အပိုင်း ၁၃၁
Viewers 26k

Chapter 131

ဘာကြောင့် ကျွန်တော်က ကိုယ့်ကိုယ်ကို ခံစားရအောင် လုပ်ရမှာလဲ...



ကျောက်ရှုယာ၏ ဖန်များကလည်း ပြန်ကူးပြီး တင်လာကြကာ ထိုကိစ္စက အမှန်ဖြစ်သလား မေးခွန်းထုတ်နေကြပြီး ယွီနျန့်အောင်မြင်မှုက ကံကောင်းသွား၍သာ ဆိုပြီး အခိုင်အမာ ပြောနေကြသည်။ သူတို့က အလွန်အမင်း ကြွားဝါပြောဆိုရန်အတွက် အကြောင်းပြချက်ကို မတွေ့ရဟု ပြောနေကြသည်။


သို့သော်လည်း သူတို့က လေးစားရသော ရှေးဟောင်းပစ္စည်း V blogger တစ်ယောက်ထံမှ ပြန်လည်တိုက်ခိုက်ခြင်းကို လျင်မြန်စွာ ခံခဲ့ရသည်။


“မယုံရတဲ့ ပစ္စည်းကနေ စုဆောင်းမိသွားတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး...မဟုတ်ရင် ရှေးဟောင်းလမ်းကလေးကို ဖြတ်သွားတဲ့ သူတိုင်းက ညတွင်းချင်း ချမ်းသာပြီးပြီပေါ့...စျေးထဲမှာ ရှေးဟောင်းပစ္စည်း များစွာ ရှိပေမယ့် အတုတွေက ပိုပြီး ပေါသေးတယ်... အတုတွေကနေ အစစ်ခွဲတတ်ဖို့က လူတစ်ယောက်ရဲ့ အမြင်ရယ် ဗဟုသုတနားလည်မှုလည်း လိုအပ်သေးတယ်... အသိအမြင်ကြွယ်ဝပြီး အတွေ့အကြုံရင့်တဲ့သူတွေသာ လုပ်နိုင်ကြတာ...'မယုံရတဲ့ ပစ္စည်းကနေ စုဆောင်းမိသွားတာ'ရဲ့ ဆန့်ကျင်ဘက်စကားလုံးက 'အရှုံးပေါ်သွားတာ' ပဲ...တစ်ချက်ကလေး မှားသွားတာနဲ့ လူတစ်ယောက်လုံးကို ပျက်စီးသွားစေနိုင်တယ်...ဒါကြောင့် ရှေးဟောင်းပစ္စည်း ရောင်းတဲ့ စျေးကွက်မှာ ကျွမ်းကျင်သူတွေ များများရှိပြီး နက်နက်နဲနဲ တူးဆွရတယ်...မင်းသာ ယွီနျန့်လို အဆင့်မျိုးမရှိရင် လွယ်လွယ် သွားမလုပ်လိုက်နဲ့"


မကြာမီ သူက ပိုစ့်ပြန်တင်လာသည် " ယွီနျန့်အမြင်အာရုံက တကယ် ထူးခြားလှတယ်"


ကိစ္စတစ်ခုလုံးနောက် လိုက်နေသည့် မုန့်ယွမ်က ပြုံးပြီး ခြေချိတ်ထိုင်လိုက်ရင်း သဘောကျရယ်မောလိုက်သည်


 " သူတို့ အံ့သြသွားကြတာကို ကြည့်ရတာ အားရလိုက်တာ" သူက ထပ်ပြောလာသည်


 " တကယ်တမ်းမှာ လန့်သွားရတဲ့သူက ငါတစ်ယောက်တည်း မဖြစ်တော့ဘူးပဲ"


ကောမန့်များကို လှန်လှောကြည့်ပြီးနောက် မုန့်ယွမ်က မျက်မှောင်ကြုပ်လိုက်သည် 


" ကျောက်ရှုယာရဲ့ ဖန်တွေက ဘာတွေလဲကွ"


သူ ပြောချင်သည့် အကြောင်းရာကို သိနေ၍ ရှစ်ရော့က ရှင်းပြပေးလာသည် " ကျောက်ရှုယာရဲ့ အမေက စန္ဒယားဆရာမ ဆိုတာကို ပြောတာ မို့လား...ဒါကြောင့် ကျောက်ရှုယာက ကလေးဘဝကတည်းက စန္ဒယားတီးတာကို လေ့ကျင့်ခဲ့တာပေါ့...


လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူက စန္ဒယားတီးနေတဲ့ ဗီဒီယိုကို စပြီး ပိုစ့်တင်ခဲ့တယ်...သူ့ရဲ့ စန္ဒရားတီးတဲ့ အရည်အချင်းက သာမန်ပါပဲ...ဒါပေမယ့် သူ့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်လေးကြောင့် လူစိတ်ဝင်စားမှု ရလာပြီး နေရာသေးသေးလေးတစ်ခုမှာ နာမည်ကြီးလာတာ...'စန္ဒယားတီးတဲ့ မင်းသားလေး'ဆိုပြီးတောင် နာမည်ပေးထားကြသေးတယ်... သူက ဖုန့်ဟယ်အင်တာတိန့်မန့်နဲ့ စာချုပ်ချုပ်လိုက်တော့ ဖန်အင်အားတစ်ခု ရလာတာကြောင့် သူ့အဖွဲ့ကလည်း ဖန်တွေကို စပြီးစီစဥ်နေရပြီလေ...ဒါကြောင့် တက်သစ်စ အနုပညာရှင် တစ်ယောက်အနေနဲ့ သူက သတ်သတ်မှတ်မှတ် နောက်လိုက်တွေတော့ ရှိနေပြီရယ်"


“ရော့ရော့ မင်းက မင်းရဲ့ အိမ်စာကို ကောင်းကောင်း လုပ်သားပဲ" 


မုန့်ယွမ်က ရှစ်ရော့ကို ချီးကျူးလိုက်ပြီး ထိုကိစ္စကို အာရုံစိုက်မနေတော့ပဲ ယွီနျန့်ကို မေးလာသည် 


" မနက်ဖြန် ထွက်မယ့် သီချင်းအသစ်အတွက် စိတ်လှုပ်ရှားနေလား"


ယွီနျန်က ခေါင်းခါပြလာသည် 

" စိတ်မလှုပ်ရှားပါဘူး...ကျွန်တော်က ကျွန်တော့် လက်ရာနဲ့ပတ်သက်ပြီး ယုံကြည်ချက်ရှိတယ်"


မုန့်ယွမ်က ယွီနျန်၏ အရေးကြီးချိန်များတွင် စိတ်လှုပ်ရှားမနေပဲ လိုအပ်လျှင်လည်း ယုံကြည်ချက်ရှိရှိ ထုတ်ပြောတတ်သည့် အကျင့်ကို သဘောကျသည်။ သူက တွက်ဆလိုက်သည်


 " အချိန်ကောင်းပဲ...ရွှေတေးသွားဆုတွေ သိမ်းလာပြီးတော့ အခုဆို မယုံရတဲ့ ပစ္စည်းကနေ ပိုက်ဆံ စုဆောင်းမိသွားတယ်...ဒီတစ်ကြိမ် သီချင်းအသစ် ထွက်တာကလည်း ပရိုမိုးရှင်းဆင်းပြီးသား ဖြစ်လို့ စျေးကွက်စာရိတ်ကို ချွေတာရာရောက်တယ်" 


နောက်တစ်နေ့ နေ့လည်ပိုင်းတွင် ယွီနျန်၏ တစ်ကိုယ်တော်ခွေအသစ် '"တီးတိုးသံ" ကို စီစဥ်ထားသည့်အတိုင်း ထုတ်လွှင့်ခဲ့သည်။ အဓိက ဂီတပလက်ဖောင်း သုံးခုကလည်း ကြော်ငြာကဏ္ဍအတွက် အကောင်းဆုံး ပံ့ပိုးပေးကြသည်။ ငါးရက်မြောက်နေ့တွင် စုစုပေါင်း နားထောင်သူ ၁၀မီလီယံအထိ ရောက်နေပြီဖြစ်သည်။ အချို့သော မီဒီယာများကပင် သူ၏ သတင်းခေါင်းစီးများက တစ်ခုပြီးတစ်ခု တက်နေ၍ ဂျူလိုင်လကို "ယွီနျန်၏လ" ဟူ၍ပင် ခေါ်လာကြသည်။


