Chapter 155
ဆောရီးပါ...ကျွန်တော် မယူနိုင်ပါဘူး
ဖုန်းကျသွားလေသည်။
ယွီနျန်က သူ ကြေးနီစပ်ကွေ့အိုးကို ရှာတွေ့ပြီး ပြန်ယူလာနိုင်ခဲ့သော်လည်း သူ့လက်ထဲ ကြာကြာမထား၍ မရနိုင်မှန်း တွေးခဲ့မိသည်။
ယခု တစ်ယောက်ယောက်က ကြေးနီစပ်ကွေ့အိုးအကြောင်း ပြောချင်၍ သူ့ကို ရှာလာပြီး သူစိတ်ဝင်စားလောက်မည်ဟုလည်း သေချာနေသည်။
ဤရက်ပိုင်းအတွင်း သူ၏ နာမည်နှင့် ကြေးနီစပ်ကွေ့အိုးက အတူတူတွဲပြီး ဖော်ပြခံရ၍ ထိုလူက သူ့ကို အထူးအနေနှင့် လာရှာခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း ထိုလူ့တွင် ကြေးနီပ်သုံးချောင်းထောက်တိုင်၏ ကျန်တစ်ဝက် ရှိနေနိုင်သည် ဆိုပြီး ဆုံးဖြတ်၍လည်း မရနိုင်ချေ။
မည်သို့ဆိုစေ ယွီနျန်က ကြေးနီစပ်ကွေ့အိုးအကြောင်း စဥ်းစားခန်းဝင်နေသည်ကို ရပ်လိုက်သည်။ သူက နံရံကို မှီလိုက်ရင်း ဖုန်းကိုင်ထားလျက် ခြေထောက်တို့ ပျော့ခွေနေသည်။ ရွှယ်ယုံက သူ့နောက်တွင် ရပ်နေရင်း သူ့အဝတ်များကို ပင့်လိုက်ပြီး ပုခုံးတန်းများမှ လည်ပင်းရိုးတစ်လျှောက် ကျောရိုးနောက်ပိုင်းထိ နမ်းရှိုက်နေသည်ကို ပြတ်ပြတ်သားသား ခံစားမိနေသည်။
ထိုအနမ်းက သူ့ကို မခံမရပ်နိုင် ဖြစ်စေသော်လည်း ရွှယ်ယုံ့ကို မရပ်စေချင်၍ အသံတစ်စိုးတစ်စဥ်းမျှ မထွက်အောင် နှုတ်ခမ်းထက် လက်ချောင်းများနှင့် ပိတ်ထားရသည်။
ထိုအချိန် မုန့်ယွမ်က ဖုန်းပြန်ခေါ်လာသည်။ ယွီနျန်က ဖုန်းကိုင်ချင်သော်လည်း ရွှယ်ယုံက သူ့နောက်မှနေ၍ လက်လှမ်းလာပြီး သူ့အစား ဖြေလိုက်သည်။
မုန့်ယွမ်၏ အသံက ဖုန်းတစ်ဖက်မှ ထွက်လာချိန် ယွီနျန်က အရည်လဲ့နေသော မျက်လုံးများနှင့် ရွှယ်ယုံ့ကို စိုက်ကြည့်လိုက်ပြီးမှ ဖုန်းကို နားဆီ ကပ်ယူလိုက်သည်။
“အစ်ကိုမုန့်...အမ်...ကျွန်တော် ရှိတယ်"
မုန့်ယွမ်က တိုတိုတုတ်တုတ် ပြောလာသည်
" တစ်ဖက်လူက အလျင်လိုနေတာမို့လို့ မနက်ဖြန် နေ့လည် တွေ့ချင်တယ်တဲ့။ မင်းရဲ့ အချိန်ဇယားကို စစ်ကြည့်လိုက်တော့ တစ်နေ့လုံး အားတယ်။ ဘာမှ အရေးကြီးတာ မရှိဘူး။ ဒါကြောင့် ငါ မင်းကိုယ်စား ယာယီ သဘောတူထားပေးလိုက်တယ်။ အဆင်ပြေရဲ့လား"
