Chapter 128
" ကျွန်တော့်ဘေးကို ရောက်လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ကင်မရာရိုက်ချက် အောက်တွင် ယွီနျန်က ယွီချင်းဆီ ခေါင်းလှည့်ပြီး ပါးစပ်လှုပ်ရုံ မေးလာသည်
"ကျွန်တော်လား"
ယွီချင်းက အပြုံးလေးနှင့် ခေါင်းညိမ့်ပြလာ၍ တတိယအကြိမ်မြောက် ယွီနျန်က စင်ပေါ်တက်ရလေသည်။
[ဟားဟားဟား...သူက 'အစ်မ... ကျွန်တော်ပဲလား...သူတို့ ဖတ်တာ မှားနေတာလား... တကယ်ပဲ ကျွန်တော်လား'လို့ မေးနေတာဖြစ်မယ်]
[ဟားဟားဟား...ယွီနျန် ဖြစ်သွားတဲ့ မျက်နှာပုံစံလေးက .... ဟုတ်ပြီ ငါတော့ memeရပြီဟေ့]
အကောင်းဆုံး တီးဝိုင်းဆု ၊အကောင်းဆုံး တေးဂီတအဖွဲ့ဆုနှင့် အကောင်းဆုံး သီချင်းဗီဒီယိုဆုက ယွီနျန်နှင့် မသက်ဆိုင်သော ဆုများ ဖြစ်သည်။ မည်သို့ဆိုစေ ကင်မရာက သူ့ကို မျက်နှာသာပေးလာပုံရကာ သူ့ကို ရိုက်မလာတော့ပေ။
အချိန်ကိုက်အနေနှင့် ယွီနျန်က စိတ်ပါလက်ပါနှင့် ဆုတံဆိပ်ကို ဓါတ်ပုံရိုက်လိုက်ပြီး သုံးစက္ကန့်အတွင်း သူ့ဖုန်းကို ဖယ်လိုက်ကာ ဘာမှမဖြစ်သလို ပုံမှန်အတိုင်း ပြန်ထိုင်နေသည့်ပုံကို ဓါတ်ပုံက ရိုက်မိသွားလေသည်။
တက်သစ်စအဖွဲ့လေး၏ ဖျော်ဖြေမှု ပြီးသွားပြီးသောအခါ အကောင်းဆုံး သီချင်းစာသားဆုကို တင်ပြလာသည်။ စံကာတင်ဝင်သည့်သူများတွင် စီနျင်းလည်း ပါသည်။
နောက်ဆုံး ဆုရရှိသွားသည့်သူကို ကြေညာသောအခါ "စီနျင်း"ဆိုသည့် နာမည်နှင့် ယွီနျန့်ပုံက screenထက် ပေါ်လာသည်။ အကောင်းဆုံးတေးရေးတည်းဖြတ်ဆုအတွက်လည်း ထိုပုံကိုပဲ ပြန်ပြလာသည်။
ယွီနျန်က မိုက်ကရိုဖုန်းတိုင် နောက်တွင် ရပ်နေရင်း ကျေးဇူးတင်စကား ပြောကြားနေ၍ ကောမန့်များတွင်လည်း ဇာတ်ကောင်များနှင့် ပြည့်နေပြီဖြစ်သည်။
[အခု ယွီနျန့်ကို ဘယ်သူမှ မတားနိုင်တော့ဘူး...သူ ဆု ဘယ်နှစ်ခုတောင် ရနေပြီလဲ...ငါးခု ရှိနေပြီ...သူ့အတွက် စိတ်မကောင်းလိုက်တာ ပြေးသွားလိုက် ဆင်းလာလိုက်နဲ့ လက်ဆင့်ကမ်းပြိုင်ပွဲကျနေတာပဲ... သူက ရုပ်ပိုင်းဆိုင်ရာ အားမကောင်းဘူး ဆိုရင်တောင် သူက အသက်ရှူရဦးမှာလေ]
[ဟားဟားဟား...ယွီနျန့်ရဲ့ ဆုလက်ခံစကားပြောတာက ပိုပြီး တိုလာတယ် ဆိုတာ သတိထားမိကြလား ..သူက ဆုငါးဆု ရပြီးတော့ စကားပြောရမှာ မေ့သွားပြီထင်တယ်... ချစ်စရာလေး]