ယွီနျန် ထင်ထားခဲ့သည့်အတိုင်း စွန့်စားရသည့် ရိုးရာတူရိယာ "ဖုန့်ရှောင်း"ကလည်း "တီးတိုးသံ" နှင့်အတူ နာမည်ကြီးလာသည်။


['တီးတိုးသံ'ကို နားထောင်ဖို့ အကြံပေးချင်ပါတယ်...သူ့ကို ပါရမီမရှိဘူးလို့ ပြောခဲ့တဲ့သူတွေ သွားပြီး နားထောင်လိုက်ကြ... သူက ဘယ်လောက်တော်တဲ့ ဂီတပညာရှင်လဲဆိုတာ နားလည်သွားလိမ့်မယ်... ပြီးတော့ ဖုန့်ရှောင်းမှုတ်တာကို သင်ချင်လိုက်တာ...ဒီလိုတူရိယာမျိုး ရှိနေမှန်းတောင် မသိခဲ့ပေမယ့် သီချင်းကို နားထောင်လိုက်တဲ့အခါမှာ သူ့ရဲ့ လှပတဲ့ သံစဥ်လေးက ငါ့ကို အရမ်းပဲ ဖမ်းစားသွားခဲ့တယ်]


[ငါက တကယ်တော့ ဖုန့်ရှောင်းမှုတ်တာကို သင်ယူနေတာပါ...အစတုန်းက ငါ့ဆရာမှာ ငါတစ်ယောက်တည်း ကျောင်းသားရှိတာ...ဒါပေမယ့် ရုတ်တရက်ကြီး လူတွေအများကြီး လာပြီး သင်ချင်နေကြလို့ ငါ့ဆရာရော ငါရော ဘာလုပ်ရမလဲမသိ ဖြစ်သွားခဲ့တယ်... နောက်တော့မှ ယွီနျန်က သူ့သီချင်းအသစ်ထဲမှာ ဖုန့်ရှောင်းကို ထည့်ထားမှန်း သိလိုက်ရတယ်... ငါ့ဆရာက ပြောနေတာ "ဒီလို ရေပန်းစားမှုမျိုးက ကုန်ဆုံးသွားတာ ဘယ်လောက်တောင် ကြာပြီလဲတဲ့ "ငါတို့ဘက်က အရမ်းကျေးဇူးတင်နေကြတယ်] 


[ယွီနျန်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖုန့်ရှောင်းမှုတ်တဲ့သူက သူ့အဘိုးရဲ့မိတ်ဆွေကောင်းတဲ့...ငါ သွားရှာကြည့်လိုက်တာ တရုတ်ဘာသာရပ်ရဲ့ ဆရာကြီး နာမည်ကြီး ဘာသာပြန်ဆရာနဲ့ လက်ရေးလှရေးတဲ့သူ ဖုဝမ်မင်ပဲ...အကြီးကြီးထဲကပါလား] 


စွန်းမုန့်ဇယ်က ထိုပိုစ့်ကို မြင်သွား၍ သက်ပြင်းချလာသည်


 " ဆရာဖုဝမ်မင်တဲ့... ငါက လက်ရေးလှပညာကို အကြာကြီး ရူးသွပ်ခဲ့ပြီး ဆရာဖုဆီကနေ လက်ရေးလှ လက်ရာကောင်းတစ်ခု ရဖို့ ကြိုးစားခဲ့တာ... ဒါပေမယ့် ငါ့ရဲ့ အိပ်မက်က ဖြစ်မလာခဲ့ပါဘူး...အခုထိ နောင်တရနေတုန်းပဲ...ယွီနျန် မင်းကိုသာ စောစောသိခဲ့ရင် နည်းနည်းတော့ အောင်မြင်လာနိုင်ချေလေး ရှိဦးမယ်"


ယွီနျန်က ပြုံးပြီး ပြန်ဖြေလာသည် 

" အဘိုးဖုက လက်ကောက်ဝတ် ထိထားတာ ကြာပြီ...အခုဆို အသက်လည်း ကြီးလာပြီ ဒဏ်ရာလည်း ရထားတော့ သူ ရေးချင်တာတောင် ရေးဖို့ အနိုင်နိုင်ဖြစ်နေတာရယ်...ဒါကြောင့် အဘိုးဖုက စုတ်တံကို ထပ်မကိုင်တော့တာ" 


