အပိုင်း ၁၃၂
Viewers 16k

Chapter 132

 သူမက ကျွန်တော့်ကို တွေ့ချင်နေတယ်




“ဒါပဲလေ...အဆုံးမှာတော့ မြို့တော်ရဲ့ ဂိမ်းကစားနည်းအတိုင်းပေါ့...ဘယ်သူပဲဖြစ်ဖြစ် ညှာတာမနေပဲ အနိုင်ပေးရမှာလေ...မင်းအနေနဲ့လည်း ပိုက်ဆံ အများကြီး ပစ်ပေးထားရပြီးမှ ပြိုင်ဘက်က နာမည်ကြီးသွားဖို့ ဆွဲချခံရပြီး စိတ်အားငယ်နေစရာမှ မလိုတာ...ဆက်ပြီး ပြုံးနေပြီး တခြားတစ်ယောက်ကို top4နေရာ ပို့ပေးရဦးမှာ မဟုတ်ဘူးလား... ဒါ လှလှပပလေး အပြီးသတ်ခဲ့တာပဲ" 


မုန့်ယွမ်က အခြေအနေကို ပြတ်ပြတ်သားသား နားလည်၍ အားကြိုးမာန်တက် အားပေးထောက်ခံလာသည်


 " ကျောက်ရှုယာရဲ့ အရည်အချင်းတွေက ယိုပေါက်တွေ ရှိနေတယ်... သူ့ရဲ့ စျေးကွက်ဆင်းတဲ့ နည်းဗျူဟာကလည်း အရမ်း စိတ်ပျက်စရာကောင်းတယ်... ထုတ်လုပ်ရေးအဖွဲ့ကလူတွေက ရူးမိုက်တဲ့သူတွေ မဟုတ်ဘူး...အခြေအနေ အေးသွားအောင် သူတို့ လုပ်လိမ့်မယ်...မင်းကို လာရှုပ်ရအောင်ထိ သူတို့ ရူးမိုက်မှာ မဟုတ်ဘူး... အဲ့ဒါအပြင် မင်းက အဓိပ္ပါယ်ရှိရှိ ဖြစ်ချင်လို့ နှုတ်ထွက်လိုက်ရင်လည်း သူတို့ရဲ့ ကြည့်ရှုသူနှုန်းက သေချာပေါက် ကျသွားမှာလေ"


ယွီနျန်က ရေတစ်ငုံ သောက်လိုက်ရင်း အဖုံးပိတ်ပြီး တောက်တောက်ပပ ပြုံးလာသည်


 " ဟုတ်တယ်...ကျွန်တော်လည်း ကျွန်တော့်နေရာကို မှီခိုပြီး တခြားသူတွေကို အနိုင်ကျင့်နေတယ်လို့ ထင်မိတယ်"


သူက သူ၏ ကိုယ်ပိုင်နေရာအပြင် ရွှယ်ယုံနေရာကိုပါ မှီခိုခဲ့လေသည်။


မုန့်ယွမ်က လက်မထောင်ပြပြီး ချဲ့ကားပြောလာသည် 


" မင်းက ဒီလိုမျိုးအနိုင်ကျင့်တဲ့ နေရာမှာ ကောင်းကောင်းလုပ်ခဲ့တယ်"


ယွီနျန်က သူ့ဖုန်းကိုသာ ခဏခဏ ကြည့်နေ၍ မုန့်ယွမ်က သာမန်ကာလျှံကာ မေးလာသည်


 " ပြန်စာ စောင့်နေတာလား"


"ဟုတ်တယ်...ကျွန်တော် ရွှယ်ယုံ့ကို မက်ဆေ့ချ်ပို့ခဲ့ပေမယ့် သူက စာပြန်မလာသေးဘူး" 


ယွီနျန်က စိတ်ပူနေ၍ အသံတိတ်နေသည့် သူ့ဖုန်းမျက်နှာပြင်ကို ထပ်ကာထပ်ကာ ကြည့်ကြည့်နေမိသည်။


