အပိုင်း ၁၃၃
Viewers 16k

Chapter 133

 အချစ်အတွက် ကိုးကားရေးထားတဲ့ စာ




ထိုစကား ကြားလိုက်သောအခါ မုန့်ယွမ်က ကိုင်ထားသည့် ဖုန်းကို မထိန်းနိုင်တော့၍ မြေပြင်ထက် လွှတ်ကျသွားသည်။ သူက အမြန် ကုန်းပြီး ကောက်လိုက်ကာ အနီးတွင် မည်သူမျှမရှိကြောင်း သေချာရန် လှည့်ပတ်ကြည့်လိုက်ပြီးမှ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာရင်း စိုးရိမ်တကြီး မေးလာသည်


 "ဘယ်လိုဖြစ်သွားတာလဲ...ရွှယ်ယုံ့ အမေက မင်းကို တွေ့ချင်နေတာလား...နောက်ဆုံးပိတ် အသေအကြေတိုက်ပွဲအတွက် အချိန်ရောက်လာပြီပေါ့လေ"


ယွီနျန်က စဥ်းစားရကြပ်နေသော်လည်း မုန့်ယွမ် ပြောချင်သည့် အဓိပ္ပါယ်ကို အလျင်အမြန် သဘောပေါက်သွားသည်။


 "မနေ့ညက ကျွန်တော် ရွှယ်ယုံ့အိမ်ကို သွားခဲ့လို့ ဖြစ်နိုင်တယ်...သူ့အမေက ပြန်ရောက်လာလို့ ကျွန်တော်တို့ ဆုံမိသွားတာ...ဒါကြောင့် သူမက ကျွန်တော့်ကို တွေ့ချင်နေတာ ဖြစ်မယ်"


မုန့်ယွမ်၏ မျက်နှာပုံစံက တစ်ခဏမျှ အေးခဲသွားလေသည်။ 


" သူမက မင်းတို့ကို မိသွားခဲ့တာလား"


မုန့်ယွမ်က အမှန်တကယ် စိတ်ပူနေမှန်း သိ၍ ယွီနျန်က ရှင်းပြပေးလာသည်


 " ဟုတ်တယ်...ကျွန်တော့်ကို မြင်သွားခဲ့တယ် ဒါပေမယ့် ကျွန်တော်က ပြဿနာကြီး တစ်ခုလို့တော့ မထင်မိဘူး"


ယွီနျန်က ငြိမ်နေ၍ မုန့်ယွမ်က စိတ်ပူလာရသည် 


" မင်းက အခြေအနေတိုင်းကို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်တတ်တယ်... ဒီတစ်ကြိမ်ကျမှ ဘာလို့ မင်းက ရောထွေးနေရတာလဲ...ရွှယ်မိသားစုနဲ့ ပတ်သက်ရတာ လွယ်ကူရဲ့လား...ဒီနယ်ပယ်မှာဆို ထိပ်တန်းမင်းသမီးပဲ ဖြစ်ဖြစ် တက်သစ်စ ကြယ်ပွင့်လေးပဲ ဖြစ်ဖြစ် ချမ်းသာတဲ့ မိသားစုနဲ့ လက်ထပ်သွားကြပေမယ့် အဲ့ဒီ လက်ထပ်သွားကြတဲ့သူတွေက အတူနေနိုင်ဖို့ ခဲယဥ်းကြတယ်...ငါက ဥပမာအနေနဲ့ ပြောတာပဲ...အများကြီး စဥ်းစားမသွားနဲ့ဦး" 


မုန့်ယွမ်က လက်ယမ်းပြရင်း ဆက်ပြောလာသည်


 " ပြောရမှာ ရိုင်းပေမယ့် ရွှယ်ယုံ့အမေက သူ့အတွက် သင့်တော်တဲ့ တွဲဖက်ကို ရှာပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် မင်းရဲ့ အလုပ်အကိုင်နဲ့ လိင်အမျိုးအစားက အဟန့်အတား တစ်ခု ဖြစ်လာနိုင်တယ်" 


