Chapter 145
ဗီဒီယိုတွင် ပါဝင်သော အကြောင်းအရာများမှာ တဲ့တိုးဆန်လှသည်။ ထိုအထဲတွင် ရှားယွီက မီးရောင်မှိန်မှိန် ခပ်ကျဥ်းကျဥ်း စတူဒီယိုအခန်းထဲတွင် လုံ့လဝီရိယရှိစွာဖြင့် ပန်းချီဆွဲနေပြီး အနုပညာအပေါ် ဝါသနာကြီးပုံကို ပြသနေသည်။
သိပ်မကြာခင် ကင်မရာထက်တွင် ကျောက်ချွမ်းမင် ပေါ်လာပြီး ရှားယွီကို ဒေါသတကြီး ဆူပူကာ ပြီးသွားသော လက်ရာများကို ယူဆောင်သွားသည်။
တူညီသော မြင်ကွင်းများက လေးကြိမ် ဆက်တိုက် ပေါ်လာခဲ့ပြီး ကြောက်မက်စက်ဆုပ်ဖွယ်ရာ ပုံရိပ်ကို ချန်ထားခဲ့သည်။
များမကြာမီ လူအများက ကျောက်ချွမ်းမင် ယူသွားပြီးနောက် သူ၏ "နှလုံးသားခံစားမှုနှင့် နာကျင်မှုငုတ်တို" ဖန်တီးမှုအသစ်များအဖြစ် မျက်လှည့်ဆန်ဆန် ပြောင်းလဲပစ်လိုက်သည့် ပန်းချီလက်ရာလေးခုကို ရှာတွေ့သွားခဲ့သည်။
ထိုထုတ်ဖော်မှုက လူအုပ်ကြီးကို ရှောခ့်ရသွားစေခဲ့သည်။
ချက်ချင်းဆိုသလို ကျောက်ချွမ်းမင်၏ ဂုဏ်ပုဒ်များ၊ ဂုဏ်သတင်းများနှင့် လူထုပုံရိပ်တို့အားလုံး ပြိုကျပျက်စီးသွားခဲ့လေပြီ...
ကွန်ပြူတာရှေ့တွင် ထိုင်နေသော မုန့်ယွမ်က ဒေတာများကို ကြည့်ကာ ရှစ်ရော့ကို စိတ်လွတ်ကိုယ်လွတ်ဖြင့် မေးလိုက်သည်။
"ရှားယွီ ဘယ်လိုနေလဲ"
ရှစ်ရော့က မုန့်ယွမ်ကို ကော်ဖီတစ်ခွက် ကမ်းပေးလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"ကျွန်မသူ့ကို နျဲ့မင်ရှင်းရဲ့ အင်တာဗျူးအထိ အတူလိုက်ပေးခဲ့တယ်... သူ့ကြည့်ရတာ စိတ်ကောင်းဝင်နေသလိုပါပဲ... နောက်ပိုင်းကျတော့ ဒီကိစ္စ ဖြေရှင်းလို့ မပြီးခင်အထိ သူ့ရဲ့ လုံခြုံရေးကို စိတ်ချရအောင် ဥက္ကဌရွှယ်ရဲ့ လူတွေ လာခေါ်ပေးသွားတယ်... သူတို့က သူ့အတွက် စိတ်ပညာရှင်တစ်ယောက်တောင် စီစဥ်ပေးထားသေးတယ်... ရှားယွီက ကုသမှုမှာ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပြောတယ်... သူက အသက်ဆက်ရှင်ပြီး ပန်းချီတွေရေးရင်း တစ်ဘဝလုံး အလုပ်ကြိုးစားခဲ့ရတဲ့ သူ့မိဘတွေကို ပြုစုစောင့်ရှောက်ပေးသွားချင်တယ်တဲ့"
သူမက အနည်းငယ် သိမ့်သိမ့်တုန်နေရင်း ဆက်ပြောလိုက်သည်။
"တကယ်လို့ ဥက္ကဌရွှယ်သာ ရှားယွီကို ရှာတွေ့ဖို့ ခြေတစ်လှမ်း နောက်ကျသွားပြီး ကျောက်ချွမ်းမင် သူ့ကို ခေါ်သွားရင် ဘာတွေ ဖြစ်လာမလဲဆိုတာ မတွေးရဲဘူး... ရှားယွီက တကယ်သနားစရာကောင်းတာ"
