အပိုင်း ၁၃၀
Viewers 16k

Chapter 130

ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာကြီးကို ငါ နားမလည်ဘူး



အမှန်တကယ် ရိုက်ကူးရေးလုပ်သည့်အချိန်တွင် ကျောက်ရှုယာက ခြောက်ယောက်မြောက် ဖျော်ဖြေရမည့် ပြိုင်ပွဲဝင် ဖြစ်သည်။ သူက စင်ပေါ် ရပ်လာသည်နှင့် ပိုင်ယန်က မျက်မှောင် ဖွဖွကြုပ်ရင်း ယွီနျန့်ကို တိတ်တိတ်လေး ကြည့်လာသည်။


သို့သော်လည်း ယွီနျန်က အေးအေးဆေးဆေးနှင့် ပြိုင်ပွဲဝင်၏ ဖျော်ဖြေတင်ဆက်မှုကို သေသေချာချာ ကြည့်နေသည်။ အကတေးသွားက အထွတ်အထိပ်သို့ ရောက်သည့်အချိန်တွင် ကျောက်ရှုယာက မျက်လုံးကို ဖုံးထားသည့် မျက်နှာဖုံးကို ဖယ်လိုက်ရင်း သူ၏ ပြီးပြည့်စုံလှသော အစိတ်အပိုင်းလေးများကို ပြသလာသည်။   


အကဲဖြတ်သည့် အပိုင်းရောက်သော် ဝေလုက မေးလာသည် 


" မင်းရဲ့ ကိုယ်ရေးအကျဥ်းမှာ သတိထားမိတယ်...မင်းရဲ့ အဘိုးနဲ့အဖေတို့ နှစ်ယောက်လုံးက တရုတ်ရိုးရာပန်းချီဆရာတွေ ဖြစ်ပြီးတော့ အမေက စန္ဒယားဆရာမဆို... ဒီလိုမိသားစုနောက်ခံမျိုးရှိတဲ့သူက ဘယ်လိုလုပ်ပြီး ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ"


ကျောက်ရှုယာက မိုက်ကရိုဖုန်းကို လက်နှစ်ဖက်နှင့် ကိုင်ထားရင်း လေးလေးစားစား ပြောလာသည်


 " ရိုးရိုးသားသားပြောရရင် နည်းနည်းတော့ ရှက်ဖို့ကောင်းပါတယ်...ကျွန်တော် ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာက ဆရာယွီနျန်ရဲ့ သီချင်းတွေကို နားထောင်ခဲ့လို့ပါ...တစ်နေ့ကျရင် ကျွန်တော်လည်း ဒီလို ကောင်းမွန်လှတဲ့ သီချင်းတွေလိုမျိုး ကိုယ်တိုင် ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်းပေါ့"


ပ်ိုင်ယန်က ခေါင်းငုံ့လိုက်ရင်း ကင်မရာဖမ်းမမိနိုင်သည့် နေရာအရောက်တွင် သူမမျက်နှာထက် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။


ဝေလု၏ မေးခွန်း ပြီးသွားသောအခါ ပိုင်ယန်က သူမ အကဲဖြတ်ရသည့်အလှည့်တွင် သံသယ တစ်ချက်မှ ဝင်စရာမလိုပဲ ပြောလာသည်


 " မင်းရဲ့ ရုပ်ရည်က တော်တော် ကြည့်ကောင်းတယ်...ဒါပေမယ့် သီချင်းဆိုတာကတော့ တိုးတက်မှုလိုသေးတယ်... အဓိကအားဖြင့် အမြင့်သံဆိုတဲ့နေရာနဲ့ အသံ အစစ်နဲ့အတုကြား ပြောင်းရတဲ့နေရာမှာဆိုရင် အားလပ်ချိန်တိုင်း ပြန်ပြန်လေ့ကျင့်သင့်တယ်...ပြီးတော့ အသံစတဲ့အချိန်တွင်း အသံနေအသံထား တိကျမှုမှာ နည်းနည်းပြဿနာရှိနေတယ်...အဲ့ဒါကို ဂရုစိုက်ပါ" 


