အပိုင်း ၁၄၇
Viewers 16k

Chapter 147

ယွီချင်းက ရှန်းမိသားစုရဲ့ သခင်မလေး ဆိုရင် သူ့ရဲ့ ဝမ်းကွဲဖြစ်တဲ့ ယွီနျန်ကရော...




အလျားလိုက် သစ်သားပြားကို တပ်ပြီးသွားသောအခါ ရေဒလက်ဘီးက အလျင်အမြန် ပြန်လည်ကောင်းမွန်သွားပြီး စတင်လည်ပတ်လာသည်။ ရွာလူကြီးက လက်များကို နောက်ပစ်ထားပြီး မရပ်မနား ပြုံးကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ 


"ကျေးဇူးအရမ်းတင်ပါတယ်... ယွီလောင်ရှီး... မင်းသာမရှိရင် ငါတို့လို စကားလုံးနှစ်လုံးတောင် မဖတ်နိုင်တဲ့သူတွေက ဘယ်လောက်ကြာအောင် အလုပ်များနေမလဲ မသိဘူး"


အနီးအနားရှိ အခြားသော ရွာသားများမှာလည်း ပြုံးပြလာကြပြီး ယွီနျန်ကို တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးစကားဆိုလာကြသည်။


ထိုအပြုအမူများက ယွီနျန်အား အတော်လေး ရှက်ရွံ့သွားစေခဲ့သည်။ သူက ကြည်လင်သန့်ရှင်းစွာ ကျဆင်းလာသော ရေအောက်တွင် လက်များကို အညစ်အကြေးများ ကင်းစင်အောင် ဆေးကြောလိုက်ပြီးနောက် ပြောလိုက်သည်။ 


"ကျွန်တော်က နည်းနည်းပဲ အားစိုက်ထုတ်လိုက်တာပါ... ကျွန်တော် လုပ်တတ်သလို လုပ်လိုက်တာမို့ ကျေးဇူးတင်စရာမလိုပါဘူး... တကယ်ပါ"


ရွာလူကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ 


"ယွီလောင်ရှီး... မင်းက နှိမ့်ချတတ်တာပဲ"


အပြန်လမ်းတွင် ယွမ်ဝမ်က ကင်မရာသယ်လာခဲ့သည်။ နှစ်ရက်တာလုံး ယွီနျန်နောက်သို့ လိုက်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် အတော်လေး ရင်းနှီးလာခဲ့ကြပြီဖြစ်သည်။ အစပိုင်းက ထိန်းထိန်းသိမ်းသိမ်း စကားပြောခဲ့ကြရသည်များလည်း ကွယ်ပျောက်သွားခဲ့သည်။ ယွမ်ဝမ် အရွှမ်းဖောက်လိုက်သည်။ 


"ငါတို့ရဲ့ မှတ်တမ်းရုပ်ရှင်လေး လွှင့်ပြီးတာနဲ့ မင်းရဲ့ ကိုယ်ရေးအကျဥ်းထဲက အထူးကျွမ်းကျင်မှုနေရာမှာ 'ရေဒလက်ဘီးပြင်သူ'ဆိုပြီး ထည့်လို့ရလောက်ပြီနော်... နျန်နျန်" 


ယွီနျန်ကလည်း ရယ်မောရင်း ပြန်ဖြေလာသည်။ "ကောင်းပါပြီ... ကျွန်တော့်ရဲ့ နည်းပညာစကေးတွေက သာမန်ပါပဲ ဆိုပြီး မှတ်စုလေးရေးပေးရမယ်နော်"


နှစ်ယောက်လုံးက အားရပါးရ ရယ်မောလိုက်ကြသည်။ 


နေ့လည်စာစားချိန် ရောက်ပြီဖြစ်၍ သူတို့က ပေါင်းပင်များ ပေါက်ရောက်ကြီးထွားနေသည့် လမ်းလေးအတိုင်း ပြန်လာခဲ့ကြသည်။ ယွီနျန် တောင်းပန်စကား ပြောလိုက်သည်။


 "ကျွန်တော် မင်းကိုပါ ဆွဲခေါ်လာခဲ့ရလို့ တောင်းပန်ပါတယ်... ကျွန်တော်တို့ အခုထိ နေ့လည်စာတောင် မစားရသေးဘူး"


ယွမ်ဝမ်က လက်ကို သာမန်ကာလျှံကာ ယမ်းပြလိုက်ပြီး သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။ 


