အပိုင်း ၁၃၉
Viewers 16k

Chapter 139

နျန်နျန် မင်းတော့ သတင်းတွေထဲ ပါလာပြန်ပြီ



ယွီနျန်က မျက်လုံးများကို အရှေ့ဘက်တွင်သာ မြဲမြံထားစေရင်း ရွှယ်ယုံနောက်မှ လိုက်လာခဲ့သည်။ ပါတီ၏ အိမ်ရှင်ကျင်းပသူကို နှုတ်ဆက်ပြီးသွားသောအခါ ဧည့်ခန်းမထဲမှ ဆိုဖာများပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။ ဝိတ်တာတစ်ယောက်က အဖျော်ယမကာများနှင့် ဆေးပြင်းလိပ်ဗန်းတစ်ခု ယူလာပေးပြီး အနီးအနားရှိ စားပွဲဝိုင်းကြီးပေါ် တိတ်တဆိတ် ချပေးလိုက်သည်။ 


လူအုပ်စုများက အသံတိုးတိုးဖြင့် စကားပြောဆိုနေကြပြီး အခြားသူများက ကပွဲခန်းမ၏ အလယ်တွင် ဂီတသံစဥ်များနှင့် စီးမျောရင်း တငြိမ့်ငြိမ့် ကနေကြသည်။ ညရှစ်နာရီတိတိအချိန်တွင် ဂျီယိုဗန်နီက ဝိုင်နီတစ်ခွက်ကိုင်ကာ ထိပ်ဆုံးဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။


အခြားလေလံပွဲနှင့် မတူပါဘဲ ပစ္စည်းများအပေါ် ကွေ့ဝိုက်မိတ်ဆက်နေခြင်းမျိုး မရှိဘဲ လုပ်ငန်းစဥ်ကလည်း သာမန်သာ ဖြစ်သည်။ လေလံပစ်သူကပင် ပရော်ဖက်ရှင်နယ်တစ်ယောက် မဟုတ်ဘဲ ဧည့်သည်များထဲမှ တစ်ယောက်သာ ဖြစ်သည်။ 


ပစ္စည်းအများစုမှာ တန်ဖိုးမဖြတ်နိုင်သည့် စုဆောင်းမှု လက်ဝတ်ရတနာများ၊ နာမည်ကြီး ပန်းချီဆရာများ၏ ပန်းချီကားချပ်များ၊ ခြောက်လုံးပြူးနှင့် စစ်တပ်သုံး ပစ္စည်းများစွာ၊ အမွေးသန့် မြင်းပေါက်လေးများနှင့် သတ္တုကြောတစ်ကြောပင် ပါသေးသည်။ 


ရွှယ်ယုံက ယွီနျန်၏ နံဘေးတွင် ထိုင်နေရင်း တီးတိုးပြောလိုက်သည်။


 "ဒီနေရာက လူအများစုက စိန်တွေ လက်ဝတ်ရတနာတွေကိုပဲ စိတ်ဝင်စားကြတယ်... ကြေးနီသတ္တုစပ် လက်မှုပစ္စည်းတွေကို လေလံဆွဲတာက သိပ်ပြီး မကျပ်လောက်ဘူး"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ ယဥ်ကျေးမှု အမွေအနှစ်များက တစ်ခါတစ်ရံတွင် နိုင်ငံ၏ ပြယုဒ် ဖြစ်နေသဖြင့် မည်သည့်စိတ်မချမ်းမသာ ဖြစ်မှုကိုမှ မခံစားရပါပေ။ အခြားစကားဖြင့် ပြောရသော် လေလံဆွဲသူနည်းခြင်းက သူ့အတွက် တစ်ပန်းသာစေနိုင်သည်။