နှစ်ဦးသားက "သီချင်းဆိုပါရစေ" အစီအစဥ်၏ ရိုက်ကူးရေး စင်နောက်တွင် ရောက်နေခြင်းဖြစ်သည်။ ပိုင်ယန်က ဒေါက်မြင့်ဖိနပ်စီးပြီး တဒေါက်ဒေါက်အသံနှင့် လျှောက်လာသည်။ သူမက စိတ်ကသိကအောက် ဖြစ်နေသံနှင့် ပြောလာသည် 


" နောက်ဆုံးတစ်ဖြတ်တုန်းက တစ်ယောက်ယောက်ကို ဆီမီးဖိုင်နယ်ထိ တင်ပေးလိုက်ရတာက အဆင်ပြေသွားခဲ့တယ်...သူ့ရဲ့ အရည်အချင်းတွေကလည်း သိပ်မဆိုးတော့ ဆီမီးဖိုင်နယ်လောက်ထိက ရသေးတယ်... အရင်တစ်ဖြတ်တုန်းကလည်း ဆယ့်ငါးယောက်ကနေ top7ကို တင်ပေးရတာလည်း လက်ခံနိုင်သေးတယ်... ဒါပေမယ့် အခုတစ်ကြိမ်က အမှတ်မမြင့်တဲ့ ပြိုင်ပွဲဝင်ကို top4ထိ တင်ပေးရမှာတဲ့...လာနောက်နေတာလား"


စွန်းမုန့်ဇယ်က မျက်နှာထက် အပြုံးတို့ ပျောက်ကွယ်သွားရင်း ရိုးရိုးသားသား ပြန်ဖြေလာသည် " ကျောက်ရှုယာကိုလား...သူ့ရဲ့ အဆင့်က top8အထိ ရောက်ဖို့ လုံလောက်ရုံပဲ...top4ဆိုရင်တော့ မေးခွန်းထုတ်စရာ ဖြစ်သွားပြီ"


ပိုင်ယန်က လက်ပိုက်ထားရင်း စိတ်ပျက်နေသည့် အသံနှင့် ပြောလာသည် " ပရိုဂရမ်အဖွဲ့က ကောင်းကောင်း အစီအစဥ်ချထားတာ... တကယ်လို့ သူတို့ကသာ

top4ထိ ရောက်ဖို့ အမှန်မြင့်မြင့် လိုချင်တယ်ဆိုရင်တော့ စားပွဲခုံကို ရိုက်ချပြီး လုပ်နေတော့မှာ မဟုတ်ဘူး...အဲ့ဒီပိုက်ဆံလည်း ယူမနေတော့ဘူး"  


သူမက ဒေါသ တနုံ့နုံ့ထွက်လာသည် 

" ပြီးတော့ အရင်တစ်ဖြတ်တုန်းကလည်း သူ့မှာ ပြောစရာ တစ်ခုခုရှိလားလို့ မေးလိုက်ရင် သူများတွေက သူတို့ရဲ့ ခံစားချက် အတွေ့အကြုံတွေ သင်ခန်းစာရသွားတဲ့အကြောင်းတွေ ပြောကြတာ...ဒါပေမယ့် ဒီကျောက်ရှုယာက..." 


ပိုင်ယန်က ကျောက်ရှုယာလေသံကို အတုခိုးလိုက်ရင်း ပြောလာသည် ။

" လတ်တလောက ကျွန်တော်ဖန်တွေဆီကနေ မသင့်လျော်တဲ့ မှတ်ချက်တွေကြောင့် ဆရာယွီနျန်အတွက် ပြဿနာ ဖြစ်သွားစေရတယ်... ဆရာယွီနျန်က ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်... အဲ့ဒါနဲ့ ယွီနျန်က ချက်ချင်း ပြန်မဖြေတော့ သူက ရှစ်စက္ကန့်လောက် ကြာအောင် ကိုးဆယ်ဒီဂရီထိ ဦးညွတ်လိုက်သေးတာ... ဘာကြီးလဲ အဲ့ဒါက... သူ့ကို ငွေညစ်နေလို့လား... ကြည့်ရတာ ကြောင်တောင်တောင် နိုင်လိုက်တာ ပြောမနေနဲ့" 