သူမ၏ မျက်လုံးများ နီရဲလာသည်ကို မြင်သောအခါ မုန့်ယွမ်က သူမ၏ ပုခုံးကို လှမ်းပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။
“ငါကလေ 'မကောင်းတဲ့လူတွေကို ကံကြမ္မာက စီရင်လိမ့်မယ်'ဆိုတာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး... လူသားတွေက ကံကြမ္မာကို အောင်နိုင်လိမ့်မယ်လို့ပဲ ယုံထားခဲ့တာ" မုန့်ယွမ် စားပွဲကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်လိုက်သည်။
"ရှားယွီသာ သူ့ကိုယ်သူရှေ့တက်မလာရင် ဘယ်သူကမှ သူ့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး... အခုတော့ သူလုပ်ခဲ့လို့ ငါတို့လည်း တရားမျှတမှုကို ဆောင်ကျဥ်းပေးသူတွေ ဖြစ်လာရတာပေါ့ကွာ"
ကျောက်ချွမ်းမင်၏ ကိစ္စက အွန်လိုင်းပေါ်တွင် တစ်ရက်လုံး လွှမ်းမိုးထားခဲ့သည်။ ရွှယ်ယုံ၏ ကြားဝင်မှုနှင့် မရေတွက်နိုင်သော မီဒီယာများနှင့် လူထုအမြင်တို့၏ ဖိအားများကြောင့် အရှေ့တောင်ပိုင်း ပန်းချီပန်းပုအကယ်ဒမီက ကျောက်ချွမ်းမင်ကို ထုတ်ပယ်ရန် ပထမဆုံး ခြေလှမ်းစခဲ့ပြီး သူ့ကို ဘယ်တော့မှ အလုပ်ခန့်တော့မည် မဟုတ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ နောက်ပိုင်းတွင် ပန်းချီဆရာနှင့် လက်ရေးလှပညာရှင်များ အစည်းအရုံးက သက်ဆိုင်ရာ အချက်အလက်များကို အတည်ပြုပြီးနောက် ကျောက်ချွမ်းမင်၏ အဖွဲ့ဝင်မှုကို ဖျက်သိမ်းကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ ရှားယွီကလည်း ကျောက်ချွမ်းမင်ကို တရားနည်းလမ်းကျကျ တရားစွဲဆိုခဲ့ပြီး များစွာသောမီဒီယာများကလည်း ထိုကိစ္စ၏ နောက်ဆက်တွဲ ဖြစ်ရပ်များကို ဆက်ပြီး လိုက်ပေးမည်ဟု သူတို့၏ ရည်ရွယ်ချက်ကို ဖော်ပြလာခဲ့သည်။
အွန်လိုင်းဆွေးနွေးမှုများ တဖြည်းဖြည်း ယုတ်လျော့လာချိန်တွင် အင်တာနက်ပေါ်မှ လူများကစတင် လမ်းပြောင်းလာကာ #ယွီချင်းကလူတစ်ယောက်ကိုကိုယ်ထိလက်ရောက်စော်ကား#ဟူသော ခေါင်းစဥ်က ရုတ်တရက် ရေပန်းစားအကြောင်းအရာများ၏ ထိပ်ဆုံးကို ရောက်ရှိလာခဲ့လေသည်။
