Chapter 143
အကြံကတော့ ကောင်းပါတယ်... ဒါပေမယ့် ပန်းချီကားက အတုကြီး ဖြစ်နေတယ်"
ယွီနျန် ပါဝင်သည့် ဟာဆီ၏ ကြော်ငြာထွက်လာပြီး မကြာမီမှာပင် ပြန်တင်ကြသူ ဦးရေက ငါးထောင်ထက်ပင် ကျော်သွားကာ ကွန်မန့်များမှာလည်း ဂဏန်းခြောက်လုံးထက်ပင် သာလွန်သွားသည်။
[မျက်ရည်တွေ ကျနေပါပြီ... ဒါက ဘယ်လောက်တောင် မိုက်လိုက်တဲ့ ကြော်ငြာကြီးလဲလို့... နျန်နျန်က အမိုးဖွင့်ပြိုင်ကားကို မောင်းလာပြီးတော့ အဖြူရောင်တီရှပ်နဲ့ အရောင်ဖျော့ ဘောင်းဘီတို ဝတ်ပြီး နေကာမျက်မှန်တပ်ထားလျက်နဲ့ ထွက်လာတာ... ငါတွေးမိနေပြီ... ပလေးဘွိုင်းလို ပုံစံလေးက ဘာလေးလဲလို့... နောက်တစ်စက္ကန့်အတွင်း နျန်နျန်က ခေတ်ဟောင်း ဝတ်စုံဆီ ပြောင်းသွားတယ်... ကော်ရစ်ဒါကို ဖြတ်ပြီးတော့ အဆင့်အတန်းမြင့် ဧည့်ခံပွဲခန်းမကြီးထဲ ဝင်လာတာ ငါတော့ အသက်ရှူဖို့တောင် မေ့သွားပြီ]
[အတိတ်တုန်းက တရုတ်စာပေကို သေချာမလေ့လာမိတာ နောင်တရတယ်... ငါ့မှာ "အားးးးးး"နဲ့ "သောက်ကျိုးနဲ သောက်ကျိုးနဲ"ကလွဲရင် နျန်နျန်ရဲ့ ချောမောလှပခန့်ညားမှုတွေကို မဖော်ပြတတ်တော့ဘူး... အရမ်းချောလွန်းတယ်... ငါတော့ စွဲလမ်းသွားပါပြီ... ဒီကြော်ငြာကို အကြိမ်နှစ်ဒါဇင်ထက်တောင် ရစ်ကြည့်ပြီးသွားပြီ... မိုက်ချက်... နျန်နျန်က ဘာလို့ ဒီလောက်ချောမောနေရတာလဲ... လူချမ်းသာမိသားစုရဲ့ သခင်လေးအနေနဲ့လည်း လိုက်ဖက်နေတာပဲ... မဟုတ်သေးဘူး... ငါထပ်ကြည့်ရမယ်]
[သွားပါပြီ... ညီအစ်မတို့ရေ... ကူညီကြပါဦး... နျန်နျန်က မျက်နှာချောချောလေးနဲ့ ဖန်တွေကို ပြုစားသွားပါပြီ]
ထို့နောက် ဟာဆီကြော်ငြာ၏ တရားဝင်ထုတ်လွှင့်ပြီး တတိယနေ့တွင် မနက်ပိုင်း ကိုးနာရီခန့်၌ သိုက်ပေါ်က ယွီနျန်က သိုက်ပေါ် ဘရန်း၏ ပြောရေးဆိုခွင့်ရှိသူအသစ် ဖြစ်လာမည့်အကြောင်း မဆိုင်းမတွ ကြေညာချက်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဤအရှိန်အဟုန်ကို အခွင့်ကောင်းယူကာ များစွာသော မားကတ်တင်းအကောင့်များက လူစိတ်ဝင်စားမှု ရရှိရန်အတွက် ဇာတ်လမ်းတိုလေးများ ရေးလာကြသည်။
“ဖရဲသီးစားတဲ့အဖွဲ့: ယွီနျန် ပွဲဦးထွက်ကတည်းက လက်တွဲလာခဲ့တဲ့ ဘရန်းတွေကို အနှစ်ချုပ်ကြည့်ရရင် အရေအတွက်က သိပ်မများဘဲ ဆယ်ခုလောက်ပဲ ရှိခဲ့ပေမယ့်.. အရည်အသွေးကတော့ အံ့လောက်စရာကောင်းအောင် မြင့်မားနေတာပဲ... ဖူနာအလင်္ကာ၊အိုးမူ၊ ရိယောင်၊ ဒါမှမဟုတ် ဖလောရင့်ကိုပဲ ကြည့်ရအောင်... အားလုံးက ထူးခြားပြောင်မြောက်လှတဲ့ တံဆိပ်တွေပဲ... ဇိမ်ခံတံဆိပ်ဖြစ်တဲ့ ဟာဆီကို ထားလိုက်ဦး... အခု လတ်တလောမှာ သိုက်ပေါ်အတွက် ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားပြီလို့ ကြေညာလိုက်ပြီ...