ရှားပါးသော ပန်းရောင်စိန်ကို စျေးမြင့်မြင့်ဖြင့် ရောင်းချပြီးနောက် ချန်ဖန့်ဇွင်းကို လေလံတင်သည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။ ရွှယ်ယုံမှန်းထားသည့်အတိုင်း ကျွန်းနိုင်ငံတစ်ခုမှ စုဆောင်းသူတစ်ယောက်နှင့် ငှက်မွေး ယပ်တောင် ကိုင်ထားသည့် အဆင့်အတန်းမြင့် အမျိုးသမီးကြီးတစ်ယောက်သာလျှင် လေလံဝင်ဆွဲကြသည်။ 


စျေးနှုန်းက ဒေါ်လာ18သန်းထိ ရောက်လာသောအခါ တစ်ဖက်က တပ်ဆုတ်သွားခဲ့သည်။ ဒေါ်လာသန်း20ထိ မြင့်တက်လာသောအခါ ကျွန်းနိုင်ငံမှ စုဆောင်းသူက တွန့်ဆုတ်နေသည့် ပုံပေါ်လာပြီး ဘုတ်ပြားကို ထပ်မမြှောက်တော့။


တစ်ဖက်လူက သူတို့ဘက်သို့ ကြည့်လာသည်ကို မြင်သောအခါ ယွီနျန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ 


ထိုအခိုက် သူ့နှာခေါင်းထိပ်မှ ပန်းတို့၏ ရနံ့များသည်ပင် ပြင်းထန်လာသလို ခံစားလိုက်ရသည်။


သူ ရွှယ်ယုံကို တိုးတိုးလေး ကပ်ပြောလိုက်သည်။


 "ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပြီးသား... လေလံစျေး အရမ်း မြင့်သွားရင် ခင်ဗျားဆီက ပိုက်ဆံချေးဖို့ အသင့်ပြင်ထားတာ" 


ရွှယ်ယုံက CPဆောင်းပါးများတွင် ဖတ်ထားခဲ့ဖူးသည့် တူညီသော ဇာတ်ကွက်တစ်ခုကို တွေးမိသွားပြီး မနေနိုင်ဘဲ စောင့်မျှော်မိသွားလေသည်။ 


ယွီနျန် ပြောလိုက်သည်။


 "ဒီတစ်ကြိမ်တော့ လေလံအောင်ပြီးတာတောင် ငွေနည်းနည်းလောက် ကျန်နေဦးမယ်လို့ မထင်ထားခဲ့ဘူး"


ရှင်းယောင်အင်တာတိန်းမန့်တွင် သူတို့ ပထမဆုံး တွေ့ခဲ့ကြစဥ်က ယွီနျန်၏ စကားများကို ပြန်စဥ်းစားမိသွားသောအခါ ရွှယ်ယုံ မေးလိုက်သည်။ 


"မင်းက မှာစားရတဲ့ အစားအသောက်တွေတောင် မတတ်နိုင်ခဲ့ဘူးဆို"


ယွီနျန်က ရိုးရိုးသားသား ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအချိန်များကို ပြန်စဥ်းစားမိသောအခါ ခက်ခဲလှသည်ဟုလည်း မခံစားရပေ။ သူ ပြုံး၍ ပြောလိုက်သည်။ 


"အင်း... အဲ့ဒီအချိန်တုန်းက ကျွန်တော် တကယ် မှာစားဖို့ကို သိပ်မတတ်နိုင်ခဲ့ဘူး... ခင်ဗျားပေးခဲ့တဲ့ အဆာသွပ်မုန့်တွေကို မနက်စာအဖြစ် ရက်ပေါင်းများစွာ စားခဲ့ရတာ မှတ်မိပါသေးတယ်"


လေလံပွဲက တစ်ဝက်တပျက်သာ ရှိနေသေးပြီး ဆက်သွားနေဆဲ ဖြစ်သော်လည်း ယွီနျန်တစ်ယောက် လေလံအောင်ထားသော ပစ္စည်းကို စစ်ဆေးရန် ဖင်တကြွကြွ ဖြစ်နေကြာင်းကို သိနေသည့် ရွှယ်ယုံက အကြာကြီးဆက်နေရန် မရည်ရွယ်ထားပေ။ 