*******
ဖုန်းရှိုးတောင်၏ အတွင်းပိုင်းရှိ ရှင်းဖုန့်ရွာတွင်မူ ရိယောင်မိုဘိုင်း ပရဟိတအဖွဲ့၏ အဖွဲ့ဝင်များက အတူတကွ ထိုင်ရင်း မနက်စာစားနေကြသည်။ တောင်ပေါ်တွင် အင်တာနက် သုံးရန်နှင့် ဖုန်းခေါ်ရန် ဝေးစွ ဖုန်းလိုင်းကပင် မရှိလုနီးပါး အားနည်းလှသည်။ သို့သော်ငြား သူတို့က နည်းလမ်းတစ်ခု ရှာတွေ့ထားသည်။ ယမန်နေ့က ဝေ့နာက စီရင်စုမြို့ကို ရွာလူကြီးနောက်မှ လိုက်သွားခဲ့စဥ် ဖုန်းထက်မှ လိုင်းအားကို အခွင့်ကောင်းယူ၍ သတင်းအမျိုးမျိုးကို screenshotရိုက်ကာ ပြန်သယ်ပေးလာခဲ့သည်။
သူတို့က အနားပဲ့နေသော ကြွေပန်းကန်များကို သုံးကာ ယာဂုပန်းကန်တစ်ဝက်မျှ ရခဲ့ကြသည်။ ဝေ့နာ သက်ပြင်းချ၍ မေးကို ငိုက်စိုက်ချထားလိုက်သည်။
"ဘာလို့လူတွေက ဒီလောက်ထိ ကောက်ကျစ်ရတာလဲ... ဒီကိစ္စကို တွေ့တော့လေ ငါအရမ်းတုန်လှုပ်သွားတာသိလား... အရင်က ကျောက်ရှုယာနဲ့ ကျောက်ချွမ်းမင်တို့အပေါ် အမြင်ကောင်း ရှိခဲ့သေးပေမယ့် ကျောက်ချွမ်းမင်က အထဲမှာ ပုပ်ပွနေတဲ့ ဆန်ကုန်မြေလေးကောင် ဖြစ်နေတာပဲ"
သူမ၏ နံဘေးတွင် အပြာရောင် အလုပ်ယူနီဖောင်း ဝတ်ထားသည့် ဖန်းဝမ်က ကန်စွန်းဥဖုတ်တစ်လုံးကို အခွံနွှာနေရင်း ပြောလိုက်သည်။
"ပန်းချီအနုပညာလောကထဲက ညစ်ပတ်တဲ့ ကိစ္စတွေဆိုတာ ဖျော်ဖြေရေးလောကထက် မနည်းဘူးနော်... တွေးကြည့်လိုက်... ရှားယွီသာ စွန့်စားဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ကျောက်ချွမ်းမင်ကို မထုတ်ဖော်ခဲ့ဖူးဆိုရင် သူ့ရဲ့ မိသားစုနောက်ခံနဲ့ အကျင့်အရ စတူဒီယိုလေးထဲမှာပဲ ပိတ်မိနေပြီး ဘယ်တော့မှ နေ့အလင်းရောင်ကို မြင်ရတော့မှာမဟုတ်ဘဲ ဆက်ပြီး ပန်းချီတွေ ဆက်ပြီးဆွဲနေရင်း သူ့ရဲ့ လက်ရာတွေ အားလုံးက ကျောက်ချွမ်းမင်ရဲ့ဟာတွေ ဖြစ်ကုန်တော့မှာ... ဖြစ်နိုင်တာက ကျောက်ချွမ်းမင် အသက်ကြီးလာရင် 'ထူးချွန်တဲ့ ပန်းချီဆရာဟောင်းကြီး'ဆိုတဲ့ ဂုဏ်ပုဒ်ပါ ရလာနိုင်လောက်တယ်"
“မပြောစမ်းပါနဲ့... ငါစိတ်မသက်မသာ ဖြစ်လို့" ဝေ့နာက အန်ချင်နေသည့် အမူအယာ လုပ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"ငါ့အမြင်မှာတော့ ကျောက်ချွမ်းမင်လို လူက ရှားယွီရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းခံသင့်တယ်ထင်တယ်... သုံးရက် သုံးညလောက် ဒူးထောက်ရမှာ"
ဖန်းဝမ်က ကန်စွန်းဥပြုတ်လေးကို လက်စသတ်လိုက်ပြီး ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ဒီကျောက်ချွမ်းမင်က ကောင်းတဲ့သူ မဟုတ်ဘူး... မကြာသေးခင်တုန်းက ငွေရေးကြေးရေးကိစ္စတွေမှာ ဘယ်တုန်းကမှ မပါခဲ့ဘူးလို့ အပြစ်ကင်းချင်ယောင်ဆောင်ပြီး ယွီနျန်ကို အမြဲတမ်း ပစ်မှတ်ထားနေတာ... အခုတော့ သူ့ရဲ့ စိတ်ရင်းအမှန်ပေါ်လာပြီ... ငါတကယ် ကျေနပ်နေတယ်"
