Chapter 142
နှစ်ရက်အကြာ ရှိုးကို နိုင်ငံပိုင် ရုပ်သံလိုင်းတွင် ပြ သလာပြီး ယွီနျန်၏ ဆောင်ရွက်ချက်က ဝေ့ပေါ်တွင် ဆွေးနွေးငြင်းခုံမှုများ အရှိန်တက်လာစေခဲ့သည်။
[ယွီနျန်က စစ်မှန်တဲ့ ပါရမီနဲ့ ဗဟုသုတရှိတယ်ဆိုတာ အမှန်ပဲလား... ဒါကို ထုတ်လုပ်ရေးအဖွဲ့က ဇာတ်ညွှန်းပြင်ပေးထားတာပဲလေ... သူလုပ်ဖို့လိုတာက မှတ်ပြီး ပြန်ပြောရုံပဲ... စာဖတ်တတ်သူတိုင်း လုပ်နိုင်တယ်နော်... ရိုးရိုးသားသားပြောရရင် သူက ဖန်ဆားဗစ်အတွက် အတော်လေး ကြိုးစားအားထုတ်ထားတာ... ပြီးတော့ ငါကလည်း ဒီလိုရှိုးမျိုးကို သူ့ကြောင့်သာ ကြည့်နေတာပဲ]
[အား... နျန်နျန်က အဖြူရောင် ကျုံးရှန်း ဝတ်စုံလေးနဲ့ ချောမောနေလိုက်တာ... သူဒီရှေးဟောင်းပစ္စည်းတွေရဲ့ ဇာတ်ကြောင်းကို ပြောပြတော့ ငါ ခေါင်းတွေ မူးနေရောပဲ... ငါအစက ယွီနျန်ကြောင့်ပဲ ဒီရှိုးကို ကြည့်ခဲ့တာပါ... ဒါပေမယ့် ငါဆက်ကြည့်လေလေ... ဒီလိုရှေးဟောင်းပစ္စည်းတွေရဲ့ ပုံပြင်တွေကို သဘောကျလေလေပဲ... နောက်တစ်ပိုင်းကို မစောင့်နိုင်တော့ဘူးနော်]
[ထုတ်လုပ်ရေးအဖွဲ့က လူမှန်ကို ရွေးခဲ့တာပဲ... ယွီနျန်က ကျန်ဟုန်ယင်းရဲ့ အစစ်အမှန် အတွင်းစည်းတပည့်ပဲလေ... သမိုင်းကြောင်းအခြေခံနဲ့ ရှေးဟောင်းပစ္စည်း အကဲဖြတ်တဲ့နေရာမှာဆို သူက လေးစားဖို့ကောင်းတဲ့သူပဲ... သူက ရှေးဟောင်းပစ္စည်းတွေကို ရောင်းဝယ်ပြီး ငွေရှာနေရင်တောင် သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေကြောင့်ပဲလေ]
များစွာသော ကွန်မန့်များကို ဖတ်ပြီးသွားသောအခါ မုန့်ယွမ်က အကသင်ခန်းစာ လေ့ကျင့်နေဆဲ ဖြစ်သည့် ယွီနျန်ရှိရာ အကစတူဒီယိုသို့ ရောက်လာခဲ့သည်။ သူ အပြုံးကြီးကြီးဖြင့် နှုတ်ဆက်လိုက်သည်။
"နျန်နျန်... ရှိုးက အတော်လေး ရလဒ်ကောင်းသားပဲကွ"
ယွီနျန်က နှဖူးမှ ချွေးများကို တဘက်ဖြင့် သုတ်ကာ ပြုံးပြလိုက်သည်။
"ဟုတ်... ဒါရိုက်တာကန်လည်း ဖန်တွေရလာပုံပဲ... ရုတ်တရက်ကြီး ကျွန်တော့်ဝေ့ပေါ်မှာ ဖော်လိုဝါအသစ်တွေ ထောင်ချီပြီး တိုးလာနေတယ်... သူတို့ကတော့ ရှိုးကြောင့် ရောက်လာခဲ့ကြတယ်လို့ ပြောတာပဲ"
မုန့်ယွမ် ဟက်ဟက်ပက်ပက် ရယ်မောကာ တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
"စိတ်ရှုပ်စရာ သတင်းတစ်ခု ရှိတယ်... နောက်တစ်ပိုင်းကျရင် ကျောက်ရှုယာလည်း ရှိုးမှာ ပေါ်လာလိမ့်မယ်"