မုန့်ယွမ်က အပြင်ဘက်ရှိ ကောင်းကင်ကြီးကို ကြည့်လိုက်ရင်း ပြောလာသည် 


" သူက နောက်ကျတဲ့အထိ အလုပ်လုပ်နေလို့ မဟုတ်ရင် အစည်းအဝေးရှိလို့နေမှာပါ...ဥက္ကဌရွှယ်က အလုပ်တော်တော် ရှုပ်တဲ့ပုံပဲကို"


ယွီနျန်က ခေါင်းခါပြလာသည်


 "သူက အလုပ်များတယ် ဆိုပေမယ့် သူ့ရဲ့ အချိန်ဇယားကို ကျွန်တော် သိပါတယ်...သူက ဒီည ၇နာရီခွဲမှာ အလုပ်ပြီးနေရမှာလေ...သူ့မှာ ညစာချိန်းထားတာတွေလည်း မရှိပါဘူး"


ထို့ကြောင့် သူက စိတ်ပူနေရခြင်း ဖြစ်သည်။


ထို့ပြင် သူ အကြောက်ဆုံးအရာက ရွှယ်ယုံ့တွင် သူ့ကို အနှောင့်အယှက်ပေးနေသည့် အရာ ရှိနေသော်လည်း မလိုအပ်ပဲ စိတ်ပူနေမည် စိုး၍ သူ့ကို ပြောမပြဘဲနေမည်ကိုပင်။


သို့သော်လည်း သိပ်မကြာမီ ရွှယ်ယုံက ဖုန်းခေါ်လာခဲ့သည်။ မုန့်ယွမ်က ယွီနျန် စကား အနည်းငယ်သာ ပြောပြီး ဖုန်းချလိုက်ကာ သူ့မျက်နှာက စိတ်ပူသလို ဖြစ်လာသည်ကို ကြည့်နေရင်း သူပါ စိုးရိမ်လာရသည်။ ထို့နှင့် မုန့်ယွမ်က သူတို့ ဆက်ဆံရေးတွင် တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား ဟူ၍ ခန့်မှန်းလိုက်ရင်း မေးလာသည် 


" နျန်နျန် ဘာဖြစ်လို့လဲ"


ယွီနျန်က ဖုန်းကိုင်ထားရင်း ချက်ချင်း ပြန်ဖြေမလာပဲ စကားတစ်ခွန်းသာ ပြောလာသည်


 " အစ်ကိုမုန့်...ကျွန်တော် ရွှယ်ယုံ့နေရာဆီ အရင်ဆုံး သွားလိုက်ဦးမယ်"


သူက ရွှယ်ယုံ့အိမ် ရောက်သည့်အချိန်တွင် ညက်ိုးနာရီခွဲပြီ ဖြစ်သည်။ ယွီနျန်က သူ့ကို လာနှုတ်ဆက်သည့် အိမ်တော်ထိန်းကြီးနောက် လိုက်သွားရင်း အထဲသို့ ဝင်သွားလိုက်သည်။ ပတ်ပတ်လည်ရှိ သစ်ပင်များနှင့် မီးရောင်များက အရိပ်တစ်ခုလို ဖြာကျနေပြီး ရှုပ်ယှက်ခတ်နေသော မြို့တော်နှင့် မတူစွာ တိတ်ဆိတ်ငြိမ်သက်နေလျက် ပုရစ်အော်သံများနှင့်အတူ သစ်ပင်ရနံ့လည်း ခပ်ဖျော့ဖျော့ရနေသည်။  


အဓိကအိမ်တော်၏ ဝင်ပေါက်သို့ ရောက်သော် အိမ်တော်ထိန်းကြီးက ခြေလှမ်းရပ်လိုက်ပြီး လေးလေးစားစား ပြောလာသည် 


" သခင်လေးက အထဲမှာ ရှိပါတယ်...ကျွန်တော်က ခွင့်ပြုချက်မရှိပဲ ဝင်ခွင့်မရလို့ပါ"