"စားသောက်တယ်ဆိုတာ ကိစ္စကြီး မဟုတ်ပါဘူး .. ငါလည်း ဒီနေရာမှာ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေကို ယူရတာက ဘယ်လိုဆိုတာကို ကြုံတွေ့ရတာပေါ့... ပြီးတော့ ရေဒလက်ဘီး ဘယ်လိုပြင်ရမယ်ဆိုတာကို သင်ယူနိုင်ခဲ့သေးတယ်... ဒါက နေ့လည်စာစားရတာထက် ပိုပျော်ဖို့ကောင်းတယ်... ငါပြန်သွားရင် ဒီအကြောင်းကို တစ်နှစ်လောက် ကြွားရမှာ"


ယာယီနေထိုင်သည့်နေရာသို့ ပြန်ရောက်သောအခါ သူတို့၏ နေ့လည်စာကို အမြန် လက်စသတ်လိုက်ကြသည်။ ယွီနျန်က ခရီးဆောင်အိတ်ထဲမှ maskကို ထုတ်ကာ ကြေးနီကွေ့အိုးကို လေ့လာရန်အတွက် ကျေးရွာ သိုလှောင်အိမ်လေးဆီ ပြန်သွားခဲ့သည်။ 


ယွီနျန်က စိတ်လှည်လက်ရှည် ရှိပြီး ရွာသားများထံမှ အမွေးနုစုတ်တံနှင့် သပွတ်သီးစလေးအချို့ ငှားလိုက်သည်။ သူက အမည်းရောင် maskတပ်ထားရင်း ကြွေးနီကွေ့အိုး၏ မျက်နှာပြင်တွင် စုပုံနေသည့် ရွှံ့များနှင့် အညစ်အကြေးများကို ရှင်းလင်းနေခဲ့သည်။ 


ယွမ်ဝမ်က အကူအညီများများ မပေးနိုင်သဖြင့် နံဘေးတွင် ထိုင်ကာ လေ့လာနေခဲ့သည်။ ယွီနျန်၏ လက်များကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် မထိန်းနိုင်တော့ဘဲ အံ့သြတကြီး ပြောလိုက်သည်။ 


"နျန်နျန် မင်းလက်တွေက အရမ်းငြိမ်တာပဲ"


Mask၏ အပြင်ဘက်မှ မြင်နိုင်သော မျက်လုံးများတွင် ရေပြင်ထက်မှ လှိုင်းကြက်ခွပ်လေးများကဲ့သို့ ပြုံးနေသည့် အမူအယာကို တွေ့ရသည်။ ယွီနျန် ပြောလိုက်သည်။


 "မြေကြီးထဲက တူးလာတဲ့ လက်မှုပစ္စည်းတွေက အရမ်း ကျိုးပဲ့လွယ်တယ်... ဥပမာအားဖြင့် ဟိုင်ဟန်ဟော်ဂူမှာတွေ့ရတဲ့ ဝါးစာလိပ်တွေလိုပေါ့... သူတို့အားလုံးက မဲနက်နေပြီး မမှတ်မိနိုင်တဲ့ အတုံးအခဲတွေလို စုလုံးနေတာ... ဒါကြောင့်မို့ သူတို့ကို ထိတဲ့အခါတိုင်း အရမ်းအရမ်း ဂရုစိုက်ပြီး စိတ်ရှည်လက်ရှည်နဲ့ သတိထားပြီး လုပ်ဆောင်ရတယ်... အမှားသေးသေးလေးကတောင် သမိုင်းကြောင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် အဖိုးတန်တဲ့ပစ္စည်းတွေကို ဖျက်ဆီးမိသွားတတ်တယ်"


သူ ထပ်ရယ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။


 "တွေးကြည့်လေ... ဒီရှေးဟောင်းပစ္စည်းတွေက အချိန်ရဲ့ ပြောင်းလဲနေတဲ့ ဒီရေတွေကို ကြံ့ကြံ့ခံရှင်သန်ပြီး အဆုံးမှာ မြေပေါ်ကို ထုတ်ယူလာနိုင်ခဲ့ပေမယ့် အထိလေးတစ်ချက်ကြောင့် ကျိုးပျက်သွားရတယ်... ဒါက တကယ် ရင်ကွဲစရာပဲ"


ယွမ်ဝမ်ကလည်း ပြုံး၍ ပြန်ဖြေလိုက်သည်။

 "ဟုတ်တာပေါ့"


