အပိုင်း ၁၅၄
Viewers 16k

Chapter 154

မင်းက ဆရာ့အတွက် ဂုဏ်ယူဖွယ်ရာပါပဲ 




ဤအပိုင်းကို နောက်တစ်နေ့ သတင်းတွင် ထုတ်လွှင့်သောအခါ အင်တာနက်သုံးစွဲသူများက အံ့အားသင့်သွားကြသည်။


[သေစမ်း ...ငါ တစ်ခုခု မြင်လိုက်ရသလားလို့။ ငါ ယွီနျန့်ကို အမျိုးသားရေးရာ ရုပ်မြင်သံကြား အစီအစဥ်မှာ တကယ်ကြီး တွေ့လိုက်တယ်ဟ။ သူ့ကို စာတန်းထိုးထားတာက သုတေသနပညာရှင်ဆိုလား။ ကမ္ဘာကြီးက ဘာတွေ ဖြစ်နေတာလဲ။ ငါပဲ အချိန်ကူးပြောင်းသွားတာလား သူပဲ ကူးပြောင်းလာတာလား]


[မသိတဲ့သူတွေကို ပြောပြပေးပါရစေ။ ယွီနျန်က နျင်းချန်တက္ကသိုလ်ရဲ့ သမိုင်းဌာနမှာ ထိပ်တန်းကျောင်းသားအဖြစ် ဘွဲ့ရထားတာပါနော်။ သူက ပရော်ဖက်ဆာ ကျန်းဟုန်ယင်းရဲ့ အရင်းနှီးဆုံး တပည့်လည်း ဖြစ်တယ်။ သူက ပရော်ဖက်ဆာ ကျန်းဟုန်ယင်းရဲ့ သုတေသနခန်းမှာ နှစ်အနည်းငယ် အလုပ်လုပ်ခဲ့ပြီးတော့ ကြေးနီစပ်ကွေ့အိုးကို ပြန်ယူလာတာလည်း သူပဲ။ ယွီနျန်က သူ့နယ်ပယ်မှာ အရမ်း အံ့သြစရာကောင်းတဲ့ ပါရမီရှိတယ် ဆိုတာ အမြဲတမ်း သိခဲ့ပေမယ့် ငါ့အိုင်ဒေါကို သတင်းမှာ တွေ့လိုက်ရတော့ တော်တော် လန့်သွားသေးတယ်]


[ဟားဟားဟား...မှော်ဆန်လိုက်တာ။ ဒါပေမယ့် ကင်မရာရှေ့မှာဆို ယွီနျန်က ကျောင်းက အရမ်းချောပြီး ပါရမီရှိတဲ့ စီနီယာကျောင်းသားတွေနဲ့ အရမ်း တူတာပဲ။ ပြီးတော့လည်း အမျိုးသားရေးရာ ရုပ်မြင်သံကြားအစီအစဥ်ရဲ့ မီးရောင်အောက်မှာ စေ့စေ့စပ်စပ်မေးသမျှ ဒဏ်ခံနေရတဲ့ ပုံစံလေးကလည်း အသက်ရှူမှားမတတ်ပဲ။ နောက်ဆုံး သူ တပ်ထားတဲ့ ဝက်ကလေးပုံ နှာခေါင်းစည်း...ငါလည်း တစ်ပုံစံတည်း တူတဲ့ တစ်ခုကို ရချင်လို့ လင့်လေး တောင်းပါတယ်နော်]


သတင်းထွက်ပြီး နှစ်ရက်အတွင်း ဝက်ကလေးပုံ နှာခေါင်းစည်းက ရောင်းအထွက်ဆုံး ပစ္စည်း ဖြစ်လာသည်။ ကျန်းဟုန်ယင်းက သတင်းကို တွေ့လိုက်၍ မေးလာသည်


 " မင်းရဲ့ စီနီယာတွေက မင်းရဲ့ နာမည်ကို ပြောပါတယ်။ ဘာပါလိမ့် အဲ့ဒါက"


ရှုလျန်ယန်က ခေါင်းပြူလာပြီး ပြောလာသည် 

" ဆရာ...အဲ့ဒါက ရောင်းကုန်တဲ့ မင်းသားလေး"


“ဟုတ်တယ်။ အဲ့ဒီနာမည်" 


