အပိုင်း ၁၄၁
Viewers 16k

Chapter 141

လှည့်စားနေတဲ့ယွီနျန်




ယွီနျန်ထံမှ လက်ခံကြောင်း တုန့်ပြန်ချက် ရသောအခါ 'ရတနာလမ်းစနောက်လိုက်ခြင်း'၏ ထုတ်လုပ်ရေးအဖွဲ့က ချက်ချင်းပင် အကြောင်းပြန်လိုက်ကြပြီး စာချုပ်ညှိနှိုင်းရေး လုပ်ငန်းစဥ်များ စတင်ဆောင်ရွက်လေတော့သည်။ ယွီနျန်က ပါဝင်ရမည့် အခကြေးငွေအပေါ် အလွန်အကျွံတောင်းဆိုခြင်းမျိုး မရှိဘဲ အလုပ်အချိန်စာရင်းများအတိုင်း စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်ပေးသဖြင့် နှစ်ဖက်လုံးက မြန်ဆန်စွာ သဘောတူညီချက် ရရှိသွားကြပြီး အားလုံး အတည်တကျဖြစ်သွားလေတော့သည်။ 


ပုံမှန်အတိုင်းပင် မုန့်ယွမ်က သူ့ခံစားချက်များကို ဖော်ပြလာပြီး ပြောလိုက်သည်။


 "ငါစီမံခန့်ခွဲပေးရတဲ့ အနုပညာရှင်တွေဆိုရင်..."


ယွီနျန် သူ့ကို စနောက်လိုက်သည်။


 "အစ်ကိုမုန့်... အစ်ကိုက အရင်က ကျောင်းသားတွေအကြောင်းပဲ ပြောပြောနေတဲ့ အတန်းပိုင်ဆရာတစ်ယောက်လိုပဲ... "


မုန့်ယွမ်က ယွီနျန်ကို မျက်စောင်းထိုးကြည့်လိက်ပြီးနောက် ပြောလိုက်သည်။


 "နျန်နျန် ငါပြောဦးမယ်... မင်းက တော်တော်လေး စိတ်ကြီးဝင်နေလာပြီ... မင်းရဲ့ အစ်ကိုမုန့်ကို စကားပြောတဲ့ပုံစံက တဖြည်းဖြည်း မဆီလျော်တော့ဘူးနော်" ထို့နောက် သူ ရယ်မောကာ ထပ်ပြောလိုက်သည်။ "ဒါပေမယ့် တကယ်နော်... မင်းကိုယ်တိုင် သွားချင်နေလို့သာ မဟုတ်ရင်... ကျော်လည်းမကျော်ကြား ပိုက်ဆံလည်းမရတဲ့ ရှိုးတွေကို လွှတ်မှာ မဟုတ်ဘူး"


"ဒါပေမယ့် ကျွန်တော် တကယ်သွားချင်နေတာကို"


“အတိအကျပဲလေ... အတွေးတွေအမျိုးမျိုးကို ဘေးဖယ်ထားလိုက်ပြီးတော့ မင်းသွားချင်ရင် သွားသာ သွားလိုက်တော့ပေါ့" မုန့်ယွမ် ပြောလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည်။


 "ဘာလို့ မင်းအတွက် ငါ့ရဲ့စံသတ်မှတ်ချက်တွေက မင်းပျော်အောင် လုပ်ဖို့အတွက်ပဲ ဖြစ်သွားရတာလဲ"


ရှစ်ရော့က အခန်းထဲကို ဝင်လာခဲ့ပြီး နောက်ဆုံးသောစကားကို ကြားသောအခါ ဝယ်လာသောကော်ဖီနှင့် နို့လက်ဖက်ရည်ကို စားပွဲပေါ်တွင် ထားလိုက်သည်။ ထို့နောက် သူမက ယွီနျန်ကို လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် အသီးဖျော်ရည်ကို လှမ်းပေးကာ ပြန်ဖြေလိုက်သည်။


 "အစ်ကိုမုန့်... သတိမထားမိဘူးလား... တခြားမန်နေဂျာတွေဆိုရင် သူတို့ရဲ့ အနုပညာရှင်တွေကို သူတို့ရဲ့ငွေထုတ်စက်လို ဆက်ဆံကြတာလေ... အစ်ကိုကတော့ တခြားစီပဲ... အစ်ကိုက သာမန်လမ်းကြောင်းကို မလိုက်ဘူး" 