[ဘုရားရေ...ငါတော့ 'စီနျင်း'က ယွီနျန်ဆိုတာ မေ့သွားတော့မလို့...အထင်ကြီးစရာပဲ...သူက ဆုသုံးဆု ရထားပြီးတော့ ကလောင်အမည်နဲ့လည်း ဆုနှစ်ဆု ရထားသေးတယ်...ဒီလို အကောင်ကြီးကြီးကို ဦးညွတ်ပါရစေ]
ယွီနျန်က ရေပန်းအစားဆုံး အမျိုးသား တေးသံရှင်ဆုကို ယူပြီးသောအခါ ကောမန့်များက ငြိမ်သွားကြပြီ ဖြစ်သည်။
[ဒီလိုမျိုး အဓိကဆုကြီး ခြောက်ဆုကို သိမ်းသွားတာက သမိုင်းကြောင်းကို ပြန်ကြည့်ရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က လင်းကျိုး ပြီးရင် မရှိသေးဘူးမို့လား...လင်းကျိုးရဲ့ သီချင်းတွေကို အခုထိ နားထောင်နေသေးတယ်...ပြီးတော့ 'ကျော့ရှင်းသော'ကလည်း ငါ့ရဲ့ သီချင်းနားထောင်မှုစာရင်းထဲမှာ နောက်ထပ်ဆယ်စုနှစ် တစ်ခုစာထိ ရှိနေဦးမယ်ဆိုတာ သေချာတယ်... ဒါက ဂန္ဓဝင်တေးသွားတွေရဲ့ အင်အားလည်း ဖြစ်နိုင်တာပေါ့]
[သူ့ကို အပြစ်ရှာနေကြတဲ့ ဟိုဖန်တွေ သူ့ကို အရမ်း ခါးခါးသီးသီးဖြစ်နေတာ ရပ်လိုက်သင့်တယ်နော်... ဖန်မဟုတ်တဲ့သူတွေတောင် သူက သေချာပေါက် ထိုက်တန်တယ်ဆိုတာ သိကြတယ်... ရိုးရိုးသားသားပြောရရင် လတ်တလောနှစ်တွေမှာ တေးဂီတလောကက နာမည်ကြီးတာတွေပဲ လွှမ်းမိုးနေတော့ တကယ်အထင်ကြီးရလောက်တဲ့ သီချင်းတွေ ထွက်လာဖို့က ခက်ခဲတယ်...ဒါကြောင့် အရည်အချင်းလည်းရှိ အဆိုစွမ်းရည်မှာလည်း ပါရမီပါပြီး ကြည့်ကောင်းတဲ့ ယွီနျန်က တစ်ခါတည်းနဲ့ ဆုတွေအများကြီး သိမ်းသွားတာ အံ့သြစရာမရှိပါဘူး]
[ရေပန်းအစားဆုံး အမျိုးသား တေးသံရှင်ဆုက တစ်ယောက်ကို တစ်ကြိမ်ပဲ မဲပေးရတာ...ပြီးတာ့ ဖန်မဟုတ်တဲ့သူတွေကလည်း သူ့သီချင်းတွေကို အရမ်းကြိုက်ကြတော့ ယွီနျန့်ကို မဲပေးကြမှာပဲလေ...အစ်ကိုနျန်ရဲ့ ဖန်လေးက ငိုမိတော့မယ်.... နျန်နျန်က တကယ် အံ့သြစရာကောင်းတာ...အရမ်းလှပတဲ့ သီချင်းတွေ အများကြီး ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်]
ထိုအချိန် စင်ပေါ်တွင် ယွီနျန်က ဟာဆီ၏ အဆင့်အတန်းမြင့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မိုက်ကရိုဖုန်းတိုင်နောက် မတ်တပ်ရပ်နေသည်။ သူက လက်ထဲရှိ ဆုတံဆိပ်ကို တစ်ချက်ကြည့်လိုက်ရင်း မိုက်ကရိုဖုန်းနှင့် နီးသွားရန် ခေါင်းငုံ့လိုက်ပြီး ပြောလာသည်
