Chapter 152
နျန်နျန်က ချိုတယ်
Star River Bay က နေရာကျယ်ဝန်းပြီး အထပ်အနည်းငယ်ပါသည့် အဆောက်အအုံများ ဖြစ်ကာ သီးပင်စားပင်များနှင့် စိမ်းလန်းစိုပြေ၍ နေထိုင်သူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးသည် ဟူ၍ လူသိများသည်။ ယွီနျန်က ရွှယ်ယုံ့နေရာသို့ ယခင်က ရောက်ဖူး၍ လမ်းကြောင်းအတိုင်း သွားလိုက်ပြီး သစ်ပင်ရိပ်များကို ဖြတ်ကာ အပေါက်ဝရှေ့ရပ်လိုက်ရင်း တံခါးဖွင့်ရန် လက်ဗွှေနှိပ်လိုက်သည်။
အထဲဝင်လိုက်သည်နှင့် သူက ယခင်နေရာမှ သုံးခဲ့သည့် ပစ္စည်းတိုင်းက သူမရောက်ခင်အတွင်း ဤနေရာသို့ တစ်နေ့တည်း ရွှေ့ထားပြီးမှန်း သတိထားမိသွားသည်။
သူက အိမ်ကို လှည့်ပတ်ပြီး လျှောက်ကြည့်လိုက်သော်ငြား ရွှယ်ယုံက အိမ်တွင် မရှိချေ။
ယွီနျန်က ဖုန်းထုတ်လိုက်ပြီး ဖုန်းဆက်မေးရန် ပြင်လိုက်စဥ် တံခါးဘက်မှ လှုပ်ရှားသံကို ကြားလိုက်ရသည်။ ခဏကြာပြီးနောက် ရွှယ်ယုံက တံခါးဖွင့်ပြီး ဝင်လာသည်။ ယွီနျန်က သူ့ထက် အရင်ရောက်နေမှန်း တွေ့လိုက်ရ၍ ရွှယ်ယုံက အနည်းငယ် နောင်တရသွားရင်း သယ်လာသည့် စားစရာဗူးကို ကမ်းပေးလာသည်
" နျန်နျန်...ဒီမှာ"
ယွီနျန်က ယူလိုက်ရင်း နှလုံးသားထဲ နွေးထွေးသည့် ရေပူစမ်းလေး ဖြစ်ထွန်းလာသလို ခံစားရသည်။
သူက ချင်းဟမ်လမ်းမပေါ်ရှိ အစာသွပ်မုန့်ဆိုင်မှ အစာသွပ်မုန့် စားချင်ကြောင်း ပြောဖူးသော်လည်း ထင်မထားစွာ ရွှယ်ယုံက သူ့အတွက် ဝယ်ပေးလာသည်။
မုန့်ဘူးလေးကို ဖွင့်လိုက်ရင်း အစာသွပ်မုန့် တစ်ပိုင်းကို ယူပြီး ကိုက်လိုက်သည်။သူ၏ မျက်လုံးများက လခြမ်းသဏ္ဍာန် ကွေးညွတ်သွားရင်း အားရကျေနပ်သလို ပြောလာသည်
" ဆရာ အခုလေးတင် လုပ်ထားတဲ့ အစာသွပ်မုန့်အသစ်က အရမ်း အရသာရှိတာပဲ...အချိုလည်း ကိုက်တယ်... ကြည့်ရတာ ပန်းပွင့်နံ့လေး ထည့်ထားတဲ့ပုံပဲ"
ရွှယ်ယုံက ယွီနျန်နောက် လိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်ရင်း ပြောလာသည်
"နျန်နျန် ကိုယ်လည်း မြည်းကြည့်ချင်တယ်"