အင်း ဖရဲသီးစားတဲ့အဖွဲ့အနေနဲ့ ချဥ်တူးနေပြီးသားပါနော်... ငါထင်တယ်... ယွီနျန်ကို ဘယ်တံဆိပ်နဲ့မှ လက်တွဲနိုင်မှာ မဟုတ်ဘူးလို့ လှောင်ပြောင်ခဲ့ကြတဲ့သူတွေလည်း ချဥ်စူးနေကြမယ်လို့ ထင်တယ်နော်... ဒါပေမယ့် စဥ်းစားကြည့်လိုက်စမ်းပါ... သူ့ရဲ့ ပါရမီနဲ့ ရုပ်ရည်က ထိပ်တန်းဖြစ်ရုံတင်မကဘူး စလစ်မန်းရဲ့ ဖက်ရှင်ဆလွန်းမှာ ပါဝင်ခဲ့ရတာကိုပါ ထပ်ပေါင်းရရင် သူ့ရဲ့ ဖက်ရှင်အရင်းအမြစ်တွေကို အထင်သေးလို့ မရဘူးဆိုတာပဲ"
များစွာသော ဆောင်းပါးတိုလေးများက တစ်ခုပြီးတစ်ခု ထွက်လာနေပြီး ရှစ်ရော့ကလည်း အားတက်သရော လိုက်ဖတ်နေခဲ့သည်။ စိတ်လှုပ်ရှားစရာလေးများနှင့် ကြုံတွေ့ရသည့်အခါတိုင်း ယွီနျန်ကို ကျယ်ကျယ် အော်ဖတ်ပြတတ်သည်။
“ဟာဆီနဲ့ သိုက်ပေါ်ရဲ့ လက်တွဲမှုတွေကြောင့် ဒီနှစ်ရက်ထဲ မင်းရဲ့ ကျော်ကြားမှုက အတော်လေး မြင့်လာတယ်... ပြီးတော့ ထင်ထားတဲ့အတိုင်း ကျောက်ရှုယာရဲ့ဖန်တွေက ထုံးစံလိုပဲ လာရန်စနေကြတုန်း... တကယ်နော်... နေရာတိုင်းမှာ သူတို့ချည်းပဲ" ရှစ်ရော့ ပွစိပွစိ ပြောနေသည်။
"သူတို့က ရန်လာစကြပေမယ့် နျန်ကော်ဖန်လေးတွေက မင်းရဲ့ အောင်မြင်မှုတွေကို ထုတ်ပြလိုက်တာနဲ့ ချက်ချင်း သူတို့ကို ဖြိုခွင်းပြီး အနိုင်ယူလိုက်တယ်လေ... သူတို့ရဲ့ မင်းကို ရန်စချင်တဲ့ စိတ်ကူးက သူတို့ရဲ့ အဆင့်ထက်ပိုကျော်နေတော့ ထပ်ပြီး ရှုံးနိမ့်သွားပြန်တာပေါ့"
ရှစ်ရော့ စကားပြောပြီးသွားသောအခါ သူမ၏ မေးကို မြှောက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကျောက်ရှုယာနဲ့ ထပ်တွေ့ရမယ်လို့ စဥ်းစားလိုက်ရုံနဲ့တင် စိတ်ဖိစီးတယ်"
ယွီနျန်က ဖုန်းထဲတွင် ရွှယ်ယုံနှင့် စကားပြောနေခြင်း ဖြစ်ပြီး မျက်လုံးပင့်ကာ ပြုံးပြလာခဲ့သည်။
"ဒါဆိုရင် အစ်မရော့ရော့ မျက်လုံးပိတ်ထားလိုက်လေ... စိတ်ရှုပ်စရာကောင်းတဲ့သူတွေကို ခေါင်းထဲထည့်မနေနဲ့... မျက်လုံးအတွက် မကောင်းဘူး"
