Chapter 151
နျန်နျန်က ချိုတယ်
ရိုက်ကူးရေးလုပ်နေစဥ်အတွင်း ..
"ရတနာလမ်းစရှာဖွေခြင်း" ရှိုး၏ တတိယမြောက် ပါဝင်သည့်သူက အသားအရေ ညိုညစ်ညစ်နှင့် ယန်ရှန်းဆိုသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ သူက ရိုးရိုးအဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး စားပွဲပေါ်သို့ ပန်းချီစာလိပ်တစ်ချပ် တင်လာသည်။
စာလိပ်ကို ဖွင့်ကြည့်လိုက်သောအခါ ကြည်ညိုဖွယ် ဗုဒ္ဓရုပ်ပွားတော်ပုံတစ်ခု ပေါ်ထွက်လာသည်။ ပန်းချီကားနောက်ကွယ်က ဇာတ်လမ်းကို မိတ်ဆက်ပေးပြီးနောက် သူက အစီအစဥ်တင်ဆက်သူဘက် လှည့်လိုက်ရင်း ပြောလာသည်
" တောင်းပန်ပါတယ်...ကျွန်တော် တစ်ခုခု ပြောဖို့ မိနစ်နည်းနည်းလောက် ယူချင်ပါတယ်"
အစီအစဥ်တင်ဆက်သူက သူ့ကို လက်ဟန်ပြလာပြီး ဆက်ပြောလိုက်သည် "ရတာပေါ့ဗျာ"
ယန်ရှန်းက မိုက်ကရိုဖုန်း ကိုင်ထားရင်း ကျွမ်းကျင်သူတို့ရဲ့ ဘောင်အတွင်းက ပြောလာသည်
" ကျွန်တော် ဒီရှိုးမှာ ပါဝင်လာရတဲ့ အဓိကအကြောင်းပြချက်က မစ္စတာရှို့နျင်းရဲ့ မျိုးဆက် ဆရာယွီနျန်နဲ့ တွေ့ဖို့ပဲ ဖြစ်ပါတယ်"
သူ့အဘိုး၏ အမည်ကို ရုတ်တရက် ကြားလိုက်ရ၍ ယွီနျန်လည်း အံ့အားသင့်သွားခဲ့သည် " ကျွန်တော့်အဘိုးအကြောင်း ပြောနေတာလား"
"ဟုတ်တယ်...မင်းရဲ့ အဘိုး မစ္စတာရှို့နျင်းပဲ...ဆရာယွီနျန်... တကယ်တော့ မင်း ကလေးလေးတုန်းက ခပ်ဝေးဝေးကနေ မြင်ဖူးတယ်"
ယန်ရှန်းက ကင်မရာရှေ့တွင် စိတ်လှုပ်ရှားနေသည်။ သူက မိုက်ကရိုဖုန်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားရင်း ပြန်လည် စမုံ့ပြန်တော့သည်
" ကျွန်တော့်မိသားစုက ဂိုဘီသဲကန္တာရ အနီးမှာ နေခဲ့တာပါ...ပြီးတော့ လွန်ခဲ့တဲ့ ဆယ်နှစ် နှစ်နှစ်ဆယ်လောက်က သူတို့က အဲ့ဒီနေရာမှာ ဘုရားကျောင်းဂူတစ်ခုကို တွေ့ရှိခဲ့ကြတယ်...နောက်ပိုင်းမှာ ပြတိုက်တစ်ခု ဖြစ်လာတဲ့ ဘုရားကျောင်းပေါ့...."