ယွီနျန်က တစ်ဝက်ကိုက်ထားသည့် အစာသွပ်မုန့်ကို ပေးလိုက်သော်လည်း အံ့သြဖို့ကောင်းစွာ ရွှယ်ယုံက ရှောင်တိမ်းလိုက်ရင်း ယွီနျန့်ခါးတစ်ဝိုက် ပွေ့ဖက်လာပြီး ဆိုဖာပေါ် ဖိချကာ နမ်းရှိုက်လာတော့သည်။ နူးညံ့သည့် လျှာဖျားလေးက ယွီနျန့်သွားကို တွန်းထိုးလာရင်း ကွေ့ပတ်ပြီး တားမရဆီးမရ လျက်လိုက် နမ်းလိုက် ဖွဖွကိုက်လိုက် လုပ်လာ၍ စပ်ဖျဥ်းဖျဥ်း ခံစားရသည်။
အရသာမြည်းပြီးသွားချိန် ရွှယ်ယုံက ယွီနျန့် နားသန်သီးလေးကို လျှာနှင့် ပွတ်သတ်လိုက်ရင်း တိုးတိုးဆိုလာသည်
" နျန်နျန်က ချိုတယ်...ကိုယ် ထပ်လိုချင်သေးတယ်"
“ကိုယ့် နျန်နျန်လေးရဲ့အရသာက အရမ်း ချိုတာပဲ"
ထိုစကားကြားလိုက်ရစဥ် ယွီနျန်က စကားဆိုမလာပဲ ရွှယ်ယုံ့လည်တိုင်ထက် ခေါင်းမြုပ်လိုက်သည်။ သူ၏ အသက်ရှူသံက စောစောက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသည်။
သူ့ကို အိပ်ခန်းထဲ ချီမသွားပဲ ရွှယ်ယုံက ယွီနျန့်ကို စာကြည့်ခန်းထဲ ခေါ်သွားလိုက်သည်။
" ကိုယ်က အချိန်ပို လုပ်စရာ ရှိသေးတယ်။ နျန်နျန်လည်း အတူနေပေးလို့ရမလား"
ထိုစကားကြားသောအခါ ယွီနျန်က သဘောကျသလို ကျိတ်ရယ်လိုက်သည်။ ရွှယ်ယုံက သူ့ကို ဒီနေရာတောင် ခေါ်လာပြီးပြီကို သနားစရာလေသံလေးနဲ့ လာပြောနေတယ်...။ ရွှယ်ယုံက သူ့ကို ချီထားလျက် ထိုင်ခုံပေါ် ထိုင်လိုက်သည်ကို ခွင့်ပြုထားလိုက်ပြီး ပျင်းရိပျင်းတွဲ လေသံနှင့် ပြောလာသည်
" ကောင်းပြီလေ...ဘာပဲဖြစ်ဖြစ် ကျွန်တော်က ခင်ဗျားအနားမှာ နေရဖို့ပဲလိုအပ်တာ"
“ဘာအတွက်နဲ့ ကိုယ့်အနားမှာ နေဖို့လဲ"
"သေချာပေါက် အားပြန်ပြည့်ဖို့လေ"
ရွှယ်ယုံ့မျက်လုံးများထက် သဘောကျသလို အရိပ်အရောင်များ ဖြတ်ပြေးသွားသည်။
ရွှယ်ယုံ့ပေါင်ပေါ် ထိုင်နေရင်း ယွီနျန်က လက်ဆန့်ပြီး ရွှယ်ယုံ့အောက်နှုတ်ခမ်းကို လက်ချောင်းများနှင့် ကျီစယ်သလို ထိတွေ့လိုက်ရင်း ညစ်ကျယ်ကျယ် မေးလာသည်
" ဒီနေရာကရော ပင်ပန်းနေလား"
ယခင်တစ်ခေါက်က အရမ်း မှောင်နေ၍ မမြင်ခဲ့ရသော်လည်း ယခုအကြိမ်တွင်ဖြင့် မီးဖွင့်ထား၍ တစ်စက္ကန့်အတွင်း ရွှယ်ယုံ့ နားရွက်ဖျားများ ရဲတွတ်သွားသည်ကို တွေ့လိုက်ရသည်။ သူက ယွီနျန့်လက်ချောင်းများကို သွားနှင့်ကိုက်၍ အပြစ်ပေးလိုက်သော်လည်း အားမထည့်ပဲ ဖွဖွလေး ကိုက်ကာ လွှတ်ပေးလိုက်သည်။ သူက အကြည့်လွှဲလိုက်ရင်း ပြောလာသည်
