အပိုင်း ၁၄၆
Viewers 16k

Chapter 146

သူတို့က ဘယ်လိုဆက်ဆံရေးများလဲ



ရွာ၏ သိုလှောင်အိမ်လေးက သိပ်မကြီးပေ။ စိုက်ပျိုးရေးကိရိယာများ ပြန့်ကျဲနေသည့်အပြင် အမျိုးမျိုးအထွေထွေ ပစ္စည်းများနှင့် ပြည့်နေပြီး တံခါးဖွင့်လိုက်သောအခါ ဖုန်နံ့များ ထုတ်လွှတ်လာခဲ့သည်။ ရွာလူကြီးက ရတတ်မအေးဖြစ်သွားပြီး လေကောင်းလေသန့်ရရန်အတွက် ပြတင်းပေါက်ကို သစ်သားချောင်းဖြင့် အလျင်အမြန် ထောက်ကန်လိုက်သည်။ 


တစ်ခဏမျှ မွှေနှောက်ရှာဖွေပြီးသွားသောအခါ ထောင့်တစ်ခုတွင် သစ်သားအပိုင်းအစနှစ်ခု ရှာတွေ့သွားပြီး ယွီနျန်ကို မေးလာသည်။ 


"ယွီလောင်ရှီး... ဒါများလား"


ယွီနျန်က ထိုင်ချကာ အရွယ်အစားနှင့်ပုံစံကို သေသေချာချာ စစ်ဆေးနေခဲ့သည်။


 "ဟုတ်တယ်... ဒါပါပဲ... ယူသွားပြီး ပြင်လိုက်ကြရအောင်"


ရွာလူကြီး၏ မျက်လုံးများ ဝင်းလက်သွားပြီး သစ်သားပြားလေးကို ကိုင်ကာ ထွက်လာသည်။ 


"ဒီသိုလှောင်အိမ်မှာ ပစ္စည်းတွေက အပြည့်ပဲ.... အတော်လေးလည်း ကြာနေပြီ... ပစ္စည်းအသေးစားတွေကို ဘေးဖယ်ထားတော့ ရှာရခက်တယ်... ကံကောင်းလို့ ဒီဘုတ်ပြားထားတဲ့နေရာကို မှတ်မိနေလို့ပေါ့" 


တံခါးပေါက်ကို ဖြတ်သွားသောအခါ သူက ကြွေရည်သုတ်မြေအိုးကြီးကို ထိုးပြလိုက်သည်။ 


"ဒီလို အသီးအရွက်အချဥ်သိပ်တဲ့အိုးလို ပစ္စည်းတွေကို ဝင်ပေါက်ရဲ့ အနီးမှာ ထားရတယ်.. သူတို့က ကြီးပြီးလေးတော့ လိုအပ်တဲ့အခါ အပြင်ထုတ်ဖို့လွယ်အောင်ပေါ့"


ယွီနျန် ခြေလှမ်းရပ်သွားပြီး အသီးအရွက်အချဥ်သိပ်သည့်အိုးကို စူးစိုက်၍ ကြည့်နေသည်ကို မြင်သောအခါ ရွာလူကြီးက ရယ်မောလိုက်သည်။


 "ယွီလောင်ရှီးက မြို့က လာတဲ့သူဆိုတော့ အရင်က ဒါမျိုးတွေ မမြင်ဖူးဘူးနေမှာ" 


ယွီနျန်က အကြည့်မလွဲဘဲ မေးလိုက်သည်။ "ရွာလူကြီး... အသီးအရွက် အချဥ်တည်အိုးရဲ့ ဘေးက ဘာလဲ"


ရွာလူကြီးသည်လည်း တစ်ချက်ကြည့်လိုက်သည်။


 "အဲ့ဒီသံတုံးကို ပြောတာလား... ဒါကို အရွက်တွေ အချဥ်သိပ်တဲ့အခါ ဖိဖို့သုံးတာလေ... ကျောက်တုံးတွေ သုံးတာထက် ပိုလေးပြီးတော့ သုံးလို့လည်း ပိုကောင်းတယ်"


