အပိုင်း ၁၃၄
Viewers 16k

Chapter 134

 မင်းကဘာလို့ မလုပ်ရဲရမှာလဲ




ယွီနျန်မှာ ယုံယွီ CPနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ရှစ်ရော့ တစ်ခါက အတိုချုံ့ ရှင်းပြပေးဖူးပြီး "ယုံယွီမလေးတွေက စိတ်ကူးယဥ်မှုအပေါ်မှာပဲ အားထားတယ်... ဘယ်တော့မှ အရှုံးမပေးဘူး" ဟူသော ဆောင်ပုဒ်ကိုပါ အမှတ်ရနေဆဲ ဖြစ်သည်။ သို့သော်ငြား ရွှယ်ယုံ၏ နှုတ်မှ ထိုအသုံးစကားကို ကြားလိုက်ရပြီး CP ဆောင်းပါးများပါ အကိုးအကားများအဖြစ် အသုံးချခံလိုက်ရမည်ဟု ထင်မှတ်မထားခဲ့ပေ။ 


ယွီနျန်မှာ ရယ်ချင်စိတ်ကို ဖိနှိပ်ထားရင်း ကိုယ့်ကိုကိုယ် ထိန်းကာဖြင့် ရွှယ်ယုံကို မေးလိုက်သည်။


 "ကျွန်တော်လည်း ဖတ်ချင်တယ်လေ... ရမလား"


"မရဘူး"


 ရွှယ်ယုံမှာ ခပ်မြန်မြန် ပြန်ဖြေလိုက်ပြီးမှ သူ့တုံ့ပြန်မှုက အတော်လေး အလွန်အကျွံ ဖြစ်နေကြောင်း သတိပြုမိသွားသည်။ သူအလောတကြီး ရှင်းပြလိုက်ရ၏။


 "အဲ့ဒီဇာတ်လမ်းတွေမှာ အရမ်းပွင့်လင်းတဲ့ အကြောင်းတွေပါ ပါတယ်... မင်း သေချာပေါက် မဖတ်သင့်ဘူး" ပြောနေရင်းမှာပင် ရွှယ်ယုံ၏ နားရွက်များ နီရဲလာပြန်လေသည်။ 


ယွီနျန်က ညစ်ကျယ်ကျယ် စိတ်ကူးတို့ဖြင့် အပေါ်နှုတ်ခမ်းကို သပ်၍ မေးလိုက်သည်။


 "ဘယ်လိုမျိုး ပွင့်လင်းတဲ့ အကြောင်းအရာတွေ ပါလို့လဲ... ဥပမာတစ်ခုလောက် ပေးကြည့်လေ"


ရွှယ်ယုံ၏ အကြည့်များ အောက်သို့ ဆင်းလာကာ ယွီနျန်၏ စိုစွတ်နေသော နှုတ်ခမ်းလေးများအပေါ် ရပ်တန့်သွားလေသည်။ သူ့အကြည့်များက ပို၍ ပြင်းပြလာခဲ့ပြီး အသိပေးခြင်းအလျင်းမရှိဘဲ ယွီနျန်ကို ကုန်းနမ်းလိုက်သည်။ သူတို့၏ နှုတ်ခမ်းနှင့် သွားများ ယှက်နွယ်သွားလေပြီး သူ့လက်က ယွီနျန်၏ အဝတ်များအကြား တိုးဝင်သွားကာ ခါးထက်မှ အရေပြားပေါ်တွင် ရပ်တန့်သွားပြီးနောက် ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ ယွီနျန်မှာ ထိလွယ်ရှလွယ်သူ ဖြစ်ရလေကာ ရွှယ်ယုံထံမှ အထိအတွေ့တစ်ခုဖြင့်ပင် အသက်ရှူသံများ ပြင်းထန်လာပြီး မျက်လုံးထောင့်မှ မျက်ရည်ခံမှဲ့လေးသည်ပင် ပုံမှန်ထက်ပို၍ အရောင့်ရင့်လာသလိုပါပင်။ 