ယွီနျန်က နှုတ်ခမ်းကိုက်လိုက်ရင်း ရွှယ်ယုံ၏ မထိတထိ လှုပ်ရှားမှုတို့ကို မသိသလိုနေရန် ကြိုးစားနေရသည်
" ကိစ္စ...မရှိပါဘူး"
သူ စကားဆုံးသွားသည်နှင့် သူ့ကို ရုတ်တရက် ရွှယ်ယုံက ချီလိုက်ပြီး အပေါ်ထပ်ဆီ သယ်သွားသည်ကို သိလိုက်ရသည်။ ထိတ်လန့်သွား၍ ယွီနျန်က မအော်မိအောင် ချုပ်ထိန်းလိုက်ရင်း စိတ်ငြိမ်ရန် ရွှယ်ယုံ့လည်တိုင်ကို ဖက်ထားလိုက်သည်။
တစ်ဖက်တွင်လည်း မုန့်ယွမ်က မေ့မေ့ပျောက်ပျောက်နှင့် ဆက်ပြောလာသည်
" ကောင်းတယ်။ မင်းနဲ့ တွေ့ချင်တယ် ဆိုပြီး ချိန်းလာတဲ့ အဲ့ဒီလူရဲ့ လက်ထောက်က ငါ အကြိမ် တော်တော်များများ ရင်ဆိုင်ဖူးတဲ့သူပဲ။ သူတို့ကို ယုံလို့ရတယ်။ ဘာပြဿနာမှ မရှိလောက်ဘူး။ စကားမစပ် ယွီနျန် ငါတို့ဘက် လက်ဦးယူလို့ရတယ်။ မင်းနဲ့ ဘယ်နေရာမှာ တွေ့ဖို့ စီစဥ်ပေးစေချင်လဲ"
ယခုအချိန်တွင်ဖြင့် ရွှယ်ယုံက ယွီနျန့်ကို စာကြည့်ခန်းထဲ ခေါ်သွားပြီး စားပွဲခုံကြီးကြီးပေါ် ထိုင်လိုက်စေသည်။ သူ၏ ဆံပင်များက အနည်းငယ် ရှုပ်ပွနေပြီး ဝတ်ထားသည့် ပိုးသားရှပ်အင်္ကျီကလည်း လမ်းတစ်ဝက်တွင်ပင် ကြယ်သီးမရှိတော့၍ ပုခုံးသားများနှင့် ရင်ဘတ်ကို လှစ်ဟာပြသလို ဖြစ်နေသော်လည်း သူ့မှာ ဂရုမစိုက်နိုင်ချေ။ ရွှယ်ယုံက လမ်းကြောင်းတည့်ရန် သူ့မေးစေ့ကို စောင်းလိုက်ရင်း ယွီနျန့်လည်တိုင်ထက် နမ်းရှိုက်နေသည်ကို ခံစားနေရသည်။ သူက မုန့်ယွမ်ကို ပြန်ဖြေလိုက်သည်
" 'ယွီလန်'မှာပဲ တွေ့ကြမယ်လေ"
“ယွီလန်က ဥက္ကဌရွှယ်ရဲ့ နေရာပဲ။ အဲ့ဒါ ကောင်းတယ်။ မင်း စဥ်းစားတတ်တယ်"
မုန့်ယွမ်က ဂရုတစိုက် ပြောလာသည်
" ကောင်းပြီလေ။ ဆက်မပြောတော့ဘူး။ သူတို့ကို မက်ဆေ့ချ် ပို့လိုက်ဦးမယ်။ ပြဿနာ တစ်ခုခု ရှိရင် သိရအောင်လို့"
ယွီနျန်က ပြောလာသည် " ဟုတ်ကဲ့ပါ"
သူက မှောင်မည်းသွားသော ဖုန်းကို ဘေးသို့ လှိမ့်လိုက်ချိန် ရွှယ်ယုံက ယွီနျန့်လက်ကို ကိုင်ပြီး စားပွဲခုံထက် ဖိကပ်ထားကာ လေသံ သြရှရှနှင့် ချော့ပြောလာသည်
" ယွီနျန် နောက်ထပ် တစ်ကြိမ်လောက် စမ်းကြည့်မလား"