ယွီနျန်က ချွေးသုတ်နေသည်ကို ကြည့်ကာ မုန့်ယွမ် ဆက်ပြောလိုက်သည်။ "ထုတ်လုပ်ရေးအဖွဲ့က အစတုန်းက မင်းကို ဖိတ်ဖို့ ရည်ရွယ်ထားပေမယ့် မင်းရဲ့ ဂုဏ်ပုဒ်က မြင့်တော့ မျှော်လင့်ချက် သိပ်မထားဘူး... ဒါကြောင့်မို့ ကျောက်ရှုယာကို ဖိတ်ရမလား မဖိတ်ရဘူးလား တွေဝေနကြတာ... ကျောက်ရှုယာကလည်း သူရဲ့ စာတတ်ပေတတ် အဆင့်အတန်းမြင့်တဲ့ ပုံရိပ်ကို မြှင့်ဖို့ အခွင့်အရေးကို ဘယ်လက်လွတ်ခံပါ့မလဲ... ဒါပေမယ့် မင်းလက်ခံလိုက်တာနဲ့ သူ့မှာအခွင့်အရေး မရှိတော့လောက်ဘူးလို့ ထင်မထားဘူး နေမှာပေါ့... ဒါကြောင့်မို့ ငါထင်တာ သူစိတ်မသက်မသာ ဖြစ်သွားလို့ မင်းလမ်းကို ဝင်ရှုပ်ပြီး မင်းကို စိတ်မသက်မသာ ဖြစ်အောင် လုပ်မလို့ ထင်တယ်"
ယွီနျန်က ရေတစ်ငုံသောက်လိုက်ပြီးနောက် အဖုံးပိတ်လိုက်သည်။
"ကောင်းပါပြီ.. အစ်ကိုမုန့်... မစိုးရိမ်ပါနဲ့... ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်"
ယွီနျန် ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ မုန့်ယွမ် အံ့အားသင့်သွားသည်။
"သွားတော့မလို့လား... မင်း ရှစ်နာရီအထိ အကလေ့ကျင့်ဖို့ လုပ်ထားတာ မဟုတ်ဘူးလား"
ယွီနျန် ရေဘူးကို မြှောက်ပြလိုက်သည်။
"ဟုတ်... ကျွန်တော် ဒီနေ့ အကမလေ့ကျင့်တော့ဘူး... ကျွန်တော့် ကောင်လေးက အလုပ်ဆင်းရင် လာကြိုပေးမှာလေ"
သူတစ်ခဏမျှ တွေးလိုက်ပြီးနောက် မျက်လုံးလေးများ မှေးကျဥ်းကာဖြင့် ရွှင်ရွှင်မြူးမြူး ပြောလိုက်သည်။
"နောက်ကျလို့ ကျွန်တော့်ရဲ့ အကစွမ်းရည်တွေကျလာရင် သေချာပေါက် ရွှယ်ယုံရဲ့ အမှားပဲနော်"
ယွီနျန် ကားအတွင်းသို့ ဝင်လာသောအခါ ဖုန်းကို အာရုံတစိုက် ကြည့်နေသည့် ရွှယ်ယုံကို တွေ့လိုက်ရသည်။ ယွီနျန် သိချင်စိတ် များသွားရပြီးနောက် မေးလိုက်သည်။ "ဘာတွေ ဒီလောက် အာရုံစိုက်နေတာလဲ... ကျွန်တော့်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူး"
ရွှယ်ယုံက သူ့ဖုန်းကို စိုက်ကြည့်နေရင်း ပြန်ဖြေလာသည်။
"ကိုယ် နျန်နျန့်ကို ကြည့်နေတာ"
"ကျွန်တော်လား" ယွီနျန် ရွှယ်ယုံဘက်သို့ စောင်း၍ ကြည့်လိုက်ရာ အမှန်ပင် သူဖြစ်နေသည်။ ဗီဒီယိုထဲတွင် ထိုင်ခုံများ၌ လူအပြည့် ဖြစ်နေသည့် အစိမ်းရောင် လူပင်လယ်ကြီး ရှိနေသည်။ သူက အဖြူနှင့်အနက် အားကစားဝတ်စုံကို ဝတ်ထားပြီး အားကစားပွဲကြီးတစ်ခုအတွက် ဖွင့်ပွဲတွင် ဖျော်ဖြေပေးနေခြင်း ဖြစ်သည်။
ရွှယ်ယုံ ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။ "နျန်နျန် ရေပန်းစားနေပြီ"
“ကျွန်တော် ဗီဒီယိုအောက်က tagကို မြင်သားပဲ"
