အပိုင်း ၁၄၀
Viewers 16k

Chapter 140

ငယ်ရွယ်သူတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ အသက်ကြီးသူတွေက ရှေ့တိုးလာတတ်တယ်



လေဆိပ်ကို လာကြိုသည့် ကားထဲသို့ ဝင်လိုက်ကြသောအခါ ယွီနျန်က ခရီးစဥ်တလျှောက်လုံး မကြည့်ခဲ့ရသည့် ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်သည်။ သူ့နာမည်ကို နံပါတ်ငါးနေရာတွင် #ယွီနျန်ဝေဖန်ခံနေရတယ်#ဟူသော hashtagဖြင့် ရေပန်းစားနေကြောင်း တွေ့လိုက်ရသည်။ မူလအင်တာဗျူးဗီဒီယိုတွင် အွန်လိုင်းတိုက်ပွဲ၏ နှစ်ဖက်လုံးက ကွန်မန့်များ အဆက်မပြတ် ပစ်လွှင့်နေကာ ကွန်မန့်ပင်လယ်ကြီး ဖြစ်လုနီးပါး ဖြစ်သွားပြီး များစွာသော အထင်အမြင်များလည်း ထွက်ပေါ်နေသည်။ 


[အင်တာဗျူးက ဘာဖြစ်နေတာလဲဟေ့... သူက ပိုက်ဆံအများကြီး သုံးပြီး နိုင်ငံ့ရတနာတစ်ခုကို ကျွန်းနိုင်ငံသားတစ်ယောက်ရဲ့ လက်ထဲ မရောက်အောင် ဒုက္ခခံပြီး ပြန်ဝယ်လာခဲ့ရတာကို အခုတော့ ဝေဖန်ခံနေရတာလား... ဒီမှာ ပရော်ဖက်ဆာ... ဘာလို့ ရှင့်ဘာသာ ပိုက်ဆံသုံးပြီး ပြန်မဝယ်လာရသလဲ... ခုံပေါ်မှာ သက်တောင့်သက်တာလေး ထိုင်ပြီး သူများကို လွယ်လွယ် ဝေဖန်နေတယ်...]


[ငါကတော့ ဒီဆယ်လီရဲ့ လူထုစတန့်ပြပွဲအတွက် ကျွေးမွေးနေရတာပဲဟေ့... တက္ကသိုလ်တက်ကတည်းက ရှေးဟောင်းပစ္စည်းတွေ ယဥ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေ ဝယ်တယ်... ပြီးတော့ စျေးနှိမ်ပြီး ဝယ်ထားတဲ့ ပန်းကန်အကွဲကို 3ဘီလီယံနဲ့ ရောင်းလိုက်တယ်... အခု ကြေးနီသတ္တုစပ်ပစ္စည်းကို ဝယ်လိုက်ပြန်ပြီ... နောက်ထပ် သတင်းကြီးတက်ဖို့ ဒီဟာကို ပြန်ရောင်းဦးမယ်လို့ ငါလောင်းရဲတယ်... အားလုံးက ငွေရဖို့ ရောင်းတာနဲ့ ဝယ်တာတွေချည်းပဲ... ဘယ်မှာလဲ အောက်ခြေစည်း... တန်ဖိုးကြီး အနုပညာလက်ရာတွေ အရောင်းအဝယ်လုပ်ပြီး ငွေရှာတာက ကိစ္စတစ်ခုပဲ... ဒါပေမယ့် ဒါကို လူသိများဖို့ အသုံးမချသင့်ဘူးနော်... ပရော်ဖက်ဆာကျောက်ပြောတာ မှန်တယ်... ငွေရဲ့ အနံ့က စာပေအနုပညာပုံရိပ်တွေအပေါ် လွှမ်းမိုးနိုင်သွားပြီ] 


[သူတို့က ယွီနျန်ကို ကျော်ကြားဖို့ လုပ်နေတယ်လို့သာ ပြောနေကြတာ ဘယ်မှာလဲ သက်သေက... သက်သေမရှိရင် လာမပြောနဲ့နော်]