ပွဲကျင်းပသူကို နှုတ်ဆက်စကားပြောပြီးနောက် ထွက်လာခဲ့ကြသည်။ ထည့်စရာဘူးဖြင့် ထည့်ထားသည့် ချန်ဖန့်ဇွင်းကို အတူပါလာသော ဘော်ဒီဂတ်များက သယ်သွားပေးပြီးသား ဖြစ်သည်။


ကားစက်နှိုးပြီး မွန်တီမိသားစု အိမ်တော်မှ ထွက်လာကြသောအခါ ကျယ်လောင်သော "ဝုန်း"ဟူသည့် အသံတစ်ခု ထွက်ပေါ်လာပြီး မီးခိုးလုံးနှင့် မီးတောက်များက အိမ်တော်၏ ကောင်းကင်ယံထက်သို့ လိမ့်တက်လာခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့်အခိုက်တွင် ရွှယ်ယုံက ယွီနျန်၏ နားများကို အလျင်အမြန် လာအုပ်ပေးခဲ့လေသည်။ 


ဒရိုင်ဘာက ကားကို လေးဆယ်ဒီဂရီလှည့်လိုက်ပြီး နောက်ခန်းတွင် လိုက်ပါလာကြသူများကို ကားပြတင်းမှတဆင့် အခြေအနေများကို မြင်တွေ့စေခဲ့သည်။ ရွှယ်ယုံ ဆုံးဖြတ်လိုက်သည်။ 


"ပေါက်ကွဲမှုက ပွဲအခမ်းအနားနေရာမှာ ဖြစ်တာ မဟုတ်ဘူး... ဒါပေမယ့် အဲ့ဒီနေရာနဲ့တော့ သိပ်မဝေးလှဘူး... နောက်ဖေးခြံဝင်းနဲ့ နီးတဲ့နေရာမှာ ဖြစ်မယ်"


ယွီနျန်မှာ အကြောက်တရားများ ခိုတွဲနေဆဲ ဖြစ်သည်။ "မိသားစုအတွင်းပိုင်း ရန်ပွဲမဟုတ်ဘူးလား" မတိုင်မီက ကွယ်လွန်သွားသည့် အစ်ကိုဖြစ်သူ၏ တစ်ဦးတည်းသောသားမှာ အရွယ်ရောက်တော့မည် ဖြစ်ပြီး ထိုသား၏ အဖေဖြစ်သူကို သတ်ဖြတ်ခဲ့သည့် ဦးလေးဖြစ်သူက မိသားစု စည်းစိမ်နှင့် အာဏာတို့ကို ဆုပ်ကိုင်ထားသည်ဟု ရွှယ်ယုံ ပြောခဲ့ဖူးသည်ကို အမှတ်ရသွားသည်။ နှစ်ဖက်လုံးက ရန်စရန် သေချာနေကြပေသည်။ 


“ဖြစ်နိုင်တယ်" ရွှယ်ယုံက အကြည့်လွှဲလိုက်ပြီး ယွီနျန်၏ လက်ကို ကိုင်၍ ဒရိုင်ဘာကို ဆက်မောင်းရန် ညွှန်ကြားလိုက်သည်။


နောက်တစ်ရက်တွင် တရားဝင်သတင်းများက မနေ့က ညနေပိုင်းတွင် မွန်တီမိသားစုအိမ်တော်၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဂတ်စ်ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ထုတ်ပြန်လာသည်။