မုန့်ယွမ်က ထပ်ပြီး ကျေနပ်သွားပုံပေါ်သည်။


 "ဒါပေါ့... ငါက ကွဲပြားတယ်လေ... တခြားအနုပညာရှင်တွေက ပွဲဦးထွက်တဲ့နှစ်မှာပဲ ရွှေတေးသွားဆုပေးပွဲမှာ တစ်ခါတည်းနဲ့ ဆုခြောက်ခု ရကြလို့လား... သူတို့ လုပ်နိုင်ကြလို့လား... မဟုတ်ဘူး မလုပ်နိုင်ကြဘူးကွ... ငါစီမံပေးနေရတဲ့ အနုပညာရှင်က ထူးခြားတဲ့သူပဲဟာ... ငါက သာမန်လမ်းကြောင်းနောက်ကို လိုက်လို့ မဖြစ်ဘူးလေ"


ရှစ်ရော့က မုန့်ယွမ်ကို လစ်လျူရှုလိုက်ပြီး ယွီနျန်ကို တလက်လက်တောက်နေသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။


 "နျန်နျန်... ဝေ့ပေါ်မှာ ရေးထားတာ တကယ်ကောင်းတယ်" သူမက ဒေါသတကြီး ဆက်ပြောလိုက်ပြန်သည်။ "ကျောက်ချွမ်းမင်ဆိုတဲ့ သူက ဘယ်သူပဲဖြစ်ဖြစ် 'ဟောပြောပို့ချပွဲကြီး'မှာ ပြောခဲ့တဲ့စကားတွေက အစ်မကို တကယ် ဒေါသထွက်စေတယ်"


မုန့်ယွမ်က သူ့ကော်ဖီခွက်ကို ကိုင်ထားသည်။ 


"အင်း... သူအခု အွန်လိုင်းပေါ်မှာ အလှောင်ခံနေရတော့ ပရော်ဖက်ဆာကျောက်လည်း နှစ်ရက်လောက်တော့ ငြိမ်သွားကောင်းရဲ့"


"ရတနာလမ်းစနောက်လိုက်ခြင်း'၏ ထုတ်လုပ်ရေးအဖွဲ့နှင့် စာချုပ်များ အပြီးသတ်ပြီးသွားသောအခါ ရှိုးက တစ်ပတ်တစ်တွင်း စတင်ရိုက်ကူးခဲ့သည်။ 


ယွီနျန် ရှစ်ရော့ကို ခေါ်၍ တီဗွီစတူဒီယို၏ ထုတ်လွှင့်ရေးဟောခန်းကြီးထဲသို့ ရောက်လာသောအခါ များစွာသော ဝန်ထမ်းများ ခြံရံလျက် တဖြည်းဖြည်း လျှောက်လာနေသည့် ကုရိရန်ကို တွေ့လိုက်ရသည်။ ယွီနျန်က ချက်ချင်းပင် ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ 


"ဘိုးဘိုးကု... မတွေ့ရတာကြာပြီ"


ကုရိရန်က ယွီနျန်ကို မြင်သည်နှင့် မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။


 "စောစောရောက်နေတာလား နျန်နျန်"


ယွီနျန်က ကုရိရန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ခေါင်းလေးအနည်းငယ် ငုံ့ကာ ပြန်ဖြေလိုက်သည်။


 "ဟုတ်... ကျွန်တော် ဘိုးဘိုးကုနဲ့အတူ ရှိုးရိုက်ကူးရေး လုပ်ရမှာကို စိတ်လှုပ်ရှားနေလို့" 


“စိတ်လှုပ်ရှားနေတယ်လား... မလုပ်စမ်းပါနဲ့ကွာ... မင်းက အခု အရွယ်ရောက်လို့ နာမည်ကျော်တစ်ယောက်တောင် ဖြစ်နေပြီ... ငါ့လိုလူအိုကြီးနဲ့ အတူရိုက်ရမှာကို စိတ်လှုပ်ရှားနေရသေးတာလား"