[သူက အိမ်ခြံမြေ၊ လက်ဝတ်ရတနာနဲ့ ရှေးဟောင်းပစ္စည်း စုဆောင်းမှုတွေအပေါ် ရင်းနှီးမြှုပ်နှံနေတာ... သူလုပ်ချင်သလောက် လုပ်ပါစေ... ပရော်ဖက်ဆာကျောက်တောင်မှ ငွေအတတွက် စာအုပ်တွေ မထုတ်လို့လား... သူသာ သန့်ရှင်းတဲ့လမ်းကြောင်းကို ထောက်ခံပြီး ခြိုးခြံချွေတာတဲ့ ဘဝကို ဦးတည်စေချင်ရင် ဘာလို့ စာအုပ်အတွက် အခကြေးငွေ ယူနေရသေးတာလဲ... အားလုံးကို အလကားဝေပြီး လူထုအကျိုးအတွက် လုပ်ပေးသင့်တယ်လေ... စာအုပ်ကို တစ်အုပ် ယွမ်ငါးဆယ်နဲ့ ရောင်းတာလား... ရှင်က စာပေပညာရှင် ပုံရိပ်ကို တကယ် အရောင်ဆိုးနေတာပဲ]


ကွန်မန့်များကို ကြည့်ပြီးသွားသောအခါ ယွီနျန်က စာမျက်နှာကို ပြန်ပိတ်လိုက်သည်။ 


ရွှယ်ယုံ ဂရုစိုက်နေပုံပေါ်သည်ကို တွေ့သောအခါ ယွီနျန် ကိုယ်ကိုကိုင်း၍ စိတ်အေးလက်အေး အပြုံးတစ်ခုဖြင့် ရွှယ်ယုံ၏ ပါးပြင်ထက် အနမ်းပေးလိုက်သည်။


 "ဘဝကြီးက သိပ်မရှည်ကြာဘူး... မိနစ်ပေါင်း သန်း30... နာရီပေါင်း 6သိန်းလောက်ထက် နည်းနည်းလေးပဲ ပိုတာ... ချစ်ရတဲ့ လူတွေနဲ့ အချိန်ကုန်ဆုံးနေတဲ့အချိန်မှာ ဘာလို့ မဆီလျော်တဲ့လူတွေအပေါ် အချိန်ကုန်ခံနေရဦးမှာလဲ"


ပြီးနောက် မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်ကာ မေးလိုက်သည်။


 "ဒါဆိုရင် ကျွန်တော် ချစ်တာ ဘယ်သူပါလိမ့်"


ရွှယ်ယုံက အနည်းငယ် ရှက်သွေးဖြာသွားသော်လည်း ပျော်နေပုံပင်။


 "ကိုယ်လေ"


"အမှန်ပဲ... ခင်ဗျားအတွက်ဆုက ကျွန်တော့်ဆီက အနမ်းတစ်ပွင့်"


ရွှယ်ယုံ၏ မျက်လုံးလေးများ၌ အပြုံးလေးတစ်ခု တလက်လက်တောက်သွားပြီး ယွီနျန်ကို ကိုင်း၍ အနမ်းပေးလိုက်သည်။ 


ချန်ဖန့်ဇွင်းကို မီးခံသေတ္တာထဲတွင် အသေအချာသိမ်းပြီးနောက် ရွှယ်ယုံက ပုံနေသော အလုပ်များကို ရှင်းရန်အတွက် ကုမ္ပဏီသို့ သွားသည့်အချိန်၌ ယွီနျန်ကလည်း မုန့်ယွမ်ကို တွေ့ပြီး အစီရင်ခံရန် ရှင်းယောင် အင်တာတိန်းမန့်ကို သွားခဲ့သည်။ 


ရုံးခန်းထဲတတွင် မုန့်ယွမ်က ယွီနျန်ကို မြင်သည်နှင့် အံ့သြတကြီး ပြောလိုက်သည်။


 "ငါမင်းကို တစ်ယောက်တည်း အပြင် မလွှတ်လိုက်သင့်ဘူး... မင်းထွက်တဲ့အချိန်တိုင်း သတင်းကြီးတွေ ပြန်သယ်လာတယ်... ဒေသထွက်ကုန်တွေ ဝယ်ခဲ့လား... ဟမ်"


ယွီနျန်က သူယူလာခဲ့သည့် အမှတ်တရ လက်ဆောင်ပစ္စည်းကို မုန့်ယွမ်ထံ ကမ်းပေးလိုက်ပြီးနောက် ခပ်ရှက်ရှက် ပြန်ဖြေလိုက်သည်။


 "အစ်ကိုမုန့်... ကျွန်တော် တစ်ယောက်တည်း သွားတာ မဟုတ်ပါဘူး... ရွှယ်ယုံနဲ့ သွားခဲ့တာ... အစ်ကိုလိုချင်..."