“အစ်ကိုမုန့်ပြောတာ မှန်ပါတယ်...ဒါပေမယ့် ကျွန်တော်တို့ ဘာမှ ကောက်ချက်မချခင် အရင်ဆုံး တွေ့သင့်တယ် မဟုတ်ဘူးလား"


 ယွီနျန်က စိတ်အေးသွားသလိုပုံစံ ဖြစ်သွားရင်း မုန့်ယွမ်ကိုလည်း နှစ်သိမ့်ပေးလာသည် 


" အစ်ကိုမုန့်...စိတ်မပူပါနဲ့ ပြသနာမရှိလောက်ပါဘူး"


ယွီနျန်၏ အေးအေးဆေးဆေးဖြစ်နေသော အမူအရာကြောင့် မုန့်ယွမ်က စိုးရိမ်မှူတို့ကို လျော့ချလိုက်ရသည်


 " ကောင်းပါပြီ... ဒါပေမယ့် အနည်းဆုံး မင်း ရွှယ်ယုံ့ကို အရင် သတင်းပေးသင့်တယ်...ကိစ္စကြီး မဟုတ်ပေမယ့် သူသဘောကျတဲ့သူကို သူ့အမေက တွေ့ချင်နေတာကို သူလည်း သိထားရမယ်လေ" 


တစ်ခဏမျှ စဥ်းစားပြီးနောက် ယွီနျန်က သဘောတူလာသည်

 " ဟုတ်ကဲ့ပါ"


သူတို့ စကားပြောနေစဥ်အတွင်း မုန့်ယွမ်က ဖုန်းလာ၍ လက်ခံဖြေဆိုလိုက်ရာ ကြားလိုက်ရသည့် သတင်းကြောင့် စိတ်လှုပ်ရှားလွန်း၍ ထိန်းမထားနိုင်တော့ပေ။ သူက ပြောလာသည်


 " နျန်နျန်...မင်းရဲ့ သိုက်ပေါ် ကြောငြာကိစ္စနဲ့ ပတ်သတ်ပြီး သတင်း ရှိတယ်...ကြည့်ရတာ သူတို့က စိတ်ဝင်စားသွားကြတဲ့ပုံပဲ"


ယွီနျန်ကလည်း အံ့အားသင့်သွားရသည် 

" အရင်တုန်းက သတင်းတက်မလာပါဘူး...ကျွန်တော်က မရှိတော့ဘူးလို့တောင် တွေးနေတာ"


"ငါလည်း ပွဲပြီးသွားတော့ ငါ့ရဲ့မျှော်လင့်ချက်တွေကို သိမ်းထားလိုက်ရတာ...ဒါပေမယ့် သိုက်ပေါ်က အကဲဖြတ်နေတဲ့ပုံပဲ ကြည့်ရတာတော့... 'ကျော့ရှင်းသော'ကနေ မင်းရဲ့ ပုံရိပ်နဲ့ ရေပန်းစားမှုကို မြင်ပြီးသွားတော့ သူတို့က မင်းရဲ့ အယ်လ်ဘမ်အသစ် 'နိုးတစ်ဝက် အိပ်မက်'က မင်းကို ဆက်ပြီး ရေပန်းစားနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ချင်တာ ဖြစ်မယ်... အခု 'နိုးတစ်ဝက် အိပ်မက်'ကလည်း ကောင်းကောင်း အလုပ်ဖြစ်သွားပြီး အရင်သီချင်းတွေကိုတောင် ကျော်သွားတယ် ဆိုတော့ သိုက်ပေါ်က မင်းကို ချဥ်းကပ်ဖို့ ဆုံးဖြတ်ခဲ့တာနေမှာ"


