အပိုင်း ၁၅၃
Viewers 16k

Chapter 153

: ကြည့်လိုက် ငါ့နာရီကို...



ရှစ်ရော့က သက်ပြင်းတစ်ချက် ချလိုက်ပြီး မုန့်ယွမ်ကို အရမ်း တည့်တိုးဆန်လွန်းသည်ဟု တွေးမိ၍ မျက်ခုံးတွန့်ကြည့်လိုက်ပြီး ယွီနျန့်ကို စိုးရိမ်ကြည့်ကြည့်လိုက်သည်။  


ယွီနျန်က ဖုန်းကိုင်ထားရင်း စကားရပ်သွားရာမှ ပြုံးပြီး ပြောလာသည်


 " အစ်မရော့ရော့...ကျွန်တော် စိတ်ထိခိုက်သွားမှာကို စိုးရိမ်နေတာလား"


ရှစ်ရော့က ခေါင်းအသာညိမ့်ပြလာသည် " ဟုတ်တယ်"


သူ၏ အတွေးများကို စုစည်းလိုက်ပြီး မျက်လွှာချလိုက်ကာ ယွီနျန်က အလေးအနက် ရှင်းပြလာသည် 


" တကယ်တော့ အစတုန်းက အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး စဥ်းစားစရာလေးတွေ ရှိနေလို့ ကျွန်တော့်ရဲ့ ဇာတ်မြစ်ကို ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့တယ်...ကျွန်တော့်အလုပ်ရဲ့ သဘာဝကြောင့် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အကုန်လုံးက လူထုကို သေချာပေါက် ချပြရမှာပဲလေ...တချို့လူတွေက ကျွန်တော့်ကို ကြိုက်ကြလိမ့်မယ်...တစ်ချို့ကတော့ ကြိုက်ကြမှာမဟုတ်ဘူးပေါ့"  


"ကျွန်တော် လုပ်သမျှ ကိစ္စတိုင်းနဲ့ ပြောသမျှ အရာရာတိုင်းကို 'ချင်းရှန်းယွီ'ဆိုတဲ့ နာမည်နဲ့ မပတ်သတ်စေချင်ဘူး...ဒီနာမည်က ကျွန်တော့် ဘိုးဘေးတွေက အဆက်ဆက် ရင်ဝယ်ပိုက်ပြီး တန်ဖိုးထား ကာကွယ်ပေးခဲ့တာ....ကျွန်တော့်ကြောင့်နဲ့ စွန်းထင်းမသွားစေချင်ဘူး" 


မုန့်ယွမ်က သူလုပ်နေသည့် အရာကို ချထားလိုက်ရင်း ယွီနျန် ပြောနေသည်ကို တိတ်တဆိတ် နားထောင်နေလိုက်သည်။


“ဒါပေမယ့် ကျွန်တော့်နောက်ကြောင်းက ဖော်ထုတ်ခံရမှာ သေချာပေါက်ပဲ ဆိုတာ ကျွန်တော် သိခဲ့တယ်... ကျွန်တော်က ဒီနယ်ပယ်ထဲမှာ နေလာတာ ကြာပြီ....မိသားစုကို အရှက်ရစေမယ့် ကိစ္စမျိုးလည်း ဘာမှမလုပ်ဖူးတော့ ကြီးကြီးမားမား သက်ရောက်မှုမျိုးတော့ မရှိခဲ့ဘူး"


 ယွီနျန်က နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွားရင်း ပြောလာသည် 


"ဒါပေမယ့် ကျွန်တော့် မိဘတွေအကြောင်း လူတွေမေးလာဖို့ ရှိသေးတာပဲ ဆိုတာလည်း သိခဲ့တယ်"


ရှစ်ရော့နှင့် မုန့်ယွမ်က အကြည့်ချင်းဖလှယ်လိုက်ကြရင်း နှစ်ဦးစလုံး ကရုဏာသက်မိကြသည်။ ယွီနျန့်မျက်နှာအခြေအနေကို တွေ့လိုက်ရစဥ် မုန့်ယွမ်ကလည်း ထိုသို့ တည့်တိုးမေးခွန်းမျိုး မေးမိသည့်အတွက် နောင်တရမိသွားသည်။


