Chapter 136
99ရက်မြောက် လက်ဆောင်
ယွီနျန် ယွီချင်းနှင့် ဖုန်းပြောပြီးသွားသောအခါ မုန့်ယွမ်က အချိန်စာရင်းစာရွက်ပေါ်တွင် ပုံဆွဲနေသည်ကို ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ငါစစ်ကြည့်လိုက်ပြီးပြီ... တစ်ရက်နေ့ နေ့လည်ပိုင်းမှာ အင်တာဗျူးသေးသေးလေးတစ်ခုပဲ ရှိတယ်... မနက်ဖြန် အချိန်စာရင်းကတော့ အပြည့်ပဲ... ဒါကြောင့် အခုကို ရွှေ့လိုက်ကြရင်ရော... ညနက်အထိနေပြီး အချိန်ပိုလုပ်ကြမယ်လေ"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်"
မုန့်ယွမ်က အမှန်ပင် အလုပ်မှာ ကျွမ်းကျင်သူ ဖြစ်ပေသည်။ ဖုန်းခေါ်ဆိုမှု နှစ်ခု ပြုလုပ်ပြီးနောက် အင်တာဗျူး၏ အချိန်နှင့် နေရာတို့ကို အတည်ပြုလိုက်သည်။ နာရီဝက်ခန့်အကြာ လှပစွာ ပြင်ဆင်ထားသော ကော်ဖီဆိုင်လေး၏ သီးသန့်ခန်းတစ်ခုထဲသို့ ရောက်လာခဲ့ကြပြီး သတင်းထောက်နှင့် ကင်မရာအဖွဲ့သားများလည်း ရောက်ရှိနေကြလေပြီ။
ယွီနျန်က အသားအရည်ကောင်းသူ ဖြစ်၍ မိတ်ကပ်ပညာရှင်က မိတ်ကပ်ပါးပါးလေးကို ခပ်မြန်မြန်ပင် လိမ်းပေးလိုက်ပြီး ကင်မရာပေါ်တွင်လည်း အတော်လေး ကြည့်ကောင်းနေသည်။ အပြင်အဆင်များအားလုံး စနစ်တကျ ဖြစ်နေကြောင်း သေချာသွားမှ ယွီနျန်က ဆိုဖာပေါ်တွင် ဝင်ထိုင်၍ တောင်းပန်လိုက်သည်။
"ကျွန်တော့်ကြောင့် အားလုံး အချိန်ပို အလုပ်လုပ်လိုက်ရလို့ တောင်းပန်ပါတယ်နော်"
ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီး သတင်းထောက်လေးက တိတ်တဆိတ် အံ့အားသင့်သွားလေသည်။ မူလတွင် သူမက အဆင့်အတန်းမြင့်ပြီး အောင်မြင်ကျော်ကြားနေသည့် လူတစ်ယောက်က စိတ်သဘောထားကောင်းမည်မဟုတ်ဟု တွေးမိခဲ့သည်။ တောင်းပန်ခံရရန်အတွက်ကား တွေးတောင်မတွေးမိခဲ့ပေ။ အစောပိုင်းတွင် ဖျော်ဖြေရေးလောကထဲမှ စီနီယာလုပ်ဖော်ကိုင်ဖက်များစွာက ယွီနျန်၏ ပြုမူပြောဆိုပုံများကို ချီးကျူးကြပြီး သူက လူများအား မည်ကဲ့သို့ ကောင်းကောင်းဆက်ဆံတတ်ကြောင်းကိုလည်း ကြားထားပြီးသား ဖြစ်သည်။ သို့သော်ငြား သူမက ၎င်းကို အလွန်အကျူး ချီးကျူးမြှောက်ပင့်နေခြင်း ဖြစ်မည်ဟုသာ တွေးထားခဲ့သည်။ ယခုတွင်မူ သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေရသောအခါ ထိုကောလဟာလများအားလုံးမှာ လုံးဝချဲ့ကားထားခြင်း မဟုတ်ကြောင်း သူမ နားလည်လိုက်ရလေသည်။