အနမ်းများကို ခွဲခွာစေရင်း ရွှယ်ယုံ၏ မျက်လုံးများက စူးရှပြင်းထန်လာသည်။ ခြောက်ကပ်ကပ်အသံဖြင့် သူပြောလိုက်သည်။


 "ဒီလိုအကြောင်းအရာမျိုးတွေလေ"


ယွီနျန်က ရွှယ်ယုံ၏ အဝတ်အစားများကို တင်းတင်းဆုပ်ထားရင်း မေးလိုက်သည်။


 "ထပ်ရှိသေးလား"


ရွှယ်ယုံ၏ အကြည့်များက ယွီနျန်၏ နှုတ်ခမ်းထောင့်မှ သွားရည်စများပေါ်တွင် တဖျတ်ဖျတ် ခါနေခဲ့ပြီး သူလုပ်ခဲ့မိသည့်အရာကို ယခုမှပင် သဘောပေါက်မိသည့်အလား ရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲလိုက်သည်။


 "အခုလောလောဆယ်တော့ မရှိသေးဘူး"


“အခုလောလောဆယ်လား... ဒါဆို နောက်ကျရင် တစ်ခုခု ရှိလာမယ့်သဘောပေါ့" 


ယွီနျန်က ရွှယ်ယုံ၏ ပုခုံးပေါ် မှီတွယ်ရင်း နူးနူးညံ့ညံ့ ရယ်မောလိုက်သည်။


*****


ယွီလန်မှ ထွက်လာသောအခါ ယွီနျန်က ညနေပိုင်းအစမ်းလေ့ကျင့်မှုကို အချိန်မီ အပြေးသွားလိုက်ရသည်။ မုန့်ယွမ် သူ့ကို တွေ့သောအခါ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် မေးလာသည်။


 "ဘယ်လို ဖြစ်သွားလဲ... ချောချောမွေ့မွေ့ပဲလား"


ယွီနျန်က အဝတ်လဲနေရင်း ပြန်ဖြေလိုက်သည်။ 


"ချောချောမွေ့မွေ့ပဲ... ကြည့်ရတာ ရွှယ်ယုံရဲ့ အမေက ကျွန်တော်တို့ တွဲနေတာကို ကန့်ကွက်မဲ့ သဘောမရှိဘူး..."


“တကယ်လား”

 မုန့်ယွမ်က အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ယွီနျန် မရှိခိုက် သူ ဇာတ်ကွက် အမြောက်အများ စိတ်ကူးယဥ်ထားပြီးသားဖြစ်ကာ ယွီနျန်အား မည်သို့ နှစ်သိမ့်ပေးရမည်ကိုပါ တွေးထားပြီးသား ဖြစ်သည်။


သူမ ကန့်ကွက်ခြင်း မရှိ ဟူသည်က လက္ခဏာကောင်းတစ်ရပ် ဖြစ်သော်လည်း မုန့်ယွမ်မှာ စိတ်မတင်မကျ ဖြစ်နေဆဲပါပင်။ 


"နျန်နျန်... မင်း နည်းနည်းလောက် ထပ်စောင့်ကြည့်သင့်တယ်နော်... မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ရှိလာနိုင်တယ်... သတိထားတာ အကောင်းဆုံးပဲ"


ယွီနျန် ခေါင်းငြိမ့်ပြ၍ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးပါ... အစ်ကိုမုန့်"


"ကျေးဇူးတင်စရာ မလိုပါဘူးကွာ"

 မုန့်ယွမ် သူ့ကို သတိပေးလိုက်သည်။


 "သြော်... စကားမစပ်... မင်း နောက်ပိုင်းကျရင် ချောင်ယန် ရုပ်သံလွှင့်ဌာနရဲ့ အနှစ်နှစ်ဆယ်ပြည့်ပွဲအတွက် ဂုဏ်ပြုတဲ့ ဗီဒီယိုလေးတစ်ခု ရိုက်ပေးရမယ်... သူတို့မင်းကို ပေးလာမဲ့ စာသားတွေကို ဖတ်ထား... သဘက်ခါကျရင် အခြား အနုပညာရှင်တွေရဲ့ ဗီဒီယိုတွေနဲ့ အတူ တည်းဖြတ်ပြီး လွှင့်မှာ" 