“တော်ပြီ... တော်ပြီ... ထားလိုက်တော့... ငါ့စကားကို ပြန်သိမ်းမယ်... ငါဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်" မုန့်ယွမ်က ချက်ချင်း တပ်ပြန်ဆုတ်လိုက်သည်။ "ဥက္ကဌရွှယ်နဲ့ အပြင်ထွက်တာက ကိုယ့်ပြဿနာကိုယ်ရှာနေတာပဲ"


ယွီနျန်က မနေနိုင်တော့ဘဲ တဟားဟား အော်ရယ်လေတော့သည်။ 


မုန့်ယွမ်က သူ့လက်ထဲမှ လက်ဆောင်ကို ယမ်းပြလိုက်သည်။ "မင်းမှာ အသိစိတ်တော့ ရှိသေးသားပဲ" ယွီနျန် ရယ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ စိုက်ကြည့်လိုက်သည်။


 "အခုထိ အရယ်မရပ်သေးဘူးလား... မြန်မြန် ရပ်တော့... အလုပ်ကိစ္စအကြောင်း ပြောရအောင်"


စားပွဲပေါ်မှ လင်းလက်နေသော tabletကို ယူလိုက်ပြီးနောက် မုန့်ယွမ်က စာရွက်စာတမ်းအချို့ကို ယူကာ အချက်ကျကျ ရှင်းပြလိုက်သည်။ "ပထမဆုံး 'သီချင်းဆိုပါရစေ'ရဲ့ နောက်ဆုံးပိုင်း လွှင့်တော့ ကြည့်ရှုနှုန်းက တော်တော်လေး မြင့်သွားခဲ့တယ်... ဒီနှစ်ရဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံး ရှိုးဖြစ်လာမှာ အသေအချာပဲ"


“ပြီးတော့ တရားဝင်အကောင့်က အကဲဖြတ်ဒိုင်တွေအတွက် မဲပေးဖို့ လုပ်ပေးထားတယ်... ပြီးတော့ မင်းက မဲပေးမှုအများဆုံး ရထားတော့ ပရော်ဖက်ရှင်နယ်အကျဆုံးနဲ့ အရည်မွန်ဆုံး ဒိုင်တစ်ယောက်အဖြစ် နာမည်တပ်ခံရတယ်... ထုတ်လုပ်ရေးအဖွဲ့က ပိုင်ယန်အပါအဝင် လူအားလုံးအတွက် စာအိတ်နီအကြီးကြီး ပေးထားတယ်... အားလုံးက ပမာဏအတူတူပဲ"


ယွီနျန်က အလွန်ပျော်ရွှင်နေလေသည်။

 "ကျွန်တော် အရင်တစ်ခါက ထုတ်လုပ်ရေးအဖွဲ့ကို ဆန့်ကျင်မိလို့ ဘာစာအိတ်နီမှ မရတော့လောက်ဘူး ထင်နေတာ"


မုန့်ယွမ် တီးတိုးရယ်မောလိုက်သည်။ 

"ထုတ်လုပ်ရေးအဖွဲ့က အရူးမှ မဟုတ်တာ... ပြီးတော့ ငါအချက်အလက်တွေ စစ်ဆေးကြည့်ပြီးပြီ... ဥက္ကဌရွှယ်က နှစ်ဆ ရင်းနှီးမြှုပ်နှံထားပေမယ့် အကျိုးအမြတ် ရနေဆဲပဲ"


ရွှယ်ယုံအကြောင်း ရောက်သွားသောအခါ ယွီနျန်၏ အပြုံးက နက်ရှိုင်းလာခဲ့သည်။ 


"ရွှယ်ယုံက တော်တော်လေး တော်တယ်... သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာတဲ့အဖွဲ့က ခန့်မှန်းချက် ထုတ်ထားပြီးသား... အဓိကက ထန်းရှောင်ခယ်ရဲ့ ကိစ္စကြောင့် ဖြစ်သွားတာဆိုပေမယ့် ကျိုးကြောင်းမစဥ်းစားဘဲ ငွေဖြုန်းလိုက်တာတော့ မဟုတ်ဘူးတဲ့"