" ....မ ပင်ပန်းပါဘူး"
ယွီနျန်က ရွှယ်ယုံ့လက်မောင်းပေါ် မှီချလာကာ ရွှယ်ယုံ့အလုပ်ကို မျက်လုံးမှေးပြီး ကြည့်လာသည်။
ရွှယ်ယုံ အလုပ်လုပ်နေသည့်အချိန်တွင် သူက အခြားသူတစ်ယောက်လို လုံးလုံး ပြောင်းလဲသွားသလိုပင်။ သူ၏ မျက်လုံးအိမ်များက နက်ရှိုင်းနေပြီး မျက်ခုံးမျက်လုံးများက ချွန်ထက်စူးရှနေပုံရှိကာ နှုတ်ခမ်းများလည်း တင်းတင်းစေ့ထားလေသည်။ သူ၏ မျက်နှာအနေအထား ပြောင်းလဲသွားသည့်အချိန် အေးစက်မှုကပါ တိုးဝင်လာသည်။ ယွီနျန်က ညင်ညင်သာသာ ခေါ်လိုက်သည်
" ရွှယ်ယုံ"
ရွှယ်ယုံက ခေါင်းငုံ့ကာ "အင်း"ဟု ခပ်ဖွဖွ ဖြေလာပြီး မျက်နှာအမူအရာကပါ ချက်ချင်း ပျော့ပျောင်းသွားလေသည်။
ယွီနျန်က ပြုံးပြလိုက်သည် " ဘာမှမဟုတ်ပါဘူး"
သို့သော်လည်း ရွှယ်ယုံက ပြန်မော့ကြည့်လိုက်ရင်း ကွန်ပျူတာမျက်နှာပြင်ထက် အာရုံစိုက်လိုက်သည်
" နျန်နျန်...ကိုယ့်ကို ဆက်ကြည့်မနေနဲ့တော့"
"ခင်ဗျားကို မကြည့်ရင် ဘယ်သူ့ကို သွားကြည့်ရမှာလဲ ကျွန်တော်က..."
ရွှယ်ယုံက ပြန်ဖြေလာသည်
" ...ဒါဖြင်လည်း ကိုယ့်ကိုပဲ ကြည့်ပါ"
ရွှယ်ယုံ့လည်တိုင်ကို ဖက်ထားလိုက်ရင်း ယွီနျန်က သဘောကျသွားသလို ခပ်ဖွဖွ ရယ်လာသည်။
နောက်တစ်နေ့မနက်တွင် ယွီနျန်က မနေ့ညကသူဘယ်လို အိပ်ပျော်သွားခဲ့မှန်းပင် မသိလိုက်သော်လည်း ရွှယ်ယုံ ကီးဘုတ်ရိုက်နေသည့်အသံကို မသဲမကွဲ ပြန်စဥ်းစားလိုက်သည်။ သူက ဖုန်းကို ရှာရန် လှည့်လိုက်စဥ် ဘေးရှိ အဝတ်မပါသည့် လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာပြီး သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာသည်။
ရွှယ်ယုံ့နှုတ်ခမ်းများက ယွီနျန့်ဆံပင်ထက် ပွတ်သတ်လာရင်း သြရှရှလေသံနှင့် ဆိုလာသည်
" နျန်နျန် ...မသွားပါနဲ့"
ရွှယ်ယုံက အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေမှန်း သိလိုက်၍ ယွီနျန်က တမင်သက်သက် စနောက်လိုက်သည် " နျန်နျန်က သွားနှင့်ပြီ"