"ကောင်းပါပြီ" ယွီနျန် ပြန်စဥ်းစားလိုက်သည်။ "သဘက်ခါကျရင် 'သီချင်းဆိုပါရစေ'လည်း လွှင့်မှာနော်"


ယွီနျန် ဆိုလိုချင်သည်ကို သိနေသည့် မုန့်ယွမ်က သူ့ကို နှစ်သိမ့်ပေးလိုက်ပါသော်လည်း အသံအနေအထားက သိပ်မကောင်းပေ။ 


"စိတ်မပူနဲ့... ကျောက်ရှုယာ သူ့နေရာသူ ငြိမ်ငြိမ်မနေဘဲ မင်းရဲ့ အောင်မြင်မှုကို လိုက်စီးချင်နေတုန်းပဲဆိုရင် ငါ့နာမည် မုန့်ယွမ် မဟုတ်တော့ဘူး" 


23ရက်နေ့တွင် "သီချင်းဆိုပါရစေ" ပြီးဆုံးသွားသည်နှင့် အွန်လိုင်းပေါ်တွင် "တိုက်ပွဲကြီး" တစ်ခု ဖြစ်ပေါ်လာခဲ့သည်။


ပထမဆုံး စကားစလာသူမှာ ကျောက်ရှုယာ၏ ဖန်အကြီးစားများထဲမှ တစ်ယောက်ဖြစ်ပြီး ယွီနျန်၏ ပရော်ဖက်ရှင်နယ်ဆန်မှုကို ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်လာကာ သူ၏ မမျှမတ အမှတ်ပေးမှုအတွက် လူသိရှင်ကြား တောင်းပန်ရန် တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။ ထိုဖန်က ကျောက်ရှုယာသာ ပြိုင်ပွဲမှ အထုတ်ခံလိုက်ရပါက သူ့ဖန်များအားလုံးက "သီချင်းဆိုပါရစေ"ကို လုံးလုံးလျားလျား "သပိတ်မှောက်" ကြမည်ဟု ချိန်းခြောက်လာသည်။ 


ထိုဝေ့ပေါ်ပိုစ့်က ကျောက်ရှုယာ၏ ဖန်အရေအတွက်များစွာထံမှ အလျင်အမြန် မျှဝေခံလိုက်ရပြီးနောက် သုံးနှုန်းသောစကားများမှာလည်း အတော်လေး ရန်မူလွန်းနေကြပေသည်။ 


သို့သော် ယွီနျန်၏ ဖန်များကလည်း သူတို့ရှိနေသေးကြောင်း ပြလာကြသည်။


[နျန်ကော်မလေး အော်ရယ်မိသွားပြီ... ဘယ်လောက်တောင် အဓိပ္ပါယ်မရှိကြတဲ့ဖန်တွေလဲလို့... ပထမဆုံး ယွီနျန်ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုက သံသယတွေရဲ့ အလွန်မှာနော်... နင်တို့ သံသယရှိနေသေးရင် နင်တို့ရဲ့ ကျောက်ရှုယာကို အရင်ဆုံး ရွှေတေးသွားဆု ခြောက်ခုလောက် ယူခိုင်းလိုက်ဦး..


ဒုတိယတစ်ချက်... ယွီနျန်ရဲ့ အမှတ်ပေးမှုက မမျှတတာမျိုး မရှိဘူး... ဒါကြောင့်မို့ လူသိရှင်ကြား တောင်းပန်ဖို့ တောင်းဆိုတာက ဟာသတွေပဲနော်... နင့်မိသားစုမှာ အသိဥာဏ်နည်းနည်းလောက် ရှိလိုက်စမ်းပါ... အံ့သြစရာပဲ... သီချင်းကောင်းကောင်းမဆိုနိုင်လို့ အထုတ်ခံရရင် မမျှမတ ခံလိုက်ရတယ်လို့ တွေးမနေဘဲ ငါးမှတ်လေးပဲ ပေးခံရတာကို အထွန့်တက်လာမနေနဲ့...