ယွီနျန်က ချက်ချင်း မှတ်မိသွားလေသည်
" ဟုတ်တယ်...ကျွန်တော် အဲ့ဒီကို အဘိုးနဲ့ ရောက်ဖူးတယ် ...အဲ့ဒါက မုချွန်လှိုဏ်ဂူလေ...ပြတိုက်ကို မုချွန်ပြတိုက်လို့ခေါ်တာ...ကျွန်တော် အဲ့ဒီမှာ ဒါရိုက်တာရှု ရိုက်ကူးခဲ့တဲ့ 'ရှေးဟောင်းလမ်းမ'ရုပ်ရှင်အတွက် ရိုက်ကူးရေးလုပ်ခဲ့တယ်...ကျွန်တော်တို့ ပြန်ကြတဲ့အချိန် အစ်မနဲ့ ကျွန်တော်နဲ့တောင် ပြတိုက်ကို သွားလည်ခဲ့သေးတယ်"
“ဟုတ်တယ် ဟုတ်တယ်...အမှန်ပဲ"
ယန်ရှန်းက အတော်လေး စိတ်လှုပ်ရှားနေသည်။ သူက ထပ်ထပ်ကာ ခေါင်းညိမ့်နေပြီး သူ့ကိုယ်သူ တည်ငြိမ်ရန် ကြိုးစားနေရင်း ဆက်ပြောလာသည်
" အဲ့ဒီတုန်းက ကျွန်တော်က အသက်သုံးဆယ်တောင် မရှိသေးဘူး...ကျွန်တော့်အဖေက ထိခိုက်ထားပြီး အမေကလည်း အပြင်းအထန် နေမကောင်းဖြစ်နေတာ...ဇနီးကလည်း ထင်မထားပဲ ဆုံးပါးသွားတော့ ကျန်းမာရေးမကောင်းတဲ့ ကလေးနှစ်ယောက်က ကျန်နေခဲ့တယ်...ဘဝကြီးက သဲရှင်ထဲ နစ်ဝင်သွားသလိုပဲ ခြေထောက်တောင် မကြွနိုင် ဖြစ်ခဲ့ရတာ... နောက်ပိုင်းမှာ အရမ်းခက်ခဲခဲ့လို့ ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးခဲ့မိတယ်"
“ကျွန်တော့်ကို တားခဲ့တာက မစ္စတာရှို့နျင်းပဲ...ကျွန်တော့်အခြအနေကို သိသွားတော့ သူ့မှာ ပါတဲ့ ပိုက်ဆံတွေအကုန်လုံး ကျွန်တော့်ကို ပေးသွားခဲ့တာ...စုစုပေါင်း ၂၃၅၈ယွမ်နဲ့ ၃၀ဆင့်...ကျွန်တော် ယူဖို့ ငြင်းခဲ့ပေမယ့် သူက ကျွန်တော့်ရဲ့ အကြပ်အတည်းအချိန်ကို ကျော်ဖြတ်နိုင်ဖို့ ကူညီပေးတဲ့ ယာယီချေးငွေလို့ သဘောထားဆိုပြီး တိုက်တွန်းခဲ့တာ... သူက ဘဝမှာ မကျော်လွှားနိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူး ဆိုပြီး ပြောခဲ့တယ်"
“အဲ့ဒီနောက် သူက လှိုဏ်ဂူတူးတဲ့အဖွဲ့ထဲ အလုပ်လုပ်ဖို့ စီစဥ်ပေးခဲ့တယ်...ကျွန်တော်က အဲ့ဒီမှာ လက်တိုလက်တောင်းအလုပ်လေးတွေ လုပ်ခဲ့တယ်...အဖွဲ့က ကျွန်တော်တို့ကို ဘန်းမုန့်ပေါင်းတွေ ဝေပေးခဲ့တာ...အဲ့ဒါက ကျွန်တော့်မိဘတွေနဲ အိမ်က ကလေးနှစ်ယောက် ဝမ်းဝရုံလောက်ပါပဲ ...."
ယန်ရှန်း၏ မျက်လုံးများက နီရဲလာသော်ငြား အားတင်းပြုံးလိုက်ရင်း ဆက်ပြောလာသည်
" နောက်ပိုင်းတော့ ကျွန်တော် အဲ့ဒီပိုက်ဆံကို သုံးခဲ့တယ်...တစ်ဝက်လောက်က ကျွန်တော့်အမေ ဆေးကုဖို့ထဲ ရောက်သွားပြီး ကျန်တာကို ကျွန်တော် ရေကားတစ်စီး ငှားဖို့ သုံးခဲ့တယ်....ကျွန်တော်က မနက်နဲ့ညနေတိုင်း ရေပို့ပေးတယ်...ဘဝကြီးက စပြီး တိုးတက်လာခဲ့တာ..."