ကျန်းဟုန်ယင်းက သဘောကျသလို ရယ်မေးလိုက်သည် " ငါ့ရဲ့ မိတ်တွေဟောင်းတွေက ငါ့ကို မနာလိုနေကြတာ။ တစ်ချို့ဆို မင်းကို ရက်နည်းနည်းလောက်တောင် ငှားချင်တာတဲ့။ မင်းနားမှာရှိနေရင် ရတနာရှာဖို့ လွယ်လို့တဲ့လေ။ သေချာပေါက် ငါ ငြင်းလိုက်တာပေါ့။ သူ့ကို ငှားပေးဖို့ စဥ်းစားပေးရမှာလား။ မဖြစ်နိုင်တာတွေ။ အို့ တချို့ မေးတဲ့သူတွေ ရှိပါသေးတယ်။ အရမ်းချောတဲ့ ငါ့ကျောင်းသားမှာ ပါတနာရှိလားဆိုပြီး။ ငါ သူတို့အကုန်လုံးကို ကန်ထုတ်လိုက်တယ်"


ရှုလျန်ယန်နှင့် လင်းချင်းဟယ်တို့နှစ်ယောက်သား ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြသည်။


ယွီနျန်က ကျန်းဟုန်ယင်းနောက်လိုက်ပြီး အနီးရှိ စာအုပ်စင်သို့ သွားလိုက်ရင်း တစ်ခုခု ကမ်းပေးလိုက်သည် 


" ဆရာ ကျွန်တော် သဘောကျတဲ့သူကို ရှာတွေ့ထားပြီ"


ကျန်းဟုန်ယင်းက လက်ဖက်ရည်အိုး ကိုင်လိုက်ရင်း လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်


 " ငါ့မျက်စိတွေက ကောင်းသေးတယ်။ မင်းလက်ပေါ်က လက်စွပ်ကို ငါမမြင်ရလို့လား" 


သိချင်လာ၍ သူက ရှေ့သို့ ကုန်းလိုက်ရင်း မေးလာသည် " လာလာ ငါ့ကို ပြောစမ်း။ တိုးတိုးပြော ။ မင်းရဲ့ စီနီယာ အစ်ကိုနှစ်ယောက် မကြားသွားစေနဲ့"


ယွီနျန်က ပြုံးလိုက်သည်


 " ဟုတ်ကဲ့ပါ။ သူက ကောင်းတယ်။ ကျွန်တော့်ကိုဆို အလေးထားပြီး ဆက်ဆံတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်တယ်။ အရမ်း ချောပြီးတော့ ကျွန်တော့်ထက် အရပ် နည်းနည်းရှည်တယ်။ သူက စန္ဒယား တီးလေ့ရှိပေမယ့် အခု မိသားစုလုပ်ငန်းရဲ့ ဥက္ကဌဖြစ်နေပြီ"


ကျန်းဟုန်ယင်းက အမြန် ဖမ်းမိသွားသည်

 " ယောက်ျားလေးလား"


ယွီနျန်က ခေါင်းညိမ့်ပြလာသည် " ဟုတ်ကဲ့"


“မင်းက မင်းရဲ့ ခံစားချက်ကို ကောင်းကောင်း ဖုံးထားပေမယ့် မင်းရဲ့ နှလုံးသားက ယုန်ပေါက်လေးလို တလှပ်လှပ် ခုန်နေတာ ဖြစ်ရမယ်" 


ကျန်းဟုန်ယင်းက သက်ပြင်းချလိုက်သည်


 " စိတ်မပူပါနဲ့။ မင်းက ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောရဲမှတော့ ငါက မကန့်ကွက်လောက်ဘူး စိတ်မဆိုးလောက်ဘူး ထင်လို့ မို့လား။ မင်းမှာ အဲ့လို အတွေးမျိုး ရှိနေတာပဲလေ"


ယွီနျန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။


လက်ဖက်ရည်အိုးကို ချထားလိုက်ပြီး ကျန်းဟုန်ယင်းက လက်နောက်ပစ်ရင်း မတ်တပ်ရပ်လိုက်သည်


 " သူက မင်းကို ကောင်းကောင်း ဆက်ဆံနေသရွေ့ လုံလောက်ပါပြီ။ မင်းရဲ့ အကဲဖြတ်မှုကို ငါ ယုံကြည်တယ်။ သမိုင်းစာအုပ်တွေကို နှစ်ပေါင်းများစွာ လှန်ကြည့်ပြီးတဲ့နောက်မှာ ငါ နားလည်သွားတာလေးတွေ ရှိတယ်။ ဘဝဆိုတာက နှစ်တစ်ရာလောက်တောင် မရှိတာမို့ နွေဦးဆောင်းဦးတိုင်း အသက်မရှင်နိုင်ဘူး။ နောက်ဆုံးမှာ လက်တစ်ဆုပ်စာ မြေကြီးဝါဝါအဖြစ် ပြောင်းသွားပြီးတော့ အရိုးစုကြီး ကျန်နေခဲ့မယ်။ သေပြီးချိန်နဲ့ မသေခင်အချိန်က ဆိုတာတွေ ဘယ်သူက ဂရုစိုက်နေမှာလဲ။ မင်း သဘောကျတဲ့သူကို ရှာတွေ့သွားလို့ ငါ အရမ်း ဝမ်းသာပါတယ်" 


