အပိုင်း ၁၃၅
Viewers 16k

Chapter 135




သူတို့ထွက်သွားမှသာ ယွီနျန်တစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။


သို့သော်လည်း ထိုကိစ္စက ထိုမှာတင် ပြီးမသွားခဲ့ပေ။ ရိုက်ကူးရေး ပြီးဆုံးသွားသည်နှင့် ချက်ချင်းပင် တစ်စုံတစ်ယောက်က ဝါးနေသော ဓါတ်ပုံများကို အသုံးပြုကာ "သီချင်းဆိုပါရစေ"မှ ပြိုင်ပွဲဝင် တင်းဝေ့နှင့် ဒိုင်ဖြစ်သူ ယွီနျန်တို့အကြား ရင်းနှီးသော ဆက်ဆံရေး ရှိနေသည်ဟူသည့် ကောလဟာလတစ်ခု လွှင့်လိုက်လေသည်။ အစမ်းလေ့ကျင့်မှုအတွင်းမှာပင် နှစ်ယောက်သားက ချစ်ခင်ရင်းနှီးစွာ စကားပြောနေကြသည်ဟု အခိုင်အမာ ဆိုထားသေးသည်။


မူလတွင် သတင်းအပိုင်းအစလေးတစ်ခုက များများမဆွဲဆောင်နိုင်ပါသော်လည်း ၎င်းမှာ ကျောက်ရှုယာ၏ဖန်များထံမှ ချဲ့ကားပြောဆိုခံလိုက်ရလေသည်။ 


[ငါကတော့ ဖုံးကွယ်ထားတဲ့ အားပေးအားမြှောက်မှုတွေ မရှိပါဘူးလို့ အခိုင်အမာ ပြောပြီး မျှမျှတတ လုပ်ချင်ယောင်ဆောင်နေကြပေမယ့် တစ်ဖက်မှာ သူတို့ရဲ့အာဏာကို ကိုယ်ရေးကိုယ်တာအကျိုးအတွက် အသုံးချနေသူတွေကို ခေါ်ထုတ်ချင်တယ်... တင်းဝေ့ ထိပ်ဆုံး လေးနေရာမှာ ပါလာတာက နင့်ရဲ့ လွှမ်းမိုးမှု မပါဘူးလို့ ပြောရဲလား]


[ငါတို့ ထပ်ပြီး တောင်းဆိုတယ်နော်... ယွီနျန်ရဲ့ ဒိုင်နေရာကို ဖယ်လိုက်စမ်းပါ... နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်ပြီး ကိုယ်သဘောကျတဲ့သူကို ရွေးတာက ဒိုင်ဆက်လုပ်ဖို့ အခွင့်အရေး မရှိသင့်ဘူး]


[ပြိုင်ပွဲရဲ့ ညီညွတ်မျှတမှုတွေ ပြန်ပေးစမ်း... ကြိုးကိုင်ခြယ်လှယ်တာတွေ ငြင်းဆိုပါတယ်... မသင့်တော်တဲ့ အပေးအယူကိစ္စတွေ ငြင်းပယ်မယ်... အရည်အချင်းရှိတဲ့သူတွေကိုပဲ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုရအောင် လုပ်ပေးကြစမ်းပါ]


ပိုင်ယန်မှာ သိမ်းဆည်းကာ ထွက်သွားတော့ရန် ပြင်နေပါသော်လည်း ထိုသတင်း ရုတ်တရက် ထွက်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။ 


"တကယ့်ကို အမြင်ပွင့်စရာပဲ... ဒါက အမည်းကို အဖြူပြောင်းတဲ့ ပုံစံကြီးမလား... ကျောက်ရှုယာရဲ့ အဖွဲ့က ဦးနှောက်မှာ အနှစ်တွေချည်း ပြည့်နေတာများလား"