လှည့်ကြည့်လိုက်သည်နှင့် ယွီနျန်က ရွှယ်ယုံ့ကို တားချိန်မရလိုက်ပဲ အကျိုးဆက်အနေနှင့် သူ့တစ်ကိုယ်လုံး စောင်ဖြင့် ရစ်ပတ်ခံလိုက်ရပြီး ခေါင်းလေးတစ်ခုသာ ဖော်ထားရင်း အားမရှိသလို ပြောလာသည်
" ကျွန်တော် တစ်ကယ် မလိုချင်ဘူး"
ရွှယ်ယုံ့ကို ကြည့်လိုက်စဥ် ယွီနျန်က မနေနိုင်ပဲ ဘေးဘက်သို့ အနည်းငယ် ကပ်မိသွားရင်း စောင်အစွန်းလေးကို ကိုင်ထားသည့် အားကလည်း ပြေလျော့လာပြီး ဆွေးနွေးကြည့်လိုက်သည်
" ဘေးချင်းကပ်လျက် အိပ်ကြမယ်လေ။ ဒါပေမယ့် တကယ် အဲ့ဒီထက် မပိုဘူးနော်...အိုကေလား"
*******
ယွီနျန်က နောက်တစ်နေ့ အိပ်ရာထနောက်ကျသော်လည်း တစ်ခုတည်းသော ကံကောင်းသည့်အရာက ရွှယ်ယုံက ကတိတည်၍ ထိုညက တစ်ယောက်နှင့်တစ်ယောက် ဖက်ရင်း ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားလေသည်။
အိပ်ရာထဲ တစ်ခဏကြာ ပျင်းကြောဆန့်နေပြီးနောက် ယွီနျန်က ဖိနပ်အပါး စီးလိုက်ရင်း အောက်ထပ်သို့ ဆင်းကာ ဆေးကြောသန့်စင်လိုက်ပြီး ရွှယ်ယုံ သူ့အတွက် ချန်ပေးထားသည့် မနက်စာကို စားလိုက်သည်။ ထို့နောက် စာကြည့်ခန်းထဲသွားပြီး သီချင်းရေးရင်း အချိန်အနည်းငယ် ဖြုန်းလိုက်သည်။
နေ့လည်ခင်းတွင် သတ်မှတ်ထားသည့် အချိန်၌ သူ ယွီလန်ကလပ်သို့ ရောက်လာခဲ့သည်။
သီးသန့်ခန်းထဲတွင် ထိုင်နေသည့် သူက မီးခိုးရောင်မှိုင်းမှိုင်း အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး နက်ကတိုင်ကို သပ်သပ်ရပ်ရပ် စီးနှောင်ထားကာ သေချာဖီးလိမ်းထားသည့် ဆံပင်ပုံစံနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်နေသည်။ ယွီနျန် ဝင်သွားသောအခါ ထိုလူက ကိုယ်ဟန်အနေအထား မတ်မတ်နှင့် ဖြောင့်ဖြောင့် ရပ်လာပြီး အင်္ကျီကြယ်သီးကို အလိုလို တည့်လိုက်ရင်း နှုတ်ဆက်ဟန် ခေါင်းညိမ့်ပြလာသည်။
တူညီသည့် အရောင်အဝါ တူညီသည့် အပြုအမူတို့ကြောင့် ရွှယ်ယုံနှင့်အတူ အိုင်းရစ်လမ်းသွယ်ရှိ အိမ်တော်တွင် စောင့်ခဲ့စဥ်က ဆုံတွေ့ဖူးသည့် အိမ်တော်ထိန်းကို အမှတ်ရသွားလေသည်။ ထင်ထားသည့်အတိုင်း ထိုလူက သူ့ကိုယ်သူ မိတ်ဆက်ပေးလာသည်။