မုန့်ယွမ်က ဖုန်းကိုင်ထားရင်း အပျော်မျက်လုံးများနှင့် ပင့်ကြည့်လာသည်


 " ငါက ဟာဆီနဲ့ ကြော်ငြာကို တရားဝင်ထုတ်ပြီးမှ သူတို့ ဆုံးဖြတ်ပေးလာမယ် မှတ်တာ...ဒါပေမယ့် ငါထင်ထားတာထက်တောင် ပိုပြီး စိတ်အားထက်သန်နေကြသေးတယ်"


သိုက်ပေါ် အကြောင်း ပြောနေရင်း နှစ်ယောက်သား ကျန့်ကျောက်ရှီကို ပြန်အမှတ်ရသွားလသည်။ မုန့်ယွမ်က သက်ပြင်းချလိုက်ပြီး စကားဆိုလာသည်။


 " အဲ့ဒီစာကြောင်းကို ဘယ်လို ခေါ်သေးတာပါလိမ့်... 'ရယူလိုတဲ့သူတွေအတွက် မဟုတ်ဘူး'ဆိုတာ..."


ယွီနျန်က ဆက်ပြောလာသည်။


 "နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရအောင် ရည်ရွယ်ချက်နဲ့ လုပ်တဲ့သူတွေအတွက် ကမ္ဘာကြီးက လှည့်ပတ်လှုပ်ရှားနေတယ်...ကိုယ်တစ်ယောက်တည်း ရယူလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့သူတွေအတွက်တော့ ကမ္ဘာကြီးက ပရမ်းပတာ ဖြစ်နေမှာပဲ"


“အဲ့ဒီတစ်ခု ဟုတ်တယ်"

 မုန့်ယွမ်က တည်တည်ငြိမ်ငြိမ် ပြောလာသည် 


" ငါက သူ နာမည်ကြီးလာတာကို တွေ့ခဲ့ရပေမယ့် အဲ့ဒါပြီးတော့ သူ့အကြောင်း ဘာသတင်းမှ မရှိတော့လို့ ဖြစ်မယ်...ဒီနယ်ပယ်ထဲမှာ မင်း ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ အောင်မြင်မှုရခဲ့လို့ပဲ ဖြစ်ဖြစ် ရေခဲလွှာပေါ်မှာ သတိကြီးကြီးထားပြီး လျှောက်ရမယ်... မဟုတ်ရင် အမြင့်ကိုပိုတက်လေလေ ပြုတ်ကျတာ ပိုပြင်းလေလေပဲ... ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်သွားရုံမကပဲ ပြိုလဲပျက်စီးသွားတဲ့အထိ ခံစားရမှာ" 


ယွီနျန်က မုန့်ယွမ်၏ ရည်ရွယ်ချက်ကို နားလည်၍ ပြောလာသည် 

" ကျွန်တော် နားလည်ပါပြီ အစ်ကိုမုန့်...စိတ်မပူပါနဲ့ ကျွန်တော် မှတ်ထားပါ့မယ်"


မုန့်ယွမ်က ယွီနျန့်ပုခုံးကို ပုတ်လိုက်ပြီး ပြောလာသည်

 " မင်းကို သတိပဲ ပေးနေတယ် ဆိုပြီး စိတ်ကွက်မနေနဲ့ဦး"


သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်၍ ရွမ်ယန်မိန်က ယွီလန်ကလပ်တွင် ဆုံရန် ရွေးလိုက်သည်။


 "ယွီချွမ်" ဆိုသည့် သီးသန့်ခန်းထဲ ဝင်သွားလိုက်စဥ် ရွမ်ယန်မိန်က အထဲတွင် စောင့်နှင့်နေလေသည်။


သူမ ဝတ်ထားသည့် ဝတ်စုံက ယခင်နေ့ညနှင့် မတူတော့ပေ။ ယနေ့တွင် သူမက ပုလဲဖြူရောင် အနောက်တိုင်းဝတ်စုံကို ပုံစံကျကျ ဝတ်ဆင်ထားပြီး ပတ္တမြား နားဆွဲ ဘယက်နှင့် လက်ကောက် တစ်ဆင်စာကို တွဲဖက် ဝတ်ဆင်ထားကာ နူးညံ့ပြီး ကျက်သရေရှိသည့် ပုံစံပေါ်သည်။ 