ယွီနျန်လည်း ကြည်ွကာ ခေါင်းကို ခါယမ်းပြလိုက်သည်။


 "ကျွန်တော် ထင်တာကတော့ ဖန်တွေက ပထမဆုံး လူသိများဖို့အတွက် ဒီလိုတိုက်ခိုက်ပုံကို ဦးတည်ထားပြီးမှ အဖွဲ့က နောက်ကလိုက်တယ် ထင်တယ်... ကျွန်တော်နဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကြားမှာသာ တကယ်ပဲ တစ်ခုခု ရှိခဲ့ရင် သူတို့ မဲမဲမြင်ရာ လိုက်ပစ်မှတ်ထားနေတဲ့ ကိစ္စအောင်မြင်သွားတာပေါ့... တကယ် မရှိခဲ့ရင်တော့ ဖန်တွေပေါ်မှာပဲ အပြစ်တင်လိုက်ရင် သူတို့အတွက် ဘာမှ ဆုံးရှူံးစရာ မရှိဘူးလေ"


“ဒီလိုလည်း ဖြစ်နိုင်တယ်... ငါတကယ် ကျောက်ရှုယာကို သည်းမခံနိုင်တော့ဘူး... ဖုန့်ဟယ် အင်တာတိန့်မန့် သုံးတတ်တဲ့ မားကတ်တင်းနည်းလမ်းတွေက အမြဲတမ်း စက်ဆုပ်ဖို့ကောင်းတယ်... အခုနောက်ပိုင်း ပိုလို့တောင် အော်ကလီဆန်စရာ ကောင်းလာသေးတယ်" 


သူမက မေးလိုက်သည်။ "ဘာလုပ်ဖို့ စီစဥ်ထားလဲ"


ယွီနျန်၏ အပြုံးက ပြေလျော့သွားလေသည်။ "ရှင်းလင်းတဲ့ အသိစိတ်က ဘယ်လို စွပ်စွဲမှုမျိုးကိုမှ မကြောက်တတ်ဘူး... ဒါပေမယ့် ကျောက်ရှုယာရဲ့ အသိစိတ်ကတော့ ပြိုကွဲသွားရမှာပေါ့"


#ယွီနျန်ကိုဒိုင်နေရာကဖယ်ပေးပါ# ဟူသော ခေါင်းစဥ်က ရေပန်းစားအကြောင်းအရာများ၏ အောက်ဆုံးတွင် နေရာယူထားခဲ့သော်လည်း သုံးနာရီအကြာ အတွင်းသတင်းများ ဖော်ထုတ်တတ်ခြင်းကြောင့် လူသိများသည့် ဝေ့ပေါ်အကောင့်တစ်ခုက ပိုစ့်တင်လာခဲ့သည်။ 


[[“ငါအစက ဒီကိစ္စထဲ ဝင်မပါတော့မလို့ပဲ... ဒါပေမယ့် လတ်တလော အရှိန်ကို ကြည့်ရသလောက် သိနေတဲ့လူတစ်ယောက် အနေနဲ့ ထုတ်ဖော်ပြောသင့်နေပြီလို့ ခံစားရတယ်... ပထမဆုံး... ယွီနျန်က ကြိုးကိုင်ခြယ်လှယ်တာလည်း မရှိသလို ဘယ်သူ့ကိုမှ အရေးပေးတာမျိုးလည်း မရှိဘူးနော်... ကျောက်ရှုယာနဲ့ သူ့နောက်က ဖုန့်ဟယ်အင်တာတိန်းမန့်ကမှ တကယ်လုပ်ခဲ့တဲ့သူတွေပဲ... သူတို့က အသံစမ်းတဲ့အချိန်မှာ တက်လာနိုင်ပြီး အလှည့်ခုနစ်ခုမှာ ထိပ်ဆုံး ဆယ့်ငါးယောက်နေရာ ရဖို့ ကြိုတင်စီစဥ်ထားပြီးသား... ပြီးတော့ ရှိုးအဖွဲ့ကလည်း ကျောက်ရှုယာကို ထိပ်ဆုံး လေးနေရာဆီ တင်ပေးဖို့ ကြိုစီစဥ်ထားပြီးသားနော်... သက်သေ [တွဲလျက်ပါပုံ]"


