော်...မင်းရဲ့ ရုပ်ရည်ကို သဘောကျတဲ့ ဖန်တွေရယ်... မင်းရဲ့ ပါရမီစွမ်းရည်ကို လေးစားအားကျတဲ့ ဖန်တွေရယ်... အမေအစ်မ ဖန်တွေရယ်... မင်းရဲ့ သီချင်းကို ကြိုက်တဲ့ ဖန်တွေရယ်...မင်းရဲ့ ဇာတ်ကောင်တွေကို ကြိုက်တဲ့ ဖန်တွေရယ်...အများကြီး ကွဲတယ်"


ရှစ်ရော့က အလျင်စလို အသံနှင့် ထပ်ပြောလာသည် 

" CPဖန်တွေလည်း ရှိတယ်"


ယွီနျန်က ရုတ်တရက် နားမလည်၍ မေးလိုက်သည်

 " ဘယ်လိုCPဖန်လဲ"


“ယုံယွီ CPဖန်" 


ရှစ်ရော့က ပြုံးစစနှင့် စာသားတစ်ခု ရွတ်ပြလာသည်


 " စိတ်ကူးယဥ်တာကိုပဲ အားထားနေရတဲ့ ယုံယွီမလေးတွေက ဘယ်တော့မှ အရှုံးမပေးဘူး"


ယွီနျန်က မနေနိုင်ပဲ လည်ချောင်းရှင်းလိုက်ရင်း ခေါင်းလှည့်ပြီး ရယ်လာတော့သည်။


မှန်လုံဇိမ်ခံကားရှည်ကြီးက ဖြေးဖြေးချင်း ရပ်သွားပြီး staffက ကားတံခါး ဖွင့်ပေးလာသည်။ ယွီနျန်က ကော်ဇောနီပေါ် ခြေချလိုက်သည်။ ကော်ဇောနီ၏ နှစ်ဖက်နှစ်ချက်လုံးတွင် ကင်မရာမီးများနှင့်အတူ ဖန်များစွာ၏ မီးအလင်းဘုတ်ပြားများ မရေမတွက်နိုင်အောင် ရှိနေသည်။


ယွီနျန့်ပုံရိပ်လေးက ပွဲကျင်းပသည့် နေရာရှိ screenကြီးကြီးပေါ် ပေါ်လာ၍ အော်သံများ စူးစူးဝါးဝါး ထွက်လာပြီး အစီအစဥ်တင်ဆက်သူ၏ အသံလည်း တစ်ဆက်တည်း ကပ်ပါလာသည်


 " ကော်ဇောနီပေါ် နောက်ထပ် လျှောက်လှမ်းလာတဲ့ သူကတော့ နာမည်ကြီး အဆိုတော် စံပြုရလောက်တဲ့ တေးရေးဆရာနဲ့ သရုပ်ဆောင် ယွီ...နျန် ဖြစ်ပါတယ်"  


ယခုအကြိမ်တွင်ဖြင့် ယွီနျန်က ကော်ဇောနီပေါ် တစ်ယောက်တည်း လျှောက်လာခြင်း ဖြစ်ပြီး မျက်နှာထက် အပြုံးတို့ ဆင်မြန်းထားရင်း မီဒီယာသမားများ၏ ဓါတ်ပုံအတွက် တောင်းဆိုမှုများကို လိုက်လျောပေးနေသည်။ သူက ဖန်များ၏ အားပေးသံများကို ကြားသည့်အချိန်တွင်လည်း ပြန်လည် တုန့်ပြန်ပေးလိုက်သည်။ သူက ကော်ဇောနီ လမ်းဆုံးသည်ထိ လျှောက်သွားရင်း သူ၏နာမည်ကို ဘုတ်ပြားပေါ်တွင် လက်မှတ်ထိုးလိုက်ပြီး အစီအစဥ်တင်ဆက်သူ အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ယောက်က သူ့ကို စင်တည့်တည့်ဆီ ဦးဆောင်ခေါ်သွားပေးသည်။ 


အဖြူရောင် ညနေခင်းပွဲတက်ဝတ်စုံ ဝတ်ထားသည့် အစီအစဥ်တင်ဆက်သူ အမျိုးသမီးက သူမ၏ စကားပြောကတ်ကလေးကို ကိုင်ထားရင်း ပြုံးပြလာသည် " 'ရှေးဟောင်းလမ်းမ' ရုပ်ရှင်က box officeမှာ ၁.၅ဘီလီယံအထိ ထိုးဖောက်နိုင်ခဲ့တဲ့အတွက် ယွီနျန့်ကို ဂုဏ်ပြုပေးပါတယ်နော်"  