တတိယအချက် နင်တို့ဖန်တွေ သပိတ်မှောက်ချင်လည်း မှောက်ကြ... ရိုးရိုးသားသား ပြောရရင် ငါတို့ကလည်း ဒီလို ကြည့်ရှုသူ နည်းနည်းလောက်ကတော့ ပြတ်လပ်မနေဘူးနော်]


[ကျောက်ရှုယာ 'တောင်တန်းပေါ်က နှင်းစက်'ဆိုတာကို ကြားပြီးတော့ ဒီနျန်ကော်မလေး ပြောနိုင်တာတစ်ခုက ကျေးဇူးပြုပြီး သူ ဒီသီချင်းကို ဖျက်ဆီးနေတာကို နားထောင်နေရတာကနေ ကယ်တင်ပေးနိူင်မလား... ငါလေ နားထောင်ပြီး အရမ်းလန့်သွားလို့ ငါ့နားလေးတွေ သန့်ရှင်းဖို့ မူရင်းသီချင်းကို ပြေးနားထောင်လိုက်ရသေးတယ်... ငါတို့ကတော့လေ နင်တို့ရဲ့ စန္ဒယားမင်းသားလေးနဲ့ ယှဥ်လို့တောင် မရဘူးနော်... တကယ်ပါပဲ]


[ယွီနျန် ငါးမှတ် ပေးတာကလွဲရင် တခြားဟာတွေ မတွေ့ကြဘူးထင်တယ်နော်... ကျန်တဲ့ ဒိုင်သုံးယောက်ကလည်း သူ့ကို ငါးမှတ်ပဲ မပေးကြလို့လား... နင် သီချင်းမဆိုတတ်လို့ အထုတ်ခံရင် သူများတွေအပေါ် အပြစ်ပုံချမနေနဲ့လေ... သူ့လိုလူသာ ထိပ်ဆုံးလေးနေရာကို ရောက်သွားရင် ပြိုင်ပွဲက ကြိုဆုံးဖြတ်ထားပြီးသား ဖြစ်သွားမှာပေါ့]


[မိုက်မဖွင့်ခင်ကတည်းက နင်တို့ရဲ့ ကျောက်ရှုယာက တစ်နေ့သုံးကြိမ်လောက် ယွီနျန်ရဲ့ အောင်မြင်မှုကို လိုက်စီးနေရတာ ရပ်လို့ရမလား... သူက မိုးထိအောင် ချီးကျူးခံလိုက်ရရင်တောင် ယွီနျန်နဲ့ အဆင့်အတူတူ မဟုတ်သေးဘူး... ကျောက်ရှုယာကို ကြည့်နေရုံနဲ့ သောကပွားရတယ်.. သူ့ကိုသူ ဒုတိယယွီနျန်လို့ တကယ်ပဲ ထင်နေတာလား] 


ပရိုဂရမ်အဖွဲ့က မြေပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်နေပြီး ထုတ်လွှင့်ရာ၌ ရိုက်ကူးမှုအပြီး အလွန်အကျွံ တည်းဖြတ်မှုများ အသုံးပြုမလာခဲ့ပေ။ ဆိုးဝါးသော သီဆိုမှုက သက်သေခိုင်လုံနေပြီးသား ဖြစ်ပြီး ငြင်းဆို၍မရနိူင်ခဲ့။ သိပ်မကြာခင် ကျောက်ရှုယာ၏ ဖန်များက ရပ်တည်ချက်ကို မထိန်းသိမ်းနိုင်တော့ဘဲ သူ့အတွက် ခုခံပေးနေမှုများကို ရပ်လိုက်ကြသည်။ ရေတပ်ကလည်း တပ်ဆုတ်သွားခဲ့လေပြီ။