သို့သော်လည်း ယုံကြည်ရသောအရင်းအမြစ်များမှ ထိုဂျီယိုဗန်နီ မွန်တီမှာ ထိုညမှာပင် ဧည့်ခန်းမထဲ၌ သေဆုံးသွားခဲ့ပြီး မွန်တီမိသားစုတွင် အိမ်တော်သခင်အသစ် ရှိလာပြီ ဖြစ်ကြောင်း ထုတ်ဖော်ထားသည်များလည်း ရှိနေခဲ့သည်။ နောက်ဆက်တွဲသတင်းများအရ စုဝေးပွဲရှိ မည်သည့်ဧည့်သည်ကမှ ထိခိုက်မသွားသော်လည်း များစွာသော လေလံတင်ပစ္စည်းများမှာ အနည်းနှင့်အများ ထိခိုက်သွားကြသည်ဟုလည်း ဆိုကြသည်။ 


ယွီနျန်က လုံခြုံစွာ ရှိနေသေးသော ချန်ဖန့်ဇွင်းကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။


ထိုနိုင်ငံထဲတွင် အချိန်အကြာကြီး မနေခဲ့ဘဲ သူတို့လူစုက ထိုနေ့ နေ့လည်မှာပင် အမိမြေသို့ ပြန်ရောက်လာကြသည်။ လေယာဥ်ဆိုက်ရောက်သည်နှင့် ယွီနျန်တစ်ယောက် အိပ်ချင်မူးတူးဖြင့် သမ်းဝေလိုက်ချိန်မှာပင် မုန့်ယွမ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။


"နျန်နျန်... မင်းအခု သတင်းကြီးတွေထဲ ရောက်နေပြန်ပြီ"


ယွီနျန်က အိမ်ချင်နေသော မျက်လုံးများကို တဖျတ်ဖျတ်ခတ်ကာ ပဟေဠိ ဖြစ်သွားလေသည်။


 "ဒါပေမယ့် ဒီရက်ထဲ ကျွန်တော် ဘယ်ထုတ်ပြန်ချက်မှ မလုပ်ခဲ့ဘူးလေ... ဟုတ်တယ်မလား"


"ဒီတစ်ခေါက်က သိပ်မလှုပ်ရှားတဲ့ သတင်းပဲကွ" မုန့်ယွမ် ခပ်လောလော ရှင်းပြလိုက်သည်။ "ဖူဂျီတာလို့ အမည်ရတဲ့ ကျွန်းနိုင်ငံရဲ့ ကိုယ်ပိုင်ပြတိုက် ပိုင်ရှင်တစ်ယောက်က တံခါးပိတ် လေလံပွဲတစ်ခု တက်ပြီးတော့ အီတလီကနေ ပြန်လာခဲ့တာ... မသွားခင် သူက သူ့ကိုယ်သူ သံဓိဌာန်ချထားခဲ့သေးတယ်... သူပြောတာ အရမ်းကို တန်ဖိုးရှိတဲ့ ကြေးနီသတ္တုစပ် လက်မှုပစ္စည်းတစ်ခုကို သူ့ပြတိုက်ရဲ့ အလယ်ဗဟိုနေရာမှာ ထားဖို့ သေချာပေါက် ဝယ်လာခဲ့မယ်တဲ့... ကံမကောင်းစွာနဲ့ လေလံမဆွဲနိုင်ခဲ့ဘူး... ပြီးတော့ အင်တာဗျူးတစ်ခုမှာ ကြေးနီသတ္တုစပ်လက်မှုပစ္စည်းကို ဝယ်သွားတာ မင်းလို့ ဖြေခဲ့သေးတယ်"


ယွီနျန်က မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။ 


"သူက သူ့ပြတိုက်ရဲ့ အလယ်နေရာမှာ ထားဖို့ ဝယ်ချင်နေတာတဲ့လား... ကျွန်တော်ကလည်း ကျွန်တော့်အိမ်ရဲ့ အလယ်မှာ ထားဖို့ ဝယ်ခဲ့တာပဲလေ"


“ဟားဟားဟား မင်းရဲ့ စကားတွေထဲကနေ လွှမ်းမိုးခြယ်လှယ်တတ်တဲ့ ခံစားချက်မျိုး ရနေတယ်" 