“ပထမဆုံးမေးခွန်း: သူတို့က ကြိုတင်စီစဥ်ထားတယ်လည်း ပြောသေး... ဘာလို့ အဆုံးကျ တင်မပေးရတာလဲ... အကြောင်းကတော့ ယွီနျန်က ရှိုးအဖွဲ့ရဲ့ လမ်းညွှန်ချက်ကို မလိုက်ဘဲ အဲ့ဒီအစား ညီညွှတ်မျှတမှုကို လက်ကိုင်ထားပြီး ကျောက်ရှုယာကို ငါးမှတ်ပဲ ပေးလိုက်တာပါတဲ့နော်... [ကျိတ်ပြုံး]”


“ဒုတိယမေးခွန်း: ကျောက်ရှုယာက တိုက်ရိုက်ဖျော်ဖြေမှုအစီအစဥ်မှာ ကီးကြောင်သွားတာတောင် ထိပ်ဆုံး လေးနေရာကို တက်သွားပြီးရင် ကြည့်ရှုသူတွေဆီက အလှောင်ခံရမှာကို ဘာလို့ မကြောက်ရတာလဲ... လူငယ်လေးတွေရေ... နောက်ပိုင်း ထုတ်လုပ်ရေးမှာမှ အသံပြန်ပြင်တဲ့ နည်းစနစ်ဆိုတာ ရှိတယ်ကွဲ့... ဘဲထီးအော်သံကနေ ကောင်းကင်ဘုံကလာတဲ့ သံစဥ်ဖြစ်အောင် ပြောင်းပေးနိုင်တယ်"


“တတိယမေးခွန်း: ယွီနျန်က ဒိုင်အဖြစ် အခေါ်ခံရတာတောင် ရှိုးအဖွဲ့ကို ဘာလို့ စိန်ခေါ်ရဲရတာလဲ... အကြောင်းကတော့ သူက နောက်ခံလည်းတောင့် တကယ့်အစစ်အမှန် ပါရမီလည်း ရှိပြီး ရွှေတေးသွားဆုကိုတောင် ယူထားနိုင်တဲ့သူမို့လို့ပေါ့... သူက ရှိုးရဲ့ အစောပိုင်း ကြည့်ရှုနှုန်းတွေနဲ့ အောင်မြင်မှုတွေရဲ့ တစ်ဝက်ကို ယူလာပေးလို့ပေါ့ကွယ်... သူကဘာလို့ မလုပ်ရဲရမှာလဲ"]]


ထိုဝေ့ပေါ်ပိုစ့် တင်လိုက်သည်နှင့် အများအပြား ပြန်တင်ခံရပြီး ကွန်မန့်များစွာလည်း ပေးလာကြသည်။ ဆယ်မိနစ်အကြာ မျက်စိလျင်ကြသူများက ရွှယ်ယုံသည်လည်း သူ့ကိုယ်ပိုင်ဝေ့ပေါ်အကောင့်ကို သုံးကာ တိတ်တိတ်လေး လိုက်ခ်လုပ်သွားကြောင်း အံ့အားသင့်စွာဖြင့် သိလိုက်ကြရလေသည်။