ရွှယ်ယုံ့ မိသားစုဆရာဝန်ကို တင်းကျောက်ရှန်က လာဘ်ထိုးပြီး စျေးပြောင်းတိုက်ရန် ညွှန်ကြားခဲ့၍ ရွှယ်ယုံကသာ သတိရှိရှိမနေပဲ ဆေးသောက်ခဲ့လျှင် ယခုဆို အန္တရာယ်တွင်းထဲ ရောက်နေလောက်ပြီ ဖြစ်ကြောင်း ချူရှောင်းရန် ယခင်က ပြောခဲ့ဖူးသည်ကို သူပြန်စဥ်းစားမိသည်။   


သူက စောစောက ရွှယ်ယုံထံမှ နာကျင်လွန်း၍ အက်ကွဲနေသော အသံနှင့် ဖုန်းခေါ်လာမှုကို ပြန်အမှတ်ရလိုက်သည်


 " နျန်နျန် ကိုယ် မင်းကို လွမ်းတယ်...ကိုယ် ခေါင်း အရမ်းကိုက်နေလို့"


ထိုနှစ်များအတွင်း ရွှယ်ယုံက ခေါင်းကိုက်မှုကြောင့် အိပ်မပျော်ညပေါင်းများစွာ ဖြတ်သန်းခဲ့ရသော်လည်း ဆရာဝန် မပြရဲသလို ဆေးလည်း မသောက်ရဲချေ။ သူ့ကို အန္တရာယ် ပေးလာမည့်သူများကို ရှောင်ရှားရန်အတွက် မည်သူ့ကိုမျှ လုံးဝဥဿုံ မယုံကြည်နိုင်ခဲ့ပဲ သီးခြားနေခဲ့ရသည်။ သူ၏ အားနည်းချက် တစ်အောင်စစီတိုင်းကို အပေါ်ယံလွှာ ထူထူအောက်တွင် ဖုံးကွယ်ထားလေသည်။


ထို့နောက် ယခုတွင်ဖြင့် သူ၏ အပေါ်ယံလွှာ ထူထူကို ချွတ်ချပြီး သူ၏ အားနည်းချက်ကို ယွီနျန့်ထံ ပြသလာသည်။


ယွီနျန်က အိမ်တော်ထိန်းကြီးကို ယဥ်ယဥ်ကျေးကျေး ကျေးဇူးတင်လိုက်ပြီး ရွှယ်ယုံ ပြထားသည့်အတိုင်း လက်ဗွေဖတ်သည့်နေရာတွင် လက်ချောင်း တင်လိုက်သည်။ တံခါးဖွင့်သွားပြီး ယွီနျန်က အထဲဝင်လာခဲ့သည်။


သစ်ကတိုးနံ့ ယဥ်ယဥ်လေး ရနေသည်။ ယွီနျန်က အထဲဝင်ရန် အလျင်မလိုပဲ တံခါးတွင် ရပ်နေလိုက်သည်။ အမှောင်ထဲတွင် ရွှယ်ယုံ၏ ပင်ပန်းနွမ်းနယ်နေသည့် အသံသြရှရှကို ကြားလိုက်ရသည်


 " နျန်နျန်လား..."


ကလစ်ဆိုသည့် အသံနှင့်အတူ နံရံကပ်မီးအိမ်ကနေ အထဲရှိ အမှောင်ထုကို ဖြိုခွင်းပြီး မီးလင်းလာသည်။ ယွီနျန်က အင်္ကျီခါးစည်းကြိုး အမည်းက ပြေနေ၍ ရင်အုပ်ကျယ်ကျယ်က ပေါ်နေလျက် ဖြူဖျော့နေသော မျက်နှာနှင့် အနောက်တိုင်း ပန်းချီကားထဲက ခပ်ချောချော မင်းစိုးရာဇာတို့လို အရောင်မပါသည့် ခေါင်းအုံးထက် လှဲနေသော ရွှယ်ယုံ့ကို တွေ့လိုက်ရသည်။ အလင်းရောင် မှိန်မှိန်အောက်တွင် သူ၏ မျက်တောင်ရှည်ကြီးများနှင့် နှာတံစင်းစင်းတို့က အရိပ်ရေးရေး ထင်နေသည်။ သည်းမခံနိုင်လောက်အောင် နာကျင်နေသည်ထင် မျက်ခုံး ဖွဖွကြုပ်ထားပြီး ယွီနျန့်ကို ကြည့်လာသောအချိန် သူ့မျက်လုံးထက် ပြင်းပြသည့် လိုအင်ဆန္ဒတို့ ဖြတ်ပြေးသွားသည်။   


