Chapter 129
ကျွန်တော့် ကောင်လေးက အရမ်း....
စကားပြောကြပြီးနောက် သူက ရှေ့ထိုင်ခုံဘက် ပြန်လှည့်သွားရင်း လက်သီးဆုပ်ပြပြီး ဖိတ်ခေါ်လာသည်
" အလုပ်ကြိုးစားကြမယ်"
ယွီနျန်က အသက်ဖွဖွ ရှူလိုက်ရင်း သူ့ရင်ဘတ်တစ်ခုလုံး ပြည့်လျှံသလို ခံစားသွားရသည်။ သူက လက်မြောက်လိုက်ပြီး လက်သီးချင်း တိုက်လာသည်
" အလုပ်ကြိုးစားကြမယ်"
ယွီနျန် အိမ်ပြန်ရောက်သောအခါ ရွှယ်ယုံက သူ့ကို စောင့်နေပြီဖြစ်သည်။
ရွှယ်ယုံ့ကို တွေလိုက်ရစဥ် ယွီနျန်၏ တင်းမာနေသော အာရုံကြောများက နောက်ဆုံး ပြေလျော့သွားကြသည်။ သူက လက်ထဲက အိတ်ကို ရွှယ်ယုံ့ဆီ လှမ်းပေးလိုက်ရင်း စိတ်မရှည်စွာ ပြောလာသည်
" မြန်မြန်လေး ကြည့်ကြည့်လိုက်"
ရွှယ်ယုံက အိတ်ကို ယူလိုက်ရာ အလေးချိန်ကို ခံစားမိသည်။ သူက အထဲကို ကြည့်လိုက်သောအခါ ပြောင်ပြောင်လက်လက် ရွှေရောင် ဆုတံဆိပ်များကို တွေ့လိုက်ရသည်။
ယွီနျန်က ဖိနပ်လဲလိုက်ရင်း ပြောလာသည်
" ရွှေတေးသွားဆုတွေကို အိမ်ပြန်သယ်ဖို့ တစ်ဒါဇင်ကို ယွမ်တစ်ဆယ်ကျတဲ့ စျေးပေါတဲ့ အိတ်ကို သုံးတယ် ဆိုပြီး အစ်ကိုမုန့်ကတောင် စနေသေးတာ..."
ရွှယ်ယုံ့ကို မျက်နှာချင်းဆိုင်လိုက်ရင်း ယွီနျန့်မျက်လုံးတို့က ဖုံးမရဖြစ်နေသော ဂုဏ်ယူမှုတို့ကို ပြနေသည်။
"ဒါပေမယ့် ဆုက ခြောက်ခု ဆိုတော့ ကိုင်ရတာ မလွယ်ဘူးလေ...အဲ့ဒါကြောင့် အိမ်ပြန်သယ်ဖို့အတွက် အိတ်ထဲ ထည့်ခဲ့တာ"
ရွှယ်ယုံက ကိုယ်ကို ကိုင်းညွတ်လိုက်ရင်း ယွီနျန့် မျက်ခွံလေးကို နမ်းရှိုက်လိုက်သည်
"ဟုတ်ပါပြီ...အလုပ်ကြိုးစားခဲ့တယ် ကိုယ့်ရဲ့ နျန်နျန်လေး"
ဖိနပ်အပါးစီးလိုက်ရင်း ယွီနျန်က ရွှယ်ယုံ့နောက်လိုက်ပြီး အထဲဝင်ခဲ့သည်။ "ကိတ်မုန့်ကရော....ကိတ်မုန့်ဖုတ်နေတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"
ဆုတံဆိပ်အိတ်ကို ဆိုဖာပေါ် တင်လိုက်ပြီးနောက် ရွှယ်ယုံက အကြည့်လွှဲလိုက်ရင်း အသံထွက်မလာချေ။
ယွီနျန်က ရွှယ်ယုံ့ဆီ လျှောက်သွားလိုက်ရင်း သူ့အပေါ် မှီလိုက်ကာ ရွှယ်ယုံ့မေးစေ့ကို နမ်းလာပြီး စကားမဆိုပဲ ပြုံးပြလာသည်။
ယွီနျန့် စိတ်အားထက်သန်နေသည့် မျက်နှာလေးကို တောင့်မခံနိုင်တော့၍ ရွှယ်ယုံက မသက်မသာပုံစံနှင့် ပြန်ဖြေလာသည် " ...အင်း"
ရွှယ်ယုံက ကိတ်မုန့်သေးသေးလေးကို ယူထုတ်လာပြီး စားပွဲပေါ် တင်ပေးလာမှ ယွီနျန်က ရွှယ်ယုံ အကြည့်လွှဲသွားသည့် အကြောင်းရင်းကို နားလည်သွားရသည်။
