Chapter 150
ကျွန်တော် အိပ်ပျော်နေတုန်းက..
ဖုန်းကျသွားပြီးနောက် ယွီနျန်က ရွှယ်ယုံ့ကို မျက်ရိပ်ပြလိုက်သည်
"ကြားတယ်နော် ...ကျွန်တော် ဒီည အိမ်မပြန်တော့ဘူး"
ရွှယ်ယုံက ဘေးတွင် ထိုင်နေပြီး စကားဝိုင်းကို နားထောင်နေခဲ့ခြင်းဖြစ်သည်။ သူက မေးလာသည်
" မနက်ဖြန်မနက်မှာ ကြေငြာချက်တစ်ခုခု ရှိလို့လား"
ယွီနျန်က ခေါင်းညိမ့်ပြလာသည် " ဟုတ်တယ်...၇နာရီခွဲမှာ"
“ကိုယ့်အိမ်က အရမ်း ဝေးလွန်းတယ်...မနက်ဖြန် မင်း ထနိုင်မှာမဟုတ်ဘူး"
ယွီနျန်က ရွှယ်ယုံ့ပုခုံးပေါ် မေးတင်လိုက်သည် " ဒါဆို ကျွန်တော် ဘယ်မှာ နေရမှာလဲ"
ရွှယ်ယုံ့နားရွက်များက တဖြေးဖြေး နီရဲသွားသည် " ယွီလန်ကို သွားလိုက်...ထိပ်ဆုံးအထပ်မှာ ကိုယ့်အတွက် အခန်းတစ်ခု ရှိတယ်" သူ၏ အသံက အနည်းငယ် တိုးသွားရင်း ထပ်ပြောလာသည်
" ကိုယ်လည်း လိုက်ခဲ့မယ်"
ကားလေးက ချောချောမွေ့မွေ့ ပြေးနေရင်း ရင်းနှီးနေသော သစ်ကတိုးရနံ့ကလည်း လေထုထဲ သင်းပျံ့နေသည်။ ယွီနျန်က လွန်ခဲ့သည့် ရက်အနည်းငယ်က ပွဲစဥ်များအကြောင်း ပြောနေသော်လည်း ပြောနေရင်း တဖြေးဖြေး အသံတိုးလာပြီး နောက်ဆုံး ရွှယ်ယုံ့ပုခုံးပေါ် မှီပြီး အိပ်ပျော်သွားလေသည်။
ယွီနျန်က အရင်ဆုံး တောင်တက်ဘတ်စ်ကား စီးခဲ့ရပြီး ရထားစီးခဲ့ရကာ လေယာဥ်ပေါ်တွင်လည်း မအိပ်ခဲ့ရပဲ ကြေးနီရောင်ကွေ့အိုးနှင့်အတူ သုတေသနခန်းထဲ တိုက်ရိုက်လာခဲ့ရပြီး ခရီးရှည်သွားခဲ့ရမှန်း သိထား၍ သူ အလွန်အမင်း ပင်ပန်းနေပြီ ဖြစ်မည်။ ရွှယ်ယုံက ကားထဲရှိ လေအေးပေးစက်ကို ဖွင့်လိုက်ရင်း သူ့ပုခုံးထက်ရှိ အလေးချိန်ကို ခံစားမိပြီး ယွီနျန်၏ အသက်ရှူသံမှန်မှန်ကို နားထောင်လျက် သူ့နှလုံးသားလည်း ငြိမ်သက်သွားသည်။
ကားရပ်သွားသည့်အချိန် ရွှယ်ယုံက ယွီနျန့်ကို မနိုးလိုက်ချေ။ထောင့်နားမတိုက်မိစေရန် အာရုံစိုက်လိုက်ပြီး သူ့လက်ထဲ သေသေချာချာ ပွေ့ချီလိုက်သည်။ အိပ်ပျော်လျက်ပင် ယွီနျန်က သူ့ကို ချီထားသည့်သူကို သိနေဟန် ရွှယ်ယုံ၏ အင်္ကျီဂျက်ကတ်ကို အလိုလို ဖမ်းကိုင်လာသည်။
ရှာတွေ့ရမလွယ်သည့် ထောင့်တစ်နေရာတွင် သာမန်ရုပ်ရည်နှင့် ပိန်ပိန်ပါးပါး လူတစ်ယောက်က စိတ်လှုပ်ရှားစွာနှင့် ကုန်းကြည့်နေသည်။ မူလက ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးနှင့် ဖျော်ဖြေရေးနယ်ပယ်က မင်းသမီးတစ်လက်တို့၏ အတင်းအဖျင်းများကို ဖမ်းရန် လာခဲ့သော်လည်း တစ်မနက်လုံး ကုန်သွားသည်ထိ ဘာမှ ဖမ်းမမိရပေ။ သူက တစ်ရေးအိပ်ရန်အတွက် နေရာရှာရန် ဆုံးဖြတ်လိုက်သည်။ မျှော်လင့်မထားစွာ ရွှယ်ယုံက ကင်မရာပေါ် ဖမ်းမိလာသည်။
ရွှယ်ယုံချီထားသည့်သူကို မသိရသော်လည်း ရွှယ်ယုံ၏ သံသးမကင်းသော ကြည်နူးဖွယ် ဆက်ဆံရေးဆိုသည့် သတင်းကပင် ခေါင်းစီးသတင်းအဖြစ် လုံလောက်ပေသည်။.