ယွီနျန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အလုပ်ထဲတွင် တစ်ခဏမျှ အာရုံစိုက်နေပြီးမှ ရပ်လိုက်သည်။


 "ပြီးသွားပြီ"


ကြေးနီကွေ့အိုး၏ အပိုင်းသေးသေးလေးကို သန့်ရှင်းပြီးသွားသောအခါ ယွီနျန်၏ မျက်လုံးများ တောက်ပသွားသည်။ သူ အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။ "ဒါက ထောင်တိုင်ပုံစံပဲ... စတိုင်ကို ကြည့်ရတာတော့ ခေတ်သစ်က တုပထားတဲ့စတိုင် ဟုတ်ပုံမရဘူး"


ယွမ်ဝမ်က သိလိုစိတ်ပြင်းစွာဖြင့် မေးလိုက်သည်။ 

"ထောင်တိုင်ပုံစံဆိုတာဘာလဲ"


ယွီနျန် ရှင်းပြပေးလိုက်သည်။ 


"ထောင်တိုင်ပုံစံဆိုတာ ကြေးနီသတ္တုစပ်လက်မှုပစ္စည်းတွေမှာ တွေ့ရလေ့ရှိတဲ့ ဒီဇိုင်းပုံမျိုးပဲ... အတော်လေး စူးရှထွင်းဖောက်နိုင်တယ်... ကျွန်ပြုခေတ်တွေမှာဆိုရင် ကျွန်သခင်တွေရဲ့ ဂုဏ်သတင်းနဲ့ ထိန်းချုပ်မှုတွေကို ရောင်ပြန်ဟပ်စေတဲ့ပုံစံပေါ့"


ယွီနျန်က ရှင်းပြပြီးသည်နှင့် နေရာပြောင်းကာ မြေပေါ်သို့ ဒူးတစ်ဖက်ထောက်ချလိုက်သည်။ ယွမ်ဝမ် မေးလေသည်။ 


"နျန်နျန် ဘာလုပ်နေတာလဲ"


ယွီနျန်က သွယ်လျထင်ရှားနေသော လက်ချောင်းများကို အကြိမ်အနည်းငယ် လစ်ဆစ်ချိုးကာ အသက်ပြင်းပြင်းရှူ၍ ပြန်ဖြေလိုက်သည်။ 


"အပြင်ဘက်ကို သန့်ရှင်းရတာက သွေးပူဖို့ပဲ... ကျွန်တော် မလုပ်တာကြာတော့ လက်တွေက မရင်းနှီးဘူး ဖြစ်နေလို့" 


သူမျက်လုံးများ တောက်ပလာသည်အထိ ပြုံးပြလိုက်သည်။


 "အခု တကယ့် အလုပ်အစစ်ကို စကြတာပေါ့"


ပထမဆုံးအနေဖြင့် ယွီနျန်က ကြေးနီကွေ့အိုးမှ ရွှံ့များကို ရှင်းလင်းလိုက်ပြီး အတွင်းဘက်နံရံများကို အသေးစိတ် စတင်ရှင်းလင်းလေတော့သည်။ သူ့မျက်လုံးလေးများက ကြည်လင်နေသော စမ်းချောင်းလေးထဲတွင် စိမ်ထားသည့် မဟူရာကျောက်မြက်ကလေးများကဲ့သို့ တည်ငြိမ်အေးချမ်းနေပြီး မျက်နှာအမူအယာကလည်း တည်ငြိမ်ကာ အာရုံစူးစိုက်ထားနေသည်။ သူက မြေပေါ်တွင် ဒူးတစ်ဝက်ထောက်ထားသော်လည်း အရှိန်အဝါများ ဖြာထွက်နေပေသည်။ ဘေးတွင် ကြည့်နေသည့် ဝမ်ယွမ်သည်ပင် စိတ်လှုပ်ရှားလာရသည်။ 


တစ်ခဏကြာ ယွီနျန်က ဝမ်းသာအားရဖြင့် တီးတိုးပြောလိုက်သည်။ 


"တကယ်ပဲ... အထဲမှာ ထွင်းထားတဲ့စာလုံးတွေ ရှိနေတယ်" သူ ယွမ်ဝမ်ကို ရှင်းပြပေးလိုက်သည်။


