အပိုင်း ၁၃၇
Viewers 16k

Chapter 137

 အနာဂါတ်မှာ... ကိုယ်မင်းအတွက် စန္ဒယား တီးပြပေးမယ်



ယွီနျန်က မင်သွေးကျောက်တုံးများနှင့် ရှေးဟောင်းစာအုပ်များကို ဂရုတစိုက် စီလိုက်ပြီး လုံခြုံသွားအောင် သော့ခတ်ကာ ရွှယ်ယုံကို မော့ကြည့်၍ ပြောလိုက်သည်။ 


"ကျွန်တော်လည်း ခင်ဗျားအတွက် လက်ဆောင်ပြင်ထားတယ်"


သူက အိပ်ခန်းထဲရှိ အဝတ်ဗီရိုထဲမှ လေးထောင့်လက်ဆောင်ဘူးလေးကို ထုတ်ကာ ရွှယ်ယုံထံ ကမ်းပေးလိုက်ပြီးနောက် အားတက်သရော ပြောလိုက်သည်။ 


"ခင်ဗျား ဖွင့်ကြည့်ချင်လား"


ရွှယ်ယုံ အပြာဖျော့ရောင် ဖဲကြိုးလေးကို ဖြည်လိုက်ပြီး အဖုံး မကြည့်လိုက်ရာ တွေ့လိုက်ရသည်မှာ... အဖြူရောင်ဟူဒီနှစ်ထည်ကို ဘေးချင်းကပ်ထည့်ထားတာလား...


သူ မျက်တောင်များပင် မခတ်နိုင်တော့ဘဲ မရေမရာ မေးလိုက်သည်။ 


"ဒါ... စုံတွဲပစ္စည်းတွေလား"


ယွီနျန်က မျက်လုံးလေးများ ကွေးလာသည်အထိ ပြုံးပြလိုက်သည်။


 "ဒါပေါ့... စုံတွဲပစ္စည်းတွေပဲလေ... ကျွန်တော် သေသေချာချာ ရွေးထားတာ... တစ်ထည်က ခင်ဗျားဟာ... နောက်တစ်ထည်က ကျွန်တော့်ဖို့" 


သူက ပိုကြီးသည့် တစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်စုံအပါအဝင် အဝတ်အစားများကို ကမ်းပေးလိုက်သည်။


 "အတူတူ ဝတ်ကြရအောင်"


ရွှယ်ယုံက အနည်းငယ် ရှက်နေရင်း သဘောတူလိုက်သည်။ "အိုကေ" 


ငါးမိနစ်အကြာ နှစ်ယောက်သားက အဝတ်များလဲလိုက်ကြပြီးနောက် မှန်ရှေ့တွင် အတူတကွ ရပ်လိုက်ကြသည်။ ရွှယ်ယုံမှာ အနောက်တိုင်းဝတ်စုံနှင့် ရှပ်အင်္ကျီများမှလွဲ၍ အခြားအဝတ်အစားများ မဝတ်ခဲ့ရသည်မှာ အတော်လေး ကြာမြင့်ခဲ့လေပြီ။ သူသည်လည်း အနောက်တိုင်းဝတ်စုံ ကြယ်သီးများကို တင်းတင်းစေ့ကာ လည်စီး စည်း၍ သူ့ကိုယ်သူ တည်ငြိမ်ပြီး အာရုံစိုက်ထားရင်း အားလုံးသော လက်တွေ့မဆန်သည့် စိတ်ကူးများကို ဖြတ်ချထားခဲ့ရသည့် အသက်ဆယ့်ကိုးနှစ်အရွယ် သူကိုယ်တိုင်ကို ပြန်စဥ်းစားမိနေပုံပင်။ 


အဖြူရောင် ဟူဒီနှင့် ဂျင်းဘောင်းဘီကို အားကစားဖိနပ်များဖြင့် တွဲဝတ်ထားသည့် သူ့ကိုယ်သူကို ပြန်ကြည့်နေရင်းဖြင့် ရွှယ်ယုံ၏ မျက်နှာထက်တွင် ကိုယ်တိုင်ပင် သတိမထားမိပါဘဲ စိတ်အေးလက်အေး အမူအယာများ ပေါ်ထွက်လာသည်။ သူ စက္ကန့်အနည်းငယ်မျှ အတွေးနစ်သွားရသည်။ 