ယွီနျန့်မျက်လုံးများက မျက်ရည်စို့လာသော်ငြား အားတင်းပြုံးလိုက်သည်


 " ကျေးဇူးပါ ဆရာ"


“ဘာအတွက်နဲ့ ဘာကြောင့် ကျေးဇူးတင်နေတာလဲ" 

ယွီနျန့်မျက်လုံးများ နီရဲလာသည်ကို တွေ့လိုက်၍ ကျန်းဟုန်ယင်းက ချက်ချင်း ထိတ်လန့်သွားသည်


 " ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ"


 သူက သတိထားပြီး လက်မြောက်လိုက်သော်လည်း မရွေ့ရဲ ဖြစ်နေ၍ ဘေးဘက်ကို အသံမြင့်ပြီး အော်ခေါ်လိုက်သည်


 " လင်းချင်းဟယ် ရှုလျန်ယန်...မင်းတို့ရဲ့ ဂျူနီယာညီလေးက ငိုတော့မှာကွ။ လာပြီး ချော့ပေးလိုက်ကြဦး"


“သွားပါပြီ" 

ရှုလျန်ယန်က လင်းချင်းဟယ် ပုခုံးကို လက်ဖဝါးနှင့် ရိုက်ချလိုက်ပြီး ယိုင်တိယိုင်တိုင် လျှောက်လိုက်သည်


 " မင်း သဲတူးရလွန်းလို့ ရူးသွားပြီလား... ဆရာက ငါတို့ ဂျူနီယာညီလေးကို ဆူလိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား မင်း ..."


ကျန်းဟုန်ယင်းက မကျေမနပ် ကြည့်လာရင်း တတွတ်တွတ် ပြောလာသည်


 " ငါ့တပည့်တွေက ဘာလို့အရမ်း ကြောင်တောင်တောင်နိုင်ရတာလဲ"


ထွက်မသွားမီ ကျန်းဟုန်ယင်းက ယဥ်ကျေးမှုအမွေအနှစ်ဌာနမှ လူတစ်ယောက်က ဖုန်းရှိုးတောင် ရှင်းဖုန့်ကျေးရွာသို့ သွားရောက်မည် ဖြစ်ကြောင်း ယွီနျန့်ကို ပြောသွားသည်။ ယွီနျန်က အလောတကြီး မေးလိုက်သည်


 " ရွာထဲက ကလေးတွေအတွက် ဝယ်ထားတဲ့ ပစ္စည်းလေးတွေ ပါးလိုက်လို့ရမလား"


“ရတယ်လေ။ ကိစ္စမရှိလောက်ပါဘူး။ မင်းရဲ့ မှတ်တမ်းဗီဒီယိုက တော်တော် ထိရောက်သွားတာဆိုတော့ သေချာပေါက် အကူအညီရလောက်မှာပါ" 


ကျန်းဟုန်ယင်းက ယွီနျန့်ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ 


“မင်းမှာ မင်းရဲ့ ကိုယ်ပိုင်စိတ်ကူးတွေ ရှိတတ်မှန်း အမြဲတမ်း သိခဲ့ပေမယ့် မျက်စိကျိန်းရလောက်တဲ့ ကမ္ဘာကြီးကြောင့် မူးနောက်တွေဝေသွားပြီး အနှောင့်ယှက်ပေးခံရမှာ စိုးရိမ်နေတုန်းပဲ။ ဒါပေမယ့် မင်းရဲ့ ဖုန့်ရှောင်းနဲ့ ဆိုထားတဲ့ သီချင်းသစ်ကို နားထောင်လိုက်ရတဲ့အချိန် ငါ့စိုးရိမ်မှုတွေက မလိုအပ်တဲ့အရာတွေမှန်း သိလိုက်ရတယ်။ မင်းက မင်းလုပ်သင့်တဲ့ အရာကို သိပြီး မင်း လိုချင်တဲ့ အရာကို သိတဲ့သူ ဖြစ်နေတုန်းပဲ။ ပြီးတော့ မင်းက အဲ့ဒါအတွက် ကြိုးစားပြီး လုပ်လိမ့်မယ်"