နံဘေးမှ ဝန်ထမ်းများမှာ ကုရိရန်နှင့် ယွီနျန်တို့က အတော်လေး ရင်းနှီးပုံရပြီး အချင်းချင်း ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံနေကြသည်ကို တွေ့သောအခါ အံ့အားသင့်နေကြလေသည်။ သူတို့၏ စကားဝိုင်းက ထူးဆန်းနေသည်ကို သိနေကြသော်လည်း မသင့်တော်သော မေးခွန်းများကို မမေးရဲကြပေ။


ကုရိရန်က ယွီနျန်၏ လက်ဖမိုးကို ပုတ်လိုက်သည်။ "ထုတ်လုပ်ရေးအဖွဲ့က မင်းကို ဖိတ်ချင်နေတာလေ... ကန်ကျိုးက မင်းအရမ်းအလုပ်များနေလို့ မလာလောက်ဘူးလို့တောင် ပြောနေတာ... ဒါပေမယ့် ငါသူတို့ကို ပြောလိုက်တာ မင်းကို ချဥ်းကပ်ကြည့်လိုက်ရင် သေချာပေါက် လာလိမ့်မယ်လို့" သူက မျက်နှာထက်တွင် ကျေနပ်နေသော အမူအယာတစ်ခု ရှိနေသည်။


 "ကြည့်... ငါပြောတာ မှန်သားပဲ... မင်းရောက်လာတယ်လေ" 


ယွီနျန် ပြုံး၍ ပြောလိုက်သည်။ 


"ဒါရိုက်တာကန် မဖိတ်ရင်တောင်... ဒီအခွင့်အရေးအတွက်ဆို ကျွန်တော်စပြီး မေးမိမှာပါ"


ကုရိရန်က ပြန်ပြုံးပြလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ "မင်းရဲ့ အဘိုးအဘွားတွေတော့ မင်းကောင်းကောင်း ကြီးပြင်းလာပြီး အခု ဘယ်လောက်တောင် ချောမောကြည့်ကောင်းနေလဲ ဆိုတာတွေ့ရင် အရမ်းပျော်နေကြလောက်မှာပဲ"


ယွီနျန်က ရွှတ်နောက်နောက်ဟန်ဖြင့် မျက်လုံးများ ကျယ်ကျယ်ဖွင့်လိုက်ပြီး မကျေမနပ် ဖြစ်သွားပုံ ဟန်ဆောင်လိုက်သည်။


 "ဘိုးဘိုးကု... ကျွန်တော် ငယ်ငယ်လေးထဲက တော်တော်လေး ချောမောကြည့်ကောင်းနေပြီးသားပါဗျာ"


ကုရိရန်က တစ်စက္ကန့်မျှ ရပ်သွားပြီးနောက် အခြားသူများကို လှည့်ပြောလိုက်သည်။


 "တွေ့လား... မင်းတို့ သူ့ကို ချောတယ်ထင်ရင်တောင် ကျယ်ကျယ်မပြောကြနဲ့... ဒီကလေးက အမြှောက်အပင့်တွေ သိပ်တောင့်မခံနိုင်ဘူး... သူ့ကိုသာ သွားချီးကျုးမိရင် ဘဝင်တွေမြင့်ပြီး မိုးလောက်ထိ မြှောက်သွားတော့တာ"


လူတိုင်းက ရယ်မောလိုက်ကြသည်။


အနားယူသည့် နေရာသို့ ရောက်သောအခါ ကန်ကျိုးက ရောက်နေပြီးသား ဖြစ်နေသည်။ သူက အနက်ရောင် ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို သေသေသပ်သပ် ဖြီးသင်ထားသဖြင့် ရည်မွတ်ကျော့ရှင်းသည့် အသွင်အပြင် ရှိနေသည်။ ကုရိရန် ဝင်လာသည်ကို မြင်သောအခါ မြန်မြန် ထရပ်ကာ နှုတ်ဆက်လာခဲ့သည်။


 "လောင်ကု"


ကုရိရန်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ယွီနျန်ထံသို့ အပြုံးလေးတစ်ခုနှင့် လှည့်ကြည့်လာခဲ့သည်။ "နျန်နျန် .. မင်း အခု ပိုလို့တောင် ချောလာပါလားကွ"