အမှတ်ပေးသည့် အချိန်ရောက်သော် ဝေလုနှင့် စွန်းမုန့်ဇယ်တို့ နှစ်ယောက်လုံးက ၉.၄မှတ် ပေးလိုက်ကြပြီး ပိုင်ယန်က အချိန်အတော်ကြာ တွန့်ဆုတ်နေရာမှ ၈.၆ ပေးလာပြီး ယွီနျန်က ချက်ချင်းပင် ၈မှတ်ပေးလာသည်။ အဆုံးတွင် ကျောက်ရှုယာက စုစုပေါင်း ၈.၈၅မှတ် ရသွားပြီး အပိုင်း(၅)တွင် တတိယနေရာရသွား၍ ဆီမီးဖိုင်နယ်သို့ အောင်အောင်မြင်မြင် တက်သွားနိုင်သည်။


ရိုက်ကူးရေးပြီး၍ စင်နောက် ပြန်ဆင်းလာပြီးနောက် ပိုင်ယန်က မျက်နှာထား တည်တင်းလာသည် 


" အဲ့ဒီကျောက်ရှုယာက ဘယ်လိုကြီးလဲ...သူက မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ အတုခိုးနေတာ...သူက မင်း 'သဘာဝရဲ့ သံစဥ်' မှာတုန်းက လုပ်သလိုမျိုး မျက်လုံးအောက်မှာ အလှအမှတ်အသားလေး လုပ်ထားသေးတယ်.

..ပြီးတော့ မင်းက 'သဘာဝရဲ့ သံစဥ်' မှာ ကတုန်းက မင်းရဲ့ မျက်လုံးကို အဝတ်ပါးလေးနဲ့ အုပ်ခဲ့သလိုမျိုး သူ့မျက်လုံးကိုလည်း အုပ်ထားသေးတာ...ပြီးတော့ သူ့ကို ဖျော်ဖြေရေးလောကထဲ ဝင်ရတဲ့ အကြောင်းအရင်းကို မေးတုန်းကလည်း မင်းကြောင့်ပါ ဆိုပြီး တည့်ပြောသွားတာလေ" 


စွန်းမုန့်ဇယ်က ဖြန်ဖြေရေးသမား ဖြစ်၍ ပြောလာသည် "သူက ယွီနျန့်အရည်အချင်းကို တကယ် လေးစားလို့လည်း ဖြစ်မှာပါ"


ပိုင်ယန်က အထင်အမြင်သေးစွာ ပြန်ပြောလာသည် 

" ဟမ့်...ကျွန်မတော့ မယုံပါဘူး...စောင့်ကြည့်ရဦးမှာပေါ့"


"သီချင်းဆိုပါရစေ"၏ နောက်ဆုံးထွက်သည့် အပိုင်းကို ၉ရက်နေ့တွင် ထုတ်လွှင့်ပြီးနောက် စျေးကွက်အကောင့်များက ယွီနျန် အဝတ်ပါးချွတ်လိုက်သည့်ပုံနှင့် ကျောက်ရှုယာ မျက်နှာဖုံးချွတ်လိုက်သည့်ပုံကို ယှဥ်ပြရင်း မေးလာသည် " ယွီနျန်နဲ့ ကျောက်ရှုယာမှာ ဘယ်သူ့ကို ပိုသဘောကျလဲ"


သတင်းထုတ်သည်ကိုပင် ကြီးကြီးကျယ်ကျယ် ခေါင်းစဥ်နှင့် ရေးထားကြသေးသည်


 ["ကျောက်ရှုယာက အမှတ်မြင့်မြင့် နှစ်မှတ်ရပေမယ့် ယွီနျန့်သဘောကျမှုကို မရခဲ့"]


[ " ကျောက်ရှုယာက ယွီနျန့်ဆီကနေ ကိုးမှတ်ရဖို့ အလုပ်ကြိုးစားလုပ်ပါ့မယ်လို့ ထုတ်ပြောခဲ့"]


