အပိုင်း ၁၄၈
Viewers 16k

Chapter 148

ယွီချင်းက ရှန်းမိသားစုရဲ့ သခင်မလေး ဆိုရင် သူ့ရဲ့ ဝမ်းကွဲဖြစ်တဲ့ ယွီနျန်ကရော



ဖုန်းချပြီးနောက် ယွီနျန် တောင်တန်းပေါ်မှ တိုက်ခတ်လာသော လေညှင်းလေးများကို ခပ်ပြင်းပြင်းရှုရှိုက်ကာ နှလုံးခုန်သံ ပုံမှန် ပြန်ဖြစ်လာသည်အထိ ထိုနေရာမှာပင် ရပ်နေခဲ့သည်။ သူ တစ်ခဏမျှ ရပ်နေပြီးနောက် ယွီချင်း၏ နံပါတ်ကို ဖုန်းခေါ်လိုက်လေသည်။


ယွီချင်းက အတော်လေးကြာမှ ဖုန်းကိုင်လာပြီး အသံကလည်း အိပ်ချင်မူးတူး ဖြစ်နေပုံပေါ်သည်။


 "နျန်နျန်လား"


"ဟုတ်တယ်... ကျွန်တော်ပါ မမ... အခုထိ အိပ်နေတုန်းလား"


ယွီချင်းက ပြန်ဖြေလာသည်။ 


"ငါ့ငယ်သူငယ်ချင်းတစ်ယောက် မနေ့ညက နိုင်ငံခြားက ပြန်လာလို့ တစ်ညလုံး နေခဲ့ကြတာ... ကြည့်ရတာ ငါတော့ အသက်ကြီးလာပြီ ထင်တယ်... မိုးလင်းပေါက် သောက်ပြီးတော့ ငါ့ကိုယ်ထဲကနေ ဝိဥာဏ်ပါထွက်သွားတဲ့အတိုင်းပဲ" သူမက ပို၍ နိုးကြားလာသည်။ 


"နင်အခု တောင်ပေါ်မှာပဲလား"


"ဟုတ်တယ်... မနက်ဖြန် မနက်စောစောမှ နျင်းမြို့ကို ပြန်လာမှာ... ညနေလောက်မှ ရောက်မယ်ထင်တယ်"


 ယွီနျန်က အချိန်မဖြုန်းတော့ဘဲ တန်း၍ မေးလိုက်သည်။


 "ကျွမ်းဟယ်နက ဘာလုပ်ခဲ့တာလဲ"


ထိုနာမည်ကို ကြားသောအခါ ယွီချင်း စိတ်ရှုပ်သွားသည်။ 


"သူ့မှာ ကိုယ်ဝန်ရှိနေတာ" 


ယွီနျန် မျက်မှောင်ကြုတ်လိုက်သည်။

 "မဖြစ်နိုင်တာ"


“အေးလေ... မဖြစ်နိုင်တာပဲ... ငါ့အဖေက ငါ့အမေ ငါငယ်ငယ်လေးနဲ့ ဆုံးသွားကတည်းက သားကြောဖြတ်လိုက်ပြီးသားလေ... သူ့ဘဝမှာ သမီးတစ်ယောက်ပဲ ရှိရမယ်လို့ ကျိန်ဆိုထားပြီးသား... ငါကပဲ ရှန်းမိသားစုရဲ့ နာမည်ကို တပ်ခွင့်ရတဲ့ တစ်ယောက်တည်းသောသူ ဖြစ်လာမှာ... ဒါကြောင့်လေ ငါလည်းသိချင်နေတာ... ကျွမ်းဟယ်န ဘယ်လို ကိုယ်ဝန်ရသွားတာလဲလို့... သူကိုယ်ဝန်ရှိတာနဲ့ ငါတို့အိမ်ကို လာပြီး ဟိုနေရာက ဘာဖြစ်နေတာ ဒီနေရာက ဘာဖြစ်နေတာနဲ့ လက်ညှိုးထိုးပြီး ခိုင်းတော့တာပဲ... နံရံပေါ်က ငါ့အမေ ဓါတ်ပုံကိုတောင် ဖြုတ်ခိုင်းပြီး ဆုံးသွားတဲ့လူရဲ့ ဓါတ်ပုံက သူ့ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်တယ်... နောက်ပိုင်းကျရင် ဘယ်သူမှ တာဝန်ယူပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောပြီး လွှင့်ပစ်ခိုင်းလိုက်သေးတယ်... "


