Chapter 149
လူတိုင်းကို စိတ်လှုပ်ရှားသွားစေမယ့် မြင့်မြတ်လှတဲ့ အမျိုးကောင်းသားလေး ပုံရိပ်က ဘယ်လိုဆိုတာ မင်းကို သင်ပေးမယ်
သိပ်မကြာမီ ဖိုရမ်တွင် မူရင်းပိုစ့်တင်ခဲ့သည့်သူက နောက်ထပ် ကြိုးတစ်စကို ဆွဲထုတ်လာသည်
" ယွီနျန့်ကို ဘာလို့ 'စီနျင်း'လို့ ခေါ်တာလဲ ဆိုတာကတော့ ...."
အဓိကပိုစ့်တွင် စာကြောင်းလေး တစ်ကြောင်းသာ ပါဝင်သည်။
“နျင်းမြို့တော်က အဓိကမိသားစုကြီး လေးခုက အရမ်း ပြည့်စုံကြွယ်ဝကြတယ်လို့ ပြောနေကြပေမယ့် မြို့အနောက်ဘက်မှာ ရှိတဲ့ ချင်းရှီလမ်းမပေါ်က စီနျင်းအိမ်တော်က အရင်တုန်းက ယွီအိမ်တော်လို့ ခေါ်တာမို့လား...ဘာယွီလဲဆိုတော့...ယွီနျန့် မိသားစု ဖြစ်တဲ့ ချင်းရှန်းယွီမိသားစုက ယွီပါ..."
[ငါတို့ထဲက တစ်ချို့တောင် စားစရာ ဝယ်မစားနိုင်ကြပါဘူး...ဒါပေမယ့် မင်းကျမှ ဘာလို့ အရမ်း ထူးချွန်ထက်မြက်နေရတာလဲ...ဘုရားရေ... စီနျင်းအိမ်တော်တဲ့...နျင်းချန်ရဲ့ တန်ဖိုးမြင့်လှတဲ့ မြေနေရာ အိမ်တော် တစ်ခုပဲ...ငါတော့ အရမ်း အားကျနေပါပြီ... လူတစ်ချို့က အပေါ်ယံကသာ စားစရာဝယ်မစားနိုင်တဲ့ပုံ ဖြစ်နေနိုင်ပေမယ့် သိုသိုသိပ်သိပ်နဲ့ အိမ်တော်တစ်ခု ပိုင်ထားတယ်ရော....]
[ဒါကြောင့် ယွီနျန်ရဲ့ တေးရေးကလောင်နာမည်က 'စီနျင်း' ဖြစ်နေရတာလား... အား...ပြီးတော့ ယွီနျန့်အဘိုးနာမည်က မစ္စတာရှို့နျင်းတဲ့...'စီနျင်း'ဆိုတာ 'သူ့အဘိုးကို အမှတ်ရနေတယ်'လို့ ပြောချင်တာ မို့လား...ငါ ငိုနေပါပြီ...ယွီနျန့်အတွက် စိတ်မကောင်းလိုက်တာ... သူ့အတွက် ငါ ရင်နာမိတယ်]
ညသန်းခေါင်ယံအချိန်တွင် မူရင်းပိုစ့်တင်သည့်သူက တတိယမြောက် ကြိုးစကို ဆွဲပြီး တင်လာသည်
[[" အတုလား အစစ်လား"
“ငါ အစတုန်းကတော့ ငါ့နှလုံးသားက အရမ်းကြံခိုင်တယ်လို့ ထင်ခဲ့တာ...ဒါပေမယ့် နောက်ပိုင်းမှာတော့ ငါက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေမှန်း နားလည်သွားရတယ်...အဲ့ဒီ 'ကျွန်တော့်ရဲ့ တစ်နေ့တာ 'ဆိုတဲ့ ရသစုံရှိုးမှာ ယွီနျန် နေတဲ့နေရာကို သူတို့ ရိုက်ကူးခဲ့တယ် မဟုတ်ဘူးလား...ယွီနျန့်လို အထက်တန်းစား မိသားစုက မျိုးဆက်လေး နေတဲ့နေရာက ဘယ်လိုမျိုးလဲ ဆိုတာ သိချင်လို့ ငါ သေသေချာချာကို ရှာဖွေစစ်ဆေးကြည့်ခဲ့တယ်...