“ကျွန်တော် တစ်ချက်လောက် ကြည့်လို့ရမလား”


ရွာလူကြီးက တွေဝေမနေပေ။ "ရတာပေါ့"


သူတို့က သံတုံးကို သိုလှောင်အိမ်ထဲမှ နေရောင်အောက်သို့ အတူတကွ ရွှေ့လိုက်ကြသည်။ ယွမ်ဝမ်က ဖြစ်စဥ်တစ်ခုလုံးကို နံဘေးမှ ရိုက်ကူးနေခဲ့သည်။


ယွီနျန်၏ အလေးအနက် ဖြစ်နေသော အမူအယာကို မြင်သောအခါ ရွာလူကြီးက မနှောက်ယှက်ရဲတော့ပေ။ ထိုအရာ မည်သည့်နေရာမှ ရောက်လာကြောင်း မေးမှသာ စပြီး စကားပြောလာခဲ့သည်။ 


"ငါ ငယ်ငယ်တုန်းကတည်းက သိုလှောင်အိမ်ထဲမှာ ဒီပစ္စည်းရှိနေပြီ... ရွာထဲက ပြောခဲ့တဲ့ ဇာတ်လမ်းတွေမှာတော့ ဒီပစ္စည်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်ဖြစ်နေတဲ့ကာလအတွင်းမှာ အဆင့်အတန်းမြင့် လူကြီးလူကောင်းတစ်ယောက်က ဒီတောင်တန်းဒေသကို လာပြီး ခိုလှုံခဲ့တယ်... သူ့ကို သစ်ခုတ်သမားတစ်ယောက်က မတော်တဆတွေ့ပြီး ရွာထဲကို ပြန်ခေါ်လာခဲ့တာ" 


"အဆင့်အတန်းမြင့် လူကြီးလူကောင်းလား"


“ဟုတ်တယ်... ပညာတတ်တစ်ယောက်ပါ... သူက ငါတို့ရွာရဲ့ ဘိုးဘေးခန်းမအတွက် နှစ်ကြောင်းကဗျာလေးတွေ ရေးပေးခဲ့သေးတယ်... ဒါပေမယ့် ကျန်းမာရေး သိပ်မကောင်းတော့ ရောက်လာတဲ့အချိန်မှာတောင် နေမကောင်းဖြစ်ပြီး သွေးတွေ အန်ခဲ့တယ်... သိပ်မကြာခင် သူဆုံးပါးသွားတာပဲ... သူရောက်လာခဲ့တဲ့အချိန်မှာ အစားအသောက်နဲ့ အဝတ်အစားတွေကိုတောင် ပစ်ချပြီး ဒီသံတုံးခဲကြီးကို သူနဲ့အတူ သယ်လာခဲ့တာ... ဒါကြောင့်မို့ မပစ်ရစ်ဘဲ သိုလှောင်အိမ်ထဲမှာ သိမ်းထားလိုက်ကြတာပါ"


ယွီနျန်က "သဲတုံးကြီး"၏ မျက်နှာပြင်ပေါ်မှ ပုံဖော်ထားသည်များကို ထိကာ တွေးတောနေသည်။ 


"အဲ့ဒီလူရဲ့ နာမည်ကို သိတဲ့သူတွေရှိလား"


ရွာလူကြီးက ယွီနျန်၏ အလေးအနက် အမူအယာကို ကြည့်ကာ ခပ်မြန်မြန် ပြောလိုက်သည်။ 


"ငါတော့ မမှတ်မိတော့ဘူး... ရွာအဝင်ဝက အဘိုးကို သွားမေးကြည့်လိုက်မယ်" သူ အမြန်အဆန် ထွက်သွားသည်။ 