ယွီနျန်ကလည်း ရွှယ်ယုံကို ကြည့်နေရင်းဖြင့် မျက်ဝန်းများထက် အပြုံးများ ပြည့်နှက်လာခဲ့သည်။ သူ့ဘေးမှလူမှာ နှစ်ဆယ့်လေးနှစ် အရွယ်သာ ရှိသေးပြီး သူကိုယ်တိုင်ထက် နှစ်နှစ်သာ ပိုကြီးသူပင်။ စကားပြောမကောင်းဘဲ တစ်ခါတစ်ရံ အလွယ်တကူ ရှက်တတ်သေးသော်လည်း သူ့ကိုယ်သူ မျက်နှာဖုံးတစ်ခု တပ်ဆင်ထားကာ အခြားသူများက သူ့ကို အေးစက်ပြီး ချဥ်းကပ်ရ လွယ်ကူဟု ထင်တတ်ကြသည်။ 


ယွီနျန်က ရွှယ်ယုံ၏ ပုခုံးပေါ်မှ ဟူဒီ၏ ချုပ်ကြောင်းများကို ညှိပေးလိုက်ပြီးနောက် သူ့ဟူဒီ၏ တံဆိပ်ကို ဆွဲဆန့်ကာ မေးလိုက်သည်။


 "ကြည့်ကောင်းလား... ကျွန်တော်က အရွေးတော်တယ်မလား"


“အင်း... မင်းကြည့်ကောင်းနေတယ်... အရွေးတော်သားပဲ" ရွှယ်ယုံ ပြန်ဖြေလိုက်သည်။


ယွီနျန်က သူ့လက်များကို ရွယ်ယုံ၏ လည်တိုင်ထက် ယှက်သိုင်း၍ သူ့ပါးများကို တို့ထိလိုက်သည်။


 "ကျွန်တော်တို့ ဓါတ်ပုံတူတူ ရိုက်ကြမလား"


ရွှယ်ယုံမှာ မသိစိတ်မှ ယွီနျန်ကို ပြန်ထိန်းပေးထားရင်း မျှော်လင့်နေသော မျက်လုံးများကို မငြင်းဆန်နိုင်တော့ပေ။


 "ဒါပေါ့"


ယွီနျန်က အိပ်ရာထက်မှ ဖုန်းကို လှမ်းယူကာ ကင်မရာဖွင့်လိုက်ပြီးနောက် မှန်ကို ချိန်၍ ညွှန်ကြားလိုက်သည်။


 "ရွှယ်ယုံ... ခင်ဗျားလက်ကို ကျွန်တော့်ပုခုံးပေါ်တင်ထား... ဟုတ်တယ်... ဒီလိုမျိုးလေးပဲ... ကျွန်တော် ရိုက်တော့မယ်နော်... သုံး... နှစ်... တစ်"


“ကလစ်" ဓါတ်ပုံ ရိုက်ကူးသွားခဲ့သည်။ ပုံထဲတွင် နှစ်ယောက်သားက တစ်ထပ်တည်း တူသည့် အဝတ်အစားများ ဝတ်ဆင်ထားပြီး မတိမ်းမယိမ်း ဖြစ်နေသော အရပ်အမြင့်နှင့် ခြေတံရှည်များ ရှိနေကြသည်။ ယွီနျန်၏ အပြုံးများက ဖုန်းကိုင်ထားရင်း ကျယ်ပြန့်နေလေပြီး လက်ချောင်းများကို မြှောက်ကာ သမားရိုးကျ peace signလေး လုပ်ထားသည်။ ရွှယ်ယုံ၏ ခပ်ပွပွ ဆံနွယ်များက မျက်ခုံးထက် ဝဲကျနေပြီး အကြည့်များကလည်း ရင်ခွင်ထဲမှလူအပေါ် နူးညံ့စွာဖြင့် ကျရောက်နေကာ နှုတ်ခမ်းထက် အပြုံးဖျော့ဖျော့လေးလည်း ရှိနေခဲ့သည်။ 


ယွီနျန်က ဓါတ်ပုံကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ရွှယ်ယုံကို မေးလိူက်သည်။