 "ကြေးနီသတ္တုစပ်ရိုးရာအိုးတွေက များသောအားဖြင့် ယဇ်ပူဇောတဲ့အခမ်းအနားတွေမှာ သုံးကြတယ်... ပြီးရင် သူတို့ကို ဘယ်သူက ဘယ်နေ့မှာ လုပ်ခဲ့တယ်တို့ ဘယ်အခမ်းအနားအတွက် အသုံးပြုခဲ့တယ် စသည်ဖြင့် အကြောင်းအရာတွေပါတဲ့ စာလုံးထွင်းစာတွေ ရေးထားတတ်ကြတယ်... ဒါကြောင့်မို့ သမိုင်းမှတ်တမ်းတွေအတွက် အရမ်းတန်ဖိုးရှိကြတာပေါ့"


ယွမ်ဝမ် ခေါင်းငြိမ့်ပြကာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ 


အချိန်အချို့ ကြာညောင်းလာသောအခါ ယွမ်ဝမ်မှာ ထိုင်ပါများ၍ ခြေကျင်လာသည်။ သူက ယွီနျန်၏ အမူအယာ အနည်းငယ် ပြောင်းလဲသွားပြီး ရုတ်တရက် လုပ်လက်စများကို ရပ်ကာ မြေပေါ်မှ ကွေ့အိုးအပေါ် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။


ယွမ်ဝမ်၏ နှလုံးသား အခုန်မြန်သွားပြီးနောက် မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ... တစ်ခုခု ဖြစ်သွားတာလား"


"မဟုတ်ပါဘူး" ယွီနျန်၏ အပြုံးလေးများမှာ မြူနှင်းများကို ဖြတ်ဖောက်လာသည့် မနက်ခင်းနေရောင်ခြည်အလား တောက်ပနေခဲ့သည်။ သူ ဝမ်းသာအားရပြောလိုက်သည်။ 

"ကျွန်တော် အထဲက စာလုံးထွင်းစာတွေထဲက ပထမဆုံး စကားလုံးလေးလုံးကို အဓိပ္ပါယ်ဖော်နိုင်ခဲ့သလိုပဲ... ဒါပေမယ့် ကျွန်တော် သာမန်ထက် အရမ်းထူးခြားနေတဲ့ တစ်ခုခုကို ရှာတွေ့မိခဲ့ပြီထင်တယ်" 


ယွမ်ဝမ် အလွန်အံ့အားသင့်သွားသည်။ 


"သို့ချိုက် ကြက်နဲ့ကျောက်တုံးအကွက်ပါခွက်ထက် ပိုပြီး တန်ဖိုးရှိနေတာလား"


"ယှဥ်လို့တောင် မရဘူး" ယွီနျန် ခေါင်းယမ်းပြလိုက်သည်။ 


"သို့ချိုက် ကြက်နဲ့ကျောက်တုံးအကွက်ပါခွက်က ထူးခြားပြောင်မြောက်တဲ့ မီးထည့်စနစ်နဲ့ အနုပညာတန်ဖိုးမြင့်တဲ့ အင်ပါယာခွက်တစ်ခုသာပဲ... ဒါပေမယ့် အသီးအရွက်ဖိဖို့ သုံးတဲ့ ဒီကြေးနီသတ္တုစပ်အိုးရဲ့ ထွင်းစာမှာ ပထမဆုံးလေးလုံးက "ဝမ်ဘုရင်ရဲ့ ရွှမ်ကို သိမ်းပိုက်ခြင်း"တဲ့"


သူ့အသံက နူးညံ့လာခဲ့သည်။ 


"ဝမ်ဘုရင်ရဲ့ ရွှမ်ကို တိုက်ခိုက်ခြင်း"


ယွမ်ဝမ် စိတ်လှုပ်ရှားလာသည်။ "ပြီးတော့ရော"


ယွီနျန်က maskကို ဖယ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်သည်။ 


"ပြီးတော့ ဒီကွေ့အိုးက ကျွန်တော် စိတ်ကူးထားတာထက်တောင် ပိုပြီး ထူးခြားနေသေးတယ်... ကျွန်တော် ကိုယ်တွယ်ဖို့ အရမ်းကို တန်ဖိုးကြီးလွန်းနေတယ်... ကျွန်တော်က အရည်အချင်း မပြည့်မိသေးဘူး... ကျွန်တော့်ဆရာကို ကိုင်တွယ်ခိုင်းမှ ဖြစ်မှာ" 