ယွီနျန်က စိတ်ထိန်းထားသည့် ပုံစံနှင့် စကားဆိုလာသည်


 " ကျွန်တော့်အမေက ကျွန်တော့်အဘိုးရဲ့ တစ်ဦးတည်းသော သမီး...ဒါပေမယ့် အမေက ကလေးမွေးရင်း ဆုံးသွားခဲ့တယ်...ကျွန်တော့်အဖေ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိဘူး...ကျွန်တော့်အဘိုးအဘွားတွေလည်း မသိကြဘူး...ကျွန်တော့်ကို သွေးတစ်ဝက်ပေးခဲ့တဲ့လူကိုတော့ ကျွန်တော် ဂရုမစိုက်ပါဘူး"


ရှစ်ရော့ကလည်း မမေးရဲ၍ တစ်ခဏမျှ မျက်မှောင်ကြုပ်လိုက်ရင်း မုန့်ယွမ်က ယွီနျန် အမှန်အတိုင်းပြောလာကတည်းက ဖုံးကွယ်ထားစရာ မရှိတော့မှန်း တွေးမိ၍ တိုက်ရိုက် မေးလိုက်သည် 


" မင်း မသိတာက ဒရမ်မာဆန်ဆန် အကြောင်းရင်းလေးတွေ ရှိနေတာများလား"


"အင်း...အဲ့ဒါက ကျွန်တော့်အမေက တစ်ခါမှ မပြောပြခဲ့ဘူး...သူမက အိမ်ပြန်လာတဲ့အချိန် ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့ အဘိုးနဲ့အဘွားကို ကျွန်မက ယွီမိသားစုရဲ့ မျိုးဆက်တစ်ယောက် ဖြစ်တာကြောင့် ယွီမျိုးရိုးကိုပဲ လွယ်ထားတယ်လို့ ပြောခဲ့တာတဲ့..." 


ယွီနျန်က မုန့်ယွမ်စိုးရိမ်နေသည့် အရာကို သိလေသည်။ " ကျွန်တော့်အမေက အပေါ်ယံကသာ အဆင့်အတန်းမြင့်သခင်မလေးပုံစံသာ ရှိတာ....သူမက ကြံခိုင်တဲ့ ပုံစံမျိုး ခေါင်းလည်း မာတယ်တဲ့...သူမက ယွီမိသားစုကို အရမ်း တန်ဖိုးထားတဲ့သူမို့ အဲ့ဒီလို ဒရမ်မာဆန်ဆန် ပြဇာတ်တွေမှာ ပါလိမ့်မှာ မဟုတ်ဘူး"


အခြေအနေက ရှင်းလင်းသွား၍ မုန့်ယွမ်က စားပွဲပေါ်ကို လက်ချောင်းနှင့် တတောက်တောက် ခေါက်လိုက်ရင်း ဆုံးဖြတ်လိုက်သည်


 " ဒါဆို ငါတို့ ဒီကိစ္စအကြောင်း စုံစမ်းမေးမြန်းလာတာတွေကို တုံ့ပြန်မနေတော့ဘူးနော်...ဘယ်လိုပဲဖြစ်ဖြစ် နျန်နျန် မင်း ပြင်ဆင်ထားရမယ်...ခေါင်းစဥ်ကို ရှောင်လိုက်ရင် အွန်လိုင်းပေါ်က လူတွေရဲ့ အာရုံကို ပိုပြီး ဆွဲဆောင်မိသလို ဖြစ်သွားလိမ့်မယ်...မင်းက တော်တော်များများရဲ့ မနာလိုအားကျရတဲ့ သူဖြစ်နေတာ...မင်းကို အောက်ဆွဲချချင်တဲ့သူတွေ တိုးပဲတိုးနေတာကွ...မင်းသာ မင်းရဲ့ အားနည်းချက်သာ ပြန့်သွားရင် အဆုံးမရှိ နက်နက်တူးကုန်ကြတော့မှာ"


“ဒါကြောင့် ဒီကိစ္စက ကျွန်တော့်ကို တိုက်ခိုက်လာတဲ့ အချက်တစ်ခု ဖြစ်လာတာမို့လား"


“ဟုတ်တယ်"


ယွီနျန်က ခေါင်းညိမ့်ပြလိုက်သည် " ကျွန်တော် အဲ့ဒါအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ့မယ်"


မုန့်ယွမ်နှင့် ယွီနျန်တို့၏ စကားဝိုင်းပြီးသွားမှန်း တွေ့လိုက်၍ ရှစ်ရော့က လက်မြောက်ပြီး ပြောလာသည် 