ယွီနျန်က အနားကပ်လာပြီး အိပ်ရာဘေး ဝင်ထိုင်လိုက်သည်နှင့် ရွှယ်ယုံက အလိုအလျောက် အနားမှီလာပြီး နောက်ဆုံး စိုးရိမ်မှုများ လွင့်စင်သွားသလိုမျိုး ပွေ့ဖက်လာခဲ့သည်။ သူက အသံတိုးတိုးနှင့် ပြောလာသည် 


" နောက်ဆုံးတော့ ရောက်လာခဲ့ပြီ...မင်းကို စောင့်နေခဲ့တာ"


ယွီနျန်က သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို နမ်းရှိုက်လိုက်ရင်း မေးလာသည်


 " ဆေးသောက်ပြီးပြီလား"


ရွှယ်ယုံက အကြည့်ရှောင်နေပြီး ပြန်ဖြေမလာချေ။


ရွှယ်ယုံ၏ စိတ်ဒဏ်ရာက သက်ရောက်နေဆဲ ဖြစ်နေမှန်း အာရုံခံမိ၍ ယွီနျန်က ထပ်ပြီး တွန်းအားမပေးတော့ချေ။ ထို့အစား သူက သူ့ပေါင်ကို ပုတ်လိုက်ပြီး ပြုံးပြလာသည်


 " နောက်ဆုံးတစ်ခေါက်တုန်းကလိုမျိုး ကျွန်တော့်အပေါ် လာပြီး မှီထားလိုက်ပါ...ကျွန်တော် ခင်ဗျားကို နှိပ်ပေးမယ်...အဲ့ဒါက ခင်ဗျားကို ပိုပြီး ခံစားရသက်သာစေနိုင်မလားပဲ"


ရွှယ်ယုံက ငြင်းဆိုမလာပဲ ယွီနျန့်ပေါင်ပေါ် မှီလိုက်သည်။


ယွီနျန်က လက်ကို အထပ်ထပ် ပွတ်သတ်လိုက်ရင်း ရွှယ်ယုံ့ခေါင်းရှိ ခေါင်းကိုက်သည့် နေရာကို ဖွဖွလေး နှိပ်ပေးလိုက်သည်။ သူက နှစ်သိမ့်ပေးသည့် လေသံနှင့် ပြောလာသည်။ သူက လမ်းတွင် အသစ်ဖွင့်သည့် စျေးဝယ်စင်တာအကြောင်း လမ်းဘေးသစ်ပင်များက စိမ်းစိုလန်းဆန်းနေသည့် အကြောင်းနှင့် ပန်းခင်းများတွင် အမည်မသိပန်းများ ဖူးပွင့်နေကြသည့် အကြောင်း ပြောလာသည်။ သူက နေဝင်ချိန် နောက်ကျလာပြီ ဆိုသည့် အကြောင်းနှင့် ပုရစ်လေးများ၏ အသံက ပိုစိပ်လာပြီ ဖြစ်သည့်အကြောင်း ပြောလာသည်။


တဖြေးဖြေးနှင့် သူ့အသံက ပျောက်ကွယ်သွားပြီး ယွီနျန်က ခေါင်းငုံ့လိုက်သည်။ ရွှယ်ယုံ့ ရင်ဘတ်က တက်လာလိုက် ကျသွားလိုက်နှင့် စည်းချက်ကျစွာ အသက်ရှူသံမှန်သွားပြီး မျက်ခုံးကြောတို့ပါ ပြေလျော့လာမှန်း သတိထားမိသွားသည်။ သူက နစ်နစ်ခြိုက်ခြိုက် အိပ်ပျော်နေပေပြီ ။


အခန်းထဲရှိ လေအေးပေးစက်ကြောင့် ယွီနျန်က ရွှယ်ယုံ့ကို စောင်ပါးလေး တစ်ထည် ခြုံပေးလိုက်သည်။ ရွှယ်ယုံ အိပ်ပျော်သွားမှန်း သေချာသွား၍ သူက အပူကျသွားဟန် သက်ပြင်းချလာသည်။