“ပြီးတော့ရော”


“ပြီးတော့ ငါသူ့ကို ပါးရိုက်လိုက်တာလေ" 

ယွီချင်း၏ လေသံက အေးစက်သွားလေသည်။ 


"သူငါ့ကို ဆဲလို့ရတယ်... ကောလဟာလတွေ လွှင့်လည်း ရတယ်... ဒါပေမယ့် ငါ့အမေကိုတော့ လာမပြောနဲ့... ငါ့အမေက ဆုံးသွားတဲ့အထိတောင် ပျော်ပျော်ရွှင်ရွှင် နေခဲ့ရတာ မဟုတ်ဘူး... ဆုံးပြီးတာတောင် သူ့ကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ခွင့် မပြုသင့်ဘူးလေ"


ယွီနျန်က သူမ၏ အမေ သေဆုံးမှုက ယွီချင်းအတွက် နာကျင်စရာ မှတ်ဥာဏ်တစ်ခု ဖြစ်ပြီး သူမတစ်ဘဝလုံး ဖွင့်ဟမပြနိုင်သည့် တစ်စုံတစ်ခု ဖြစ်ကြောင်း သိနေခဲ့သည်။ သူ မေးလိုက်သည်။ 


"အခု ဘာဆက်လုပ်မှာလဲ မမ"


ဖုန်းတစ်ဖက်မှ မီးခြစ် ခြစ်သံ ကြားလိုက်ရပြီးနောက် ယွီချင်းက ပြောလာသည်။ “ငါက ဘာလုပ်ရမှာလဲ... ငါဘယ်သူ့ကိုမှ မကြောက်ဖူးဘူး... သူတို့က ငါသူ့ကို လစ်လျူရှုထားတာ ကြောက်လို့လို့ထင်နေတာလားပဲ... အခု မပြောတော့ဘူး... ငါဘာလုပ်မလဲ စောင့်ကြည့်နေလိုက်"


ဖုန်းချပြီး ဆယ်မိနစ်အကြာ ယွီချင်း၏ ဝေ့ပေါ်၌ ပိုစ်တစ်ခု တက်လာသည်။ 


“ယွီချင်း: @ကျွမ်းဟယ်န အရင်ဆုံး အငိုလေးတိတ်ပြီး နင့်ဒဏ်ရာရဲ့ ဆေးမှတ်တမ်းတွေ မြန်မြန်လေး ယူထားလိုက်နော်... ပြီးရင် လျော်ကြေးတောင်းဖို့ ငါ့ရှေ့နေကို သွားတွေ့လို့ရတယ်... ဒုတိယအချက် နင်က ငါ့အမေကို နှစ်ခါ ကျိန်ဆဲလို့ ငါနင့်ကို တစ်ခါရိုက်တယ်... ဘာဖြစ်လဲ... ပြဿနာ ရှိလို့လား... တတိယအချက် ငါ့အဖေက နောက်ထပ် ကလေးမရနိုင်တော့ဘူးဆိုတော့ နင့်ဗိုက်ထဲက ဘယ်သူ့ကလေးလဲ... စတုတ္ထအချက် နင်ငါ့ရှေ့ကို ထပ်မပေါ်လာစေနဲ့... မဟုတ်ရင်တော့ ငါ ရှန်းယွီချင်းက နင့်ကို တွေ့တိုင်း ပါးရိုက်ပေးမယ်"