ယွီနျန် ထိုင်ချကာ သံတုံးပေါ်မှ ဖုန်များကို ဂရုတစိုက် သုတ်ပေးနေသည်ကို ကြည့်၍ ယွမ်ဝမ်လည်း အသေအချာ အနီးကပ် ရိုက်ယူနေသည်။ သို့သော်ငြား သူမည်မျှပင် ကြည့်နေပါစေ ညစ်ပတ်နေသော မျက်နှာပြင်နှင့် မနှစ်မြို့ဖွယ်ရာ ထူးခြားသော ပုံဖော်ချက်များကိုသာ သူမြင်နေရသည်။ 


တနည်းနည်းဖြင့် ယွီနျန်၏ အတိတ်ကာလမှာ "အထွဋ်အထိပ်ကို ကောက်ယူမိခြင်း"ဟူသော စကားစုက ယွမ်ဝမ်၏ အတွေးထဲ ပေါ်ထွက်လာကာ မေးလိုက်သည်။ "နျန်နျန်... ဒီပစ္စည်းမှာ သမိုင်းကြောင်း ရှိနေတာလား"


"အခုထိတော့ မသေချာသေးဘူး... မျက်နှာပြင်မှာ ဖုန်တွေ အညစ်အကြေးတွေ များလွန်းနေတယ်... ဒါပေမယ့် ပုံစံနဲ့ လုပ်ထားတဲ့ပစ္စည်းအရတော့ 'ကွေ့'အိုးနဲ့ တူနေတယ်"


"ကွေ့လား"


ယွီနျန် ရှင်းပြလိုက်သည်။ "ထိပ်ပိုင်းမှာ "ဝါးမြစ်"ဆိုတဲ့စကားလုံးက အလယ်မှာ နည်းနည်းလောက် သေးသွားတဲ့ "လျန်"ဆိုတဲ့ စကားလုံးနဲ့ ရေးထားတယ်... အောက်ပိုင်းမှာ အိုးလို့ ဖော်ပြနေတဲ့ "မင်"ဆိုတဲ့ စကားက "မင်"ကို ယူတယ်... ဒါက ယစ်ပူဇော်ပွဲတွေမှာ သုံးတဲ့ ရိုးရာကြေးနီသတ္တုစပ် အိုးအမျိုးအစားပဲ"


အခြေခံ ဗဟုသုတ ရှိနေဆဲ ဖြစ်သည့် ယွမ်ဝမ် သဘောပေါက်သွားသည်။ 


"ကြေးနီသတ္တုစပ် အိုးလား"


“ဟုတ်တယ်... ရှေးဟောင်းကြေးနီအိုးလား... ခေတ်သစ်က အတုအပ ပစ္စည်းလားဆိုတာကိုတော့ မသေချာသေးဘူး" ယွမ်ဝမ်၏ ကြက်သေသေနေသော အမူအယာကို ကြည့်ကာ ယွီနျန် ပြုံး၍ ပြောလိုက်သည်။ 'ယုံလဲ့တထျန်း'ကို ဖိနပ်အတွင်းပိုင်းအတွက် လူတွေ ဘယ်လိုသုံးခဲ့ကြလဲဆိုတာ တွေးကြည့်လိုက်ပေါ့"


သိပ်မကြာမီ ရွာလူကြီး ပြန်ရောက်လာပြီး ယွီနျန်ကို ပြောလိုက်သည်။ "သိလိုက်ရပြီ... ပညာတတ် လူကြီးမင်းရဲ့ နာမည်က ဖုပေါ်ယန်တဲ့... ဘယ်စကားလုံးနဲ့ ရေးလဲတော့ မသိပေမယ့် 'ဇီရှန်း'လိုမျိုး ထင်တယ်"


"ဇီရှန်း"


“ဟုတ်တယ်... ဇီရှန်းပါ" ရွာလူကြီး ပျော်ရွှင်သွားလေသည်။ 


"ယွီလောင်ရှီး... သိနေတာလား"