“ယွီနျန်အကြောင်း ပြောရရင် သူက တီဗီထဲမှာ ပိုကြည့်ကောင်းသေးတယ်... ပြီးတော့ စိတ်ထားလည်း ကောင်းတယ်... အခု အပြုအမူကောင်းပြီး ယဥ်ကျေးတဲ့ကောင်လေးတွေက တကယ်အထင်ကြီးဖို့ကောင်းတယ်ဆိုတဲ့စကားကို နားလည်သွားပြီ" ဝေ့နာက ကျောမတ်ကာ အနီးအနားကို လှည့်ကြည့်လိုက်သည်။
"ဟဲ့... ယွီနျန်နဲ့ ကင်မရာမန်း ဘယ်မှာလဲ... ငါနိုးကတည်းက မတွေ့ရသေးဘူး"
ဖန်းဝမ်: “နင်အိပ်နေတုန်း ယွီနျန်က ရွာဘုရားကျောင်းရဲ့ဘေးက စာသင်ခန်းလေးထဲမှာ ကလေးတွေကို စာသင်ပေးဖို့ သွားပြီလေ"
ရှင်းဖုန့်ကျေးရွာတွင် ကျောင်းနေအရွယ် ကလေး ခုနစ်ယောက်သာ ရှိပြီး အသက်ခုနစ်နှစ်မှ ဆယ့်နှစ်နှစ်အရွယ်ထိ ရှိကြသည်။ သူတို့က လုပ်အားပေးဆရာတစ်ယောက် ရှိခဲ့ဖူးသော်လည်း ခက်ခဲကြမ်းတမ်းသော အခြေအနေများကြောင့် ဆရာမှာလည်း နှစ်ဝက်ခန့်ကြာပြီးနောက် ထွက်သွားခဲ့သည်ဟု ဆိုသည်။
ယွီနျန်က ခနော်နီခနော်နဲ့ ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် ဖတ်စာအုပ်များကို ကိုင်ထားရင်း ကျောင်းသားလေးများကို နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။
"အရင်ရက်တွေက သင်ခဲ့တဲ့စာတွေကို မှတ်မိကြရဲ့လား"
အငယ်ဆုံးနှင့် အသွက်လက်ဆုံး ကျောင်းသားလေးက လက်ထောင်ကာ ကျယ်လောင်စွာ ပြန်ဖြေလာခဲ့သည်။ "သား မှတ်မိပါတယ်"
ယွီနျန် ခေါင်းငြိမ့်ပြကာ အားပေးလိုက်သည်။ "ကောင်းလိုက်တာ... ရှောင်ဟူရေ... သား ဘာတွေများ ပြန်ပြောပြချင်လဲ"
ရှောင်ဟူ ထရပ်ကာ လက်များကို နောက်ပစ်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ရွတ်ပြလိုက်သည်။ "ခြောက် သုံးလီ ဆယ့်ရှစ်... ခြောက်လေးလီ နှစ်ဆယ့်လေး" သူက အလီဇယားကို ကျွမ်းကျွမ်းကျင်ကျင် ရွတ်ပြလိုက်လေသည်။
"တော်လိုက်တာ... မမေ့အောင် ခဏခဏ ပြန်ရွတ်ရမယ်နော်" ယွီနျန် ပြောရင်းဖြင့် အနီးအနားရှိ အဘိဓါန်စာအုပ်ကို ယူလိုက်သည်။
"ဒီနေ့... အဘိဓါန် ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးမယ်... ဒါဆို စာဖတ်ရင်း မသိတဲ့ စကားလုံးတွေ ရှိရင် အဘိဓါန်ကြည့်ပြီး အဖြေရှာလို့ရတယ်နော်..."