" အမ်...နျန်နျန်ရဲ့ မိဘတွေကိစ္စ trending topicကလေ အစက ဒုတိယနေရာမှာ ရှိနေပေမယ့် အခု ဖြုတ်ချခံလိုက်ရပြီ"


မုန့်ယွမ်က တုံ့ပြန်လာသည် 

" ကျွတ်ကျွတ်...ရင်းနှီးနေတဲ့ အကွက်ပါလား"


ယွီနျန်က သဘောကျသလို ရယ်မောလိုက်သည်

 " တခြားရှိနေလို့လား"


ရှစ်ရော့က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည် 

" ဟုတ်တယ်...ရှိတယ်...ဒုတိယနေရာက ဥက္ကဌရွှယ်နဲ့ ပတ်သက်တဲ့ ခေါင်းစဥ် တစ်ခုနဲ့ အစားထိုးသွားတာ...အကြောင်းအရာကတော့ မပြောတော့ဘူးနော်...မင်းဘာသာပဲ စစ်ကြည့်လိုက်တော့ နျန်နျန်ရေ"


ယွီနျန်က ဖုန်းယူကြည့်လိုက်ရာ trending topic က #ယွီနျန့်ဓာတ်ပုံကို မြင်သွားတဲ့သူအချင်းချင်း သူငယ်ချင်းလုပ်ကြမယ်# ဆိုသည့် ခေါင်းစဥ် ဖြစ်နေပြီး ဥက္ကဌရွှယ်က #နာရီ# ဆိုသည့် hashtagနှင့်အတူ trending list ၏ ဒုတိယနေရာကို ဝယ်ထားခြင်းဖြစ်သည်။ ခေါင်းစဥ်ကို နှိပ်ကြည့်လိုက်ရာ ပထမဆုံးပိုစ့်က ဥက္ကဌရွှယ်၏ နောက်ဆုံးတင်ထားသည့် ဝေ့ပေါ်အပ်ဒိတ်ဖြစ်သည်။


သူတင်ထားသည့် ဓါတ်ပုံက ယွီနျန့်လက်ကောက်ဝတ်က နာရီနှင့် တစ်ပုံစံတည်းတူသည့် စုံတွဲနာရီတစ်ခုပုံဖြစ်ပြီး စကားလုံးတစ်လုံးတည်းနှင့် captionတပ်ထားသည်။


*** ကြည့်လိုက်...***



[ဘာလို့ ဥက္ကဌရွှယ်ရဲ့ ဝေ့ပေါ် ပိုစ့်ကနေ တစ်ခုခု ထုတ်ပြနေသလို အနံ့အသက်မျိုး ရနေရတာလဲ...။ ပုံလေးတစ်ပုံနဲ့ စာလုံးလေးတစ်လုံးပဲကို တစ်ခုခု အနံ့အသက်ရနေတယ်]


[အိုကေ အိုကေ။ အခု နာရီကို မြင်သွားပြီနော် ။ ဥက္ကဌရွှယ်ရဲ့လက်က တကယ် အထင်ကြီးလောက်စရာပါပဲ။ ဒီ Vacheron Constantin နာရီက ချမ်းသာတဲ့ အငွေ့အသက်ပြင်းပြင်းကို ထုတ်လွှင့်နေတာ။ ဒါပေမယ့် ဘာလို့ သူက ယွီနျန်ရဲ့hot searchကို ဖယ်ပြီး သူ့နာရီကို ပြဖို့ ယူလိုက်ရတာလဲ။ ဒါ တကယ်ကို အကွက်ဆန်းကြီး] 


[အား.....'ယုံယွီမလေး'က ပွဲလုပ်ဖို့အတွက် ရောက်နေပြီနော်။ ဥက္ကဌရွှယ်က သူ့နာရီကို ထုတ်ပြလာတာလေးက အရမ်း ချစ်စရာကောင်းတာပဲ။ ပြီးတော့ ယွီနျန်နဲ့ hot searchတူတူ ရောက်နေတာ။ နှစ်ယောက်စလုံးက top trendingမှာ ရောက်နေကြတာ။ hot searchအတူတူရောက်ဖို့ လေ့ကျင့်ထားသလိုပဲနော်။ ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်ပါ။]


