Chapter 144
မုန်တိုင်းထန်
သြဂုတ်လ 22ရက်နေ့တွင် 'ရတနာလမ်းစနောက်လိုက်ခြင်း'၏ ဒုတိယပိုင်းကို ထုတ်လွှင့်သောအခါ #ယွီနျန်ပန်းချီကားအတုအငြင်းပွားမှု#ဟူသော hashtagက ချက်ချင်းပင် ရေပန်းစားအကြောင်းအရာများ၏ နံပါတ်ငါးနေရာကို ခုန်တက်သွားပြီးနောက် တဖြည်းဖြည်း အထက်ကို မြင့်တက်လာခဲ့သည်။
[#ယွီနျန်ပန်းချီကားအတုအငြင်းပွားမှု# သောက်ကျိုးနဲ...သူ့ကို ဆရာလို့ ခေါ်နေလို့ မြှောက်ကားကြီး ဖြစ်နေတာမဟုတ်ဘူးလား... သူက ဒီနေရာကို စွဲလမ်းနေတာများလား... သူရူးသွားပြီလားဟဲ့... သူ့ကိုယ်သူ စိတ်ကြီးဝင်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်လို့ ထင်နေတာများလား... သူများတွေကို ရိုက်ချတတ်တဲ့ မှတ်ချက်တွေနဲ့ စိတ်ကြီးဝင်မောက်မာတတ်တဲ့သဘောထားတွေကို လူတွေ သိနေပြီနော်... ငါတို့အားလုံး သူက ကျောက်ရှုယာ သူ့နေရာကို အစားဝင်ယူသွားမှာ ကြောက်နေတယ်ဆိုတာ သိနေတာပဲ ... နိုင်ငံပိုင်ရုပ်သံမှာ နှစ်ဘီလီယံတန်တဲ့ ပန်းချီကားကို အတုလို့ပြောပြီး အသရေဖျက်ရလောက်တဲ့အထိ ဘယ်လောက်တောင် ရက်စက်ပြီး ကြောက်စရာ ကောင်းနေလဲ... ယွီနျန်...ဖျော်ဖြေရေးလောကထဲကနေ ထွက်သွားလိုက်စမ်းပါ]
[#ယွီနျန်ပန်းချီကားအတုအငြင်းပွားမှု# ကျောက်ရှုယာဖန်တွေ... သူများတွေကို အပုပ်ချနေတာကို ရပ်လိုက်ကြစမ်းပါ... ယွီနျန်က ကျောက်ရှုယာကို ကြောက်နေတယ်ဆိုပြီး ပြောနေကြတဲ့ သူတွေက ကိုယ့်ထက်မြင့်တဲ့သူတွေကို ရန်စချင်နေကြတဲ့သူတွေပဲ... နင်တို့လူက ယွီနျန်ရဲ့ အရည်အချင်းနဲ့ ယှဥ်နိုင်မယ်လို့များ ထင်နေလား... ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြတာများလားဟယ်... ပြီးတော့ ငါတို့က နျန်နျန်ရဲ့ အကဲဖြတ်ချက်ကို ထောက်ခံကြပြီးသား... နျန်နျန်က လုံလောက်တဲ့ ပရော်ဖက်ရှင်နယ် ကျပြီးသားဆိုတာ ငါတို့ ယုံကြည်တယ်... ပြီးတော့ ပစ္စည်းအတု ပိုင်ထားတယ်ဆိုပြီး အကဲဖြတ်ခံခဲ့ရတဲ့ အခြားသူတွေလည်း ရှိသေးတာပဲ... hot searchနဲ့ ရေတပ်ဝယ်ဖို့ သူငွေဘယ်လောက်တောင် သုံးထားလဲ မသိ]