“အခု ကျွန်တော့် မိဘတွေလည်း အသက်ရှင်နေကြတယ်...ကလေးနှစ်ယောက်စလုံးကလည်း တက္ကသိုလ် တက်နေကြပြီ...မင်းက မစ္စတာရှို့နျင်းရဲ့ မျိုးဆက်ဆိုတဲ့အကြောင်း ကြားတော့ မင်းကို ကိုယ်တိုင်ကိုယ်ကျ ပိုက်ဆံပေးချင်လို့ ဒီကို ရောက်လာရတာပါ"
သူက ဘောင်အတွင်း လျှောက်သွားလိုက်ရင်း အိပ်ကပ်ထဲမှ စက္ကူထုပ် တစ်ထုပ်ကို တစ်ရိုတသေ ထုတ်လာသည်။ သူက ဖွင့်လိုက်ရာ ပမာဏအမျိုးမျိုးနှင့် ဘဏ်မှတ်စုစာအုပ်များ အထပ်လိုက် ထွက်လာသည်။
“အဲ့ဒီအခြေအနေတုန်းက မစ္စတာရှို့နျင်းက ပိုက်ဆံချေးပေးတာလို့ ပြောခဲ့ပေမယ့် ပြန်ဆပ်ဖို့ သူ မမျှော်လင့်ထားမှန်း ကျွန်တော် သိပါတယ်...ဘယ်လိုပဲနေနေ ဒီပိုက်ဆံပြန်ဆပ်ဖို့က ကျွန်တော့်ရဲ့ ပန်းတိုင်နဲ့ ဆန္ဒတစ်ခု ဖြစ်နေလို့ပါပဲ"
ထိုစကားကြားလိုက်ရစဥ် ယွီနျန်က မငြင်းတော့ပဲ ပိုက်ဆံကို ရိုရိုသေသေ ယူလိုက်သည်
" ကျွန်တော့်အဘိုးသာ သိရင် သူ အရမ်း ဝမ်းသာနေမှာပါ"
နောက်တစ်နေ့တွင် ပရိုဂရမ်ကို ထုတ်လွှင့်သောအခါ အပြစ်ရှာပြီ ထေ့ငေါ့တတ်သည့်သူအချို့ကို ဆွဲဆောင်မိသလို ဖြစ်သွားခဲ့သည်။
[ရှိုးထုတ်လုပ်တဲ့သူတွေက စိတ်ခံစားချက်တွေ ပွင့်ထွက်လာစေချင်တာ ဆိုပေမယ့် အရမ်း တောင့်တောင့်ကြီး ဖြစ်နေသလားလို့... ဇာတ်ညွှန်းက အရမ်းပိုလွန်းမနေဘူးလား...အစားစားဖို့တောင် မတတ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ...အလုပ်သမားတစ်ယောက်ကို ပေးတဲ့ ဘန်းမုန့်ပေါင်းလေးက မိသားစု တစ်ခုလုံးရဲ့ ဗိုက်ကို ဖြည့်နိုင်တယ်ပေါ့...ယွမ်နှစ်ထောင်ကျော်လောက် မစို့မပို့ပိုက်ဆံလေး ပေးလိုက်တာက မိသားစု တစ်ခုလုံးရဲ့ ဘဝကို ကယ်တင်နိုင်တယ်ပေါ့ ... လူတွေ သူတို့ရဲ့ ပုံရိပ်ကို ဒီလိုမျိုး ထုတ်ပြနေကြတာ ကြည့်ရ အရမ်း စိတ်ပျက်စရာကောင်းလိုက်တာ...]
သို့သော်လည်း ထိုကောမန့်က ပြန်လည်ချေပမှူများနှင့် ရင်ဆိုင်လိုက်ရသည်။
[တစ်ချို့သူတွေက အဆိပ်ပြင်းသလို ရူးမိုက်ကြတယ်...မုချွမ်လိုဏ်ဂူက တူးဖော်ရေးအကြောင်း သတင်းအချက်အလက်တွေ အသေးစိတ် ရနိုင်သေးတယ်နော်... လိုဏ်ဂူကို တစ်ဝက်တစ်ပျက် တူးပြီးတဲ့အချိန် အဲ့ဒီက ကျွမ်းကျင်သူတွေက ရှေ့ဆက်မတိုးရဲကြလို့ မစ္စတာရှို့နျင်းကို ချက်ချင်း သွားဖိတ်ခဲ့ကြတယ်... သူက တူးဖော်ရေးနေရာကို ချက်ချင်း ရောက်လာပြီးတော့ အလုပ် ချောချောမွေ့မွေ့ ပြီးတဲ့အထိ နေပြီးမှ ထွက်သွားခဲ့တယ်...မုချွမ်ပြတိုက်မှာ ချိတ်ထားတဲ့ ဂုဏ်ပြုကျောက်စာတိုင်ကလည်း မစ္စတာရှို့နျင်းအတွက် လုပ်ထားပေးခဲ့တာ... ပြောရရင် မစ္စတာရှို့နျင်းရဲ့ တည်ရှိမှုကို တရုတ်နိုင်ငံမှာရှိတဲ့ ယဥ်ကျေးမှုအမွေအနှစ်တူးဖော်တဲ့ နေရာတိုင်းမှာ မကြာခဏ တွေ့ရတတ်တယ်... မစ္စတာရှို့နျင်းရဲ့ ကိုယ်ကျင့်တရား ရိုးသားဖြောင့်မတ်မှုနဲ့ အောင်မြင်မှုတို့က နင်တို့တွေ သာမန်ကာလျှံကာ အပြစ်ပြောလို့ ရတဲ့ အရာမျိုး မဟုတ်ဘူးဆိုတာပဲ]
[ငါ့အဘိုးက ရှေးဟောင်းသုတေသနတွေမှာ ပါခဲ့ဖူးလို့ မစ္စတာရှို့နျင်းနဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတယ်...သူက မစ္စတာရှို့နျင်းရဲ့ ဘဝတစ်လျှောက် ဖြတ်သန်းလာခဲ့တဲ့ အသိပညာကြွယ်ဝမှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်စွမ်းတို့ကို လေးစားအားကျခဲ့ရတာ...ပြောရရင် ငါ့အဘိုးက ယွီနျန်ကိုလည်း အရမ်း အထင်ကြီးတယ်... မစ္စတာရှို့နျင်းနောက် တကောက်ကောက် လိုက်ပြီး မှင်တွေ ယူလာပေးလိုက် စုတ်တံတွေ ပို့ပေးလိုက်နဲ့ အရမ်း စဥ်းစားတတ်တဲ့ ကောင်ချောလေး တစ်ယောက် ရှိတယ်လို့ ပြောနေတာ...]
['ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုကို ဘယ်တော့မှ မကြုံခဲ့ရဘူး' ဆိုတာရဲ့ ဗားရှင်းအစစ်ပေါ့...မင်း မြင်နေရတာ ကမ္ဘာကြီး တစ်ခုလုံးလား...မင်းကို ပြောပြမယ် အဝတ်အစား ဝယ်မဝတ်နိုင်တဲ့ စမတ်ဖုန်းတွေ တီဗီတွေအကြောင်း မသိတဲ့သူတွေရယ် လောက်လောက်ငှငှ မစားနိုင်တဲ့သူတွေမှ အများကြီး ရှိနေတုန်းပဲ...အရာရာတိုင်းကို ဇာတ်ညွှန်းရေးထားတယ် စိတ်ခံစားရအောင် လုပ်တယ် ပုံရိပ်တစ်ခု ဖန်တီးတယ်လို့ပဲ တွေးမနေကြနဲ့... မင်းတို့ရဲ့ ကမ္ဘာကြီးက အရမ်းသေးတာပဲ... ငါ မင်းကို ရိယောင်မိုဘိုင်းရဲ့ လူမှုဖူလုံရေးထောက်ပံ့မှု မှတ်တမ်းဗီဒီယိုကို သွားကြည့်ဖို့ အကြံပေးချင်တယ်...သွားစစ်ကြည့်လိုက်[လင့်] ]
ရိယောင်မိုဘိုင်း၏ လူမှုဖူလုံရေးထောက်ပံ့မှု မှတ်တမ်းဗီဒီယိုကို ညကိုးနာရီတွင် သူတို့၏ တရားဝင် ဝက်ဆိုက်များနှင့် တရားဝင် ဆိုရှယ်မီဒီယာအကောင့်များတွင် ထုတ်လွှင့်လာသည်။ အဖွဲ့၏ ခရီးကို သုံးပိုင်းခွဲထားပြီး တစ်ပိုင်းစီက မိနစ်လေးဆယ်ကြာလေသည်။ မှတ်တမ်းက ရှင်းဖုန့်ကျေးရွာရှိ ဆင်းရဲနွမ်းပါးမှု အခြေအနေနှင့် လူမှုဖူလုံရေးထောက်ပံ့မှု အဖွဲ့၏ ကြုံတွေ့ခဲ့ရမှုများကို အဓိက မှတ်တမ်းတင်ထားသည်။ ထုတ်လွှင့်ပြီးသည်နှင့် ယင်းက အထူးအာရုံစိုက်ခံခဲ့ရပြီး ဆွေးနွေးချက်များလည်း တဖွားဖွား ပေါ်ပေါက်လာသည်။
ညဆယ်နာရီခွဲတွင် ရိယောင်မိုဘိုင်း၏ တရားဝင်ဆိုရှယ်မီဒီယာအကောင့်မှ "ရိယောင်ခရီးလမ်း၏ အပိုင်းပို" ဆိုသည့် ဗီဒီယို တစ်ခု တင်ပေးလာသည်။ အချိန်တိုအတွင်း ဖိုရမ်ကြိုးတစ်စ ထွက်ပေါ်လာသည်။
"သောက်ကျိုးနဲ...မင်းတို့တွေကို ' ရိယောင်ခရီးလမ်း' မှတ်တမ်းဗီဒီယိုကို ကြည့်ဖို့ အကြံပေးချင်တယ်...အပိုင်းပိုရဲ့ သုံးမိနစ်နဲ့ စက္ကန့်နှစ်ဆယ်က စပြီး ချမ်းသာတဲ့ သခင်လေးပုံရိပ်ကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာအပြင် တောင်ထိပ်ဖျားမှာ ဖုန်းကွယ်နေတဲ့ ရတနာ ရှာဖွေခြင်း အနုပညာကိုပါ ယွီနျန်က မင်းတို့ကို သင်ပေးလိမ့်မယ်"
"ရိယောင်ခရီးလမ်း"၏ အပိုင်းပိုက သိပ်မကြာချေ။ မိနစ်နှစ်ဆယ်ခန့်သာ ရှိသော်လည်း တိုးဝင်လာကြသည့် လူအုပ်ကြီးက အရမ်း ပြွတ်သိပ်ညပ်နေ၍ တစ်ယောက်မျက်နှာ တစ်ယောက် ဖိထားမတတ် ဖြစ်နေသည်။