ဤလူသိရှင်ကြား အချစ်များ ထုတ်ပြနေမှုကို စိတ်မဝင်စားသည့် မုန့်ယွမ်က ဆက်ပြောလိုက်သည်။ "ဒုတိယအချက်က ရိယောင်မိုဘိုင်းရဲ့ ပရိုဂရမ်နဲ့ ဆက်စပ်နေတယ်... တောင်တန်းဒေသက ကလေးတွေအတွက် ရည်ရွယ်ထားတာလေ... မင်းကဘရန်းရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုတော့ မင်းကို ပါဝင်ချင်လား လို့ မေးနေတယ်... လိုအပ်ချက်ကတော့ မင်းကိုယ်တိုင် တောင်တန်းဒေသတွေဆီ သွားပြီး မှတ်တမ်းရုပ်ရှင်လို အပိုင်းလေးတွေ ထုတ်ပေးရမယ်"


ယွီနျန်က များများ တွေးမနေတော့ဘဲ သဘောတူလိုက်သည်။ "ကျွန်တော် ပါချင်တယ်... ဒီတစ်ကြိမ် အချိန်စာရင်းလည်း သိပ်မကြပ်ဘူးဆိုတော့ အတော်ပဲ"


မုန့်ယွမ် သူ့ကို သတိပေးလိုက်သည်။

 "သေချာတွေးကြည့်ဦးနော်... တောင်တန်းဒေသက ရွာတွေမှာ ရေချိုးဖို့ အဆင်မပြေဘူး"


ယွီနျန် စိတ်မရှိပေ။ 

"ကျွန်တော် သဲကန္တာရမှာ ရှိတဲ့ ရှေးဟောင်းယန်မြစ်မှာ သဲတွေတူးဖို့ ရှေးဟောင်းသုတေသနအဖွဲ့နဲ့အတူ လိုက်ဖူးပါတယ်... အဲ့ဒီက ပတ်ဝန်းကျင်က တောင်တန်းဒေသထက် ပိုပြီးခက်ခဲသေးတယ်"


“ဒါဆို ကောင်းတာပေါ့" 

မုန့်ယွမ် ခေါင်းငြိမ့်ပြလိုက်သည်။


 "ပါဝင်ဖို့ စဥ်းစားတာက တကယ်ကောင်းတဲ့အတွေးပဲ... လေးရက်လောက်ပဲကြာမှာ... မင်းရဲ့ ပုံရိပ်ကောင်းကို တည်ဆောက်ဖို့ တကယ်အကူအညီပေးလိမ့်မယ်... ကောင်းပြီလေ... ဒါဆို အတည်ဖြစ်သွားပြီနော်... ရိယောင်မိုဘိုင်းအတွက် လှုပ်ရှားမှု စီစဥ်ပြီးပြီဆိုတာနဲ့ အဆင်ပြေသွားပြီ"


မုန့်ယွမ်က မှတ်စုရေးလိုက်ပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရမိသွားသည်။ "ကျောက်ရှုယာရဲ့အဖေ ပရော်ဖက်ဆာ ကျောက်ချွမ်းမင်ကို 'ဟောပြောပို့ချပွဲကြီး'မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံထားရတယ်လို့ ကြားထားတယ်... အစက သူအဖိတ်မခံရပေမယ့် လတ်တလော ကျော်ကြားနေတော့ ဖိတ်လိုက်ကြတယ်တဲ့"


" 'ဟောပြောပို့ချပွဲကြီးလား'" ယွီနျန် ပြန်စဥ်းစားလိုက်သည်။ "ကျွန်တော့် အဲ့ဒီပွဲကို သိတယ်... ပထမဆုံးရာသီမှာ ကျွန်တော့်ရဲ့ စီနီယာအစ်ကို ရှုလျန်ယန်လည်း သွားပြီးတော့ ရှေးဟောင်းပန်းချီကားတွေကို ထိန်းသိမ်းဖို့အကြောင်း ပြောခဲ့သေးတယ်" 


“မင်းရဲ့ စီနီယာအစ်ကိုတွေအားလုံးက တကယ် ထူးချွန်ကြတာပဲ" မုန့်ယွမ်မှာ ယွီနျန်၏ ဆရာနှင့် စီနီယာအစ်ကိုများကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ သူ tabletကို ကိုင်ထားရင်း အရွှန်းဖောက်လိုက်သည်။


 "ကျောက်ရှုယာတစ်ယောက်တည်းက ပြဿနာပေးတာမလုံလောက်လို့ ကြည့်ရတာ သူ့အဖေပါ လူကြိုက်များအောင်လုပ်နေပုံပဲ... ငါတော့ သူမင်းကို သူ့ရဲ့ လူကြားထဲ စတန့်လုပ်တဲ့ပွဲမှာ ဆွဲမချဖို့ မျှော်လင့်ရတာပဲ"