[ "ကျောက်ရှုယာက ယွီနျန့်ကြောင့် ဖျော်ဖြေရေးလောကထဲ ဝင်လာခြင်း" ]


မုန့်ယွမ်က ထိုအကြောင်းကို တွေ့သွားသောအခါ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်


 " သောက်ကျိုးနဲ...သူတို့က သူများနာမည်ကြီးတဲ့အပေါ် တက်ထိုင်ချင်တာလား...ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်အလေးချိန်ကိုတော့ မစဥ်းစားကြပဲနဲ့"


ရှစ်ရော့က သူ့ကို ဖုန်းပေးလာသည် 


" အစ်ကိုမုန့်...ဒီမှာ ထပ်ရှိသေးတယ်...ကျောက်ရှုယာရဲ့ မိသားစုနောက်ခံကို ဖွင့်ပြလာပြီ...ကြည့်ရတာ အဖွဲ့က သူ့ကို ပညာတတ်လူငယ်လေးတစ်ယောက် အဖြစ် နာမည်တပ်ပေးဖို့ ကြိုးစားနေတဲ့ပုံပဲ" 


သူမက လျှာခလုတ်တိုက်မတတ် ပြောနေရင်း ခဏရပ်ပြီးမှ ပြောလာသည်


 " ဒါပေမယ့် တချို့ကောမန့်တွေက...သိပ်မကောင်းဘူး"


မုန့်ယွမ်က ဖုန်းကို ယူကြည့်လိုက်ရာ ထိပ်ပိုင်းကောမန့်များကို တွေ့လိုက်ရသည်။


[ယွီနျန့်ဖန်တွေအကုန်လုံးက ခုန်ဆွခုန်ဆွ ဖြစ်နေကြတာ နင်တို့ရဲ့ အရှိုက်ကိုများ ထိသွားလို့လား...ကျောက်ရှုယာက ပညာတတ်မိသားစုက လာတာမို့ နာမည်ကြီးဖို့အတွက် သူများကို လိုက်တုပဖို့ ကြိုးစားနေမှာ မဟုတ်ဘူး...သူက ပစ္စည်းအတုကို ဝယ်ဖို့အတွက် ယွမ်၂၅၀၀၀သုံးလိုက်မှာလည်း မဟုတ်သလို နာမည်ကြီးဖို့အတွက် သူ့ကိုယ်သူ အရူးလုပ်ခံမှာလည်း မဟုတ်ဘူး]


[အား...'သီချင်းဆိုပါရစေ'အစီအစဥ်ရဲ့ ကျောက်ရှုယာကို တကယ်ကြိုက်သွားပြီ...သူ့ပတ်လည်မှာ စာပေအငွေ့အသက်တွေ ပျံ့နှံ့နေတာ... ဒါပေမယ့် ယွီနျန်က ဘာဖြစ်နေတာလဲ...ကျောက်ရှုယာက သူ့နေရာကို ခြိမ်းခြောက်လာမှာ ကြောက်နေတာလား...ဒါကြောင့် ၈မှတ်ပဲ ပေးခဲ့တာပေါ့လေ...သနားလို့ ပေးလိုက်တာလား]


[လမ်းပြပေးမှုအတွက် ကျေးဇူးပါ ဆရာယွီနျန်ရေ...အမှတ်ကိုးမှတ် ပေးချင်လာအောင် သေချာပေါက် ဒီထက်ပိုပြီးအလုပ်ကြိုးစားပါ့မယ်(အပြုံးတစ်ချက်)]


ကောမန့်များကို ဖတ်ပြီးနောက် မုန့်ယွမ်၏ မျက်နှာက ပိုပြီး မည်းမှောင်လာသည်


 " ဘယ်လို ဦးနှောက်မရှိတဲ့ ကောမန့်တွေလဲ...လူထုအမြင်ကို ဒီလိုမျိုး မွှေနှောက်နေတာလား...သူတို့က နျန်နျန် အောင်မြင်သွားတာနဲ့ သူ့အတိုင်းလိုက်လုပ်တဲ့ ကြုံရာလူတစ်ယောက်လည်း အောင်မြင်သွားနိုင်မယ်လို့များ ထင်နေကြတာလား"