အစပိုင်းတွင် ယွီနျန်က ရိုးရိုးရှင်းရှင်း စာသင်ခန်းတစ်ခုတွင် ကျောင်းသားအချို့ကို စာသင်နေသည့်အကြောင်း ရိုက်ကူးထားသည်။အချိန်တိုတစ်ခု ကြာပြီးနောက် ယွီနျန်က ရေဘီးကို ပြင်ပေးရန် အကူအညီတောင်းနေသည့် ရွာလူကြီးနှင့် စကားပြောနေသည့်ဘက် ပြောင်းရိုက်သွားသည်။ [ရေဘီး= ရေစပ်နားမှာ ရှိတတ်သလို ရေအားလျှပ်စစ်ထုတ်ပေးတဲ့ သစ်သားဘီးအကြီးကြီး ထောင်ထားတာပါ]
ဖြတ်သွားဖြတ်လာ လူအုပ်များက ပျော်ရွှင်နေသည်
[ဟားဟားဟား...ရွာလူကြီးက လူမှားရွေးမိသွားပြီ...ယွီနျန်က ရေဘီးကို မြင်တောင်မြင်ဖူးမှာ မဟုတ်ဘူး]
[နျန်နျန် ဖိအားများနေတဲ့ ပုံလေးက ချစ်စရာကောင်းလိုက်တာ ဟားဟားဟား]
သို့သော်လည်း ကင်မရာက ပြောင်းသွားသည့်အချိန် လူအုပ်ကြီးက ရုတ်တရက် မေးခွန်းမှတ်များစွာနှင့် အကြောင်းအရာကို ချက်ချင်း ပြောင်းမေးလာကြသည်။
[သောက်ကျိုးနဲ...သူ တကယ် လုပ်တတ်တာလား...သူ တကယ်ကြီး ရေဘီး ပြင်နိုင်တယ်ပေါ့]
[အိုင်ဒေါတစ်ယောက်က အင်္ကျီလက်ပင့်ပြီး ရေဘီးပြင်နေတာကို ပထမဆုံး မြင်ဖူးတာပဲ... မင်းရဲ့ အမျိုးကောင်းသား ပုံရိပ်လေး ဘယ်လိုဖြစ်သွားပြီလဲ]
[ငါတော့ စဥ်းစားကြည့်ရုံနဲ့ ပင်ပန်းပြီး ညစ်ပတ်တယ်လို့ ခံစားရတယ်... အမျိုးကောင်းသား သခင်လေးတွေက ဒီလို စက်ပြင်ရတဲ့ အလုပ်မျိုးကို ရှောင်ရမှာ မဟုတ်ဘူးလား]
ယွီနျန်က ရွာလူကြီးနောက် လိုက်ပြီး ကုန်လှောင်ရုံထဲ လိုက်သွားသည့် မြင်ကွင်းအရောက် အမျိုးမျိုးသော လူအုပ်ကြီးက "ကုန်လှောင်ရုံက အရမ်း ညစ်ပတ်တယ်" "သူတို့တွေ အပိုပစ္စည်း ရှာတွေ့ပါ့မလား...စိတ်လှုပ်ရှားစရာပဲ" ဆိုသည့် အကြောင်း ပြောဆိုချက်များနှင့်အတူ "အားအင်အပြည့်နှင့် ရှေ့ရောက်နေခြင်း" ဆိုသည့် အနီရောင်စာလုံးကြီးများက ချက်ချင်းပင် ပြည့်သိပ်ညပ် ပေါ်ပေါက်လာသည်။
ကင်မရာဘက် လှည့်ပြီး ယွီနျန်က သူ အရည်အချင်း မပြည့်မီ၍ သူ့ဆရာသာ လုပ်သင့်ကြောင်း ပြောလိုက်သည်ထိ အင်တိုက်အားတိုက် သတိပေးချက်များက ဆက်တိုက် ပေါ်လာသည်။ လူအုပ်ကြီးက အုပ်လိုက်ဖြစ်လာ၍ "အင်အားအပြည့်နှင့် ရှေ့ရောက်နေခြင်း" ဆိုသည့် ရောင်စုံစာလုံးထပ်များကို ဖုံးလွှမ်းသွားကာ "ဒူးထောက်ပါတယ်" "ကံကောင်းမှု အထွတ်အထိပ်ရောက်" ဆိုသည့် ကောမန့်များကလည်း မျက်စိတစ်မှိတ်အတွင်း ပုံလာပြီး "အင်အားအပြည့်နှင့် ရှေ့ရောက်နေခြင်း"ဆိုသည်ကို ဖုံးလွှမ်းသွားသည်။