သူမက သူမလေသံ ပြန်ဖြစ်သွားရင်း စားပွဲခုံကို ရိုက်ချလိုက်သည် 


" အဲ့ဒါနဲ့ ယွီနျန်က 'နောက်တစ်ကြိမ် ဂရုစိုက်ပါ'လို့ ပြောလိုက်တာ အခုဆို ကျောက်ရှုယာဖန်တွေက စီနီယာကြီးလိုလို ဘာလိုလိုနဲ့ စိတ်ကြီးဝင်ပြီး တက်သစ်စလေးကို ညင်းပန်းနေတယ် ဘာညာ ပြောနေကြပြီ...ဟုတ်ပြီလေ ကျောက်ရှုယာက ရှစ်စက္ကန့်လောက် ဦးညွတ်နေတာကို ကြည့်ကြသေးတာပေါ့...တရားဝင်ထုတ်ပြန်ချက်တွေတောင် လုပ်နေကြတာ အခု သူတို့ ရှောင်လို့မရတော့ဘူး...ဒီနေရာကနေ အမြန် ထွက်သွားလိုက်တော့" 


စွန်းမုန့်ဇယ်က အမြန် သတိပေးလာသည်


 "ဂရုစိုက် ဂရုစိုက် မင်းရဲ့ အသစ်လုပ်ထားတဲ့ လက်သည်းတွေ မကျိုးစေနဲ့"


သူမက ချက်ချင်း ငြိမ်ကျသွားပြီး လက်ကို ပြန်ရုတ်လိုက်ကာ စက်ဆုပ်နေသည့် အသံနှင့် ပြောလာသည်


 " ဟုတ်တယ်...မတန်ပါဘူး"


ယွီနျန်က စကား အများကြီး မဆိုပဲ ပြောလာသည် 


" ဆုံးဖြတ်ချက်မချခင် ဒီတစ်ဖြတ်မှာ သူ ဘယ်လို တင်ဆက်မလဲ ကြည့်လိုက်ကြတာပေါ့"


ထိုအချိန် ဝေလုက အထဲဝင်လာပြီး စကားတစ်စွန်းတစ်စ ကြားလိုက်၍ ဆက်ပြောလာသည် 


" သူက ဒီတစ်ဖြတ်မှာ 'တောင်တန်းပေါ်က နှင်းစက်'ကို ဆိုမှာ"


ယွီနျန့်မျက်နှာက အေးစက်သွားပြီး ပိုင်ယန်ကလည်း အေးစက်စက် နှာမှုတ်လိုက်သည် "သူက 'တောင်တန်းပေါ်က နှင်းစက်'ကို ဆိုနိုင်တယ်လို့ တွေးနေရင်တော့ သူ့သီချင်းဆို အရည်အချင်းကို အထင်ကြီးနေတာပဲ ဖြစ်ရမယ်"


ရိုက်ကူးရေးလုပ်နေစဥ်အတွင်း ယွီနျန်နှင့် အခြားသူများက ဟာသနှောပြီး မိတ်ဆက်လာရင်း ဝေဖန်၍ လိုအပ်ချက်များ ထောက်ပြကာ ပရော်ဖက်ရှင်နယ်ကျကျ အကဲဖြတ်ပေးခဲ့ကြသည်။ ယခုအပိုင်းတွင် ပြိုင်ပွဲဝင်များ၏ တင်ဆက်မှုက သာမန်ထက်အလွန်တွင် ရှိလေသည်။ ပြိုင်ပွဲဝင်ခြောက်ယောက် ဖျော်ဖြေပြီးသွားချိန်မှ သုံးယောက်သာလျှင် အမှတ်မြင့်မြင့် ရသွားကြသည်။   