ခမ်းနားလှသော ဧည့်ခန်းဆောင်ထဲတွင် မီးအိမ်မှိန်မှိန်လေးသာ ထွန်းထားလေသည်။ ရွှယ်ယုံက ယွီနျန့်ကို အိပ်ရာကျယ်ကြီးထက် အသာအယာ ချလိုက်ရင်း သူ၏ ရှူးဖိနပ်၏ ခြေအိတ်တို့ကို ချွတ်ပေးရန် ကတ္တီပါကော်ဇောထက် ဒူးထောက်လိုက်သည်။
ယွီနျန်က အကောင်းမွန်ဆုံး ကြွေထည်လေးကဲ့သို့ အသားအရေ နူးညံ့လှသူဖြစ်၍ အပြာရောင် သွေးကြောများပင် မြင်နေရသည်။
ရွှယ်ယုံ့လက်ချောင်းများက ယွီနျန့် ခြေကျင်းဝတ်ကို ပွတ်တိုက်သွားပြီး သူ၏ ခြေတံတစ်လျှောက် အထက်သို့ တဖြေးဖြေး မတက်ရဲ ဖြစ်နေသည်။ နောက်ဆုံးတွင် သူက ဆက်ပြီး ထိန်းမထားနိုင်တော့၍ ခေါင်းငုံ့လိုက်ပြီး တန်ဖိုးအရှိဆုံး ရတနာတစ်ပါးလို ညင်ညင်သာသာ နမ်းရှိုက်လိုက်သည်။
ယွီနျန်က အိပ်ချင်နေသည့် လေသံနှင့် မပီမသ ပြောလာသည် " တစ်ယောက်ယောက်ကတော့ အိပ်နေတုန်း အခွင့်အရေးယူပြီး လာနမ်းနေတာပါလား"
ရွှယ်ယုံက သူ ခိုးနမ်းနေသည်ကို မိသွားဖို့မဆိုနှင့် ယွီနျန် ရုတ်တရက် နိုးလာမည်ဟုပင် ထင်မထားခဲ့ပေ။ ရွှယ်ယုံ့နားရွက်ဖျားများ ချက်ချင်း နီရဲသွားရရင်း လက်လွှတ်လိုက်ချင်သော်လည်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။
ယွီနျန့် နှုတ်ခမ်းတို့ ကော့ညွတ်သွားရရင်း အပြုံးဖျော့ဖျော့ ဖြစ်တည်လာကာ ပျင်းပျင်းရိရိနိုင်သည့် ခပ်အက်အက် လေသံနှင့် ပြောလာသည်
" တကယ်တမ်း ကျွန်တော် နိုးလာတဲ့အချိန်မှာလည်း နမ်းလို့ရတာပဲကို"
ရွှယ်ယုံ့မျက်တောင်ဖျားများက အသက်ရှူသံပြင်းပြင်းကြောင့် တုန်ခါနေရင်း မျက်လုံးအကြည့်က ပိုပြီး နက်မှောင်လာသည်။ သူက ယွီနျန့် ခြေထောက်လေးကို ဆက်ပြီး ကြင်ကြင်နာနာ ပွတ်သတ်လိုက်ရင်း ခေါင်းထပ်ငုံ့လိုက်၍ နူးနူးညံ့ညံ့ အသားအရေလေးကို နမ်းရှိုက်လိုက်သည်။
အစပိုင်းတွင် ယွီနျန်က ယားကျိကျိ ခံစားရသော်လည်း နောက်ပိုင်း သူက မနေနိုင်တော့ပဲ လက်ခုံနှင့် မျက်လုံးအုပ်လိုက်ရင်း အသက်ပြင်းပြင်းရှူနေရသည်။