" ကျွန်တော်က လူဝီဆန်ပါ။ မစ္စတာဟယ်ရှောင်းရဲ့ အိမ်တော်ထိန်းပါ"
ယွီနျန်က ယဥ်ယဥ်ကျေးကျေး ပြန်လည် နှုတ်ဆက်လိုက်သည် " မင်္ဂလာပါ။ ကျွန်တော့်အေးဂျင့်က ပြောနေတာ ခင်ဗျားက ကြေးနီစပ်ကွေ့အိုးအကြောင်း ပြောချင်လို့ဆို။ အမှန်ပဲလားဗျ"
လူဝီဆန်က ခေါင်းညိမ့်ပြလာသည်
" ဟုတ်ပါတယ် ။ မစ္စတာ ဟယ်ရှောင်းက အချိန်တော်တော်များများကို ပြည်ပမှာပဲ နေခဲ့ပေမယ့် သူက ကြေးနီလက်မှုပစ္စည်းတွေ စုဆောင်းရတာကို စိတ်ဝင်စားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မစ္စတာဟယ်ရှောင်းက ကြေးနီစပ်လက်မှုပစ္စည်း တစ်ခုကို အခွင့်အရေးရလို့ စုံစမ်းခဲ့ပေမယ့် တစ်ဝက်လောက် မပါဘူး ဖြစ်နေတာ"
ဒီလရဲ့ လေးရက်မြောက်နေ့မှာ အမျိုးသားရေးရာ ရုပ်မြင်သံကြားအစီအစဥ်ကနေ မစ္စတာယွီက ကြေးနီစပ်ကွေ့အိုးရဲ့ ကိုယ်ထည်တစ်ခုပဲ တွေ့ခဲ့ရတယ်လို့ သတင်းတွေ့လိုက်တာ။ အောက်ခံခုံက ပျောက်နေတာလေ။ ယှဥ်ကြည့်လိုက်တော့ ဖြစ်နိုင်တာက မစ္စတာရှောင်းရဲ့ ပိုင်ဆိုင်မှုထဲက ကြေးနီစပ်လက်မှုပစ္စည်းက အိုးရဲ့ အောက်ခံခုံ ဖြစ်နေလောက်တယ်လို့ ကျွန်တော်တို့ဘက်က ထင်မိလို့ပါ"
ယွီနျန်က တည်တည်ငြိမ်ငြိမ် နားထောင်နေရင်း အံ့သြဟန် ပြမလာပဲ ပြန်ဖြေလာသည်
" ဒါ တကယ် သတင်းကောင်းပဲ။ ဒါပေမယ့် ကြေးနီရောင် ကွေ့အိုးက အမျိုးသားရေးရာ ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဌာနကို အပ်ထားလိုက်ပြီးပြီဗျ။ ပြီးတော့ အိုးကလည်း လက်ရှိ ပရော်ဖက်ဆာကျန်းဟုန်ယင်းရဲ့ သုတေသနခန်းထဲမှာ ရှိနေတာ။ ဘယ်လို အကြောင်းပြချက်နဲ့ ဖြစ်ဖြစ် ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ခင်ဗျားတို့ ရှာသင့်တဲ့လူက ကျွန်တော် မဟုတ်ဘူးရယ်"
လူဝီဆန်က ခေါင်းညိတ်ပြလာသည်
"အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော့် အလုပ်ရှင် မစ္စတာဟယ်ရှောင်းနဲ့ ကျွန်တော်တို့ နှစ်ယောက်လုံးက ခင်ဗျားကိုပဲ ယုံကြည်နေတာ"
“ကျွန်တော့်ကို ယုံတယ်"
ယွီနျန်က ဖွဖွ ပြုံးလိုက်ရင်း ပြောလာသည်