အဲ့ဒါနဲ့ ငါ တွေ့ခဲ့ရတာက သောက်ကျိုးကိုနဲရော... ပျိုနီပန်းနဲ့ ဇီးပန်းပွင့်အနီလေးတွေပါတဲ့ အပြာနဲ့အဖြူ ကြွေပန်းအိုး....အစစ်ဆိုရင် သုံးမီလီယံလောက် တန်တယ်... လက်ရေးလှရေးတဲ့ မှင်ခဲကလည်း သန့်စင်ပြီးတော့ ထိပ်တန်းအဆင့် ကျောက်နဲ့ လုပ်ထားတဲ့ မှင်ခဲပဲ... လတ်တလော လေလံစျေးကို တွက်ကြည့်လိုက်တာ တစ်ခဲကို ခြောက်မီလီယံလောက် ရှိတယ်ရော...ပြီးတော့ ဆပ်ပြာမွှေးခဲ ခံထားတဲ့ ပန်းကန်ပြားကလည်း ကြည့်ရတာ ကြာပွင့်လေးတွေ သွယ်ယှက်နေတဲ့ အကွက်နဲ့ ပန်းကန်ပြား တစ်ခုလိုပဲ... ယွမ်လေးသိန်းဝန်းကျင်ရှိတယ်... ဝရံတာက ပန်းအိုးလေးက အကိုင်းအခက်လေးတွေ ပါတဲ့ အပြာနဲ့အဖြူစပ်အိုးလေး... ယွမ်၂သိန်းလောက် ရှိမယ့်ပုံပဲ...."
[သုံးမီလီယံလောက် ရှိတဲ့ ဇီးပန်းပွင့်ပုံ အလှပန်းအိုး...မှင်ခဲတစ်ခဲကို ခြောက်မီလီယံကျော်...ဆပ်ပြာထည့်တဲ့ ပန်းကန်ပြားက ယွမ်လေးသိန်းကျော်...ပန်းအိုးတစ်ခုကို ယွမ်နှစ်သိန်းကျော်...ငါ အခုပဲ ခုန်ထွက်ပြီး မူရင်းပိုစ့်တင်တဲ့သူကို သွားငေါက်လိုက်ချင်တယ်...ငါ့ကို လာမရှုပ်နဲ့နော် ဒီလိုမျိုး လာကြွားလို့ မရဘူး ဆိုပြီး ပြောလိုက်ချင်ပေမယ့်လည်း ငါ့ရဲ့ အသိစိတ်က ၉၉ရာခိုင်နှုန်း အမှန်တွေပဲလို့ ပြောနေတယ် ..]
[ဆင်းရဲနွမ်းပါးမှုက ငါ့ရဲ့ စိတ်ကူးယဥ်နိုင်စွမ်းကို ကန့်သတ်ထားတယ်...ငါ @ကျောက်ရှုယာဆိုပြီး mentionပေးဖို့ မထိန်းနိုင်တော့ဘူး...လာစမ်းပါ မြင့်မြတ်လှတဲ့ အမျိုးကောင်းသား ပုံရိပ်လေးကို ဘယ်လိုတည်ဆောက်ရလဲ ဆိုတာ တစ်ချက်ကြည့်ပြီး သဘောပေါက်သွားအောင်...]
[ဒါဆို ဒါက အဆင့်အတန်းမြင့် မိသားစုရဲ့ မျိုးဆက် တစ်ယောက်ရဲ့ ဘဝပေါ့...ငါတော့ ဖျော်ဖြေရေးနယ်ပယ်ထဲက ဘယ်သူမှ မြင့်မြတ်တဲ့ အမျိုးကောင်းသား ပုံရိပ်ကို အယောင်ဆောင်ရဲကြတော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းမိတယ်... တကယ်တမ်း သူတို့မှာ အဲ့ဒီလောက် ပိုက်ဆံ မရှိဘူးလေ... 'ရတနာလမ်းစနောက်လိုက်ခြင်း'ပရိုဂရမ်အကြောင်း တွေးကြည့်ရင်းနဲ့ ချင်းရှန်းယွီမိသားစုရဲ့ မျိုးဆက်တွေက ဘယ်လောက် အောင်မြင်ကျော်ကြားခဲ့လဲဆိုတာ အလွယ်တကူ ပုံဖော်ကြည့်လို့ရတယ်... ငွေအရင်းအမြစ် အုတ်မြစ်ကြီး ရှိနေမှတော့ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလေ]
ထိုစဥ် ရှင်းယောင်အဆောက်အအုံ၏ ရုံးခန်းထဲတွင် ရှစ်ရော့က ဝေ့ပေါ်ကို တဖြတ်ဖြတ် လှန်လှောကြည့်နေသည်။
သူမ လက်ချောင်းများက ရပ်တန့်သွားရင်း ပင့်သက်ရှိုက်မိသည်
" အစ်...အစ်ကိုမုန့်...ကျွန်မ နျန်နျန်အတွက် ပန်းပင်ရေလောင်းပေးတုန်းက အကိုင်းအခက်တွေပါတဲ့ အပြာနဲ့အဖြူစပ် ပန်းအိုးကို အပေါစားလို့ ထင်ခဲ့မိတာ..."