[ဥက္ကဌရွှယ်ရဲ့ ဝေ့ပေါ်ကို လှန်လှောကြည့်နေတာ...သူက ယွီနျန့်ကို နောက်ဆုံး အပြစ်ရှာထားတဲ့အချိန်ကတည်းကဆို တော်တော်ကြာပြီပဲ။ ရှင်းပြလို့မရနိုင်ပဲ တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားရတယ်။ ဥက္ကဌရွှယ်က တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာမို့ အရမ်း အလုပ်များနေတယ်ဆိုတာ ဖြစ်နိုင်လို့လား။ ယွီနျန့်ကြည့်ရတာကလည်း သဘောကျနေတဲ့သူ ရှိနေတဲ့ ပုံစံပဲ။တစ်ကိုယ်တည်းသမား ခွေးလေးက မျက်ရည်တွေ စီးကျနေပါပြီ]


စိတ်ရှည်ရှည်ထားပြီး ယွီနျန်က ထိပ်ပိုင်းကောမန့်ရာကျော်ကို လှန်လှောကြည့်ပြီးမှ ရွှယ်ယုံ၏ မူလပိုစ့်ကို ပြန်ဖတ်လိုက်သည်။ သူက ရွှယ်ယုံ လက်ကောက်ဝတ်ကို မြောက်ပြီး မျက်နှာထက် သိသာသည့် အမူအရာမပြပဲ ကြွားဝါသည့် လေသံနှင့် "ကြည့်လိုက်"ဟု ပြောနေမည့် ပုံစံကိုပင် စိတ်ကူးကြည့်မိသည်။ 


ယွီနျန်က ပျော်ပျော်ရွှင်ရွှင် ပြုံးနေမှန်း တွေ့လိုက်၍ မုန့်ယွမ်နှင့် ရှစ်ရော့တို့ နှစ်ယောက်သား စိတ်အေးသွားသလို အကြည့်ချင်းဖလှယ်မိကြသည်။


နေ့လည်စာစားပြီးနောက် ယွီနျန်က ဘေ့စ်ဘောဦးထုပ်ကို ကိုင်လိုက်ရင်း ပြောလာသည် 


" ကျွန်တော် အရင်ဆုံး သွားနှင့်မယ် အစ်ကိုမုန့်"


“ကောင်းပြီလေ...ဒီလို အလုပ်သိပ်မများတဲ့အချိန်ကို အခွင့်ရေးယူပြီး ကောင်းကောင်းနားပေါ့...အို့ ဒါနဲ့ စကားမစပ် " 


မုန့်ယွမ်က သူ့နာဖူးကို ကိုင်ထားသည့် ဘောပင်နှင့် တတောက်တောက် ခေါက်လိုက်ရင်း သွားရန်ပြင်နေသည့် ယွီနျန့်ကို လှမ်းခေါ်လိုက်သည် " မသွားသေးနဲ့ဦး...မင်းရဲ့ အယ်လ်ဘမ်ကရော ဘယ်လိုသွားမှာလဲ....သီချင်းတွေကရော ဘယ်လိုသွားမှာလဲ" 


ယွီနျန်က ဘေ့စ်ဘောဦးထုပ်ဆောင်းထားပြီး ရိုးရိုးရှင်းရှင်းနှင့် ကျောင်းသားအဝတ်အစား ဟူဒီအဖြူနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူက ပြန်ဖြေလာသည်


 " ကျွန်တော် သီချင်း ဆယ်ပုဒ်တော့ ရွေးထားပြီးပြီ...အယ်လ်ဘမ်ပြည့်ဖို့ နှစ်ပုဒ်ကျော်ကျော်လောက်ပဲ လိုတော့တာ"


“ဒါဖြင့် မင်းက သီချင်းဆယ်ပုဒ်ကို အရမ်း မြန်မြန်ကြီး ရေးထားပြီးပြီပေါ့" မုန့်ယွမ်က လက်ဖျားခါသွားရပြီး ပြန်လည် စဥ်းစားကြည့်သည် 


" ရွေးထုတ်ထားတယ် ဆိုတော့ မင်းက စုစုပေါင်း ဘယ်နှစ်ပုဒ် ရေးထားတာလဲ"  


“ခဏနော် ကျွန်တော် ရေကြည့်လိုက်ဦးမယ်"