သူမက ခပ်မြန်မြန် ပြုံး၍ ပြောလိုက်သည်။
"နျန်နျန့်ဆီက ဒီစကားကြားရရုံနဲ့တွင် တစ်ညလုံးတောင် အလုပ်လုပ်ချင်သွားပြီ"
ယွီနျန်က ပြန်လည်ပြုံးပြလိုက်လေသည်။
"ပြောကြတာကတော့ မိန်းကလေး တစ်ယောက် အချိန်ပိုအလုပ်လုပ်ရတဲ့ ညတိုင်းအတွက် ပြန်အစားထိုးပေးဖို့ ခက်တယ်တဲ့... ဒါကြောင့်မို့ အင်တာဗျူး စောစောပြီးအောင် ကျွန်တော် မင်းနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်"
စကားစမြည်အချို့ ပြောကြပြီးနောက် အဓိကအကြောင်းအရာဆီ ရောက်ရှိသွားသည်။ ယွီနျန်က လိုဂိုပါသော မိုက်ခရိုဖုန်းလေးကို ကိုင်ကာ သတင်းထောက်မလေး၏ မေးခွန်းများကို ဂရုတစိုက် နားထောင်ပေးနေခဲ့သည်။
အမျိုးသမီး ဂျာနယ်လစ်လေးက မေးလိုက်သည်။
"မင်းရဲ့ သီချင်းအသစ် 'နိုးတစ်ဝက်အိမ်မက်' မထွက်ခင်မှာပဲ လူတွေ အများကြီးက မင်းကို ဖန်တီးပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ ထင်ကြေးပေးနေကြတယ်... ဒီလိုစကားတွေ ကြားတဲ့အခါ ဘယ်လိုခံစားရလဲ"
ဆံနွယ်မျှင်လေးအချို့က ယွီနျန်၏ မျက်ခုံးစွန်းတွင် ဝဲကျနေပြီး ယွီနျန်က သဘာဝကျစွာဖြင့် ခေါင်းလေးကို စောင်းကာ ပြန်မဖြေခင် စက္ကန့်အနည်းငယ်မျှ တွေးလိုက်မိသည်။
"ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ခေါင်းလည်း အတော်မာတဲ့ လူမျိုးပါ... ကျွန်တော့်ရဲ့ စိတ်ပိုင်းဖြတ်မှုတွေ လုံလုံလောက်လောက် သန်မာနေသ၍ အခြားသူတွေရဲ့ စကားက ကျွန်တော့်အပေါ် သက်ရောက်ဖို့ ခက်ခဲပါတယ်... ဒါကြောင့်မို့ ဒီလိုသုံးသပ်ချက်တွေက ကျွန့်တော့်ကို စိတ်ခွန်အားပေးနိုင်ဖို့ပဲ ရှိပြီးတော့ လူတွေအများကြီးက ကျွန်တော့်ရဲ့ လက်ရာအသစ်တွေအပေါ် အာရုံစိုက်နေကြတယ်... ကျွန်တော့်ရဲ့ ဖျော်ဖြေမှုတွေကို မျှော်လင့်နေကြတယ်လို့ သိလာရပါတယ်"
ဖြေဆိုပြီးနောက် ယွီနျန်က ကင်မရာကို သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။
"ကြည့်ရှုသူများအားလုံး... ယွီနျန်ရဲ့ ပထမဆုံး တရားဝင်အယ်လ်ဘမ်ကို ပြင်ဆင်နေပါပြီ... ဟုတ်... ဒါက ကြော်ငြာဝင်တာပါ"
အခန်းထဲတွင် ရှိနေသူတိုင်း ရယ်မောကြလေသည်။
အမျိုးသမီး သတင်းထောက်လေးက ထပ်မေးလိုက်သည်။
"ရွှေတေးသွား ဆုပေးပွဲမှာတုန်းက ပြောခဲ့တဲ့ ကျေးဇူးတင်စကားအကြောင်း ပြန်ကြည့်ရရင် မင်း 'ကျွန်တော့်ရဲ့ဘေးကို ရောက်လာပေးခဲ့လို့ ကျေးဇူးတင်ပါတယ်'လို့ ပြောခဲ့တုန်းက လက်စွပ်ကို နမ်းခဲ့တဲ့ အပြုအမူ လုပ်ခဲ့တယ်နော်... မင်းရဲ့ အချစ်ရေးအခြေအနေမှာ အပြောင်းအလဲတွေများ ရှိနေလားဆိုတာကို ပြောပြပေးနိုင်မလား"