ယွမ်ဝမ်က ယွီနျန်နှင့် ဓါတ်ပုံဆရာ ကျိချောင်သယ်တို့၏ အတင်းများကို မှတ်မိနေပြီး ယွီနျန့်ကို "သမိုင်းကြောင်း နှစ်ဆယ့်လေးခု"ကို ကူးရေးရန် အမြဲတမ်း ပြစ်ဒဏ်ပေးတတ်ပြီး တပည့်ဖြစ်သူကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးခဲ့သော ယွီနျန်၏ ဆရာကို မှတ်မှတ်ရရရှိနေသည်။


 "ဆရာကျန်းဟုန်ယင်းလား"


"ဟုတ်တယ်... သူပါ"


သူတို့က ရွာလူကြီးထံမှ သစ်သားသေတ္တာလေးတစ်ခု တောင်းလိုက်ကြပြီး ယွီနျန်ကိုယ်တိုင် ကွေ့အိုးကို အထဲသို့ထည့်ကာ လုံခြုံစွာ သိမ်းထုတ်လိုက်ပြီးနောက် နောက်နေ့မနက် နျင်းမြို့ကို ပြန်ရာတွင် သူနှင့်အတူ ပြန်ယူသွားရန် အသင့်ဖြစ်နေခဲ့သည်။ အချိန်ကြည့်ပြီးနောက် လိုင်းရသည့်နေရာသို့ သွားကာ သူ့ဆရာထံ ဖုန်းခေါ်လိုက်သည်။


ကျန်းဟုန်ယင်းက ချက်ချင်း ကိုင်လာပြီး အလွန်အမင်းချဲ့ကားနေသော လေသံဖြင့် ပြန်ဖြေလိုက်ပါသော်လည်း ပျော်ရွှင်မှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။


 "အိုး...ဘယ်သူ ဖုန်းခေါ်လာပါလိမ့်... နာမည်ကို တွေ့တော့ ငါ့မျက်လုံးတွေပါ အိုသွားပြီလားလို့"


ယွီနျန် ရယ်မောလိုက်သည်။ 


"ဆရာ... ကျွန်တော်အခု ဖုန်းရှိုးတောင်တန်းပေါ်က ရွာတစ်ရွာမှာ ရောက်နေတာ"


“ငါသိသားပဲ... ပရဟိတသွားလုပ်တာမလား" 


ကျန်းဟုန်ယင်းက နှုတ်ချော်သွားသော်လည်း ၎င်းကို ဖုံးကွယ်သည့်အနေဖြင့် လည်ချောင်းရှင်းလိုက်ပြီး ခက်ခက်ထန်ထန် ပြောလိုက်သည်။ 


"ငါ မင်း ဘယ်နေရာမှာ ရောက်နေလဲ မသိဘူး... ပြောစရာရှိရင် ပြော... မရှိရင် ဖုန်းလိုင်းကို ဖြုန်းတီးမနေနဲ့" 


ယွီနျန်က အကြောင်းအရာကို တန်းပြောလိုက်သည်။ "ကျွန်တော် ရောက်နေတဲ့ ရွာကို ရှင်းဖန့်ရွာလို့ ခေါ်တယ်... ကျွန်တော် ဒီနေ့ ရွာသားတွေကို ရေဒလက်ဘီး ကူပြင်ပေးနေရင်းနဲ့ အသီးအရွက်ဖိတဲ့ ကြေးနီသတ္တုစပ်ကွေ့အိုး တစ်လုံး ရလာခဲ့တယ်"


ဖုန်းတစ်ဖက်တွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ကျန်းဟုန်ယင်းက ရေရွတ်လိုက်သည်။


 "နှစ်သုံးထောင်သက်တမ်းရှိတဲ့ ကွေ့အိုးကို အသီးအရွက်ဖိဖို့ သုံးတာလား... တော်တော်လေး ဆန်းသစ်သားပဲ... ဧကရာဇ်ဝမ်နဲ့ ဧကရာဇ်ဝူတောင်မှ သူကိုယ်ကိုယ်သူတို့ ဒီလို အလိုမလိုက်ဖူးဘူး"


“အင်း... ကျွန်တော် ဒါကို တွေ့တော့ ဘယ်လိုရောက်လာတာလဲ မေးလိုက်တာ... ဒီပစ္စည်းကို အဲ့ဒီအချိန်တုန်းက မြို့တော်က ဖုပေါ်ယန်ဆိုတဲ့ လူတစ်ယောက်က ယူလာတာလို့ ပြောတယ်... နောက်ပိုင်းမှာ ဖုပေါ်ယန် အဲ့ဒီနေရာမှာပဲ ဆုံးပါးသွားတော့ ကြေးနီကွေ့အိုးလည်း ကျန်ခဲ့တာ... ဒါပေမယ့် တစ်ဝက်ပဲပါတယ်... အောက်ခံက ပျောက်နေတယ်"