ယွီနျန်က ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်


 " မင်္ဂလာပါ တွေ့ရတာ ဝမ်းသာပျော်ရွှင်မိပါတယ်" 


ရွမ်ယန်မိန်က လက်ဟန်အမူအရာ ပြလာ၍ ယွီနျန်က သူမနှင့် မျက်စောင်းထိုးလောက်တွင် ဝင်ထိုင်လိုက်သည်။


“ဒီနေရာက တာဝန်ရှိသူက မင်းက လက်ဖက်ရည်နဲ့ အချိုမုန့်တွေ စားရတာ ပိုကြိုက်တာကို မှတ်မိနေတာလေ...မင်းကို အဲ့ဒီအတိုင်း ပြင်ဆင်ပေးဖို့ သူတို့ကို မှာထားလိုက်တယ်...မင်း သဘောကျမယ်လို့ မျှော်လင့်မိပါတယ်"


"ကျေးဇူးပါ"


တရုတ်လက်ဖက်ရည်ခွက်ထဲရှိ အနီရောင်လက်ဖက်ရည်ကို ဇွန်းသေးလေးနှင့် မွှေနေရင်း ရွမ်ယန်မိန်က တစ်ခဏကြာ တိတ်ဆိတ်နေ၍ ယွီနျန်လည်း တိတ်ဆိတ်နေမိသည်။


မွှေနေသည်ကို ရပ်ပြီး ဇွန်းကို ကြွေပန်းကန်ပြားပေါ် တင်လိုက်ပြီးမှ ရွမ်ယန်မိန်က မော့ကြည်လာရင်း နူးနူးညံ့ညံ့လေသံလေးနှင့် စကားစဆိုလာသည်။


 " မင်းရဲ့ လက်ရာအသစ်ကိုလည်း နားထောင်ကြည့်ပြီးပြီ...အရမ်း ကောင်းတာပဲ...အန်တီက ပေါ့ပ်သီချင်းတွေ သိပ်မကြိုက်တတ်ပေမယ့် ဒီသီချင်းကိုတော့ အကြိမ်ကြိမ် ပြန်နားထောင်ကြည့်မိတယ်" 


ယွီနျန်က ဂရုတစိုက် ပြန်ဖြေလာသည်။


 " ချီးကျူးပေးတဲ့အတွက် ဝမ်းသာမိပါတယ်"


ဆံနွယ်စုများကို နားရွက်နောက် သပ်တင်လိုက်ရင်း ရွမ်ယန်မိန်၏ အကြည့်က ယွီနျန့်မျက်နှာတွင်သာ ရောက်နေပြီး ရုတ်တရက် ခေါင်းစဥ်ပြောင်းမေးလာသည်။


 " ရွှယ်ယုံနဲ့ အတူရှိနေရတာ ခက်ခဲမှာပဲနော် ဟုတ်တယ်မို့လား"


ယွီနျန်က ရွမ်ယန်မိန်က ရုတ်တရက် ဤမေးခွန်းမေးလာရသည့် အကြောင်းရင်းကို နားမလည်မိ၍ အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ခဏမျှ စဥ်းစားပြီးနောက် သူက ရိုးရိုးသားသား ဖြေရန် ဆုံးဖြတ်လိုက်သည်


 " ခက်ခဲတာ မခက်ခဲတာတွေက အများကြီး မရှိပါဘူး...ဒါပေမယ့် တွဲနေကြတဲ့ သူနှစ်ယောက်ဆိုတာ သဘောထား ကွဲလွဲတာမျိုး ကိစ္စတစ်ခုခု ရှိနေတာမျိုးတွေကို ရှာကြည့်ဖို့ လိုအပ်ပြီး လိုက်ပြီး ညှိယူပေးရတယ်...ကိုယ် ဆက်နွယ်ချင်တဲ့သူ အတူတူရှိချင်တဲ့သူ တစ်ယောက်နဲ့တစ်ယောက် လိုက်လျောညီထွေ ဖြစ်အောင် ညှိနှိုင်းပေးတတ်တဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံရတာဟာ အရမ်း ကံကောင်းတဲ့ အရာတစ်ခုပါပဲ"