ကုရိရန် ပြုံး၍ အထဲသို့ ဝင်လာခဲ့သည်။ "သူ့ကို အရမ်းချီးမွမ်းမနေနဲ့ဦး... သူ့ကို ချောတယ်ထင်ရင်တောင် စိတ်ထဲမှာပဲထား... ဒီကလေးက အမြှောက်အပင့်တွေ သိပ်တောင့်မခံနိုင်ဘူး... မင်း သူ့ကို ချီးကျုးမိတာနဲ့ မိုးလောက်ထိ မြှောက်သွားတော့မှာ"


ယွီနျန် တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း ပြုံးနေခဲ့သည်။ 


သုံးယောက်သားက အနားယူသည့် နေရာ၏ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။ ရှိုး၏ ဒါရိုက်တာချုပ်က သူတို့အနားသို့ အပြေးအလွှား ရောက်လာပြီး နှုတ်ဆက်စကားများ ဖလှယ်ကြပြီးနောက် ရှိုးအတွက် ပြင်ဆင်ရန် အပြေးထွက်သွားပြန်သည်။ 


အနားယူနေရာ၏ တံခါးပိတ်သွားသောအခါ ကုရိရန်က တုတ်ကောက်ပေါ် မှီ၍ ယွီနျန်အား မေးလိုက်သည်။


 "သတင်းတွေထဲက ကြားတာ ချန်ဖန့်ဇွင်းကို အီတလီကနေ ပြန်ဝယ်လာနိုင်ခဲ့တယ်ဆို"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်... အီတလီက မွန်တီမိသားစုက ချန်ဖန့်ဇွင်းကို စုဆောင်းထားတာ..... ပြီးတော့ မိသားစုအတွင်းပိုင်းမှာလည်း အာဏာလုပွဲတွေ ဖြစ်နေတယ်... ကျွန်တော် ချန်ဖန့်ဇွင်း ယူပြီး ထွက်လာတဲ့အချိန်မှာပဲ အဲ့ဒီနေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးတွေ ထတောက်သွားတာလေ... ကံကောင်းလို့ ပွဲတက်လာတဲ့သူတွေကို မထိသွားပေမယ့် လေလံပွဲက ပစ္စည်းတွေက အနည်းနဲ့ အများထိခိုက်သွားတယ်... အဲ့ဒီအချိန်တုန်းက ကျွန်တော် ကံကောင်းလို့ပါလား ဆိုပြီး ခံစားနေခဲ့ရတာ"


ထိုစကားနှစ်ခွန်းဖြင့်ပင် အချို့သော အန္တရာယ်များ ပါဝင်ခဲ့ကြောင်း သက်သေခိုင်လုံသွားခဲ့သည်။ ကုရိရန် တစ်ခဏမျှ တွေးကာ ပြောလိုက်သည်။ 


"ဒါက အတော်လေးခက်ခဲတဲ့ စမ်းသပ်မှုတွေလိုပဲကွ... အရင်မျိုးဆက်ကလူတွေက ရှေးဟောင်းပစ္စည်းတွေမှာ အကျိုးအမြတ်တွေ ရှာဖွေပေးပြီး အန္တရာယ်တွေ ကာကွယ်ပေးတဲ စိတ်ဝိဥာဏ်တွေ ရှိကြတယ်လို့ ပြောခဲ့ဖူးတယ်... သူတို့က သူတို့ရဲ့ ပိုင်ရှင်တွေကို အန္တရာယ်ကျရောက်နေတဲ့အခါ ကာကွယ်ပေးနိုင်တယ်... ဘယ်သူ သိမှာလဲ... ဒါအမှန်ဖြစ်နိုင်တာပဲလေ"


ယွီနျန် ပြုံးလိုက်သည်။ 


"ရှေးဟောင်းလက်မှုပစ္စည်းတွေမှာ စိတ်ဝိဥာဏ်ရှိတာက မသေချာပေမယ့် သူတို့က မရွေ့လျားနိုင်တော့ အဆုံးမှာ သူတို့ကို ကာကွယ်ပေးနိုင်ဖို့အတွက် လူတွေကို လိုအပ်နေဆဲပဲလေ"