ရွှယ်ယုံက ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်ရာ ယွီနျန့်အပြုံးစစကို တွေ့လိုက်ရ၍ ယွီနျန့်နဖူးလေးကို ဖိကပ်နမ်းရှိုက်လိုက်သည်။
သူ့မျက်လုံးထဲရှိ နာကျင်မှုအရိပ်အရောင်တို့ကို မြင်လိုက်ရ၍ ယွီနျန်က အနားတိုးမှီလိုက်ရင်း ရွှယ်ယုံ့မေ့စေ့ကို နမ်းလိုက်ပြီး ချော့မြူလာသည်
" မသွားဘူး မသွားဘူးနော်... ကျွန်တော်မှ ခင်ဗျားကို ချန်မထားခဲ့နိုင်တာ"
သူပြောပြီးသည်နှင့် ရွှယ်ယုံ့လက်က သူ့ခါးထက် နေရာယူလာပြီး အောက်သို့ သက်ဆင်းလာမှန်း သတိထားမိသည်။ ယွီနျန်က အမြန် ထထိုင်လိုက်ရင်း စောင်းကို ယူပြီး ပြောလိုက်သည်
" မဖြစ်ဘူးနော် တကယ် မဖြစ်ဘူး"
သူတို့က အိပ်ရာထဲ အချိန်တစ်ခုစာ လုံးထွေးနေပြီးမှ အိပ်ရာထပြီး အပြင်ထွက်ရန် ပြင်ကြသည်။ ယွီနျန်က မီးဖိုချောင်သို့ ဝင်လိုက်ပြီး အသားညှပ်ပေါင်မုန့်နှစ်ခုနှင့် လတ်လတ်ဆတ်ဆတ် ညစ်ထားသည့် သစ်သီးဖျော်ရည်ကို တစ်ယောက်တစ်ခုစီ ပြင်လိုက်သည်။
ထမင်းစားပွဲတွင် ရွှယ်ယုံက စားပွဲခင်းကို အသေးစိတ် ပြင်ဆင်နေပြီး ယွီနျန်က သူတို့ရှေ့တွင် တစ်ဖက်တစ်ချက်စီ ချထားသည့် ပန်းကန်ပြားနှင့် ဖျော်ရည်ခွက်တို့ကို ကြည့်လိုက်ရင်း သူ့ရင်ထဲ ပန်းပေါင်းတစ်ထောင် ပွင့်သွားသလို ခံစားရသည်။
မနက်စာစားပြီးနောက် ယွီနျန်က အဝတ်ခန်းသို့ သွားလိုက်ပြီး အနက်ရောင် ပိုးသားရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်တို့ကို ရွှယ်ယုံ သူ့အတွက် ဝယ်ပေးထားသည့် အဝတ်အစားပုံထဲမှ ရွေးယူလိုက်သည်။ ရွှယ်ယုံက အနီးရှိ အံဆွဲ တစ်ခုမှ ဘူးတစ်ဘူး ထုတ်လိုက်ရင်း ယွီနျန့်ကို ဖွင့်ပြလာသည်
" သဘောကျရဲ့လား...နျန်နျန်"
အထဲတွင် တစ်ပုံစံတည်းတူသည့် Patek Philippeတံဆိပ် နာရီနှစ်ခု ရှိနေသည်။ ယွီနျန်က
မျက်လုံးပင့်လိုက်ရင်း ပြုံးပြလာသည်
" ကျွန်တော်တို့က နာရီဆင်တူ ဝတ်ကြမလို့လား"
ရွှယ်ယုံက ဗူးကို ချထားလိုက်ရင်း နာရီကို ထုတ်လိုက်ပြီး ယွီနျန့်လက်ကောက်ဝတ်ပေါ် တစ်ခု ဝတ်ပေးလိုက်သည်။ ပြီးနောက် သူက ခေါင်းငုံ့လိုက်ရင်း ယွီနျန့်လက်ဖမိုးလေးကို နမ်းလိုက်သည်