မနက်ပိုင်းအတန်းက ဆယ့်တစ်နာရီတွင် ပြီးဆုံးသွားခဲ့သည်။ ကလေးများ နေ့လည်စာစားရန် အိမ်ပြန်သွားသောအခါ ယွီနျန်က လမ်းကြောင်းရှာရင်း လမ်းကြောလေးတလျှောက် နာရီဝက်ခန့် လမ်းလျှောက်လိုက်ပြီးမှ ကျောက်တောင်စွန်းလေးပေါ် ရောက်ရှိလာခဲ့သည်။ သူက ကျောက်တုံးလေးတစ်တုံးပေါ်တွင် ဝင်ထိုင်လိုက်ပြီး ရွှယ်ယုံကို ဖုန်းခေါ်လိုက်သည်။ ထိုနေရာလေးမှာ ရွာအနီးမှ ဖုန်းလိုင်းရသည့် တစ်ခုတည်းသော နေရာလေး ဖြစ်သည်။
တစ်ခဏအကြာ ရွှယ်ယုံ ဖုန်းဖြေလာခဲ့သည်။
"နျန်နျန်လား"
"ဟုတ်ပါ့... ခင်ဗျားရဲ့ နျန်နျန်ပဲလေ"
ယွီနျန်က ရွှယ်ယုံ၏ အသံကို ကြားသောအခါ မျက်လုံးများ တောက်ပသွားသည်။
သူက အဖြူရောင် ရိုးရိုးချည်သားတီရှပ်ကို ဝတ်ထားပြီး ကျောက်တောင်လေးပေါ်တွင် ထိုင်ကာ ခြေတံရှည်များကို တွဲလောင်းချထားလေသည်။ သူက လက်ထဲတွင် ကျောက်ခဲလေးတစ်လုံးကို ကိုင်ကာ လှည့်ကစားနေရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။
"ဒီမနက် ကျွန်တော် ကလေးတွေကို အဘိဓါန် သုံးနည်းသင်ပေးခဲ့တယ်... သူတို့အားလုံးက အားတက်သရော လိုက်နားထောင်ကြတော့ တစ်ခါလေးပြလိုက်တာနဲ့ သိသွားကြတာပဲ... သူတို့ အဘိဓါန် ကြည့်တတ်သွားရင် ကျွန်တော် ထွက်သွားပြီးတဲ့အခါ ရိုးရှင်းတဲ့စကားလုံးလေးတွေကို ကိုယ့်ကိုယ်ကိုယ် လေ့လာပြီး ဖတ်နိုင်ကြမယ် ထင်တာပဲ"
အလှမ်းဝေးသော တောင်တန်းကြီးများကို ဖြတ်၍ ရွှယ်ယုံ၏ အသံက စက်သံများ အနည်းငယ် ဆူညံနေပါသော်လည်း နူးညံ့နေဆဲ ဖြစ်သည်။
"အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ... ယွီနျန် လောင်ရှီး"
“ဘာလို့ ဒီအသုံးအနှုန်းကို သုံးတာလဲ"
ယွီနျန် တီးတိုးရယ်မောလိုက်ပြီးနောက် လက်ချောင်းများက ကျောက်ဆောင်ကြီးအပေါ် ပွတ်ဆွဲနေသည်။ သူလည်ချောင်းရှင်းကာ မေးလိုက်သည်။
"ပြောပြပါဦး... ရွှယ်ယုံ... ကျွန်တော် ခင်ဗျားကို ဘာသင်ပေးခဲ့ဖူးလို့လဲ"
"ကိုယ့်ကို အချစ်အကြောင်း သင်ပေးခဲ့တယ်လေ"
ရုတ်တရက် ဝန်ခံမှုက ယွီနျန်၏ နှလုံးသားကို လှုပ်ခါသွားစေခဲ့သည်။ သူ့မျက်တောင်များကို အောက်ချလိုက်ပြီး ကျောက်တုံးများ ဘေးတွင် ပွင့်လန်းနေသည့် တောရိုင်းပန်းများက မျက်လုံးများထဲတွင် အရိပ်ထင်လာကာ နှုတ်ခမ်းထောင့်လေးများ ကော့တက်လာသည်အထိ ပြုံးလိုက်သည်။ သူ ညင်သာစွာ ပြန်ဖြေလိုက်လေသည်။.