[#ယွီနျန်ပန်းချီကားအတုအငြင်းပွားမှု# ငါကတော့ ကျောက်ရှုယာကို တကယ် လက်လန်နေပြီ... သူ 'သီချင်းဆိုပါရစေ'မှာ ယွီနျန်ဆီက ငါးမှတ်ပဲ အပေးခံရပြီး အထုတ်ခံလိုက်တာကို အခုအချိန်မှာ ယွီနျန်ကို လုံးဝ မတွေ့ချင်ပဲ ဖြစ်နေရမှာလေ... အရေထူလွန်းတော့လည်း ပန်းချီကားတစ်ချပ်ကိုင်ပြီး ကိုယ်တိုင်ရောက်ချလာတုန်းပဲ... အခုတော့ ပန်းချီကားက အတုဖြစ်နေပြန်ပြီ... ဟားဟားဟား ကျောက်ရှုယာနဲ့ သူ့အဖေက ယွီနျန်က ငွေသုံးကြမ်းလို့ စာပေပညာရှင်တွေဆီကနေ အထင်သေးခံရတယ်ဆိုပြီး ပြောသွားခဲ့သေးတာ... ဒါက ဘယ်လို အာဃာတမျိုးလဲ]
[#ယွီနျန်ပန်းချီကားအတုအငြင်းပွားမှု# အင်း... ငါက ဖန်မဟုတ်ဘဲ ဖြတ်သွားဖြတ်လာလေးရယ်ပါ... ဒါပေမယ့် တစ်ခုခု ထူးဆန်းနေတာ မတွေ့ကြဘူးလား... သူတို့က ယွီနျန်က ကျောက်ရှုယာကို မလိုမုန်းထား ဖြစ်နေလို့ ပန်းချီကားက အတုဖြစ်ကြောင်း အကဲဖြတ်လိုက်တယ်လို့ ပြောနေကြတယ်... သဘောတရားကတော့ ဟုတ်ပါပြီ... ဒါပေမယ့် အကြီးအကဲ မစ္စတာကုနဲ့ ဒါရိုက်တာကန်တို့ နှစ်ယောက်လုံးက အတူတူပဲ ပြောခဲ့ကြတာနော်... ငါထင်တာ... ပန်းချီကားက တကယ် အတုပဲ ဖြစ်မယ်]
*****
အွန်လိုင်း အငြင်းပွားမှုများမှာ ဝရုန်းသုန်းကား ဖြစ်နေကြလေသည်။ မုန့်ယွမ်မှာ ဖုန်းထဲတွင် ဒေါသထွက်နေပုံပေါ်ပြီး ပြောလာသည်။
"ဒီကျောက်ရှုယာက တကယ် အဆိပ်ပြင်းတာပဲ... ရေတပ်ငှားဖို့ကို ငွေတွေသုံးထားတာ... တမင်သက်သက်... ပြဿနာ ရှာနေတာပဲ"
ထိုအခိုက် ယွီနျန်မှာ လေယာဥ်မှ ရထားပြောင်းစီးပြီးနောက်တွင် ဘတ်စ်ကား ပြောင်းစီးကာဖြင့် တောင်တန်းဒေသများသို့ ခရီးနှင်နေသည့် လမ်းတွင်ဖြစ်သည်။ ခလုတ်ကန်သင်းများသော လမ်းက သူ့ကို မူးဝေနေစေသဖြင့် အားလျော့စွာဖြင့် ပြောနေသည်။
“ရွှယ်ယုံက သတင်းအချို့ ရထားတယ်... ကျောက်ရှုယာနဲ့ ကျောက်ချွမ်းမင်တို့ သားအဖက ကိစ္စနှစ်ခု စီစဥ်ထားတယ်... ပထမက ရှိုးမှာ ကျွန်တော့်ကို ပြဿနာ ဖြစ်အာင်လုပ်ပြီး လှောင်ပြောင်မယ်... ပြီးရင် ပရိုဂရမ်ပြီးတာနဲ့ သူတို့က အခြေအနေကို ကြိုးကိုင်ခြယ်လှယ်မယ်ပေါ့"