[သောက်ကျိုးနဲ... ယွီချင်းရဲ့ တုံ့ပြန်ချက်က မိုက်ချက်ပဲ .. အခု မေးခွန်းက ကျွမ်းဟယ်နက တကယ် ကိုယ်ဝန်ရှိနေပေမယ့် ရှန်းမိသားစုရဲ့ ကလေး မဟုတ်ဘူးတဲ့လား... အချက်အလက်တွေ အများကြီး ပေါ်လာပြီ... ငါအခုပဲ ပေါက်ပေါက်ဆွဲပြီး ရှေ့ဆုံးမှာ ထိုင်လိုက်တော့မယ်]


[အားးးး မမက ဝန်ခံလိုက်ပြီ... သူက ရှန်းမိသားစုရဲ့ သခင်မလေးအစစ်ပဲ... အဓိပ္ပါယ်က သူက အဆိုနဲ့ သရုပ်ဆောင်လောကမှာ မအောင်မြင်ခဲ့ရင် ဘီလီယံချီတဲ့ မိသားစုအမွေတွေကို ပြန်သွားပြီး ဆက်ခံရမှာမလား]


[ရှန်းအုပ်စု ဥက္ကဌ ရှန်းရွှမ်းထင်ရဲ့ ဇနီး ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာနေပြီ... ဒါဆိုရင် ကျွမ်းဟယ်နက ယွီချင်းရဲ့ အမေကို စော်ကားတဲ့အတွက် ပါးရိုက်ခံရသင့်တာပေါ့... ကိုယ်ဝန်အတွက်ကတော့ သူက လူချမ်းသာမိသားစုထဲ လက်ထပ်ဝင်ရောက်ချင်ပေမယ့် ကိုယ်ဝန်မရနိုင်တော့ ဒီလိုခပ်တုံးတုံး အကြံဥာဏ်တွေ ထွက်လာတာနေမှာပေါ့... သူက ရူးတာလား... ဘာလား... သူမကြာခင် ပြဿနာတက်တော့မယ်ထင်တယ်]


ယွီချင်း၏ တုံ့ပြန်မှု ထွက်လာပြီးနောက် ကျွမ်းဟယ်န၏ ဝေ့ပေါ်က တိတ်ဆိတ်သွားလေသည်။ အစကတည်းက ဟာသပြဇာတ်တစ်ခုသာ ဖြစ်နေသဖြင့် ၎င်းကို သိပ်စိတ်မဝင်စားကြတော့ပေ။ 


ထိုအခိုက် ယွီနျန်မှာ ဖုန်းရှိုးတောင်တန်းမှ ကားတစ်တန် ရထားတစ်တန်ဖြင့် လေဆိပ်ကို ခရီးနှင်လာသည်။ ရိယောင်မိုဘိုင်း၏ လူထုလှုပ်ရှားမှုအဖွဲ့နှင့် လိုက်သွားရမည့်အစား ကြေးနီသတ္တုစပ်အိုးကို ပြန်သယ်လာပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆိုက်ရောက်ဧရိယာမှတဆင့် ရွှယ်ယုံ၏ ကိုယ်ပိုင်လေယာဥ်ကို စီးလာခဲ့သည်။



တစ်ချိန်တည်းမှာပင် ပိုစ့်တစ်ခုက ပြည်တွင်းရှိ အကြီးဆုံးဖိုရမ်တစ်ခု၏ ပင်မစာမျက်နှာထက်တွင် ပေါ်လာပြီး လူထုစိတ်ဝင်စားမှုကို အလျင်အမြန် ရရှိလာခဲ့သည်။ ခေါင်းစဥ်မှာ "ယွီချင်းက ရှန်းမိသားစုရဲ့ သခင်မလေး ဆိုရင် သူ့ရဲ့ ဝမ်းကွဲဖြစ်တဲ့ ယွီနျန်ကရော..." ဟူ၍ ဖြစ်သည်။


[[“လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ဒရာမာတစ်ခုကြောင့် ယွီချင်းရဲ့ နောက်ခံက ချမ်းသာတဲ့မိသားစုက ဆိုတာ ပေါ်သွားတယ်.. လူတွေအများကြီးကို အံ့အားသင့်သွားစေခဲ့ပေမယ့် ငါတို့အရင်ကတည်းက ယွီချင်းမှာ နောက်ခံကြီးကြီးရှိမယ်ဆိုတာ သိနေကြပြီးသားပဲလေ... ဒါကြောင့်မို့ နည်းနည်းလောက် ရှောခ့်ရရုံကလွဲရင် ငါတို့ရဲ့ စိတ်ထဲမှာ ပေါက်ကွဲထွက်ရလောက်တဲ့အထိမဟုတ်သေးဘူး...