" တကယ်တော့ ကျွန်တော် ဘာပြောရမလဲ မသိဖြစ်နေတာပါ"
ပရိတ်သတ်ဘက်မှ ရယ်သံများ စီစီဝေဝေ ထွက်လာသည်။
ယွီနျန်က တစ်ခဏမျှ စဥ်းစားဟန် ပြုပြီးနောက် စကားထပ်ပြောလာသည်
" အဓိက အကြောင်းရင်းက ကျွန်တော် ဒီပွဲကို မလာခင်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်မန်နေဂျာက ဆုခြောက်ခုလောက် ရမယ်လို မထင်ထားခဲ့တော့ ကျွန်တော် ဆုလက်ခံစကား တစ်ခုကိုပဲ မှတ်ထားခဲ့တာ"
ပရိတ်သတ်ဘက်က ရယ်သံဖွဖွ ထွက်လာပြီး လက်ခုပ်တီးလာကြသည်။
"ပွဲစီစဥ်ပေးတဲ့သူတွေရော ကျွန်တော့်ကို အားပေးကြတဲ့ ဖန်တွေရော ကျေးဇူးအများကြီးတင်ရှိပါတယ်... ကျွန်တော့်ဘက်က အလုပ်ကို နှစ်ဆကြိုးစားပြီး ပိုမိုကောင်းမွန်တဲ့ လက်ရာတွေနဲ့ ပြန်ပြီး ပေးဆပ်ပါ့မယ်ဗျာ"
ယွီနျန်က ပရိတ်သတ်ဘက်ကို ငုံ့ကြည့်လိုက်ရင်း သူ့မျက်လုံးထက် ရေပွက်ကလေး ပေါ်လာသကဲ့သို့ အပြုံးတစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားစဥ် ယွီနျန်က ဆက်ပြောလာသည်
" ကျွန်တော့် အဘိုးနဲ့အဘွားကိုလည်း ကျေးဇူးတင်ချင်ပါတယ်...သူတို့က ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့ပြီး ဘဝရဲ့ တန်ဖိုးနဲ့ အချစ်ဆိုတဲ့ အရာကို သင်ပေးခဲ့ကြတာ... ပြီးတော့ ဒီကမ္ဘာရဲ့ လောကဓံ အကောင်းအဆိုးနှစ်ခုလုံးကို ရင်ဆိုင်နိုင်ဖို့ သတ္တိတွေ ပေးခဲ့ကြတယ်"
“နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာက..." သူ့အကြည့်က အလိုလို နူးညံ့သွားပြီး နှလုံးသားထောင့်တစ်နေရာကလည်း ချိုချဥ်ပျော့လေးလို နူးညံ့ပျော့ပျောင်းလာသည်။ ယွီနျန်က ခေါင်းမော့လိုက်ရင်း လက်ညှိုးရှိ လက်စွပ်လေးကို မြတ်မြတ်နိုးနိုး နမ်းရှိုက်လိုက်သည်။ ကင်မရာဘက်ကို မျက်နှာမူလိုက်ရင်း နောက်ဆုံးစကားလုံးကို ပြောလာသည်
" ကျွန်တော့်ဘေးကို ရောက်လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