ရှစ်ရော့ကလည်း မခံမရပ်နိုင် ပြောလာသည်


 " အဖွဲ့ရဲ့ ရည်ရွယ်ချက်က သိသာနေတာပဲ...နျန်နျန်ကို အနင်းခံကျောက်တုံးတစ်ခုလို သုံးတယ်...ပြီးတော့ ကျောက်ရှုယာက ဖျော်ဖြေရေးလောကထဲ ဝင်လာတာ နျန်နျန်ကြောင့်လို့ အရင်ဆုံးပြောပြီးတော့ သူ့ရဲ့ ပန်းတိုင်က နျန်နျန့်ဆီက ကိုးမှတ်ရဖို့လို့ ပြောလာတယ်...အကုန်လုံးကို နျန်နျန်နဲ့ပဲ ချိတ်ဆက်နေတာ" 


အနောက်ထိုင်ခုံမှ ယွီနျန်က ဖုန်းချသွားပြီကို တွေ့လိုက်ရ၍ မုန့်ယွမ်က သူ့စိတ်ကို ပြန်ထိန်းလိုက်ရသည်


 " နျန်နျန်...မင်း အခုလေးတင် သို့ချိုက်ကြက်နဲ့ ကျောက်တုံး အကွက်ပါ ခွက်အကြောင်း ပြောခဲ့တာလား"


ယွီနျန်က ခေါင်းညိမ့်ပြလာသည် 


" ဟုတ်တယ်...ကျွန်တော်က ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေတစ်ယောက်ဆီ သွားလည်ခဲ့တာ ...ပြီးတော့ သူက အတည်ပြုပေးခဲ့တယ်...ကျွန်တော် ဝယ်ခဲ့တာက တကယ် အစစ်ပဲတဲ့... အခုလေးတင် ရွှယ်ယုံက လာမယ့်ရက်အနည်းငယ်အတွင်း ရွှယ်မိသားစုလက်အောက်က ဗီနာလေလံအိမ်မှာ ရှေးဟောင်းကြွေထည်ပစ္စည်းအတွက် အထူးစပယ်ရှယ်ပွဲတစ်ခု ကျင်းပဖို့ ရှိတဲ့အကြောင်း ပြောလာတယ်"


မုန့်ယွမ်က အလွန်အမင်း စိတ်ဝင်စားလာသည်


 " ဗီနာလေလံအိမ်က ကမ္ဘာ့ထိပ်တန်း လေလံအိမ်ကြီး ဆယ်ခုထဲက တစ်ခုပဲ...အဲ့ဒါက ရွှယ်မိသားစုလက်အောက်ကလား" 


“ဟုတ်တယ်...ရွှယ်ယုံ့အဖေက လွန်ခဲ့တဲ့နှစ်တွေတုန်းက ၇၀မီလီယံပေါင် ရင်းနှီးမြုပ်နှံခဲ့ပြီးတော့ ရွှယ်မိသားစုထဲကို ထည့်ခဲ့တာ"


မုန့်ယွမ်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားရင်း ပြောလာသည်

 " လူချမ်းသာတွေက ငါတို့ စိတ်ကူးထားတာထက်ကို ပိုချမ်းသာတာပဲ" သူက ဖုန်းကို လက်ဖဝါးနှင့် ခံပြီး ခေါက်လိုက်ရင်း နားလည်သလိုပြောလာသည် " ဒါဆို သို့ချိုက် ကြက်နဲ့ကျောက်တုံး အကွက်ပါ ခွက်က ဒီအထူးပွဲမှာ ပါလာမှာပေါ့" 


“ဟုတ်တယ်...အဲ့ဒါက အပိတ်ပစ္စည်း ဖြစ်လာမှာ"