ငါတို့အားလုံးက ယွီချင်းနဲ့ ယွီနျန်တို့က သွေးသားတော်စပ်တဲ့ ဝမ်းကွဲတွေဆိုတာ သိထားကြတယ်... ပြီးတော့ နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်း ထုတ်ပြထားပြီးသား... ငါ့စိတ်ထဲ မတင်မကျ ဖြစ်နေတာကလေ... ယွီနျန် ကင်မရာ မီးရောင်အောက် ရောက်လာတာ တစ်နှစ်လောက်ရှိခဲ့ပေမယ့် သူ့နောက်ခံကို ထုတ်ပြောတာ ရှားတယ်ဆိုတာပဲ... 'သဘာဝရဲ့သံစဥ်'မှာ 'အလှမ်းဝေးသောကြယ်' ဖျော်ဖြေတုန်းက ဆုံးသွားတဲ့အဖွားကို သတိရတယ်လို့ ပြောခဲ့တယ်နော်... သူ့ရဲ့ သီချင်းသစ် ' နိုးတစ်ဝက်အိမ်မက်'မှာ သူ့အဘိုးရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ မစ္စတာ ဖုဝမ်မင် တီးမှုတ်တဲ့ ပုလွေသံလည်း ပါနေသေးတယ်... ငါသိချင်လာတာနဲ့... ငါလုပ်နိုင်သမျှ စုံစမ်းမေးမြန်းတာတွေ လုပ်ခဲ့တယ်"]]


[ဒီပိုစ့်က ဘာပြောချင်တာလဲ... ငါကတော့ လူတွေက ယွီနျန်ရဲ့ ကိစ္စအဝဝကို ထင်ကြေးပေးနေကြတာ စိတ်ပျက်လာပြီ... သူက တက္ကသိုလ် တက်တုန်းက သမိုင်းမေဂျာယူခဲ့တာကနေ ရခဲ့တဲ့ သမိုင်းကြောင်းဗဟုသုတတွေကို အသုံးချပြီး ရှေးဟောင်းပစ္စည်းတွေ ရောင်းဝယ်ရင်း ငွေရှာနေတာပဲ မဟုတ်ဘူးလား... မဟုတ်ရင် ဒီလောက်များတဲ့ငွေတွေကို ဘယ်ကနေ ရမှာလဲ... ကျောက်ချွမ်းမင်က ဆန်ကုန်မြေလေးကောင်ဆိုရင်တောင် ယွီနျန်ကို ဝေဖန်တာ မမှားဘူးနော်... သူ့ဆီက ငွေနံ့ကို ပြောင်အောင်ဆေးချနိုင်မယ်များ ထင်နေတာလား... ပြီးတော့ အဲ့ဒီရှိုး 'ရတနာလမ်းစနောက်လိုက်ခြင်း'မှာတောင် ထူးကဲသာလွန်သလို သရုပ်ဆောင်နေသေးတယ်... အစားအသောက်တောင် မှာမစားနိုင်ပဲနဲ့များ... ဖူး]


[နင်က ကျောက်ရှုယာရဲ့ သစ္စာရှိဖန်ပဲ ဖြစ်ရမယ် အပေါ်ထပ်ရေ... နင်ကတကယ် သစ္စာရှိချက်ပဲ... ပို့စ့်ပိုင်ရှင်ကို ဝင်မနှောက်စမ်းနဲ့... သူဆက်ပြီး တူးပါစေ... ငါလည်းသိချင်နေပေမယ့် ကိုယ့်ဘာသာ လုပ်ဖို့စိတ်မရှည်ဘူး... ပိုစ့်ပိုင်ရှင်ကို စောင့်နေပါတယ်]