သတင်းက အချိန်နှင့် တစ်ပြေးညီပင်။ ထို့ကြောင့် ရွှေတေးသွားဆုပေးပွဲ အခမ်းအနားက မပြီးဆုံးသေးပဲ အကောင်းဆုံး အယ်လ်ဘမ်ဒီဇိုင်းနှင့် ထုတ်ပိုးမှုဆုကို တင်ပြနေဆဲအချိန်တွင် #ယွီနျန်က ဆုကြီး ခြောက်ဆု သိမ်းသွားခြင်း# ဆိုသည့် hashtagနှင့် #ယွီနျန်၏ သံသယဖြစ်ဖွယ် ဖွင့်ဟဝန်ခံချက်#ဆိုသည့် hashtagက trending list တွင် ထိပ်ဆုံးနှစ်နေရာကို အလျင်အမြန် ရောက်လာသည်။
ယွီနျန်၏ လက်စွပ်လေးကို နမ်းနေသော အဓိပ္ပါယ်များစွာပါသည့် ဓါတ်ပုံကို အကြိမ်ပေါင်းများစွာ shareနေကြပြီး ဖန်များ၏ တုန့်ပြန်မှုများကလည်း ကွဲပြားနေကြသည်။
[မျက်လုံးထဲမှာ ကြယ်တွေ ရှိနေသလိုမျိုး ဆိုတာကို နောက်ဆုံးတော့ နားလည်သွားရပြီ...သူက လက်စွပ်လေးကို နမ်းလိုက်တဲ့ အချိန်မှာ နဂါးငွေ့တန်းတစ်ခုလုံးက သူ့မျက်လုံးထဲ ကျသွားသလိုပဲ...ဖုန်မှုန့်သာသာ ဖန်လေးက ဒူးထောက်နေပါပြီ]
[အား...ကောင်းကင်ဘုံက ကောင်းချီးပေးတဲ့ ဖွင့်ဟဝန်ခံချက်လေးပါလား...စိတ်မကောင်းစရာက သူက ငါ့ကို ဖွင့်ပြောနေတာ မဟုတ်ဘူး...QAQ ရင်ကွဲနေပါပြီ]
[သေစမ်း...အစ်ကိုနျန်ရဲ့ ဖန်မလေးကတော့ မယုံနိုင်ဘူး...ဒါကို အရင်တုန်းက ဘာလို့ အရိပ်အမြွက်လေးတောင် မပေးခဲ့ရတာလဲ... သူတို့ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး စပြီး ချိန်းတွေ့နေရတာပါလိမ့်...အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် မီဒီယာကနေ တရားဝင်မကြေညာရသေးသ၍ ကောလဟာလဖြန့်နေတာ ရပ်လိုက်တော့... ဒါပေမယ့် အင်တာတိန့်မန့်ရဲ့ ဂျာနယ်လစ်တွေ စျေးကွက်အကောင့်တွေက ကြောင်တောင်တောင် ဖြစ်သွားတာကို မြင်ရတာ ရယ်စရာကောင်းတယ်]
မုန့်ယွမ်က စင်နောက်ကနေ စောင့်နေခြင်းဖြစ်သည်။စစချင်းတွင် သူက ယွီနျန် စင်ပေါ် တက်လိုက်ဆင်းလိုက်နှင့် ဆုကြီးခြောက်ဆုကို တစ်ခုပြီးတစ်ခု ယူနေသည်ကို မြင်ပြီး အံ့သြသွားရသော်လည်း နောက်ပိုင်း သူက တည်တည်ငြိမ်ငြိမ် ဖြစ်လာသည်။ သို့သော်လည်း သူက ယွီနျန် လက်မြောက်ပြီး အပြုံးလေးနှင့် လက်စွပ်ကို နမ်းလိုက်သည်ကို မြင်လိုက်သောအခါ နှလုံးခုန်မြန်လာပြီး ခံစားချက်က သိပ်မကောင်းပေ။
ယွီနျန်က "ကျွန်တော့်ဘေးကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်" ဆိုသည့် စကားစုကို ပြောလိုက်သောအခါ မုန့်ယွမ်က သူ့ကိုယ်သူ ရေရွတ်မိသည်
" ထင်ထားသလို ဖြစ်လာတော့မယ်...."