ကိတ်မုန့်လေးက အနားသတ်မညီမညာနှင့် ထိပ်ပိုင်းတွင်လည်း ခရင်များနှင့် ရှုပ်ပွနေသည်။ ယိုနှင့် ပုံရေးရသည်က အရမ်းခက်သည်ထင် ရွှယ်ယုံက အသည်းပုံလေးသာ ဆွဲထားလေသည်။
ယွီနျန်က အရယ်ရပ်လိုက်ရင်း သူ၏ ဆုတံဆိပ်ကို ထုတ်ကာ ကိတ်ဘေးပတ်လည်တွင် ဝန်းရံထားလိုက်သည်။ ထို့နောက် သူက ဖုန်းထုတ်ပြီး ဓါတ်ပုံ အမြန်ရိုက်လိုက်သည်။
ရွှယ်ယုံက ယွီနျန် လုပ်နေသည့် အရာကို နားလည်သွားသည့်အချိန်တွင် ယွီနျန်က ဝေ့ပေါ်တွင် ပို့စ်တင်ပြီးနေပြီ ဖြစ်သည်။
ဖန်များကလည်း စောင့်နေကြခြင်းဖြစ်၍ ဝေ့ပေါ်အပ်ဒိတ်တင်ပြီး စက္ကန့်ငါးဆယ်အတွင်း ကောမန့်များက ထောင်သောင်းချီ တက်လာတော့သည်။
[သေစမ်း...ငါတော့ ရူးတော့မှာပဲ...တခြားအနုပညာရှင်တွေ သူတို့ ဆုတံဆိပ်ကို ပြလာတုန်းက အများဆုံးမှ တစ်ခုနှစ်ခုလောက်ပဲ...ဒါပေမယ့် ငါ့ရဲ့ နျန်နျန်လေးကတော့ ကိတ်မုန့်ပတ်လည်မှာ ထားရလောက်အောင် ဆုတံဆိပ် လုံလုံလောက်လောက် ရှိတယ်...အဲ့ဒါ အံ့သြစရာမကောင်းဘူးလား...ငါတော့ လွှင့်ထွက်ကုန်ပါပြီ]
[အား...ငါက နောက်ဆုံးတော့ ပထမဆုံး ကောမန့်တစ်သောင်းတွင်း ဝင်နိုင်ခဲ့ပြီဟေ့...ကုရွှမ်းနင်ရေ...ငါ ဒီမှာပါ...မင်း လက်ထပ်သွားရင်တောင် ငါ့ဘက်က ချစ်နေဦးမှာပါ]
[ရွှေတေးသွားဆုပေးပွဲမှာ ဆုကြီးခြောက်ဆု သိမ်းသွားနိုင်ခဲ့တဲ့အတွက် နျန်နျန်ကို ဂုဏ်ပြုပေးပါတယ်နော်...အရမ်း ထိုက်တန်တယ်...နျန်နျန်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို လေးစားပြီးသား...အလယ်က ကိတ်သေးသေးလေးက ငါတို့ရဲ့ အချက်အပြုတ်ဆရာနျန်ရဲ့ လက်ရာ မို့လား...ရုပ်ဆိုးပေမယ့် ချစ်စရာလေးပါ ဟားဟားဟား]
ယွီနျန်က ကောမန့်များကို လှန်လှောကြည့်နေရင်း ပျော်ပျော်ရွှင်ရွှင် မော့ကြည့်လာသည် " လူတိုင်းက ဒီကိတ်လေး ချစ်စရာကောင်းတယ် ဆိုပြီး ချီးကျူးနေကြတာ"
ရွှယ်ယုံက လက်သီးဆုပ်ပြီး နှာချေချင်ယောင် ဆောင်လိုက်သည်။ နှစ်စက္ကန့်မျှ ရပ်သွားပြီးနောက် သူက တွန့်ဆုတ်တွန့်ဆုတ်နှင့် မေးလာသည်
" အဲ့လိုလား..." သူက ခဏတာ တွန့်ဆုတ်နေပြီးမှ နောက်ဆုံး မေးလာသည် " မင်းရော ဘယ်လိုထင်လဲ"
ယွီနျန်က စဥ်းစားချင်ယောင် ဆောင်လိုက်ရင်း ရွှယ်ယုံက စိတ်လှုပ်ရှားနေသလို သူ၏ မျက်နှာကြောများ တင်းနေသည်ထိ သူ့မျက်နှာကို ခိုးခိုးကြည့်နေမှန်း မြင်နေရသည်။