ခြေတံတစ်လျှောက် ရွေ့သွားရင်း ခါးသွယ်သွယ်နှင့် လည်တိုင်တို့ထက် အနမ်းတို့ ပက်ဖြန်းလိုက်ပြီး နားရွက်နားထိ ဆက်ရွေ့သွားသည်။ ရွှယ်ယုံက ယွီနျန်၏ နားသံသီးလေးကို ဖွဖွကိုက်ပြီး နူးညံ့သည့် လေသံနှင့် တိုးတိုးပြောလာသည်
" ခုနက မင်း အိပ်ချင်ယောင်ဆောင်နေတာ မို့လား"
မျက်လုံးထဲရှိ ရေကြည်ဖွဲ့လာ၍ ယွီနျန်က မျက်တောင်ခတ်လိုက်ရင်း ပြန်ဖြေလာသည်
" ကျွန်တော်သာ အိပ်ချင်ယောင်ဆောင် မနေဘူးဆိုရင် တစ်ယောက်ယောက်က တိတ်တိတ်လေး လာနမ်းနေတာကို ဘယ်လိုလုပ်ပြီး သိရတော့မလဲ" သူက ရွှယ်ယုံ့ကို ဆွဲချလိုက်ပြီး သူ့ဘက် လှည့်စေကာ မှီထားလိုက်သည်။ နည်းလမ်းကျကျနှင့် ဖြေးဖြေးချင်း ရွှယ်ယုံ့ နက်ကတိုင်ကို ဖြေပေးလိုက်ပြီး ပြောလာသည်
" ကျွန်တော်တို့ ဆရာက ဒီရက်အတွင်း သုတေသနအခန်းထဲက ထွက်မှာ မဟုတ်ဘူး...သူက ကြေးနီရောင် ကွေ့အိုးကို ဝပ်များများပါတဲ့ မီးသီးလို တလက်လက် ကြည့်နေမှာ...ကျွန်တော့်အဘိုးဆိုလည်း အဲ့ဒီလို ဖြစ်နေမှာပဲ... ကျွန်တော့်အဘိုးသာ ရှိနေသေးရင် သူလည်း တစ်ခုခုထဲ စျာန်ဝင်မိတာနဲ့ စားဖို့သောက်ဖို့ပါ မေ့တယ်"
“ကိုယ်လည်း နျန်နျန်နဲ့ ပတ်သက်ရင် အဲ့ဒီအတိုင်း အတူတူ ခံစားရတယ်"
"အတူတူပဲလား"
ဖြေလိုက်သည့် နက်ကတိုင်ကို ဘေးတွင် ထားလိုက်ပြီးနောက် ယွီနျန်က ရွှယ်ယုံ့အင်္ကျီကြယ်သီးအပေါ် လက်တင်လိုက်ရင်း မေးခွန်းမေးရင်း တစ်ခုပြီး တစ်ခု စိတ်ရှည်လက်ရှည် ဖြုတ်နေသည်။ ရွှယ်ယုံက စက္ကန့်အနည်းငယ် တွန့်ဆုတ်နေပြီးမှ စကားဆိုလာသည်
" ကိုယ် မင်းကို မတွေ့ရရင် စားချင်စိတ်တွေ ပျောက်ပြီး လက်ဖက်ရည်တောင် မသောက်ချင်ဘူး... ကိုယ် မင်းကို တွေ့နေရရင်လည်း စားချင်စိတ်ပျောက်ပြီး လက်ဖက်ရည် မသောက်ချင် ဖြစ်နေဦးမှာပဲ"