ထိုအချိန် သူက ရုတ်တရက် တစ်ခုခုကို အာရုံခံမိ၍ ခေါင်းလှည့်ကြည့်လိုက်ရာ အိပ်ခန်းတံခါးက လော့ကျလာပြီး တစ်ယောက်ယောက်က အသာလေး တွန်းဖွင့်လာမှန်း တွေ့လိုက်ရသည်။


 ရွှယ်ယုံ့အမေက တံခါးပေါက်ဝတွင် ပေါ်လာသည်။ 


သူမက အပြာဖျော့ရောင် ပွဲတက်ဂါဝန်ကို ကြော့ရှင်းစွာ ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်ကြီးများကို ဖြန့်ချထားကာ စိန်လည်ဆွဲကို ဝတ်ဆင်ထားပြီး ဇာလက်အိတ်အဖြူကို တွဲဖက်ဝတ်ဆင်ထားသည်။သူမက ပွဲတစ်ခုခုမှ အပြေးပြန်လာဟန် ရှိသည်။ 


သူတို့က ယခင်က ဆေးရုံတွင် တစ်ကြိမ်ဆုံဖူးသည်ဖြစ်ရာ ယွီနျန်က ရွှယ်ယုံ နိုးသွားမည် စိုး၍ အိပ်ရာဘေး ထိုင်လျက်သာနေပြီး ပြုံးရင်း ခေါင်းညိမ့်ပြကာ နှုတ်ဆက်လိုက်ရသည်။


ရွမ်ယန်မိန်က တံခါးလက်ကိုင်ဘုတွင် လက်တင်ထားရင်း လက်ချောင်းများက အလိုလို တင်းကျပ်လာသည်။ သူမက နာကျင်မှုတို့ မခံစားရဟန် နာဖူးပြင်က ဖြောင့်တန်းနေပြီး ယွီနျန့်ပေါင်ပေါ်တွင် လှဲအိပ်နေသည့် ရွှယ်ယုံ့ကို တွေ့လိုက်ရသည်။ 


သူမ၏ မျက်လုံးများက ချက်ချင်း နီရဲသွားရသည်။ မျက်လုံးထောင့်မှ စီးကျလာသည့် မျက်ရည်များကို ဖယ်သုတ်လိုက်ရင်း ယွီနျန့်ကို တိတ်တိတ်သာနေရန် လက်ဟန်ပြလာသည်။ သူက ခေါင်းညိမ့်ပြလိုက်၍ သူမက တံခါးတွင် ရပ်နေရင်း ခဏကြာအောင် တိတ်တိတ်လေး ကြည့်နေပြီးမှ အသာလေး တံခါးပိတ်သွားလေသည်။


သူနှင့် မရင်းနှီးသော အခန်း တစ်ခု ဖြစ်နေသော်လည်း ရွှယ်ယုံ ရှိနေသည့်အတွက် ယွီနျန့်ကို စိတ်သက်သာရာရစေသည်။ နားချိန် မရှိပဲ အချိန်အတော်ကြာ ရိုက်ကူးရေး လုပ်ထားရ၍ သူ၏ မောပန်းနွမ်းနယ်မှုများက စုပုံဝင်ရောက်လာသည်။ သူက ရင်းနှီးနေသော အငွေ့အသက်တို့ကြောင့် ခေါင်းအုံးပျော့ပျော့လေးပေါ် မှီလိုက်ရင်း မသိလိုက်စွာနှင့် အိပ်မောကျသွားလေသည်။  


သူက ယိုင်နဲ့နဲ့နှင့် အိပ်ရာနိုးလာသည့်အချိန် ည တော်တော် မှောင်နေပြီ ဖြစ်သည်။ သူက အိပ်ရာထဲ ခဏကြာအောင် လှဲနေရင်း အသိစိတ် အလုံးစုံ ကပ်လာချိန် စောင်ပါးလေး ခြုံထားမှန်း သိလိုက်ရသော်လည်း ရွှယ်ယုံ့ကို မည်သည့်နေရာမှ မတွေ့ရချေ။