[ဒါက ယွီချင်းရဲ့ ကျော်ကြားမှုကို လိုက်စီးပြီးတော့ ယွီနျန်ကို လူချမ်းသာသခင်လေးအဖြစ် စန်းတင်ပေးချင်တဲ့ ရည်ရွယ်ချက်ပေါ့လေ... ဒါပေမယ့်နော် ပိုစ့်ပိုင်ရှင်သာ အမှန်ရှာတွေ့သွားပြီး ယွီနျန်ရဲ့မိသားစုက အာဏာရော ငွေရော၊ လွှမ်းမိုးမှုရော၊ ဂုဏ်ပုဒ်ရောမရှိဘဲ အရှုပ်တော်ပုံတွေ တစ်ပုံကြီး ရှိနေတယ်ဆိုတာ ရှာတွေ့သွားကြရင် ယွီနျန်ရဲ့ အဖွဲ့ကတော့ ဖွတ်ဖွတ်ညက်ညက် ကြေသွားရှာမှာ... ဟားဟားဟား... အဆုံးကျတော့ ရှန်းမိသားစုလို မိသားစုကြီးတောင်မှ ဆင်းရဲတဲ့ ဆွေမျိုးတွေ ရှိသေးတာပဲ] 


ထိုပိုစ့်က မျက်စိတစ်မှိတ်အတွင်း ပြန်တင်သူ ရာချီသွားပြီး ဖြတ်သွားဖြတ်လာအများစုနှင့် မလိုမုန်းထားသူများက ထိုပုံရိပ်တည်ဆောက်မှုအပေါ် လှောင်ပြောင်သရော်လာကြသည်။ ပိုစ့်ပိုင်ရှင်ကမူ သက်ရောက်မှု မရှိဘဲ မိနစ်အနည်းငယ်အကြာ ထပ်ပြီး ပိုစ့်တင်လာသည်။ 


“ငါ့ရဲ့ စပ်စုတတ်တဲ့ စိတ်ကလေးက ယွီချင်းရဲ့ မူရင်းစကားတွေကို ရှာတွေ့သွားတယ် 'ငါနဲ့ သွေးသားတော်စပ်တဲ့ ငါ့မောင်လေး @ယွီနျန်ကို မိတ်ဆက်ပေးပါရစေ... သူ့ဘွားဘွားက ငါ့အဘိုးရဲ့ ညီမအရင်းလေ' ဆိုတာလေ... ဒီစကားကို အခြေခံရသလောက် ပိုစ့်ပိုင်ရှင်က ရှန်းမိသားစု မျိုးရိုးစဥ်ဆက်ကို ရှာကြည့်လိုက်တဲ့အခါ အမှန်တရားက ထင်ထားတာထက် ပိုရိုးရှင်းတာကို တွေ့လိုက်ရတယ်... အကြောင်းကတော့ ယွီချင်းအဘိုးရဲ့ မျိုးဆက်မှာ မောင်နှမနှစ်ယောက်ပဲ ရှိတယ်... ပြီးတော့ သူ့ညီမရဲ့ နာမည်က ရှန်းလင်းယိတဲ့...