[ဒီဖော်ထုတ်မှုကြီးက အရမ်းကို သက်တောင့်သက်တာ ဖြစ်သွားစေတယ်နော်... အဲ့ဒီကျောက်ရှုယာနဲ့ သူ့နောက်က ကုမ္ပဏီက တကယ်အကြံသမားတွေပဲ... သူတို့က ပြိုင်ပွဲကို ကြိုဆုံးဖြတ်ထားရင်း ယွီနျန်ရဲ့ အောင်မြင်မှုကို အရင်းအနှီးလုပ်ပြီး သူ့ကို ပရိုမိုးရှင်းဆင်းဖို့ လုပ်ထားကြတာ... သူများရဲ့ အင်္ကျီအနားစကိုဆွဲပြီး လိုက်စီးချင်နေတာ... ဘယ်သူသိမှာလဲနော်... ယွီနျန်က သိုးရေခြုံထားတဲ့ ဝံပုလွေလေး ဖြစ်နေမယ်လို့... 'မင်းတို့ရဲ့ အကြံအစည်တွေကို လိုက်ပူးပေါင်းမပေးနိုင်ဘူး... ငါက အားလုံးတော်နေပြီးသား... ဒါနဲ့ ပတ်သက်ပြီး မင်းတို့ လုပ်နိုင်တာ မရှိဘူး' ဆိုပြီး...] 


[အဲ့ဒီ စန္ဒယားမင်းသားလေးလို့ ခေါ်ကြတဲ့သူက အတွင်းလူ မင်းသားလေးလို့ ခေါ်ရင် ပိုကောင်းမှာပဲ... ပြိုင်ပွဲဝင် 35ယောက်ထဲမှာမှ စန္ဒယားတီးနိုင်တဲ့သူဖြစ်ပြီး သူ့လက်ချောင်းတွေကိုတောင် မကြည့်လိုက်ကြရဘူး... သူ့ဖန်တွေကတော့ သူ့မှာ အံ့လောက်စရာ စကေးတွေ ရှိပါတယ်ဆိုပြီး မြှောက်နေကြတာ... အခုတော့ လူတိုင်းဆီကနေ အလှောင်ခံကြရတော့မယ် (လှောင်ပြုံး)] 


[နျန်နျန်က အရမ်းမိုက်တာပဲ... အတွင်းမှာ မမြင်ရတဲ့ အပေးအယူတွေ ရှိနေတာတောင် သူ့ရဲ့ စည်းမျဥ်းတွေကို အစစ်အမှန် လက်ကိုင်ထားပြီး ပရိုဂရမ်အဖွဲ့ရဲ့ စီစဥ်မှုတွေကို ငြင်းဆိုလိုက်တယ်... တကယ် အထင်ကြီးဖို့ ကောင်းတာပဲ... ကျောက်ရှုယာရဲ့ ဖန်တွေ အခုငြိမ်ကုပ်သွားကြပြီလား... နင်တို့ အိုင်ဒေါလ်က ဒုတိယယွီနျန် ဖြစ်ချင်ပေမယ့် သူအတွေးလွန်နေတာ ရှင်းသွားပြီလေ] 


မုန့်ယွမ်က အင်တာနက်သတင်းများကို ကြည့်ပြီးနောက် မေးလိုက်သည်။


 "တင်းဝေ့က မင်းကို တကယ်ကြီး ချဥ်းကပ်လာတာလား"


ယွီနျန်က ဘာကိုမှ ဖုံးကွယ်မထားပေ။ 


"ဟုတ်တယ်... သူ ကျွန်တော့ကို မရှင်းမလင်းနဲ့ အကြံတောင်းသလို ပြောလာတာ.. ဒါပေမယ့် ကျွန်တော် ပြန်မဖြေလိုက်ပါဘူး... သူတောင်းပန်ပြီး ထွက်သွားတာ"


“တကယ်တော့ တင်းဝေ့က အရည်အချင်းလည်းရှိ လှလည်းလှသေးတယ်... သူသာ အဆိုပိုင်းမှာ အာရုံစိုက်ထားရင် တက်လမ်းရှိတယ်" 