ယွီနျန်က ထရပ်လိုက်ရင်း သူ့ကို ရှာရန် ပြင်လိုက်စဥ် အိပ်ခန်းတံခါးက ဖွင့်လာပြီး ရွှယ်ယုံက ရေမသုတ်ထားပဲ ရင်ဘတ်ပေါ် ရေတစ်စက်စက်ကျလျက် ဝင်လာသည်။


ယွီနျန်က နိုးနေသည်ကို မြင်သွားချိန် ရွှယ်ယုံ့အကြည့်က အလိုအလျောက် ပျော့ပျောင်းသွားသည် 


" ကိုယ် မင်းကို နိုးလိုက်မိသွားပြီလား... ကိုယ် အခုလေးတင် ချွေးအေးတွေ ထွက်လာလို့ လန်းဆန်းသွားအောင် ရေချိုးလိုက်တာ" သူက ယွီနျန့် အကြည့်က သူ့ရင်ဘတ်တွင်သာ ရောက်နေမှန်း သတိထားမိသွား၍ အင်္ကျီကော်လာကို အမြန် ဆွဲညှိလိုက်ရင်း ပေါ်နေသော အရေပြားကို ဖုံးထားလိုက်သည်။ 


သူ့ နားရွက်ဖျားများ ရဲတွတ်သွားရင်း ရွှယ်ယုံက အကြောင်းရာကို ခေါင်းစဥ်ပြောင်း မေးလာသည်


 " အခုရော အိပ်ချင်တုန်းလား နျန်နျန်"


အချိန်အတော်ကြာ အိပ်ထားရ၍ ယွီနျန်က အိပ်ချင်စိတ်တို့ မရှိတော့ပေ။ သူက ခေါင်းခါလိုက်ရင်း မေးလာသည် " မအိပ်ချင်တော့ပါဘူး...ဘာလို့ မေးတာလဲ"


ရွှယ်ယုံက သူ၏ tabletကို လော့ဖြုတ်လိုက်ရင်း မှတ်တမ်းတစ်ခု ယူလိုက်ကာ ယွီနျန့်ဘေး လှဲချလာပြီး ရတနာတစ်ခုလို ကမ်းပေးလာသည် 


"ကြည့်ကြည့်လိုက်"


ယွီနျန်က tabletကို ယူလိုက်ရာ screenထက်တွင် အဆင့်အတန်းမြင့် ပုံရိပ်တစ်ခုကို တွေ့လိုက်၍ အသက်ရှုရကျပ်လာပြီး ထိုပစ္စည်းတွင်သာ အကြည့်တို့ ကျောက်ချနေမိသည် 


" ဒါ....ဒါက ချန်ဖန့်ဇွင်းမို့လား"


screenထက်တွင် ပြထားသည့် ပစ္စည်းက ကြေးပန်းအိုးတစ်လုံး ဖြစ်ပြီး သားရဲမျက်နှာနှင့် ကွေ့အကောင်လေးက အဓိက အကွက်ဖြစ်ကာ မိုးကြိုးကွက်များနှင့် နောက်ခံဆွဲထားသည်။ အစွန်းလေးဖက်တွင်ဖြင့် ဆင်ဦးခေါင်းပုံများနှင့် အလှဆင်ထားသည်။ ဓာတ်ပုံရှုထောင့်မှနေ၍ ဖန့်ဇွင်း၏ နှုတ်ခမ်းဝ၏ အတွင်းပိုင်းတွင် စာလုံးများ ထွင်းထုထားသည့်ပုံပေါ်သည်။[ကွေ့အကောင်=ခြေထောက်တစ်ဖက်တည်း ပါသည့် သားရဲ]


ယွီနျန်က ရိုးရာသေရည်အိုးပုံစံ ဖန့်ဇွင်းအိုး၏ ပုံရိပ်ကို တစိုက်မတ်မတ် ကြည့်နေရင်း သူ၏ အာဒံပန်းသီးက အပေါ်အောက် လှုပ်ခတ်နေသည်။ အချိန်အတော်ကြာမှ သူက စကားဆိုလာတော့သည် 