“အမှန်ပဲ" 


ရွမ်ယန်မိန်က နူးညံ့သွားသည့်ပုံ ပေါ်လာပြီး စူးရှနေသည့် သူမပုံစံကလည်း ပျောက်ကွယ်သွားရသည်။ သူမ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေ၍ စိုးရိမ်စရာ အချို့ ရှိနေသည့် ပုံပင်။ သူမက ပြုံးလိုက်ပြီး ပြောလာသည်။


 " တကယ်တော့ ရွှယ်ယုံ့မှာ သဘောကျနေရတဲ့သူ ရှိနေတယ် ဆိုတာ အန်တီက ဟိုးအရင်ကတည်းက သိခဲ့ပါတယ်... လောလောလတ်လတ် သတင်းတော့ မဟုတ်ဘူး... သူက တစ်ယောက်ယောက်ကို သဘောကျနေတာပဲ ဖြစ်ဖြစ် ဆက်ဆံရေးတစ်ခု ရှိနေတာပဲ ဖြစ်ဖြစ် အဲ့ဒီစိတ်ကို ဖုံးကွယ်ထားလို့မှ မရနိုင်တာ... သူ အိမ်ပြန်လာတဲ့အချိန် ညလုံးပေါက် နေပြီး အသိစိတ်လွတ်နေခဲ့တဲ့ အချိန်တစ်ခုတောင် ရှိခဲ့ဖူးတယ်... မင်းတို့နှစ်ယောက်မှာ သဘောထား ကွဲလွဲတာမျိုးတွေ ရှိပြီ ဆိုတာ အန်တီလည်း မှန်းဆမိတယ်"


ယွီနျန်က ဂရုတစိုက် နားထောင်နေသည်။


ရွမ်ယန်မိန်က သူမ၏ စကားလုံးများ၏ ချိန်ဆနေရဟန် ရှိသည် ။


" တကယ်တော့လေ ရွှယ်ယုံက ...အရမ်း ရှက်တတ်ပြီးတော့ လူကြောက်တတ်တယ်" 


သူမက အမြန် ထပ်ပြောလာသည်။

 " သူ့မျက်နှာမှာ ပေါ်နေတဲ့ပုံစံနဲ့ မတူဘူးဆိုတာ အန်တီ သိပါတယ်... ဒါပေမယ့် မင်းလည်း သတိထားမိမှာပဲ ဟုတ်တယ်မို့လား"


ယွီနျန်က ခေါင်းညိမ့်ပြလာသည် "ဟုတ်ကဲ့"


ရွှယ်ယုံ၏ ကလေးဘဝကို ပြန်လည်အမှတ်ရသွား၍ ရွမ်ယန်မိန်က ထပ်ပြီး ပြုံးလိုက်သည်။


 " သူက တကယ် ချစ်စရာကောင်းတာ...အရင်တုန်းက သူက အရမ်း လူကြောက်တတ်တာ...ရှောင်းရန်နဲ့မှ သူငယ်ချင်းနည်းနည်းလေးပဲ ရှိတာရယ်... အန်တီက စိုးရိမ်နေခဲ့ပေမယ့် သူ ပြောခဲ့တာက ခြံဝန်းထဲက ငှက်ကလေးတွေနဲ့ သစ်ပင်တွေက သူ့ရဲ့ သူငယ်ချင်းကောင်းတွေပဲတဲ့... ပြီးတော့ သူက သူတို့အတွက် စန္ဒယားတီးပြရတာကို သဘောကျတယ်လေ"