မုန့်ယွမ် ရယ်မောလိုက်ပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။ 


"ဒါပေမယ့် မင်းကို လက်ရေးလှနဲ့ ပန်းချီတွေဝယ်လို့ မင်းက ဒါကို ငွေရဖို့နဲ့ ကျော်ကြားမှုရအောင် လုပ်နေတာလို့ ဝေဖန်လိုက်တဲ့ ပရော်ဖက်ဆာကျောက်ဆိုတဲ့ လူတစ်ယောက် ရှိသေးတယ်... သူပြောတာ မင်းက ဟန်ဆောင်နေတာပဲတဲ့... မင်းရဲ့ ပညာအရည်အချင်းက ညစ်ပတ်နေတဲ့ငွေနံ့တွေကို ဖဖုံးနိုင်ဘူးတဲ့... ဒါကြောင့်မို့ စာပေသမားတွေဆီကနေ မျက်မှောင်ကြုတ်ခံနေရတာတဲ့လေ"


ယွီနျန် အဓိကအချက်ကို ဖမ်းဆုပ်လိုက်မိသည်။ 


"ပရော်ဖက်ဆာကျောက်တဲ့လား"


မုန့်ယွမ် ပြန်ဖြေလိုက်သည်။ "မင်းလည်း သတိထားမိမယ်ဆိုတာ ငါသိသားပဲ... အင်း ငါသေချာ စစ်ဆေးပြီးသွားပြီ... အဲ့ဒီပရော်ဖက်ဆာကျောက်က ကျောက်ရှုယာရဲ့ အဖေပဲ... ဒါကို လူကြီးနဲ့ လူငယ်ကြားက ထိပ်တိုက်တွေ့ဆုံမှုလို့ သတ်မှတ်လို့ ရလောက်မလား"


မုန့်ယွမ်၏ သရုပ်ဖော်ချက်က ယွီနျန်ကို ရယ်မောစေခဲ့သည်။ လက်တစ်ဖက်က ဖုန်းကိုင်ကာ နောက်တစ်ဖက်က ရွှယ်ယုံထံမှ ဆွဲယူခံထားရရင်းဖြင့် လေယာဥ်တံခါးမှ ထွက်လာခဲ့သည်။ ဖုန်းထဲတွင် မုန့်ယွမ်က စကားဆက်ပြောနေဆဲ ဖြစ်သည်။ 


“သူက မင်းကို နာမည်ကြီးချင်နေတဲ့လူတစ်ယောက်ပဲတဲ့... ဒါပေမယ့် ငါ့အမြင်တော့ တကယ် နာမည်ကြီးချင်နေတာကမှ အဲ့ဒီပရော်ဖက်ဆာပဲ"


 မုန့်ယွမ် ရှင်းပြလိုက်သည်။


ယွီနျန်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

 "သူက ဘာလို့ အဲ့လိုပြောတာလဲ"


မုန့်ယွမ် ပြန်ဖြေလိုက်သည်။ 

"မင်းလည်း ကျောက်ရှုယာကို သိတာပဲလေ... သူက ဒီလောကထဲက မားကတ်တင်းနဲ့ ဖျော်ဖြေရေးတွေမှာ ဆရာကြီးပဲလေ... အနုပညာရှင်တွေအများကြီးက သူ လူသိများလာဖို့ သူ့ဆီကနေ ကြိုးကိုင်ခြယ်လှယ်ခံခဲ့ရတာ"


ယွီနျန်က ခေါင်းတဆတ်ဆတ်ဖြင့် သိဟန်ပြုလိုက်သည်။ ဖုန့်ဟယ် အင်တာတိန်းမန့်က ဤလောကထဲတွင် ဂုဏ်သတင်းဆိုးရှိပြီး သူကိုယ်တိုင်ကလည်း ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။ 