မုန့်ယွမ်က အခြေအနေများကို အနီးကပ် စနည်းနာနေပြီး အံ့သြတကြီး ပြောလိုက်သည်။


 "တကယ် အမြင်ပွင့်စရာပဲ... တစ်ကြိမ်တစ်ခါလောက် ချီးကျူးခံရ မြှောက်စားခံရတာနဲ့ သူတို့ကိုယ်သူတို့ သာမန်ထက်ထူးကဲတယ် ပြိုင်ဘက်မရှိ ဖြစ်နေတယ်လို့ တွေးလာကြတဲ့သူတွေလည်း ရှိနေသေးတာပဲနော်... မြှောက်ကားကြီး ဖြစ်လာတော့ ကိုယ့်ရဲ့ တကယ့် စွမ်းဆောင်ရည်ကိုပါ မမြင်နိုင်ရှာတော့ဘူး"


ရှစ်ရော့ကလည်း ဝင်ပြောလာသည်။ 

"တစ်ခုတည်းသော စုတ်တံချောင်းပေါ့"


မုန့်ယွမ် ရယ်လိုက်ပြီး သူမကို ပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။


 "မင်းက တုန့်ပြန်ချက်မြန်လိုက်တာ... တကယ်ပဲ"


"ဒါပေါ့... အစ်ကိုမုန့်နဲ့သာဆို တုန့်ပြန်ချက်နှေးနေလို့ ဘယ်ဖြစ်မလဲ" ရှစ်ရော့ ပြောလိုက်ပြီနောက် မေးလေသည်။ 


"သိုက်ပေါ်ဘက်က ဘယ်လိုခေါင်းစဥ်နဲ့ ကမ်းလှမ်းလာတာလဲ"


ယွီနျန်ကလည်း မုန့်ယွမ်ကို ကြည့်လိုက်သည်။ 


“Brand ambassadorလေ... ဒါပေမယ့် သိုက်ပေါ်မှာ ပုံမှန်အားဖြင့် သံတမန် သုံးယောက် ရှိတတ်တယ်... အခုလောလောဆယ် အာဖရိကနွယ်ဖွား နိုင်ငံတကာ စူပါမော်ဒယ်တစ်ယောက်၊ လူဖြူ သရုပ်ဆောင်မင်းသားတစ်ယောက် ရှိတယ်... နျန်နျန်က အဆိုတော်နေရာမှာ ဖြည့်မယ်... ပြီးရင် ပရိုမိုးရှင်းက အာရှပစိဖိတ်ဒေသကို ဦးတည်ထားတယ်"


 မုန့်ယွမ် ရှင်းပြလိုက်သည်။ 


"နှစ်ဖက်လုံးက ရှေ့နေတွေက စာချုပ်ကို သုံးသပ်ပြီးကြပြီ... သိုက်ပေါ်ရဲ့ ကမ်းလှမ်းချက်နဲ့ အကျိုးကျေးဇူးတွေက အတော်လေးကောင်းတယ်... အချိန်ကျရင် တန်းပြီး လက်မှတ်ထိုးလိုက်လို့ရပြီ"


ယွီနျန် ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။

 "ကောင်းပါပြီ"


မုန့်ယွမ် တီးတိုး ရယ်လိုက်ပြီးမှ သူ့ကို စနောက်လိုက်လေသည်။


 "ဒီစာချုပ်က အချိန်ကိုက် ရောက်လာတာနော်... မင်းကြော်ငြာအခကြေးငွေ ရပြီးတာနဲ့ မင်းရဲ့ စုငွေလေးလည်း ထပ်ပြီး များလာမှာပေါ့"


သူမ၏ ဖုန်းကို ကြည့်နေသည့် ရှစ်ရော့က ရုတ်တရက် သူမ၏ လက်ကို မြှောက်ပြလာခဲ့သည်။ 


"အာ... ကျွန်မ သတင်းပို့စရာ တစ်ခုရှိနေလို့"


ယွီနျန်နှင့် မုန့်ယွမ်တို့ လှည့်ကြည့်လာသည်ကို မြင်သောအခါ ရှစ်ရော့ ပြောလိုက်သည်။ 


"တင်းဝေ့ကို မှတ်မိကြသေးလား"


ယွီနျန်: “မှတ်မိတယ်... ပေါ့ပ်ဂျက်ဇ်ဆိုတဲ့ ကောင်မလေး မလား... သူလည်း ထိပ်ဆုံး လေးနေရာ ရောက်လာတယ်လေ"