" အင်း... .နျန်နျန်က ကိုယ့်အကြောင်းကို မိနစ်တိုင်း စက္ကန့်တိုင်း တွေးနေမယ်လို့ မျှော်လင့်ရင်းပေါ့"
*****
ရှစ်ရော့က ယွီနျန့်ကို တွေ့လိုက်သောအခါ သူမက ချက်ချင်း သတိထားမိသွားသည်
"နျန်နျန်...နာရီအသစ်ရထားတာလား"
ယွီနျန်က စိတ်ပျော်နေ၍ အပြုံးများက တောက်ပနေသည် " ဟုတ်တယ်...ကြည့်ကောင်းရဲ့လား"
"တကယ် ကြည့်ကောင်းတယ်ရော...ဒါပေမယ့် အရမ်း စျေးကြီးမယ့်ပုံပဲ"
ရှစ်ရော့က လျှာခလုတ်တိုက်မတတ် ဆက်ပြောလာသည်
" စကားမစပ် ဥက္ကဌချူရဲ့ အကိုကြီးက ဒီနေ့ စစ်ဆေးဖို့ လာမှာ...အစ်ကိုမုန့်က စီမံဌာနရဲ့ အစည်းအဝေး တစ်ခု တက်နေတာကြောင့် အစ်မကပဲ မင်းနဲ့ တစ်ချိန်လုံး ရှိနေမှာနော်"
ယွီနျန်က ခေါင်းညိမ့်ပြလာသည်
" ကျွန်တော်တို့ သိုက်ပေါ်ကြော်ငြာအတွက် ပရိုမိုးရှင်းဓါတ်ပုံ ရိုက်ရဦးမှာမို့လား...ရှောရှောရှူရှူ ပြီးသွားလောက်ပါတယ်"
စတူဒီယိုသို့ ရောက်သွားသောအခါ မုတ်ဆိတ်မွှေးထူထူနှင့် ဓါတ်ပုံဆရာက အရောင်စုံပါသည့် ရှပ်အင်္ကျီကိုဝတ်ထားပြီး ယွီနျန့်ကို တွေ့လိုက်ချိန် တစ်ခဏမျှ ရပ်လျက်နေရာမှ ရုတ်တရက် နာမည်တစ်ခုကို ခေါ်ပြီး အမြန် လျှောက်သွားလေသည်။ သူ့နောက်က လက်ထောက်က အမြန် ရှင်းပြလာသည်
" ဆောရီးပါ...မစ္စတာ ဝေနယ်က စတိုင်လစ်ရဲ့ နာမည်ကို ခေါ်လိုက်တာပါ...ကျွန်တော် ထင်တာ သူ ခင်ဗျားကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတော့ စိတ်ကူးသစ်တစ်ခု ရလိုက်လို့ ဖြစ်မယ်"
ယွီနျန်က နားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်ရင်း မိတ်ကပ်ပြင်သည့် မှန်ရှေ့တွင် ထိုင်ပြီး စောင့်နေလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သိပ်မကြာမီ ဓါတ်ပုံဆရာက စတိုင်လစ်နှင့်အတူ ရောက်လာသည်။ သူက သူ၏ ရိုင်းပျသွားမှုအတွက် ဦးဆုံး တောင်းပန်လာပြီး စာရွက်ဖြူနှင့် ခဲတံကိုင်လိုက်ရင်း ပုံကြမ်း ဆွဲပြလာသည်
" ငါတို့က ကြော့ရှင်းတဲ့ပုံစံနှင့် ရိုးရိုးရှင်းရှင်းလေး သွားချင်တာ...မင်း ဝတ်ထားတဲ့ အနက်ရောင် ပိုးသားရှပ်အင်္ကျီနဲ့ ခပ်ဆင်ဆင်ပေါ့..."