ယွီနျန်၏ အကြည့်များက ခြံနောက်ဖေးထဲတွင် ထားထားသည့် ကြေးနီသတ္တုစပ်အိုးကို ကြည့်ကာ ထိုအရာက မည်သည့်အရာဖြစ်ကြောင်း သေချာသလောက်ရှိသွားသည်။ 


သူငယ်စဥ်က သူ့ဘိုးဘိုးတစ်ခါ ပြောပြခဲ့ဖူးသည်။ မြို့တော်တွင် ဖုမိသားစုထဲမှ ဖုပေါ်ယန်ဟု ခေါ်ပြီး ဇီရှန်းဟူသော ပုံစံဖြင့် ရေးသည့် ထင်ရှားပြောင်မြောက်သူတစ်ယောက် ရှိခဲ့ဖူးသည်။ သူက အလွန်အမင်း ထူးချွန်ပြောင်မြောက်လှပြီး အသက်ဆယ့်ရှစ်နှစ်အရွယ်မှာပင် အရိုးဗေဒင်ကျမ်းစာကို ထဲထဲဝင်ဝင်လေ့လာခဲ့သည်။ အသက် နှစ့်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်အရွယ်တွင် အနုသုခုမကျမ်းများကို ပြီးမြောက်အောင်မြင်ခဲ့သည်။ နောက်ပိုင်းတွင် စစ်ပွဲအတွင်း မိသားစု ကြွယ်ဝချမ်းသာမှုများကို ဆုံးရှုံးခဲ့ရပြီးနောက် လှည့်ပတ်သွားလာနေခဲ့လေသည်။ 


သူ့အကြောင်း နောက်ဆုံးကြားသိရသည့် သတင်းအချက်အလက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က ကြေးနီသတ္တုစပ် ရိုးရာအိုးတစ်လုံးကို နေရာတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့စဥ်က ဖြစ်သည်။ ၎င်းက အစစ်အမှန် ဟုတ်မဟုတ် မသေချာသည့်တိုင် ဖုပေါ်ယန်က ခရီးရှည်ကြီးကို နှင်ကာ သွားရောက်စစ်ဆေးခဲ့သည်။ ထိုအချိန်မှစ၍ သူ့ထံမှ မည်သည့်သတင်းမှ မကြားခဲ့ကြတော့ပေ။ 


ယခုတွင် နှစ်ပေါင်းများစွာ ကြာပြီးမှ ကြေးနီသတ္တုစပ်အိုး ပြန်လည်ထွက်ပေါ်လာခဲ့သော်လည်း ထိုသူကမှ ဤကမ္ဘာပေါ်တွင် မရှိတော့။


ယွီနျန်က ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို ဖိနှိပ်ကာ ရွာလူကြီးကို မေးကြည့်လိုက်သည်။ 


"ရွာလူကြီး... ဒီပစ္စည်းမှာ လေးထောင့်အောက်ခံပြား ပါလောက်တယ်... တွေးကြည့်မိတာမျိုးရှိလား"


ရွာလူကြီးက အသေအချာ ခေါင်းယမ်းပြလိုက်သည်။


 "အောက်ခံဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး... ပညာတတ်လူကြီးမင်း ဒါကိုယူလာကတည်းက ဒီလိုပုံစံမျိုးပဲ" သူက ကြမ်းတမ်းနေသော လက်ချောင်းများဖြင့် ညွှန်ပြလိုက်သည်။ 


"ဒါကို ငါသေချာကြည့်ပြီးသွားပြီ... ဒီနေရာမှာ ပဲ့နေတယ်... ကြည့်ရတာ ကျန်တဲ့တစ်ဝက်က တစ်နေရာရာမှာ ပျောက်သွားခဲ့ပုံပဲ" 