ကျောက်ရှုယာက ခုနစ်ယောက်မြောက် ဖျော်ဖြေရမည့်သူ ဖြစ်ပြီး "တောင်တန်းပေါ်က နှင်းစက်"သီချင်း၏ တီးလုံးသံ ထွက်လာသည်နှင့် ကင်မရာက ယွီနျန့်မျက်နှာကို အနီးကပ်ရိုက်လာသည်။ ယွီနျန်က သူ့မျက်နှာကို ခြွင်းချက်မရှိသည့် ပုံစံဖြစ်အောင် ပြင်ထားရင်း တည်တည်ငြိမ်ငြိမ် အမူအရာနှင့် အလေးထားပြီး နားထောင်နေသည်။ သို့သော်ငြား ပိုင်ယန်ကဖြင့် ကျောက်ရှုယာ သီချင်းစဆိုသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။ 


အမြင့်သံသို့ တစ်ဆက်တည်း တက်သွားရမည့်နေရာအရောက်တွင် ကျောက်ရှုယာ၏ အသံက အမြင့်သံ မရောက်ပဲ အသံပင် ယိုင်သွားလေသည်။ စွန်းမုန့်ဇယ်က ကင်မရာကို ရှောင်မနေတော့ပဲ မျက်ခုံးကြောတို့ တည်တင်းနေရင်း စိတ်ပျက်သွားဟန် ပြလာသည်။


တီးလုံးအဆုံးသတ်သွားသည့်အချိန် ကျောက်ရှုယာက အထုတ်ခံရမည်ကိုပင် စိတ်ပူနေဟန်မရှိပဲ အကဲဖြတ်ဒိုင်များ၏ ခုံဘက် လှည့်လာသည်။ ထိုအစား သူက တည်တည်ငြိမ်ငြိမ်နှင့် အမှတ်မြင့်မြင့် ရမည်မှန်း သေချာနေသလို ယုံကြည်ချက်အပြည့်နှင့် ပုံစံ ဖြစ်နေသည်။


အစီအစဥ်တင်ဆက်သူက မေးလာသည် 

" ဘာလို့ ဒီသီချင်းကို ရွေးခဲ့ရတာလဲ...ရှုယာ..."


ကျောက်ရှုယာက ပုံစံကျကျ နေလိုက်ရင်း ပြောလာသည် 

" ကျွန်တော် ဒီသီချင်းကို ရွေးရတဲ့ အကြောင်းရင်းက ဆရာယွီက တစ်ခါ ပြောခဲ့ဖူးတယ်...ဒီသီချင်းက သူ့ရဲ့ စိတ်အကျေနပ်ဆုံး ဖြစ်ရတဲ့ လက်ရာတစ်ခုပဲတဲ့ ...ပြီးတော့ တစ်လောကလုံးကလည်း အရမ်းကို စိန်ခေါ်ရတဲ့ သီချင်းတစ်ပုဒ် ဖြစ်တယ်လို့ သတ်မှတ်ထားကြတာ...ဒါကြောင့် ကျွန်တော်လည်း ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်ခဲ့မိတာပါ"


အကဲဖြတ်ဒိုင်ခုံတွင် ထိုင်နေသည့် ပိုင်ယန်က ဤကောင်လေးက ရှိုးရိုက်ကူးနေ၍ အသံကြောင်ပြီး အမြင့်သံမဆိုနိုင်ခြင်းကို သူတို့ဘက်က ဖုံးပေးထားနိုင်မည်ဟု ထင်နေမှန်း ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ ထို့ကြောင့်လည်း သူက သူ့ကိုယ်သူ သေချာနေသည့်ပုံစံ ဖြစ်နေခြင်းပင်။


သို့သော်လည်း သူမက ယွီနျန်၏ မျက်နှာပုံစံကို ရိပ်ဖမ်းမိ၍ ဤကောင်လေး မလွယ်လောက်တော့ဟု ခံစားရလေသည်။


သေချာပေါက်ပင် ယွီနျန် ပြောရသည့် အလှည့်ရောက်သည့်အချိန် သူက တည့်တည့် ဝေဖန်လာသည် 


" မင်းက သီချင်းသံစတာ အရမ်းတိုးလွန်းတယ်...ပြီးတော့ သီချင်းတစ်ပုဒ်လုံးမှာလည်း အသံအကူးအပြောင်း နေရာခြောက်ခုမှာ မင်း မရခဲ့ဘူး...အမြင့်သံကိုလည်း ရောက်အောင် မဆိုနိုင်ခဲ့ဘူး... သုံးကြိမ် အသံယိုင်သွားပြီးတော့ လေးကြိမ် တီးလုံးနဲ့ လွဲခဲ့တယ်...ပြီးတော့ စာသားအမှားကြီး ဆိုလို့ ထောက်ပေးရတဲ့သူလည်းရှိခဲ့တယ်"