မုန့်ယွမ်က ပြင်ဆင်မှုမရှိပဲ တိုက်ပွဲထဲ သွားပြီး ထိပ်တန်းမန်နေဂျာတစ်ယောက် ဖြစ်လာခဲ့သည် မဟုတ်ပေ။ တစ်နည်းအားဖြင့် သူက အဆင့်တစ်ခုစီတိုင်းကို သေသေချာချာ ဂရုတစိုက်နှင့် ပြင်ဆင်ထားတတ်သည်။ သူက ယွီနျန် ပေါက်ကွဲစေမည့် စကားတစ်ခွန်း ဆိုလိုက်သည်ကို ကြားလိုက်သည့်အချိန်တွင် ယွီနျန်က ဆုကို ပိုက်ပြီး စင်ပေါ်မှ ဆင်းလာပြီ ဖြစ်သည်။ သူက အကျိုးဆက်ကို ရှောင်ရှားရန် စင်ပေါ်မှ ဆင်းခဲ့ပြီးပြီဆိုမှသာ စိတ်အေးသွားရသည်။
စဥ်းစားရင်းနှင့် မုန့်ယွမ်က ဘေးပတ်လည်ရှိ လူများ၏ အာရုံစိုက်လာမှုကို မသိကျိုးကျွံပြုလိုက်ပြီး ဖုန်းဆက်ရန် လူရှင်းသည့် ထောင့်တစ်နေရာကို ရှာလိုက်သည်။
ဆုပေးပွဲ အခမ်းအနား ပြီးသွား၍ သူတို့က နန်နီကားလေးနှင့် ပြန်လာခဲ့ကြပြီး ယွီချင်းက ပုခုံးတစ်ဝိုက်တွင် ကုတ်အပါးလေးခြုံထားရင်း ရယ်မောလာသည်
" ဟားဟားဟား...ယွီနျန် နင့်ရဲ့ အရိပ်အမြွက်လေး ပေးလိုက်တဲ့ နည်းလမ်းက တကယ်ကို ထိမိသွားတာပဲ.. နင် သိလား...နင် စင်ပေါ်မှာ နောက်ဆုံးစကားတစ်ခွန်းကို ပြောပြီးသွားတာနဲ့ စွန်းမုန့်ဇယ်က ငါ့ကို လာမေးတာ ...လက်စွပ်က ဒီအတိုင်း အလှဝတ်ထားတာလား တကယ်ကြီး ဆက်ဆံရေးတစ်ခု ရှိနေတာလား ဆိုပြီးလေ"
ယွီနျန်က အနည်းငယ် ရှက်ရွံ့သွားပြီး လက်စွပ်လေးကို အလိုလို ပွတ်သပ်မိသည်
"တကယ်တော့ ကျွန်တော်က စင်ပေါ် မတက်ခင်တုန်းက ပြောဖို့ မရည်ရွယ်ထားဘူး...ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းမထားနိုင်တော့လို့"
“သဘောပေါက်တယ်...သဘောပေါက်တယ်...တစ်ခါတစ်လေမှာ ခံစားချက်တွေက ထိန်းချုပ်ထားလို့ မရနိုင်ဘူး"
ယွီချင်းက ဤသည်ကို ကိစ္စကြီးတစ်ခုဟု မထင်ချေ။ သူမက ခေါင်းလှည့်လိုက်ပြီး ကားပြတင်းပေါက်မှတစ်ဆင့် ဖုန်းကိုင်ထားလျက် နီးကပ်လာသည့် မုန့်ယွမ်ကို ကြည့်လိုက်ရင်း စနောက်လာသည်
" နင့်ရဲ့ မန်နေဂျာကတော့ စိတ်ဖိစီးမှုများပြီး ခေါင်းပြောင်တော့မှာပဲ"