 ယွီနျန်က တစ်ခဏမျှ သေသေချာချာ တွေးကြည့်လိုက်ပြီးမှ စကားဆိုလာသည်


 " ဆယ့်ခုနစ်ပုဒ်...နှစ်ဆယ့်တစ်ပုဒ်...ကျွန်တော်ထင်တာ သီချင်း နှစ်ဆယ့်ငါးပုဒ် ရေးထားပြီးပြီရယ်...စာသားတစ်ဝက်တစ်ပျက်ပဲ ရေးထားရသေးတဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်" သူက အံကြိတ်လိုက်ရင်း ပြောလာသည်


 " ဒါနဲ့ အစ်ကိုမုန့်ကို အဲ့ဒီသီချင်းတွေ ရောင်းပေးဖို့အကူအညီတောင်းပါတယ်ဗျာ" 


မုန့်ယွမ်၏ ဘောပင်က စားပွဲခုံပေါ် ကျသွားလေသည်


 " ဒါ ဘယ်လို အမြန်နှုန်းကြီးလဲ...။ နှစ်လကျော်လောက်လေးနဲ့ အပုဒ်နှစ်ဆယ်ကျော် ရေးပြီးသွားပြီပေါ့"


ယွီနျန်က ခေါင်းညိမ့်ပြလာသည်


 " ဟုတ်တယ်...ကျွန်တော်တော့ စိတ်ကူးပေါ်လာတာနဲ့ မရပ်နိုင် ဖြစ်သွားရတာ ထင်တယ်"


ဘောပင်ကို ပြန်ကောက်ယူလိုက်ရင်း မုန့်ယွမ်က သီချင်းများကို မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရေးနိုင်သည့်သူနှင့် စကားဆက်မပြောနိုင်တော့၍ အလျင်အမြန် တိုက်တွန်းလာသည် 


" သွားကြအောင် သွားကြအောင် ငါ့ရှေ့ကို တဝဲလည်လည် လာမလုပ်တော့နဲ့ ...မင်းကို ကြည့်နေရတာနဲ့တင် နှလုံးနာလွန်းလို့" 


သူက သဘောကျရယ်မောလိုက်ရင်း ဆက်ပြောလာသည်


 " ငါ သဘောပေါက်ပြီ။ မင်းအတွက် စျေးကောင်းကောင်းနဲ့ ငါ ရောင်းပေးမယ်။ အပြင်မှာဆိုလည်း စီနျင်းရေးတဲ့ သီချင်းတွေကို ဝယ်ဖိို့ တန်းစီနေကြတဲ့လူတွေမှ မနည်းပဲ။ နှစ်ဆယ့်ငါးပုဒ်ကနေ ဆယ်ပုဒ်လောက် ရွေးထားရုံနဲ့တင် အရမ်းကို သုံးနိုင်ဖြုန်းနိုင်သွားပြီ"  


“တချို့သီချင်းတွေက ကျွန်တော် ရေးထားတာ ဆိုပေမယ့် ကျွန်တော် ဆိုဖို့က သိပ်မကိုက်ဘူး ဖြစ်နေတာ" 


ယွီနျန်က ဘေ့စ်ဘောဦးထုပ်၏ နေရာတကျ ညှိလိုက်ရင်း ပြောလာသည်


 " ဒါဆို ကျွန်တော် အခု တကယ် သွားလို့ရပြီလား"


“ဟေး...မစ္စတာဘေ့စ်ဘောဦးထုပ်ရေ မင်း ဘယ်ကို သွားမယ် ဆိုတာလေး ပြောသွားလို့မရနိုင်ဘူးလား"


"ကျွန်တော့် ဆရာရဲ့ သုတေသနခန်းကိုပါ"


ယွီနျန်က သုတေသနခန်း၏ ကားပါကင်တွင် ပါကင်ထိုးလိုက်ပြီး ဓါတ်လှေကားနှင့် အပေါ်ထပ်သို့ တက်ခဲ့သည်။ သူက ဓါတ်လှေကား အပြင်ဘက် ခြေချလိုက်သည်နှင့် စီနီယာ လင်းချင်းဟယ်က လှမ်းခေါ်လာသည် 


" နျန်နျန် နောက်ဆုံးတော့ ရောက်လာပြီပေါ့"