 "ဒီပုံကို ကျွန်တော်တို့ရဲ့ 99ရက်မြောက် အမှတ်တရအနေနဲ့ ပုံထုတ်လိုက်ကြမလား"


ရွှယ်ယုံက ထုံးစံအတိုင်း ငြင်းပယ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ "ရတာပေါ့" ဖုန်းမျက်နှာပြင်ကို ကြည့်နေရင်း တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ 


"နျန်နျန်... ကိုယ်လည်း ကော်ပီတစ်ပုံ ရချင်တယ်"


“ရစေရမယ်" ယွီနျန်က ပုံကို ရွယ်ယုံထံ အလျင်အမြန် ပို့ပေးလိုက်သည်။ ထို့နောက် ရွှယ်ယုံတစ်ယောက် ထိုပုံကို ဖုန်း wallpaperအဖြစ် တိတ်တိတ်လေး ထားလိုက်သည်ကိုလည်း သတိပြုမိလိုက်သည်။ ရွှယ်ယုံမှာ ရှာတွေ့သွားမှာ စိုးသည့်အလား ဖုန်းမျက်နှာပြင်ကို သာမန်ကာလျှံကာ ပိတ်ကာ အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။


နောက်တစ်နေ့ နေ့လည်ပိုင်းတွင် ယွီနျန်တစ်ယောက် 'သီချင်းဆိုပါရစေ'၏ နောက်ဆုံးပိုင်းကို ရိုက်ကူးရန် ရောက်ရှိလာခဲ့သည်။ ၎င်းက နောက်ဆုံး ယှဥ်ပြိုင်မှု ဖြစ်သည့်အတွက် စတိတ်စင်ကို ထပ်ပြီး ပြင်ဆင်ရန်လိုအပ်နေပြီး ပစ္စည်းများကလည်း နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ ယွီနျန်က ထိုပစ္စည်းများကို ဂရုတစိုက် ရှောင်ရှားကာ စင်နောက်ပိုင်းနေရာကို ဝင်လာခဲ့သည်။ 


စွန်းမုန့်ဇယ်နှင့် ဝေလုတို့က သစ်သီးပန်းကန်တစ်ချပ် ကိုင်ထားရင်း စားနေကြသည်။ ယွီနျန်ကို မြင်သောအခါ သူတို့က လက်ဝှေ့ယမ်းကာ ပြောလာကြသည်။ 


"နျန်နျန်... လာလာ.. မင်းအတွက် သရက်သီးတွေ ချန်ထားတယ်... အရမ်းချိုတာနော်"


ယွီနျန်က သူတို့အနားသို့ လျှောက်လာနေရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ သူက ခက်ရင်းလေးတစ်ခုကို သုံး၍ သရက်သီးအတုံးအကြီးကြီးနှစ်တုံးကို ယူစားလိုက်သည်။ ပိုင်ယန် တစ်ယောက် နံဘေးတွင် တိတ်တဆိတ် ရပ်နေပြီး ထူးဆန်းနေပုံရသည်ကိုလည်း သူ သတိပြုမိသွားသည်။ 


"အစ်မပိုင်ယန်... မစားဘူးလား" 


စွန်းမုန့်ဇယ်က ပန်းသီးများကို မျိုချကာ လက်မြှောက်ပြလိုက်သည်။ 


"ငါသိတယ်... ငါသိတယ်... သူ ပွဲတက်ဝတ်စုံဝတ်ပြီး ပွဲတစ်ခု တက်ခဲ့ရသေးတယ်လေ... သူ့ရဲ့ ပြန်ပြင်မထားတဲ့ပုံတွေ အတင်ခံလိုက်ရတော့ လူတွေက သူ့ကို ဝနေတယ်ဆိုပြီး ဟာသလုပ်ကြတာ"


ပိုင်ယန်က စွန်းမုန့်ဇယ်ကို စိုက်ကြည့်လိုက်ပြီး စိတ်ဆိုးသွားပုံပေါ်သည်။ သူမက ကုန်းကာ သစ်သီးစိတ်များစွာကို အောင်မြင်စွာ စားလိုက်သည်။


 "ဘယ်မှာ ဝလို့လဲ... ကျွန်မ မဝပါဘူးနော်"


ယွီနျန် ပြုံးလိုက်သည်။

 "ဟုတ်တယ်..