" ကျွန်တော်တို့က တစ်ခါမှ မတွေ့ဖူးဘူးလေ။ ဘာလို့ ယဥ်ကျေးမှု ထိန်းသိမ်းရေးဌာနက ဝန်ထမ်းပဲ ဖြစ်ဖြစ် ပရော်ဖက်ဆာကျန်းကိုပဲ ဖြစ်ဖြစ် မယုံပဲ ကျွန်တော့်ကို ယုံနေရတာလဲ"
“မင်းရဲ့ လုပ်ဆောင်မှု တွေကြောင့် မင်းရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်တာပါ"
အကြောင်းပြချက်က လုံလုံလောက်လောက် မသိမ်းသွင်းနိုင်သော်လည်း ယွီနျန်က အတွေ့အကြုံမရှိသည့် နုံနုံအအလေး မဟုတ်ပေ။ စကားအနည်းငယ် ပြောကြပြီးနောက် ဤတွေ့ဆုံပွဲ၏ နောက်ကွယ်က ရည်ရွယ်ချက်အစစ်အမှန်က ကြေးနီစပ်ကွေ့အိုးနှင့် တိုက်ရိုက် မပတ်သတ်မှန်း နားလည်လိုက်သည်။ တစ်ခဏမျှ စဥ်းစားပြီးနောက် သူက မေးလိုက်သည်
" မစ္စတာ ဟယ်ရှောင်းမှာ ရှိတဲ့ ကြေးနီရောင် လက်မှုပစ္စည်းရဲ့ ဓါတ်ပုံကို ကြည့်လို့ရမလားဗျ"
“ရတာပေါ့"
လူဝီဆန်က ကောင်းကောင်း ပြင်ဆင်လာခဲ့၍ ယွီနျန့်ကို ဓါတ်ပုံ ကမ်းပေးလာသည်။ ကြေးနီစပ်ကွေ့အိုးကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဖူး၍ ယွီနျန်က အရွယ်အစားနှင့် အချက်အလက်တို့ကို ရင်းနှီးနေပြီဖြစ်သည်။ တစ်ချက်လေး ကြည့်ရုံနှင့် ထိုလက်မှုပစ္စည်းက ကြေးနီရောင် ကွေ့အိုး၏ အောက်ခံခုံအစစ် ဖြစ်မှန်း ဆုံးဖြတ်နိုင်သွားသည်။
ဓာတ်ပုံကို ချထားလိုက်ရင်း ယွီနျန်က ဆက်ပြီး စုံစမ်းလိုက်သည်
" ဒီလက်မှုပစ္စည်းကသာ ကြေးနီစပ်ကွေ့အိုးရဲ့ အောက်ခံခုံ ဖြစ်မှန်း အတည်ပြုပြီးသွားရင် မစ္စတာဟယ်ရှောင်းက ဘာများ လုပ်ဖို့ ရည်ရွယ်ထားပါလဲ"
လူဝီဆန်က တစ်ခုမှ ထုတ်ပြောမလာပဲ ပြန်ဖြေလိုက်သည်
" ဆောရီးပါဗျာ။ ဒီကိစ္စက မင်းနဲ့ မစ္စတာဟယ်ရှောင်းနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ လိုတဲ့ ကိစ္စပါ။ ကျွန်တော်က သူ့ကိုယ်စား ဘာမှ ဆုံးဖြတ်ပေးပိုင်ခွင့်မရှိပါဘူး"
မျက်လွှာချပြီး တစ်ခဏမျှ စိတ်အေးအေးထားပြီး စဥ်းစားကြည့်ပြီးနောက် ယွီနျန်က နောက်ဆုံး မေးလိုက်သည် " မစ္စတာဟယ်ရှောင်းက အခု ဘယ်မှာပါလဲ"
လူဝီဆန်က ယွီနျန် တွန့်ဆုတ်နေမှန်း သတိထားမိသွား၍ သူ၏ စိတ်စားချက်တို့ကို ကန့်သတ်ထားနေရသော်လည်း စကားကို ဖြေးဖြေးပင် ပြောလိုက်သည်