ရှစ်ရော့ တက်ကြွသွားသည်။
"အကြံကောင်းပဲ... ဒါပေမယ့် အစ်မကတော့ စိတ်ထဲ ခိုးလို့ခိုးလု ဖြစ်နေတုန်းပဲ... နျန်နျန်... ဂရုစိုက်နော်... ဟုတ်ပြီလား"
ပရိုဂရမ်အသင်း စတင်ရိုက်ကူးသောအခါ ခန်းမထဲက လေထုက အတော်လေးကောင်းမွန်နေသည်။ ကုရိရန်နှင့် ကန်ကျိုးတို့က စကားနည်းပြီး အသင့်အတင့်သာ နေတတ်သူများ ဖြစ်ရာ အချင်းချင်း မနှောက်ယှက်ကြပေ။ သမိုင်းကြောင်းများစွာနှင့် နောက်ခံကြီးကြီးရှိသည့် ပစ္စည်းများနှင့် တွေ့ကြုံရသောအခါ ကုရိရန်က ကန်ကျိုးနှင့် ယွီနျန်တို့ နှစ်ဦးကိုသာ အရင်ရှင်းပြစေသည်။
ကျောက်ရှုယာက စတိတ်စင်ပေါ်သို့ ဆဌမမြောက်မှ တက်လာသူဖြစ်ပြီး ဝန်ထမ်းများက ပစ္စည်းတင်သည့် စင်လေးပေါ်တွင် ပန်းချီစာလိပ်လေးတစ်ခုကို ချထားလိုက်သည်။
"အခု ဆဌမမြောက် ပါဝင်သူကို သူ့ရဲ့ ရတနာအကြောင်း မိတ်ဆက်ခိုင်းလိုက်ရအောင်"
မန်ဒရင်းကော်လာနှင့် ဝတ်ရုံရှည် ဝတ်ထားသည့် ကျောက်ရှုယာက စံပြုခေတ်ဟောင်းစတိုင်ရှိနေသည်။ သူက မိုက်ခရိုဖုန်းကို ကိုင်ထားလိုက်သည်။
"ဟယ်လို အားလုံးပဲ... ကျွန်တော်က ကျောက်ရှုယာပါ... ကျွန်တော့်အဖေက အရှေ့တောင်ပိုင်း ပန်းချီပန်းပုအကယ်ဒမီက ပရော်ဖက်ဆာ ကျောက်ချွမ်းမင် ဖြစ်ပါတယ်... သူနဲ့ ကျွန်တော့်အဘိုးတို့ နှစ်ယောက်လုံးက တရုတ်ပန်းချီပညာရပ်ရဲ့ ပန်းချီဆရာတွေ ဖြစ်ကြပါတယ်... ဒီပန်းချီ 'ညရဲ့ စားသောက်ပွဲ'က ကျွန်တော့်ဘိုးဘိုးကိုယ်တိုင် အကြိမ်ကြိမ် ရှာဖွေပြီး ပမာဏကြီးကြီးနဲ့ ရလာပြီးမှ မိသားစုအမွေအနှစ်အဖြစ် အိမ်မှာ ထိန်းသိမ်းထားခဲ့တဲ့ တန်ဖိုးကြီး ရတနာပစ္စည်း ဖြစ်ပါတယ်"
တင်ဆက်သူက စကားစပြောသည်။ "ဒါကသာ ဂန္တဝင်မြောက် 'ညရဲ့ စားသောက်ပွဲ' အစစ်သာဆိုရင် အမှန်တကယ် တန်ဖိုးကြီးမှာပါပဲ"
“ဟုတ်ပါတယ်" ကျောက်ရှုယာက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