လင်းချင်းဟယ်၏ စိတ်သက်သာရာ ရသွားသည့် ပုံစံကို တွေ့လိုက်ချိန် ယွီနျန်က နှုတ်ဆက်လိုက်ရင်း သိချင်စိတ်နှင့် မေးလိုက်သည် 


" နောက်ဆုံးတော့ ဆိုတော့"


လင်းချင်းဟယ်က ဝက်ရုပ်ကလေးပါသည့် အပြာဖျော့ရောင် နှာခေါင်းစည်းကို ယွီနျန့်ဆီ ကမ်းပေးလာသည်


 " ဆရာက မင်းအတွက် ဒီတစ်ခုကို ရွေးပေးထားတာ...အဲ့ဒါလေး တပ်လိုက်ဦး ပြီးရင် အတူတူ ဝင်ကြရအောင်"


ယွီနျန်က အဝတ်အစားများ လှဲဝတ်လိုက်ရင်း သုတေသနခန်းထဲ ဝင်လိုက်ချိန် ရှုလျန်ယန်က သူ့ကို နှုတ်ဆက်လာသည် 


" နျန်နျန် နောက်ဆုံးတော့ ရောက်လာပြီပေါ့"


နှစ်ဦးစလုံးက မူမမှန်သည့် ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရ၍ ယွီနျန်က စသလို လုပ်လိုက်သည်


 " ဒီနေ့ နှစ်ယောက်စလုံး ဘယ်လို ဖြစ်နေကြတာလဲဗျာ... သေသေချာချာ ရှင်းပြကြပါဦး မဟုတ်ရင် ကျွန်တော် ပြန်တော့မှာနော်"


ရှုလျန့်ယန်က အလောတကြီး ပြောလာသည်


 "မဟုတ်ဘူး မဟုတ်ဘူး မပြန်ပါနဲ့... အမျိုးသားရေးရာ ရုပ်မြင်သံကြားအစီအစဥ်က သတင်းထောက်တွေက ကြေးနီစပ်ကွေ့အိုး ကိစ္စကို သုတေသနအဖွဲ့ဝင်တွေနဲ့ အင်တာဗျူးဖို့ မကြာခင် ရောက်လာမှာ" 


လင်းချင်းဟယ်က ဆက်ပြောလာသည် 


" သူတို့က မင်းရဲ့ စီနီယာနှစ်ယောက်ကို ကင်မရာရှေ့မှာ သတင်းထောက်တွေ မေးသမျှဖြေရင်း ခေါင်းပြောင်အောင် လုပ်ချင်နေတာလေ...။ သူတို့က သုတေသနခန်းရဲ့ ပုံရိပ်ကို ဖျက်စီးသွားမိလိမ့်မယ်လို့ တွေးနေကြတာ"


ရှုလျန်ယန်နှင့် လင်းချင်းဟယ်၏ ဆံပင်ထူထူခေါင်းများကို ကြည့်လိုက်ရင်း ယွီနျန်က "ခေါင်းပြောင်"ဆိုသည့် အခေါ်အဝေါ်ကို စဥ်းစားကြည့်သည်။


လင်းချင်းဟယ်က ပြောလာသည် " သူတို့က အစ်ကို့ကို သတင်းထောက်တွေ မေးတာ ဖြေစေချင်ရင် အစ်ကိုတော့ ပေါက်ပြားသေးသေး ကိုင်ပြီး ဘီလန်မြစ်ထဲ သဲတူးဖို့ပဲ သွားလိုက်တော့မယ်"


ရှုလျန်ယန်က ထပ်ပြောလာသည် " သူတို့သာ အစ်ကို့ကို သတင်းထောက်တွေ မေးတာ ဖြေစေချင်ရင် အစ်ကိုတော့ ချက်ချင်း ပြန်ပြီး သုံးရက်သုံးညလုံး ရှေးဟောင်းပန်းချီကားတွေ သွားစုနေလိုက်တော့မယ်" 


ပြောဆိုကြပြီးနောက် နှစ်ဦးသား ယွီနျန့်ကို အားကိုးတကြီး ကြည့်လာကြသည်။


ယွီနျန်က သက်ပြင်းချလိုက်သည် " ဒါဆို ဒီလေးလံတဲ့ တာဝန်ကြီးက ကျွန်တော့်ပုခုံးပေါ် ကျလာတယ်ပေါ့"