မုန့်ယွမ်ကလည်းဝင်ပြောလိုက်သည်။ 


"အကြိုစစ်ဆေးပွဲမှာတုန်းက သူ့မိဘတွေ ညီမတွေ အပါအဝင် တစ်မိသားစုလုံးက မင်းဖန်တွေလို့ ပြောခဲ့သေးတယ်လေ... ပြီးတော့ သူက စင်ပေါ်မှာ "တောင်တန်းပေါ်က နှင်းစက်"ကို ဆိုပြဖို့ ဆုတောင်းခဲ့တာလေ... သူ ဘာဖြစ်လို့လဲ"


"သူကျွန်မကို ဝီချက်မှာ လာအပ်ထားတာ... ရံဖန်ရံခါ စကားပြောဖြစ်တယ်... ဒါပေမယ့် ခုတလော နည်းနည်း စိပ်လာလို့" ရှစ်ရော့ ပြန်ဖြေလိုက်သည်။


မုန့်ယွမ် တွေးကကြည့်လိုက်သည်။ "သူ့ရည်ရွယ်ချက်က ဘာလဲ ပြောနိုင်လား"


"သူပြောတာ သူနားမလည်တဲ့ ဂီတသီအိုရီ မေးခွန်းတွေ ရှိတယ်တဲ့... ပြီးတော့ နည်းနည်းရှက်နေလို့ မင်းကို ကူမေးပေးဖို့ အစ်မကို ပြောနေတာ" ရှစ်ရော့က တုံးအသူမဟုတ်ဘဲ တစ်ဖက်တွင်လည်း ထိုသို့သော ကိစ္စများကို အထိမခံတတ်သူ ဖြစ်သည်။ သူမက တွေးမိထားပြီးသား ဖြစ်လေသည်။


 "အစ်မထင်တာကတော့ နောက်တစ်ဆင့်မှာ မင်းကို မေးခွန်းတွေ ဆက်တိုက်မေးလာမှာ ဖြစ်နိုင်တယ်... အားလုံး ချောချောမွေ့မွေ့ ဖြစ်သွားရင်ပေါ့... ဒါကြောင့် အစ်မက ကြားခံအနေနဲ့ ခြေတစ်လှမ်း ဆုတ်ပြီး နျန်နျန့်ကိုပဲ တိုက်ရိုက်ဆက်သွယ်ဖို့ ခွင့်ပြုလိုက်တာ"


သူမက နောက်တစ်ဝက်ကို ဆက်မပြောပါသော်လည်း ရှိနေကြသူတိုင်းက စောင်းပါးရိပ်ခြည် နားလည်သွားကြသည်။ 


သူမက စိုးရိမ်နေလေသည်။ 


"နျန်နျန် မင်းသတိထားမှ ဖြစ်မယ်နော်"


ရှစ်ရော့၏ စိုးရိမ်မှုများက အခြေအမြစ်မရှိသည်တော့မဟုတ်ပေ။ 27ရက်နေ့တွင် 'သီချင်းဆိုပါရစေ'၏ အပိုင်းရှစ်ကို အစမ်းလေ့ကျင့်မှု လုပ်နေစဥ် အဖွင့်ဖျော်ဖြေမှုပြီးနောက် တင်းဝေ့က ယွီနျန်ကို လာရှာခဲ့သည်။ 


စတိတ်စင်နောက်တွင် တင်းဝေ့က ကျော့ရှင်းလန်းဆန်းစွာ ဝတ်စားဆင်ယင်ထားလေသည်။ ယွီနျန်ကို တွေ့လိုက်ရသောအခါ သူမက ဝမ်းသာအားရဖြင့် အံ့အားသင့်သွားဟန်ပေါ်ပြီးနောက် ပြောလိုက်လေသည်။ 


"ကျွန်မတို့ အခုလေးတင် စင်နောက်ကနေ လောင်ရှီးတို့ရဲ့ အဖွင့်ဖျော်ဖြေမှုကို ကြည့်ခဲ့တာ... ဖျော်ဖြေမှုက တကယ် မိုက်တယ်"