တောက်တောက်ပပ ပြုံးလိုက်ရင်း ယွီနျန်က ပြောလာသည် " ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးနဲ့ အကြိုက်ဆုံး ကိတ်လေးပဲ"
ထိုမှသာ ရွှယ်ယုံက စိတ်သက်သာသွားရသည်။
ဂုဏ်ပြုကိတ်မုန့်ကို အတူတူ စားပြီးနောက် ယွီနျန်က သစ်သားဇွန်းသေး တစ်ဇွန်း ကိုင်ထားရင်း စားပွဲခုံစွန်းတွင် ပျင်းပျင်ရိရိ မှီလိုက်ပြီး ရွှယ်ယုံ ရှက်သွားသည်ထိ စိုက်ကြည့်နေပြီးမှ အကြည့်ရပ်လိုက်သည်။
ဘယ်ဘက်လက်နှင့် မေးထောက်လိုက်ရင်း ယွီနျန်က ပြောလာသည် " ကျွန်တော် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသလိုပဲ"
ရွှယ်ယုံက နားမလည်ဟန် ကြည့်လာသည် "ဘာကိုလဲ"
ယွီနျန်က လက်ဆန့်လာရင်း ရွှယ်ယုံ့နှုတ်ခမ်းထောင့်တွင် ပေနေသော ခရင်လေးကို လက်ညှိုးထိပ်လေးနှင့် သုတ်ပြီး ယူလိုက်ကာ သူ့လျှာထုတ်ပြီး ပြောင်အောင် လျက်လိုက်သည်။ ထို့နောက် သူက မျက်ခုံးပင့်ပြီး ပြုံးပြလာသည်
" ကျွန်တော့်ကောင်လေးက အရမ်း...."
သူက "ချောပြီး ကြည့်ကောင်းတယ်" ဆိုသည့် စကားကို မပြောလိုက်ရမီ ကုလားထိုင်က "ဗုန်း"ဆိုသည့် အသံနှင့်အတူ ကြမ်းပြင်ပေါ် ကျသွားပြီး ရွှယ်ယုံက ရုတ်တရက် အနားတိုးကပ်လာကာ ယွီနျန်၏ ပြောမလို့ပြင်နေသည့် စကားလုံးများကို သူ့နှုတ်ခမ်းနှင့် လျှာကို သုံးပြီး ပိတ်ဆို့လိုက်သည်။
ဤအနမ်းက နှစ်ဦးစလုံး၏ အားမာန်အပြည့်နှင့် ရစ်မူးနေသည့် အနမ်းဖြစ်၍ နှစ်ဦးစလုံးက သိပ်မကြာမီ အသက်ရှူကျပ်လာကြသည်။ ယွီနျန့် နှုတ်ခမ်းလေးက စနောက်ခံနေရပြီး လိမ်ယှက်လာ၍ "အင်း" ဟု ခပ်ဖွဖွ အသံထွက်မိသွားသည်။ နောက်တစ်စက္ကန့်တွင် ရွှယ်ယုံက ယွီနျန့်ကို မ,ချီလိုက်ပြီး သူ့ခြေထောက်ကို ဆန့်လိုက်ရင်း ယွီနျန့်၏ ခါးတစ်ဝိုက်ကို ကိုင်ထားလိုက်သည်။ သူတို့က ဆိုဖာပေါ် မရောက်နိုင်ခင် ရွှယ်ယုံက အကွာအဝေးကို နီးကပ်လိုက်ရင်း ယွီနျန့်ကို နံရံဘက် ကပ်ပြီး နမ်းလာသည်။
ရောထွေးနေသော အသက်ရှူသံများကြား ရွှယ်ယုံက တိုးတိုးလေး ပြောလာသည် " နျန်နျန်" သူ၏ အဆုံးသတ်လေသံက မပီမသနှင့် ဖျားယောင်းသွေးဆောင်နေသည့် အသံလိုမျိုးပင်။
ယွီနျန်က ရွှယ်ယုံ့ကိုယ်ပေါ် ချိတ်တွယ်ထားလိုက်ရင်း သူ့မျက်လုံးလေးများက ရေမျက်နှာပြင်ထက် ဖြာကျနေသည့် အလင်းရောင်ကဲ့သို့ တလက်လက် တောက်ပနေသည်။ သူက စက္ကန့်အနည်းငယ် ကြာပြီးနောက် ပြန်ဖြေလာသည် "အင်း..."