ကျန်းဟုန်ယင်း၏ မျက်လုံးရိပ်ထဲတွင် နူးညံ့မှုတို့ ပျော်ဝင်နေသည်


 " ဒီနေ့ ဘာဖြစ်နေတာလဲ။ မင်းက မျက်ရည်ပဲဝဲနေတယ်" သူက အရေတွန့်နေသော လက်များနှင့် ယွီနျန့်ပုခုံးကို ပုတ်လိုက်သည်


 " မင်းက သမိုင်းပညာရပ် လေ့လာတာပဲ ဖြစ်ဖြစ် စင်ပေါ်မှာ သီချင်းဆိုနေတာပဲ ဖြစ်ဖြစ် နျန်နျန် မင်းက အမြဲတမ်း ဆရာ့အတွက် ဂုဏ်ယူရတဲ့ သူပါ" 


******


သုတေသနခန်းထဲက ထွက်လာပြီးနောက် ယွီနျန်က Starlightသို့ ပြန်လှည့်လိုက်ပြီး အကစတူဒီယိုထဲ နှစ်နာရီခန့် အကလေ့ကျင့်နေလိုက်သည်။ သူက သီချင်းပိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ တံခါးဆီ မော့ကြည့်လိုက်သည်


 " အစ်ကိုမုန့် ဘယ်အချိန်က ရောက်နေတာလဲ"


"ငါရောက်နေတာ ဆယ့်ငါးမိနစ်လောက် ရှိပြီ" 


မုန့်ယွမ်က ယွီနျန်ကို အဖြူစွတ်စွတ် ပဝါတစ်ထည် ကမ်းပေးလိုက်ရင်း နံရံကို မှီလိုက်သည်


 " ဆရာဟော်ရှင်းက မင်းရဲ့ စိတ်အခြေအနေ သိပ်မကောင်းဘူးလို့ လာပြောနေတာ...မင်းက ဒီတစ်ခေါက် ခဏတောင် မနားပဲ အကစတူဒီယိုထဲ လာခဲ့တာကြောင့် ငါလည်း မင်းကို လာစစ်ဆေးရတာလေ"  


သူက မေးစေ့ကို အနည်းငယ် ပင့်လိုက်ရင်း ပြောလာသည် 


" ငါ့ကိုပြော ။ ဘာဖြစ်နေတာလဲ။ တစ်ခုခု ရှိနေလို့လား"


"မရှိပါဘူး" 

ယွီနျန်က ပဝါကို အောက်ချလိုက်ရင်း တစ်ခဏမျှ စဥ်းစားနေပြီးနောက် ပြုံးပြလာသည်


 " ကျွန်တော်က သမိုင်းဘာသာရပ် လေ့လာတာကို စွန့်လွှတ်ပြီး သီချင်းဆိုဖို့အတွက် ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ။ ကျွန်တော် ဒီဆုံးဖြတ်ချက် ချတဲ့အချိန်တုန်းက တကယ်တော့ အရမ်း ကြောက်နေခဲ့တယ်"


သူက အကစတူဒီယို၏ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း ပြောလာသည်


 " ဆရာက ကျွန်တော့်ကို စိတ်ပျက်သွားမှာကို ကြောက်ခဲ့တယ်။ စီနီယာအစ်ကိုတွေက ကျွန်တော့်ကို ဂရုမစိုက်ကြတော့မှာကို ကြောက်ခဲ့တယ်။ သူတို့က ကျွန်တော့အတွက် အရမ်း အရေးပါတဲ့သူတွေမို့လို့လေ"


မုန့်ယွမ်ကလည်း ယွီနျန့်ဘေး ဖြစ်သလို ထိုင်ချလိုက်ရင်း ဆက်ပြောလိုက်သည်


 " ဒါပေမယ့် မင်းက တစ်ချက်မှ တုံ့ဆိုင်းမနေပဲ ဝင်ခဲ့သေးတာပဲလေ" 