သို့သော်ငြား ကိစ္စများကား မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ကျောက်ချွမ်းမင် တင်ဆက်သည့် "ဟောပြောပို့ချပွဲကြီး"၏ အပိုင်းသစ် ထုတ်လွှင့်လာသောအခါ ယွီနျန်သည်လည်း ဆွေးနွေးမှုများအကြား ဆွဲခေါ်ခံလိုက်ရပြန်သည်။ 


အကြောင်းမှာ ကျောက်ချွမ်းမင်က ရှိုးအတွင်း ရှေးဟောင်းပန်းချီကားများနှင့် အနုပညာလက်ရာများအကြောင်း ပြောနေစဥ် အလှအပနှင့် ရသခံစားမှုအမြင်များအကြောင်း ပြောဆိုသွားသည်။ သူက အနုပညာနှင့် အလှအပခံစားမှုက မြင့်မားသော လမ်းကြောင်းတစ်ခု ရှိပြီး မှာစားရသော အစားအသောက်များပင် ဝယ်မစားနိုင်သူတစ်ယောက်က အလှအပကို သိမြင်နားလည်ခြင်းအကြောင်း မည်သို့ ပြောဆိုနိုင်မည်နည်း...


သူတို့တွင် ပိုက်ဆံမရှိပါက ငွေ၏ အလှကိုသာ တန်ဖိုးထားပြီး ငွေကိုသာ ရှေ့တန်းတင်ကြလိမ့်မည်။ ဥပမာအားဖြင့် သူတို့က ပန်းချီကားတစ်ချပ်ကို ကြည့်လိုက်ပါက ငွေစက္ကူများကို ကြည့်နေရသည်ဟုသာ ထင်ကြလိမ့်မည် ဖြစ်ပြီး အလှအပ ခံစားမှု လုံးဝကင်းမဲ့နေပေလိမ့်မည် ဟူ၍ ပြောခဲ့လေသည်။


အင်တာနက်သုံးစွဲသူများက မှတ်ဥာဏ်ကောင်းသူများ ဖြစ်ကြလေရာ "မှာစားရတဲ့ အစားအသောက်တွေကို မစားနိုင်ဘူး" ဟူသော စာကြောင်းကို တွေ့လိုက်ရချိန်တွင် မည်သူ့ကို ရည်ညွှန်းကြောင်း လုံးလုံးလျားလျား သိလိုက်ကြသည်။ ထို့ကြောင့် ယွီနျန်မှာ တစ်ခဏအတွင်း ပိုစ့်ပေါင်းများစွာတွင် @ခံလိုက်ရပြီး ထိုအကြောင်းအရာမှာလည်း ထပ်ပြီး ရေပန်းစားသွားပြန်သည်။ 


မုန့်ယွမ်သည်ပင် ကူကယ်ရာမဲ့ ဖြစ်နေသည်။


 "ဒီကျောက်မိသားစု အဖေနဲ့သားကတော့ သူတို့ မင်းကို ဆွဲမသွင်းရရင် သူတို့ဘဝကြီး အဓိပ္ပါယ်မဲ့ အရသာပျက်သွားမှာ မို့လို့လား"


ပွက်လောရိုက်နေသော အသံများကို ကြားသောအခါ ယွီနျန် တစ်ယောက် ကျောက်ချွမ်းမင်၏ ဗီဒီယိုကို ကြည့်နေခြင်းဖြစ်ကြောင်း မုန့်ယွမ် တွေ့လိုက်ရသည်။ မုန့်ယွမ် အံ့အားသင့်သွားသည်။ "ဗီဒီယိုကြည့်ပြီး ဘာလုပ်မလို့လဲ"


ယွီနျန် ရှင်းပြလိုက်သည်။ "ကျွန်တော် screenshot တစ်ခုတွေ့လို့ ဗီဒီယိုထဲက ထုတ်ထားတာ ဖြစ်မယ်ထင်တာနဲ့ တစ်ခုလုံး ကြည့်နေတာ... ဒါပေမယ့် နားလည်မှုလွဲနေတာမျိုး မရှိဘူး ဖြစ်နေတယ်"


မုန့်ယွမ် ၎င်းက ကျိုးကြောင်းသင့်နေကြောင်း ခံစားလိုက်ရသည်။ "ပြီးတော့ရော"