ကျောက်ရှုယာက မျက်နှာတစ်ပြင်လုံး တောင့်ခနဲဖြစ်သွားပြီး စင်ပေါ်တွင် အေးခဲသွားရသည်။


ယွီနျန်က စကားထပ်မဆိုတော့ပဲ ခေါင်းငုံ့ပြီး အမှတ်ပေးဘုတ်ပြားတွင် "ငါးမှတ်"ဟု ရေးပြလာသည်။


ပိုင်ယန်က ပိုပြီး တည့်တိုးဆန်သေးသည်

 "အပိုင်း၇ထိ ရှိနေပြီကို အရင်အပိုင်းထက် စာရင် အသံပိုင်းရော တင်ဆက်မှုအပိုင်းရော တိုးတက်မှု မရှိသေးဘူး... အဆိုတော် တစ်ယောက် ဆိုတာ ဘယ်လို အဓိပ္ပာယ်ရလဲ မင်း စဥ်းစားခဲ့သင့်တယ်"


 ပြောပြီးနောက် သူမကလည်း ငါးမှတ်ပဲ ပေးလိုက်သည်။


စွန်းမုန့်ဇယ်နှင့် ဝေလုကလည်း ထိုအတိုင်းလိုက်ပြီး ငါးမှတ်စီပဲ ပေးခဲ့ကြသည်။ သံသယမရှိစွာ ကျောက်ရှုယာက ဤတစ်ဖြတ်၏ အမှတ်အနိမ့်ဆုံး ဖြစ်သွား၍ top4ကို လွဲချော်သွားပြီး အထုတ်ခံလိုက်ရသည်။


ရိုက်ကူးရေး ပြီးသွားပြီးနောက် သူတို့က စင်နောက်မရောက်မီပင် ပရိုဂရမ်ဒါရိုက်တာနှင့် ရှိုးစီစဥ်သည့်သူက ယွီနျန်တို့အုပ်စုကို ကြားဖြတ်လာသည်။ သူတို့က အလျင်စလို ပြောလာသည် 


" သူ့ကို top4တင်ပေးဖို့ ငါတို့ သဘောတူခဲ့တာ မဟုတ်ဘူးလား... ဘာလို့ မင်းတို့က သူ့ကို အမှတ်နည်းနည်းလေး ပေးလိုက်ကြတာလဲ... ထုတ်လွှင့်တဲ့အခါ ငါတို့ဘက်က အသံညှိလိုက်လို့ရတာမို့ ပြဿနာရှိလောက်မှာ မဟုတ်ဘူး"  


ရှေ့ဆုံးရောက်နေသည့် ယွီနျန်က သူ၏ သိမ်မွေ့သည့်မျက်နှာပုံစံကို ရုတ်သိမ်းလိုက်သော်လည်း စိတ်ရှည်ရှည် ရှင်းပြလာသည်


 " ဒါရိုက်တာကြီး...အမှတ်ဆိုတာ ပြိုင်ပွဲဝင်ရဲ့ အရည်အချင်းအစစ်နဲ့ပဲ ပြိုင်သင့်တာ မဟုတ်ဘူးလား"


ဒါရိုက်တာက ရှင်းရှင်းလင်းလင်း ပြောမရ ဖြစ်နေသည့် ပုံစံဖြင့် စက္ကူလိပ်ကို လက်ဖဝါးနှင့် ကြိမ်ဖန်များစွာ ရိုက်လာသည်။ သူက အလောတကြီး ပြောလာသည်


 " လက်ရှိရေပန်းစားနေတဲ့ နာမည်ကြီးတွေထဲမှာ ဘယ်လောက်များများက ယှဥ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိလို့လဲ... သူတို့လည်း ပိုက်ဆံရှာနေကြတုန်းပဲလေ...မင်းတို့တွေက ဒီလောကရဲ့ စည်းမျဥ်းတွေကို သတိထားမိ...."