ရွှယ်ယုံက ယွီနျန်နှင့် မျက်နှာချင်းဆိုင်သည့် အချိန်တိုင်း သူ၏ ပုံမှန် အေးစက်စက် လေသံက နှင်းခဲအရည်ပျော်သွားသလို နူးညံ့သိမ်မွေ့နေသည်။
အပြုံးတစ်ချက်က ယွီနျန့် နှုတ်ခမ်းထက် လျှပ်ပြေးသွားပြီး သူက နားမလည်ချင်ယောင်ဆောင်လိုက်သည် " အစာ စားချင်စိတ်ပျောက်ပြီး လက်ဖက်ရည်လည်း မသောက်ချင်ဘူး ဆိုတော့ .... ခင်ဗျား ဘာတွေ တွေးနေလို့လဲ"
"မင်းကို..." ရွှယ်ယုံက ပြန်ဖြေလာသည်။
******
နောက်တစ်ရက်တွင် ယွီနျန်က သူ၏ ဇီဝနာရီအတိုင်း အိပ်ရာနိုးလာပြီး အနည်းငယ် အားမရှိသလို ခံစားရသည်။ သူက နာဖူးပွတ်လိုက်ရင်း ထထိုင်လိုက်သည့်အချိန် အဝတ်ဗီရိုဘက်က မီးအလင်းရောင်ကို သတိထားမိသွားသည်။
သူက ခြောက်ကပ်နေသည့် အသံနှင့် အော်ခေါ်လိုက်သည် " ရွှယ်ယုံ"
ရွှယ်ယုံက အဝတ်အစား လဲပြီးသွား၍ အိပ်ရာဘေး ရပ်လာပြီး ယွီနျန်၏ အိပ်ချင်မူးတူး မျက်လုံးထက် အနမ်းတစ်ရှိုက် ပေးလာသည်
" မင်္ဂလာနံနက်ခင်းပါ...နျန်နျန်"
“မင်္ဂလာနံနက်ခင်းပါ" ယွီနျန်က သမ်းဝေလိုက်ရင်း အိပ်ရာပေါ် ဒူးထောက်ကာ ရွှယ်ယုံ့ နက်ကတိုင်ကို အမြန် ချည်ပေးလာသည်။ သူက မျက်လုံးများ ပွတ်သတ်လိုက်ရင်း စောင်အခင်းများအောက် ပြန်လှဲချင်နေသည့် စိတ်ကို တွန်းလှန်နေရသည်။ ထိုအစား သူက အရိုးမဲ့သတ္တဝါလေးလို ရွှယ်ယုံ့ပေါ် လှဲချလိုက်ရင်း အဖြူရောင် တလက်လက် အင်္ကျီအောက်က လက်များကို ဆန့်တန်းလိုက်ရင်း ရွှယ်ယုံ့ ကျောပြင်ကို ပွတ်သတ်လိုက်သည်။
ရွှယ်ယုံက ယွီနျန့်ခါးတစ်ဝိုက်ကို ပြန်လည် ပွေ့ဖက်လိုက်ရင်း တစ်ခုခု ပြောရန် ပြင်လိုက်စဥ် ဖုန်းမြည်လာသည်။
"လက်ထောက်ချင်လား"
"ဥက္ကဌရွှယ်...ပြည့်သူ့ဆက်ဆံရေးဌာနက ဒီမနက် ၇နာရီမှာ သတင်းပေးလာတယ်...ဥက္ကဌရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပြန့်နေတယ်တဲ့...
အချိန်က မနေ့ညကလောက် ဖြစ်မယ်...နေရာက ယွီလန်ကလပ်မှာ..."