ယွီနျန် ခေါင်းလှည့်ကာ လက်ချောင်းထက်မှ လက်စွပ်ကို ကစားနေရင်း တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။ သတင်းထောက်လေးက ဤအပိုင်းကို ဖြတ်ထုတ်ပစ်မည့်အကြောင်း ပြောတော့မည့်ဆဲဆဲတွင် ယွီနျန် ခေါင်းမော့လာခဲ့ပြီး မျက်လုံးများမှာလည်း ငြင်သာသော နွေဦးအလင်းရောင်တို့ ပြည့်နှက်သွားခဲ့လေသည်။
"ဟုတ်... ကျွန်တော့်မှာ သဘောကျရတဲ့သူ ရှိပါတယ်"
သတင်းထောက်မလေး ကြက်သေသေသွားလေသည်။ ယွီနျန်၏ မန်နေဂျာ မုန့်ယွမ်လည်း သူ့အား တားမြစ်ခြင်း ပြုမလာသည်ကို သူမ သတိထားမိသွားသဖြင့် စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်ပြီးနောက် ဂုဏ်ပြုစကား ပြောလိုက်သည်။
"ဂုဏ်ပြုပါတယ်နော်"
သူမက သတင်းအပိုင်းအစအကြီးကြီးကို မေးမိသွားမှန်း သိလိုက်ရပြီး ဤအင်တာဗျူးမှာလည်း တန်ဖိုးရှိသည်ထက်ပင် ပိုသွားခဲ့လေပြီ။ သူမက နောက်ထပ်မေးခွန်းများ ထပ်မမေးရဲတော့ဘဲ အခြားအကြောင်းအရာများကို ပြောင်းလိုက်သည်။
အင်တာဗျူး ပြီးဆုံးသွားသောအခါ သတင်းထောက်မလေးက တွန့်ဆုတ်နေဆဲ ဖြစ်ပါသော်လည်း မေးလိုက်ရသေးသည်။
"ဒီစာကြောင်းအတွက် နောက်ပိုင်း ထုတ်လုပ်ရေး တည်းဖြတ်မှုတွေ လိုသေးလား"
မုန့်ယွမ် ဘာကိုမှ မပြောလိုက်ပါသော်လည်း ယွီနျန် ပြန်ဖြေလိုက်သည်။
"မလိုတော့ပါဘူး"
သတင်းထောက်နှင့် ကင်မရာမန်းများ ထွက်သွားသောအခါ မုန့်ယွမ်က သူ့နဖူးသူ ပွတ်လိုက်သည်။
"ဟင်း... ဖြစ်ရမဲ့အရာက ဖြစ်ကိုဖြစ်လာမှာပဲ"
ယွီနျန်၏ ဖန်များမှာလည်း တူညီသော ခံစားချက်များကြောင့်ပင် ထပ်တူညီစွာ တုန့်ပြန်လာကြသည်။ တည်းဖြတ်ထားသော အင်တာဗျူးက သြဂုတ်လတစ်ရက်နေ့တွင် ထုတ်လွှင့်လာခဲ့ပြီး များမကြာမီ #ဖြစ်ရမဲ့အရာကဖြစ်ကိုဖြစ်လာမှာပဲ# ဟူသော hashtagက ရေပန်းစားအကြောင်းအရာများ၏ ထိပ်ပိုင်းသို့ ခပ်မြန်မြန် ခုန်တက်သွားခဲ့လေသည်။
[#ဖြစ်ရမဲ့အရာကဖြစ်ကိုဖြစ်လာမှာပဲ# ရှုပ်ထွေးနေပြီ... ငါ့သားလေးက အရွယ်ရောက်လာပြီး အခုတော့ သဘောကျရမဲ့လူတောင် ရှိလာပြီ... ငါအခု ဆိုးဝါးတဲ့ ယောက္ခမတစ်ယောက် မဖြစ်လာဘူးမလား... အမှန်တရားကို လက်ခံနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်... စိတ်မပူနဲ့နော်... မားမားက သားကို အမြဲတမ်း ချစ်နေမှာပါ]