*****


၁၄ရက်နေ့မြောက် ညနေခင်းတွင် ယွီနျန်နှင့် ရွှယ်ယုံက ဗီနာလေလံအိမ်၏ ထိပ်ဆုံးအထပ်ကို ရောက်ခဲ့ကြသည်။


 ယနေ့တွင် ယွီနျန်က ရွှယ်ယုံ ချုပ်ပေးသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဝိုင်နီရောင် ပိုးသားရှပ်အင်္ကျီက သူ၏ ညှပ်ရိုးသေးသေးလေးနှင့် နူးနူးညံ့ညံ့ အသားရေကို လှစ်ဟာပြထားကာ အမှတ်ကလေးကပင် နှစ်လိုဖွယ်ကောင်းနေပြီး ပုံမှန်ထက်ပိုပြီး အရှိန်အဝါကြီးမားသည့် ပုံစံတို့ ပေးနေသည်။


သူ့အလုပ်များကို အပြီးသတ်လိုက်ရင်း ဆိုဖာပေါ် ထိုင်ချလိုက်ပြီးနောက် မနေနိုင်တော့ပဲ မျက်လုံးများ ပွတ်သတ်မိသည်။


အလိုလျောက်ပင် ယွီနျန်က ရွှယ်ယုံ့ပုခုံးပေါ် မှီလိုက်ရင်း ရွှယ်ယုံ့လက်ချောင်းလေးများနှင့် ဆော့ကစားနေလိုက်သည်။ 


"အစ်ကိုမုန့်က ကျွန်တော့်အတွက် တစ်ပြိုင်နက်တည်း အင်တာဗျူးလေးခုနဲ့ မဂ္ဂဇင်းဓါတ်ပုံ သုံးမျိုး စီစဥ်ပေးခဲ့တာ...ကျွန်တော် အရမ်း နာမည်ကြီးနေပြီလို့လည်း ပြောနေတယ်"


ရွှယ်ယုံက ခေါင်းငုံ့လိုက်ပြီး နှာချေလိုက်ကာ အေးအေးဆေးဆေး ပြောလာသည်


 " အင်း...နျန်နျန်က တကယ် နာမည်ကြီးတယ်"


ယွီနျန်က အားမရှိသလို ဖြစ်နေ၍ "အင်း"ဆိုသည့် အသံလေးသာ ထွက်လာသည်။ သိပ်မကြာမီ သူ၏ မျက်ခွံများ ပိတ်ကျသွားရင်း တရေးအိပ်ပျော်သွားသည်။ ရွှယ်ယုံက ယွီနျန် အသက်ရှူသံ မှန်မှန်နှင့် အိပ်ပျော်သွားမှန်း သတိထားမိ၍ ထိုင်နေသည့်အတိုင်း တစ်လက်မမှ မရွေ့ပဲ နေနေလိုက်သည်။  


အချိန်တစ်ချို့ကြာပြီးနောက် ယွီနျန်က ရုတ်တရက် သူ့နှုတ်ခမ်းထက် စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။ သူက မျက်လုံးများ ဖွင့်လိုက်ရာ ရွှယ်ယုံက ဘာမှမဖြစ်သလို ပုံစံနှင့် မတ်မတ်ထိုင်နေရင်း တိုးတိုးပြောလာသည်


 " နျန်နျန်...သို့ချိုက် ကြက်နဲ့ ကျောက်တုံး အကွက်ပါ ခွက်က လေလံတင်ပြီးသွားပြီ" 


ယွီနျန်က သူ့နှုတ်ခမ်းသူ လျှာနှင့်လျက်လိုက်ရင်း ဖြေးဖြေးချင်း ထထိုင်လိုက်ပြီး screenကို ကြည့်လိုက်သည်။ မျှော်လင့်ထားသလိုပင် သို့ချိုက်ကြက်နှင့် ကျောက်တုံး အကွက်ပါ ခွက်၏ ပုံရိပ်နှင့် မိတ်ဆက်စာကို လေလံပွဲအခမ်းအနား၏ screemကြီးကြီးထက် ပြသထားလေသည်။