ထို့နောက် ရွာလူကြီးက ပြုံး၍ ပြောလိုက်သည်။ 


"ဒီပစ္စည်းက အတော်လေး တန်ဖိုးကြီးမဲ့ပုံပဲ... ယွီလောင်ရှီး ပြန်သွားရင် ယူသွားလိုက်ပါ... ယွီလောင်ရှီးက ကလေးတွေကို စာရေးစာဖတ်သင်ပေးတဲ့အပြင် ရေဒလက်ဘီးကိုပါ ပြင်ပေးသေးတယ်... မင်းက လူကောင်းတစ်ယောက်မှန်း သိသာပါတယ်... ဒီပစ္စည်းကို ဒီနေရာမှာ ထားရင်လည်း အရွက်တွေ အချဥ်သိပ်တဲ့အခါ ဖိဖို့ပဲ သုံးမှာ... မဟုတ်ရင်လည်း သိုလှောင်အိမ်ထဲမှာ ဖုန်တွေတက်နေမှာပဲ.. မင်းယူသွားရင် အသုံးကျတဲ့လူ လက်ထဲ ရောက်သွားပေါ့" 


ယွီနျန်က အကြာကြီး တိတ်ဆိတ်နေပြီးနောက် ရွာလူကြီးကို စိတ်ရင်းဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်"


ရွာလူကြီးက လန့်သွားပြီးနောက် ခြေနှစ်လှမ်း ပြန်ဆုတ်ကာ အလျင်အမြန် ပြောလိုက်သည်။


 "အိုး.... မဖြစ်ပါဘူး... ဒီလို မလုပ်ပါနဲ့... မင်းဆီကနေ ဒီလိုအရာမျိုးကို လက်ခံလို့ ဘယ်ဖြစ်မလဲ"


ယွီနျန် ပြုံးလိုက်သည်။ "လက်ခံလို့ရပါတယ်"


ထိုအခိုက် ဖန်းဝမ်က အပြေးရောက်လာပြီး ခြံနောက်ဖေး၏ အပြင်ဘက်မှ အော်လာခဲ့သည်။


 "နျန်နျန်... ခုလေးတင် ဦးလေးနျိုနဲ့ စီရင်စုမြို့က ပြန်လာတာ... ဝေ့ပေါ်မှာ ယွီချင်းရဲ့ ကိုယ်ထိလက်ရောက်အကြမ်းဖက်တဲ့ကိစ္စက ရေပန်းစားနေတာ တွေ့ခဲတယ်"


သူက ယွီနျန်ကို screenshotများပြကာ အလျင်အမြန် ပြောလိုက်သည်။


 "သတင်းက မနေ့ညက တက်လာတာ... ကျွမ်းဟယ်နလို့ ခေါ်တဲ့လူတစ်ယောက်က ဒီအကြောင်းကို ထုတ်ဖော်ပြီးတော့ သူရခဲ့တဲ့ ဒဏ်ရာရဲ့ အသေးစိတ်အချက်အလက်တွေပါ တင်ထားတယ်... သူက ယွီချင်း သူ့ကို ရိုက်လို့ သွားဖုံးတွေ သွေးထွက်၊ ခေါင်းတွေမူးသွားပြီး နားထဲမှာ မသက်မသာခံစားနေရပါတယ်ဆိုပြီး မျက်ရည်တွင်တွင်ကျပြီး စွပ်စွဲပြောဆိုနေတာ... မင်းကြည့်ဖို့ ငါဗီဒီယိုကို ဒေါင်းလုခ်ဆွဲပေးထားတယ်" 


သူ ဗီဒီယိုကို ဖွင့်ပြလိုက်သောအခါ အဖြူရောင် အပေါ်ဝတ်အင်္ကျီကို ဝတ်ထားပြီး ပါးပြင်ထက်ယောင်ကိုင်းနေကာ လက်ဝါးရာကြီး ထင်းလျက်ရှိနေသည့် မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက ကင်မရာရှေ့တွင် မျက်ရည်တွင်တွင်ကျဆင်းနေပြီး သနားစဖွယ် ဖြစ်နေကာ စွပ်စွဲပြောဆိုနေသည်။