[#ဖြစ်ရမဲ့အရာကဖြစ်ကိုဖြစ်လာမှာပဲ# အယ်လ်ဘမ်အသစ်တဲ့လား... ငါမြင်တာ မှန်ရဲ့လား... အယ်လ်ဘမ်အသစ်တဲ့နော်... ယွီနျန်ရေ... လုပ်လိုက်စမ်း... မင်းလက်ထပ်တော့မယ်ဆိုရင်တောင် အယ်လ်ဘမ်အသစ်တွေ ထုတ်နေသမျှ ငါမင်းကို အားပေးနေမယ်]
[#ဖြစ်ရမဲ့အရာကဖြစ်ကိုဖြစ်လာမှာပဲ# ဒီ hashtagကို တွေ့တော့ စိတ်ထဲတစ်မျိုးကြီး ဖြစ်သွားတယ်... နျန်နျန် လက်စွပ်ကို နမ်းပြလိုက်တဲ့ နေ့ကတည်းက ဒီလိုနေ့မျိုး ရောက်လာမယ် ဆိုတာ ငါသိနေခဲ့တယ်...ဖြစ်ရမဲ့အရာကဖြစ်ကိုဖြစ်လာမှာပဲ... ဘယ်တော့မှ နောက်ကျမှာ မဟုတ်ဘူး... ဝမ်းနည်းရပေမယ့်လည်း ငါသူ့ကို အမြဲတမ်း အားပေးနေဦးမှာ... ဒါပေမယ့် ငါတိုးတိုးလေး မေးလို့ရမလား... နျန်နျန် ကြိုက်နေတာ ဘယ်သူများလဲ]
ထိုအခိုက်တွင် ယွီနျန်မှာ သူ့အိမ်၏ တံခါးဝတွင် ရောက်နေခဲ့သည်။ တံခါးဖွင့်ပြီး ဖိနပ်လဲလိုက်သောအခါ အဝင်ဝတွင် ရွှယ်ယုံ၏ ဖိနပ်လည်း ရှိနေသည်ကို သတိပြုမိလိုက်ရပြီး မျက်ဝန်းများထက် အပြုံးလေးတစ်ခု အရိပ်ထင်သွား၏။
ယွီနျန် တံခါး ပိတ်ရင်းဖြင့် အသံမြှင့်ကာ အော်ပြောလိုက်သည်။
"ကျွန်တော် ပြန်ရောက်ပြီ"
မကြာမီ မီးဖိုခန်းထဲမှ တုံ့ပြန်သံတစ်ခု ထွက်လာခဲ့သည်။ "နျန်နျန်... ကိုယ် မီးဖိုထဲမှာ"
ယွီနျန်၏ အပြုံးများ နက်ရှိုင်းလာခဲ့လေသည်။ သူ့အိမ်တွင် ကြိုဆိုရန် တစ်စုံတစ်ယောက် ရှိနေခြင်းက အမှန်ပင် နှစ်ခြိုက်ဖွယ်ရာ ခံစားချက်လေးဖြစ်သည်။
သူ မီးဖိုဆောင်ထဲသို့ ခပ်ဖွဖွ လျှောက်လာခဲ့သောအခါ တံခါးကို ကျောပေးထားပြီး ခြေတံရှည်များနှင့် မြင့်မားသော ပုံရိပ်ရှိသည့် ရွှယ်ယုံကို တွေ့လိုက်ရသည်။ ထိုသူက သေသပ်ကျနစွာ ချုပ်လုပ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အပြာရောင်ဖျော့ဖျော့ အေပရွန်တစ်ခုကို ခါးတွင် ပတ်ထားရင်း အင်္ကျီလက်များကို တံတောင်ဆစ်ထိ ခေါက်တင်ကာ ပြီးပြည့်စုံစွာ ထုဆစ်ထားသည့် လက်မောင်းများကို လှစ်ဟပြပေးနေခဲ့သည်။
သူ့နှလုံးက 'တဒုတ်ဒုတ်" မြည်သံများ ပေါက်ထွက်လာခဲ့သည်။ ယွီနျန်က ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ နောက်မှနေ၍ ရွှယ်ယုံ၏ ခါးကို ဖက်လိုက်ပြီးနောက် သတိပြုမိသွားလေသည်။ သူ ရွှယ်ယုံ အိုးအဖုံးပိတ်နေတာကို ရပ်သွားအောင် မတော်တဆ လုပ်မိသွားတာလား...