ရှန်းလင်းယိက ဘယ်သူများလဲ... သူမက အဲ့ဒီအချိန်တုန်းက နျင်းချန်မှာ လူချမ်းသာမိသားစုတစ်ခုက ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးဆိုပြီး လူသိများတဲ့ ရှန်းမိသားစုက သခင်မတစ်ယောက်ပဲ... သူမက "အစိမ်းရောင် ကျတ်တီးမြေ"၊ "ဇီးပန်းပွင့်များသို့ ချီးမွမ်းခြင်း"၊ "ထောင်စုနှစ်ချီသုံးသပ်ခြင်း"၊ "ခေါင်းလောင်းလေး တလွင်လွင် မြည်နေတဲ့အကြောင်း" ပြီးတော့ နျင်းချန်တက္ကသိုလ်ရဲ့ ကျောင်းသီချင်း စတဲ့ လက်ရာတွေရဲ့ စာသားနဲ့ ဂီတတွေကို ရေးသားဖန်တီးခဲ့သူပဲ... သူမကို နိုင်ငံ့ရတနာအဆင့် တေးရေးဆရာနဲ့ အနုပညာရှင်ဆိုပြီး ဂုဏ်ပြုဖော်ပြကြတယ်... သူမရဲ့ လက်ရာ အများစုကို ပြန်လည်ဖော်ပြကြတာ၊ ပြန်လည်သီဆိုကြတာ ပြီးတော့ ချီးကျုး ဂုဏ်ပြုမှုတွေ လုပ်ဆောင်ကြတယ်...


ပြီးတော့ တက္ကသိုလ် အများစုမှာ သူမရဲ့ ဂီတသီအိုရီအပေါ် အကျယ်တင့် ရေးသားပြုစုချက်ကို အခုထက်ထိ သင်ကြားရေး အညွှန်းစာအုပ်အဖြစ် အသုံးပြုနေကြတုန်းပဲ" 


[ဝိုး "အစိမ်းရောင် ကျတ်တီးမြေ"နဲ့ "ဇီးပန်းပွင့်များသို့ ချီးမွမ်းခြင်း"... သူတို့တွေက သံပြိုင်သီဆိုမှု ဖျော်ဖြေပွဲတွေမှာ အမြဲတမ်း ဆိုတတ်ကြတဲ့ သီချင်းတွေမလား]


[ရှန်းလင်းယိလောင်ရှီး... ရှန်းလင်းယိလောင်ရှီးတဲ့ဟ... သူမက တေးရေးဆရာနဲ့ တေးဂီတ ဖန်တီးသူတစ်ယောက် ဖြစ်ရုံတင်မကဘူး... ကဗျာဆရာနဲ့ ရသဆောင်းပါးရှင်တစ်ယောက်လည်း ဖြစ်နေသေးတယ်... သူမရဲ့ လက်ရာတွေက တကယ့်ကို လှပတာပါ]


[ယွီနျန်ရဲ့ အဘွားက ရှန်းလင်းယိ ဖြစ်နေတာကိုး... သူသီချင်းရေးတာနဲ့ ဆိုတာမှာ ဒီလောက်ပါရမီရှိနေတာ အံ့သြစရာ မဟုတ်တော့ဘူး... ဒါက မျိုးရိုးလိုက်တာပဲ... လုံးဝ အံ့သြစရာပဲနော်]


တုံ့ပြန်ချက်များမှာ ယခင်ကထက် ပိုမြန်လာနေသေးပြီး အချိန်တိုအတွင်း ထိုအကြောင်းအရာက ကွန်မန့်ထောင်ပေါင်းများစွာနှင့်အတူ တောမီးလို ပျံ့နှံ့သွားလေသည်။


ပိုစ့်ပိုင်ရှင်က ဆက်တင်လာသည်။ 


“ယွီနျန်ရဲ့ အဘွားက ရှန်းလင်းယိ ဟုတ်မဟုတ် အတည်ပြုနေတုန်းမှာ ငါတကယ့်ကို အံ့အားသင့်ခဲ့ရတာ... ဒါကြီးက ကိုယ်ရည်သွေးဖို့ ကြွားဝါဖို့အတွက် အချက်အလက် အကြီးစားကြီးပဲလေ... ဒါပေမယ့် ယွီနျန်က တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူး... ဒါပေမယ့် ငါဆက်ပြီး စုံစမ်းလေလေ ငါက အရမ်းလူနုံလေးတစ်ယောက်ပါလားလို့ နားလည်လာရလေလေပဲ... မင်းတို့ ဆက်လိုက်ဖို့ အံ့သြစရာကောင်းတဲ့ သတင်းအကြီးကြီးတစ်ခု ရှိသေးတယ်... ငါစိတ်ကူးထားတာထက်တောင် ကျော်လွန်သွားပြီ...