ကျန်းဟုန်ယင်းက ထိုဇာတ်ကြောင်းကို သိနေသဖြင့် ယခုတွင် သူ့အသံက တလေးတနက် ဖြစ်လာခဲ့သည်။ "တစ်ဝက်ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်လေ... အဓိကအချက်က နျန်နျန် မင်းသေချာ ကြည့်ပြီးပြီလား... အထဲမှာ ထွင်းစာပါလား... ရင်းမြစ်ကဘာတဲ့လဲ"


“ကျွန်တော် စာလုံးအချို့ကို အတည်ပြုပြီးသွားပြီ" ယွီနျန်၏ နှလုံးခုန်သံ မြန်ဆန်လာပြီး စကားတစ်လုံးချင်းစီကို ပြတ်ပြတ်သားသား ရွတ်ပြလိုက်သည်။ "ဝမ်ဘုရင်ရဲ့ ရွှမ်ကို သိမ်းပိုက်ခြင်း"


ကျန်းဟုန်ယင်းက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အသက်ရှုသံများပင် တုန်ယင်လာခဲ့ပြီး အဆုံးတွင် ပြောပြလာခဲ့သည်။ 


"နျန်နျန်... ပြောစမ်းပါ... ဒီစာလုံးတွေ ဆိုတာ သေချာရဲ့လား... မှားဖတ်မိတာ မဟုတ်ဘူးမို့လား"


"ဒီစကားလုံးတွေဆိုတာ အတိအကျပါပဲ... ကျွန်တော် အမှားလုပ်မိတာ လုံးဝ မဖြစ်လောက်ဘူး... ဒီစကားလုံးတွေမှန်း အတည်ပြုပြီးတာနဲ့ မထိရဲတော့ဘူး... ကျွန်တော် လုပ်နိုင်တာထက် ကျော်လွန်နေတယ်... ကျွန်တော်က အခုထိ ငယ်ပါသေးတယ်" 


ယွီနျန် ပြန်ဖြေလိုက်သည်။ 


ကျန်းဟုန်ယင်းက တစ်ခဏမျှ တွေးတောကြည့်လိုက်သည်။ "ကောင်းပြီ... မင်းလုပ်တာ မှန်တယ်... ပစ္စည်းကို ပြန်ယူလာခဲ့... ပစ္စည်းအစစ် ဟုတ်မဟုတ် အရင်ဆုံး အတည်ပြုရမယ်... တုပထားတာဆိုရင်တော့ ဖန်တီးတဲ့သူက အတော်လေးစိတ်ကူးနိုင်စွမ်း ရှိသူပဲ ဖြစ်မယ်... ဒါပေမယ့် အစစ်ဆိုရင်တော့"


"အစစ်ဆိုရင် သမိုင်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုကို အထောက်အထား ပြနိုင်သွားပြီ"


"အတိအကျပဲ... ရွှမ်မင်းဆက်နဲ့ အဲ့ဒီကာလရဲ့သမိုင်းတွေက ပြည်တွင်း ပြည်ပ နှစ်ခုလုံးရဲ့ ပညာရေးအသိုင်းအဝိုင်းမှာ ဆယ်စုနှစ်တစ်ခုလောက်ထိ အငြင်းပွားစရာ၊ အချေအတင်ကိစ္စဖြစ်နေခဲ့တာ... တကယ်လို့…” 


ကျန်းဟုန်ယင်းက သူ့စကားကို ဆက်မပြောနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်သည်။ 


"ကောင်းလိုက်တာ နျန်နျန်ရေ... မင်းမှာ ဘယ်လို ကံကောင်းမှုတွေ ရှိနေတာလဲ... သို့ချိုက်ကြက်နဲ့ကျောက်တုံးအကွက်ပါခွက်ကို မတော်တဆ တွေ့ခဲ့ရုံတင်မကဘူး... အခုတော့ နိုင်ငံ့ရတန

ာအဆင့် ကြေးနီသတ္တုစပ် လက်မှုပစ္စည်းကိုပါ ရလာပြီ"


ယွီနျန်က သူ့နှာခေါင်းကို ထိကာ မျက်လုံးများ တွန့်ကွေးလာသည်အထိ ပြုံးလိုက်သည်။ 


"ကျွန်တော်က ကံအရမ်းကောင်းနေတာများလား"