ထိုခဏ သူက ဘယ်လိုစကားမျိုး ပြောရမှန်း မသိဖြစ်သွားရသည်။ ရွှယ်ယုံက ယွီနျန့်ကို ချီထားသော်လည်း သူ၏ ကလေးဘဝက လက်ဆယ်ချောင်းလေးနှင့် စန္ဒယားခုံရှိ အဖြူနှင့်အမည်း ခလုတ်များကို ပထမဆုံးအကြိမ် ထိခဲ့သလိုမျိုး ခံစားနေရသည်။
“ဘာမှမဟုတ်ပါဘူး"
ယွီနျန်က ရွှယ်ယုံ့ပုခုံးပေါ် မေးတင်လိုက်ရင်း မျက်လုံးပိတ်ထားလိုက်ပြီး နူးနူးညံ့ညံ့ ပြုံးလိုက်သည်။
ကျွန်တော် သိပါတယ် ခင်ဗျား ကျွန်တော့်ကို ချစ်တယ်လို့ ပြောချင်တယ် ဆိုတာ....
*****
ရွှေတေးသွားဆုပေးပွဲပြီး နောက်တစ်ရက်က "သီချင်းဆိုပါရစေ"အစီအစဥ်၏ အပိုင်း(၅)ရိုက်ကူးရေးနေ့ ဖြစ်နေသည်။ ရိုက်ကူးရေးနေရာသို့ ရောက်သွားသည်နှင့် ယွီနျန်က ရင်းနှီးနေသော staffတစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်ရင်း တိုက်တိုက်ဆိုင်ဆိုင် ပိုင်ယန်နှင့် ဆုံမိသည်။
ပိုင်ယန်က ဂါဝန်အတိုကို ဘွတ်ဖိနပ်ရှည်နှင့် တွဲဖက်ဝတ်ဆင်ထားပြီး လှိုင်းကောက်သဏ္ဌာန် ဆံပင်ခွေခွေများနှင့် သူမ၏ သွယ်လျလျ ခြေတံတို့က ကြော့ရှင်းလှပနေသည်။ သူမက ယွီနျန်ကို တွေ့သောအခါ သက်ပြင်းရှည်ကြီး ချလာသည်
" အာ...တစ်ချို့လူတွေကတော့နော် မျက်နှာတစ်ခုလုံး ဝင်းပနေရုံမကဘူး အိမ်မှာပါ ကိတ်မုန်စားပြီး ပျော်နေသေးတယ်"
ပိုင်ယန့်လက်ထောက်က လေသံတိုးတိုးလေး ထပ်ပြောလာသည်
"အစ်မယန်က တစ်လလုံး အချိုစာတွေ မစားရဘူးလေ"
ပိုင်ယန်က သူ မနေ့ညက တင်လိုက်သည့် ဝေ့ပေါ်ပို့စ်အကြောင်း ပြောနေမှန်း သိလိုက်၍ ယွီနျန်က အပြုံးလေးနှင့် ပြောလာသည်
" အင်း..ကိတ်မုန့်က အရမ်း အရသာရှိတာ...ကျွန်တော် အဲ့ဒီအကြောင်း တွေးနေတာ မရပ်တော့ဘူး"
ပိုင်ယန်က သူ့ကို စိုက်ကြည့်လာသည် " မင်းက ငါ့ကို သတ်နေတာပဲ...ဒီည ငါ စားဦးမှာ နှစ်ပွဲကို...."