မုန့်ယွမ်က မှတ်ချက်ပြုလိုက်ပြီး စကားအချို့ ထပ်ပေါင်းပြောလိုက်သည်။ 


"ဒါပေမယ့် ရုတ်တရက် အောင်မြင်လာပြီး ဖျော်ဖြေရေးလောကထဲ ခြေချလာတဲ့ လူသစ်တွေက စွဲလမ်းစရာတွေကနေ လွှမ်းမိုးခံလိုက်ရရင် တစ်ခါတစ်ရံ ဦးတည်ရာမရှိတဲ့ ယင်ကောင်တွေလို လမ်းပျောက်သွားတတ်ကြတယ်... တင်းဝေ့ကလည်း အတူတူပဲ ဖြစ်မယ်... ဒါကြောင့် သူ့မှာ အတွေးမှားတွေ ရှိလာတာ... သူသာ အမှန်ပြန်ပြင်နိုင်မယ်ဆိုရင် ပိုကောင်းလာမှာပါ" 


သူ ယွီနျန်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။


 "ဒါပေမယ့် မင်းကတော့ ခြွင်းချက်ပဲ... မင်းက ပြတ်သားတဲ့ စိတ်ရှိပြီးတော့ မင်းလိုချင်တာကို သိတယ်"


ယွီနျန် ပြုံးလိုက်သည်။ 


"အတိအကျပဲ... ကျွန်တော့်မှာ ပြတ်သားတဲ့ ရည်ရွယ်ချက်ရှိတယ်... ကျွန်တော်က ငွေရှာချင်ရုံပဲလေ"


မုန့်ယွမ်ကလည်း ပြုံးလိုက်ပြီး ယွီနျန်နှင့် စကားပြောခဲ့စဥ်က အချိန်ကို အမှတ်ရသွားသည်။ ထိုအချိန်က ယွီနျန်မှာ ငါးနှစ်အတွင်း ယွမ်သန်းနှစ်ရာ ရှာရန်အတွက် သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့သည်။ ထိုစဥ်က မုန့်ယွမ်မှာလည်း ၎င်းက အတော်လေး စိန်ခေါ်မှုများလိမ့်မည်ဟု တွေးခဲ့သည်။ ယခုတွင် ပြန်လှန်ကြည့်လိုက်ရာ သူ ယွီနျန်၏ စွမ်းဆောင်ရည်ကို အထင်သေးမိခဲ့ကြောင်း တွေးမိသွားသည်။ ယွမ်သန်းနှစ်ရာမှာ သူ့အတွက် စာရွက်တစ်ရွက်စာ တန်ဖိုးသာ ရှိနေသေးပေသည်။ 


လှည့်ပတ်သွားလာနေသော အတွေးများကို ဘေးဖယ်ထားလိုက်ရင်း မုန့်ယွမ် တစ်ခုခု ပြောတော့မည်အပြု ရှစ်ရော့က ဖြတ်ပြောလာခဲ့သည်။


"ဥက္ကဌရွှယ်က မင်းရဲ့ပိုစ့်ကို လိုက်ခ်လုပ်သွားတယ်"


ယွီနျန်နှင့် မုန့်ယွမ်တို့ နှစ်ယောက်လုံး ရှစ်ရော့ကို ကြည့်လိုက်ကြသော်လည်း မတုံ့ပြန်နိုင်လိုက်ကြ။


 "သူက ဘာပိုစ့်ကို လိုက်ခ်လုပ်သွားတာလဲ"


ရှစ်ရော့က သူတို့ကို ဖုန်းကမ်းပေးလိုက်သည်။ 


"ဒီဝေ့ပေါ်ပိုစ့်လေ... ဥက္ကဌရွှယ်က သူရဲ့ တရားဝင်အကောင့်ကို သုံးပြီး လိုက်ခ်လုပ်သွားတာ" 


ရှစ်ရော့က သတိကြီးကြီးဖြင့် ထပ်ပြောလိုက်သည်။ "အကျိုးဆက်ကတော့ ပုံမှန်အင်တာနက်အသုံးပြုသူတွေတောင် ရှုပ်ထွေးသွားကြတာပဲ... 'ယုံယွီ' CPဖန်တွေက နှစ်သစ်ကို ကျင်းပနေပေမယ့် ဘလက်ခ်ဖန်တွေကတော့ သူ့ဝေ့ပေါ်အောက်မှာ စုပြီး လက်ချော်သွားတာပါလို့ ယုံကြည်နေကြတယ်"