"'ညရဲ့ စားသောက်ပွဲ'ကို ဆွဲခဲ့တဲ့ ပန်းချီဆရာရဲ့ နည်းနည်းပိုနိမ့်တဲ့ အခြားလက်ရာတစ်ခုကို ယွမ်ကျားလေလံအိမ်ရဲ့ လက်ရေးလှနဲ့ပန်းချီအပိုင်းမှာ 190မီလီယံနဲ့ ရောင်းထွက်သွားခဲ့တာပါ"
ခန်းမထဲမှ ပရိတ်သတ်များအားလုံး အံ့အားသင့်သွားကြသည်။
တင်ဆက်သူက ကျောက်ရှုယာ၊ ကျောက်ချွမ်းမင်နှင့် ယွီနျန်တို့အကြား အငြင်းပွားမှုကို သိနေသဖြင့် ထိုစကားကို ကြားသောအခါ တစ်ခုခု မှားနေမှန်း ခံစားလိုက်ရသည်။ သူ ခပ်မြန်မြန် ဆက်ပြောလိုက်သည်။ "နှစ်တွေအများကြီး ကြာခဲ့ပြီဆိုတော့ 'ညရဲ့စားသောက်ပွဲ'က အရမ်းကို တန်ဖိုးမြင့်နေပြီလို့ ပြောလို့ရတာပေါ့... အခု ကျွန်တော်တို့ရဲ့ အကဲဖြတ်သူများကို ဒီပန်းချီကို ဘယ်အချက်ကများ တန်ဖိုးတက်စေခဲ့လဲ ဆိုတဲ့အကြောင်း ပြောပြပေးဖို့ ဖိတ်ခေါ်လိုက်ရအောင်"
ကန်ကျိုးက မိုက်ခရိုဖုန်းကို ဆွဲယူကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အားလုံးပဲ မြင်ရတဲ့အတိုင်း 'ညရဲ့စားသောက်ပွဲ'ကို ဖန်ဗီရိုလေးထဲမှာ ထည့်သွင်းပြသပြီးမှ ယူလာခဲ့ရတာပါ... အကြောင်းကတော့ ဒါဟာ ရှေးဟောင်းပန်းချီကား ဖြစ်ပြီး အလွန်ကျိုးကြေလွယ်တဲ့အတွက် အကိုင်အတွယ်မှားရင် ပျက်စီးစေနိုင်တယ်"
“မှန်ပါတယ်" ကျောက်ရှုယာက တောက်ပစွာ ပြုံးလိုက်သည်။ "ကျွန်တော်အိမ်ထဲကနေ ပန်းချီကားကို ယူထုတ်လာတော့ ကျွန်တော့်အဘိုးက မပျက်မစီးဘဲ ပြန်ယူလာခဲ့ဖို့ ထပ်ကာထပ်ကာ မှာလိုက်တယ်လေ"
ကန်ကျိုး ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။ "ဒါဆိုရင် 'ညရဲ့စားသောက်ပွဲ'က ဘာကို ပြသထားတာလဲ... နာမည်အတိုင်းပဲ အဲ့ဒီထဲမှာ ဧကရာဇ်နဲ့ အမတ်တွေ နန်းတော်ထဲမှာ စားသောက်ပွဲကြီး ဆင်နွှဲနေတာကို ပြသထားတယ်... ဒါပေမယ့် မြင်ကွင်းက ပျော်ရွှင်ဖွယ် ဖြစ်ပေမယ့် တကယ်တမ်းကတော့ အရမ်းကို ဝမ်းနည်းဖွယ်ရာကောင်းတဲ့ ဇာတ်ကြောင်းပါပဲ...