ယွီနျန် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ "#စာသားပြစက်ကပေးထားတဲ့ငါ့ကံကြမ္မာ#လိုမျိုးတွေလေ... အင်း ကျွန်တော်လည်း သိပါတယ်... စင်ပေါ်မှာ စာသားပြစက်တစ်ခုပဲ ရှိတာ သိပ်မသိသာဘူးလေ... နည်းနည်းလောက် ဖုံးထားလို့ ရသေးတယ်... ဒါပေမယ့် အားကစားကွင်းလို နေရာမျိုးမှာ စာသားပြစက် လေးငါးခြောက်ခုလောက် ဝိုင်းနေတာ တကယ် ရှက်စရာကောင်းတယ်"
ရွှယ်ယုံ သူ့ဖုန်းကို ပြန်ချကာ ယွီနျန်၏ မျက်နှာကို ထိလိုက်ပြီး ခပ်ဖွဖွ အနမ်းပေး၍ ချော့မြှူလိုက်သည်။
"ရှက်စရာမကောင်းပါဘူး.... ချစ်စရာကောင်းတာ... ကိုယ်တကယ် သဘောကျတယ်"
"ချစ်စရာကောင်းတယ်"ဟူသော နာမဝိသေသနက သူ့အတွက် ဆက်စပ်ကြည့်ရန် ခက်ခဲပါသော်လည်း ယွီနျန် အနည်းငယ် ရှက်ရွံ့သွားသည်။ သူ ရွှယ်ယုံဘက်သို့ တိုးကာ နှုတ်ခမ်းကို အနမ်းပေးလိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ " 'ရတနာလမ်းစနောက်လိုက်ခြင်း'ရဲ့ ဒုတိယပိုင်း ရိုက်ကူးပြီးသွားရင် ရိယောင်မိုဘိုင်းရဲ့ ပရဟိအဖွဲ့နဲ့အတူ တောင်တန်းဒေသတွေဆီ လိုက်သွားဖြစ်မယ်... လေးငါးရက်လောက်ပဲ ကြာမှာပါ"
ရွှယ်ယုံက ယွီနျန်၏ လက်ကို ကိုင်ထားရင်း လေးလေးပင်ပင် လေသံဖြင့် ပြောလိုက်သည်။ "မင်းအကြာကြီး သွားမှာလား"
ယွီနျန်က သူ့ခေါင်းကို ရွှယ်ယုံ၏ ပေါင်ပေါ်အုံးကာ ခေါင်းလေးစောင်း၍ ကြည့်လိုက်သည်။
"ကျွန်တော် မကြာခင် ပြန်လာမှာပါ... ကျွန်တော် ခင်ဗျားကို အရမ်း လွမ်းနေတော့မှာပဲ"
ရွယ်ယုံက ယွီနျန်၏ ဆံပင်များကို ခပ်ဖွဖွ ထိုးဖွကာ နူးနူးညံ့ညံ့အသံလေးဖြင့် ပြောလိုက်သည်။
"ကိုယ်တို့ ဘယ်နှကြိမ်လောက် ဆက်သွယ်လို့ရလဲ"
ယွီနျန် ပြန်ဖြေရင်း အပြုံးလေးများက ပြန့်ကားလာခဲ့သည်။ "မိနစ်တိုင်း... စက္ကန့်တိုင်းမှာပေါ့"
အဆုံးတွင် ရွှယ်ယုံ စိတ်ကျေနပ်သွားပုံရသည်။
******
ကားဘီးများက မြို့၏ အနောက်ဘက်ပိုင်းရှိ ကျောက်ခင်းလမ်းများအပေါ် ဖြတ်တိုက်သွားပြီး သီးသန့်စားသောက်ဆိုင်လေး၏ ဝင်ပေါက်တွင် ရပ်တန့်သွားသည်။ ယွီနျန် အပြင်ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
"ထွက်ကြရအောင်... ဦးလေးရှန်း ကျွန်တော်တို့အတွက် ဟင်းပွဲတွေ ပြင်ပြီးနေလောက်ပြီ"
ရွှယ်ယုံ မလှုပ်သေးဘဲ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
"ကိုယ် တစ်မိနစ်လောက် စိတ်ပြင်ဆင်လိုက်ဦးမယ်"