ယွီနျန် ခန့်မှန်းထားသည့်အတိုင်း သို့ချိုက် ကြက်နှင့်ကျောက်တုံး အကွက်ပါ ခွက်၏ စပြီး ခေါ်သည့် လေလံစျေးက ၁၇၀မီလီယံ ဖြစ်သည်။ စခေါ်သည့်စျေးက အလွန်အမင်း မြင့်နေ၍ လေလံပွဲက ထိပ်တန်းလေလံသမားများ ကြားတွင်သာ လည်ပတ်နေရသည်။


သူ့လက်ချောင်းများနှင့် ရွှယ်ယုံ့လက်ဖဝါးကို လိုက်ရှာလိုက်ရင်း ယွီနျန်က အလျင်လိုသည့် ပုံစံမရှိပဲ စိတ်ရှည်ရှည်နှင့် နားထောင်ပြီး ဟောခန်းထဲရှိ လေလံပွဲအသံကို နားထောင်နေလိုက်သည်။ 


“၁၈၀မီလီယံ"


"၁၉၀မီလီယံ"

.....

"၂၂၀မီလီယံ"


အပြင်းအထန် စျေးခေါ်ကြပြီး ရှစ်ကြိမ်မြောက်အလှည့်တွင် ၂၆၀မီလီယံနှင့်အတူ တူသံထွက်လာသည်။ ကော်မရှင်ခအပါအဝင် နောက်ဆုံးအဆင့်က ၃၀၀မီလီယံနီးနီး ရှိသွားသည်။ သို့ချိုက်ကြက်နှင့် ကျောက်တုံးပုံ အကွက်ပါ ခွက်ကို လေလံအောင်သွားသည့်သူက ယွဲ့မြို့တော်မှ လူချမ်းသာ အာဏာရှင်ကြီး ချုံယန်ကျစ် ဖြစ်သည်။


ယွီနျန်က သက်ပြင်းဖွဖွ ချလိုက်မိသည်။


လေလံပွဲပြီးသွားပြီး သိပ်မကြာမီ "ယွဲ့မြို့တော် အာဏာရှင်ကြီး ချုံယန်ကျစ်က သို့ချိုက်ကြက်နှင့် ကျောက်တုံး အကွက်ပါ ခွက်ကို လက်ဖက်ရည် တစ်ငုံသောက်ရန်အတွက် ၃၀၀မီလီယံနှင့် အနိုင်ရရှိသွားခြင်း" ဆိုသည့် သတင်းက သတင်းခေါင်းစီးပိုင်းတွင် ပေါ်လာသည်။


နောက်တစ်နေ့တွင် လူတိုင်းက အံ့အားသင့်လွန်း၍ ကောမန့်များတွင် ရေးလာကြသည် "ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာဆိုတာကို ငါနားမလည်ဘူး" "ဒီ လက်ဖက်ရည်ခွက်က အရမ်း စျေးမကြီးလွန်းဘူးလား" ဖိုရမ်တစ်ခုက ထိပ်ဆုံးစာရင်းသို့ ရောက်သွားစေမည့် အကြောင်းအရာတစ်ခုကို ပို့စ်တင်လာသည်။


[စစ်မှန်ပြီး အထူးကောင်းမွန် ရှားပါးလှတဲ့ သို့ချိုက် ကြက်နဲ့ကျောက်တုံး အကွက်ပါတဲ့ ခွက်လို ရတနာမျိုးက နန်းတွင်းရေးရာဌာနကနေ နှစ်ပေါင်းရာချီ ဖြတ်သန်းလာခဲ့တာ ခွက်က သိရသလောက် ရှစ်ခုလောက်ပဲ ရှိတယ်...လေးခုက ပြတိုက်တွေမှာ ရောက်နေပြီးတော့ လေးခုက စျေးကွက်ထဲ ရောက်သွားတာ... ဒါကြောင့် သူ့ကို လေလံခေါ်တဲ့ အကြိမ်တစ်ခုစီတိုင်းမှာ လေလံပွဲသမိုင်းကို ချိုးဖောက်နိုင်ခဲ့တာက အံ့သြစရာမရှိပါဘူး