ထိုခဏ ကျန်းဟုန်ယင်းကလည်း လက်ဖက်ရည်အိုးသေး တစ်အိုးနှင့် ထွက်လာသည် 


" မင်းတို့သုံးယောက် တံခါးနားမှ ဘာတွေ စုစု စုစု လုပ်နေကြတာလဲ။ တံခါးစောင့်နတ်တွေ ကျောက်ဖြစ်ရုပ်ကြွင်းတွေ လုပ်ကြတော့မလို့လား"


လင်းချင်းဟယ်က အမြန် လက်ဦးယူလိုက်သည် 


" ဆရာ ဂျူနီယာညီလေးက သတင်းထောက်တွေ မေးတာကို ဖြေရတဲ့ ဂုဏ်ပြုထိုက်တဲ့ တာဝန်ကို လွှဲယူပေးမလို့တဲ့"


ကျန်းဟုန်ယင်းက စိုက်ကြည့်လာသည် 


" မင်းတို့တွေကို မယုံပါဘူး...အပြင်မှာ အချိန်ဖြုန်းနေတာ ရပ်ပြီး အထဲဝင်လာကြ"


ကြေးနီစပ်ကွေ့အိုး၏ အစစ်ဖြစ်ကြောင်း ကြိုတင်အတည်ပြုချက်က ပြီးစီးသွားပြီ ဖြစ်သော်လည်း ထွင်းထုထားသော စာလုံးများ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ ပညာရေးလောကတွင် အငြင်းပွားမှုများ ရှိနေသေးသည်။ သို့သော်လည်း ရွှမ်မင်းဆက်တွင် တည်ရှိခဲ့သည် ဆိုသည့် သက်သေကြောင့် ကြေးနီစပ်ကွေ့အိုးက အသိအမှတ်ပြုခံရလေသည်။


ကျန်းဟုန်ယင်းက သုတေသနလုပ်ရိုးလုပ်စဥ်များကို အကျဥ်းချုပ် ပြောပြလာသည် 


" သတင်းထောက်တွေ ရောက်လာရင် မင်း ဖြေချင်တာသာ ဖြေလိုက်"


ကာတွန်းဝက်ပုံ အကွက်လေးပါသည့် နှာခေါင်းစည်း တပ်ထားသော ယွီနျန်က မေးလိုက်သည်


 " ဆရာ...ကျွန်တော် တကယ် သွားရမှာလား"


ရှုလျန်ယန်က ယွီနျန့် ပုခုံးကို ပုတ်လာသည်


 " မင်းပဲလေ ဂျူနီယာညီလေးရဲ့။ မင်းက အစ်ကိုတို့ ကျောင်းရဲ့ ပြယုဂ်ပဲကို။ စာသင်နှစ်တုန်းက မင်းရဲ့ ပထမဆုံး အစီရင်ခံစာကို တင်ပြခဲ့တဲ့ အချိန်တုန်းကလ်ို မင်းရဲ့ သတ္တိတွေကို ပြလိုက်စမ်းပါ"


နေ့လည်လေးနာရီတွင် အမျိုးသားရေးရာ ရုပ်မြင်သံကြားအစီအစဥ်မှ သတင်းထောက်များက ရောက်လာကြသည်။ ရှုလျန်ယန်က လူထုကို ပြမည့် သုတေသနခန်းကို ရိုက်ကူးရန် ဦးဆောင် ခေါ်သွားပြီးနောက် သူတို့က အင်တာဗျူးလုပ်ရိုးလုပ်စဥ်အတိုင်း သွားလေသည်။ ယွီနျန်က ရှေ့တိုးခံလိုက်ရ၍ တည်တည်ငြိမ်ငြိမ် အပြုံးလေးနှင့် ကင်မရာရှေ့ ရပ်လိုက်ရသည်


 " ဟယ်လို ယွီနျန်ပါ"


သတင်းထောက်များနှင့် ကင်မရာသမားများက ယွီနျန့်မျက်နှာကို မှတ်မိ

သွားကြ၍ ဤနေရာတွင် သုတေသနအဖွဲ့ဝင် အဖြစ် အလုပ်လုပ်နေဆဲ ဖြစ်သည့် သူ့ကို တွေ့လိုက်ရချိန် အံ့သြသွားကြသည်။ သို့သော်လည်း သတင်းထောက်များက ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြန်ထိန်းလိုက်ကြပြီး အင်တာဗျူးကို စလိုက်ကြသည်။