“မင်းပြောတာ ကျိုးကြောင်းညီညွတ်တယ်" ကုရိရန် ကန်ကျိုးကို ကြည့်လိုက်သည်။ 


"ဒါကြောင့် ပြတိုက်ဆိုတာမျိုးတွေ ရှိနေတာပဲ"


ကန်ကျိုး ခေါင်းငြိမ့်ပြလိုက်သည်။ 


"ချန်ဖန့်ဇွင်းအကြောင်း ပြောကာမှ ငါတို့ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရခဲ့ဘူး... ကံကောင်းလို့ မင်း ပြန်ယူလာနိုင်ခဲ့လို့သာပေါ့... မဟုတ်ရင် ထပ်ပြီး အစပျောက်သွားရပြန်ဦးမှာ"


ကုရိရန် ခေါင်းငြိမ့်လိုက်သည်။


 "ချန်ဖန့်ဇွင်း အခိုးခံလိုက်ရပြီး နိုင်ငံထဲက ယူထုတ်သွားခံလိုက်ရတော့ မစ္စတာရှို့နျင်းခဗျာ စိတ်မကောင်း ဖြစ်ရလွန်းလို့ အချိန်အကြာကြီး မအိပ်နိုင် မစားနိုင် ဖြစ်နေခဲ့ရတာ"


ယွီနျန် တီးတိုးရယ်မောလိုက်သည်။ 


"ဘိုးဘိုးသာ ကျွန်တော် ပြန်ယူလာနိုင်ခဲ့မှန်းသိရင် ပျော်လွန်းလို့ ကျွန်တော့်ကို မြှောက်ပြီး တစ်ပတ်လည် လှည့်လောက်တယ်"


ထိုအခိုက် ဝန်ထမ်းလေးတစ်ယောက်က တံခါးလာခေါက်ပြီး စတိတ်စင် အသင့် ဖြစ်ပြီ ဖြစ်ကြောင်း အသိပေးလာခဲ့သည်။ သူတို့ သုံးယောက်က ဝန်ထမ်းလေး၏ လမ်းပြမှုနောက်မှ လိုက်လာခဲ့ကြပြီး အကဲဖြတ်သူ နေရာတွင် ဝင်ထိုင်လိုက်ကြသည်။ 


ကုရိရန်နှင့် ယွီနျန် နှစ်ယောက်လုံးအပါအဝင် ကန်ကျိုးတို့အတွက် ရှေးဟောင်းပစ္စည်းများကို အတုအစစ် ခွဲခြားနိုင်မှုနှင့် သူတို့နောက်မှ ဇာတ်လမ်းလေးများကို နားလည်နေကြခြင်းက သဘာဝကျကျ ရောက်ရှိလာသည့်အတွက် ရိုက်ကူးရေး လုပ်ငန်းစဥ်ကို အလွန် အေးအေးဆေးဆေး ဖြစ်သွားစေသည်။


အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ယောက်က အကဲဖြတ်စင်ပေါ် စုတ်တံဆေးခွက်တစ်ခုကို တင်လိုက်သောအခါ ကုရိရန်က နှစ်စက္ကန့်မျှ အကဲဖြတ်လိုက်ပြီးနောက် ယွီနျန်ကို ပြုံး၍ ပြောလိုက်သည်။ 


"ယွီနျန်လောင်ရှီး... ဒီရတနာပစ္စည်းကို အကဲဖြတ်ဖို့ အလှည့်ပဲ"


ယွီနျန်က တလေးတစား ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မိုက်ခရိုဖုန်းကို စင်ဘက်သို့ လှည့်ကာ စတင်ပြောဆိုလေတော့သည်။


 "စုတ်တံဆေးခွက်ဆိုတာ ရှေးခေတ်စာကြည့်ခန်းတွေမှာ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတစ်ခုပါပဲ... စုတ်တံဆေးဖို့အတွက် ရေထည့်ဖို့ သုံးရတော့ နေ့တိုင်း မကြာခဏအသုံးများကြတယ်... မိုးပြာရောင် ရုယောင် စုတ်တံဆေးကြွေခွက်လို ကြွေထည် စုတ်တံဆေးခွက်တွေက ပိုပြီး တွေ့ရများတယ်... အဲ့ဒီထဲကမှ ဆယ်ခုလောက်ပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ်... ဒါပေမယ့် အဘိုးရဲ့ ပစ္စည်းကတော့ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတာပါ"