ရိုက်ကူးနေစဥ်အတွင်း ယွီနျန်က eyeliner နက်နက် ခြယ်ထားရသည်။ သူက ပိတ်ကားအဖြူကြီးရှေ့တွင် ညာလက်နှင့် နှင်းဆီအနီရဲရဲတစ်ပွင့်ကို ကိုင်ထားလျက် ပွင့်ဖတ်တစ်ချပ်ကို နှုတ်ခမ်းကြား ညှပ်ထားပြီး ကင်မရာဘက် ကြည့်နေသည်။အနက်ရောင်ပိုးသားရှပ်အင်္ကျီက ကြယ်သီးသုံးလုံး ဖြုတ်ထားပြီး သူ၏ နူးညံ့လှသော ပုခုံးတန်းလေးများနှင့် နှင်းပွင့်ရောင်အသားအရေ ညှပ်ရိုးနှင့်ရင်ဘတ်တို့ကို လှစ်ဟာပြထားသည်။
ပျက်စီးနေသော်ငြား စွဲမက်ဖွယ်ကောင်းသည့် ပုံစံလေးပင်....။
ဝေနယ်က ယွီနျန့်ကို ကင်မရာမှန်ဘီလူးမှတစ်ဆင့် ကြည့်လိုက်ရင်း သူ၏ ထုတ်လွှင့်နေသော အရှိန်အဝါတို့ကို ဖမ်းယူနေသည်။ သူ၏ မျက်လုံးများက အရောင်တလက်လက်နှင့် ခလုတ်ကို တဖြတ်ဖြတ် နှိပ်နေမိသည်။
သုံးရက်ကြာပြီးနောက် ဒပ်နယ်၏ တရားဝင်ဝေ့ပေါ်အကောင့်မှ ဓါတ်ပုံများ တင်ပေးလာ၍ ကောမန့်တစ်ခွင်လုံး ချက်ချင်းပင် "အားအားအား" ဆိုသည့် အံ့အားသင့်နေမှုများ ပြည့်လျှံလာသည်။
[အား...ငါ ဒါကို သည်းမခံနိုင်တော့ဘူး...နျန်နျန်ရေ မင်းရဲ့ အဝတ်တွေ ဝတ်လိုက်ဖို့ မားက အမိန့်ပေးနေတယ်နော်...ပြီးတော့ နှင်းဆီပန်းက တကယ်လည်း စားလို့မရပဲနဲ့ အောက်ချထားလိုက်]
[မင်းသာ ယွီနျန် သိုက်ပေါ်အတွက် ရိုက်ထားတဲ့ ဓါတ်ပုံကို တွေ့သွားရင်တော့ ငါတို့ သူငယ်ချင်းဖြစ်ပြီပဲ။အား...တကယ် သတိလစ်သွားမတတ်ပဲကွာ။ အရမ်း လှလွန်းတယ်...။ ငါတော့ ပြောစရာစကားမရှိသလို ဖြစ်သွားရပြီ...။ စကားမပြောတတ်တဲ့သူ ပုံစံမျိုး နှုတ်ဆက်ပြဖို့ပဲ တတ်နိုင်တော့တယ်...။ စိတ်လှုပ်ရှားလွန်းလို့ အကျယ်ကြီး အော်လိုက်ကြရအောင်။ စကားမစပ် အဲ့ဒီရှပ်အင်္ကျီမျိုး ဘယ်မှာ ရနိုင်မလဲ ဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးကြပါဦး]
[အား...ဖလောရင့်နဲ့က တခြားကမ္ဘာက မြေခွေးမိစ္ဆာစတိုင်။ ဟာဆီနဲ့က မူးယစ်နေတဲ့ သခင်လေးစတိုင်။ သိုက်ပေါ်နဲ့ကျပြန်တော့လည်း စွဲလမ်းသွားစေမယ့် စတိုင်။ တစ်ချက်လေးကြည့်လိုက်ရုံနဲ့ စွဲလမ်းသွားမယ်။ နှစ်ကြိမ်ကြည့်မိရင်တော့ မင်း ဘဝတစ်ခုလုံး ကောက်ကောက်ပါအောင် လိုက်ချင်မိမယ်။ တကယ်တော့ ယွီနျန့်စတိုင်ကို လွယ်လွယ်လေး ပုံသေထားလို့မရဘူး...မဟုတ်ရင် တစ်ခဏအတွင်း မျက်လုံးကန်းသွားစေလိမ့်မယ်]