မုန့်ယွမ်ဆက်ပြောသည်။

 "ကျောက်ရှုယာက တခြားနေရာမှာသာ မတော်ရင်မတော်မယ်... လူထုအမြင်ကို ကြိုးကိုင်တဲ့နေရာမှာ ဆရာကြီးပဲကွ... မင်းသူ့ကို ငါးမှတ်ပေးပြီးသွားတော့ သူ့ကုမ္ပဏီက သူ့ကို ချက်ချင်း တစ်ကိုယ်တော်သီချင်း ထုတ်ပေးလိုက်တယ်လေ... အရည်အသွေးက သာမန်ပါပဲ... ရိုးရိုးသားသား ပြောရရင် နားထောင်ဖို့တောင် စိတ်မချမ်းမြေ့ဘူး... ဒါပေမယ့် သူ့ရဲ့ ဖန်အုပ်တောင့်တောင့်ကြီးနဲ့ သူ့အတွက် ငွေသုံးပေးဖို့ ဆန္ဒရှိနေတဲ့ ကုမ္ပဏီကို ကျေးဇူးတင်ရမှာပဲ... သူတို့က ဒေတာတွေကို ဖန်တီးပြီး အမွှန်းတင်ထားကြတာလေ" 


မုန့်ယွမ် ဆက်ပြီး ရှင်းပြပေးလိုက်သည်။


 "ကျောက်ရှုယာရဲ့ အဖေက လူသိများတဲ့ နိုင်ငံအဆင့် ပန်းချီပညာရှင်တစ်ယောက်ပဲ... သူက ပန်းချီပန်းပု အကယ်ဒမီတစ်ခုမှာ စာသင်နေတာ... ဒါကြောင့်မို့ အဲ့ဒီပရော်ဖက်ဆာကျောက်က သူ့သားရဲ့ ကျော်ကြားမှုကို အရင်းအနှီးလုပ်ပြီး သူ့စာအုပ်အသစ်ကို အရောင်းမြှင့်တယ်လေ... သူ့ဖန်တွေကတော့ အကြောင်းအရာ အရည်အသွေးပဲဖြစ်ဖြစ် ဖတ်ဖို့သင့်မသင့်ပဲ ဖြစ်ဖြစ် ဝယ်ဖို့အသင့်ပဲလေ... အဲ့ဒီစာအုပ်က အွန်လိုင်းရောင်းချမှုဇယားတွေမှာ ထိပ်ဆုံး ရောက်သွားပြီး သူ့ကို ပိုပြီး အသိအမှတ် ပြုလာကြရုံတင်မကဘူး ကျောက်ရှုယာရဲ့ ပညာရေးနောက်ခံနဲ့ ပညာတတ်မိသားစုဆိုတဲ့ ပုံရိပ်ကို ပိုပြီး အခြေခိုင်သွားစေတယ်လေ"


လက်ရှိအခြေအနေကို နားလည်သွားသည့် ယွီနျန်က မေးလိုက်သည်။


 "ဘာလို့ ပရော်ဖက်ဆာကျောက်က ကျွန်တော့်အကြောင်းကို ရုတ်တရက်ကြီး ထုတ်ပြောရတာလဲ"