ဤအထူးစပါယ်ရှယ်အပိုင်း၏ နောက်ဆုံးဇာတ်ဝင်ခန်းက မနက်စောစောပိုင်းတွင် ရိုက်ထားခြင်း ဖြစ်သည်။ နေရောင်ထွက်ပြူစအချိန်တွင် ကျေးရွာထဲရှိ မီးခိုးခေါင်းတိုင်များမှ မီးခိုးငွေ့များ ထွက်ပေါ်နေသည်။ တောင်တန်းများကလည်း မြူနှင်းရိပ်တို့ လွှမ်းနေပြီး ငှက်အော်သံက စီစီဝေဝေနှင့် သာယာလှသည်။
ယွီနျန်က အရက်အိုးတစ်လုံးကို သယ်ထားရင်း နှင်းစက်တို့ ခိုတွဲနေသည့် ဝါးစိမ်းချောင်း တစ်ခုကို ကိုင်ထားပြီး သစ်ရွက်ခြောက်နှင့် သစ်ကိုင်းခြောက်များပေါ် ဖြတ်လျှောက်ကာ သာမန် အုတ်ဂူတစ်ခုရှေ့အရောက် ခြေလှမ်းရပ်သွားသည်။
အရက်အိုးနှင့် ဝါးစိမ်းချောင်းတို့ကို အောက်ချထားလိုက်ရင်း ယွီနျန်က ရိုရိုသေသေ ဒူးထောက်လိုက်ပြီး ဦးသုံးကြိမ်ချလိုက်သည်။ ထို့နောက် "ဖူး"ဆိုသည့် အသံနှင့် အိုးအဖုံးဖွင့်လိုက်ရင်း ဖြေးဖြေးချင်း ဂူရှေ့ကို အရက်လောင်းချလိုက်သည်။ သူက ဝါးလုံး စိမ်းစိုစိုကို အနီးအနားတွင် ထားလိုက်သည်။
ပေါ့ပေါ့ပါးပါး စကားဝိုင်းတစ်ခုလို ပြောနေရင်း သူက စကားဆိုလာသည်
" ကျွန်တော့်အဘိုးက ဖုမိသားစုက ဖုပေါ်ယန်လို့ ခေါ်တဲ့တစ်ယောက်အကြောင်း ပြောတာကို ကျွန်တော် ကြားဖူးတယ်..သူက ထူးခြားတဲ့သူတဲ့...အရက် အရမ်းကြိုက်ပြီး အရက်ချက်တာမှာလည်း အရမ်း တော်တာလို့ ပြောတယ်...သူက ဝါးကို သဘောကျတဲ့သူမို့ ပုံတွေ အများကြီး ဆွဲခဲ့ပေမယ့် တစ်ခုမှ စိတ်ကျေနပ်မှုမရှိလို အကုန် မီးရှို့ပစ်လိုက်တယ်တဲ့လေ...ငါသာ အဲ့ဒီလိုလူမျိုးနဲ့ မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးရနိုင်မယ် ဆိုရင် အတူတူ တစ်ခွက်တစ်ဖလား မော့လိုက်ဦးမယ်လို့တောင် ပြောခဲ့တာ..."
" အဘိုးဘဝနဲ့ ရင်းပြီး ချစ်ခင်ခဲ့ရတဲ့ ကြေးနီစပ်ကွေ့အိုးကိုလည်း ကျွန်တော်က လုံလုံခြုံခြုံ ပြန်ယူသွားပါ့မယ်...ကျေးဇူးပြုပြီး စိတ်ချပေးပါ"
အဆုံးတွင် ယွီနျန်က ထပ်ပြီး ဦးညွတ်လိုက်ရင်း ရိုရိုသေသေ ပြောလာသည် " အဆုံးမရှိ လေးစားလျက်ပါ...ဆရာ"
[နောက်ဆုံးပိုင်းက မျက်ရည်ကျအောင်ထိ ဖြစ်သွားခဲ့တာ...အခု ငါက တောင်တွေ မြင့်သလို ရေတွေ သက်တမ်းကြာမြင့်သလို ဆရာတစ်ယောက် အပေါ် ထားရှိတဲ့ စစ်မှန်တဲ့ လေးစားမှုက အဆုံးမရှိဘူး ဆိုတာ ဘာကို ဆိုလိုမှန်း ချက်ချင်း နားလည်သွားရပြီ ...]