အမြဲလိုလို မရိုင်းပြတတ်သည့် ယွီနျန်က နှုတ်ခမ်းတွန့်လိုက်ရင်း လူသတ်ချင်နေသည့် အကြည့်နှင့် ဒါရိုက်တာစကားကို ဖြတ်ပြောလာသည်


 " ဒါရိုက်တာက ဒီလောကရဲ့ စည်းမျဥ်းတွေအကြောင်း ပြောချင်နေတာဆိုတော့ ပရိုဂရမ်အဖွဲ့က ရင်းနှီးမြုပ်နှံတဲ့ငွေနှစ်ဆကို ဘယ်လိုမျိုး လက်ခံခဲ့လဲဆိုတာ ကျေးဇူးပြုပြီး ပြန်စဥ်းစားပေးလို့ရနိုင်မလား"  


ဒါရိုက်တာက ရေခဲရေပုံးနှင့် အလောင်းခံလိုက်ရသည့်အတိုင်း ချက်ချင်း တုံ့ခနဲ ဖြစ်သွားသည်။ သူ၏ စိတ်က ကြည်ရှင်းသွားရပြီး ပြောတော့မည့် စကားလုံးများကို ပြန်လည် မြိုချလိုက်ရသည်။ 


" ငါ အဲ့ဒါကို မစဥ်းစားခဲ့မိတာပဲ" 


သူက ပြောပြီး တုန်လှုပ်သွားဟန် ပွဲစီစဥ်သည့်သူနှင့် အမြန် လှည့်ထွက်သွားလေသည်။


ရိုက်ကူးရေးစတူဒီယိုမှ ထွက်လာပြီးနောက် စောင့်နေသည့် မုန့်ယွမ်က သတင်းစုံသည့်သူ ဖြစ်၍ အထဲက ဖြစ်ခဲ့သည်များကို သိနှင့်လေသည်။


“ဒီတစ်ခေါက်မှာ သူက 'တောင်တန်းပေါ်က နှင်းစက်'ကို ဆိုခဲ့ပြန်ပြီ...ကျောက်ရှုယာက မင်းကို တွယ်ကပ်နေဖို့ တကယ် ဆုံးဖြတ်ထားတာပဲ...ဟမ့်...သူက အစီအစဥ်ကြီးကြီးဆွဲပြီး မင်းကို လွယ်ကူတဲ့ ပစ်မှတ်လို့ ထင်နေတာပဲ ဟုတ်တယ်မို့လား"


ယွီနျန်က ရွှယ်ယုံ့ကို ရှိုးအတွက် ရိုက်ကူးရေး ပြီးသွားပြီ ဆိုသည့် အကြောင်း မက်ဆေ့ချ် ပို့နေ၍ မုန့်ယွမ်၏ ဝေဖန်ချက်ကို ပြန်မဖြေလိုက်မိချေ။


ထိုသို့ စိတ်ညစ်ဖွယ် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန် မည်သူမှ စိတ်အေးလက်အေး မရှိနိုင်၍ မုန့်ယွမ်က သူ့ကို နှစ်သိမ့်ပေးလာသည် 


" အဆင်ပြေသွားပါပြီ...ကျောက်ရှုယာက အနာဂတ်မှာ မင်းကို ဒုက္ခပေးလာနိုင်တော့မှာ မဟုတ်ပါဘူး" သူက စိတ်အေးသွားဟန် ပြောလာသည်


 " မင်းက သူ့ကို ငါးမှတ်ပေးလိုက်လို့ အံ့သြသွားတဲ့ သူ့မျက်နှာကြီး မြင်လိုက်ရတာ မင်းရဲ့ အစ်ကိုမုန့်ကို အရမ်း ခံစားလို့ ကောင်းသွားစေတယ်ကွ"


ယွီနျန်က လက်ညှိုးရှိ လက်စွပ်လေးကို လှည့်လိုက်ရင်း ပြုံးပြလာသည် 


"ရွှယ်ယုံက ကျွန်တော် မမျှမတ ဆက်ဆံခံရမှာ မမြင်ရက်လို့ နှစ်ဆတောင် ရင်းနှီးမြုပ်နှံထားတာ...ဘာကြောင့် ကျွန်တော်က ကိုယ့်ကိုယ်ကို ခံစားရအောင် လုပ်ရမှာလဲ"