"ပရော်ဖက်ဆာကျောက်က တမင်သက်သက် သတင်းထောက်တစ်ယောက်ရှာပြီး သူ့စာအုပ်သစ်အကြောင်း အင်တာဗျူးလုပ်တယ်လေ... အဓိကက တရုတ်ရိုးရာ ပန်းချီတွေနဲ့ အနုပညာတွေအကြောင်းကို ဆွေးနွေးကြတာပေါ့... သတင်းထောက်က ယွီနျန်ရဲ့ ကြေးနီသတ္တုစပ်သတ္တုစပ် လက်မှုပစ္စည်းကို ကျွန်းနိုင်ငံက ပြတိုက်ပိုင်ရှင်တစ်ယောက်ရဲ့ လက်ထဲ ရောက်သွားတာကနေ ကာကွယ်ဖို့ ရပ်ဝေးကနေ ပြန်ဝယ်ယူခဲ့တဲ့ လုပ်ရပ်အကြောင်း မေးထားတာ... ပရော်ဖက်ဆာကျောက်က စောစောက ပြောခဲ့တဲ့ အဆိုးမြင်ဝါဒီအတိုင်း ပြန်ဖြေခဲ့တာပဲ... ပြီးတော့ ယွီနျန်ရဲ့ လုပ်ရပ်ကို စာပေပညာရှင်တွေက အထင်မြင်သေး စက်ဆုပ်နေတဲ့အကြောင်း အလေးပေးပြီး ပြောသွားတယ်"


ယွီနျန်က အမှန်ပင် ဂရုမစိုက်ပါဘဲ တီးတိုးရယ်မောကာ ပြောလိုက်သည်။


 "ကြည့်ရတာ ကျွန်တော် သူ့မိသားစုကို ဆန့်ကျင်မိသွားပုံပဲ"


မုန့်ယွမ်က သူ့နှာခေါင်းကို ပွတ်လိုက်ရင်း ရယ်သွမ်းသွေးလိုက်သည်။


 "ဒါပေါ့... သူက ကြိုပြီး အရွေးခံရဖို့ လုပ်ထားပေမယ့် အဆင့်မတက်နိုင်ဘဲ ငါးမှတ်ပဲ ရသွားခဲ့တာလေ"


ယွီနျန် ရယ်မောရင်း ပြောလိုက်သည်။ 

"အစ်ကိုမုန့်... အဲ့လိုမပြောပါနဲ့... ကျွန်တော် ကျင့်သား မရသေးဘူး"


"ဟားဟားဟား... အိုကေ... အိုကေ... ငါကောင်းကောင်း ပြောမယ်" 


မုန့်ယွမ် ပြန်ဖြေလိုက်သည်။ 

"ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စကြီးမဟုတ်သေးဘူး.... ငါ လူထုအမြင်ကို နည်းနည်း လွှမ်းမိုးအောင် လုပ်လိုက်တယ်... ဒါပေမယ့် အနည်းဆုံးတော့ အင်တာနက်ပေါ်ကလူတွေက ပရော်ဖက်ဆာကျောက်ဆီကနေ လုံးလုံးလျားလျား အရူးလုပ်ခံလိုက်ရတာတော့ မဟုတ်ပါဘူး"


သူတို့က နောက်ပိုင်းတွင် ရှင်းယောင်၌ တွေ့ဆုံကြရန် စီစဥ်လိုက်ကြသည်။ ဖုန်းချပြီးနောက် ရွှယ်ယုံက မေးလာခဲ့သည်။


 "ဘာဖြစ်တာလဲ"


"ကိစ္စသေးသေးလေးပါ... အကြီးကြီး မဟုတ်ပါဘူး" 


ယွီနျန် ပြုံးလိုက်သည်။ 

"ဒါပေမယ့် အခုတလော အစ်မရော့ရော့ ပြောပြောနေတာ... အစ်ကိုမုန့်က ကျွန်တော့်ကို ငှက်သားပေါက်လေးလို ကာကွယ်ပေးနေလို့ ဘယ်သူကမှ ကျွန်တော့်အကြောင်း မကောင်းမပြောရဲကြဘူးတဲ့... ဒါအမှန်ပဲ ဖြစ်မယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပြီ"


ရွှယ်ယုံ သူ့ကိုယ်သူ တွေးလိုက်မိသည်။ 


"ကိုယ်လည်း သည်ခံနေမှာ မဟုတ်ပါဘူး... ကိုယ့်နျန်နျန်က အားလုံးမှာ ပြီးပြည့်စုံနေတဲ့ သူပဲ"