“ပြီးတော့ ကျွန်တော် သူတို့ကို ဆန့်ကျင်မိခဲ့တယ်မဟုတ်လား... ဒါကြောင့် ကျွန်တော် သူတို့ကို သေသေချာချာ နှံ့နှံ့စပ်စပ် ဆန့်ကျင်ပေးမလို့" ယွီနျန်က သူ၏ ဝေ့ပေါ်အကောင့်ကို ပြောင်းကာ တုံ့ဆိုင်းခြင်းမရှိဘဲ စာရိုက်လိုက်သည်။ 


တစ်ခဏအကြာ မုန့်ယွမ်တစ်ယောက် ယွီနျန်၏ နောက်ဆုံးတင်ထားသော ဝေ့ပေါ်ပိုစ့်ကို တွေ့လိုက်ရသည်။ 


“ယွီနျန်: အလှအပကို သိမြင်နားလည်မှုဆိုတာ လူသားတွေရဲ့ မွေးရာပါဗီဇပဲ... ပြီးတော့ ဒီသိမြင်နားလည်မှုတွေက အနုပညာကို မွေးထုတ်ပေးတယ်... အစောပိုင်းလူသားတွေ နေထိုင်ကြတဲ့ နေရာတွေမှာ တိရစ္တာန်သွားနဲ့ ပြုလုပ်ထားတဲ့ လည်ဆွဲတွေ၊ ကျောက်တုံးနံရံပေါ်က ရိုးရှင်းတဲ့ ဆွဲချက်တွေ၊ ရွှံ့အိုးပေါ်က ငါးအကွေးပုံလေးတွေ ရှိကြတယ်... ဒါတွေအားလုံးက လူသားတွေရဲ့ အလှအပပေါ် သိမြင်နားလည်မှုတွေနဲ့ အနုပညာလက်ရာပုံစံအမျိုးအမျိုးတွေပါပဲ...


အလှအပကို သိမြင်ခံစားမှုဆိုတာ အနိမ့်အမြင့် မခွဲခြားသင့်သလို ကျဥ်းမြောင်းတဲ့ အမြင်နဲ့ မဆုံးဖြတ်သင့်ဘူး... ကျွန်တော့်အတွက် အစားအသောက်တွေ မှာမစားနိုင်တာ ဖြစ်ရင်ဖြစ်မယ်... ဒါပေမယ့် ဘန်းမုန့်ပေါင်းတွေ စားနေတဲ့အချိန်မှာတောင် တောက်ပနေတဲ့နေရောင်ခြည်ကို သတိပြုမိပြီး ဒီကမ္ဘာကြီး ဘယ်လောက်တောင် လှပကြောင်း သိမြင်နေတုန်းပါပဲ" 


သိပ်မကြာမီ များစွာသော မားကတ်တင်းအကောင့်များက screenshotများ တင်ပေးကြပြီး ယွီနျန်၏ တုံ့ပြန်မှုအပေါ် အထင်အမြင်များ မေးမြန်းလာကြသည်။ 


[ငါကတော့ ဒီကိစ္စမှာ ယွီနျန်ဘက်က ရပ်တည်မယ်... ဒီပရော်ဖက်ဆာက ဘာစကားပြောတာလဲ... တစ်လကို ယွမ်နှစ်ထောင်ပဲရပြီး မနက်စာကို ဘန်းမုန့်ပေါင်းတွေပဲ စားနိုင်တဲ့သူတွေက အလှအပကို မခံစားရတော့ဘူးလား... ငါကတော့ ကြယ်တွေစုံနေတဲ့ ကောင်းကင်ပန်းချီကားချပ်ကြီးကို ကြည့်ရတာ ကြိုက်တယ်... ပြီးတော့ ငါ့ဘဝကြီးက အလဟဿဖြစ်လာတာ မဟုတ်ဘူးလို့လည်း ယုံကြည်တယ်]


[ယွီနျန်ပြောတာ မှန်တယ်... ပြီးတော့ ငါတို့က ပိုက်ဆံရဲ့ အလှအပကို တန်ဖိုးမထားရတော့ဘူးတဲ့လား... ငါကတော့ ယွမ်တစ်ရာတန် ပိုက်ဆံရဲ့ အရောင်၊ ဒီဇိုင်းနဲ့ အချိုးအစားတွေ အားလုံး လှနေတယ်လို့ ထင်တာပဲ... ဘာပြဿနာ ရှိလို့လဲ]