ယွီနျန်က ရွှယ်ယုံပေါက်စလေးကို ပုံဖော်ကြည့်လိုက်ရင်း ပြောလာသည်။


 " ချစ်စရာကောင်းမှာပဲ"


"ဟုတ်တယ်...သူက အရမ်း ချစ်စရာကောင်းတာ... အဲ့ဒီအချိန်တုန်းက သူ့အဖေနဲ့ အစ်ကိုကလည်း အလုပ်ရှုပ်နေကြတာ သူလည်း နေ့တိုင်း စန္ဒယားသင်ခန်းစာတွေ အပြည့်နဲ့ ဆိုတော့ အားလပ်ချိန် သိပ်မရှိခဲ့ဘူး...ဘယ်လိုပဲနေနေ ညနေတိုင်း သူက ဥယျာဥ်ထဲကနေ ပန်းတစ်ပွင့် တိတ်တိတ်လေးကောက်ပြီး အန်တီရဲ့ အိပ်ခန်းထဲမှာ လာထားတတ်တယ်... အန်တီက နောက်ဆုံး သိသွားတော့ သူက အချိန်တော်တော်ကြာတဲ့အထိ ရှက်သွားခဲ့တာ"


ရွမ်ယန်မိန်က အကြောင်းအရာ အချို့ကို ကျော်လိုက်ပြီး ဆက်ပြောလာသည် ။


" ဒါပေမယ့် နောက်ပိုင်းမှာ သူက အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတော့ သူ အရမ်းကို ဖြောင့်မတ်ပြီးတော့ သူ့ကိုယ်သူ အပင်ပန်းခံလွန်းမှာ စိုးရိမ်မိတယ်... ဒါပေမယ့်လည်း အန်တီက အမျိုးသားနဲ့ သားအကြီးဆုံးကို ဆုံးရှူံးခဲ့ရလို့ သားအငယ်ဆုံးကိုလည်း အဆုံးရှုံးမခံနိုင်တော့သလိုမျိုး သူကလည်း အန်တီ့ကို ကာကွယ်ပေးထားခဲ့တယ်ဆိုတာ မသိခဲ့ရဘူး... သူလည်း အတူတူ ခံစားခဲ့ရတယ်...ဒါကြောင့်မို့ သူ့ပုခုံးပေါ်က တာဝန် ဘယ်လောက်ပဲ လေးလံနေပါစေ ဘယ်လောက်ပဲ အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်နေပါစေ သူက ဘယ်တော့မှ မညည်းညူဖူးသလို သူ့ပြဿနာတွေကို ခွဲဝေပေးမလာဘူး... သူက အမြဲတမ်း အရာရာတိုင်းကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာ" 


အသက်ဖွဖွရှူလိုက်ရင်း ရွမ်ယန်မိန်က ယွီနျန့်ကို ကြည်လိုက်ပြီး ပြောလာသည်


 " ဒါကြောင့် မနေ့ညက သူ ခေါင်းကိုက်နေတာ သိလို့ အမြန်ပြန်လာတဲ့အချိန်မှာ သူ မင်းရဲ့ဘေးမှာ အေးအေးချမ်းချမ်း အိပ်ပျော်နေတာကို မြင်လိုက်ရလို့ အရမ်း စိတ်အေးသွားရတယ်" 


သူမက နောက်ဆုံးစကားနှစ်ခွန်း ပြောနေရင်း ဒေါသရိပ်တို့ အနည်းငယ် ပါလာသည်။ သူမက ထပ်ပြုံးလိုက်ရင်း ပြောလာသည် 


" အန်တီ စိတ်မထိန်းနိုင်ဖြစ်သွားလို့ တောင်းပန်ပါတယ်"


ယွီနျန်က အသာအယာ ခေါင်းခါပြလာသည် ။


" ရပါတယ်ဗျ"


ရွမ်ယန်မိန်က ခေါင်းညိမ့်လိုက်ပြီး ဆက်ပြောလာသည်။


 " ဒီနှစ်နှစ်အတွင်းမှာ သူ့ကို ပိုပြီး ပေါ့ပေါ့ပါးပါး ခံစားသွားစေနိုင်မယ့် အရာတွေကို အန်တီ လုပ်ကြည့်ပြီးပြီ...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ တာဝန်တွေကို စိတ်ပိုင်းဆိုင်ရာအရဆို အန်တီလည်း ခွဲဝေပေးလို့မရဘူးလေ...ကံကောင်းလို့ မင်း ရှိနေလို့..."