" သူက နျင်းမြို့တော်မှာပါ"
ယွီနျန်က မေးလာသည်
" ကျွန်တော်နဲ့အတူ လုံခြုံရေး သက်တော်စောင့်တွေ ပါလာရင် ခင်ဗျားနဲ့ မစ္စတာဟယ်ရှောင်းတို့ စိတ်ရှိသွားမလားဗျ"
“သေချာပေါက် စိတ်မရှိပါဘူး။ ရပါတယ်"
လူဝီဆန်က ပြန်ဖြေလာသည်။
ယွီနျန်က ပြုံးပြလိုက်သည်
" ကောင်းပါပြီ။ ကျွန်တော် မစ္စတာဟယ်ရှောင်းကို ခင်ဗျားနဲ့အတူ သွားတွေ့ဖို့ ဆန္ဒရှိပါတယ်"
သို့သော်လည်း သူ ထင်ထားသည်နှင့် အနည်းငယ် ကွာခြားနေသည်။
ရွှယ်ယုံထည့်ပေးလိုက်သည့် သက်တော်စောင့်သုံးယောက်နှင့်အတူ လိုက်ခဲ့သည့် ယွီနျန်က နျင်းချန်မြို့ရှိ ဇိမ်ခံဟော်တယ်တစ်ခု၏ အပေါ်ဆုံးထပ်သို့ လူဝီဆန်နှင့်အတူ လိုက်သွားလိုက်သည်။ ဓါတ်လှေကားတံခါး ပွင့်သွားသည်နှင့် ပိုးသတ်ဆေးနံ့ပြင်းပြင်းက လှိုက်ဝင်လာသည်။ အထဲသို့ တော်တော်လျှောက်လိုက်ပြီးချိန် ယွီနျန်က အပေါ်ထပ်တစ်ထပ်လုံးကို ဆေးကုသဆောင် တစ်ခုအဖြစ် ယာယီပြောင်းလဲထားမှန်း သတိပြုမိသွားသည်။
“မစ္စတာဟယ်ရှောင်းက နေမကောင်းဘူးလား"
လူဝီဆန်က ဤအချက်ကို ဖုံးကွယ်မနေတော့သလို အသေးစိတ်ကျကျလည်း ပြောမလာချေ။
"ဟုတ်ပါတယ်။ မစ္စတာဟယ်ရှောင်းရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး။ သူ နျင်းချန်မြို့ကို ရောက်လာတဲ့အချိန် ဆေးအဖွဲ့ကိုပါ တစ်ပါတည်း ခေါ်လာခဲ့တာ"
ယွီနျန်က ရှည်ရှည်ဝေးဝေး မမေးတော့ပဲ ထိန်းထိန်းသိမ်းသိမ်း နေလိုက်သည်။
တံခါးသို့ ရောက်သော် လူဝီဆန်က အနည်းငယ် ကိုင်းညွတ်လိုက်ရင်း ပြောလာသည်
" မစ္စတာဟယ်က အထဲမှာပါ"
တံခါး ပွင့်သွားပြီး ခမ်းခမ်းနားနား ပြင်ဆင်ထားသည့် ဧည့်ခန်းနှင့် လက်ခံတွေ့ဆုံသည့်အခန်းတွဲလျက်ကို ဖြတ်ကျော်ပြီးနောက် မီးခိုးရောင် ကောဇောထက် ခြေချလိုက်ရင်း ယွီနျန်က လူဝီဆန်နှင့်အတူ အခန်းထဲသို့ လိုက်သွားလိုက်သည်။ မှန်နံရံနားတစ်ဝိုက် သွားလိုက်ပြီးချိန် မြင်ကွင်းထဲ ပေါ်လာသည့် ပထမဆုံးအရာက အိပ်ရာ၏ ဘေးနှစ်ဖက်လုံးတွင် ဆေးပစ္စည်းကိရိယာများ နေရာချထားပြီး