ရွှယ်ယုံ၏ ပုခုံးပေါ်မှ တဆင့်ကျော်ကြည့်လိုက်ရာ တူးနံ့တစ်ခုနှင့်အတူ အိုးထဲမှ မဲတူးနေသော အရာများကို တွေ့လိုက်ရသည်။ ရယ်ချင်စိတ်ကို ဖိနှိပ်ထားရင်း ယွီနျန်က ရွှယ်ယုံ၏ နားလေးကို အမိအရ နမ်းကာ ခပ်ညစ်ညစ် မေးလိုက်သည်။
"ဒါဘာကြီးလဲ"
ရွှယ်ယုံ၏ ဆံပင်လေးများမှာ ဂျယ်ဖြင့် ပုံသွင်းထားခြင်း မရှိသဖြင့် သဘာဝအတိုင်း ပျော့ပျောင်းစွာ ကျဆင်းနေသည်။ သူ အိုးထဲမှ အရာများကို ငုံ့ကြည့်လိုက်ပြီး ရင်ဆိုင်ရန်ပင် ခက်ခဲနေသည့်အလား ချက်ချင်း အကြည့်လွှဲလိုက်သည်။
ရွှယ်ယုံက ယောက်မကိုင်ထားရင်း တစ်ခဏ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည်။
"စတိတ်ခ်"
သူ ယွီနျန်ကို ဝန်ခံရန်ပင် အနည်းငယ် ရှက်ရွံ့နေသဖြင့် ထပ်ပေါင်းပြောလိုက်ရသည်။
"နည်းနည်းတော့ ကျွမ်းနေတဲ့ပုံ ပေါ်သွားတယ်"
၎င်းက မီးသွေးနှင့် ပိုတူနေသော်လည်း ယွီနျန်မှာ စိတ်အားထက်သန်စွာ ပြန်ဖြေနေဆဲဖြစ်သည်။
"အတိအကျပဲ"
သူအကြံပြုလိုက်လေသည်။
"ကျွန်တော် ချက်ပေးရမလား"
အံ့သြဖို့ကောင်းစွာပင် ရွှယ်ယုံက အခိုင်အမာ ငြင်းဆိုလိုက်သည်။
"ကိုယ်ချက်မယ်... ကိုယ်မင်းကို စတိတ်ခ် လုပ်ကျွေးချင်လို့"
ယွီနျန်မှာ စိတ်ကြည်နေပြီး ပြောလိုက်သည်။
"ဒါဆို ကျွန်တော် သင်ပေးမယ်လေ"
တစ်နာရီခန့် ကြော်လှော်ပြီးသောအခါ စားပွဲပေါ်တွင် ဒယ်ပြားဖြင့် ကြော်ထားသော စတိတ်ခ်နှစ်ပန်းကန်ကို တည်ခင်းနိုင်ခဲ့သည်။ ယွီနျန်က ရွှယ်ယုံ ယူလာသော ဝိုင်နီကို ထည့်ရန်အတွက် ခွက်နှစ်ခွက် ယူလာခဲ့သည်။
ပန်းကန်များကို အတူတကွ ရှင်းလင်းဆေးကြောပြီးသွားသောအခါ ရွှယ်ယုံက ယွီနျန်၏ ခါးသွယ်သွယ်လေးကို ဖက်ကာ ပြောလိုက်သည်။
"နျန်နျန်"
ယွီနျန်က ဖန်ခွက်များကို ပြန်ထားလိုက်ပြီး လှည့်ကြည့်လိုက်သည်။ "ဟင်"
ရွှယ်ယုံက အတော်လေး စိတ်လှုပ်ရှားနေပုံပေါ်သည်။
" ကိုယ်တို့ အတူရှိတဲ့ 99ရက်မြောက်နေ့အတွက် ကိုယ်မင်းကို လက်ဆောင်တစ်ခု ပေးမယ်"
ရွှယ်ယုံ၏ ဦးဆောင်မှုနောက်မှတဆင့် စာကြည့်ခန်းထဲသို့ ဝင်လာကြသောအခါ ယွီနျန် သိလိုစိတ်ပြင်းပြစွာဖြင့် လျှောက်လာနေခဲ့သည်။
"ဘာများလဲ... အရမ်းလျှို့ဝှက်နေ..."