ထိုအချိန် သီးသန့်ခန်းလေး၏ တံခါးတွင် အလျင်စလို တံခါးခေါက်သံများ ထွက်လာပြီး နောက်တစ်စက္ကန့်တွင် ရွှယ်ယုံက လမ်းလျှောက်ဝင်လာသည်။


ယွီနျန်က တွေ့ပြီးမှသာ ရွှယ်ယုံ့ကို ပြောပြတော့မည်ဟု စီစဥ်ထား၍ အံ့အားသင့်သွားရသည်။ သို့သော်လည်း ရွမ်ယန်မိန်က အံ့သြမသွားချေ။


 "ဒီနေရာကို မင်းနဲ့အတူ လာလို့ ဒီနေရာရဲ့ တာဝန်ရှိသူက သူ့ကို သတင်းပို့လိုက်တာပဲ ဖြစ်မယ်" 


ရွှယ်ယုံက အစည်းအဝေးကနေ အပြေးအလွှား လာခဲ့ရ၍ အခန်းထဲ ဝင်လိုက်စဥ် ရွမ်ယန်မိန်နှင့် ယွီနျန်က မျက်နှာချင်းဆိုင်ထိုင်နေသည်ကို တွေ့လိုက်ရ၍ မည်သို့ပြောရမလဲ မသိဖြစ်သွားလေသည်။


ရွမ်ယန်မိန်က အရင်ဆုံး ပြောလာသည်။


 " အစည်းအဝေးက ထွက်ပြေးလာခဲ့တာလား"


ရွှယ်ယုံက ခေါင်းညိမ့်ပြလာသည်။


သူက အခန်းထဲ ဝင်လာလာချင်း စိတ်မငြိမ်နိုင်ပဲ ရွမ်ယန်မိန်နှင့် ယွီနျန့်မျက်နှာကို အကဲခတ်နေ၍ ရွမ်ယန်မိန်က လက်ကိုင်အိတ်ကို ကိုင်လိုက်ပြီး မတ်တပ်ရပ်လိုက်ရင်း ပြောလာသည်။


 " ရှောင်းရန်အမေနဲ့ ပြဇာတ် တစ်ခုကြည့်ဖို့ ချိန်းထားတာ အချိန်ကျပြီပဲ...အရင်ဆုံး သွားနှင့်တော့မယ်"


ယွီနျန်ကလည်း အမြန် ထရပ်လိုက်သည်။


 " ဂရုစိုက်သွားပါ"


ရွမ်ယန်မိန်က ပြုံးပြလာသည်။


 " အန်တီနဲ့ အကြာကြီး စကားပြောပေးလို့ ကျေးဇူးပါကွယ်"


အခန်းထဲတွင် ယွီနျန်နှင့် ရွှယ်ယုံပဲ ကျန်တော့သည့်အချိန် ရွှယ်ယုံက ယွီနျန့်ထံ ခြေနှစ်လှမ်း လှမ်းလာရင်း ပွေ့ဖက်လာပြီး စိုးရိမ်တကြီး ပြောလာသည်။


 " နျန်နျန် ကျေးဇူးပြုပြီး ကိုယ့်ကို ထားမသွားပါနဲ့"


ယွီနျန်က သူ့ကို ပြန်လည် ပွေ့ဖက်လိုက်ပြီးနောက် သဘောကျရယ်မောလိုက်သည် ။


" ခင်ဗျားကို ထားမသွားပါဘူး"


"တကယ်လား"