“…ရှင်က အခု ကျွန်မကို ရှင့်အဖေရဲ့ အာရုံစိုက်မှုတွေ ယူသွားမှာ စိုးရိမ်နေတာ... ကျွန်မလွယ်ထားတဲ့ ကလေးက ယောကျာ်းလေး ဖြစ်နေပြီးရင် ရှင်တို့ရဲ့ အမွေတွေ အကုန်ယူသွားမှာ ကြောက်နေတာမလား... ကျွန်မကတော့ စိတ်ရင်းတစ်ခုလုံးနဲ့ ရှင်နဲ့အဆင်ပြေချင်နေခဲ့တာ... ဒါပေမယ့် အဆုံးမှာ ဒီလိုဆက်ဆံခံလိုက်ရမယ်လို့ မထင်ထားခဲ့ဘူး...


ကျွန်မက လောလောဆယ် ရှင့်အဖေနဲ့ တွဲနေတဲ့အချက်ကို ထားလိုက်ဦး... ကျွန်မက သူစိမ်းဆိုရင်တောင် လူတွေကို ကြိုက်သလို ပါးရိုက်လို့ရတာပဲလား...ရှင်က ရှန်းမိသားစုကဆိုတော့ အာဏာရော လွှမ်းမိုးမှုတွေရော ရှိမှာပေါ့... ရှင်က နာမည်ကြီးအဆိုတော်ဖြစ်ပြီး လူသိများတဲ့ သရုပ်ဆောင်ဖြစ်တော့ ထောက်ပံ့ပေးမဲ့ဖန်တွေ ရှိတယ်... အင်တာတိန်းမန့်လောကထဲကို လွှမ်းမိုးခြယ်လှယ်ထားနိုင်တယ်... ဒါပေမယ့် ဒါတွေထဲကတစ်ခုကမှ လူတွေကို ကြိုက်သလို ရိုက်နိုင်တဲ့ အကြောင်းပြချက် မဟုတ်ဘူးနော်"


ယွီနျန်က screenshotများကို ဖွင့်ကြည့်လိုက်ရာ ရေပန်းအစားဆုံးပိုစ့်မှ ကွန်မန့်များ ဖြစ်နေသည်။ 


[ငါဒါကို စနစ်တကျ စစ်ဆေးဖို့လိုတယ်... ဗီဒီယိုထဲမှာပါတဲ့ အချက်အလက်တွေက အရမ်းများလွန်းတယ်... ဒီကျွမ်းဟယ်နက ဝေ့ပေါ်မှာ ဇိမ်ခံပစ္စည်းမျိုးစုံ ကြွားလုံးထုတ်တတ်တဲ့ Dအဆင့် ဆယ်လီတစ်ယောက်ပဲ... ကြည့်ရတာ လူချမ်းသာတစ်ယောက်ကို ဆွဲစိထားနိုင်ခဲ့လို့ ဖြစ်မယ်... ပြီးတော့ လူပြိန်းကြိုက် သတင်းထဲမှာ ထုတ်ဖော်ထားတာက ကျွမ်းဟယ်နရဲ့ လတ်တလော သကြားဖေဖေကြီးက ရှန်းအုပ်စုရဲ့ ဥက္ကဌ ရှန်းရွှမ်းထန်လေ... ကျွမ်းဟယ်နက လှပြီး ငယ်တော့ ချမ်းသာတဲ့မိသားစုထဲကို လက်ထပ်ဝင်ရောက်နိုင်လောက်တယ်...