သူမက စကားရပ်သွားပြီး လေသံတိုးသွားသည် " ....အသီးအရွက်ဆလတ် နှစ်ပွဲ"
ယွီနျန်က မနေနိုင်ပဲ ရယ်လိုက်မိသည်။
စွန်းမုန့်ဇယ်နှင့် အခြားသူများကို တွေ့ဆုံပြီးနောက် သူတို့၏ ဆိုင်ရာ မိတ်ကပ်ပြင်သည့်ခုံတွင် ဝင်ထိုင်လိုက်ရင်း ထုံးစံအတိုင်း စကားလေးပြောလိုက် အတင်းလေးပြောလိုက် နေကြသည်။
ဝေလုက ရယ်လိုက်ပြီး စကားဆိုလာသည်
" နျန်နျန်ရေ...ဆုပေးပွဲအခမ်းအနား တက်ပြီးတော့ မင်းက နောက်တစ်နေ့မှာ သတင်းစာခေါင်းကြီးပိုင်းကို ရောက်လာတာနော်...မင်းက ဆုခြောက်ဆု ရသွားတဲ့အကြောင်းရော ရိုမန့်တစ်ဆန်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေပြီလားဆိုပြီး ခန့်မှန်းကြတာရော ရေးထားတာ... ဒါပေမယ့် ရိုးရိုးသားသားပြောရရင် မင်းက ဆုခြောက်ခုတောင် ရသွားတဲ့အတွက် ငါ လန့်တောင်လန့်မိတယ်"
စကားဝိုင်းထဲ ဝင်လာရင်း ပိုင်ယန်က စိတ်လှုပ်ရှားစွာ ပြောလာသည် " ဟုတ်တယ် ဟုတ်တယ်...သတင်းမီဒီယာတွေကနေ အကြမ်းဖျင်း ခန့်မှန်းနေကြတာ...ယွီချင်းကလွဲလို့ မင်းနဲ့အတူ တွဲမြင်ဖူးတဲ့ နာမည်ကြီး အမျိုးသမီးတိုင်းကို အကဲဖြတ်နေကြတာ...ငါ့ကိုတောင် မချန်ဘူး"
လူတိုင်းက ရယ်မောလိုက်ကြပြီးနောက် ယွီနျန်က သိချင်လာရသည် " ပြီးတော့ရော"
ပိုင်ယန်က ဆိုလာသည်
" ပြီးတော့ မင်းက အရမ်းကို သန့်သန့်ရှင်းရှင်းနေမှန်း သိသွားကြတော့ အညစ်အကြေးတွေ တူးဖော်ဖို့ လမ်းမရှိတော့ဘူးလေ... ဒါကြောင့် မင်းက ဆက်ဆံရေးတစ်ခု ရှိနေတာလားဆိုတာရယ် တစ်ဖက်လူက ဘယ်သူလဲ ဆိုတာရယ်က ဆန်းကြယ်တဲ့ကိစ္စ ဖြစ်နေတာ"
သူမက ထပ်ပြီး သိချင်လာပြန်သည်
" ဒါနဲ့လေ... မင်း ဆုပေးပွဲမှာ စနောက်လိုက်လို့ မင်းရဲ့ မန်နေဂျာက မပေါက်ကွဲသွားဘူးလား"
ယွီနျန်က ခေါင်းခါပြလာသည်
" အစ်ကိုမုန့်က ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေကို နားလည်ပေးတယ်"
ပိုင်ယန်က နားလည်သည့်အသံ ထွက်လာရင်း သူမ၏ လောလောလတ်လတ် လက်သည်းဆိုးဆေး ဆိုးထားသည့် လက်ချောင်းများနှင့် စားပွဲခုံကို ရိုက်ချလိုက်သည်
" အမှန်ပဲ...မင်းက အိုင်ဒေါမှ မဟုတ်တာ...ဒါကြောင့် ဆက်ဆံရေးတစ်ခု ရှိတာလေးက အပြစ်ကျုးလွန်နေတာ မဟုတ်သလို ဓါးပြတိုက်နေတာလည်း မဟုတ်ဘူးလေ"