မုန့်ယွမ်ကလည်း ဖိုရမ်ရှိ ပိုစ့်များကို ဖတ်နေရင်း စားပွဲခုံကို ပြင်းပြင်း ရိုက်ချလိုက်သည်
" ဒီကောင် ယွီနျန်ကတော့ ငါ သူ့အိမ်ကို ပထမဆုံးအကြိမ် ရောက်တုန်းက ဆပ်ပြာခွက်ကို မြင်လိုက်ရတဲ့အချိန် အိပ်ချင်ပြေပြီး လုံးဝကို လန့်သွားရတာ...ပြီးတော့ ဘာဆက်ဖြစ်လဲ သိလား...နျန်နျန် သူက အဲ့ဒါ အတု ဆိုပြီး ပေါ့ပေါ့လေး ပြောသွားတာ...လမ်းဘေးစျေးသည်ကနေ ယွမ်သုံးဆယ်လောက်နဲ့ ဝယ်ခဲ့တာတဲ့..."
ရှစ်ရော့က ပါးစပ်အုပ်လိုက်ရင်း ရယ်မောလိုက်သော်ငြား မုန့်ယွမ်က သူမကို ခပ်တင်းတင်း ကြည့်လာ၍ ရယ်ချင်စိတ်ကို မြိုသိပ်လိုက်ပြီး ပြောလိုက်သည်
" ဟုတ်ပါတယ်လေ...ဂဏန်းက မှန်ပါတယ်...သုံးသောင်းလေးထောင် ရှိတာ..."
“ပြီးတော့လည်း ရှိပါသေးတယ်...သူ ငါ့ရုံးခန်းကို အင်တာဗျူးဖြေဖို့ ပထမဆုံးအကြိမ် ရောက်လာတုန်းက ငါ သူ့ကို သီချင်းတစ်ပုဒ် ဆိုဖို့ ပြောခဲ့တာ...သူ ဘာသီချင်း ဆိုခဲ့လဲ သိလား"
ရှစ်ရော့က လက်မြောက်ပြလာသည် " ကျွန်မ သိတယ်...နျင်းချန်တက္ကသိုလ်ရဲ့ ဓမ္မသီချင်း"
“ဟုတ်တယ်...ဒီနယ်ပယ်ထဲမှာ အကြာကြီး ကျင်လည်ခဲ့တာ ကျောင်းသီချင်း ဆိုတဲ့သူကို ပထမဆုံး ကြုံဖူးတာပဲ... အဲ့ဒီတုန်းက အဲ့ဒါကို အတော်လေး အားအင်အပြည့်နဲ့ ဆိုခဲ့တာကို တွေ့ခဲ့ရတယ်..."
မုန်ယွမ်က ထိုင်ခုံပေါ် နောက်မှီထိုင်လိုက်ရင်း သက်ပြင်းချလာသည်
" ဒါပေမယ့် အခု ပြန်ကြည့်ကြည့်မှ ကျောင်းသီချင်းက သူ့အဘွား ရေးခဲ့တာတဲ့... အဲ့ဒီတုန်းက နျန်နျန့်စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူသိမှာလဲ..."