မုန့်ယွမ်မှာ ထိုအခိုက်တွင် မည်သို့လုပ်ရမည် မသိသော်လည်း ယွီနျန်မှာ နားထောင်ပြီးနောက် ပြုံးနေလေသည်။ 


ယွီနျန်၏ အပြုံးအပေါ် အကြည့်ရောက်သွားသောအခါ မုန့်ယွမ်က ပါးစပ်ဟလိုက်သော်လည်း သက်ပြင်းချလိုက်လေသည်။ 


"အခု ငါသိပြီ... ပေါ်ပြူလာ ဖြစ်အောင် လုပ်ဖို့မလိုသလို စည်းဝါးကိုက်အောင် လုပ်ဖို့လည်း မလိုဘူး... ရှင်းပြစရာလည်း မလိုဘူး... သာမန်ကာလျှံကာလေးပဲ ထားရမှာ ဟုတ်ပြီလား"


ယွီနျန်၏ မျက်လုံးလေးများ ကွေးညွှတ်သွားပြီး ပြန်ဖြေလိုက်လေသည်။ 


"အတိအကျပဲ... အစ်ကိုမုန့်ပဲ ကျွန်တော့်ကို တကယ်နားလည်တယ်"


မုန့်ယွမ်က လေသံဖြင့် တိုးတိုးပြောလိုက်သည်။ 


"ငါ့ရဲ့ အရင်အနုပညာရှင်ထဲက တစ်ယောက်သာ ဆိုရင် ငါလည်း မလှုပ်မယှက် ငြိမ်နေပါ့မလား... ဖြစ်နိုင်မှာ မဟုတ်ဘူး"


ရှစ်ရော့က ယွီနျန်ဘက်တွင်သာ ခိုင်ခိုင်မာမာ နေရာယူထားဆဲ ဖြစ်သည်။


 "ဒါပေမယ့် အစ်ကိုမုန့်... အစ်ကို့ရဲ့ အရင် အနုပညာရှင်တွေက နျန်နျန်လောက် မကောင်းဘူးလေ"


သူမ၏ စကားများကြောင့် စူးနင့်သွားရသည့် မုန့်ယွမ်က မျက်လုံးများ ပြူးကျယ်လာခဲ့သည်။


 "ငါအခု မျက်နှာပျက်သွားရပြီလား"


ရှစ်ရော့ ရယ်မောလိုက်၏။


ယွီနျန်က တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ 


"သြော် အစ်ကိုမုန့်... သြဂုတ်လတစ်ရက်နေ့ နေ့လည်ပိုင်းနဲ့ သြဂုတ် 5ရက်ကနေ 8ရက်အထိ အချိန်စာရင်းပြန်ညှိပေးလို့ရမလား"


ထိုမေးခွန်းကို ကြားသောအခါ မုန့်ယွမ် တွက်ချက်ကြည့်လိုက်သည်။


 "သြဂုတ်1ရက်နေ့က ပြဿနာမရှိဘူး... ဒါပေမယ့် သြဂုတ် ငါးရက်နေ့ကစပြီး လေးရက်ဆက်တိုက် ခွင့်ယူရင် နည်းနည်းခက်မယ်... ဘာအစီအစဥ် ရှိလို့လဲ"


“5ရက်နေ့မှာ ရွှယ်ယုံနဲ့ အီတလီကို စျေးဝယ်ထွက်မလို့... အလည်အပတ်အတွက် အချိန်နည်းနည်းလောက် လိုမှာနဲ့ တစ်ညလောက် ထပ်နေတာနဲ့ဆို လေးရက်လောက် လိုမယ်ထင်တယ်... 1ရက်နေ့ နေ့လည်ကကျတော့..." 