ရွှယ်ယုံ့မျက်လုံးများက တဖြေးဖြေး ကျဥ်းမြောင်းသွားသည် " သူတို့ နျန်နျန်ကို ဓါတ်ပုံရိုက်မိသွားလား"
လက်ထောက်ချင်က ပြန်ဖြေလာသည်
" ဥက္ကဌယွီရဲ့ ဓါတ်ပုံကိုတော့ ပြတ်ပြတ်သားသား မရိုက်မိလိုက်ဘူး .. ဥက္ကဌက သူ့မျက်နှာကို ကာပေးထားတဲ့ပုံမို့လို့ သူ့ကို ဥက္ကဌလက်ထဲ ပွေ့ပြီး အထဲဝင်သွားကိုသာ ဝိုးတိုးဝါးတား မြင်ရတာပါ..."သူက မေးလာသည် " ကျွန်တော်တို့ ဖြေရှင်းလိုက်ရမလား"
သူ့ခေါင်းကို ဖြေးဖြေးလှည့်ကြည့်လိုက်ချိန် ယွီနျန်က ရွှယ်ယုံ့အစား ဖြေပေးလာသည်
"မလိုပါဘူးဗျ"
ရွှယ်ယုံက ယွီနျန့် ခါးကျဥ်းကျဥ်းလေးကို ညင်ညင်သာသာ ပွတ်သတ်လိုက်ရင်း ပြောလာသည် " နျန်နျန်ပြောတာ နားထောင်လိုက်"
"ကောင်းပါပြီ"
ထိုအချိန် #ရွှယ်ယုံ# ဆိုသည့် hashtagက trending list၏ နံပတ်၇တွင် ရောက်နေပြီ ဖြစ်သည်။
[လက်တွေ့ဘဝမှာ ငိုနေပါပြီ...ဥက္ကဌရွှယ်က တကယ်ကြီး ဆက်ဆံရေး တစ်ခု ရှိနေမယ်လို့ လုံးဝမယုံနိုင်ဘူး...ချမ်းသာတဲ့ မိသားစုနဲ့ လက်ထပ်မယ် ဆိုတဲ့ ငါ့ရဲ့ အိပ်မက်တွေကတော့ ပျက်စီးသွားပါပြီ ...ကောင်းပြီ...ငါက လုံးဝ မဖြစ်နိုင်ဘူး ဆိုတာ သိနေပေမယ့် ဘယ်သူကများ အိပ်မက်မရှိပဲနေမှာလဲ ...ဟုတ်တယ်မို့လား]
[ဓာတ်ပုံတွေ မြင်ရတော့ ဥက္ကဌရွှယ်ရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို စုပ်ယူထားတဲ့ ငါ့ရဲ့ မဂ္ဂဇင်းအထပ်လိုက်ကြီးကို မထုတ်ပဲမနေနိုင်တော့ဘူး...သူက ကားပေါ်က ဆင်းတော့ အဲ့ဒီလူကို မင်းသမီးလေးလိုတောင် ချီထားလိုက်သေးတယ်...အရမ်း သဘောကျတာပဲ ဖြစ်မယ်နော်...အား...အဲ့ဒါ ဘယ်သူလဲဆိုတာ ငါ အရမ်း သိချင်နေပြီ]
[ယုံယွီမလေးမှာ ရဲရင့်တဲ့ အကြံတစ်ခု ရှိနေတယ်...ဒါပေမယ့် ငါ ပြောမှာမဟုတ်ဘူး]
ယွီနျန်က ကားထဲဝင်လိုက်ချိန် မုန့်ယွမ် မမေးလာမီ သူက အလိုက်သတိ ပြောလာသည်
" ကျွန်တော်တို့ ထွက်လာတဲ့အချိန်မှာ သေချာပေါက် မိမသွားခဲ့ပါဘူး"
ယွီနျန်က အမှန်အတိုင်း ပြောတတ်မှန်း သိနေ၍ ယင်းက အမှန်ဖြစ်လိမ့်မည်။ မုန့်ယွမ်က စိတ်အေးသွားဟန် သက်ပြင်းတစ်ချက် ချလာသည် " မစ္စတာရွှယ်ရဲ့ သတင်းက ငါ့ကို လာပြီး ခြောက်လှန့်နေလို့ သွားစစ်ကြည့်လိုက်တာ တစ်ယောက်ယောက်က မင်းတို့နှစ်ယောက်ရဲ့ ဓါတ်ပုံကို မနက်စောစောမှာ တိတ်တိတ်လေး ရိုက်မိခဲ့တာကိုပဲ တွေ့ခဲ့ရတယ်... ငါဖြင့် နှလုံးခုန်ရပ်မတတ် ဖြစ်သွားတာ"