အစ်မပိုင်ယန်က အရမ်းလှနေပြီးသား"


မကြာခင် သစ်သီးတစ်ပန်းကန်လုံး အပြောင်ရှင်းသွားသည်။ စတူဒီယိုကလည်း အလင်းအမှောင်နှင့် အသံများကို စတင် စမ်းကြည့်နေကြလေပြီ။ စွန်းမုန့်ဇယ်က တံခါးအနားသို့ ထသွားကာ ထိုင်ချလိုက်ရင်း မေးလိုက်သည်။ 


"သူတို့တွေ ဒီနေ့ ဖိုင်နယ်ညအတွက် ထိပ်ဆုံးသုံးယောက်ကို အဆင့်တွေပါ စီစဥ်ထားမှာတော့ မဟုတ်လောက်ပါဘူးနော်"


ဝေလု ခေါင်းယမ်းပြလိုက်သည်။


 "ငါထင်တာတော့ သူတို့က လွန်ခဲ့တဲ့နှစ်တွေမှာ ရင်ဆိုင်ခံခဲ့ရတာဆိုတော့ သူတို့ကိုယ်သူတို့ နည်းနည်းလောက်ထိန်းပြီး ရလဒ်တွေကို မစီစဥ်ထားလောက်တော့ဘူး... ထိပ်ဆုံးပြိုင်ပွဲဝင် သုံးယောက်ကလည်း ကုမ္ပဏီတွေနဲ့ လက်မှတ်ထိုးပြီးသားဆိုတော့ သူတို့ရဲ့ တစ်ကိုယ်တော် သီချင်းတွေ မထွက်ခင် ရှိုးလွှင့်မှာကို စောင့်နေရုံပဲ" 


“အင်း... ရိုးရိုးသားသား ပြောရရင် talent showတွေမှာ အဆင့်သတ်မှတ်ချက်တွေဆိုတာ နောက်ပိုင်းအောင်မြင်မှုတွေအတွက် သိပ်အရေးမပါပါဘူး" 


ပိုင်ယန်က သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ရာ သူမ၏ လည်သည်းများထက်မှ တလက်လက်အမှုန်လေးများက လက်လက်ထသွားလေသည်။ 


"ဒါပေမယ့် ကံကောင်းလို့ ဖိုင်နယ်ကို ကြိုစီစဥ်မထားတော့ စိတ်လေးအေးသွားရပြီ"


သူတို့ လေးယောက်လုံး ရယ်မောလိုက်ကြသည်။ 


သူတို့တစ်ယောက်ချင်းစီက ပရိုဂရမ် အချိန်စာရင်းကို ကြည့်လိုက်ကြပြီး ပိုင်ယန်က တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားခဲ့လေသည်။ သူမက ယွီနျန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


 "စကားမစပ်လေ... အစ်မ မင်းကို ပြောရမလား မပြောရဘူးလား စဥ်းစားနေတာ... ယွီချင်းက မင်းရဲ့အစ်မမို့လား"


ယွီနျန်က လက်ထဲမှ အချက်အလက်များကို ပြန်ပိတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်"


"ငါ သူ့ကို နှစ်ခါလောက် တွေ့ဖူးပေမယ့် မရင်းနှီးဘူးလေ... ဒါကြောင့်မို့ သူ့ဆီတန်းပြီး ချဥ်းကပ်ရမှာ သက်တောင့်သက်သာ မရှိလို့... ငါ့သူငယ်ချင်းတစ်ယောက်က ပြောတယ်... မိန်းမတစ်ယောက်က ယွီချင်းရဲ့ နောက်ကွယ်မှာ သူ့ကို တော်တော်လေး သိတဲ့ပုံစံနဲ့ မကောင်းတဲ့ကောလဟာလတွေ ဖြန့်နေတယ်တဲ့... သူ့ကိုကြည့်ရတာ အတော်လေး ယုံကြည်ချက်ရှိနေပုံပဲ... သူ့နောက်မှာ ဘာနောက်ခံ ရှိနေလို့လဲတော့ မသိဘူး"