ယွီနျန်က ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီးနောက် မျက်တောင်များ တဖျတ်ဖျတ်ခတ်လိုက်သည်။


"လျှို့ဝှက်ချက်"


“အိုး... လျှို့ဝှက်ချက်အဖြစ် ထားမယ်ပေါ့လေ... ကောင်းပြီ... ကောင်းပြီ... မင်းရဲ့ လျှို့ဝှက်ချက်လေးကို မဖော်ထုတ်တော့ပါဘူး" 


မုန့်ယွမ်က ရွှတ်နောက်နောက် ပြောလိုက်လေသည်။ 


ထိုအခိုက် မုန့်ယွမ်၏ ဖုန်းမျက်နှာပြင် လင်းလာခဲ့သည်။ သူ ကောက်ကိုင်လိုက်ပြီးနောက် ယွီနျန်ကို ကမ်းပေးလိုက်သည်။ 


"မင်းအစ်မ"


ယွီနျန်က ဖုန်းကိုင်လိုက်ရာ ယွီချင်း၏ အသံအနေအထားက တစ်ခုခု မှားနေကြောင်း သတိပြုလိုက်မိသည်။ "မမ... ဘာက ဒေါသထွက်အောင်လုပ်ခဲ့လို့လဲ"


"ဘယ်သူကမှ ဒေါသထွက်အောင် လုပ်တာ မဟုတ်ဘူး"


ယွီနျန်လည်း ရန်စလိုက်လေသည်။


 "လုပ်စမ်းပါ... မမရဲ့အသံက မိုင်းပေါင်းငါးရာပတ်လည်လောက်ထိ လောင်မြိုက်နေတာပဲ... ဘယ်သူကမှ ဒေါသထွက်အောင် မလုပ်ဘူးတဲ့လား"


စက္ကန့်အနည်းငယ်ကြာမှ ယွီချင်း ခပ်တောင့်တောင့်ဖြင့် စကားပြောလာခဲ့သည်။ 


"ငါ့အဖေက ချစ်သူအသစ် ရှာတွေ့ထားတယ်"


ယွီနျန် စကားဆက်ပေးလိုက်သည်။ "ပြီးတော့ရော"


“အဲ့ဒီမိန်းမက ငါ့ထက်တောင် ငယ်သေးတယ်... နှစ်ဆယ့်သုံး နှစ်ဆယ့်လေးလောက်ပဲရှိမှာ... ပြီးတော့ ရည်မှန်းချက်တွေ တစ်ပုံတစ်ပင်နဲ့... ဒါကကိစ္စကြီး မဟုတ်သေးဘူး... ရူးချင်စရာ အကောင်းဆုံးကလေ သူကိုယ်တိုင် လူပြိန်းကြိုက်သတင်းစာတွေမှာ သတင်းတွေလွှင့်သတဲ့... ပြီးတော့ရှိသေး... ငါနဲ့ တွေ့တော့လေ အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့ပုံစံနဲ့ ငါ့ထက် အကြီးလို လုပ်နေပြီး ငါ့အဖေကို အိမ်ခေါ်သွားပေးဖို့ ငိုပြီးတောင်းပန်တယ်တဲ့လေ... သူလည်းအထဲဝင်လာရော ငါ့အမေဓါတ်ပုံကို လက်ညှိုးထိုးပြီး 'အိုး... ဒါဖုန်းရွှေအတွက် မကောင်းဘူး' ဆိုပြီး ပြောသေးတယ်... သောက်ကျိုးနည်း သူက ငါ့ကို အနိုင်ကျင့်လို့ရမယ် ထင်နေတာလား"


ယွီနျန်ကလည်း ရှန်းမိသားစု၏ အိမ်တွင်းရေးများကို သိနေသည်။ ယွီချင်း၏ အမေဆုံးပါးသွားသောအခါ ဦးလေးရှန်းက နောက်ထပ် ကလေးမယူတော့သော်လည်း ချစ်သူများစွာ ရှိခဲ့ပြီး ရံဖန်ရံခါ လူပြိန်းကြိုက်သတင်းစာများတွင် သူ့အချစ်ရေးအကြောင်း အတင်းအဖျင်းများ ပါလာတတ်သည်။ 