ဘာလို့များလဲ.. မြင်တဲ့အတိုင်း ပန်းချီကားရဲ့အလယ်မှာ ဝိုင်ခွက်ကိုင်ပြီး ရပ်နေတဲ့သူကို တွေ့ကြမှာပါ... သူက ဘယ်သူများ ဖြစ်မလဲ... စစ်သူကြီး စုန့်ကျိကောပါပဲ... ဧကရာဇ် ချီးမြှင့်တဲ့ ဝိုင်ခွက်ကို သောက်ပြီးတဲ့နောက် စစ်တပ်ကို ဦးဆောင်လို့ လူရိုင်းတွေကို တိုက်ခိုက်ပြီး ကျုးကျော်သူတွေရဲ့ ရန်ကနေ တိုင်းပြည်ကို ကာကွယ်ဖို့ မြောက်ပိုင်းကို စစ်ချီခဲ့တယ်... ဒါပေမယ့် သူက စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ပြီး သူ့ခန္ဓါကိုယ်ကို မြင်းကုန်နှီးပေါ်မှာ တင်လာခဲ့ရတယ်... ဒီပန်းချီကို ရေးဆွဲသူကတော့...
ကန်ကျိုးက ယွီနျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "ငါကတော့ ရေတစ်ခွက်လောက် သောက်လိုက်ဦးမယ်... ယွီနျန် လောင်ရှီး ဆက်ပြောပေးပါ"
ယွီနျန်က မိုက်ခရိုဖုန်းကို ကိုင်လိုက်သည်။
"ဒီပန်းချီကို ရေးဆွဲခဲ့တဲ့သူက ကျော်ကြားတဲ့ ပန်းချီဆရာ ယွီဟုန်ဇီ ဖြစ်ပြီးတော့ အဲ့ဒီအချိန်တုန်းက ဓလေ့ထုံးထမ်းဌာနရဲ့ အမတ်တစ်ယောက်လည်း ဖြစ်ပြီး အထက်တန်းလွှာ တစ်ယောက်ပါ... ဆရာကန်ကျိုး ပြောခဲ့တဲ့ စစ်သူကြီး စုန့်ကျိကောက ယွီဟုန်ဇီရဲ့ တတိယသားမက်ပါပဲ...
အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ရန်သူတွေ ကျူးကျော်လာခဲ့တဲ့အချိန်မှာ စုန့်ကျိကောက ရှေ့တန်းကနေ ကာကွယ်ပေးခဲ့ပြီး ခက်ခဲလှတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်... စစ်ပွဲစတင်ပြီး သုံးလအကြာမှာ ကွေ့ရန်မြစ်ရဲ့တံတားမှာ နှစ်ဖက်လုံးက အသေအကြေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်... စုန့်ကျိကောက ရန်သူ့စစ်တပ်ရဲ့ အလံကို ဖြတ်တောက်လို့ ရန်သူဘက်က စစ်သူကြီးကို ဖမ်းမိခဲ့ပြီး မကျဆုံးခင်အထိ ရဲရဲရင့်ရင့် တိုက်ပွဲဝင်သွားခဲ့တယ်... သူ့ဇနီး သခင်မယွီကတော့ အကျပ်အတည်းကာလတွေမှာ မြို့တော်ကို ခုခံကာကွယ်ပေးခဲ့ပြီး အောင်ပွဲရတဲ့အထိ စစ်ပွဲကို ဦးဆောင်ခဲ့တယ်... ဒါပေမယ့် အဆုံးမှာတော့ သခင်မယွီက ချောင်းမြောင်းလုပ်ကြံလာတဲ့ မြားချက်ကြောင့် ကွယ်လွန်သွားပြီး မမွေးရသေးတဲ့ ကလေးလည်း ပျက်ကျသွားခဲ့ရရှာတယ်...