ဒါပေမယ့် တစ်ယောက်ယောက် ပြောလို့ရမလား... ကျွမ်းဟယ်နက ယွီချင်းကို 'ငါက နင့်အဖေနဲ့ တွဲနေတယ်'လို့ ပြောတယ်ဆိုတော့ ငါဖတ်မိတာ မမှားရင် ယွီချင်းက ဒဏ္ဍာရီလာ ရှန်းရွှမ်းထန်ရဲ့ တစ်ဦးတည်းသောသမီး၊ ရှန်းအုပ်စုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဘီလီယံနာသူဌေးသမီးလေး သခင်မလေးရှန်းလား]


[အိုးမိုင်ဂေါ့... မမယွီချင်း ပွဲဦးထွက်တော့ သူ့အိတ်တွေက ယွမ်တစ်သိန်းကနေစတာ မှတ်မိပါသေးတယ်... ပြီးတော့ သူက အကန့်အသတ်ထုတ် စူပါကားတွေ စီးခဲ့တာ... အဲ့ဒီအချိန်တုန်းက လူတွေအများကြီးက သူ့ကို လူချမ်းသာ အဘိုးကြီးတွေကို လိုက်ကပ်ထားတာလို့ ခန့်မှန်းပြီး ကောလဟာလတွေ ဖြန့်ခဲ့သေးတာလေ... အခုတော့ ရှန်းအုပ်စုရဲ့ ဆက်ခံသူတဲ့လား... သူဒီလောက် အင်အားကြီးမှန်းမသိခဲ့ဘူး... နေပါဦး... မမယွီချင်းက ငါသိသလောက် အမြဲတမ်း အံ့သြဖို့ကောင်းနေခဲ့တာပဲလေ... ဟားဟားဟား]


[အင်တာတိန်းမန့် အတင်းအဖျင်း သတင်းစာမျက်နှာတွေက ယွီချင်းရဲ့ နောက်ခံကို မဖော်ထုတ်နိုင်တာ အံ့သြစရာမရှိတော့ဘူးပဲ... သူတို့က သူ့ရဲ့ မျိုးရိုးအမည်ကို ယွီဆိုပြီး ရှာဖွေနေခဲ့ကြတာ... တကယ်တမ်းကျတော့ ရှန်း ဖြစ်နေတာကိုး]


[ဗီဒီယိုထဲကလူကတော့ လွန်လွန်းပါတယ်... ကြာပန်းဖြူလေးလို သရုပ်ဆောင်ကောင်းချက်နော်... ငါလူတိုင်းကို တစ်လုံးချင်းစီ ရှင်းပြပေးမယ်... 'ငါနင့်အဖေရဲ့ အာရုံစိုက်မှုတွေကို နင့်ဆီကနေ သေချာပေါက် လုယူမယ်... ငါသားမွေးရင် နင့်ရဲ့ အမွေဆက်ခံခွင့်တွေကို လုပြီး နင့်ကို အိမ်ပေါ်က ကန်ထုတ်ပစ်လိုက်မယ်... အပြင်ပိုင်းမှာ နင်နဲ့ အဆင်ပြေချင်နေသလို ဟန်ဆောင်နေပေမယ့် တကယ်တမ်းကျ ငါနင့်ကို မုန်းလွန်းလို့ အန္တရာယ်ပေးချင်နေတာ... နင်ငါ့အပေါ် လက်တင်ရဲရင် ရေတပ်ငှားပြီး အပုပ်ချတိုက်ခိုက်မယ်... နင်က သန်မာပြီး လွှမ်းမိုးနိုင်တယ်ဆို ငါက အားနည်းပြီး မှန်ကန်တဲ့လူပဲ.. နင်ငါ့ကို ရိုက်ရင် သနားစဖွယ်လို သရုပ်ဆောင်ပြီး ရေတပ်ငှားပြီး နင့်ကို ရိုက်ချပေးမယ်' မမယွီချင်းရေ ဂရုစိုက်ပါနော်... ကြာပန်းဖြူမတွေက တကယ်တမ်းတော့ အထဲမှာအဆိပ်ပြည့်နေတဲ့ ပင့်ကူမည်းလိုဟာမတွေ]


ကြည့်ပြီးနောက် ယွီနျန် ပြောလိုက်သည်။ "ဒီscreenshotတွေ ကျွန်တော့်ကို ပြဖို့ ယူလာပေးဖို့ ကျေးဇူးပါနော်... ကျွန်တော့်မမကရော ဘယ်လိုတုံ့ပြန်လဲ"