"ဝူး"ဆိုသည့် အသံနှင့်အတူ ကားတံခါးက ဖွင့်လာပြီး မုန့်ယွမ်နှင့် ရှစ်ရော့က ဝင်လိုက်ကြသည်။ သံလုံပြတင်းပေါက်များက တင်းတင်းကျပ်ကျပ် ပိတ်သွားမှန်း သေချာမှ မုန့်ယွမ်က ဖုန်းကို ဘေးကို လွှင့်ပစ်လိုက်ရင်း လည်စီးပဝါကို ဖြေလိုက်ကာ ယွီနျန့်ကို စိုက်ကြည့်လာသည်
" မင်းရဲ့ ချစ်လှစွာသော အစ်ကိုမုန့်ကို သတိလေးဘာလေး ပေးလို့မရဘူးလား"
ရှစ်ရော့က တိုးတိုးပြောလာသည်
"ဟုတ်တယ် ဟုတ်တယ်...အစ်မလည်း နှလုံးခုန်နေတာ မရပ်တော့ဘူး...မင်းတို့ ကိစ္စကို လူသိသွားကြတော့မယ်လို့ ထင်နေခဲ့တာ"
ယွီနျန်က စကားမဆိုလာသေး၍ မုန့်ယွမ်က အရင် ပြောလိုက်သည်
" ငါက အဲ့ဒါကို မစိုးရိမ်ဘူး...ယွီနျန်က အဲ့လောက် ရူးမိုက်တဲ့သူ မဟုတ်ဘူးလေ...သူက တစ်လှမ်းချင်း ခြေလှမ်းယူပြီး ဖန်တွေလက်ခံနိုင်တဲ့အထိ တဖြေးဖြေး တိုးတက်အောင်လုပ်မှာ"
ယွီနျန်က ရယ်မောလာသည် " ဟုတ်တယ်...အစ်ကိုမုန့်က ကျွန်တော့်ကို နားလည်တယ်"
မုန့်ယွမ်က မျက်လုံးလိမ့်လိုက်ရင်း ပြောလာသည်
" ငါ့ကို လာမြှောက်မနေနဲ့...မင်းကို နားမလည်ချင်ပါဘူး"
ရှစ်ရော့ကလည်း စိတ်ကူးကြည့်ရင်း ပြောလာသည်
" ဒါဆို နျန်နျန်က သူ တစ်ယောက်ယောက်ကို သဘောကျနေသလိုလို အရိပ်အမြွက် ပေးပြီးတော့ လူတိုင်းကို ခန့်မှန်းကြည့်ခိုင်းထားမှာ...ဒါက အရင်ဆုံး အပျော့ဆွဲထားတာမျိုး...နောက်တော့မှ သူ့မှာ သဘောကျနေရတဲ့သူ ရှိပါတယ် ဆိုပြီး ထုတ်ပြောလိုက်တဲ့အခါ ဥက္ကဌရွှယ်လို့ ပြောလိုက်ရင်တောင် ဖန်တွေရဲ့ လက်ခံပေးနိုင်မှုက နည်းနည်းတော့ မြင့်သွားမှာပဲလေ...ဟုတ်တယ်မို့လား"
သူမက ထပ်ပြီး သိချင်လာရသည်
" ဒါပေမယ့် မင်းက ဘာလို့ ရွှေတေးသွားဆုပေးပွဲမှာ ပြောခဲ့ရတာလဲ"
ကျောပြောင် ညနေခင်းပွဲတက်ဝတ်စုံကို ဝတ်ထားသည့် ယွီချင်းက လေတိုက်နေ၍ ကုတ်အင်္ကျီအပါးလေး ထပ်ဝတ်ထားပြီး သူမ၏ ဆံနွယ်ရှည်များနှင့် အနီရောင် နှုတ်ခမ်းနီတို့က အေးစက်ပြီး စွဲမက်ဖွယ်ကောင်းသော ပုံစံကို ပြသနေသည်။ သူမက စကားဆိုလာသည်