[အဆုံးမရှိ လေးစားလျက်ပါ ဆရာ...ငါက အစပိုင်းမှာ ယိုပေါက် ရှာနိုင်တဲ့ ယွီနျန်ရဲ့ အမြင်စူးရှမှုကြောင့် တော်တော် အံ့သြသွားခဲ့တာ...ဒါပေမယ့် ကြေးနီစပ်ကွေ့အိုးရဲ့ ဇာတ်လမ်းကို သိပြီးတဲ့နောက် စစ်ဖြစ်တဲ့ ကာလမှာတောင် တချို့လူတွေက မသေချာမရေရာနဲ့ တန်ဖိုးထားရတဲ့အရာအတွက် အသက်ရင်းပြီး စွန့်စားခဲ့ကြသေးတာပဲလို့ စိတ်ကူးကြည့်မိတယ်... ဒီသတ္တိတစ်ခုထဲကပဲ လေးစားသွားရအောင် ဖြစ်စေခဲ့တာ]
[အဆုံးသတ်ကို တွေ့ပြီးတော့ ယွီနျန်က ရှင်းဖုန့်ကျေးရွာကို သွားခဲ့ပြီးတော့ ရွာလူကြီးရဲ့ ယုံကြည်မှုကို ရအောင်လုပ်ခဲ့တယ် ရေဘီးကို ကူပြင်ပေးခဲ့ပြီးတော့ သစ်လုံးအပိုရှာဖို့ ရွာလူကြီးနောက် လိုက်သွားပေးခဲ့တဲ့အတွက် အရမ်း ဝမ်းသာမိတယ်....မဟုတ်ရင် ဒီကြေးနီစပ်ကွေ့အိုးက အသီးအရွက်တွေ သိပ်ဖို့ ဆက်ပြီး သုံးနေကြဦးမှာ...ဒီအခွင့်အရေးအတွက်လည်း ကျေးဇူးတင်မိပါတယ်...အဆုံးမရှိ လေးစားလျက်ပါ...ဆရာ]
သွားနေသော နန်နီကားလေးပေါ်တွင် ရှစ်ရော့ကလည်း ဤဗီဒီယိုကို ကြည့်နေလေသည်။ သူမက မျက်လုံးကို ပွတ်သတ်လိုက်ပြီး တစ်သျှူး ထုတ်ရင်း ပြောလာသည် " ဘာလို့မှန်း မသိဘူး...ငိုပဲငိုချင်နေတာ"
ယွီနျန်က ပြတင်းပေါက်ဘက်မှ အကြည့်လှည့်လာရင်း နှစ်သိမ့်ပေးလာသည်
"ရပါတယ်...အဲ့ဒါက အစ်မရော့ရော့က နှလုံးသားမဲ့တဲ့သူ တစ်ယောက် မဟုတ်ဘူး ဆိုတာ ပြနေတာပဲလေ..."
မုန့်ယွမ်က ယွီနျန်လောက် နားလည်မပေးနိုင်သော်ငြား သူလည်း စိတ်ထိခိုက်မခံနိုင် ဖြစ်နေသည်။သူက မေးလာသည်
" အဲ့ဒီ ကြေးနီစပ်ကွေ့အိုးက ဘယ်လို ဖြစ်သွားမှာလဲ"
"ဆရာက အမျိုးသားရေးရာ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဌာနကို သတင်းပို့ပြီးပေမယ့် ဆရာ့သုတေသနခန်းထဲမှာ အချိန်တစ်ခုလောက် ရှိနေဖြစ်မယ်...စီနီယာအစ်ကိုရှုက ပြောတာတော့ ကျွမ်းကျင်သူတွေနဲ့ ပရော်ဖက်ဆာ တော်တော်များများက သမိုင်းကြောင်းမှာ ရှာတွေ့တယ် ဆိုကတည်းက ဒီကြေးနီကွေ့အိုးကို စိတ်ဝင်စားနေကြတာတဲ့..."