အစီအစဥ်တင်ဆက်သူ အမျိုးသားက နားမလည်ချင်ယောင်ဆောင်လိုက်ရင်း ပြောလာသည် 


" နေပါဦး...ဒါက ရွှေတေးသွားဆုပေးပွဲလေ...ဘာလို့ ရုပ်ရှင်တွေအကြောင်း ပြောနေကြတာလဲ"


အစီအစဥ်တင်ဆက်သူ အမျိုးသမီးက သံယောင်လိုက်ပြောလာသည်


 " ဟုတ်သားပဲ...ခေါင်းစဥ်ပြောင်းလိုက်မယ်...ဒါဆို ယွီနျန်ရေ...မင်းရဲ့ တစ်ကိုယ်တော်ခွေအသစ်က ဂျူလိုင်လမှာ ထွက်မှာနော်...ဟုတ်လား"


ယွီနျန်က ခေါင်းညိမ့်ပြလာသည် 


" ဟုတ်ကဲ့...သီချင်းအသစ်က အဆင်သင့်ဖြစ်နေပါပြီ...လူတိုင်းနဲ့အတူတူ နားဆင်နိုင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ဘူး"


အစီအစဥ်တင်ဆက်သူ အမျိုးသားက ကင်မရာဘက် ကြည့်လိုက်သည်

 " ကျွန်တော်က အရမ်း အရမ်းကို စောင့်မျှော်နေတာပါ ...ဖန်တွေအကုန်လုံးလည်း အဲ့ဒီလိုပဲ ခံစားမိမယ်လို့ ယုံကြည်တယ်"


ယွီနျန်က ပြုံးလိုက်ရာ သူ့မျက်လုံးများက လခြမ်းပုံစံလေး ဖြစ်သွားသည်

 " ကျေးဇူးပါ...ကျွန်တော် ဆက်ပြီး အလုပ်ကြိုးစားပါ့မယ်" 


သူတို့က ပွဲကျင်းပသည့်နေရာကို ဝင်လိုက်ရာ ထိုင်ခုံများက တစ်ဝက်ပင် ပြည့်နေပြီ ဖြစ်သည်။ ပွဲစီစဥ်သည့်သူက ထိုင်ခုံများကို အစီအစဥ်ကျကျ စီမံထားသည်။ ယွီနျန့်ဘယ်ဘက်တွင် စောစောရောက်နှင့်နေသည့် ယွီချင်း ထိုင်နေပြီး ညာဘက်တွင်ဖြင့် သူနှင့်အတူ "သီချင်းဆိုပါရစေ"အစီအစဥ်တွင် ဒိုင်လုပ်ဖူးသည့် စွန်းမုန့်ဇယ်နှင့် ဝေလု တို့ရှိနေသည်။ သူတို့အားလုံးက ရင်းနှီးနေသော မျက်နှာများဖြစ်သည်။


စွန်းမုန့်ဇယ်က စနောက်လာသည် 

" နျန်နျန်ရေ...မင်းရဲ့ ဆုလက်ခံစကားအတွက် ပြင်ဆင်ထားပြီးပြီလား"


ယွီနျန်က နည်းနည်းပင် ဟန်ဆောင်မနေပဲ ပြောလာသည် 

" ကျွန်တော့်ရဲ့ မန်နေဂျာက ကျွန်တော့်ကို မှတ်မိနေအောင်လို့ စာတစ်ပိုဒ် ရေးထားသေးတယ်... ကျွန်တော် သုံးရပါ့မလား မသေချာပေမယ့် ပြင်ဆင်ထားတာက ကောင်းတယ်လေ...မဟုတ်ရင် ကျွန်တော်က အဲ့ဒီရောက်ပြီးမှ အပေါက်အလမ်းမတည့် ပြောနေရင် အရမ်းရှက်စရာကောင်းမှာပေါ့" 


စွန်းမုန့်ဇယ်က သဘောတူလာသည်

 " အတိအကျပဲ...ငါ အသက်ငယ်ငယ်တုန်းက ငါ့ရဲ့ ပထမဆုံးဆုကို ရတဲ့အချိန် ငါက အဲ့ဒီနေရာမှာ နေ့တစ်ဝက်စာလောက် ရပ်နေပြီးတော့ 'အားလုံးပဲ ကျေးဇူးတင်ပါတယ်' ဆိုတာပဲ ပြောထွက်ခဲ့တယ်...ချက်ချင်းကို မီဒီယာက ငါ့ကို နာမည်ပြောင်ပေးခဲ့ကြတာ 'မစ္စတာ စကားလေးလုံးတဲ့' "