အိပ်ရာထက်တွင် အောက်စီဂျင်မက်စ် တပ်ထားသည့် လူတစ်ယောက် လှဲနေခြင်း ဖြစ်သည်။ ထိုလူက အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိပြီး နာတာရှည်အဖျားရောဂါကြောင့် အိပ်ရာထက် ကြာရှည်စွာ လှဲနေရ၍ထင် အသက်ကြီးရင့်သည့်ပုံရှိပြီး ငွေမှင်ရောင် ဆံပင်ဖြူများ ကျိုးတိုးကျိုးတဲနှင့် မျက်လုံးတင်းတင်း ပိတ်ထားသည်။
ယွီနျန်က ရပ်၍သာနေပြီး လူဝီဆန်က အိပ်ရာဘေးသွားရင်း ငုံ့လျက် တိုးတိုးလေး ပြောလိုက်သည်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်
" ဆရာ မစ္စတာယွီ ရောက်ပါပြီ"
ဟယ်ရှောင်း၏ မျက်တောင်များ တုန်ယင်လာပြီး မျက်ခွံများ အနည်းငယ် လှုပ်ရှားလာကာ ဖြေးဖြေးချင်း ပွင့်လာသည်။ ဖျားနေသည့်သူ ဖြစ်သော်ငြား အကြည့်တို့က စူးရှနေ၍ သူသာ ကျန်းမာနေလျှင်ဖြင့် လူရှိန်လောက်သည့် အင်အားကြီး ပုံရိပ်တစ်ခု ဖြစ်နေမည့် ပုံမျိုးပြနေသည်။ သူက ဖြေးဖြေးချင်း ခေါင်းလှည့်လိုက်ရင်း ယွီနျန့်အပေါ် အာရုံစိုက်ကြည့်လာသည်။
ဟယ်ရှောင်းက လက်မြောက်လိုက်ရာ ဘေးတွင် စောင့်နေသည့် သူနာပြုက အမြန် ရောက်လာပြီး အောက်စီဂျင်မက်စ်ကို ဖယ်ပေးလာသည်။
အကြိမ်အနည်းငယ်မျှ ထိန်းပြီး အသက်ရှူလိုက်ပြီးနောက် ဟယ်ရှောင်းအသံက အားနည်းနေပြီး အက်ကွဲနေသော လေသံနှင့် မေးလာသည်
" မင်းရဲ့ အဘိုးက ယွီရှို့နျင်း...အဘွားက ရှန်းလင်းယိ ဟုတ်တယ်မို့လား"
ယွီနျန်က ယဥ်ယဥ်ကျေးကျေး ခေါင်းညိမ့်ပြလာသည်
" ဟုတ်ပါတယ်"
ဟယ်ရှောင်းက စဥ်းစားနေဟန် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ခဏအကြာ သူက ဒုတိယမေးခွန်း မေးလာသည်
" မင်းရဲ့ မွေးနေ့က နှစ်သစ်ကူးအကြိုနေ့လား"
ယွီနျန်က သူအမေးခံနေရသည့် အကြောင်းအရင်းကို မသိသော်လည်း ဖြေသာဖြေလိုက်သည်
" ဟုတ်ပါတယ်"
ယွီနျန့် ပြန်ဖြေသံကို ကြားလိုက်ရစဥ် ဟယ်ရှောင်းက အားကုန်သွားဟန် ခဏကြာ မျက်လုံးပိတ်ထားလိုက်ပြီးမှ လူဝီဆန်ဘက်သို့ လှည့်လိုက်သည် " သူ့ကို ပစ္စည်းတွေ ပေးလိုက်"
လူဝီဆန်က အလိုက်သိလေသည် " ဟုတ်ကဲ့ ဆရာ"