သက်ကြီးပိုင်းလူက ခေါင်းငြိမ့်ပြလိုက်သည်။ "အမှန်ပါပဲ"


ယွီနျန် ဆက်ပြောသည်။ 


"ဒီစုတ်တံဆေးခွက်က ဆောင်းဦးရာသီ ပုစဥ်းရင်ကွဲနဲ့ ပေါ်လိုနီးယားပင်ရဲ့ အရွက်တွေကို ကျောက်စိမ်းမှာ ထွင်းထုထားတဲ့ စုတ်တံဆေးခွက်ပါ... ဒါက အရောင်အဆင်း လှပပြီး သိမ်မွေ့တယ်... ကိုယ်ထည်ကို အကိုင်းအခက်များစွာ ခက်ဖြာနေတဲ့ ပေါ်လိုနီးယားရွက်ပုံ ထွင်းထုထားပြီး အရွက်တွေရဲ့ အကြောတွေက ထင်းထွက်နေပြီး ဆောင်းဦး ပုစဥ်းရင်ကွဲတစ်ကောင်က အသက်ဝင်နေသလို မျက်နှာပြင်ပေါ်လာနားနေတယ်"


ထိုလူကြီးက မိုက်ခရိုဖုန်းကို ကိုင်လိုက်သည်။ 


"လောင်ရှီးငယ်လေးက သေချာကြည့်ပေးထားတာပါပဲ... အမှန်ပါပဲ... ဒီစုတ်တံဆေးခွက်ကို မိသားစုအမွေအနှစ်အဖြစ် အဘိုးရဲ့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာပါ... ဒါပေမယ့် အဘိုးက မင်းရဲ့ ဗဟုသုတကို စမ်းသပ်လို့ရမလား"


နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနမှ လူသိများသူ တစ်ယောက် ဖြစ်သည့် တင်ဆက်သူက ရယ်မော၍ ပြောလိုက်သည်။ 


"ငါတို့ရဲ့ လောင်ရှီးငယ်လေးကတော့ အသင့်ဖြစ်နေပါပြီ... စာမေးပွဲမေးခွန်းတွေ လာမယ်နော်"


အဘိုးအိုက မေးလိုက်သည်။ 


"ဒီစုတ်တံဆေးခွက်ရဲ့ မူလရင်းမြစ်ကို သိပါသလား"


ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။ 


"အဘိုး... ဒီစာမေးပွဲက ကျွန်တော့်ကို မရပ်တန့်စေနိုင်ပါဘူး" အာရုံစိုက်ထားသော မျက်နှာအမူအယာနှင့် ရှင်းလင်းနေသော စကားလုံးတို့ဖြင့် သူဆက်ပြောလိုက်သည်။


 "ဒီစုတ်တံဆေးခွက်က ထိပ်ပိုင်းမှာ 'ဖုကွမ်း စာကြည့်ခန်း'လို့ ဖတ်နိုင်တဲ့ စကားလုံးတွေကို ရိုက်နှိပ်ထားတာတွေ့ရပါမယ်... 'ဖုကွမ်း'ကို စာကြည့်ခန်းအမည်နဲ့ အသုံးပြုတယ်လို့ လူသိများတဲ့သူက နန်းကျ အိမ်ရှေ့စံရဲ့ မင်းဆရာ ယွီဟွိုင်နန်ပါ... 


ယွီဟွိုင်နန် သူ့နာမည်ကို ရေးထိုးတဲ့နေရာမှာ 'နန်' ဟူတဲ့ စာလုံးကို ပါးစပ်တစ်ဝက်ပိတ်ပြီး အသံထွက်လေ့ရှိတယ်... ဒီစုတ်တံဆေးခွက်ကို သေချာကြည့်မယ်ဆိုရင် 'နန်' ဆိုတဲ့ စကားလုံးကို ဒီလိုနည်းနဲ့ ရေးထားတာ တွေ့ရပါလိမ့်မယ်"


အောက်ခြေတွင် ရိုက်နှိပ်ထားသော စာလုံး၏ အကြည်ဓါတ်ပုံက ပိတ်ကားထက်တွင် ပေါ်လာပြီး 'နန်'ဟူသော စကားလုံးမှာ အမှန်ပင် ပါးစပ်တစ်ဝက်ကို ပိတ်ထားသည့်ပုံ ဖြစ်နေသည်။ 