ယွီချင်းက လိုက်ပြောလာသည်

 " ပြီးတော့ ဒုတိယအကြိမ် ဆုရတဲ့အချိန်ကျတော့ မြစ်တစ်စင်းလို လေကြောရှည်နေပြီး ဆုလက်ခံယူတဲ့စကားက ဆယ်မိနစ်ကြာမှ ပြီးတာလေ"


စွန်းမုန့်ဇယ်က ပြန်ဖြေလာသည် 

" ဒါက အတိတ်က အရှက်ရမှုကို ပြန်အဖတ်ဆယ်ဖို့ လေ့ကျင့်ထားတယ်လို့ ခေါ်တယ်"


လူတိုင်းက ဟက်ဟက်ပက်ပက် ရယ်မောလာကြသည်။


သူတို့ စကားများများ မပြောလိုက်ရမီ စင်မြင့်ပေါ်ရှိ screenထက်တွင် အဖွင့်အစီအစဥ်ကို ပြောပြလာ၍ လူအုပ်ကြီးက အသံတိတ်သွားသည်။ 


ရွှေတေးသွားဆုပေးပွဲက ဖျော်ဖြေရေးနယ်ပယ်တွင် အကြီးမားဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး တေးဂီတဆုပေးပွဲ ဖြစ်ပြီး အဆိုတော်များအတွက် အမြင့်ဆုံးဂုဏ်ပုဒ် တစ်ခု ဖြစ်သည်။ ထိုဆုပေးပွဲက ကျင်းပလာသည်မှာ နှစ်ပေါင်း သုံးဆယ့်ကိုးနှစ် ရှိပြီဖြစ်ပြီး အမျိုးမျိုးသော တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများတွင်လည်း ကြည့်ရှူသူ သန်းချီရှိလေသည်။ ကောမန့်တစ်ခွင်တွင်လည်း ပွဲမစမီကပင် မက်ဆေ့ချ်များ ရောက်နေပြီး မရေမတွက်နိုင်သော အဆိုတော်များ၏ နာမည်များနှင့် ပလူပျံနေသည်။ 


လုပ်ရိုးလုပ်စဥ်အတိုင်း အဖွင့်ဖျော်ဖြေမှု ပြီးသွားပြီးနောက် ပထမဆုံး တင်ပြလာသည့် ဆုက ၃၉ကြိမ်မြောက် ရွှေတေးသွားဆုပေးပွဲ၏ တစ်နှစ်တာအတွက် အကောင်းဆုံးအယ်လ်ဘမ်ဆု ဖြစ်သည်။ ဝါရင့် အဆိုတော်ကြီး နှစ်ယောက်က စင်ပေါ်သို့ လက်ချင်းချိတ်ပြီး လျှောက်လာရင်း ဓလေ့ထုံးတမ်းအရ အပြန်အလှန် နှုတ်ဆက်လိုက်ပြီးနောက် ကျယ်ကျယ် ဖတ်ပြလာသည်


 " တစ်နှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆု စံကာတင်စာရင်းက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်"  


screenက ပုံပြောင်းသွားပြီး တစ်နှစ်တာ၏ အကောင်းဆုံးအယ်လ်ဘမ်ဆုအတွက် စံကာတင်ဝင်သည့် နာမည်များက ပေါ်လာသည် ။ ပိုင်ယန်၏ 'သွားခွင့်ပေးလိုက်ပြီ' ၊ ရွှယ်ယားလင်၏ 'တောအုပ်နတ်သမီးလေးပုံပြင် ' ၊ ယွီနျန်၏ 'ကျော့ရှင်းသော'။


screenက စံကာတင်ဝင်သည့် အနုပညာရှင် ခြောက်ယောက်ပုံ ပြလာပြီး ဆုကြေငြာမည့်သူက မျက်မှန်ကို ပင့်လိုက်ရင်း ကြေညာပေးလာသည် 


"ဆုရရှိသွားတာကတော့....ယွီနျန်ရဲ့ 'ကျော့ရှင်းသော' ဖြစ်ပါတယ်..." 


ဆုရရှိသူကို ကြေညာပေးပြီးသွားသည်နှင့် ချက်ချင်း ကောမန့်တစ်ခုလုံး ပေါက်ကွဲလာတော့သည်။


[ထင်ထားသလိုပဲ 'ကျော့ရှင်းသော'တဲ့...ငါ သိနေတယ်...ငါရဲ့ အကြိုက်ဆုံး အယ်လ်ဘမ်ပဲ]


[အား...ယွီနျန်က အကောင်းဆုံးသော စတင်ခြင်းနဲ့ ခြေလှမ်းစနေပြီ...သူက သူ့ရဲ့ ခန္ဓာကိုယ် သွယ်သွယ်လေးနဲ့ ချပ်ချပ်ရပ်ရပ် ချုပ်ထားတဲ့ ဝတ်စုံလေး ဝတ်ထားတာ အရမ်းကြည့်ကောင်းတာပဲ]