သူက အပြန်ပြန်အလှန်လှန် သတိပေးလာသည် " မင်းတို့နှစ်ယောက်က ဘာမှ ဖုံးကွယ်မထားပေးမယ့်လည်း ဖန်တွေဘက်က ဒါကို ရင်ဆိုင်နိုင်မလားဆိုတာကို စဥ်းစားကြည့်ဖို့ လိုသေးတယ်လေ...ငါတို့ ဒါကို ဖြေးဖြေးချင်း သွားရမယ်"
ဤကိစ္စဆိုလျှင် ရှစ်ရော့က ယွီနျန့်ဘက်တွင်သာ အမြဲ ရပ်တည်လေ့ရှိသည်။
" အစ်ကိုမုန့်ရယ်... နျန်နျန်သာ ဆင်ဆင်ခြင်ခြင် မနေခဲ့ဘူးဆိုရင် ဒီမနက်မှာ သေချာပေါက် ဥက္ကဌရွှယ်နဲ့ လက်ချင်းချိတ်ပြီး ထွက်လာမှာပေါ့"
ထိုမြင်ကွင်းနှင့် ဖြစ်လာမည့် အုတ်အော်သောင်းနင်း ကိစ္စအကြောင်း စဥ်းစားကြည့်ရင်း မုန့်ယွမ်မှာ တဆက်တည်း ခေါင်းကိုက်လာရသည်။ သူက ခေါင်းရှုပ်စေမည့် အတွေးများအားလုံးကို ဖယ်ထုတ်လိုက်ရင်း မေးလာသည်
" စကားမစပ်...နျန်နျန် မင်းရဲ့ အိမ်ကို ပြောင်းလိုက်ချင်လား"
ယွီနျန်က ဤအကြောင်းကို ယခင်နေ့ညကတည်းက စဥ်းစားမိသည်။ သူ၏ လက်ရှိနေသည့် နေရာက ကုမ္ပဏီပိုင် အိမ်ရာဝန်းထဲတွင် ဖြစ်ကာ အိမ်ရာအနည်းငယ်နှင့် လုံခြုံရေးအစောင့် အနည်းငယ်ရှိ၍ နောက်ယောင်ခံလိုက်သည့် ဖန်များနှင့် သတင်းထောက်များ ဝင်လာရန် ခက်ခဲလေသည်။ သို့သော်လည်း ဤဖြစ်ရပ်ကြောင့် သတင်းထောက်များက အပြင်တွင် တဲဆောက်နေကြတော့မည်မှာ မလွဲမသွေပင်။ သူက စဥ်းစားလိုက်ပြီး ပြန်ဖြေလာသည်
" ကျွန်တော် စဥ်းစားထားလိုက်ပါ့မယ်"
“ကောင်းပြီ...အချိန်ယူလိုက်ဦး"
သူ၏ အိမ်ရာသို့ ရောက်သည့်အချိန် မုန့်ယွမ်က မနေနိုင်ပဲ အမှတ်ရလာသည်
" မင်း...နျန်နျန် အပေါ်ယံကတော့ စားစရာဝယ်မစားနိုင်တဲ့ ပုံစံနဲ့ လစာလည်း ကြိုပေးထားရသေးတယ်...ဒါပေမယ့် မင်းက အိမ်တော်တစ်ခု တိတ်တိတ်လေး ပိုင်ထားတယ်ရော... အိမ်တော်တစ်ခု...အားလုံးက အတုတွေပဲ...မိုးကောင်းကင်ကိုတောင် တိုင်တည်ပြီး ပြောလိုက်မယ်...မင်းရဲ့ အိမ်ထဲက ရှေးဟောင်းပစ္စည်းတွေ ရှေ့မှာ 'အကုန်လုံးက အတုတွေပါ'လို့ ပြောကြည့်လိုက်စမ်း"
ယွီနျန်က သူ ယနေ့ အဆူခံရမည်မှန်း သိနေ၍ တိတ်တိတ်လေး နေပြီး မုန့်ယွမ်ကို ပြုံးသာ ပြုံးပြနေရသည်။
သူ ပြုံးနေသည်ကို မြင်၍ မုန့်ယွမ်လည်း မနေနိုင်ပဲ ရယ်မိသည်။