"သေချာပေါက် အမှန်ပဲပေါ့"


“ဒါဖြင့် ချက်လက်မှတ်ရော...မင်း ယူဖို့ ငြင်းလိုက်တယ်မို့လား" 


ယွီနျန်က နားမလည်သည့် ပုံစံနှင့် မေးလာသည်။


 "ဘာ ချက်လက်မှတ်လဲ"


ရွှယ်ယုံက စိတ်လှုပ်ရှားစွာ ပြောလာသည်။


 " ကိုယ့်ကို ထားသွားဖို့အတွက် ကိုယ့်အမေက မင်းကို ပေးခဲ့တဲ့ ၅၀မီလီယံယွမ် ချက်လက်မှတ်လေ"


ရွှယ်ယုံ့အတွေးတို့ကို ဆက်စပ်ကြည့်ရင်း အချိန်တစ်ခုကြာမှ သူက ရယ်မောလိုက်ပြီး ရွှယ်ယုံ့နှုတ်ခမ်းကို ဖြတ်ခနဲ နမ်းလိုက်သည်။ 


" ခင်ဗျား ဘာလို့ အရမ်း ချစ်ဖို့ကောင်းနေရတာလဲ" သူက ရှင်းပြပေးလိုက်သည်။


 " ကျွန်တော် ခင်ဗျား အမေနဲ့ စကားလေးနည်းနည်းပြောရသေးတယ် ခင်ဗျား ရောက်လာတော့တာပဲလေ...သူက ခင်ဗျားကို ထားသွားဖို့ မပြောခဲ့သလို ချက်လက်မှတ်လည်း မပေးခဲ့ပါဘူး"    


ယွီနျန်က ထပ်မေးလိုက်သည် " ခင်ဗျားအမေက ကျွန်တော့်ကို ချက်လက်မှတ်ပေးတယ် လမ်းခွဲပေးဖို့ ပြောခဲ့တယ် ဆိုတာ ဘယ်ကနေ မြင်ခဲ့ကြားခဲ့လို့လဲ"


“အဲ့ဒါတင်မကဘူး မင်းက ကိုယ့်အမေပေးတဲ့ ချက်လက်မှတ်ကို ဝမ်းပန်းတသာ ယူပြီး 'ကျေးဇူးပါ စိတ်မပူပါနဲ့ ကျွန်တော် သူ့ကို ချက်ချင်း ထားသွားမှာပါ'လို့ ပျော်ပျော်ကြီး ပြောဦးမှာလေ"


ရွှယ်ယုံ ဖတ်ဖူးသည့် fan fictionဇာတ်လမ်းများတွင် သူ့အမေက ယွီနျန့်ကို ငွေပစ်ပေါက်ပြီး သူ့ကို ထားသွားခိုင်းသည့် ဇာတ်ဝင်ခန်းမျိုး ပါလေသည်။ သို့သော်လည်း လက်တွေ့က ကွာခြားနေမှန်း သိသာလှ၍ သူ၏ စိုးရိမ်မှုတို့ပြေပျောက်ရန် အကောင်းဆုံး လုပ်ပေးခဲ့သည်။


သို့သော် သူက သတင်းကြားသောအခါ အလွန် စိုးရိမ်သွားခဲ့ရဆဲပင်။


သူက အကြည့်လွဲလိုက်ရင်း ရှက်ဝဲဝဲ ပြောလာသည် "ကိုယ် ကိုးကားပြီးရေးထားတဲ့စာတွေမှာ တွေ့ဖူးတာပါ"  


“ကိုးကားပြီးရေးထားတဲ့စာ..." ယွီနျန်က သိချင်လာ၍ အသေးစိတ်ကျကျ မေးလာတော့သည် " ဘယ်လိုမျိူးလဲ"


ရွှယ်ယုံက တစ်ခဏကြာ တွန့်ဆုတ်နေရာမှ နောက်ဆုံးတွင် ဝန်ခံလာသည်


 " ယုံယွီCPဆောင်းပါး"