“ဟုတ်တယ်...ကျွန်တော်က ခေါင်းမာတဲ့သူ မို့လို့ နေမှာပါ။ ကျွန်တော် တစ်ခုခုကို စိတ်ပိုင်းဖြတ်မိတာနဲ့ အဲ့ဒါကို လုပ်ကိုလုပ်တတ်တယ်။ ဒါကြောင့် အဲ့ဒီအချိန်တုန်းက ကျွန်တော် အရမ်း ကြိုးစားခဲ့တာ။ ကျွန်တော် ထင်ခဲ့တာက ဒါကို ငါ လုပ်တော့မယ် ဆိုရင် အားကုန်သုံးပြီး အကောင်းဆုံး လုပ်ရမယ်။ မဟုတ်ရင် ငါ ပြိုလဲသွားလိမ့်မယ် ဆိုပြီး တွေးခဲ့မိတာ" 


ယွီနျန်က အသက်ပြင်းပြင်းရှူလိုက်ရင်း မျက်လုံးများက တလက်လက် တောက်ပ၍နေသည် 


" ပြီးတော့ ဒီနေ့မှာ ဆရာက ပြောခဲ့တယ်။ သမိုင်းဘာသာကို လေ့လာတာပဲ ဖြစ်ဖြစ် ဂီတအလုပ် လုပ်နေတာပဲဖြစ်ဖြစ် ကျွန်တော်က သူ့အတွက် ဂုဏ်ယူရတဲ့သူတစ်ယောက်ပဲတဲ့"


ထိုစကားကြားသောအခါ မုန့်ယွမ်က မျက်လုံးလိမ့်လိုက်ရင်း သေသေသပ်သပ် ထရပ်လိုက်ပြီး ဘောင်းဘီကို ခါလိုက်သည်


 " ငါ့မှာ အရမ်း စိုးရိမ်နေလိုက်ရတာ။ မင်းက အရမ်း စိတ်လှုပ်ရှားနေရုံပါပဲ။ ခံစားချက်တွေကို ဖြုန်းတီးနေတာပဲ။ ငါ အခု အလုပ်ဆင်းပြီ"


ယွီနျန်က အပြုံးလေးနှင့် လက်ယမ်းပြလာသည်


 " ကောင်းပါပြီ။ နောက်မှတွေ့မယ်နော် အစ်ကိုမုန့်"


သူက ရွှယ်ယုံ့ကို ဖုန်းခေါ်လိုက်ရာ ရွှယ်ယုံက အိမ်ပြန်လမ်းတွင် ရောက်နေမှန်း သိလိုက်ရသည်။ ယွီနျန်က ပစ္စည်း အမြန်သိမ်းပြီး ထွက်သွားလိုက်သည်။


သူက တံခါးဖွင့်ပြီး အိမ်ပြန်ရောက်သွားချိန် ရွှယ်ယုံက ယွီနျန် ဝယ်ပေးထားသည့် ဟူဒီဆင်တူအင်္ကျီကို ဝတ်ထားရင်း အပေါ်ထပ်မှ ဆင်းလာသည်။ သူက တစ်ချက်ကြည့်လိုက်သည်နှင့် ပြောလာတော့သည်


 " အရမ်း ပျော်နေတာလား နျန်နျန်"


ယွီနျန်က ယနေ့ ဖြစ်ပျက်ခဲ့သည်တို့ကို အကျဥ်းချုပ် ပြောပြလိုက်ရင်း မနေနိုင်မထိုင်နိုင် ရွှယ်ယုံ့ ညာဘက်ပါးကို မှီပြီး နမ်းလိုက်ကာ စိတ်လှုပ်ရှားနေသည့် လေသံနှင့် ပြောလာသည် 


" ဟုတ်တယ်။ ဒီနေ့ အရမ်း ပျော်တယ်"


ရွှယ်ယုံက အနည်းငယ် ရှက်သွားသော်လည်း ခေါင်းလှည့်ပြီး ဘယ်ဘက်ပါးကို ထိုးပြလာသည်


 "ဒီဘက်ရော"


ယွီနျန်က နားမလည်ချင်ယောင် ဆောင်လိုက်သည်

 " ဘာလိုချင်လို့လဲ"


ရွှယ်ယုံက အသံကို တိုးလိုက်သည်

 " နျန်နျန်က ဒီနေရာကိုလည်း နမ်းပေးတာ လိုချင်တယ်"


ယွီနျန်က မှီလိုက်ရင်း သူ့ကို စိတ်လိုလက်ရ နမ်းရှိုက်လိုက်သည်။ သို့သော်လည်း သူက မတုန့်ပြန်နိုင်ခင် ရွှယ်ယုံက သူ့ခါးကို ထိန်းကိုင်လာရင်း သူ့ပုခုံးကို လှေကားတန်းဘက် ဖိထားလိုက်ကာ ပြင်းပြင်းရှရှ နမ်းရှိုက်လာသည်။


ရွှယ်ယုံ့လက်က သူ့အင်္ကျီအောက် ပွတ်သတ်လာရင်း ယွီနျန့်ကျောရိုးနှင့် ကြွက်သားများကို ထိတွေ့လာသည်။ တစ်


ခဏမျှ လှုပ်ရှားပြီးနောက် ယွီနျန့်ခြေထောက်များ ပျော့ခွေသွားရသည်။


“ရွှယ်ယုံ..."