ယွီနျန် ဆက်ပြောလိုက်သည်။ "ယွီဟွိုင်နန်က သူ့ဘဝတစ်သက်တာလုံး စုတ်တံဆေးခွက် သုံးခုပဲ သုံးခဲ့တယ်... ဘိုးဘိုးလက်ထဲကဟာက ဒုတိယတစ်ခုပါ... ကျောက်စိမ်းထွင်းပညာရှင် ရှားရှူးက ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်... ဒီပစ္စည်းကို ဆယ့်တစ်နှစ်ကြာ သုံးပြီးနောက်မှာ ကုန်းကျိယန်လို့ အမည်ရတဲ့ လူတစ်ယောက်ကို စုတ်တံဆေးခွက်လို သန့်ရှင်းစင်ကြယ်ပြီး ကမ္ဘာကြီးရဲ့ အညစ်အကြေးတွေအားလုံးကို ဆေးကြောတတ်ဖို့ သင်ကြားတဲ့အနေနဲ့ ပေးခဲ့ပါတယ်... အဲ့ဒီပုဂ္ဂိုလ်က နောက်ပိုင်းမှာ တရားရုံးတော်ရဲ့ ရာထူးမြင့် အမှုထမ်းတစ်ယောက် ဖြစ်လာခဲ့တယ်... ဘိုးဘိုးအနေနဲ့ ဒီနာမည်ကို သမိုင်းမှတ်တမ်းတွေမှာ ရှာကြည့်လို့ ရပါတယ်"


သက်ကြီးပိုင်းလူ၏ မျက်နှာထက်၌ အမှတ်မမှားနိုင်သော အံ့အားသင့်မှုများ ဖော်ပြလာပြီး အံ့သြတကြီး ပြောလိုက်သည်။ 


"မင်းပြောတာ လုံးဝ မှန်ကန်ပါတယ်... အဘိုးသိထားတာထက်တောင် ပိုပြီး အသေးစိတ်ကျသေးတယ်... အမှန်ပါပဲ... အဘိုးရဲ့ ဘိုးဘေးရဲ့ မျိုးရိုးအမည်က ကုန်းဖြစ်ပြီး အမည်ကတော့ ကျိယန်ပါ... ဒီစုတ်တံဆေးခွက်ကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြတယ်...


အဘိုးရဲ့အဖေ ကလေးတုန်းက အဘိုးရဲ့အဘိုးက သူ့ကို ဒီဇာတ်လမ်းအကြောင်း ပြောခဲ့ဖူးတာကို ကြားခဲ့ရတယ်... အဘိုး ငယ်ငယ်တုန်းကလည်း အဘိုးရဲ့ အဖေကပဲ ဒီဇာတ်ကြောင်းကို ပြောပြခဲ့တာပါပဲ"


 သူက တင်ဆက်သူကို ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော် ဝန်ခံရမယ်... ကျွန်တော်ကတော့ ဒီလောင်ရှီးငယ်လေးရဲ့ ဗဟုသုတနဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိသွားပါပြီ" 


ရိုက်ကူးရေး ပြီးသွားသောအခါ ကန်ကျိုးက ရယ်မော၍ ပြောလာသည်။ "နျန်နျန်ရေ... ဒါကို လှည့်စားတယ်လို့ သတ်မှတ်လို့ရမလား"


ယွီနျန်က အနည်းငယ် ရှက်ရွံ့သွားပြီးနောက် ပြောလိုက်သည်၊ "ကျွန်တော်ငယ်ငယ်တုန်းက မိသားစုသမိုင်းကြောင်းကို မှတ်သားခဲ့ရဖူးတယ်... ပြီ

းတော့ ဒီအကြောင်းကို စာအုပ်ထဲမှာ ရေးထားခဲ့တာပါ... ကျွန်တော်က မကောင်းမှုကို တိုက်ဖျက်ပြီး တရားမျှတမှုကို လက်ကိုင်ထားတဲ့ ကုန်းကျိယန်ရဲ့ လုပ်ဆောင်ချက်တွေကို တကယ် လေးစားခဲ့တာပါ"