ရှစ်ရော့ကလည်း လက်ပေါ်မေးထောက်လိုက်ရင်း အပြုံးတို့ကို ထိန်းထားရသည်
" ဟုတ်တယ်နော်...ကြည့်ရတာ နျန်နျန်မှာ မိသားစုဝင် တစ်ယောက်မှ မကျန်တော့ဘူး ထင်တယ်... သူ့အဘိုးအဘွားတွေကလည်း ဆုံးသွားကြပြီဆိုတော့...နည်းလမ်းကျကျ စဥ်းစားကြည့်ရင် မိဘရယ် အဘိုးအဘွားရယ် ရှိရမှာလေ...ဒါပေမယ့် နျန်နျန်က အဘိုးအဘွားတွေ လက်ပေါ် ကြီးပြင်းခဲ့ရတာ...တခြား ဘယ်သူမှ မရှိဘူးလို့ ပြောခဲ့တော့ သူ့မိဘတွေက ဘယ်မှာလဲ...ဘယ်ရောက်သွားကြတာလဲ..."
သူမက မုန့်ယွမ်က မော့ကြည့်လိုက်ရင်း ပြောလာသည် " ဒါပေမယ့် ကျွန်မက နျန်နျန်ရဲ့ ဒဏ်ရာကို ဆွမိသလို ဖြစ်သွားမှာ ကြောက်လို့ တစ်ခါမှ မမေးရဲခဲ့ဘူး"
“အဲ့ဒီနေရာမှာ ဇာတ်လမ်းတချို့ အရှုပ်တော်
ပုံတစ်ချို့ ရှိလို့ ဖြစ်ရမယ်"
မုန့်ယွမ်က ခေါင်းညိမ့်ရင်း ချင့်ချိန်စဥ်းစားကြည့်သည်
" မင်းပြောတာ မှန်တယ်...နျန်နျန်က အဲ့ဒီအကြောင်း မဟဘူးဆိုရင် မမေးပဲ နေကြတာပေါ့... မတော်တဆ ဒဏ်ရာကို သွားဆွမိရင်လည်း တကယ် နာကျင်ရတတ်တယ်လေ"
ရှစ်ရော့ကလည်း သဘောတူလာသည်။
မုန့်ယွမ်က စားပွဲခုံကို သူ့အကျင့်အတိုင်း လက်ချောင်းများနှင့် တတောက်တောက် ခေါက်နေရင်း တစ်ခဏမျှ အတွေးနယ်ချဲ့မိသည်။
" ဒီခေါင်းစဥ်က ရက်အနည်းငယ်အတွင်း ပြေပျောက်သွားမှာ...လက်ရှိအခြေအနေနဲ့ ရေပန်းစားမှုကို စဥ်းစားဆုံးဖြတ်ကြည့်မယ် ဆိုရင် ငါတို့ ထပ်မွှေဖို့ မလိုတော့ဘူး"
သူက သူ့မျက်လုံးကို ညွှန်ပြရင်း သဘောကျရယ်မောလာသည်
" ဒီသတင်း တက်လာတုန်းကဆို အဖေမုန့်ရဲ့ မျက်လုံးတွေက မျက်လုံးအိတ်ထဲကနေ ခုန်ထွက်လာမတတ်ပဲ...အဲ့ဒီ haterတွေတော့ သူတို့မျက်နှာ သူတို့ ရိုက်နေလောက်ကြတယ်"
“အတိအကျပဲ"
ရှစ်ရော့၏ မျက်လုံးများက တလက်လက် တောက်ပနေကာ " ကျွန်မလည်း #ကျောက်ရှုယာကို ဖြေပေးဖို့ ငါ ဒီမှာ ရှိနေတယ်# ဆိုတဲ့ hashtagကို မြင်လိုက်တော့ ချက်ချင်းကို နေလို့ထိုင်လို့ ကောင်းသွားတာ...ပြီးတော့ #လူတိုင်းကို စိတ်လှုပ်ရှားသွားစေမယ့် မြင့်မြတ်လှတဲ့ အမျိုးကောင်းသားလေး ပုံရိပ်က ဘယ်လိုဆိုတာ မင်းကို သင်ပေးမယ်#ဆိုတဲ့ hashtagနဲ့ @ကျောက်ရှုယာ ဆိုပြီး mentionပေးနေကြတာတွေ တွေ့လိုက်ရတော့ နောက်ထပ်နှစ်ငါးဆယ်လောက် နေသွားနိုင်တဲ့ထိ စိတ်အေးသွားခဲ့ရတာ..."