သူ၏ အကအတန်း ပြီးသွားသောအခါ ယွီနျန်က ရေဘူးထဲမှ ရေတစ်ငုံသောက်လိုက်ပြီး ရှစ်ရော့က အာရုံတစ်ချက်မလွတ်ပဲ ဖုန်းကို စိုက်ကြည့်နေကို တွေ့လိုက်ရသည်။ သူက လှမ်းခေါ်လိုက်သည် " အစ်မရော့ရော့"
ရှစ်ရော့က ရုတ်တရက် လက်တွေ့ဘဝ ပြန်ရောက်လာ၍ ခက်ခက်ခဲခဲနှင့် နှုတ်ခမ်းထောင့်ကို ဆွဲတင်းလိုက်သည် " အကလေ့ကျင့်ဖို့ မသွားတော့ဘူးလား နျန်နျန်"
ယွီနျန်က ခေါင်းညိမ့်ပြလာသည်
" ဟုတ်တယ်...အချိန်ပြီးသွားပြီလေ...ဟော်ရှင်းကလည်း သွားနှင့်ပြီ" ရှစ်ရော့က တစ်ခုခုကို မူမမှန်ဖြစ်နေမှန်း အာရုံခံမိ၍ မေးလိုက်သည်
" စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခု ရှိလို့လား"
ရှစ်ရော့က ဖုန်းပိတ်လိုက်ပြီး အိပ်ကပ်ထဲ ထည့်လိုက်ကာ ပြုံးပြလာသည်
" အစ်မ အခုလေးတင် hot search t
rendsကို ကြည့်နေရင်း #ယွီနျန့်ဓာတ်ပုံကို မြင်သွားတဲ့သူအချင်းချင်း သူငယ်ချင်းလုပ်ကြမယ်# ဆိုတဲ့ ခေါင်းစဉ်က စာရင်းထဲ ရောက်နေတာကို သတိထားမိသွားတယ်"
ယွီနျန်က ရေဘူးကို ချလိုက်ရင်း သူ့ဖုန်းက အချိန်ကို စစ်ကြည့်ဟန် ပြင်လိုက်သော်လည်း ရှစ်ရော့က အမြန် တားလာသည်
" အမ် ဟိုလေ...အစ်ကိုမုန့် ရုံးခန်းကို သွားပြီး နေ့လည်စာစားလိုက်ကြရအောင်"
ယွီနျန့်ကို သူမကို မျက်လုံးရှင်းကြည်ကြည်လေးနှင့် ကြည့်လာချိန် ရှစ်ရော့က နှုတ်ခမ်းကိုက်နေပြီး စကားတစ်ခွန်းမှ မဆိုတော့ချေ။
သူ့ဖုန်းကို ချထားလိုက်ရင်း ယွီနျန်က တံခါးဆီ လျှောက်သွားလိုက်သည်
" သွားကြအောင်လေ...နေ့လည်စာစားဖို့ အချိန်ရောက်ပြီ"
မုန့်ယွမ်၏ ရုံးခန်းထဲကို ဝင်သွားပြီးနောက် ရှစ်ရော့က စကားထပ်ပြောလာသည် " အမ်...တကယ်တော့ နောက်ထပ် hot search တစ်ခု ရှိသေးတ
ယ်"
“ကျွန်တော်နဲ့ ဆိုင်နေတာပဲလား"
ဆိုဖာပေါ် ထိုင်ရင်း tabletနှင့် အလုပ်များနေသည့် မုန့်ယွမ်က ဆက်ပြောလာသည်
" ဟုတ်တယ်...ဒုတိယနေရာရောက်နေတာ...'ယွီနျန့်မိဘတွေက ဘယ်သူတွေလဲ'တဲ့"