ယွီနျန်ရှေ့တွင် လူဝီဆန်က လက်အိတ်စွပ်ရင်း ကြေးနီစပ်အောက်ခံခုံကို မီးခံသေတ္တာထဲမှ ထုတ်လာပြီး ယွီနျန့်ဆီ ပေးလာသည်
" မစ္စတာယွီ ကျေးဇူးပြုပြီး တစ်ချက် ကြည့်ကြည့်ပါ"
ကြေးနီစပ်ကွေ့အိုး၏ အပေါ်ပိုင်းနှင့်ယှဥ်လျှင် ဤအောက်ခံခုံက ပုံထွက်ကောင်းလေသည်။ ထောင့်မှန်စတုဂံပုံရှိပြီး အရှေ့ဘက်တွင် ထောင်ထယ်သားရဲပုံ အကွက်နှင့် ပုံဖော်ထားကာ ယွီနျန် ရှာတွေ့ထားသည့် တစ်ပိုင်းနှင့် အကွက်တူတူ ဖြစ်သည်။ အချက်အလက်ထဲကနှင့် ကွာခြားမှုမရှိပဲ အပေါ်ပိုင်းကို ကွဲနေသည့် အစွန်းထွက်နှင့် တိုက်ကြည့်လိုက်ရာ သံသယမရှိစွာ ကြေးနီရောင် ကွေ့အိုး၏ အောက်ခံခုံ ဖြစ်နေသည်။ [ထောင်ထယ်သားရဲ=နဂါးသဏ္ဍာန်ရှိတဲ့ သားရဲတစ်မျိုးပါ]
ယွီနျန်က ချက်ချင်း မယူလိုက်ပဲ သတိထားပြီး မေးလိုက်သည်
" ဒီကြေးနီစပ်ကွေ့အိုးရဲ့ အောက်ခံခုံအတွက် ဘာနဲ့အလှဲအလှယ် လုပ်ပေးရမလဲ"
လူဝီဆန်က ခေါင်းခါပြလာသည်
" ဘာမှ ပြန်ပေးဖို့ မလိုပါဘူး။ ဒီအတိုင်း ဘာမှ မပေးပဲ ယူနိုင်တယ်လို့ ပြောချင်တာပါ"
ယွီနျန်က ဟယ်ရှောင်းကို ကြည့်လိုက်ရာ မျက်လုံးပြန်ပိတ်သွားပြီမှန်း တွေ့လိုက်ရသည်။
ယွီနျန် ပြောချင်သည့်အရာကို နားလည်၍ လူဝီဆန်က ပြောလာသည် " မစ္စတာယွီ... ရည်ရွယ်ချက်ကတော့ ဒီပစ္စည်းက မင်းတစ်ယောက်တည်းကိုပဲ ပေးတာပါ။ ကျွန်တော်တို့ဘက်က မင်းရဲ့ ဆရာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ရောင်းပေးမှာ မဟုတ်သလို လွှဲပြောင်းတာ ချေးငှားပေးမှာလည်း မဟုတ်ပါဘူး"
အခန်းက အရမ်း တိတ်ဆိတ်နေပြီး ဆေးပစ္စည်းကိရိယာသံများသာ ထွက်နေသည်။ ယွီနျန်က အောက်ငုံ့ကြည့်လိုက်ရင်း တစ်ခဏမျှ စဥ်းစားပြီးနောက် စကားဆိုလာသည်
" ဆောရီးပါ။ ကျွန်တော် လက်မခံနိုင်ပါဘူး"
အဖြေကြားလိုက်ရစဥ် လူဝီဆန်က အံ့သြသွားပုံ ပြမလာပဲ စကား
ဆိုလာသည်
" ကောင်းပါပြီ။ ကျွန်တော်တို့က နျင်းချန်မြို့မှာ ခဏလောက် နေဦးမှာပါ။ မစ္စတာယွီ စိတ်ပြောင်းသွားရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်လာနိုင်ပြီး ကြေးနီစပ်ကွေ့အိုးအောက်ခံကို လာယူလို့ရပါတယ်"