ယွီနျန်က စင်ပေါ် တက်သွားလိုက်ရင်း ဆုကြေညာသည့်သူဆီမှ ဆုလက်ခံယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြသည့်အနေနှင့် ဦးညွတ်လိုက်သည်။ အဆိုတော်ကြီး နှစ်ယောက်က စင်ပေါ်မှ ဆင်းသွားသည်နှင့် ယွီနျန်က မိုက်ကရိုဖုန်းတိုင်နောက်တွင် ရပ်လိုက်သည်။ 


[အိမ်နီးနားချင်း ဖန်အဖွဲ့ရဲ့ ဖန်တွေက ပြောနေကြတယ်... ယွီနျန့် အပြုအမူတွေက အပြစ်ပြောစရာကို မရှိဘူးတဲ့...သူ့ရဲ့ အမူအကျင့်လေးက သေးသေးလေးကစ တောက်ပနေတာ]


[စီနီယာအနုပညာရှင်ကို အရိုအသေပေးကြောင်း ပြဖို့ အလိုလို ဦးညွတ်သွားတာ...ပြုံးပြီးတော့တောင် ကျေးဇူးတင်စကား ပြောလိုက်သေးတယ်...သူတို့ ထွက်သွားတာကို စောင့်ပြီးမှ စကားပြောတာ...အား...သူ့အသံလေးက နားထဲစွဲနေလောက်အောင် ညှို့ယူဖမ်းစားသွားတာပဲ... ပြီးတော့ သူက အရမ်း ကြည့်ကောင်းတာ... ငါ မခံနိုင်တော့ဘူး...ငါလည်း ဖန်တစ်ယောက် ဖြစ်သွားပြီ] 


အကောင်းဆုံး အမျိုးသမီး တေးသံရှင်ဆုက တေးရေးတေးဆို နှစ်ခုလုံးတွင် ပိုင်နိုင်သည့် လင်းဝမ်ယင်က ရရှိသွားလေသည်။ ယွီနျန်က ကင်မရာ သူ့ဘက် မလှည့်ထားသည်ကို အခွင့်ကောင်းယူလိုက်ရင်း အယ်လ်ဘမ် ဒီဇိုင်းပါသည့် ဆုတံဆိပ်လေးကို ဓါတ်ပုံခိုးရိုက်လိုက်ပြီး ရွှယ်ယုံဆီ အမြန်ပို့လိုက်သည်။ 


ထိုအချိန်တွင်းမှာပင် ဆုကြေငြာသည့်သူက ကြေညာပေးလာသည် " ၃၉ကြိမ်မြောက် ရွှေတေးသွားဆုပေးပွဲရဲ့ အကောင်းဆုံး အမျိုးသား တေးသံရှင်ဆုကတော့ ယွီနျန်ပဲ ဖြစ်ပါတယ်"


ကင်မရာက သူ့ဘက် လှည့်လာ၍ ယွီနျန်က နှစ်စက္ကန့်မျှ ဗလာဖြစ်စွာ မော့ကြည့်လိုက်ရင်းမှ နားလည်သွားလေသည်။ သူ ဆုရသွားတာလား။


တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသည့် ကောမန့်တစ်ခွင်က ရယ်သံများနှင့် ပွက်လောရိုက်နေတော့သည်။


[ဟားဟားဟား...ယွီနျန့် တွေဝေသွားတဲ့ မျက်နှာလေး... အဲ့ဒါကလေ မင်းက အတန်းထဲမှာ ဖုန်းသုံးနေတုန်း ဆရာမက ရုတ်တရက် မေးခွန်းမေးဖို့ ခေါ်လာသလိုမျိုးပဲ...အရမ်း ချစ်ဖို့ကောင်းတယ်]


[အား...ထိုက်တန်ပါတယ်...ယွီနျန်ရေ အခု ဖုန်းသုံးတာ ရပ်လိုက်တော့နော်]


အကောင်းဆုံး အမျိုးသား တေးသံရှင်ဆုကို လက်ခံယူပြီးနောက် ယွီနျန်က ထိုင်ခုံ

တွင် ထိုင်ရုံရှိသေးသည့်အချိန် နောက်ထပ် ကြေညာလာပြန်သည်


 " ၃၉ကြိမ်မြောက် ရွှေတေးသွားဆုပေးပွဲရဲ့ အကောင်းဆုံးတက်စစ်စ အနုပညာရှင်ဆုကို ရရှိသွားတဲ့သူကတော့ ယွီနျန် ဖြစ်ပါတယ်"