“မပြောပါနဲ့တော့" ဖန်းဝမ်က ခေါင်းကုတ်လိုက်သည်။ "ယွီချင်းက အခုထိထွက်မလာသေးဘူး... ဒါပေမယ့် လူတွေရဲ့ အာရုံစိုက်မှုက အခု သူ့ရဲ့နောက်ခံပေါ် ရောက်သွားပြီ... ကျွမ်းဟယ်နရဲ့ စွပ်စွဲချက်တွေကို သိပ်အာရုံမရှိကြဘူး"


ယွီနျန် အတွေးနစ်နေသည်ကို မြင်သောအခါ ဖန်းဝမ်က ဂရုတစိုက် ပြောလိုက်သည်။ 


"ငါက စကားသိပ်မပြောတတ်ပေမယ့် နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခု ရှိမယ်လို့ ထင်တယ်... မင်းလည်း လူချမ်းသာမိသားစု ဒရာမာတွေထဲက အကြောင်းတွေ သိတာပဲ... အမြှောင်မယားက တရားဝင်ဇနီးရဲ့ သမီးကို တမင်သက်သက် ရန်စပြီးတော့ သနားစရာကောင်းတဲ့ပုံ ဟန်ဆောင်ပြီး သူ့နေရာကို ဝင်ယူဖို့ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်မယ်... ကျွမ်းဟယ်နက ဒီလမ်းကြောင်းအတိုင်းလိုက်နေတာဖြစ်မယ်"


ယွီနျန်က ထိုစကားကို အပြုံးလေးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ 


"ကျေးဇူးပါ... ကျွန်တော့်မမက အရေထူပြီးသားပါ... ကျွန်တော် သူ့ကို နောက်မှ ဖုန်းခေါ်ပြီး မေးလိုက်မယ်"


ယွီနျန်က ဤကိစ္စကို ဘေးဖယ်ထားပြီး အရင်ဆုံး ရေဘီးကို ပြင်ပေးပြီးမှ ကြေးနီသတ္တုစပ် အိုးကို သန့်ရှင်းရေးလုပ်၍ ကြေးနီကွေ့အိုး၏ လက်ဟောင်းဟုတ်မဟုတ် ဆုံးဖြတ်ရန်အတွက် သဲလွန်စများ ရှာဖွေရန် စီစဥ်လိုက်သည်။ 


ယွီနျန်နှင့် ရွာလူကြီးတို့ သစ်သားဘုတ်ပြားကို ယူ၍ ရေဘီးထံ လျှောက်သွားကြသောအခါ ဖန်းဝမ်က သူ့ဖုန်းကို အိပ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး တစ်ခဏမျှ တွေးနေလိုက်သည်။ သူက ရိုက်ကူးရေးအတွက် တာဝန်ရှိသည့် ကင်မရာမန်း ယွမ်ဝမ်ကို တိတ်တိတ်လေး မေးလိုက်သည်။


 "ဟေး ယွီနျန်နဲ့ ယွီချင်းကြားက ဆက်ဆံရေးက အတိအကျ ဘာများဖြစ်မလဲ ငါသိချင်နေတယ်"


ယွမ်ဝမ်က ကင်မရာကိုင်ထားရင်း တစ်ခဏမျှ တွေးနေပြီးနောက် ပြန်ဖြေလိုက်သည်။ 


"ငါလည်း အသေအချာတော့ မမှတ်မိတော့ဘူး...

ဒါပေမယ့် ယွီချင်းက တစ်ဦးတည်းသော သမီးဆိုတာပဲ သိတယ်... တစ်ယောက်ရဲ့ မျိုးရိုးအမည်က ယွီ တစ်ယောက်က ရှန်းလေ... သူတို့က သွေးဝေးတဲ့ ဆွေမျိုးတွေ ဖြစ်လောက်တယ်မလား"