မုန့်ယွမ်က သူမ၏ သရုပ်ဖော်ချက်ကို သဘောကျသွား၍ ရယ်မောလိုက်ရင်း ပြောလာသည်
" နောက်ထပ် နှစ်ငါးဆယ် နေဖို့လား...သေချာတာပေါ့ ဘာလို့ မနေနိုင်ရမှာလဲ"
"ဟုတ်တယ်...ကျောက်ရှုယာ ပွဲဦးထွက်လာတော့ နျန်နျန့်ကို အတုခိုးပြီး နာမည်ကြီးလမ်းကြောင်းပေါ် ခုန်တက်လာတဲ့အချိန် သူ့ရဲ့ ပုံရိပ်ကို သူ့ကိုယ်တိုင် ပုံဖော်တယ်...နျန်နျန့်ကို တိုက်ခိုက်လာပြီးတော့ အပြစ်ရှာတယ်...သူ ပစ်လိုက်တဲ့ ရိုက်ချက်က သူ့မျက်နှာကို ရိုက်လာလိမ့်မယ်လို့ သူ လုံးဝ စိတ်ကူးကြည့်မိမှာ မဟုတ်ဘူး ဆိုတာ ကျွန်မ လောင်းရဲတယ်"
မုန့်ယွမ်က သူ့မေးစေ့ကို ပွတ်သတ်လိုက်ရင်း ယွီနျန့်လေသံအတိုင်း အတုခိုးပြောလာသည်
" ဒါ တော်တော်လေး ကောင်းတဲ့ စိတ်ကူးပဲ...ဒါပေမယ့် ပန်းချီက အတုပဲ...ဘာလို့ဆိုတော့ အစစ်က ကျွန်တော့်အိမ်မှာ အကြာကြီး ရှိနေခဲ့တာ"
ရှစ်ရော့က ထိန်းမထားနိုင်ပဲ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ အချိန်တစ်ခုစာအထိ ထိုင်နေကြပြီးနောက် မုန့်ယွမ်က သူ့ဖုန်းကို လှမ်းယူလိုက်သည်
" မဟုတ်သေးဘူး...ငါ ဒီအတိုင်း မထားလိုက်နိုင်ဘူး...နျန်နျန်က တကယ်ကြီး ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် ချိတ်ပိတ်ပြီး သိမ်းထားခဲ့တာဆို သူ ဘာခြေရာလက်ရာမှ ချန်ထားခဲ့မှာ မဟုတ်ဘူး"
ထိုသို့ပြောနေရင်း သူက ယွီနျန့် နံပတ်ကို ဖုန်းဆက်လိုက်သည်။ သို့သော်လည်း စကားအနည်းငယ် ပြောဆိုပြီးနောက် သူက ဖုန်းချလိုက်သည်။
ရှစ်ရော့က သိချင်စိတ်နှင့် မေးလာသည်
" အစ်ကိုမုန့် ... ဘာလို့ ဖုန်းချလိုက်တာလဲ"
မုန့်ယွမ်က ပြန်ဖြေလာသည်
" နျန်နျန်က သူ့ဆရာဆီ ရောက်နေတာ"
*****
ကျန်းဟုန်ယင်း၏ သုတေသနခန်းထဲတွင်...
ယွီနျန်က အပြာဖျော့ရောင် အလုပ်သမား ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ကို ဝတ်ဆင်ထားရင်း သူ၏ ဆရာ ကျန်းဟုန်ယင်းနှင့်အတူ ကြေးနီကွေ့ကောင်လေးပေါ်က အစွန်းအထင်းများကို သန့်ရှင်းနေသည်။ ထိုအချိန်အတောအတွင်း သူ့ဖုန်းက မက်ဆေ့ချ်များ ဆက်တိုက်ဝင်လာသော်လည်း စစ်ဆေးကြည့်ရန် အချိန်မရှိ ဖြစ်နေသည်။ သူက မုန့်ယွမ်၏ ဖုန်းကိုသာ ပြန်လည်ဖြေကြားလိုက်ရင်း ဖုန်းကို ပြန်ပြီး ဘေးချထားလိုက်သည်။