"ပြီးတော့ သူတို့ရဲ့ ပုံရိပ်ကို မြှင့်ဖို့ပဲမလား... သူတို့က နှစ်ဘီလီယံတန်တဲ့ ရှေးဟောင်းပန်းချီကားကို အိမ်မှာ သိမ်းထားပြီး ရောင်းချဖို့ ငြင်းဆိုလိုက်တဲ့အတွက် သူတို့ကိုယ်သူတို့ အဆင့်အတန်းမြင့်ပြီး ငွေကြောင့် သက်ရောက်မခံဘူးဆိုတဲ့ပုံစံ သရုပ်ဖော်မယ်ပေါ့... အဆင့်အတန်းမြင့်တဲ့ စာပေပညာရှင်မိသားစုဆိုရင် သန့်စင်တဲ့လမ်းကြောင်းပါပဲပေါ့... ဒါကို အသုံးချပြီး သူတို့က မင်းကို ကန်ထုတ်ချင်နေတာပေါ့လေ... ရွံစရာကောင်းလိုက်တာ"
မုန့်ယွမ်က အခြေအနေကို အလျင်အမြန်ပင် သိနားလည်သွားသည်။
ယွီနျန်က ကားပြတင်း၏ အပြင်ဘက်မှ မြင့်မားသော တောင်နံရံများကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ဒုတိယအချက်... သူတို့က ပန်းချီကားကို မရောင်းဘူးလို့ ကြုံးဝါးထားပေမယ့် တကယ်တော့ ရောင်းဖို့ စီစဥ်ထားပြီးသား... သူတို့မှာ အလားအလာရှိတဲ့ ဝယ်သူသုံးယောက်ရှိတယ်... ဒါပေမယ့် ကမ်းလှမ်းတဲ့စျေးက မကိုက်သေးလို့ အခုထိ မရောင်းသေးတာ"
“ဒါဆို သူတို့က ရှိုးကို အားတက်သရော လာချင်နေကြတာက ပန်းချီကားကို တန်ဖိုးမြင့်သွားအောင် ပရိုမိုးရှင်းလာဆင်းတာပေါ့"
မုန့်ယွမ် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"သောက်ကျိုးနဲ... သူတို့က အစီအစဥ်ချတဲ့နေရာမှာ ကျွမ်းချက်"
ယွီနျန် ပလုံးပထွေးဖြင့် ဝန်ခံလိုက်သည်။
"ပြီးတော့ သူတို့က ပန်းချီကားက အတုဆိုတာကို သံသယရှိနေပြီးသား ဖြစ်မှာ... ဒါကြောင့်မို့ ဒီနှစ်အတွင်း ရှေးဟောင်းပစ္စည်းစျေးကွက် မြင့်လာတာကို အခွင့်ကောင်းယူပြီး စျေးမြင့်မြင့်နဲ့ ရောင်းထုတ်ချင်နေကြတာ"
“နိုင်ငံပိုင်ရုပ်သံရှိုးထက် ပိုကောင်းမဲ့ လူကြည့်များတဲ့ ပလပ်ဖောင်း မရှိတော့ဘူး... သူတို့ရဲ့ ပေသီးခုံက တဂျောက်ဂျောက်ကို မြည်နေတာပဲနော်"
မုန့်ယွမ်တစ်ခဏမျှ တွေးလိုက်ပြီးနောက် ရယ်မောလိုက်သည်။
"စိတ်မကောင်းစရာပဲ... နျန်နျန်က အစပိုင်းမှာ တွေ့ကတည်းက အတုမှန်း သိနေပြီးသား ဖြစ်နေတာ... ကျောက်မိသားစု ပေသီးတွေကတော့ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတော့မှာ"
သူတစ်ခုခု တွေးမိသွားသည်။ "တောင်တန်းတွေဘက် ဝင်လာပြီလား... အထဲမှာ လိုင်းမရရင်လည်း စိတ်မပူနဲ့နော်... အပြင်မှာ ငါမင်းကို လုံနေအောင် ဖုံးပေးထားမယ်... စိတ်ချသာနေ... တကယ်လို့..."