ပိုင်ယန်က ယွီနျန်၏ သီချင်းများက သူမကို နေ့ချင်းညချင်း ကျော်ကြားလာစေရန် ကူညီပေးခဲ့သည်ကို အမှတ်ရခဲ့ပြီး ရှိုးမှ လုပ်ဆောင်ချက်များက သူမအား ထိုသူက လူကောင်းတစ်ယောက် ဖြစ်ကြောင်း ခံစားလာရစေသည်။ ထို့ကြောင့် ကွယ်ဝှက်မနေတော့ဘဲ ဆက်ပြောလိုက်သည်။


 "အစ်မ အမြဲတမ်း တစ်ခုခု မှားနေပြီလို့ ခံစားနေရတာ... ဒီလောကထဲက လူတိုင်းက သတိကြီးကြီးထားပြီး သိုဝှက်တတ်ကြတယ်လေ... မင်းအစ်မကို သတိပေးသင့်တယ်ထင်တယ်"


ဦးလေးရှန်း၏ ဘေးမှ ကိစ္စများနှင့် ယွီချင်းထံမှ သူ့တွဲဖက် ပြောင်းလဲသွားသည့် အကြောင်း ကြားထားပြီးသား ဖြစ်သည့် ယွီနျန်က အခြေအနေကို သတိပြုမိလိုက်သည်။ သူက ပိုင်ယန်၏ စိုးရိမ်ပေးမှုကို ကျေးဇူးတင်လိုက်ပြီး ပြန်ဖြေလိုက်သည်။


 "ကျေးဇူးပါ အစ်မပိုင်ယန်... ကျွန်တော့်မမကို သေချာပေါက် သတိပေးလိုက်ပါ့မယ်"


ပထမဆုံး အစမ်းလေ့ကျင့်မှု ပြီးဆုံးသွားသောအခါ ယွီနျန်က ယွီချင်းကို ဖုန်းခေါ်၍ ပိုင်ယန် ပြောခဲ့သမျှ အရာတိုင်းကို ပြန်ပြောပြလိုက်သည်။


၎င်းကို ကြားသောအခါ ယွီချင်း ပေါက်ကွဲထွက်သွားလေသည်။ 


"အဲ့ဒီမိန်းမက ငါ့ကို အလွယ်တကူ ပစ်မှတ်ထားလို့ ရတယ်လို့ တကယ်ထင်နေတာလား... ရှန်းမိသားစု အိမ်တံခါးကို ခြေမချရသေးတာတောင် ငါ့ကို ပထုတ်ဖို့ ကြံနေပြီ... ငါကပဲ သူ့ရဲ့ အနာဂါတ်သားလေးကို လမ်းပိတ်နေတဲ့ပုံစံနဲ့"


ယွီနျန်က ယွီချင်းနှင့်အတူ ကစားရင်း ကြီးပြင်းလာသူဖြစ်၍ ရှန်းမိသားစု အရေးကိစ္စများကို အတိုင်းအတာတစ်ခုလောက်ထိ သိနေခဲ့သည်။ ရှန်းမိသားစုက ကြီးမားပြီး လွှမ်းမိုးမှုရှိကာ ယွီချင်းက တစ်ဦးတည်းသောသမီးဖြစ်၍ သူမက အနာဂါတ်တွင် မိသားစုစီးပွားရေးကို ဆက်ခံမည့်သူဟု သတ်မှတ်ခံထားရသည်။ သီချင်းဆိုခြင်းနှင့် သရုပ်ဆောင်ခြင်းမှာ သူမ၏ စိတ်ဝင်စားရာ အလုပ်များသာ ဖြစ်သည်။ ယွီချင်းက အခြားသူများ သူမကို "ရှန်း"ဟူသော နာမည်ဖြင့် ခေါ်ဝေါ်ကြမည်ကို မလိုလားပေ။ သို့မဟုတ် ရှန်းမိသားစု၏ အဆက်အသွယ် ဟူသမျှကို မလိုချင်ခဲ့ပေ။ ထို့ကြောင့် သူမက ပွဲဦးထွက်ကတည်းက သူမ၏ ဖြစ်တည်မှုကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သို့သော်ငြား သူမ၏ ပုံမှန် အပြုအမူများက သိုသိပ်ထားခြင်း မဟုတ်လေရာ ဤလောကထဲမှ လူများစွာက သူမ၏ နောက်ခံကို ခန့်မှန်းထားမိပြီးသား ဖြစ်သည်။ 