ရွှယ်ယုံက အနမ်းကို နက်ရှိုင်းစေလိုက်ရင်း ယွီနျန့်အသံကိုပါ ဝါးမြိုသွားသည်။ သူ၏ လက်များက မရပ်မနား လှုပ်ရှားနေပြီး ထိတွေ့ပွတ်သတ်နေရင်း ယွီနျန့် မျက်လုံးထောင့်ပတ်လည်ကို အနီဖျော့ဖျော့ ထင်လာသည်ထိ အရာချန်ထားခဲ့၍ ယွီနျန်၏ အလှမှတ်ကလေးပင် ပိုပြီး ကြည့်ကောင်းသွားလေသည်။


ထိုခဏ ဝင်ပေါက်တွင် ပစ်ထားခဲ့သည့် ယွီနျန့်ဖုန်းမြည်လာသည်။ ရွှယ်ယုံက သူ့ကို တစ်ခါတည်း ချီလိုက်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။ 


ယွီနျန်က မြေပြင်ပေါ် ထရပ်လိုက်ရင်း ဖုန်းယူလိုက်သည်။သူက ဖုန်းလက်ခံဖြေဆိုရန် ပြင်လိုက်စဥ် အနောက်တွင် ရပ်နေသည့် ရွှယ်ယုံက ယွီနျန့် လည်တိုင်အနောက်ဘက်ကို အနမ်းတို့ ကြဲလာ၍ သူ့တစ်ကိုယ်လုံး ပူလောင်ပြီး အထိမခံနိုင် ဖြစ်လာရသည်။ 


သူက အနည်းငယ် တုန်ယင်နေသော အသက်ရှူသံကို ထိန်းချုပ်လိုက်ရင်း ပုံမှန်အသံ ဖြစ်အောင် ကြိုးစားလိုက်သည်


 " အစ်ကိုမုန့်"


"အိမ်ပြန်ရောက်ပြီလား"


"ဟုတ်ကဲ့။ ရောက်နေပြီ" 


သူ စကားပြောနေရင်း ယွီနျန်က ရွှယ်ယုံက သူ၏ အင်္ကျီကော်လာကို ဆွဲချလိုက်ရင်း ပုခုံးသားတစ်လျှောက် အဆင့်ဆင့် နမ်းရှိုက်လာ၍ သူ၏ အသက်ရှူသံတို့ ပူပြင်းလာရသည်။


“ဒီလိုကွ။ တစ်ယောက်ယောက်က မင်းကို ရှာနေတယ် ဆိုပြီး အခုလေးတင် ဖုန်းခေါ်လာတာ။ ငါ့ဆီ ခေါ်လာတာလေ"


“ကျွန်တော့ကို ရှာနေတာလား"


"ဟုတ်တယ်။ သူတို့ ပြောတာတော့ သူတို့က ကြေးနီစပ် ကွေ့အိုးအကြောင်း မင်းနဲ့ ပြောစရာရှိလို့တဲ့။ ပြီးတော့ မင်း သေချာပေါက် စိတ်ဝင်စားလိမ့်မယ်လို့ ပြောသွားတာ"


အထိမခံနိုင်သည့် နေရာကို ဆက်ပြီး နမ်းရှိုက်နေ၍ ယွီနျန်က ရွှယ်ယုံသာ သူ့ခါးကို ထိန်းပေးမထားလျှင် တည်တည်ငြိမ်ငြိမ် ရပ်နိုင်မည်မဟုတ်မှန်း ခန့်မှန်းမိသည်။ သူက အသက်ရှူသံကို ထိန်းညှိလိုက်ရင်း တတ်နိုင်သရွေ့ လိုရှင်းတိုရှင်း ပြန်ဖြေလိုက်သည် 


" ကျေးဇူးပြုပြီး သူတို့ကို ပြောလိုက်ပါ အစ်ကိုမုန့်...ကျွန်တော် သူတို့နဲ့ တွေ့ချင်တယ် ဆိုတဲ့အကြောင်း"