ကျန်းဟုန်ယင်းက ဆံပင်ဖြူနေပြီ ဖြစ်သော်လည်း အရေးအကြောင်းများ ရှိနေသည့် သူ့လက်များက တည်တည်ငြိမ်ငြိမ် ကိုင်ထားနိုင်သည်။ တစ်ခဏမျှ အလုပ်ရှုပ်ပြီးသွားချိန် ကြေးနီရောင် ကွေ့ကောင်လေး၏ အတွင်းဘက်နံရံမှ ထွင်းထုထားသည့် စာလုံးများက ရှင်းရှင်းလင်းလင်း ပေါ်လာသည်။
ထိုခဏ အလုပ်သမား ဝတ်စုံ ဝတ်ထားသည့် ရှုလျန်ယန်ကလည်း သူ့ကိုယ်သူ မထိန်းနိုင်ပဲ စိတ်လှုပ်ရှားစွာ ပြောလာသည်
" ဆရာ...နျန်နျန်...carbon 14 datingရဲ့ ရလဒ် ထွက်လာပြီ...သက်တမ်းက ခန့်မှန်းခြေ ရွှမ်မင်းဆက်နှောင်းပိုင်းလို့ ထွက်လာတယ်..." [carbon 14dating =material တစ်ခုခုရဲ့ သက်တမ်းကို တိုင်းတာဆုံးဖြတ်ပေးတဲ့ သိပ္ပံနည်းလမ်းတစ်ခု ဖြစ်ပါတယ်]
“ငါ သိနေတယ်" ကျန်းဟုန်ယင်းက ဆိုလိုက်ရင်း ကြေးနီရောင် ကွေ့ကောက်လေး၏ အတွင်းဘက်နံရံရှိ စာလံးများကို စိုက်ကြည့်လိုက်ရင်း ယွီနျန့်ကို ဆွဲခေါ်လိုက်သည်
" နျန်နျန် ... လာပြီး ကြည့်ကြည့်... အဲ့မှာ ဘာပြောထားလဲ ဆိုတာ တွေ့လား..."
ယွီနျန်က ရှင်းရှင်းလင်းလင်း ပီပီသသ ရွတ်ပြလာသည် " ပြောထားတာက ဝမ်ဘုရင်က ရွှမ်ဘုရင်ကို လာတိုက်ခဲ့တဲ့အချိန်က ကျားဇီရက် မနက်ပိုင်း ကြယ်နှစ် (ဂျူပီတာ)က အထက်မှာ ရှိနေတဲ့အတွက် ဝမ်ဘုရင်ရဲ့ အောင်မြင်မှု ရမယ့်အချိန် ဖြစ်နေတယ်... သူက လန်စစ်စခန်းမှာ ကျင်းပခဲ့တဲ့ ဆုချီးမြင့်ခြင်း အခမ်းအနားမှာ အရာရှိတွေပေးခဲ့တဲ့ သတ္တုတွေကို သုံးပြီး ဘိုးဘေးတွေကို ကိုးကွယ်ဖို့အတွက် ဒီကြေးနီရောင် ကွေ့ကောင်လေးကို အခမ်းအနားသုံးအိုးအဖြစ် လုပ်ခဲ့တယ်" [ကွေ့အိုးက ဘိုးဘွားခန်းမတွေမှာ သုံးတဲ့ အမွှေးတိုင်ထွန်းတဲ့ အိုးတွေလိုမျိုးပါ]
ကျန်းဟုန်ယင်း၏မျက်လုံးများက ကြည်လင်နေပြီး ကြေးနီရောင်ကွေ့အိုးတွင်သာ အကြည့်မြဲနေသည်။ ထို့နောက် သူက ရှုလျန်ယန်ကို မေးလာသည် " 'အမျိုးသားရေးရာ မှတ်တမ်း'မှာ ဘယ်လို မှတ်တမ်းတင်ထားတာလဲ"
“'အမျိုးသားရေးရာ မှတ်တမ်း' မှာ ဖော်ပြထားတာက ဝမ်ဘုရင်က လန်စစ်စခန်း တိုက်ပွဲအတွင်းမှာ ရွှမ်ကို အောင်နိုင်ခဲ့တယ်...အဲ့ဒီအချိန်က ကြယ်နှစ်က အထက်မှာ ရှိနေပြီး ဝမ်ဘုရင်ရဲ့ အောင်မြင်မှုကို ပြနေလို့ ရွှမ်စစ်တပ်က နက္ခတာရာအယူအဆကို ကြောက်ပြီး တစ်ကွဲတပြားနဲ့ အတိုက်မခံရပဲ ပြိုလဲသွားကြတာ..."