သူမက တစ်ခုခုကို ပြန်လည်စဥ်းစားလိုက်ရင်း ပြောလာသည်
" ပြောကာမှ ကျန့်ကျောက်ရှီက တကယ် သနားစရာကောင်းတယ်"
ထိုနာမည်ကြားလိုက်ရစဥ် ယွီနျန်က နှစ်ကြိမ်ခန့် လက်ခံရရှိခဲ့သည့် ဓါတိပုံနှစ်ခုကို အမှတ်ရသွားရင်း သူ့မျက်နှာက သိပ်ပြောင်းလဲမသွားပဲ မေးလာသည်
"သူက ဘာဖြစ်သွားလို့လဲ"
အခန်းကို လှည့်ပတ်ကြည့်ရင်း မည်သူမှ မရှိကြောင်း သေချာမှ ပိုင်ယန်က လေသံကို နိမ့်ပြီး ပြောလာသည်
" ကျန့်ကျောက်ရှီက စစချင်းမှာ သစ္စာမရှိဘူး ရည်းစားတွေ အများကြီး ထားတယ် ဆိုပြီး သတင်းထွက်ခဲ့တာ...သူက စျေးကွက်ဆင်းတဲ့ နာမည်ကြီး အိုင်ဒေါ လမ်းကြောင်းအတိုင်း သွားတာမို့ လတ်တလော ဆက်ဆံရေးဆို အဆင်ပြေပေမယ့် အဲ့ဒီလို ကောလဟာလထဲ ပါသွားတော့ ဆိုးသွားတာပေါ့... အခုဆို သူ့ရဲ့ ကောင်မလေးဖန်တွေကပါ သူ့ကို ဆန့်ကျင်နေကြပြီ...အဆိုးဆုံးက သူက လူချမ်းသာ အမျိုးသမီးကြီးနဲ့ တစ်ခါ တွဲခဲ့ဖူးတာပဲ"
စွန်းမုန့်ဇယ်ကလည်း စိတ်ဝင်စားလာသည်
" နောက်တော့ ဘာဆက်ဖြစ်သွားလဲ"
“အဲ့ဒီ ချမ်းသာတဲ့ အမျိုးသမီးကြီးရဲ့ နာမည်ကိုတော့ မပြောတော့ဘူးနော်..ဒါပေမယ့် သူမရဲ့ ယောက်ျားက စတားတစ်ယောက် ထားတာ သတိထားမိတယ်... အခုဆို အဲ့ဒီအမျိုးသမီးရဲ့ တစ်ဦးတည်းသောသားက အပြင်မိန်းမရဲ့ သားနဲ့ ဆက်ခံသူနေရာအတွက် တိုက်နေရတာလေ...သူ့အမေရဲ့ ကိစ္စက သူ့အဖေရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် စိတ်ပျက်သွားတယ်...ဒါကြောင့် သူက ကျန့်ကျောက်ရှီ လူထုမျက်စိရှေ့ကနေ ပျောက်ကွယ်သွားဖို့ မစောင့်နိုင်တော့တာ"
စွန်းမုန့်ဇယ်က နားလည်သလို ခေါင်းညိမ့်ပြသည်
" နောက်ပိုင်း ကျန့်ကျောက်ရှီကို မတွေ့ရတော့တာ အံ့သြစရာမရှိတော့ပါဘူး"
ဤနယ်ပယ်ထဲ အချိန်အတော်ကြာရှိဖူးသည့် သူတစ်ယောက် အနေနှင့် သူက ဝမ်းနည်းသလို ပြောလာသည် "ဖန်တွေမှာက မှတ်ဥာဏ်တိုတိုလေးပဲ ရှိတာ... ပြီးတော့ ဘာလက်ရာ ဘာပါရမီမရှိတဲ့သူဆိုရင် သတင်းနည်းနည်းပဲ ထွက်တယ် ဆိုရင်တောင် လူ နည်းစုလောက်ပဲ မှတ်မိကြတော့တာ...တစ်ခါတည်းနဲ့ အကုန် ရိုက်ချခံလိုက်ရပေမယ့် တကယ်နာကျင်ရတဲ့အရာက တောင်ထိပ်ကနေ တဖြေးဖြေး ပြုတ်ကျသွားတာပဲ...သေတာထက် ပိုဆိုးတယ်"
ထိုအချိန် ဝေလုကလည်း ကြားဖြတ်ပြောလာသည်