" ဘာလို့ဆို နျန်နျန်က နာမည်ကြီး အိုင်ဒေါ လမ်းကြောင်းကို မသွားပဲ အရည်အချင်းရှိတဲ့ အဆိုတော် တစ်ယောက် ပုံစံမျိုးအတိုင်းသွားလို့လေ...ပေါ့ပ်အဆိုတော်တွေက သူတို့ရဲ့ အချစ်ရေးကြောင့် ဖန်တွေ ဆုံးရှုံးရမှာ ကြောက်ကြတယ်...ဒါပေမယ့် နျန်နျန်က မကြောက်ဘူး... ဒီရွှေတေးသွားဆုပေးပွဲအခမ်းအနားက သူ့ပါရမီအတွက် အကောင်းဆုံးသက်သေပြချက်တစ်ခုပဲ... ဒါက အခွင့်အရေးကြီးပဲလေ"
ယွီနျန်က သဘောတူလာသည်
" ဟုတ်တယ်...အဲ့ဒါ ကျွန်တော် တွေးခဲ့တာနဲ့ တစ်ထပ်တည်းပဲ"
ဖုန်းနှစ်လုံးက ထပ်ပြီး မြည်လာ၍ မုန့်ယွမ်က ခေါ်လာသည့်နံပတ်ကို ကြည့်လိုက်ပြီး ဖုန်းနှစ်လုံးကို စက်ပိတ်လိုက်သည်။ သူက ရှစ်ရော့ဘက်ကိုလည်း မှာလိုက်သည်
" မင်းရဲ့ ဖုန်းကိုလည်း ပိတ်ထားသင့်တယ်"
“ဟုတ်ပြီ ဟုတ်ပြီ"
ဖုန်းမျက်နှာပြင်အားလုံး မည်းမှောင်သွားစဥ် မုန့်ယွမ်က သက်ပြင်းချလာသည် " နောက်ဆုံးတော့ ကမ္ဘာကြီးက ပြန်လည် တိတ်ဆိတ်သွားပြီ...အဲ့ဒီ မီဒီယာတွေက ငါ့ဖုန်းကို ပေါက်ကွဲအောင် လုပ်နေကြတာ"
ယွီနျန်က သဘောကျ ရယ်မောလိုက်ရင်း ပြောလာသည် " ကျေးဇူးပါ အစ်ကိုမုန့်"
မုန့်ယွမ်က နှာမှုတ်လိုက်ရင်း အူလှိုက်သည်းလှိုက် ရယ်မောလာသည်
" ဒီအားထုတ်မှုသေးသေးလေးက ဘာမှ မဟုတ်ပါဘူး....ပထမဆုံးအကြိမ် ရွှေတေးသွားဆုပေးပွဲကို တက်တဲ့အချိန်မှာပဲ ဆုရှစ်ဆု စံကာတင်ဝင်ခဲ့ပြီး ခြောက်ဆုရခဲ့တယ်... ဒီအောင်မြင်မှုကို ဆယ်နှစ်လောက် ကြွားလို့ရပြီလေ"
လူတိုင်းက ဝက်ဝက်ကွဲ ရယ်မောလာသည်။
မုန့်ယွမ်သည် ယွီနျန်က လိမ္မာပါးနပ်မှု မရှိသည့်သူမျိုး မဟုတ်မှန်း ကောင်းကောင်းသိသည်။ သူသာ အမှန်တကယ် ဖွင့်ပြောချင်လျှင် သူ့ကို သတိမပေးပဲ လုပ်လာမည် မဟုတ်ပေ။ သူက စကားပြောနေရင်း အရှိန်လွန်ပြီး ထိန်းမရ ဖြစ်သွားသည်နှင့် တူသည်။
သို့သော်လည်း ထိုစာကြောင်းကို ပြောလိုက်သည့် ဆုံးဖြတ်ချက်က စိတ်ထင်ရာစိုင်းလှသည် မဟုတ်ပေ။ ယွီနျန်က သူ့မန်နေဂျာက ကိစ္စတိုင်းကို ဖြေရှင်းပေးနိုင်ပြီး မည်သည့် သတင်းအချက်အလက်မှ စိမ့်ထွက်မသွားအောင် လုပ်ဆောင်နိုင်မှန်း သေချာသိလေသည်။
ဤယုံကြည်မှုက မုန့်ယွမ်ကို စိတ်အေးစေရသည်။