"အင်း"
"ဒါဆိုရင် ခင်ဗျားကို သင်ပေးဖို့ အခွင့်အရေးပေးလို့ ကျေးဇူးတင်ရမှာပဲ"
ဖုန်းခေါ်ပြီးသွားသောအခါ ယွီနျန်က လမ်းကြောင်းတစ်ခုတည်းမှတဆင့် ရွာထဲကို ပြန်လာခဲ့သာည်။ လမ်းတလျှောက်တွင် ပန်းအိုးထိုးရန်အတွင် ပန်းတစ်စည်း ခူးလာခဲ့သေးသည်။ ယာယီနေထိုင်ရာနေရာသို့ ရောက်သောအခါ အရှေ့နှင့်အနောက် လမ်းလျှောက်နေရင်း တံခါးဝတွင် စောင့်ဆိုင်းနေသည့် ရွာလူကြီးကို တွေ့လိုက်ရသည်။ ယွီနျန်ကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားလေသည်။
“ယွီနျန်လောင်ရှီး"
သူတို့၏စိတ်ထဲတွင် နာမည်ကျော်နှင့် သာမန်လူများ၊ အဆိုတော်နှင့် အဆိုတော်မဟုတ်သူများအကြား ထူးခြားမှု မရှိပေ။ ယွီနျန်ကမူ ရွာထဲမှ ကလေးများအား သင်ကြားပေးပြီး ဗဟုသုတများ ပြောပြပေးသဖြင့် သူက သူတို့၏ ဆရာ ဖြစ်လာရခြင်း ဖြစ်သည်။
ရွာလူကြီးက ယွီနျန်ကို အလွန်လေးစားသည်။ သူ့ဘေးကို ချဥ်းကပ်လာရင်း ကျေးဇူးတင်စကားကို အရင်ဖော်ပြလာခဲ့သည်။
"ယွီလောင်ရှီး... ကလေးတွေကို ကြိုးကြိုးစားစား သင်ကြားပေးလို့ ကျေးဇူးပါ... အဲ့ဒီလူဆိုးလေးတွေက မယဥ်ကျေးတတ်ဘဲ တောင်တန်းတွေနဲ့ပဲ နေသားကျနေတော့ အမှားလုပ်မိတာရှိရင် ဆုံးမပါ"
ယွီနျန် ခေါင်းယမ်း၍ ပြုံးလိုက်သည်။
"မခက်ခဲပါဘူး... အားလုံးက စာသင်ဖို့ တက်ကြွကြပြီးတော့ လိမ္မာကြတယ်... အားလုံးက လိမ္မာတဲ့ ကလေးတွေပါပဲ"
"ကောင်းတယ် ကောင်းတယ်" ရွာလူကြီးက အနားကပ်လာလေလေ သူပြောချင်သည့်အရာကို ရှက်ရွံ့လာလေလေ ဖြစ်ကာ စကားလုံးများက ပါးစပ်ဖျားထက်တွင် တုံ့ဆိုင်းနေပြီးမှ ပြန်မျိုချလိုက်သည်။
"ယွီလောင်ရှီး...နေ့လည်စာ အရင်စားပါလား... အစားအစားရဖို့က အရေးကြီတယ်... အစား..."
ယွီနျန်က ရွာလူကြီး၏ စကားကို ဖြတ်ကာ တယဥ်တကျေးမေးလိုက်သည်။
"ကျွန်တော့်ဆီက အကူအညီလိုတာရှိလို့လား... ပြောသာ ပြောပါ... ကျွန်တော် ကူညီနိုင်သမျှ ကူညီပေးပါ့မယ်"
ရွာလူကြီးက ဆေးလိပ်မီးခိုးများ စွဲနေသည့် လက်များကို ယှက်ထားလိုက်ရင်း စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းနေပြီးမှ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"အာ... တကယ်တော့ အကူအညီတောင်းစရာရှိလို့ပါ... လောင်ရှီးလည်း တွေ့သလို ရွာထဲက တစ်ခုတည်းသော ရေဒလက်ဘီးဟောင်းကြီး ပျက်သွားတယ်လေ... လက်သမားကြီးကလည်း နှစ်သစ်မရောက်ခင် ဆုံးသွားတာ... သူ့ဆီမှာ တပည့်မချန်ထားခဲ့ဘူး... ငါတို့လည်း ကိုယ့်ဘာသာ ပြင်ကြည့်ပါသေးတယ်... ဒါပေမယ့် နားမလည်ဘူး ဖြစ်နေတာ... ဒါကြောင့် ငါတို့တွေ စိုးရိမ်လာတာနဲ့ လောင်ရှီးကို တွေးမိသွားတာ... လောင်ရှီးရဲ့ အသိပညာနဲ့ ဗဟုသုတတွေနဲ့ဆိုရင် တစ်နည်းနည်းနဲ့ ကူညီပေးနိုင်လောက်မလားလို့"