စကားဆုံးအောင်ပင် မပြောလိုက်ရပဲ ဆူညံသံများ ထွက်လာသည်။
ယွီနျန်က တစ်တိုင်သာ ကျန်နေတော့သည့် ဖုန်းလိုင်းတိုင်လေးများကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ မျက်လုံးများကို ပြန်မှိတ်ကာ ကားထိုင်ခုံနောက်မှီကို မှီ၍ အနားယူလိုက်လေသည်။
ရိယောင်မိုဘိုင်း ပရဟိတပရောဂျက်တည်နေရာက ဖုန်းရှိုးတောင်တန်းဒေသအတွင်းပိုင်းရှိ ရှင်းဖုန့်ဟူသည့်ရွာကလေး ဖြစ်သည်။ မြင့်မားသော တောင်ကမ်းပါးရံများ ခြံရံထားပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲကာ ဆိုးဝါးသော ပတ်ဝန်းကျင်နှင့် အရင်းအမြစ်များ နည်းပါးပြီး သဘာဝကပ်ဘေးများကိုလည်း မကြာခဏ ရင်ဆိုင်ရလေ့ရှိသည့် နေရာဖြစ်သည်။ လူတစ်ဒါဇင်အုပ်စုက ရှင်းဖုန့်ရွာကလေးသို့ ရောက်လာသောအခါ ကောင်းကင်ကြီးက မဲမှောင်သွားခဲ့လေပြီ။
ခရီးလမ်းအရှည်ကြီးပြီးသွားသည့်နောက် အင်တာနက်နှင့်ဖုန်းလိုင်းများလည်း မရှိသဖြင့် လူတိုင်းက အလွန်အမင်း ပင်ပန်းနေကြလေပြီ။ လျှပ်တပြက် ဆေးကြောလိုက်ပြီးနောက် အားလုံးက အနားယူလိုက်ကြသည်။
တစ်ချိန်တည်းမှာပင်လ ဝေ့ပေါ်မှာ မုန်တိုင်းများ ပြင်းထန်နေလေသည်။
ပထမဆုံးအနေဖြင့် #ယွီနျန်ပန်းချီကားအတုအငြင်းပွားမှု#အကြောင်း ဆွေးနွေးကြသည်က လျော့ကျမသွားဘဲ ပို၍ပင် မြင့်တက်လာခဲ့သည်။ အမျိုးမျိုးသော အမြင်များလည်း ရှိလာသည်။ ယွီနျန်က ကျောက်ရှုယာကို ရင်ဆိုင်ရာတွင် ပြိုင်ဘက်ကို မြေပေါ်သို့ အလဲထိုးနိုင်ရန်အတွက် အကဲဖြတ်သူများ ဖြစ်ကြသည့် ကုရိရန်နှင့် ကန်ကျိုးတို့ကို ငွေအမြောက်အများ ပုံအောကာ လာဘ်ထိုးထားခဲ့သည်ဟူသော ကောလဟာလများပင် ရှိလာခဲ့သည်။
ထိုဇာတ်လမ်းက ကျောက်ရှုယာ၏ များစွာသော ဖန်များထံမှ အသိအမှတ်ပြုမှုများ ရရှိခဲ့ပြီး ကျောက်ရှုယာအပေါ် ကရုဏာသက်နေကြချိန်တွင် ယွီနျန်၏ စဥ်းလဲသော အပြုအမူကို ရှုတ်ချနေကြသည်။
ထို့နောက် နေ့လည်ပိုင်း 3နာရီခန့်အချိန်တွင် အရှေ့တောင်ပိုင်း ပန်းချီပန်းပုအကယ်ဒမီ၏ ကျောင်းသားတစ်ယောက်က ဝေ့ပေါ်တွင် ရှည်လျားသော ပိုစ့်တစ်ခုတင်ကာ ကျောက်ရှုယာ၏ ဖခင်ဖြစ်သည့် အရှေ့တောင်ပိုင်း ပန်းချီပန်းပုအကယ်ဒမီ၏ ပရော်ဖက်ဆာတစ်ယောက်က ကျောင်းသားများကို ဖိနှိပ်ချိန်းခြောက်ခဲ့သည့်အကြောင်း စွပ်စွဲထားသည်။ ထိုကျောင်းသားက ကျောက်ချွမ်းမင်မှာ သူတို့၏ အလုပ်များကို ယူကာ ၎င်းတို့ကို သူ့ကိုယ်ပိုင်နာမည်ဖြင့် လက်မှတ်ထိုးခဲ့ပြီး ထိုအကြောင်းကို ပြင်ပကမ္ဘာကြီးတွင် စကားတစ်ခွန်းမှ ထုတ်ဖော်မပြောကြားနိုင်ရန်အတွက် နည်းမျိုးစုံဖြင့် ချိန်းခြောက်ခဲ့ကြောင်း အခိုင်အမာဆိုထားသည်။