ရွှယ်ယုံ အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို သတိပြုမိသွားသည့် ယွီနျန်က ထိုင်ခုံမှာသာ ထိုင်နေရင်း ကြုံရာကျပန်း စကားပြောပေးနေခဲ့သည်။
"ကျွန်တော့်ရဲ့ မွေးအဖေကို မသိခဲ့ရသလို ကျွန်တော့်အမေကလည်း ကျွန်တော့်ကို မွေးပြီးပြီးချင်း ဆုံးပါးသွားတယ်... ကျွန်တော့်ရဲ့ အဘိုးအဘွားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားကြတာ... ဦလေးရှန်းက ကျွန်တော့်အမေ ကြီးပြင်းလာတာကို ကြည့်ရှုပေးခဲ့ပြီးတော့ ကျွန်တော့်အလှည့်မှာရောပဲ... ကျွန်တော်တို့က သွေးသားမတော်စပ်ပေမယ့် သူက ကျွန်တော့်ကို မိသားစုရဲ့ အကြီးတစ်ယောက်လို ဆက်ဆံပေးခဲ့တာ"
ယွီနျန် ပြန်စဥ်းစားကြည့်လိုက်သည်။
"ကျွန်တော် ငယ်ငယ်တုန်းက အချိန်ခဏလောက် အစားရွေးလိုက်သေးတယ်... ပြီးတော့ အလေးချိန်လည်း တော်တော်နဲ့ မတက်နိုင်ခဲ့ဘူး... ဦးလေးရှန်းက ကျွန်တော့်ကို အဘိုးအဘွားတွေထက်တောင် စိတ်ပူပေးခဲ့ပြီးတော့ ကျွန်တော့်အတွက် ဟင်းတွေအမျိုးမျိုး ချက်ကျွေးခဲ့တာ.... သူ ကျွန်တော့်ကို "သခင်လေး" လို့ ပျော်ပျော်ပါးပါး ခေါ်ခဲ့ပေမယ့် ကျွန်တော့်ကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံပေးခဲ့တဲ့သူပါပဲ”
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားပြီးမှ မေးလိုက်သည်။
"နျန်နျန်... မင်းရဲ့ မွေးအဖေက..."
ရွှယ်ယုံ မေးလိုသည့်အကြောင်းအရာကို သိနေသည့် ယွီနျန်က ခေါင်းယမ်း၍ ပြောလိုက်သည်။ "ကျွန်တော် သူ့ကို ရှာဖို့ မတွေးထားဘူး...
ကျွန်တော့်အမေ အိမ်ကို ကိုယ်ဝန်ကြီးနဲ့ ပြန်လာပြီးတော့ ကျွန်တော့်အဘိုးအဘွားတွေကို သူ့အကြောင်း မပြောပြဘူးဆိုမှတော့ ကျွန်တော်လည်း စုံစမ်းနေစရာ မလိုဘူးထင်တယ်" သူ့မျက်လုံးများက ရှင်းလင်းနေသည်။ "ကျွန်တော့်အမေရဲ့ အချစ်တွေနဲ့ အဘိုးအဘွားတွေဆီက ချစ်ခြင်းမေတ္တာတွေက ကျွန်တော့်အတွက် လုံလောက်နေပါပြီ"
ရွှယ်ယုံ ဆက်မမေးတော့ဘဲ ကားထဲတွင် နှစ်မိနစ်မျှ ဆက်ထိုင်နေလိုက်ပြီးနောက် အဆုံးတွင် ပြောလိုက်လေသည်။ "ကိုယ်အခု အဆင်သင့်ဖြစ်ပြီ"
"ကောင်းပြီလေ... သွားကြတာပေါ့"
ယွီနျန်က ဦးလေးရှန်းကို ဖုန်းခေါ်ကာ ယနေ့တွင် သူ့ချစ်သူကို ခေါ်လာပေးမည်ဟု ပြောထားသဖြင့် စားသောက်ဆိုင်က သိသိသာသာပင် လူရှင်းနေသည်။ အထဲတွင် တိတ်ဆိတ်အေးချမ်းနေသည်။ "သပိတ်လွယ်ငှက်၏ အကိုင်းအခက်" ဟု အမည်ရသော သီးသန့်ခန်းလေးထဲသို့ ရောက်ရှိလာကြပြီးနောက် များမကြာမီ ဦးလေးရှန်းသည်လည်း တံခါးဖွင့်ကာ ဝင်လာခဲ့သည်။