"ဒါပေမယ့် နောက်တစ်ကြိမ် မင်းအိမ်ကို လာတဲ့အခါ သတိထားဖို့ လိုနေပြီ...မတော်တဆ တစ်ခုခုကို ဝင်တိုက်မိသွားရင် ငါ့နှလုံးက သွေးထွက်ရလိမ့်မယ် ...ဘယ်လိုပဲဖြစ်ဖြစ် ငါက ရင်းနှီးမြုပ်နှံမှုလောကထဲ နေခဲ့တုန်းက သမိုင်းကြောင်းအရှည်ကြီးတွေရှိတဲ့ မိသားစုကြီးတွေအကြောင်း ကြားဖူးပါတယ်...သူတို့က အိမ်မှာ ရှေးလက်မှုပစ္စည်းတွေပဲ သုံးကြတာ...အချိန်ကြာလာတော့ အဲ့ဒီပစ္စည်းတွေက ရှေးဟောင်းပစ္စည်းတွေအဖြစ် ပြောင်းသွားကြတယ်... ငါ တစ်ခါမှ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
ယွီနျန်က နောက်ဆုံးစကားပြောလာပြီး ရယ်မောလာသည် " ဟုတ်တယ်...ကျွန်တော့်အဘွားက ပြောလေ့ရှိတယ်...ကျွန်တော်တို့ အိမ်ထဲက ပစ္စည်းတွေအားလုံးက ဝိဥာဥ်ရှိတဲ့သူတွေ ဖြစ်နေရင် သူတို့အကုန် အသက်ကြီးပြီး ပညာရှိတဲ့သူတွေ ဖြစ်လာကြလိမ့်မယ်တဲ့..."
သူတို့က "ရတနာလမ်းစနောက်လိုက်ခြင်း" ရှိုးပွဲ၏ ရိုက်ကူးရေး စတူဒီယိုရှိ စင်နောက်ဘက်သို့ ရောက်သွားသည့်အချိန် ကုရိရန်နှင့် ကန်ကျိုးတို့ကို တွေ့လိုက်ရသည်။ ယွီနျန်က တောင်းပန်လာသည်
" ကျွန်တော့်ရဲ့ အချိန်ဇယားကြောင့် ဒီနေ့ထိ အချိန်နောက်ဆုတ်လိုက်ရတဲ့အတွက် အရမ်း အားနာမိတယ်"
ကန်ကျိုးက ရည်ရည်မွန်မွန် ပြောလာသည်
" တောင်တန်းဒေသတွေအတွက် ပေးကမ်းလှူဒါန်းမှုသွားလုပ်တာက ကောင်းတဲ့ကိစ္စပဲလေ...တစ်ရက်လေး နှောင့်နှေးသွားတာက ဘာမှမဖြစ်ပါဘူး...အဲ့ဒါပြီးတော့ နျန်နျန် မင်း ကြေးနီရောင် ကွေ့အိုးကို ပြန်ယူလာခဲ့တယ် မို့လား"
ယွီနျန်က အံ့အားသင့်သွားရသည် " ဘယ်လိုလုပ်ပြီး သိသွားတာလဲ"
ကုရိရန်က သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးပြလာသည်
" ငါတို့ ဘယ်လိုလုပ် မသိပဲနေမှာလဲ... မနေ့ညက မနက် တစ်နာရီနှစ်နာရီလောက်ကြီး အဲ့ဒီ ဆံပင်ဘုတ်သိုက်နဲ့ လူအိုကြီး ကျန်းဟုန်ယင်းက မကိုင်မချင်း ဖုန်းခေါ်နေတာလေ....သူ့ရဲ့ ကျောင်းသားကောင်းလေးက ဖုပေါ်ယန် တောင်တန်းဒေသမှာ ရှာနေတဲ့ ကြေးနီရောင် ကွေ့အိုးကို ပြန်ယူလာခဲ့တယ်လို့ သတင်းပေးလာတာ...သူက အရမ်း ဂုဏ်ယူနေပြီးတော့ သူ့အမြီး မိုးပေါ် ထောင်သွားမတတ် စိတ်လှုပ်ရှားနေတာလေ"
ကန်ကျိုးကလည်း ပြောလာသည် " လောင်ကုပြောတာ မှန်တယ်...လောင်
ကျန်းက ဖုန်းကို အကြိမ်ရေမနည်း ခေါ်လာတာ...ကြည့်ရတာ လူတိုင်း သိသွားကြတဲ့ပုံပဲ"
ယွီနျန်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်
" ဟုတ်တယ်...အဲ့ဒါ သေချာပေါက် ဆရာ့စတိုင်ပဲ"