အတိတ်တွင် ဦးလေးရှန်း၏ ချစ်သူအချို့က ချမ်းသာသော မိသားစုထဲသို့ လက်ထပ်ဝင်ရောက်နိုင်ရန်အတွက် ယောကျ်ားလေးဆက်ခံသူ တစ်ယောက် မွေးပေးရန် စဥ်းစားခဲ့ကြသည်။ 


“သူက ငယ်ပေမယ့် ဥာဏ်များတယ်ဟဲ့... သူက ငါ့အဖေကို သမီးတွေဆိုတာ လက်ထပ်ပြီးသွားရင် မျိုးရိုးမတူတဲ့ ကလေးတွေ ရလာမှာလို့ ပြောခဲ့တာလေ... ပြီးတော့ ပြောသေးတယ်... ငါက ဖျော်ဖြေရေးလောကထဲမှာ ဂုဏ်သတင်း သိပ်မကောင်းတော့ ရှန်းမိသားစုရဲ့ နာမည်ကို သေချာပေါက် ဖျက်ဆီးစေလိမ့်မယ်တဲ့... ကြည့်ရတာ သူက ငါ့အဖေကို မိသားစုထဲကနေ ငါ့ကို ထုတ်ပစ်စေချင်နေတဲ့ပုံပဲ"


ယွီနျန်က သူမကို မြန်မြန် နှစ်သိမ့်ပေးလိုက်သည်။ "မမ... ဒေါသမထွက်ပါနဲ့... ဒေါသထွက်ပါများရင် အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ်"


အသက်ပြင်းပြင်း ရှူပြီးနောက် ယွီချင်းက အနည်းငယ် စိတ်ငြိမ်သွားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။


 "အဲ့ဒီ ဥာဏ်များတဲ့ မြေခွေးမတွေတင် ငါ့ကို ဒေါသထွက်အောင် လုပ်တာမဟုတ်ဘူး... အဓိကက ငါ့အဖေကြောင့်ပဲ... ငါ့အမေဆုံးပြီးကတည်းက သူအရမ်းပြောင်းလဲသွားတာ... ငါနားလည်ပါတယ်... ဒါပေမယ့် သူ့ကို မလေးစားနိုင်တော့ဘူး" 


ယွီချင်းက သူမ၏ ပုံမှန်လေသံကို ပြန်ရောက်လာပြီးနောက် ပြောလိုက်သည်။ 


"ပိုင်ယန်ကို ငါ့အစား ကျေးဇူးတင်စကား ပြောပြီး ဘာတွေ ဖြစ်နေလဲ ငါသိတယ်ဆိုတာ ပြောလိုက်ပါဦး... အဲ့ဒီ မြက်ခင်းစိမ်းမတွေ မြင့်မြင့် မခုန်နိုင်ပါဘူး"


"ဟုတ်... ကျွန်တော် ပြန်ပြောပြပေးလိုက်မယ်"


ထို့နောက် ယွီချင်းက ယွီနျန်၏ အစီအစဥ်များကို ဆက်မေးလေသည်။ " 'သီချင်းဆိုပါရစေ'က ပြီးတော့မှာမလား... နောက်ကျရင် ဘာတွေ လုပ်ဖို့ စီစဥ်ထားလဲ"


“ကျွန်တော် ရသစုံရှိုးအများကြီးကနေ ဖိတ်ကြားမှုတွေ ရထားတယ်... ဒါပေမယ့် အစ်ကိုမုန့်က အဲ့ဒါတွေထဲက တချို့လောက်က မအောင်မြင်နိုင်လောက်ဘူးလို့ ထင်လို့ ရွေးနေတုန်းပဲ... သင့်တော်တာမရှိရင် သီချင်းရေးဖို့နဲ့ အယ်လ်ဘမ်အသစ် ထုတ်ဖို့အပေါ်မှာပဲ အာရုံစိုက်ထားလိုက်တော့မယ်... အယ်လ်ဘမ် ထွက်တာနဲ့ ဖျော်ဖြေပွဲအတွက် စပြီး ပြင်လို့ရပြီ... ကျွန်တော်တကယ် liveဆိုရမှာကို သဘောကျတယ်"