ဒါပေမယ့် အဲ့ဒီလို ရတနာတွေက အဆင့်ဆင့် လက်ဆင့်ကမ်းသွားတဲ့ ပုံစံပဲ ရှိဖူးတာကြောင့် ငါ့ဘက်က သို့ချိုက်ကြက်နဲ့ ကျောက်တုံးအကွက်ပါတဲ့ ခွက်ရဲ့ အရင်ပိုင်ရှင်ကို စစ်ကြည့်ခဲ့တယ်


[ဓါတ်ပုံ]


အဲ့ဒါအမှန်ပဲ...ကိုယ့်လူတို့ မင်းတို့ မြင်လိုက်တာ အမှန်ပဲ မှားမြင်မိတာ မဟုတ်ဘူး...အရင်ပိုင်ရှင်က တခြားသူ မဟုတ်ဘူး "ရူးမိုက်တယ်" ဆိုပြီး နာမည်ဆိုးထွက်နေတဲ့ ယွီနျန်ပဲ..... ခွက်အပဲ့ကို ယွမ် ၂၅၀၀၀နဲ့ ဝယ်လိုက်လို့ အရူးဆိုပြီး အပြောခံခဲ့ရတဲ့သူ... hot search ပေါ်ရောက်တဲ့အထိ နာမည်ကြီးသွားတဲ့သူ... သုံးဖြုန်းဖို့ ပိုက်ဆံတွေ ပိုလျှံနေတဲ့ ဦးနှောက်မရှိတဲ့သူ ရှိုးတစ်ခု ပြချင်လို့ ကိုယ့်ပုံရိပ်ကို ဖျက်ဆီးပစ်တဲ့ အမြင်မရှိတဲ့သူ ဆိုပြီး အင်တာနက်သုံးစွဲသူတွေဆီကနေ အလှောင်ခံခဲ့ရတဲ့သူလေ...**]]


ထိုပိုစ့်၏ ပထမဆုံး ပြန်လည်ပြောကြားလာမှုများက အစဥ်တိုင်းပေါ်လာသည်။


[မယုံနိုင်စရာပဲ]


[မယုံနိုင်စရာပဲ]


[မယုံနိုင်စရာပဲ]


လူတိုင်းက ကြားနေအဖြစ် အဆင့်ပြောင်းသွားပြီး တစ်စတစ်စ အသံအမျိုးမျိုး ထွက်လာသည်။ 


[မယုံနိုင်စရာပဲ...ငါက တိုင်တောင်တန်းကို သတိမထားမိခဲ့ဘူးပဲ...ယွီနျန့်ကို အရင်က လှောင်ခဲ့မိတာအတွက် တောင်းပန်ဖို့ လိုနေပြီ...မျက်စိတစ်မှိတ်အတွင်း ယွမ်၂၅၀၀၀ကနေ ၂၆၀မီလီယံအထိ ရသွားခဲ့တာကြီးက... မူလ ၂၅၀က ဘယ်လိုဖြစ်သွားခဲ့တာလဲ...TVဇာတ်လမ်းတွေတောင် ဒီလောက် ချဲ့ကားရဲမှာမဟုတ်ဘူး]


[ဒဏ္ဌာရီလာ ဆိုရိုးစကား ရှိဖူးတယ်... ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရင် သူဌေးဖြစ်မယ်လို့ ပြောခဲ့တယ်...ဒါပေမယ့် ဒါက သူဌေးဖြစ်ရုံမကတော့ဘူး အရမ်းရမ်းကို ထိပ်တန်းလူချမ်းသာ တစ်ယောက် ဖြစ်သွားပြီ... ငါရဲ့ မိုးကုတ်စက်ဝိုင်းကြီးက ကျယ်ပြောသွားပါပြီလား...စကားမစပ် ယွီနျန့်ကို ပန်းကန်လုံးအပဲ့အတွက် ပိုက်ဆံဖြုန်းတယ် တန်ဖိုးနိမ့်ပစ္စည်းကို စျေးကြီးပေးဝယ်တယ် ဆိုပြီး လှောင်ခဲ့ကြတဲ့သူတွေ...သူတို့ အခု ဘယ်လိုခံစားနေကြမလဲ...စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်တော့ဘူး မို့လား...အို့...ဒါက ပန်းကန်လုံး မဟုတ်ဘူးနော်...ဧကရာဇ်တွေ သောက်သုံးဖို့အတွက် သုံးခဲ့တဲ့ ခွက်တစ်ခုလေ...]