" ဖန့်ဇွင်းရဲ့ အတွင်းပိုင်းမှာ စာလုံးထွင်းထားတဲ့ စာနှစ်ကြောင်း ရှိတယ်...နောက်ဆုံး စာကြောင်းက 'မြတ်နိုးတန်ဖိုးထားရပါသော အကြီးဆုံးသား ဇွင်းရိ ဆီသို့' တဲ့"


သူက အသက်မှေးမှေး ရှူလိုက်ပြီး ပြောလာသည်


 " ဒီဖန့်ဇွင်းကို တူးဖော်ရရှိခဲ့တဲ့ အချိန်က ကျွန်တော့် အဘိုးက အနီးနားကနေ စောင့်ကြပ်ခဲ့တယ်...နောက်ပိုင်း သူက နေ့ရော ညရော လေ့လာခဲ့ပေမယ့် အတွင်းပိုင်းက စာကြောင်းနှစ်ကြောင်းကို ပြည့်ပြည့်စုံစုံ အဓိပ္ပါယ် မဖော်ရသေးခင် ဖန့်ဇွင်းက အခိုးခံရပြီး တခြားနိုင်ငံဘက်ကို မှောင်ခိုတင်သွင်းခံလိုက်ရတာ... ဆယ်စုနှစ်တစ်ခုကြာအောင် တစ်ခါမှ ပြန်မပေါ်လာခဲ့ဘူး"


သူ့အဘိုးက ထိုအကြောင်း ခဏခဏ ပြောဖူးသည်ကို အမှတ်ရပါသေးသည်။ အဘိုးက ချန်ဖန့်ဇွင်းကို သူ့ဘဝတွင် ပြန်တွေ့ခွင့်ရရန်နှင့် အရှေ့ဘက်က စာလုံးများကိုလည်း လေ့လာခွင့်ရရန်အတွက် ကံကောင်းလာနိုင်ပါ့မလား မသိတော့ဟု ပြောခဲ့ဖူးသည်။ 


ရွှယ်ယုံက စိတ်ရှည်ရှည် နားထောင်နေရင်း ပြောပြလာသည် " ဒီကြေးပန်းအိုးက အခု အီတလီက မိုတီမိသားစုရဲ့ ပိုင်ဆိုင်မှုထဲ ရောက်နေတာ...ပြီးတော့ သူတို့က အဲ့ဒါကို ရွှေ့ပြောင်းတော့မလို့လေ"


ယွီနျန့် မျက်လုံးလေးများက တလက်လက် တောက်ပလာပြီး မေးလာသည် 


" ဘယ်လိုပုံစံပြောင်းမလို့လဲ"


“သီးသန့် စုဆောင်းရေးပုံစံမျိုး" 


ရွှယ်ယုံက ချောင်းဖွဖွ ဆိုးလိုက်ရင်း တမင်သက်သက် အကြည့်ချင်းမဆုံအောင် ရှောင်သွားလိုက်သည်


 " ကိုယ် မင်းကို အဲ့ဒီဆီ ခေါ်သွားပေးနိုင်တယ်"


*****


နောက်တစ်နေ့တွင် ယွီနျန်က သူ၏ တစ်ကိုယ်တော်ခွေအသစ် "နိုးတစ်ဝက် အိပ်မက်" ကို "ပဲ့တင်ထပ်သံ ရေဒီယို"၏ တိုက်ရိုက်သီဆိုမှုပြကွင်းတွင် အပြီးသတ်ဖျော်ဖြေပြီးနောက် မုန့်ယွမ်က လက်သီးလက်မောင်း တန်းရင်း အားပေးလာသည်


 " နျန်နျန်က ဒီလိုမျိုး အဆင့်အတန်းမြင့် ပရော်ဖက်ရှင်နယ် သီဆိုပွဲတွေနဲ့ အရမ်းလိုက်တယ်...effectတွေကလည်း အရမ်း ကောင်းတာ...စတူဒီယိုထဲမှာ ထက်တောင် ပိုကောင်းသေးတယ်" 