အခြေအနေကို နားလည်သွားချိန် မုန့်ယွမ်က တစ်ခုခုကို အမှတ်ရသွားလေသည်။
" စကားမစပ် ငါ အခုလေးတင် သတင်း တွေ့လိုက်တာ...ကျောက်ရှုယာက သူ့အဖေရဲ့ နာမည်ကို သန့်ရှင်းပေးဖို့ ဆက်ကြိုးစားနေတုန်း ဆိုလား"
ရှစ်ရော့က မျက်လုံးအစုံ ပြူးကျယ်သွားရင်း ပြင်းပြင်းထန်ထန် တုံ့ပြန်လာသည်။
" ဒီလို အမြင်ကပ်စရာကောင်းပြီး မကျေနပ်စရာကောင်းတဲ့ အလုပ်ကို လုပ်ထားပြီးတော့ သူ့အဖေရဲ့ နာမည်ကို ပြန်သန့်စင်ဖို့ ကြိုးစားနေတာတဲ့လား...ကျောက်ရှုယာက အရာရာတိုင်းကို ဆေးကြောပစ်နိုင်တယ်လို့ တွေးသွားအောင် မီဒီယာနဲ့ ဖျော်ဖြေရေးနယ်ပယ်ကနေ ဦးနှောက်ကျင်းခံလိုက်ရတာလား"
"ရော့ရော့...ဘာလို့ အရမ်း ဒေါသထွက်နေရတာလဲ"
မုန့်ယွမ်က အမြန် ပြောလာသည်
" ငါ ပြောတာ မပြီးသေးဘူးလေ... သူက သူ့အဖေနဲ့ ပတ်သတ်ပြီး ပို့စ်နှစ်ခု ဝေ့ပေါ်မှာ တင်ခဲ့ပေမယ့် နှစ်ခုလုံး ပြင်းပြင်းထန်ထန် အလှောင်ခံလိုက်ရတယ်...တချို့ ပြင်းထန်ပြီး ခေါင်းကြောမာတဲ့ ဖန်တွေဆိုရင် သူ့ကို ဖြူစင်ကြောင်း သက်သေပြချင်ရင်တဲ့ သူ့အဖေနဲ့ ရေစက်ဖြတ်လိုက် ဆိုပြီးတော့တောင် အကြံပေးနေကြတာ"
ရှစ်ရော့က နှာမှုတ်လိုက်သည်
" သူ့ရဲ့ လူထုပုံရိပ်က သူ့အတွက် အရမ်း အရေးပါတယ်... သူ့ကို အရှက်ရစေတဲ့အတွက် သူ့အဖေကို တိုးတိုးတိတ်တိတ် စိတ်ပျက်နေရင်တောင် ပွင့်ပွင့်လင်းလင်းကြီး ရေစက်ဖြတ်လို့မှ မရနိုင်ပဲ"
မုန့်ယွမ်က သဘောကျရယ်မောလိုက်သည်။
" ဝိုး...ရော့ရော့ မင်းက ဒါကို ရှင်းရှင်းလင်းလင်း မြင်သားပဲနော်"
ရှစ်ရော့က မေးပင့်လိုက်ရင်း ပြောလာသည် " ဒါပေါ့"
မုန့်ယွမ်က အချိန်ကို စစ်ကြည့်လိုက်ရင်း တစ်ခုခုကို အမှတ်ရသွားသည်။ သူက ယွီနျန့်ကို မေးလာသည် " ညသန်းခေါင်တောင် ရှိတော့မှာပဲ...မင်းကို မေးဖို့ မေ့နေလိုက်တာ...ဒီည ဘယ်မှာ နေမှာလဲ နျန်နျန်"
ယွီနျန်က လိပ်စာ တစ်ခု ပြောလာသည် " ကျွန်တော်က ဒီနေရာမှာ ယာယီ နေနေတာ...လုံခြုံရေးလည်း ကောင်းပြီးတော့ အဆင်ပြေတဲ့ နေရာမှာ ရှိတယ်"
“Star River Bayလား...အဲ့ဒီက အိမ်တွေက စျေးမချိုဘူးနော်...မင်း ဘယ်အချိန် ဝယ်လိုက်တာလဲ"
သူ့စကားဆုံးသွားမှ မုန့်ယွမ်က တစ်ခုခု မှားနေမှန်း နားလည်သွားသည်။ အခြားသူများက သတိမထားမိသော်လည်း ယွီနျန်က ဝင်ငွေအများကြီး ရသည့်အချိန်တိုင်း ရေလို သုံးပစ်လိုက်၍ ထိုသို့ စျေးကြီးအိမ်ရာမျိုး မတတ်နိုင်မှန်း သူ ကောင်းကောင်းသိလေသည်။ သူက ရိပ်မိသွားသည်
" ဥက္ကဌရွှယ် မို့လား"
“အင်း..."
သူတို့က ရွှယ်ယုံ့အကြောင်း ပြောမိသွား၍ ယွီနျန်က မနေနိုင်ပဲ ပြုံးမိသွားသည်
" သူက Star River Bay မှာ ပိုင်ဆိုင်မှု တစ်ခု ရှိလို့ ကျွန်တော်က ရက်နည်းနည်းလောက် အဲ့ဒီမှာ သွားနေမှာရယ်...သူလည်း လိုက်နေမှာလေ"
နားလည်သွား၍ မုန့်ယွမ်က သဘောကျရယ်မောလိုက်သည်
" ဝိုး...မင်းရဲ့ အိမ်အပြင်ဘက် တဲထိုးပြီး နေနေရတဲ့ သတင်းထောက်တွေကို
ကျေးဇူးတင်ရမလို ဖြစ်နေပြီ... သူတို့က မင်းတို့အတူတူ နေဖို့ အကြောင်းပြချက် တစ်ခု ပေးလိုက်တာပဲ"
ယွီနျန့်အပြုံးက ပိုပြီး တောက်ပသွားရင်း ပြန်ဖြေလာသည်
" ဟုတ်တယ်"