စားပွဲပေါ်မှ ပစ္စည်းများကို တွေ့လိုက်ရချိန်တွင် စကားလုံးများက လွင့်ပျောက်သွားလေပြီး နေရာမှာပင် အမှတ်တမဲ့ ခြေလှမ်းရပ်မိသွားကာ စကားတစ်ခွန်းမှ မပြောမိတော့ဘဲ အသေအချာစီရီထားသော ပစ္စည်းများကို စိုက်ကြည့်နေမိသည်။
သူ့လည်ချောင်း ခြောက်သွေ့လာပြီး ရွှယ်ယုံ၏ လက်ကို ဖျစ်ညှစ်မိသွားသည်။
"ဘယ်လို... ဘယ်လိုလုပ်ပြီး ခင်ဗျား..." သူ့စကား၏ နောက်ပိုင်းက ရုတ်တရက်ပင် စကားလုံးများဖြင့် ဖော်ပြရန် မစွမ်းသာ ဖြစ်လာခဲ့သည်။
စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် စီစဥ်ထားသော အရာများမှာ 'နွေဦးမှာယစ်မူးနေတဲ့မြင်းကဦးတည်ရာမဲ့လျှောက်သွားနေတယ်'ကို ဝယ်ယူရန်အတွက် ယွီနျန်ရောင်းချလိုက်ရသည့် မင်သွေးကျောက်တုံးနှစ်ခုနှင့် ရှေးဟောင်းစာအုပ် ငါးစုံ ဖြစ်နေသည်။
ယွီနျန် တုံ့ဆိုင်းနေပြီး စားပွဲအနားသို့ တဖြည်းဖြည်း ကပ်လာကာ အိမ်မက်လှလှလေးကို ဖျက်စီးမိရန် စိုးရိမ်နေသည့်အလား ဘေးနားမှာသာ ရပ်လိုက်သည်။ တစ်ခဏအကြာ ခရမ်းပြာရောင် မင်သွေးကျောက်တုံးကို ဂရုတစိုက် ထိလိုက်သည်။
သူ့ကိုယ်ပိုင်အသက်ရှူသံများပင် အနည်းငယ် တုန်ယင်လာသယောင် ခံစားလိုက်ရသည်။
ဘေးတွင် ရပ်နေသည့် ရွှယ်ယုံကို လှည့်ကြည့်လိုက်ရင်း ယွီနျန်အားတင်း၍ ပြုံးလိုက်ရသည်။
"ကိုယ်အစက ပစ္စည်းအားလုံး တွေ့တဲ့အထိ စောင့်ပြီးမှ ချက်ချင်း ပြန်ဝယ်လာပေးမယ်လို့ ကြံထားတာ"
ရွှယ်ယုံက ယွီနျန်၏ လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။
ယွီနျန်က မင်သွေးတုံးပေါ်မှ ပုံဖော်ထားသော အရာလေးများကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်ဆွဲနေရင်း ငြင်ငြင်သာသာဖြင့် ပြောလိုက်သည်။
"ဒီမင်သွေးတုံးတွေက တကယ့်ကို သက်တမ်းရင့်နေပြီ... ဘိုးဘိုး ပြောတာ ကျွန်တော့်အမေလည်း ကျွန်တော့်လိုပဲ တူမသုံးတတ်သေးတဲ့အရွယ်မှာတောင် စုတ်တံကို အရင်ကိုင်ခဲ့တာတဲ့... ကျွန်တော့်အမေ လက်ရေးလှကျင့်တော့ ဒီကျောက်တုံးကိုပဲ သုံးခဲ့တာ... နောက်ပိုင်း ကျွန်တော် လက်ရေးလှလေ့ကျင့်တော့လည်း မင်သွေးဖို့ ဒီကျောက်တုံးကိုပဲ သုံးခဲ့တာလေ...
တစ်ခါတလေ ဘိုးဘိုးက ကျွန်တော့်အမေအကြောင်း ပြောပြတတ်တယ်... မေမေ ငယ်ငယ်တုန်းက နူးညံ့လှတဲ့ ကျန်းဟွာ ရှောင်ခိုင် လက်ရေးမူ ဒါမှမဟုတ်ရင် သွယ်လျတဲ့ ရွှေရောင် စုတ်ချက်ကို မကြိုက်ခဲ့ဖူးတဲ့... အဲ့ဒီထက် ရိုးရှင်းပြီး အားပြင်းတဲ့ ထိုက်ရှန်ကျောက်တုံးထွင်းစာနဲ့ ပိန်ပါးပြီး ပြင်းထန်တဲ့ ဟန်လိကို သဘောကျတယ်တဲ့...
အဲ့အချိန်တုန်းက ဘွားဘွားက စိတ်ပူပြီး ဘယ်လိုလုပ်ကြမလဲ မေးလာတယ်တဲ့... ဒါပေမယ့် ကျွန်တော့်ဘိုးဘိုးက စာကြည့်ခန်းထိုင်ခုံမှာပဲ ထိုင်ပြီး အားရပါးရ ရယ်ပြီးတော့ ပြောတယ်.. 'ငါ့ရဲ့ချင်းရှန်း ယွီမိသားစုရဲ့ သမီးက ချင်စာအုပ်တွေနဲ့
ဟန်လိကို သဘောကျတာ ဘာမှားနေလို့လဲ'တဲ့"
“အဲ့ဒီအချိန်တုန်း စုတ်တံကိုင်လိုက်တိုင်း ကျွန်တော့်မေမေနဲ့ နီးနီးလေးမှာ နေနေရတယ်လို့ ခံစားရတယ်... အရမ်းနီးနီးလေးမှာလေ"