ရှုလျန်ယန်က အာခေါင်ခြောက်လာရသည်
" ဆရာ...မှတ်တမ်းနဲ့ ကိုက်ညီနေတယ်"
သူက မနေနိုင်ပဲ ထပ်ပြောလာသည်
"အဲ့ဒီ သမိုင်းပညာရှင်တွေက ရွှမ်မင်းဆက်က အစွပ်စွဲခံရတာ "အမျိုးသားရေးရာ မှတ်တမ်း" မှာ ပြထားတဲ့ မှတ်တမ်းတွေက အတုတွေဆိုပြီး အခိုင်အမာ ပြောနေကြတာ...အခုတော့ ဒီကြေးနီရောင်ကွေ့အိုးကို သူတို့ရှေ့ထားပြီး ကြည့်ကြသေးတာပေါ့...သူတို့တွေ ရွှမ်မင်းဆက်ရဲ့ တည်ရှိမှုကို ပြုပြင်ထားပါတယ် ဆိုပြီး ပြောရဲကြဦးမလားဆိုတာ..."
ရှုပ်ထွေးနေသော မျက်နှာနှင့် ကျန်းဟုန်ယင်းက သက်ပြင်းချလာသည်
" အရင်တုန်းက ဖုပေါ်ယန် ဒီပစ္စည်းကို တွေ့ခဲ့တဲ့အချိန်မှာ သူက အစားအစာနဲ့ အထုပ်အပိုးပစ္စည်းတွေကိုပါ စွန့်လွှတ်ပြီး အကုန်အကျခံ ကာကွယ်ပေးချင်တဲ့အထိ ဒီကြေးနီရောင်ကွေ့အိုးရဲ့ ထူးခြားချက်ကို သူတို့ တွေ့သွားတာကြောင့်လည်းပါမှာပဲ"
သူက ယွီနျန့်ကို မေးလိုက်သည် "နျန်နျန်...မင်း ထွက်သွားတဲ့အချိန် မစ္စတာဖုဆီ ဝင်လည်ခဲ့သေးလား"
ယွီနျန်က ခေါင်းညိမ့်ပြလာသည် " ကျွန်တော် ထွက်မသွားခင် ရွာထဲက အသက်အကြီးဆုံးလူဆီ သွားခဲ့ပြီးတော့ မစ္စတာဖုရဲ့ ဂူဗိမာန်နေရာကို မေးခဲ့တယ်... အဘိုး တစ်ခါက ပြောဖူးတယ်...မစ္စတာဖုက အရက်နဲ့ဝါးကို သဘောကျတယ်တဲ့...အဲ့ဒါနဲ့ ကျွန်တော်လည်း အရိုအသေပေးဖို့ အရက်တစ်အိုးနဲ့ ဝါးကိုင်းတစ်ချို့ ယူသွားခဲ့တာ"
“ကောင်းပြီ...မင်းက ကြေးနီရောင်ကွေ့အိုးကို ပြန်ယူလာကတည်းက ဘယ်ကမ္ဘာမှာ ရောက်နေမှန်း မသိတဲ့ မစ္စတာဖုလည်း ဒီအကြာင်း သိပြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူသွားနိုင်မယ်လို့ ငါယုံကြည်တယ် ...."
ကျန်းဟုန်ယင်းက သူ့နာဖူးကို ပွတ်သတ်လိုက်ရင်း စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ယူလိုက်ပြီး လန်းဆန်းသွားရန် လက်ဖက်ရည် အနည်းငယ် သောက်လိုက်သည်။
" အခုတော့ ဒီကြေးနီရောင်ကွေ့အိုးကို ဒီမှာ သိမ်းထားလိုက်မယ်...မင်းရဲ့ စီနီယာအစ်ကိုတွေကို ပြန်ခေါ်ပြီးတဲ့အချိန်မှ အတူတူလေ့လာလို့ရတယ်လေ...ယဥ်ကျေးမှုအမွေအနှစ်အကြောင်းကိုလည်း စာတမ်းလုပ်ထားပြီးပြီ...ဒါကြောင့် မင်း စိတ်ပူနေစရာ မလိုတော့ပါဘူး"
ယွီနျန်က သူ့စကားမဆုံးခင်အလောတကြီး ဆိုလာသည် "ဆရာ ...ကျွန်တော်လည်း အတူတူ လေ့လာချင်တယ်"
"သဘောပဲ...ဘာပဲဖြစ်ဖြစ် ငါက ညစာကျွေးမှာမဟုတ်ဘူး"