သူက ဖုန်းကိုင်ထားရင်း မည်သို့ ပြန်ဖြေရမည်ကိုပင် မသိတော့ပေ။


 "ဦးလေးရှန်းကရော ဘယ်လိုတုံ့ပြန်လဲ"


"သူ့မျက်နှာကြီး မဲသွားတာပေါ့ဟယ်... သူ နေ့တိုင်း ဒီလိုစိတ်ပျက်စရာတွေ လုပ်နေတာ သူ့အိမ်မက်ထဲ ငါ့အမေပေါ်လာဖို့ မျှော်လင့်နေတုန်းလေ... ကြည့်ရတာ သူအပြစ်ရှိစိတ် ဝင်သွားလို့ ဖြစ်မယ်... အဲ့ဒီမိန်းမကို ချက်ချင်းကန်ထုတ်လိုက်တော့တာ... ငါလည်း ထိန်းမထားနိုင်တော့တာနဲ့ သူနဲ့ ရန်ဖြစ်ခဲ့ရတော့တာပဲ"


 ယွီချင်းက ရင်ဖွင့်လိုက်ပြီးနောက် စိတ်သက်သာရာ ရသွားလေသည်။


 "အခု နင့်ကို ပြောပြလိုက်မှပဲ နေလို့ပိုကောင်းသွားတော့တယ်" 


“အခု စိတ်ပိုသက်သာသွားလို့ ကောင်းတာပေါ့... ပြီးတော့ စကားမစပ် မနက်ဖြန်ကျရင် ဦးလေးရှန်းက မမကို ပြန်တောင်းပန်ပြီး အကောင့်ထဲကို မုန့်ဖိုးပမာဏအကြီးကြီး ပို့ပေးလောက်တယ်"


ယွီချင်း၏ အသံက အထင်အမြင်သေးဟန်များ ပြည့်နေသော်လည်း အနည်းငယ် လေသံပျော့သွားသည်။ 


"သူကတော့ ဒီနည်းလမ်းကို အကြိမ်ရာချီ သုံးပြီးနေပြီ... အခု ပြောင်းဖို့ အချိန်ကျပြီ" 


သူမက ထပ်ပြောလိုက်သည်။ 

"အခု ဖုန်းချလိုက်တော့မယ်... ကျန်းမာရေးဂရုစိုက်... စကားမစပ် နင်ငါ့ကို ကူရေးပေးထားတဲ့ အယ်လ်ဘမ်အသစ်က ပြီးခါနီးနေပြီ... နောက်ရက်မှ နားထောင်ဖို့ ပို့ပေးမယ်... နင့်အယ်လ်ဘမ်အသစ်ကရော"


"လုပ်ဆောင်နေဆဲပဲ ရှိသေးတယ်... နောက်ထပ် အပုဒ်ရေနည်းနည်းလောက် ထပ်ရေးဦးမယ်... ပြီးမှ အကောင်းဆုံးကို ရွေးလိုက်မှာ"


"ရေးပြီးတော့ ရွေးဦးမယ်" ယွီချင်းက အလွန်အမင်းချဲ့ကားနေသော လေသံဖြင့် ပြောလိုက်သည်။ "ဝိုး... နင်က နင့်အယ်လ်ဘမ်ကို မယုံနိုင်လောက်အောင်အထိ အံ့သြဖို့ကောင်းအောင် လုပ်ဖို့ ပြင်ဆင်နေတာလား"


ယွီနျန် ပြုံးလိုက်

လေသည်။ 

"အင်း... ကျွန်တော် တကယ်ကောင်းတဲ့သီချင်းအချို့ကို ချန်ထားခဲ့ချင်လို့"


ယွီချင်းက ဆက်ပြီး မပြောတော့ပေ။ 

"ကောင်းပြီ... ငါအလုပ် ပြန်သွားရဦးမယ်... ဖုန်းချလိုက်တော့မယ်"