"အင်း... နင်က ကြိုတောင် စဥ်းစားထားပြီးပြီပဲ" ယွီချင်းက တီးတိုးရယ်မောလိုက်သည်။ 


"အင်းပါ... ဖျော်ဖြေပွဲလုပ်ရင် ဧည့်သည်အဆိုတော် အလကား လာလုပ်ပေးမယ်" 


ယွီနျန် ရယ်မောလာသည်။ 

"မမ... ဒါကို မှတ်ထားလိုက်ပြီနော်"


"သက်သေသိမ်းထားတာ ရှိနေသ၍ ငါ့ကတိကို ပြန်မရုတ်ပါဘူးဟယ်"


တတိယမြောက်ညတွင် 'သီချင်းဆိုပါရစေ'၏ နောက်ဆုံးပိုင်းကို အောင်မြင်စွာ ရိုက်ကူးပြီးစီးခဲ့လေပြီ။ ပရိုဂရမ်အဆုံးသတ်တွင် ယွီနျန်က အကဲဖြတ်ဒိုင်နေရာတွင် ထိုင်နေရင်း တင်ဆက်သူက မေးလာခဲ့သည်။


 "ကျွန်တော်တို့ရဲ့ အကဲဖြတ်ဒိုင်လူကြီး လေးဦးကလည်း ဒီပြိုင်ပွဲဝင်သုံးယောက်ကို ပြောချင်တဲ့စကားတွေများ ရှိမလား"


ယွီနျန်က နောက်ဆုံး ပြောရသူ ဖြစ်သည်။ သူက မိုက်ခရိုဖုန်းကို ကိုင်ထားရင်း ဒုက္ခတွေ့နေလေ၏။ 


"ရှေ့က အကဲဖြတ်ဒိုင်သုံးယောက်က ကျွန်တော် ပြောချင်တာ အားလုံးကို ပြောသွားကြပြီးသား ဖြစ်နေတယ်"


ပရိတ်သတ်များထံမှ ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ 


တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယွီနျန် ပြောလိုက်သည်။ 


"ရိုးရိုးရှင်းရှင်းပဲ ပြောပါရစေ" 

သူ ပြုံးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ 


"အခုကစပြီးတော့ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြပါပြီ... မင်းတို့ သုံးယောက်လုံး တောက်ပတဲ့အနာဂါတ်ကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"


စတူဒီယိုမှ ထွက်လာကြသောအခါ အပြင်ဘက်တွင် မှောင်မဲ၍ နေလေပြီ။ အစမ်းလေ့ကျင့်မှုနှင့် ပရိုဂရမ် ရိုက်ကူးရေး နှစ်ခုလုံးက အချိန်ကြာသွားခဲ့၍ ယွီနျန်လည်း အတော်လေး ပင်ပန်းနေခဲ့သည်။ သူက အနားယူသည့် နေရာတွင် တစ်ယောက်တည်းထိုင်နေပြီး တစ်ခဏမျှ အတွေးနစ်နေခဲ့သည်။


ရှစ်ရော့ အခန်းကို ရှင်းလင်းနေရင်း တစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့သည်။ သူမက ရှေ့တိုး၍ တံခါးဖွင့်ပေးလိုက်ရာ မျက်စိတစ်ခတ်အတွင်း အပြင်ဘက်မှလူကို တွေ့လိုက်ရသည်။ သူမ ယွီနျန်ကို ပြောလိုက်သည်။


 "နျန်နျန်... မိန်းကလေး တင်းဝေ့ရယ်"


ယွီနျန်က အတွေးနစ်နေရာမှ ပြန်အသိဝင်လာပြီး ထရပ်ကာ ပြောလိုက်သည်။


 "ဝင်လာခိုင်းလိုက်ပါ"


"ကောင်းပြီလေ" ရှစ်ရော့က သူမအတွက် လမ်းဖယ်ပေးလိုက်ပြီး တင်းဝေ့ ဝင်လာသောအခါ တံခါးကို တစ်ဝက်ပွင့်နေကြောင်း သေချာစေပြီးမှ ဖုန်းကို လျှို့ဝှက်စွာ ဖွင့်လိုက်ပြီး ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားလိုက်သည်။ 