သတင်းတွေ ပျံ့နှံ့လာပြီး နန်းတော်ကို ကြေကွဲဝမ်းနည်းမှုတွေ ယူဆောင်လာပေးခဲ့တယ်... ဧကရာဇ်က ကွယ်လွန်သွားတဲ့ စစ်သူကြီး စုန့်ကျိကောနဲ့ သခင်မယွီတို့ကို လေးစားဂုဏ်ပြုခဲ့ပါတယ်... သတင်းတွေကို ကြားပြီးတဲ့နောက် ဓလေ့ထုံးတမ်းဌာနရဲ့ အမတ်ကြီး ဖြစ်တဲ့ အမတ်ယွီဟုန်ဇီက 'ညရဲ့ စားသောက်ပွဲ'ကို ညတွင်းချင်း ရေးဆွဲခဲ့ပေမယ့် သူ့ရဲ့စုတ်တံကို ပြန်ချပြီးတဲ့နောက်မှာ မျက်ရည်တွေ ကျဆင်းလာပြီး ထိန်းမနိုင်သိမ်းမရ ငိုကြွေးခဲ့ပါတယ်...
ဒါကတော့ 'ညရဲ့ စားသောက်ပွဲ'ရဲ့ နောက်ကွယ်က ဇာတ်လမ်းပါ"
တင်ဆက်သူက ပြောလိုက်သည်။
"ဒါက ရိုးရှင်းတဲ့ ပန်းချီကားလေးပဲဆိုပေမယ့် နိုင်ငံကို အသက်တွေ ဆုံးရှုံးမှုများစွာနဲ့ ကာကွယ်ခဲ့ရပုံတွေ ချစ်ရသူတွေကို ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရမှုတွေအပြင် ကျွန်တော်တို့ နိုင်ငံရဲ့ မျိုးဆက်တွေတလျှောက် ဆင်းသက်လာခဲ့တဲ့ စိတ်ဝိဥာဏ်တွေအကြောင်းကို ရေးဆွဲထားတာပါပဲ"
ကျောက်ရှုယာက ဝင်ပြောလိုက်သည်။
"အမှန်ပါပဲ... ဒါက အရမ်းကို အဖိုးတန်တဲ့ ပန်းချီကားပါ... ဒါကြောင့်မို့ ကျွန်တော့်အဘိုးက ဒီပန်းချီကားရဲ့ တန်ဖိုးက 250မီလီယံနီးပါးလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်" သူပြုံးကာ အကဲဖြတ်သူ ထိုင်ခုံတွင် ထိုင်နေသည့် ယွီနျန်ကို မောက်မာ အထင်သေးစက်ဆုပ်သည့် အရိပ်အယောင်တို့ဖြင့် အစုန်အဆန်ကြည့်လိုက်သည်။ သူဆက်ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်တော်ကတော့ ဒီပန်းချီကားကို နှစ်ဘီလီယံပဲ ဖြစ်ဖြစ် သုံးဘီလီယံဖြစ်ဖြစ် လေးဘီလီယံပဲဖြစ်ဖြစ် ရောင်းမှာ မဟုတ်ဘူး... ကျွန်တော် ဒါကို ပိုက်ဆံအတွက် ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူး"
"ယွီနျန်လောင်ရှီး... ကျွန်တော့်အကြံကို ကောင်းတယ်လို့ ထင်လား"
ယွီနျန်က ကျောက်ရှုယာ၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရသောအခါ မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်သည်။
"မင်းရဲ့အကြံက တကယ့်ကို ကောင်းမွန်ပါတယ်... ဒါပေမယ့် ပန်းချီကားက အတုကြီး ဖြစ်နေတယ်"
ပရိတ်သတ်ထိုင်ခုံများတွင် ကျွတ်စီကျွတ်စီ ဖြစ်လာပြီး ကျောက်ရှုယာ၏ မျက်နှာမှာလည်း ချက်ချင်းဆိုသလို အလွန်အမင်း တောင့်တင်းသွားလေသည်။ သူ အသက်ပြင်းပြင်းရှုကာ အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ရပြီး မိုက်ခရိုဖုန်းကို ကိုင်၍ ပြောလိုက်သည်။
"ယွီနျန်... မင်းပြောတဲ့စကားကို တာဝန်ယူရမယ်"
သူ့ကိုနာမည်တပ်ပြီးတောင် ခေါ်လိုက်တယ်...