[အား...သိပ်မယုံရတဲ့ ပစ္စည်းကို စုဆောင်းမိရာကနေ ထိပ်ဆုံးကို ရောက်သွားတာပဲ ..ဒါက လုံးဝ မယုံနိုင်လောက်စရာ အမြင်အာရုံပဲ...သူက အဲ့ဒီကို လူထုဝန်ဆောင်မှုကြော်ငြာတစ်ခု ရိုက်ဖို့အတွက် သွားတာလားလို့...သူက ဒီအတိုင်း အမှိုက်တစ်စကို သာမန်ကာလျှံကာ ကြည့်မိတာ မဟုတ်ဘူးလား... သူက ပမ်းကန်လုံးအပဲ့ကို ပိုက်ဆံအများကြီး ပေးဝယ်ခဲ့တဲ့ အရူး မဟုတ်ဘူးလား... ငါ ရိုးရိုးသားသား ဦးညွတ်လိုက်ပါပြီ]


[ငါ ဘယ်တော့မှ သူ့ပုံရိပ်ကို အပြစ်မရှာတော့ဘူး ...ဘာလို့လဲဆိုတော့ သူက အထင်ကြီးလောက်ဖွယ် ပုံရိပ်ရှိတဲ့သူ ဖြစ်နေတာကြောင့်ပဲ... သခင်ကြီးရေ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကိုလည်း အဲ့လို ပစ္စည်း သွားဝယ်တဲ့အခါ ခေါ်သွားပေးပါဦး]


ထိုစဥ် ဝေ့ပေါ်တွင်လည်း #ယွီနျန်လှည့်စားခံလိုက်ရပြီ# ဆိုသည့်hashtagက trending list၏ ထိပ်ဆုံးနေရာသို့ ရောက်သွားပြန်သည်။ ခေါင်းစဥ်အောက်တွင် ဖန်များနှင့် ဖြတ်သွားဖြတ်လာများက အံ့သြရလွန်း၍ မျက်နှာများပင် ဖောင်းကား နာကျင်နေပြီ ဖြစ်ကြောင်း ပြနေကြသည်။


ယွီနျန်၏ အကြီးဆုံး ဖန်များထဲမှ တစ်ယောက်က ပိုစ့်တင်လာသည်


[ " ဟင်း...ငါတော့ အရမ်း စိတ်မကောင်းဖြစ်မိတယ်...ငါတို့ရဲ့ နျန်နျန်လေးက သူ့ပုံရိပ်ကို ပြချင်လို့ ပစ္စည်းအတုကို ယွမ်၂၅၀၀၀သုံးပြီး ဝယ်လိုက်တော့ အဟားခံရပြီး trending listကို တစ်ခါ ရောက်သွားရတယ်... သူက တကယ်ကို မင်းတို့လို ပြစ်မျိုးမှဲ့မထင် ပညာတတ်မျိုးရိုးက လာတဲ့သူနဲ့ မယှဥ်နို

င်ပါဘူး [ချွေးစက်ကျနေ] ဒါနဲ့လေ သီချင်းအသစ်က ၁၆ရက်နေ့ မနက်ဖြန် နေ့လည်မှာ ထွက်တော့မှာနော်...ကောင်းတဲ့ကိစ္စ တစ်ခုခု ရှိနေမလားဆိုတာ နားထောင်ပြီးမှပဲ သိလိမ့်မယ်]