ယွီနျန်နှင့်အတူ ထိုင်နေသော ရွှယ်ယုံကို တွေ့သောအခါ ဦးလေးရှန်းက တံခါးဝတွင် နှစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် မျက်နှာထက်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူက စားပွဲလေးပေါ်တွင် နှုတ်မြိန်စာ အဆာသွပ်မုန့်လေးများကို တင်လိုက်ပြီးနောက် ရွှတ်နောက်နောက်ဖြင့် ဆူပူလိုက်သည်။
"သခင်လေး... ကြိုပြီးလည်း ပြောမထားဘူး"
“မိတ်ဆက်ပေးပါရစေ... ဒါက ဦးလေးရှန်းပါ... ပြီးတော့ ဒါက ရွှယ်ယုံပါ" ယွီနျန် ပြောပြလိုက်သည်။
ရွှယ်ယုံက တလေးတစား နှုတ်ဆက်လိုက်သည်။
ယွီနျန်က အဆာသွပ်မုန့်တစ်ပိုင်းကို ဟန်မပျက် ယူလိုက်ပြီးနောက် ရွှယ်ယုံ၏ ပါးစပ်ထဲသို့ ကျွေးလိုက်သေးသည်။ ထို့နောက် သူက သူကိုယ်တိုင်အတွက် နောက်ထပ်တစ်ပိုင်းကို ယူလိုက်ပြီး ရှန်းဝေ့ကို မျက်လုံးများ မှေးသည်အထိ ပြုံးပြလိုက်သည်။
ရှန်းဝေ့က ယွီနျန်တစ်ယောက် သူသဘောကျသည့်သူအတွက် ဟင်းချက်ကျွေးချင်သည်ဟု ဆိုကာ မီးဖိုချောင် ငှားခဲ့ဖူးသည့်အချိန်ကို ရှင်းရှင်းလင်းလင်း အမှတ်ရနေသည်။ သူသဘောကျရသည့်လူက 186စင်တီမီတာ ရှိပြီး ကိုယ်လုံးကိုယ်ထည် ကောင်းသော်လည်း စိတ်ကူးရန်မဖြစ်နိုင်ဟု ပြောခဲ့သေးသည်။ ထိုအချိန်က သူ့ထံတွင် ကြိုတင်ခန့်မှန်းချက်အချို့ ရှိနေပြီးသား ဖြစ်သော်လည်း ယခုထက်ထိ အတည်မပြုနိုင်ခဲ့ပေ။
ရွှယ်ယုံဘေးတွင် ထိုင်နေသည့် ယွီနျန်ကို ကြည့်မိသွားသောအခါ သူ့မျက်လုံးများတွင် အပြုံးများ ပြည့်သွားပြီး စိတ်အေးသွားသည့် အမူအယာ ဖြစ်သွားကာ ရှန်းဝေ့၏ နှလုံးသားထဲမှ လေးလံနေသော ကျောက်တုံးကြီးမှာ တဖြည်းဖြည်း ကျဆင်းသွားခဲ့လေသည်။
ရှန်းဝေ့၏ အရေပြားများမှာ တွန့်စပြုနေပြီး ချစ်မြတ်နိုးမှုနှင့် နူးညံ့သိမ်မွေ့မှုများနှင့်အတူ အချိုပွဲများကို ယွီနျန်ဘက်သို့ တွန်းပို့ပေးလိုက်ပြီး ပုံမှန်အပြုအမူအတိုင်း ပြောလိုက်သည်။
"သခင်လေးက အစားနည်းလွန်းတော့ အရမ်းပိန်နေတာ... နောက်ဆိုရင် မစ္စတာရွှယ်ကတော့ သခင်လေးကို လက်တစ်ဖက်တည်းနဲ့ ချီပြီး နံရံကို တကယ် ကပ်ထားနိုင်လောက်တယ်"
ယွီနျန်မှာ သတိမမူမိဘဲ အဆာသွပ်မုန့်စ နင်သွားသဖြင့် မျက်လုံးထောင့်များ နီရဲလာသည်အထိ ချောင်းဆိုးသွားရသည်။ သူက ရွှယ်ယုံ ကမ်းပေးလာသည့် လက်ဖက်ရည်ခွက်ကို အကုန်သောက်လိုက်ပြီးမှ ပြန်သက်သာသွားလေသည်။