ကျောက်ချွမ်းမင်က ဂုဏ်ပုဒ်နှင့် ဆုတံဆိပ်များ ရထားခြင်း၊ စာအုပ်များ ထုတ်ခြင်းနှင့် "ဟောပြောပို့ချပွဲကြီး'မှာပင် ပါဝင်ခဲ့ခြင်းတို့ဖြင့် သူ့ဂုဏ်သတင်းကို တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော်ငြား လက်ရာများ အလုခံရလိုက်ရသည့် အချို့ကျောင်းသားများမှာ စိတ်ဓါတ်ကျကာ တောင့်မခံနိုင်ကြတော့ပေ။ သူတို့က မသေခင် ကျောက်ချွမ်းမင်၏ လုပ်ရပ်အမှားများကို ဖော်ထုတ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ တရားမျှတမှုမရရှိပါက ကမ္ဘာကြီးကို လုံးဝ စိတ်ပျက်သွားကြမည်ဖြစ်ပြီး ဆက်ပြီး ကပ်တွယ်နေလိုကြတော့မည်မဟုတ်ပေ။
အစပိုင်းတွင် ထိုဝေ့ပေါ်ပိုစ့်က လူသိမများသေးသော်လည်း ဖော်လိုဝါပေါင်း ဂဏန်းငါးလုံးအထိ ရှိသည့် ဘလော့ဂါတစ်ယောက်က ပြန်လည်မျှဝေပေးလိုက်သဖြင့် မရေတွက်နိုင်သော လူပေါင်းများစွာတို့၏ စိတ်ဝင်စားမှုကို ရရှိလာနိုင်ခဲ့သည်။ ညနေပိုင်းအချိန်တွင် ထိုပိုစ့်ကို ပြန်လည်မျှဝေသည့် အရေအတွက်က အရေးပါအရာရောက်သည့် ပမာဏအထိ ဖြစ်လာခဲ့သည်။
သို့သော်ငြား သိပ်မကြာခင်မှာပင် တစ်စုံတစ်ယောက်က ပိုစ့်ကို 'မမှန်ကန်ကြောင်း ဖွင့်ချရန်' ရှေ့တက်လာပြီး ၎င်းက လူတစ်ယောက်၏ ဂုဏ်သိက္ခါကို ဖျက်ဆီးရန် စီစဥ်ထားသည့် အစီအစဥ်တစ်ခုသာ ဖြစ်သည်ဟု အခိုင်အမာ ပြောခဲ့သည်။ သူတို့က ကျောင်းသားများ၏ လက်ရာကို လုယူသည်ဟူသော ကိစ္စက လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပြီး ၎င်းတို့က ကျောက်ချွမ်းမင်၏ ဂုဏ်သတင်းကို ဖျက်ဆီးကာ ကျောက်ရှုယာကို ရွှံ့ထဲသို့ ဆွဲခေါ်ရန် ကြံစည်ထားခြင်းသာ ဖြစ်သည်ဟု ဆိုကြလေသည်။
ထိုပိုစ့်တက်လာပြီးနောက် ကျောက်ရှုယာက ဝေ့ပေါ်တွင် ပိုစ့်တင်လာသည်။
"ငါမင်းကို ဆန့်ကျင်မိတဲ့အထိ ဘာတွေများ လုပ်ခဲ့မိလို့ ငါ့ကို ဒီလို ရက်စက်ယုတ်ညံ့တဲ့ နည်းလမ်းတွေပါ သုံးလာရတာလဲ... မင်းနဲ့ ပြဿနာရှိနေတာ ငါတစ်ယောက်တည်းပဲ... ငါ့မိသားစုကို ဆွဲမသွင်းပါနဲ့"
သူ့ဝေ့ပေါ်ပိုစ့် တင်ပြီးသွားသည်နှင့် များစွာသော မားကတ်တင်းအကောင့်များနှင့် ဖိုရမ်များက ဝေ့ပေါ်တွင် ကျောက်ရှုယာ ရည်ညွှန်းထားသည့် ရက်စက်ယုတ်ညံ့သော နည်းလမ်းများ အသုံးပြုလာသူဟူသည်မှာ ယွီနျန် ဖြစ်ကြောင်း စွပ်စွဲပြောဆိုလာကြသည်။ နေရာတိုင်း၌ ဆွေးနွေးငြင်းခုံမှုများ ပျံ့နှံ့သွားလေသည်။