ရှန်းလင်းယိရဲ့ အမျိုးသား ဖြစ်တဲ့ ယွီနျန်ရဲ့ အဘိုးက ဘယ်သူလဲ သိကြလား... ယွီရှို့နျင်းပဲ... မစ္စတာရှို့နျင်းက ဘယ်သူ့ရဲ့ မိတ်ဆွေလည်း ဆိုတာ မသိရင် [link] ဒီလင့်ခ်ကို ဖွင့်ကြည့်ကြပါ... မင်းတို့ 'ချင်းရှန်းယွီမိသားစု'ဆိုတဲ့ စကားလုံးနဲ့ ရိုက်ရှာလို့ရတယ်"



ထိုပိုစ့်က ဖိုရမ်၏ ပင်မစာမျက်နှာပေါ်ရှိ ထိပ်ဆုံးနေရာသို့ တဟုန်ချင်း တက်လာပြီး "ပေါက်ကွဲနေခြင်း"ဆိုသည့် အနီရောင်တောက်တောက် tagနဲ့ တွဲပြီး တက်လာခြင်း ဖြစ်သည်။


ပို့စ်၏ အကြောင်းအရာများကို ဝေ့ပေါ်တွင် ဝေမျှပြီးချိန် ပွက်လောရိုက်သွားလေသည်။ မကြာမီ #ကျောက်ရှုယာကို ဖြေပေးဖို့ ငါ ဒီမှာ ရှိနေတယ်# ဆိုသည့် hashtag နှင့် # ချန်းရှန်းယွီမိသားစု# ဆိုသည့် hashtagက trending list၏ ထိပ်ဆုံးနှစ်နေရာသို့ ရောက်လာပြီး "ပေါက်ကွဲနေခြင်း"ဆိုသည့် tagကလည်း ပိုပြီး နီရဲလာသည်။


[#ကျောက်ရှုယာကို ဖြေပေးဖို့ ငါ ဒီမှာ ရှိနေတယ်# စစချင်းတုန်းက ယွီနျန်က အဲ့ဒါကို တစ်ချက်တောင် မကြည့်ပဲနဲ့ မင်းရဲ့ 'ညရဲ့ စားသောက်ပွဲ ပန်းချီကား'က အတု ဆိုတာ ဘယ်လိုလုပ်ပြီး သေချာနေရတာလဲပေါ့...ဘာလို့ဆိုတော့ အစစ်က သူ့အိမ်မှာ ရှိနေလို့ပဲ... 

ဒုတိယတစ်ချက်က ဘယ်လိုလုပ်ပြီး ယွီနျန်က ပန်းချီကားအစစ်က လက်ရာပိုင်ရှင်ရဲ့ မျိုးဆက်တွေ လက်ထဲမှာ ရှိနေတယ်လို့ အသေအချာ ပြောနေရတာလဲပေါ့...  

အဖြေက ဘာကြောင့်လဲဆိုတော့ ယွီနျန်က လက်ရာပိုင်ရှင်ရဲ့ မျိုးဆက် ဖြစ်နေလို့ပဲ...

တတိယအချက်က ဘယ်လိုလုပ်ပြီး ယွီနျန်က မင်းအဘိုးကို ပန်းချီကားရောင်းလိုက်တဲ့သူက လက်ရာပိုင်ရှင်ရဲ့ မျိုးဆက် မဟုတ်ဘူးလို့ အသေအချာ ပြောနေရတာလဲပေါ့...

အဖြေက ဘာကြောင့်လဲဆိုတော့ ယွီနျန်ရဲ့ မိသားစုက 'ညရဲ့ စားသောက်ပွဲ ပန်းချီကား'ကို မင်းအဘိုးဆီ မရောင်းခဲ့ဖူးလို့ပဲ...