ယွီနျန်က ရွှယ်ယုံ၏ ပုခုံးပေါ် မှီလိုက်ပြီးနောက် အသံကလည်း အနည်းငယ် အက်ရှနေကာ မကျေမနပ်ဖြစ်သွားသယောင် ဟန်ဆောင်လိုက်သော်လည်း အပြုံးများကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
"ဦးလေးရှန်း... ဆက်ပြောနေရင် ကျွန်တော် တကယ်စိတ်ဆိုးတော့မှာနော်"
ရှန်းဝေ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အတိတ်ကို အနည်းငယ် လွမ်းဆွတ်သွားပုံပေါ်သည်။
"အချိန်တွေက အကုန်မြန်လိုက်တာ... ခြံဝင်းထဲမှာ ပြေးလွှားပြီး ပုရွတ်ဆိတ်လေးတွေ ထိုင်ရေနေတတ်တဲ့ သခင်လေးက ချစ်ရမဲ့သူ ရှာတွေ့သွားပြီ... စကားမစပ်" သူ ထရပ်လိုက်သည်။
"စကားပြောနေရင်း အမြဲတမ်း မေ့မေ့သွားတယ်... မီးဖိုချောင်ထဲမှာ ဟင်းပွဲတွေ ချက်နေတုန်းပဲ... သွားကြည့်လိုက်ဦးမယ်... ခဏစောင့်နော်"
သီးသန့်ခန်းတံခါး ပိတ်သွားပြီး ရွှယ်ယုံ၏ ခန္ဓါကိုယ် အနည်းငယ် တောင့်တင်းနေသည်ကို မြင်သောအခါ ယွီနျန် ပြုံးလိုက်ပြီး ရွှယ်ယုံ၏ လက်ချောင်းရှည်များကို ညှစ်ကာ ပြောလိုက်သည်။
"ဘိုးဘိုးက ပြောဖူးတယ်... ဘဝကြီးက အသက်တစ်ရာထက် ပိုမရှည်နိုင်ဘူးတဲ့... ချစ်တဲ့သူကို တွေ့နိုင်တာကတောင် အတော်လေး အခွင့်အရေး ရှားပါးတာမို့ နောက်ထပ်ပိုပြီး မတောင်းဆိုသင့်ဘူးတဲ့လေ... ဦးလေးရှန်းကလည်း ဒီအတိုင်းပဲ တွေးထားလောက်မှာ.. သူငယ်ငယ်တုန်းကလည်း သူလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူက အပြင်းအထန် နေမကောင်းဖြစ်ပြီး ဆုံးပါးသွားတာလေ... အဲ့ဒီကတည်းက တစ်ယောက်တည်းနေသွားခဲ့တာပဲ... ဒါကြောင့်မို့ ကျွန်တော် ပျော်နေသရွေ့ သူ သဘောတူပေးမှာပါ"
ပြောနေရင်း စားလက်စ အဆာသွပ်မုန့်ကို ရွှယ်ယုံ၏ ပါးစပ်ထဲသို့ ထည့်ကာ ဆက်ပြောလိုက်သည်။
"ကျွန်တော့်ကိုယုံ... အရာအားလုံး အဆင်ပြေသွားမှာပါ"
အဆုံးတွင် ရွှယ်ယုံ ပါးစပ်ဖွင့်လာပြီး ကျန်နေသေးသည့် မုန့်တစ်ဝက်ကို စားလိုက်ပြီး ယွီနျန်၏ လက်ချောင်းထိပ်လေးများကို အမိအရ ပွတ်ကာ ယားကျိကျိ ဖြစ်အောင် လုပ်လိုက်ပြီးမှ ချက်ချင်း လက်ပြန်ရုတ်လိုက်သည်။
သိပ်မကြာခင် ရှန်းဝေ့က ဟင်းပွဲပေါင်းများစွာ ယူလာခဲ့သည်။ အဓိကဟင်း သုံးပွဲနှင့် အရံဟင်းလေးပွဲဖြစ်ကာ စားပွဲတစ်ခုလုံး မွှေးကြိုင်သင်းပျံ့သွားလေသည်။
စားသောက်ပြီးကြသောအခါ ရှန်းဝေ့ ပြုံး၍ ပြောလိုက်သည်။
"ပြောရင်းနဲ့မှ ဦးလေးလည်း 'ရတနာလမ်းစနောက်လိုက်ခြင်း'ကို ကြည့်သေးတယ်... မစ္စတာကုနဲ့ ဒါရိုက်တာကန်တို့နဲ့အတူတူ ရိုက်ကူးကြတဲ့ဟာလေ"