ဖုန်းချပြီးနောက် ကျောက်ရှုယာ၏ မျက်နှာက တင်းမာခက်ထန်သွားသည်။ သူ့ဖုန်းကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီးနောက် ကျောက်ချွမ်းမင်ကို အော်ဟစ်လိုက်သည်။
"အဖေပဲ ကျောင်းသားတွေက ပြဿနာ မရှိပါဘူးဆို... တစ်နေ့လုံး ပန်းချီပဲဆွဲနေပြီး အဖေ့ရဲ့ ထိန်းချူပ်မှုအောက်မှာ ရှိလို့ ပြဿနာရှာမှာ မဟုတ်ဘူးလို့ အဖေပဲ ပြောခဲ့တာလေ... အခုတော့ ဘာဖြစ်နေပြီလဲ"
ကျောက်ချွမ်းမင်၏ ပုံမှန်ရှိနေကျ သိမ်မွေ့နူးညံ့သည့် အမူအယာတို့ ကွယ်ပျောက်သွားပြီး ဒေါသတကြီးဖြင့် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
"ဒီလိုတွေ ဖြစ်လာမယ်လို့ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ... အဲ့ဒီလူက ငါ့ရဲ့ ပြပွဲအသစ်အတွက် ပန်းချီကူဆွဲပေးရင်း စတူဒီယိုထဲမှာ အေးအေးဆေးဆေး အလုပ်လုပ်နေခဲ့တာလေ... သူတို့တွေ မျက်စိတစ်မှိတ်အတွင်း အွန်းလိုင်းပေါ်မှာ ပွဲဆူအောင် လုပ်လိုက်မယ်လို့ ဘယ်သူထင်မှာလဲ"
သူက အသံအနေအထားကို ပြောင်း၍ ပြောလိုက်သည်။ "သားလေး... မင်းက အဖေ့ထက် ဥာဏ်ပိုကောင်းပါတယ်... ဒီကိစ္စကို ဖြေရှင်းဖို့ မင်းဆီပဲ လွှဲထားလိုက်တော့မယ်နော်"
"အခြေအနေက တစတစ ကြီးလာပေမယ့် ကိစ္စကြီးတော့ မဟုတ်ပါဘူး... အဲ့လူက အဖေ့ရဲ့ ကျောင်းသား ဖြစ်ခဲ့ပေမယ့် အနုပညာကျောင်းကနေ ဘွဲ့ရပြီးရင် ကျောင်းသားမဟုတ်တော့ဘူးလေ... သူ့မိဘတွေက လယ်သမားတွေဆိုတော့ ဒီလိုကိစ္စတွေ ဘာမှ နားမလည်ဘူး... သူပွဲဆူအောင် လုပ်လိုက်ရင်တောင် ချိန်းခြောက်တာကို မဖော်ထုတ်နိူင်ပါဘူး"
ကျောက်ရှုယာကလည်း သူနှင့်ကျောက်ချွမ်းမင်တို့က ကြိုးတစ်ခုတွင် အတူတူ ချည်နှောင်မိနေကြသည့် နှံကောင်များကဲ့သို့ ဖြစ်ပြီး သူတို့၏ ကံကြမ္မာများပါ အတူတကွ ချည်နှောင်ထားကြောင်း သိနေသည်။ သူ့အသံကို ပျော့ပျောင်းစေပြီးနောက် နည်းဗျူဟာကို ရှင်းပြလိုက်သည်။
"ကျွန်တော် အပြစ်တွေအားလုံးကို ယွီနျန်အပေါ် ပုံချပြီးသွားပြီ... နည်းနည်းလောက်ထပ်ပြီး ကြိုးကိုင်ခြယ်လှယ်လိုက်ရင် အဆုံးကျ ကျွန်တော်တို့ အပေါ် ဘယ်လိုရေဆိုးရေညစ်မှ လာမစင်လောက်တော့ဘူး"
အစီအစဥ်၏ အကျိုးသက်ရောက်မှုကို ပိုပြီး သေချာစေချင်နေသည့် ကျောက်ချွမ်းမင်က မေးလိုက်သည်။
"တကယ်လား... ဒါပေမယ့် အဖေ မင်းပိုစ့်ကို ကြည့်ပြီးသွားပြီ.... စာကြောင်း နှစ်ကြောင်းတည်းနဲ့ ရိုးရှင်းလွန်းနေတယ်... လုံလောက်ပါ့မလား"