စတုတ္ထအချက်အနေနဲ့ ယွီနျန်က ပန်းချီကားက အတုလို့ ပြောလိုက်ပြီ...အဲ့ဒါ အတုပဲ ဟုတ်ပြီလား...အဲ့ဒါက မင်းရဲ့ ကျောက်မိသားစုကို လူရယ်စရာဖြစ်အောင် လုပ်သွားတာ မဟုတ်ဘူးလား...

အဖြေက ဟုတ်ပါတယ် မင်းရဲ့ ကျောက်မိသားစုက ဟာသပါပဲ...ဘာလို့ဆို ပန်းချီအစစ်က ယွီနျန့်မိသားစုအိမ်မှာ နှစ်ပေါင်းသုံးရာလောက် ရှိနေခဲ့တာမို့လို့...သူက ရှင်းပြခဲ့သေးတယ်...မင်းတို့ မယုံရင် သူလည်း မတတ်နိုင်ဘူးတဲ့ [ပုခုံးတွန့်ပြခြင်း] ]


[#ချင်းရှန်းယွီမိသားစု# ဖိုရမ်မှာ ပို့စ်တွေ အကုန်လုံးကို ကျော်တက်ပြီး လင့်တွေကို စစ်ဆေးရင်း ငါ ပြန်လာပါပြီ...ပြီးတော့ ငါလေးက ရိုးရိုးသားသားကို ဒူးထောက်လိုက်ပါပြီ အခု... ယွီနျန့် ကာရိုက်တာကို တိုးမြင့်ဖို့ လိုတယ်လို့ ပြောခဲ့ကြတဲ့သူတွေ ယွီနျန်က အဲ့လို တိုးမြင့်ဖို့ လိုနေသလားဆိုတာ စဥ်းစားလိုက်ကြဦး... ယွီနျန်ကိုယ်တိုင်က ကာရိုက်တာရဲ့ ရုပ်သွင်ပဲ...ဘာမှ ထပ်ပြီး အဆင့်မြင့်နေစရာ မလိုဘူး] 


[#ချင်းရှန်းယွီမိသားစု# နျန်ကော်မလေး တစ်ယောက်အနေနဲ့ ငါလေး စိတ်အေးအေးထားဖို့ လိုနေပြီ...ငါ့ရဲ့ နျန်နျန်လေးက စားစရာတောင် ဝယ်စားဖို့ မတတ်နိုင်ခဲ့တဲ့သူ မဟုတ်ဘူးလား... သူက တစ်ထည်ကို ယွမ်တစ်ဆယ်နဲ့ တစ်ရာကြားမှာ ရှိတဲ့ စျေးချထားတဲ့ ချည်သားရှပ်အင်္ကျီတွေ ဝယ်ဝတ်ခဲ့ရတဲ့သူ မဟုတ်ဘူးလား... အား...ငါတော့ အာခေါင်ခြစ်ပြီး အော်ရုံပဲ တတ်နိုင်တော့တယ်] 


[#ကျောက်ရှုယာကို ဖြေပေးဖို့ ငါ ဒီမှာ ရှိနေတယ်# # ဆောရီးပါ အချစ်ကလေးရေ...ငါတို့ရဲ့ နျန်နျန်လေးက တောက်ပတဲ့ အထက်တန်းစား သားတစ်ယောက်လို ကာရိုက်တာမျိုး တကယ့်ကို မလိုအပ်ဘူးပဲ...သူက အထင်ကြီးလေးစားရလောက်တဲ့ မိသားစုက အဆင့်အတန်းမြင့်တဲ့ သားအစစ်မို့လို့လေ... ငါတို့ရဲ့ နျန်နျန်လေးက အမြဲတမ်း သူပြောတဲ့ စကားအတွက် တာဝန်ယူလိုစိတ် အပြည့်ရှိတယ်... ပြီးတော့ သူက မင်းကို လိမ်လ

ည်ခဲ့တာ မဟုတ်ဘူးနော်...မင်းရဲ့ ပန်းချီကားက တကယ်ကို အတုဖြစ်နေတာ...ငါတို့ အကြံပေးချင်တာက သွားတောင်းပန်ပေးဖို့ပဲ]