ကျန်းဟုန်ယင်း၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားသော်လည်း အမြန် တည်ငြိမ်ချင်ယောင်ဆောင်လိုက်ရင်း ရယ်ချင်စိတ်ကို ဖုံးကွယ်ရန် လက်သီးဖွဖွ ဆုပ်ပြီး အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။
သူက အချိန်ကို စစ်ဆေးကြည့်ရင်း တိုက်တွန်းလာ၏ " နောက်ကျနေပြီပဲ...မင်းတို့နှစ်ယောက်လုံး ပြန်အိပ်ကြတော့လေ...မင်းတို့က အရမ်း ငယ်သေးတယ်...ဘာလို့ အရမ်း နောက်ကျတဲ့အထိ နေရမှာလဲ"
ရှုလျန်ယန်က မေးလာသည်
" ဆရာရော မပြန်တော့ဘူးလား"
ကျန်းဟုန်ယင်းက မျက်လုံးအစုံ ပြူးကျယ်သွားရင်း ပြောလာသည် " ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... ဒီကြေးနီရောင်ကွေ့အိုးက ငါ့ရှေ့ရောက်နေတာလေကွာ... အောက်ခြေတစ်ဝက်လေး မရှိတော့ရင်တောင် အကြီးကြီးရှိနေသေးတယ်လေ...ဘယ်လိုလုပ်ပြီး ငါက ဒီသုတေသနခန်းထဲကနေ ခြေလှမ်းလှမ်းရဲပါ့မလဲ"
ယွီနျန်နှင့် ရှုလျန်ယန်တို့က ရယ်ချင်စိတ်ကို မြိုသိပ်လိုက်ရန် မျက်နှာလှည့်သွားကြသည်။
ရွှယ်ယုံ၏ကားက ကားပါကင်ထဲ ရပ်လိုက်သည့်အချိန်တွင် ညသန်းခေါင်ကျော်နေပြီဖြစ်သည်။
ကားတံခါးကို ပိတ်လိုက်ပြီးနောက် ယွီနျန်က မနေနိုင်ပဲ ရွှယ်ယုံ့နားတိုးလိုက်ရင်း အနမ်းရှည်ကြီးပေးကာ နှစ်ဦးစလုံး အသက်ရှူရပ်သွားမှသာ ခွဲလိုက်ကြသည်။
ရွှယ်ယုံက ယွီနျန်၏ နူးညံ့လှသော နားသံသီးလေးကို ညင်ညင်သာသာ ပွတ်သတ်လိုက်ရင်း သူ့အသံက သြရှရှနေသည် " မင်းက တွယ်ကပ်နေတာပဲ"
ယွီနျန်က နှာမှုတ်လိုက်ရင်း နှာခေါင်းသံနှင့် နူးနူးညံ့ညံ့ စကားဆိုလာသည်
" ခင်ဗျားကို တွယ်ကပ်နေလို့ မရဘူးလား"
“သေချာပေါက် ရတာပေါ့...ဒါပေမယ့် ကိုယ်တစ်ယောက်တည်းကိုပဲ တွယ်ကပ်နေရမှာ"
“ဟုတ်ပါပြီ...ခင်ဗျား တစ်ယောက်တည်းကိုပဲ ကပ်မှာပါ"
ထိုစဥ် မုန့်ယွမ်က ဖုန်းထပ်ခေါ်လာ၍ ယွီနျန်က ပြန်ဖြေလိုက်သည် " အစ်ကိုမုန့်...ဘာဖြစ်လို့လဲ"
“ယွီနျန်...အခု အိမ်မပြန်နဲ့ဦးနော်... လုံးဝ အိမ်မပြန်နဲ့ဦး...မင်းရဲ့ မြို့တော် အနောက်ဘက်က စီနျင်းအိမ်တော်အပါအဝင် အိမ်တော်ရဲ့ အပြင်ဘက်က နေရာတိုင်းလိုလို သတင်းထောက်တွေ ရောက်နေတာ...မင်း သွားလို့ရှိရင်
ခြင်္သေ့ဂူထဲ လျှောက်နေရတဲ့အတိုင်း ဖြစ်သွားလိမ့်မယ်"
နောက်ဆုံးက ဥပမာစကားကြောင့် ရယ်ချင်သွားရင်း ယွီနျန်က ခေါင်းညိမ့်လိုက်သည် ။
"ဟုတ်ကဲ့ပါ...ကျွန်တော် ဒီည မပြန်တော့ပါဘူး"