ယွီနျန်က နားကြပ်ကို ချွတ်လိုက်ရင်း ခေါင်းညိမ့်ပြလာသည် 


" ဟုတ်တယ်...ကျွန်တော် အရမ်း သဘောကျတယ်... တီးဝိုင်းအဖွဲ့ကလည်း အမိုက်စားပဲ"


ယွီနျန့် မျက်နှာထက် အပြုံးကို တွေ့လိုက်၍ မုန့်ယွမ်က ထူးဆန်းနေမှန်း သိလိုက်သည်


 " အို့...ကောင်းတဲ့ ကိစ္စ တစ်ခုခုများ ရှိလို့လား...ဒီမနက် မင်းကို ကြည့်ရတာ အရမ်း ပျော်နေတဲ့ပုံပဲ"


ရေကို အငမ်းမရ သောက်လိုက်ရင်း ယွီနျန်က မေးလာသည် " အစ်ကိုမုန့် ..ကျွန်တော် ပါဝင်ထားတဲ့ ရသစုံရှိုးနှစ်ခုကနေ ပါဝင်ကြေးကို ရထားပြီးပြီမို့လား"


ယွီနျန်က ပါဝင်ကြေးအကြောင်း ပြောလာ၍ မုန့်ယွမ်က မေးစေ့ပွတ်ပြီး ပြောလာသည် 


" ဘာဖြစ်လို့လဲ...မင်း ပိုက်ဆံ ထပ်ပြီး ပြတ်နေပြန်ပြီလား"


ရေဗူး ကိုင်ထားရင်း ယွီနျန်က ရိုးရိုးသားသား ခေါင်းညိမ့်ပြလာသည်


 " ဟုတ်တယ်...ကျွန်တော် တစ်ခုခု ဝယ်ချင်လို့...အဲ့ဒါက အများကြီး ကုန်မှာရယ်"


ယွီနျန်က "အိပ်မပျော် စာလိပ်"ကို ဝယ်ရန် ၂ဘီလီယံ သုံးခဲ့ပြီး မကြာသေးမီက သို့ချိုက် ကြက်နှင့်ကျောက်တုံး အကွက်ပါ ခွက်ကို ၃ဘီလီယံနီးပါးနှင့် ရောင်းထားကြောင်း အမှတ်ရသွား၍ မုန့်ယွမ်က သူဝယ်ချင်သည့် ပစ္စည်းကို မမေးပဲ နေလိုက်သည်။ ထိုအစား သူက ယွီနျန့်ဝင်ငွေကို အမြန် တွက်ကြည့်လိုက်ရင်း မနေနိုင်ပဲ စိတ်ပူ၍ မေးလိုက်မိသည် " လောက်ရော လောက်ရဲ့လား" 


ယွီနျန်က မသေချာမရေရာ ပြောလာသည် " လောက်လောက်မှာပါ"


ထိုအချိန် ယွီနျန်က သူ့ဖုန်းကနေ မက်ဆေ့ချ် တစ်ခု ရရှိခဲ့သည်။ ဖတ်ကြည့်ပြီးနောက် ပြန်ဖြေရန် စက္ကန့်တစ်ဒါဇင်ခန့် အချိန်ယူပြီးမှ မုန့်ယွမ်ကို မေးလာသည်


" အစ်ကိုမုန့် နောက်နှစ်နာရီလောက် အချိန်လွတ်ပေးလို့ ရနိုင်မလား"


မုန့်ယွမ်က အချိန်ဇယားကို စစ်ကြည့်ရင်း ပြောလာသည် " ရတယ်လေ...ရိုက်ကူးရေးအချိန်ရဲ့ နောက်ပိုင်းက ပြန်ညှိလို့ရတယ်...ငါတို့ဘက်က နောက်နှစ်နာရီလောက် ဆုတ်မယ်ဆိုရင် မင်းက ညထိ အလုပ်လုပ်ရလိမ့်မယ်...ဘာကိစ္စရှိလို့လဲ"


ယွီနျန်က ပြန်ဖြေလာသည် 


" အင်း...အဲ့ဒါက ရွှယ်ယုံ့အမေက ကျွန်တော့်ကို တွေ့ဖို့ ဖိတ်လာလို့"