[အတွေးအခေါ် အဆင့်မြင့်တဲ့သူလို ဟန်ဆောင်တာ ဘာမှားလို့လဲ... ပရော်ဖက်ဆာရဲ့ အဲ့ဒီစကားတစ်ခွန်းကိုပဲ ကြည့်ရင် အပြစ်အနာအဆာတွေ ယုတ္တိမတန်တာတွေ ပြည့်နေတာပဲ... ဒီပရော်ဖက်ဆာက ဆင်းရဲတဲ့လူတွေကို ငွေပဲမြင်ပြီး အလှအပ ကို မခံစားနိုင်ကြဘူးလို့ ထင်နေတာလား... မရေမတွက်နိုင်တဲ့ စာပေပညာရှင်တွေနဲ့ ပန်းချီပညာရှင်တွေရဲ့ ခေါင်းတလားတွေ ဒေါသကို မဖိနှိပ်နိုင်ဘဲ နေကြတော့မယ်] 


[အစတုန်းက ပရော်ဖက်ဆာကို ဒီလောက်ထိ မလုပ်လောက်ပါဘူး ထင်နေတာ... ဒီလိုဖြစ်နေတာကို ကြည့်ရရင် ယွီနျန်ကို တမင်သက်သက် ပစ်မှတ်ထားနေတာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက်ထိ ဘက်လိုက်နေရတာလဲ... ပြီးတော့ စုံစမ်းကြည့်ရတာ သူက ကျောက်ရှုယာရဲ့ အဖေတဲ့နော်... တရုတ်ပန်းချီပညာရှင်ကြီးဆိုတာပေါ့…]


ယွီနျမ်က အခြေအနေကို မရှောင်လွဲဘဲ ထိုအစား မီးပုံထဲကို ဝင်တိုးလိုက်သည်။ ပြီးသွားသောအခါ ဖုန်းကို ပြန်ချလိုက်ပြီး ထိုကိစ္စကို ဆက်ပြီး ဂရုမစိုက်တော့ရန် လုပ်လိုက်သည်။ သို့သော်ငြား ဖုန်းကို စားပွဲပေါ် ပြန်တင်လိုက်သည်နှင့် ဖုန်းမြည်လာခဲ့သည်။


ခေါ်ဆိုလာသူက နျင်းချန်ပြတိုက်၏ ဒါရိုက်တာကန်ကျိုးဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ယွီနျန်က နေရာမရွှေ့တော့ဘဲ ရုံးခန်းထဲမှာသာ ဖုန်းကိုင်လိုက်သည်။


"ဒါရိုက်တာကန်... ဟယ်လို"


နှုတ်ဆက်စကား ပြောပြီးနောက် ကန်ကျိုးက အဓိကအချက်ကို တန်းပြောလိုက်သည်။ 


"နျန်နျန်... အခုတလော အလုပ်များနေလား"


"သိပ်မများပါဘူး... ကျွန်တော့်ရဲ့ အချိန်စာရင်းက သိပ်တော့မကြပ်ဘူး... ဒါရိုက်တာ လိုအပ်တာများ ရှိလို့လား"


“အင်း... တစ်ခုရှိတယ်... 'ရတနာလမ်းစနောက်လိုက်ခြင်း'ဆိုတဲ့ ပရိုဂရမ်တစ်ခုရှိတယ်... အရင်တုန်းက ရှေးဟောင်းပစ္စည်းတွေ အကဲဖြတ်တဲ့ ပရိုဂရမ်နဲ့ အတူတူလောက်ပဲ... ဒါပေမယ့် ကွာခြားတာက ဒီပရိုဂရမ်က ရတနာတွေရဲ့ စစ်မှန်မှုကို အာရုံစိုက်ထားတာမဟုတ်ဘဲ လူသားတွေ၊ ရတနာတွေကိုယ်တိုင်နဲ့ သူတို့ရဲ့ဇာတ်ကြောင်းလေးတွေ အပေါ် ဦးတည်ထားတယ်...


ငါက ဒီထဲကနေ လူသားဆန်တဲ့ ခံစားချက်တွေကို တန်ဖိုးထားလို့ ပရိုဂရမ်အဖွဲ့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီး အကဲဖြတ်သူ သုံးယောက်ထဲက တစ်ယောက် ဖြစ်သွားတယ်... မင်းလည်း အခြား အကဲဖြတ်သူကို သိမှာပါ... လောင်ကုရိရန်လေ"


ယွီနျန် အံ့အားသင့်သွားသည်။ "ဘိုးဘိုးကုလား"