"အဲ့ဒီအကြောင်းက ထားလိုက်တော့...ဒီနေ့က ၅ရက်နေ့မို့လား...'V+'မဂ္ဂဇင်းရဲ့ ပထမတစ်ပတ်ရောင်းအားက ထွက်လာပြီ... " မုန့်ယွမ်က လက်ချိုးရေလိုက်ရင်း ယွီနျန့်ကို ပြောလာသည် " ဒီတစ်ခေါက်မှာ မင်းက ကာဗာပုံမှာ ပါထားတာမို့လား...တစ်စက္ကန့်အတွင်း ကော်ပီ၅၀၀၀၀ ရောင်းခဲ့တယ်... ပြီးတော့ တစ်ဆယ်စက္ကန့်အတွင်း ၁၆၀၀၀၀ ကော်ပီ ရောင်းခဲ့ရတယ်... ရလဒ်က တကယ်ကို ထိုးထွက်နေတာ...ရောင်းအား မှတ်တမ်းကို ချိုးဖောက်နိုင်ခဲ့တယ်"
သူ့ဘေးတွင် ထိုင်နေသည့် ယွီချင်းက ဆံပင်ကို လိမ်လိုက်ရင်း ထပ်ပြောလာသည်
"ရောင်းအားမှတ်တမ်းကို ချိုးသွားတာက ငါ့ဟာ ဖြစ်ရမှာပါနော်"
ယွီနျန်က မျက်တောင်ခတ်လိုက်ရင်း လက်အုပ်ချီလာသည်" ကျွန်တော်က နိမ့်ချနေပြီးသားပါ"
ယွီချင်းက သူ့ကို လုံးလုံးလျားလျား စိုက်ကြည့်လိုက်ရင်း လက်ယမ်းပြလာသည်
" သွားစမ်း...ငါ့ရှေ့ လာပြီး အနာကို တုတ်နဲ့ထိုးနေတာကို မြင်ရတာ စိတ်ပျက်စရာပဲ"
သို့သော်လည်း သူမက မနေနိုင်ပဲ ပြုံးလိုက်မိသည်။
ယွီချင်းကို သူမနေရာတွင် ချပေးခဲ့ပြီးနောက် ကားလေးက ယွီနျန့်အိမ်သို့ ဆက်သွားလိုက်သည်။ မုန့်ယွမ်က လေဟာနယ်ထဲရှိ အနီရောင်မီးအလင်းတန်း လမ်းကြောင်းကို ကြည့်လိုက်ရင်း သက်ပြင်းချပြီး ပေါ့ပေါ့ပါးပါး စကားပြောလာသည်
" ရွှေတေးသွားဆုတွေကို သိမ်းလာခဲ့တော့ ဂီတနယ်ပယ်ထဲမှာ မင်းက နေရာတစ်ခု ရလာခဲ့ပြီ"
ယွီနျန်က ရိုးရိုးရှင်းရှင်း ပြန်ဖြေလာသည် " အင်း"
နှစ်စက္ကန့်ကြာ တိတ်သွားပြီးနောက် မုန့်ယွမ်က ဆက်ပြောလာသည်
" မနှစ်တုန်းက မင်း 'သဘာဝရဲ့ သံစဥ်' ရှိုးပွဲမှာ ပါခဲ့တာကို မှတ်မိသေးလား...ရှုရွှမ်းက မင်းခြေထောက် ထိခိုက်အောင် လုပ်ခဲ့တာလေ...ခြေထောက်နာနေတာတောင် မင်းက အံတင်းတင်းကြိတ်ပြီး တင်ဆက်မှုတစ်ခုလုံးကို ကသွားခဲ့တယ်... နာလွန်းလို့ မင်းရဲ့ အဝတ်အစားတွေတောင် ချွေးတွေနစ်နေခဲ့တာလေ... အဲ့ဒီတုန်းက ငါ တွေးမိခဲ့တယ်... မင်းရဲ့ အနစ်နာခံမှု ပင်ကိုယ်ပါရမီနဲ့ အလုပ်ကြိုးစားပုံမျိုးနဲ့ဆို
မင်းရဲ့ တောက်ပမှုက မှေးမှိန်သွားမှာ မဟုတ်ဘူး"
သူက ပြုံးလိုက်ရင်း ထပ်ပြောလာသည်
" ပြီးတော့ မင်းရဲ့ အောင်မြင်မှုကရတဲ့ အကျိုးအမြတ်ကိုလည်း သဘောကျတာလည်း ပါတာပေါ့လေ"