ယွီနျန်က မသိမသာဖြင့် ခြေတစ်လှမ်းလောက် ဆုတ်လိုက်ပြီးနောက် ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။ 


"ကျေးဇူးပါ"


တင်းဝေ့က နှုတ်ခမ်းထောင့်မှ အချိုင့်ရာလေး ပေါ်သည်အထိ ပြုံးနေပြီး သူမ၏ အကြည့်များကလည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံပေါ်သည်။


 "ကျွန်မရဲ့ ပထမဆုံး ဖျော်ဖြေမှုမှာ အားပေးခဲ့တဲ့အတွက် ယွီနျန်လောင်ရှီးကို တကယ်ကျေးဇူးတင်နေတာပါ... ကျွန်မ သီချင်းဆိုတာက ကောင်းတယ်ဆိုတာကို ယုံကြည်လာအောင် ယုံကြည်မှုတွေ ပေးခဲ့လို့ပါ"


ယွီနျန်က ယဥ်ကျေးသောပုံစံလေးကို ပြုမူနေဆဲ။ 


"မင်းမှာ ယှဥ်ပြိုင်နိုင်တဲ့ အရည်အချင်းတွေရှိလို့ ထိပ်ဆုံးလေးယောက်အထိ ရောက်လာတာလေ... ကျွန်တော့်ကြောင့် မဟုတ်ပါဘူး"


“ဒါပေမယ့်…” တင်းဝေ့၏ အမူအယာ မှေးမှိန်သွားပြီး စကပ်အနားစကို စိတ်လှုပ်ရှားစွာဖြင့် ကစားနေကာ အနည်းငယ် သနားစရာကောင်းသည့်ပုံလည်း ပေါ်နေခဲ့သည်၊ 


"ဒါပေမယ့် ဒီလောကထဲမှာ ထူးချွန်တဲ့သူတွေ အများကြီးပဲလေ... လတ်တလောမှာ ကုမ္ပဏီအသေးလေး နှစ်ခုက ကျွန်မဆီကို ချဥ်းကပ်လာကြတယ်... ကျွန်မ သူတို့နဲ့ တကယ် စာချုပ်မချုပ်ချင်ပါဘူး... ဒါပေမယ့်ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်ထပ် အခွင့်အရေး မရတော့မှာလည်း စိုးတယ်... ယွီနျန်လောင်ရှီး... ကျွန်မကို အကြံပြုချင်တာများ ရှိလား.. ဒါမှမဟုတ်ရင် ဘယ်ကုမ္ပဏီတွေ အကြံပေးချင်လဲ... ကျွန်မကြားတာ..."


 သူမက ပြောနေရင်း ယွီနျန်ဘက်သို့အနည်းငယ် မှီတွယ်လာခဲ့သည်။(ကိုယ်ကိုယိမ်းကပ်လိုက်တာ)


ဤတစ်ကြိမ်၌ ယွီနျန်က ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ကြင်နာတတ်သည့် အမူအယာများလည်း ကွယ်ပျောက်သွားကာ တိတ်ဆိတ်နေရင်းဖြင့် နှုတ်ခမ်းများက အေးစက်လာခဲ့သည်။ အကြည့်များသည်ပင် အနည်းငယ် ရေခဲလွှမ်းလာသကဲ့သို့ ဖြစ်လာသည်။ 


တင်းဝေ့က ယွီနျန်၏ ဆိုလိုရင်းကို နားလည်သွားသဖြင့် နှုတ်ခမ်းကိုက်ထားရင်း ရှက်ရွံ့မှုကြောင့်

မျက်နှာများ ရဲလာသည်။ သူမက ခပ်မြန်မြန် ဦးညွှတ်လိုက်ပြီးနောက် အလျင်အမြန် လက်အုပ်ချီလိုက်သည်။


 "ကျွန်မ တောင်းပန်ပါတယ်" ဟု ပြောပြီးနောက် ကတိုက်ကရိုက် လှည့်ထွက်သွားလေတော့သည်။