မထင်မှတ်ထားစွာပင် တင်းဝေ့က အနက်ရောင် ကိုယ်ကျပ်ဂါဝန်လေးကို မီးခိုးရောင် မိတ်ကပ်ဖြင့် ဆင်ယင်ထားသည်။ သူမက ယွီနျန်နှင့် ခြေနှစ်လှမ်းစာ အကွာတွင် ရပ်လိုက်ပြီး ဦးညွှတ်ကာ ကျဆင်းလာသော ဆံပင်များကို နားနောက်တွင် ညှပ်လိုက်သည်။ သူမက ပြုံး၍ ပြောလိုက်လေသည်။


 "ယွီနျန်လောင်ရှီး... ကျွန်မ တတိယနေရာရတယ်"


ယွီနျန်က အနည်းငယ် ရှုပ်ထွေးနေပါသော်လည်း ယဥ်ယဥ်ကျေးကျေးပြုံး၍ ပြောလိုက်သည်။ "ဒီတစ်ခေါက် မင်းရဲ့ ဖျော်ဖြေမှုက အရမ်းကောင်းတယ်... ပြီးတော့ မင်းရဲ့အဆိုဟန်ကလည်း ပြိုင်ဘက်ကင်းတဲ့ လက္ခဏာရပ်တွေ ရှိပြီးသားပဲလေ... ပိုင်ယန် ပြောသလိုဆိုရင် ဂီတလောကထဲမှာ မင်းလို အမျိုးသမီးအဆိုတော်တွေ ရှားပါးနေတယ်... အချိန်ကျလာရင် မင်းက သေချာပေါက် အားကောင်းတဲ့ တွန်းအားတစ်ခု ဖြစ်လာမှာပါ"


“ချီးကျုးပေးလို့ ကျေးဇူးတင်ပါတယ်.. ယွီနျန်လောင်ရှီး" တင်းဝေ့က လက်သီးတင်းတင်း ဆုပ်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမက တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ 


"တကယ်တော့ ကျွန်မရဲ့ လာရင်း ရည်ရွယ်ချက်က လောင်ရှီးကို ကျေးဇူးတင်စကား ပြောဖို့ပါ... ပြီးတော့ ကျွန်မ ချင်းယွီ အင်တာတိန်းမန့်နဲ့ လက်မှတ်ထိုးလိုက်ပြီ ဆိုတာကို ပြောပြချင်လို့... မန်နေဂျာကလည်း အရမ်း ကောင်းတယ်... ကျွန်မအတွက် လုပ်ပေးထားတဲ့ တိုးတက်ရေး အစီအစဥ်တွေကိုလည်း ကြည့်ပြီးသွားပြီ... အတော်လေး စိတ်ရင်းပါတယ်လို့ ထင်တယ်"


နှစ်စက္ကန့်မျှ နေရခက်စွာ မတ်တပ်ရပ်နေပြီးနောက် တင်းဝေ့၏ စကားများက အလျင်အမြန် ထွက်လာခဲ့သည်။


 "ပြီးတော့... အဲ့ဒီတစ်ခေါက်တုန်းက ကျွန်မ လုပ်မိခဲ့တဲ့ အပြုအမူကိုလည်း တောင်းပန်ချင်လို့ပါ"


သူမက ပြောပြီးသွားသည်နှင့် ချက်ချင်း ပြေးထွက်သွားသဖြင့် သူမ၏ ပုံရိပ်က ပျောက်ကွယ်သွားလေတော့သည်။ 


ရှစ်ရေ

ာ့က မည်သူမှ မရှိတော့သော တံခါးဝကို ကြည့်ကာ ဆွံ့အနေသည်။


 "သူက ဒီလိုပဲ ထွက်သွားတော့တာလား"


ယွီနျန် ပြုံးလိုက်သည်။ 


"သူပြောချင်တာအားလုံး ပြောပြီးသွားတော့ ကျွန်တော့်ရဲ့ တုံ့ပြန်မှုကိုလည်း မလိုအပ်လို့လေ"