ယွီနျန်က ရွာထဲရှိ ရေဒလက်ဘီးများအကြောင်းကို သိနေခဲ့သည်။ တောင်ပိုင်းတွင် ရွာသားများအတွက် ကောက်ပဲသီးနှံများ စိုက်ပျိုးရိတ်သိမ်းရန် မြေယာအကြီးကြီးကို ဆည်ရေသွင်းပေးရန်အတွက် အရေးကြီးပေသည်။ သူက နေ့လည်စာ အရင်မစားတော့ဘဲ ပြောလိုက်သည်။
"ကျွန်တော် အရင်သွားကြည့်လို့ရမလား"
ရိုက်ကူးရေးအတွက် တာဝန်ကျနေသည့် ယွမ်ဝမ်က ကင်မရာထမ်းထားရင်း ပြောလိုက်သည်။
"စောင့်ပါဦး... ငါလည်း လိုက်ခဲ့မယ်"
ခရီးစဥ်အတွင်း ယွမ်ဝမ်က တာဝန်ကို မမေ့ဘဲ အမိအရ အင်တာဗျူးလိုက်သည်။
"နျန်နျန်... မင်းက ရေဒလက်ဘီးတွေပါ ပြင်တတ်သေးတာလား"
ယွီနျန် ပြုံးလိူက်သည်။
"ဟုတ်... နည်းနည်းပါးပါးလောက်ပါပဲ... ကျွန်တော် ခေါင်တဲ့ဒေသတွေမှာ ကျွန်တော့်ဆရာနောက်ကနေ ရှေးဟောင်းသုတေသနနေရာတွေကို လိုက်ပြီး တူးဖော်ရေးတွေ လုပ်ရင်း ဒီလိုအခြေအနေ ကြုံဖူးတယ်... ရွာသားတွေ အကူအညီတောင်းတာနဲ့ သဲတူးတဲ့ ဂေါ်ပြားလေးကို ပစ်ချပြီး ရေဒလက်ဘီးတွေ ပြန်ပြင်ဖို့ ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ ဆရာနောက်နေ ရွာကို လိုက်သွားခဲ့တာပေါ့... ဒီလိုစကေးတွေကို ပြဖို့အတွက် နောက်ထပ် အခွင့်အရေး မရှိတော့လောက်ဘူးလို့ ထင်ထားခဲ့တာ"
ရွာ၏ တောင်ဘက်ပိုင်းကို ရောက်သောအခါ လူများစွာက ရေဒလက်ဘီး၏ နံဘေးနားတွင် စုဝေးနေကြလေသည်။ ရွာလူကြီးက ယွီနျန်အား ခေါ်လာခဲ့သည်ကို မြင်သောအခါ "ယွီလောင်ရှီး"ဟု အားတက်သရော နှုတ်ဆက်လာကြသည်။
ယွီနျန်က တုံ့ဆိုင်းမနေတော့ဘဲ အင်္ကျီလက်ကို ပင့်တင်ကာ အခြေအနေကို စစ်ဆေးရန် ဆင်းလာခဲ့သည်။
ယွမ်ဝမ်က ကင်မရာကိုင်ထားရင်း နှလုံးသားထဲတွင် အံ့အားသင့်သွားရသည်။ ယွီနျန်က သူတွေးထားသော ပုံရိပ်နှင့် အမှန်ပင် ကွာခြားနေသည်။ ညစ်ပေကာ ပင်ပန်းရမည်ကို မကြောက်ဘဲ နေ့လည်စာ အလွတ်ခံကာ ရွာသားများကို ရေဒလက်ဘီး ကူပြင်ပေးရန် အင်္ကျီလက်ခေါက်တင်၍ရောက်လာပေးမည့် မည်သည့် နာမည်ကြီး အနုပညာရှင်ကိုမှ သူ မကြားခဲ့ဖူးပါပေ။
တစ်ခဏအကြာ ယွီနျန် ပြဿနာကို ရှာတွေ့သွားသည်။ "ဝင်ရိုးက အဆစ်နေရာနဲ့ အလျားလိုက်ဘုတ်ပြားမှာ ကပ်နေတာ... အလျားလိုက်ဘုတ်ပြားကို လဲရမယ်ထင်တယ်"
"အလျားလိုက်ဘုတ်ပြားလား" ရွာလူကြီး၏ မျက်လုံးများ ဝင်းပသွားသည်။
"ဟုတ်တယ်... ဟုတ်တယ်... ငါတို့မှာ အပိုရှိတယ်"
ယွီနျန်
က အနီးအနားရှိ ဘုံဘိုင်လေးတွင် လက်ဆေးလိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော်လည်း လိုက်ပြီး ကြည့်ပေးမယ်"
ထိုစကားကို ကြားသောအခါ ယွမ်ဝမ်ကလည်း အမြန်အမှီလိုက်လာခဲ့သည်။