'ရတနာလမ်းစနောက်လိုက်ခြင်း'၏ ပထမဆုံးအပိုင်းတွင်လည်း ပစ္စည်းအတု နှစ်ခုသုံးခုလောက်ကို အကဲဖြတ်ခဲ့ကြဖူးသည်။ အတွေ့အကြုံရှိသော တင်ဆက်သူက ချက်ချင်းပင် ပရော်ဖက်ရှင်နယ်ကျကျ တုံ့ပြန်လာခဲ့သည်။
"ယွီနျန်လောင်ရှီးရေ... ဒီပန်းချီက အတုဖြစ်တဲ့အကြောင်း ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် သက်သေများ ရှိနေလား"
ယွီနျန်က တည်တည်ငြိမ်ငြိမ်အသံဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော့်မှာ အကြောင်းပြချက်ရှိပါတယ်... ဒီပန်းချီကားက ပန်းချီဆရာရဲ့ မျိုးဆက်တွေ လက်ထဲမှာပဲ အမြဲတမ်း ရှိနေခဲ့တာပါ... ဘယ်တုန်းကမှ ပြင်ပကို မရောက်ရှိခဲ့သလို စျေးမြင့်မြင့်နဲ့ မရောင်းချခဲ့ဖူးပါဘူး... ဒါကြောင့်မို့ 'ရတနာလမ်းစနောက်လိုက်ခြင်း' မှာ ပေါ်လာတဲ့ 'ညရဲ့စားသောက်ပွဲ'က အတုဖြစ်ပါတယ်"
ယွီနျန် စကားပြောပြီးသည်နှင့် တင်ဆက်သူ မပြောရသေးခင်မှာပင် ကျောက်ရှုယာက စကားပြောလာသည်။ သူ၏ ရည်မွန်ကျော့ရှင်းသော ပုံရိပ်ကိုပင် ထပ်ပြီး မထိန်းထားနိုင်တော့ဘဲ မျက်လုံးများက မဲမှောင်နေကာ စကားလုံးများကလည်း ခါးသီးမှုများ ပြည့်နေလေသည်။
“ပထမအချက် အကဲဖြတ်သူ ထိုင်ခုံမှာ ထိုင်ရင် မင်းမှာ မျှမျှတတ အကဲဖြတ်ဖို့ တာဝန်ရှိတယ်... မင်းက သေချာတောင် ကြည့်လိုက်ရဲ့လား... ဒါကို အတုလို့ ပြောဖို့အတွက် မင်းမှာ ဆိုးဝါးတဲ့အမြင် ရှိနေတာလား"
“ဒုတိယအချက်... 'ညရဲ့ စားသောက်ပွဲ'က ပန်းချီဆရာရဲ့ မျိုးဆက်တွေလက်ထဲမှာပဲ အမြဲတမ်းရှိနေတယ်လို့ ဘယ်လိုလုပ်ပြီး သေချာပြောနိုင်ရတာလဲ"
“တတိယအချက် ငါ့အဘိုးက ဒီ'ညရဲ့စားသောက်ပွဲ' ပေါ်လာတာကို သိလို့ နေရာအများကြီးကနေ ရှာပြီး ငွေအများကြီး သုံးပြီးမှ မူလပိုင်ရှင်ဆီကနေ ထပ်တလဲလဲ အသနားခံပြီး ဝယ်လာနိုင်ခဲ့တာ... မင်းက ရောင်းတဲ့သူကို ပန်းချီဆရာရဲ့ မျိုးဆက်မဟုတ်ဘူးလို့ ဘယ်လိုလုပ်ပြီး သေချာပြောနိုင်ရတာလဲ"