အစာကြေလွယ်စေရန် လက်ဖက်ရည်အချို့ သောက်ပြီးသွားသည့် ယွီနျန်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ကျွန်တော် ဘယ်လိုနေလဲ"
“မဆိုးပါဘူး... ဒါပေမယ့် အဲ့ဒါတွေက မိသားစုသမိုင်းကြောင်းကနေ မှတ်သားထားခဲ့တာ မဟုတ်လား" ရှန်းဝေ့ မေးမြန်းလိုက်သည်။
ယွီနျန်က နှာခေါင်း ပွတ်၍ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ "ဟုတ်တယ်... ဒါက ကျွန်တော်ငယ်ငယ်တုန်းက မိသားစုသမိုင်းကြောင်းကို တလေးတနက်ကျက်မှတ်ခဲ့ပြီး ကောင်းကောင်း မှတ်မိတယ်ဆိုတဲ့ သဘောပဲမလား"
ထို့နောက် ရွှယ်ယုံဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။
"ကျွန်တော် ကလေးဘဝတုန်းက ကြောက်ဖို့အကောင်းဆုံးနဲ့ အခက်ခဲဆုံးအရာက မိသားစုသမိုင်းကြောင်းပဲ... အဲ့တာက မြေပေါ်ကနေ စစီရင်တောင် ကျွန်တော့်ထက် အရပ်ပိုရှည်နေသေးတယ်... ကျွန်တော်က ဘိုးဘိုးကို များလွန်းလို့ မကျက်လို့ရမလားလို့ မေးခဲ့ပေမယ့် ဘိုးဘိုးက မရဘူးလို့ ပြောတယ်... သူငယ်ငယ်တုန်းကလည်း ဒါတွေကို ကျော်ဖြတ်ခဲ့ရတာပဲတဲ့"
ရွှယ်ယုံ၏ မျက်လုံးများထက် ရွှင်မြူးမှုများ ထင်ဟပ်လာခဲ့သည်။
"နောက်ပိုင်းကျတော့ ဘိုးဘိုးက ကျွန်တော့်ကို အကြံပေးတယ်... 'နျန်နျန် တွေ့လား... မိသားစုသမိုင်းကြောင်းတွေကို ရေးခဲ့တဲ့သူတွေက အတော်လေး ခက်ခဲလောက်တယ်မလား... ဘိုးဘိုးတို့က သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အလဟဿဖြစ်အောင် လုပ်လို့ မရဘူးလေ... ဟုတ်တယ်မလား'တဲ့... သူတို့ရဲ့ ပင်ပန်းခက်ခဲမှုတွေကို လေးစားတဲ့ အတွေးကြောင့် မိသားစုသမိုင်းကြောင်းရဲ့ စာလိပ်တစ်လိပ်ချင်းစီကို မျက်ရည်တောက်တောက်ကျတဲ့အထိ လေ့လာမှတ်သားခဲ့ရတာ"
စားပွဲအောက်တွင် ရွှယ်ယုံက ယွီနျန်၏ လက်ကို ဆုပ်ကိုင်ပေးထားလိုက်သည်။
"နျန်နျန် ငယ်ငယ်တုန်းက ချော့ရလွယ်သားပဲ"
ရှန်းဝေ့က ဘေးချင်းကပ်ရက်ထိုင်နေသူ နှစ်ယောက်ကို လေ့လာနေရင်း သူတို့က ပြီးပြည့်စုံသည့် တွဲဖက်မှုဖြစ်ကြောင်း ပိုပို၍ ခံစားလိုက်ရသည်။ သူက ပျော်ရွှင်နေပုံပေါ်ပြီး ဇာတ်လမ်းတစ်ပုဒ်ကို စတင်ပြောပြလေတော့သည်။
"သခင်လေးငယ်ငယ်တုန်းက တကယ့်ကို ချော့ရလွယ်ခဲ့တာလေ... ခြံဝင်းထဲမှာ ငှက်သိုက်လေးတစ်ခု ရှိတဲ့ သစ်ပင်ကြီးတစ်ပင်ရှိတယ်... မနက်တိုင်းမှာ သခင်လေးက သစ်ပင်ဆီ အပြေးသွားပြီး ငှက်ကလေးတွေကို သွားနှုတ်ဆက်တတ်တယ်... တစ်ခါတစ်ရံ မနက်စာ မစားခင်အထိ ညကမက်ခဲ့တဲ့ အိမ်မက်အကြောင်း ငှက်ကလေးတွေကို ပြောပြတတ်သေးတာ...