“ဟုတ်တယ်... လောင်ကုက ကြည့်ရှုနှုန်းတွေ ကြော်ငြာရင်းနှီးမြှုပ်နှံတာတွေ နားမလည်ဘူး... ဒီပရိုဂရမ်ကနေ ရှေးဟောင်းလက်မှုပစ္စည်းတိုင်းက အချိန်ကပြောတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိကြတာကို လူတွေ နားလည်သွားအောင် ကူညီပေးနိုင်တယ်ဆိုတဲ့ အချက်ကိုပဲ တန်ဖိုးထားတယ်လို့ ပြောတာပဲ"


“ဘိုးဘိုးကု ပြောတာ မှန်ပါတယ်" ယွီနျန်က အခုမှပင် ကန်ကျိုး၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ "ဒါဆို ဒါရိုက်တာကန်က ကျွန်တော့်ကိုလည်း ပါဝင်စေချင်တာလား"


“ဟားဟား မင်းသိသွားပြီပဲ"

 ကန်ကျိုးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် တဲ့တိုးပြောလိုက်သည်။ 


"ထုတ်လုပ်ရေးအဖွဲ့က ရှိုးရဲ့ ပရိတ်သတ်တွေ ကျယ်ပြန့်လာပြီး လူသိများဖို့ နာမည်ကျော်တစ်ယောက်ကို ဖိတ်ချင်နေကြတယ်... ထုတ်လုပ်ရေးအဖွဲ့ရော၊ ငါရော၊ လောင်ကုရော မင်းကို တွေးမိကြတာပဲ... ဒါကြောင့် ဒီနေ့ မင်းကို အရှက်မရှိ ဖုန်းခေါ်လိုက်ရတာ"


ယွီနျန်မှာ အလွန်စိတ်ဝင်စားပါသော်လည်း ချက်ချင်း လက်မခံပေ။ ထိုအစား သူပြောလိုက်သည်။ "အလုပ်ကိစ္စတွေ ပါလာပြီဆိုတော့ ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးဖို့ လိုသေးတယ်"


"ငါနားလည်ပြီ... သတင်းကောင်း စောင့်နေမယ်နော်"


ဖုန်းချပြီးသွားသောအခါ ယွီနျန်က ကန်ကျိုး၏ ရည်ရွယ်ချက်ကို ပြန်ပြောပြလိုက်သည်။ မုန့်ယွမ်က တွေးကြည့်လိုက်ပြီးနောက် ပရိုဂရမ်၏ အသေးစိတ်အချက်များကို နားလည်ရန် ဖုန်းခေါ်ဆိုမှုအချို့ ပြုလုပ်လိုက်သည်။ 


“ဒီပရိုဂရမ်က ယုံကြည်လို့ရမဲ့ပုံပဲ... နိုင်ငံပိုင်အသံလွှင့်ဌာနက စီစဥ်ထားတာ... ရည်ရွယ်ချက်က အသိပညာပေးဖို့ ဆိုပေမယ့် ရှေးဟောင်းပစ္စည်းစုဆောင်းမှု စျေးကွက်ကို မြှင့်တင်ချင်တဲ့ တရားနည်းလမ်းကျတဲ့ ရည်ရွယ်ချက်အချို့လည်း ပါဝင်နေသေးတယ်။ နျင်းချန်ပြတိုက်ရဲ့ ဒါရိုက်တာ ကန်ကျိုး၊ ယဥ်ကျေးမှုအမွေအနှစ်တွေကို အကဲဖြတ်တဲ့ပညာရှင် ကုရိရန်တို့ ပါမယ်ဆိုတာ အတည်ပြုပြီးသွားပြီ... ရိုက်ကူးရေးက သိပ်မခက်ခဲပါဘူး... ဇာတ်ညွှန်းတွေ အများကြီး မပါဘူး...


မင်းသွားချင်ရင် သွားလေ... ဒါပေမယ့် ဒီပရောဂျက်က ခဏလောက် နှောင့်နှေးနေသေးတယ်... ပါဝင်မဲ့သူတွေ အတည်ပြုပြီးသွားရင် ရက်အနည်းငယ်အတွင်း ရိုက်ကူးလိမ့်မယ်"


ယွီနျန်က များစွာ တုံ့ဆိုင်းမနေတော့ပေ။ 


"အစ်ကိုမုန့်... ကျွန်တော့်ကို ကူပြီး ဆက်သွယ်ပေးပါဦး... ပါဝင်ရတဲ့ အခကြေးငွေကို ဂရုမထားဘူး... ကျွန်တော် တကယ်ပဲ ပါချင်နေလို့"


"ကောင်းပြီလေ... ကိစ္စမရှိဘူး"