" ကိုယ့်လူတို့....ဒီအပိုင်းရဲ့ ဇာတ်ညွှန်းမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့သူကို မှတ်ထားတယ်နော်"
ယွီနျန်က နားမလည်သလို ဖြစ်သွားသည်
" ကျွန်တော်တို့ အာရုံစိုက်သင့်တဲ့ အထူးစပယ်ရှယ်တစ်ယောက်ယောက် ရှိနေတယ်လို့ ပြောချင်တာလား"
"ဟုတ်တယ်...ပြိုင်ပွဲဝင် နာမည်က ကျောက်ရှုယာတဲ့...သူ့ကို ဆီမီးဖိုင်နယ်ထိ ခေါ်သွားပေးစေချင်နေတာ"
စွန်းမုန့်ဇယ်က သူ့မေးစေ့ကို ပွတ်လိုက်ရင်း ပြောလာသည်
" ဒါဆို ငါတို့ထဲက သုံးယောက်က ထိပ်ဆုံးသုံးယောက်ထဲ ဝင်အောင် သူ့ကို အမှတ်များများပေးရမယ်လို့ ပြောချင်တာလား"
"အတိအကျပဲ...သူက ဖုန့်ဟယ်အင်တာတိမ်းမန့်က လာတာ...ပြီတော့ ငွေရှာသစ်ပင် ဖြစ်လာဖို့ ဒီနှစ်ရဲ့ အဓိကပရိုမိုးရှင်းဆင်းပေးထားတဲ့ တက်သစ်စ တစ်ယောက်လည်း ဖြစ်တယ်"
ဝေလုက ပြိုင်ပွဲဝင်၏ သတင်းအချက်အလက်များကို လှန်လောကြည့်နေရင်း ပြောလာသည်။ သူက ရယ်မောလိုက်သည်
" ပြီးတော့ အဲ့ဒါနဲ့ ဆက်စပ်တဲ့ မေးခွန်းကို မေးဖို့အတွက် သူ့ရဲ့ မိသားစုနောက်ခံကိုလည်း သေချာမှင်တားထားသေးတယ် သူ့ရဲ့ အဘိုးနဲ့အဖေက တရုတ်ရိုးရာပန်းချီဆရာတွေ ...ပြီးတော့ အမေကလည်း စန္ဒယားဆရာမ... ပညာတတ်မိသားစုက လာတဲ့ ပုံရိပ်မျိုး တည်ဆောက်ထားတာပဲ...ဟမ်"
အခြေအနေကို နားလည်သွားပြီးနောက် လေးယောက်သား တိုင်ပင်ဆွေးနွေးကြည့်သည်
" ငါတို့ ဘာလုပ်သင့်လဲ...တစ်ယောက်နဲ့တစ်ယောက် အမှတ်များများပေးဖို့ သတိပေးနေကြရင် မသင်္ကာစရာကောင်းတဲ့ ပုံပေါ်တယ်...ဒါပေမယ့် သေချာပေါက် အမှတ်တွေ အကုန်လုံးလည်း များများပေးလို့မရဘူး မဟုတ်ရင် အတုယောင်ဆန်သွားလိမ့်မယ်"
ပိုင်ယန်က စဥ်းစားကြည့်ပြီးနောက် အကြံပေးလာသည် " ဒီလိုဆိုရင်ရော ကျွန်မတို့ လေးယောက်မှာ နှစ်ယောက်က သူရဲ့ အားကောင်းမှုကို ချီးကျူးပေးပြီးတော့ ချက်ချင်း အမှတ်များများ ပေးလိုက်မယ်... တစ်ယောက်ကလည်း တုန့်ဆိုင်းနေပြီးမှ အမှတ်ကို သင့်တော်သလို ပေးလို
က်မယ်...ဒီလိုအဆင့်အတိုင်းဆိုရင် တတိယနေရာလောက်တော့ ဝင်သွားမှာပဲလေ...ပြီးတော့ ဆီမီးဖိုင်နယ်ကိုလည်း တက်သွားမှာပေါ့...ဘယ်လိုထင်ကြလဲ"
စဥ်းစားကြည့်ပြီးနောက် လေးယောက်လုံး သဘောတူလာကြသည်။