ဒါပေမယ့် နောက်ပိုင်း တစ်ညမှာ မိုးသက်မုန်တိုင်းကြီး ကျလို့ ငှက်သိုက်လေးလည်း လွင့်သွားတော့ ငှက်ကလေးတွေလည်း ပျံပြေးကုန်ကြတာပေါ့... သခင်လေးက မျက်လုံးတွေ ဖောင်းကားလာတဲ့အထိ ငိုပြီး မျက်ရည်တွေကလည်း ဆည်ကျိုးသလို ကျလာတာ... ဒါကြောင့်မို့ ဦးလေးကတောင် ယွီမိသားစုကို ရေတွေလွှမ်းကုန်တော့မယ်လို့ ရယ်ပြီး ပြောလိုက်သေးတယ်...
သခင်မကြီးက တကယ် မကြည့်ရက်တော့တာနဲ့ အကြောင်းပြချက်တစ်ခုလုပ်ပြီး ချီးရှီပွဲတော်နေ့မို့လို့ ငှက်ကလေးတွေက ကောင်းကင်ပေါ်မှာ သပိတ်လွယ်ငှက်တံတား ဆောက်ဖို့အတွက် ကူညီပေးဖို့ သွားကြတာလို့ ပြောလိုက်တယ်လေ... အဲ့ဒီအချိန်မှပဲ သခင်လေးက အငိုတိတ်သွားတယ်"
ယွီနျန်က ရှက်သွေးဖြာသွားပြီး ရွှယ်ယုံ၏ လက်ကို ဆွဲကာ သူ့မျက်နှာကို အုပ်ထားလိုက်သည်။
"ကျွန်တော် မှတ်တောင်မမှတ်မိတော့ဘူး"
ရှန်းဝေ့က ပို၍တောင် ဟက်ဟက်ပက်ပက် ရယ်မောလာခဲ့သည်။ "ဦးလေးကတော့ မှတ်မိနေတယ်လေ... ဦးလေးက သခင်လေးနဲ့ ပတ်သတ်တဲ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်"
ထိုအခိုက် ယွီနျန်၏ ဖုန်းထဲမှ အသိပေးသံ ထွက်လာခဲ့သည်။ သူရုတ်တရက် အမှတ်ရသွားသည်။
"စကားပြောကောင်းနေတာနဲ့ မေ့သွားတယ်... အစ်ကိုမုန့်က အိမ်မပြန်ခင်မှာ ကျွန်တော့်ကို ဟာဆီရဲ့ တရားဝင်ဝေ့ပေါ်ပိုစ့်ကို သတိတရ ပြန်တင်ပေးဖို့ သတိပေးထားခဲ့တာ" သူ ထပ်ပြောလိုက်သည်။
"ကံကောင်းလို့ ကျွန်တော်က ဥာဏ်ကောင်းတဲ့သူမို့သာပေါ့... နှိုးစက်ချထားတာလေ"
ရွှယ်ယုံက ယွီနျန်ထက်ပင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
"ဟာဆီရဲ့ ကြော်ငြာက ဒီနေ့ တရားဝင် ထုတ်လွှင့်မှာလား"
ယွီနျန်ဖုန်းကို ထုတ်ကြည့်နေရင်း ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်... ဒါကို မေလအဆုံးမှာကတည်းက ရိုက်ပြီးသွားခဲ့တာလေ... အခုက သြဂုတ်လတစ်ရက် ဖြစ်နေပြီ"