“ဒါပေါ့... လုံလောက်ပါတယ်... အဓိကအချက်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မပြောဖို့ပဲ... အားလုံးပြောလိုက်ရင် စိတ်ကူးယဥ်ဖို့အတွက် နေရာမရှိတော့ဘူးလေ... ဒီလိုပြောမှ လူတွေအများကြီးက ကျွန်တော့်အတွက် ဖော်ထုတ်ပေးလာမှာ... ကျွန်တော်က နာမည်တပ်မပြောရဲဘူးဆိုတာ အဲ့ဒီလူရဲ့ လွှမ်းမိုးမှုကို ကြောက်နေတယ်ဆိုတာကို ဖော်ပြနေတာပဲ... အရာအားလုံးက ကျွန်တော်ဖောက်ထားတဲ့ လမ်းအတိုင်းလိုက်လာပြီးရင် ကျွန်တော်က မိသားစုအတွက် တာဝန်ယူပြီး ကာကွယ်ပေးတတ်တယ်ဆိုတာ ပြလာလိမ့်မယ်... နောက်ကွယ်က လူအတွက်ကတော့လား... သူတို့က ရက်စက်ယုတ်မာပြီး ခိုးကြောင်ခိုးဝှက် လုပ်တတ်တယ်ဆိုပြီး သူတို့ မြင်သွားကြမှာပေါ့"
ကျောက်ချွမ်းမင်က အထင်ကြီးစွာဖြင့် လက်ခုပ်တီးလိုက်သည်။
"တကယ် ငါ့သားဖြစ်ဖို့ ထိုက်တန်တယ်... နည်းဗျူဟာကတော့ အံ့မခန်းပဲ... အခု ယွီနျန်ကတော့ ဘာမှမပြောနိုင်ဘဲ အရှက်တကွဲ ဖြစ်ရတာတွေကို မျှိုသိပ်ထားပြီး စကားတစ်ခွန်းမှ ထွက်နိုင်တော့မှာ မဟုတ်ဘူး"
ကျောက်ရှုယာက သာမန်ကာလျှံကာ ပြောလိုက်သည်။ "အတိအကျပဲ... ဒါက ကျွန်တော် လိုချင်နေတဲ့ အရာပဲလေ... သူ ကျွန်တော့်ကို ငါးမှတ်ပဲပေးပြီး အရှက်ကွဲအောင် လုပ်ထားတာ... ပြီးတော့ ကျွန်တော့်လမ်းကို အမြဲတမ်း လာပိတ်နေသေးတယ်... အခု သူက ကျွန်တော့်မှတ်ဥာဏ်ထဲမှာ တစ်သက်တာ တံဆိပ်ရိုက်ထားသလိုပဲ... "
သို့သော်ငြား အရာအားလုံးက သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
ညနေပိုင်း 10နာရီခန့်အချိန်တွင် လိမ္မော်သီး အင်တာတိန်းမန့်၏ သတင်းထောက် နျဲ့မင်ရှင်းက ဟောင်းနွမ်းသော အဝတ်အစားများ ဝတ်ထားပြီး ခပ်ကုန်းကုန်းပုံစံဖြင့် မျက်ဝန်းများ၌ စိတ်ပျက်အားငယ်မှုများ ပေါ်လွင်နေသည့် ရှားယွီဟု အမည်ရသည့် လူငယ်တစ်ယောက်ကို အင်တာဗျူးထားသည့် ဗီဒီယိုတစ်ခု တင်လာခဲ့သည်။
ရှားယွီက ကျောက်ချွမ်းမင်မှ သူ၏ အနုပညာလက်ရာများကို သူ့ကိုယ်ပိုင်လက်ရာများအဖြစ် ယူသွားခဲ့သည့် ကိစ္စကို အသေးစိတ်ကျကျရှင်းပြလာခဲ့သည်။ သူက အရာအားလုံးကို မျက်ရည်တစ်စက်မှ မကျဘဲ ပြန်ပြောပြနေချိန်တွင် နျဲ့မင်ရှင်းမှာတော့ မျက်လုံးများ နီရဲနေခဲ့သည်။
သက်သေများ ရှိသလားဟု မေးသောအခါ ရှားယွီက USBတစ်ခု ထုတ်လာခဲ့သည်။
"ကျွန်တော် မှတ်တမ်းတင်ထားသမျှကို ဒီထဲမှာ သိမ်းထားပါတယ်... ကျွန်တော် ဂရုတစိုက် ရလာတဲ့ ပစ္စည်းလေးတွေနဲ့ ဒီဗီဒီယိုတွေကို တိတ်တိတ်လေး ရိုက်ခဲ့တဲ့အချိန်တုန်းကတောင် တစ်နေ့ကျရင် လူသိရှင်ကြား ဖွင့်ချပြရမဲ့ အချိန်မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"