သူက မခံမရပ်နိုင် ဖြစ်နေပုံပေါ်သည်။
"ဒီလို မမျှတ မမှန်မကန် အခြေအမြစ်မရှိတဲ့ အကဲဖြတ်မှုမျိုးကို လက်မခံနိုင်ဘူး... ဒါကို အတုလို့ ပြောရင် ငါတို့မိသားစုကို ဟာသလုပ်စရာများ ထင်နေတာလား"
တင်ဆက်သူက အမိအရ ဝင်ပြောကာ မူလအခြေအနေကို ပြန်ထိန်းရန် ကြိုးစားလိုက်သည်။
"ယွီနျန်လောင်ရှီးက ဒီ'ညရဲ့စားသောက်ပွဲ'ကို အတုလို့ အကဲဖြတ်တယ်ဆိုတော့ ကျွန်တော်တို့ရဲ့ ဆရာကုနဲ့ ဒါရိုက်တာကန်တို့ကရော ဘယ်လို အကဲဖြတ်ကြမလဲ"
ကျောက်ရှုယာက အကဲဖြတ်သူနေရာကို ပြန်ကြည့်ကာ စိတ်ကို ထိန်းထားလိုက်ရင်း ကုရိရန်နှင့် ကန်ကျိုးတို့၏ အကဲဖြတ်ချက်ကို စောင့်နေခဲ့သည်။
ထုံးစံအတိုင်း ကုရိရန်က စကားစပြောသည်။ သူက အလေးအနက် ဖြစ်နေပုံပေါ်ပြီး တဖြည်းဖြည်း ပြောလာခဲ့သည်။
"ကျွန်တော်ကတော့ ယွီနျန်လောင်ရှီးရဲ့ အကဲဖြတ်ချက်ကို ထောက်ခံပါတယ်... ဒီ 'ညရဲ့စားသောက်ပွဲ'က အစစ်မဟုတ်ပါဘူး"
ကျောက်ရှုယာ၏ မျက်နှာ မဲမှောင်သွားလေသည်။
ကန်ကျိုးကလည်း ပြောလာသည်။
"ကျွန်တော်ကလည်း အမြင်အတူတူပါပဲ... 'ညရဲ့စားသောက်ပွဲ'က ယွီနျန်ပြောခဲ့သလို ပန်းချီဆရာရဲ့ မျိုးဆက်တွေ လက်ထဲမှာ အမြဲတမ်း ရှိနေခဲ့ပြီး ဘယ်နေရာမှာမှ ပေါ်ထွက်မလာခဲ့ဘူးဆိုတာ အမှန်ပါပဲ”
ကျောက်ရှုယာ၏ မျက်နှာက ဒေါသတကြီး ဖြစ်သွားလေသည်။ မိုက်ခရိုဖုန်းကို တင်းတင်းဆုပ်ကာ သူပြောလိုက်သည်။
"ခင်ဗျားတို့ သုံးယောက်ထဲက ဘယ်သူကမှ ပစ္စည်းတစ်ခုလုံးကို သေသေချာချာ လေ့လာစူးစမ်းပြီးတော့ ကြည့်တောင်ကြည့်ခဲ့ကြတာ မဟုတ်ဘူး... ဒါတောင် အတုလို့ ကောက်ချက်ချကြတယ်လား... ဒီရှိုးရဲ့ မျှတမှုနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို တကယ် သံသယဝင်ချင်စရာ ဖြစ်နေပြီ"