Chapter 159
ရွှယ်ယုံ ကျွန်တော် တကယ် ကြောက်တယ်
မုန့်ယွမ်က ဆက်ပြောလာသည်
" ဒုတိယတစ်ချက်က လျှို့ဝှက်ပူးပေါင်းကြံစည်ထားတာမျိုး ထောင်ချောက်လိုမျိုးတွေ ရှိနိုင်တယ်။ ဇာတ်လမ်းတစ်ခုခု ရှိတယ်ဆိုရင် အဲ့ဒါက မင်းနဲ့ ကိုယ်ရေးကိုယ်တာ မကျေနပ်လို့ ဖြစ်နိုင်သလို မင်းမိသားစုနဲ့ အငြိုးရှိလို့လည်း ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ခု ဖြစ်နေရင်တော့ အငြိုးက အရမ်း နက်ရှိုင်းပြီး ဒီမစ္စတာဟယ်က မင်းကို အန္တရာယ်ပေးဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားလိမ့်မယ်"
ယွီနျန်က ချင့်ချိန်စဥ်းစားလိုက်သည် " တစ်ဖက်လူက ကျွန်တော့်ကို မေးခွန်းနှစ်ခုပဲ မေးခဲ့တာ။ ကျွန်တော့်အဘိုးက ယွီရှို့နျင်းလား ဆိုတာရယ် အဘွားက ရှန်းလင်းယိလား ဆိုတာရယ်။ ပြီးတော့ ကျွန်တော့်မွေးနေ့က နှစ်သစ်ကူးအကြိုနေ့မှာလား ဆိုတာရယ် မေးခဲ့တာ"
ရှစ်ရော့က ငြိမ်နေရာမှ ထပြောလာသည် "အစ်မထင်တာကတော့ ဒီမစ္စတာဟယ်မှာ အမွေဆက်ခံမယ့် မျိုးဆက်မရှိလို့ သူ မသေခင် ကြေးနီကွေ့အိုးကို သူ ယုံကြည်ရတဲ့သူဆီ အပ်ထားချင်ခဲ့တာ ဖြစ်နိုင်တယ်။အနည်းဆုံး နည်းနည်းလောက် ယုံကြည်ရတဲ့သူပေါ့"
ရှစ်ရော့စကားများက ယွီနျန့်စိတ်ထဲ တဝဲလည်လည် ဖြစ်သွားလေသည်။
ရွှယ်ယုံ ပြန်လာသည့်အချိန်တွင် ယွီနျန်က ကြမ်းပြင်မှမျက်နှာကျက်ထိ မြင့်သည့် ပြတင်းပေါက်ဘေးတွင် လက်ရန်းကုလားထိုင် ချပြီး ထိုင်နေရင်း အတွေးနစ်နေသည့် ပုံစံကို တွေ့လိုက်ရသည်။ သူက လျှောက်သွားလိုက်ရင်း လက်တစ်ဖက်နှင့် လည်စီးကို ဖြေလိုက်ပြီး ကုန်းလိုက်ရင်း ယွီနျန့်ကို နမ်းလာသည်။ ထို့နောက် သူက မေးခွန်းမေးလာသည်
" ဘာတွေ စဥ်းစားနေတာလဲ"
အသိပြန်ဝင်လာ၍ ယွီနျန်က ဘေးဘက်သို့ အနည်းငယ် လှည့်လာပြီး သူ့အကျင့်အတိုင်း ရွှယ်ယုံ့ကိုယ်ပေါ် မှီလိုက်သည်
" ကျွန်တော် စဥ်းစားနေတာကလေ ယှဥ်ကြည့်လိုက်တော့ အခြေအနေ အတူတူပဲ ဖြစ်နေတာ။ အရင်တုန်းကလည်း မဒမ်ဖုန့်မှာ မျိုးဆက် မရှိတော့ သူမဘဝကြီးက အဆုံးသတ်ပြီလို့ ခံစားခဲ့ရတာ။ သူမက 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'ကို တရုတ်ပြည် ပြန်ယူလာဖို့ ပြောခဲ့ပြီးကျွန်တော့်ကို အပ်ထားခဲ့တာ။ သူမ နေမကောင်းတာကိုလည်း တွေ့ခဲ့ရတာကြောင့် အပြည့်အဝ ချုပ်ကိုင်နိုင်ခွင့်ကိုလည်း ပေးခဲ့တယ်"
“ဒီတစ်ကြိမ်မှာလည်း မစ္စတာဟယ်ရှောင်းက ကြေးနီရောင်ကွေ့အိုးကို ကျွန်တော့်ဆီ အပ်ထားချင်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်က ဘာလို့ သီးသန့်ကြီး လက်သင့်ခံပေးရမှာလဲ။ ဒါက မသိစိတ်ကနေ ခုခံနေသလိုမျိုးကြီး ဖြစ်နေတာ..."
သူက ရွှယ်ယုံ့လက်ချောင်းများကို ချိတ်ထားလိုက်ရင်း သူ့ကိုယ်သူ အတည်ပြုနေသလို ပြောလာသည်
" ဟုတ်တယ်။ တကယ် ခုခံနေတာ။ လူဝီဆန်လို့ ခေါ်တဲ့ အိမ်တော်ထိန်းကြီးက ကျွန်တော့်ကို လာရှာပြီး အိပ်ရာထဲ လှဲနေတဲ့ မစ္စတာဟယ်ရှောင်းကို တွေ့ပြီးတဲ့အချိန်ကတည်းက ကျွန်တော်က တစ်ကယ် ခုခံမှု ပြင်းပြင်း ခံစားနေရတယ်"
ရွှယ်ယုံက သူ့ကို ဆွဲဖက်လိုက်ပြီး နူးနူးညံ့ညံ့ မေးလာသည်
" နျန်နျန်...ဘာလို့ မင်းက ခုခံနေသလို ခံစားနေရတာလဲ"
ယွီနျန်က တစ်ခဏမျှ တုန့်ဆိုင်းသွားပြီး ပြန်ဖြေလာသည် " ကျွန်တော်လည်း မသိဘူး"
ရွှယ်ယုံက ယွီနျန့်ဆံပင်လေးကို ညင်ညင်သာသာ ဖွပေးလာသည် " မင်း အဖြေမရှာနိုင်ဘူး ဆိုရင်လည်း အခုတော့ အဲ့ဒါအပေါ် စိတ်ထားမနေပါနဲ့တော့"
ညအမှောင်ကျလာချိန် မိုးမျှော်အဆောက်အဦးများက ညအမှောင်ထဲ ထိုးထွက်နေသည်။ လူဝီဆန်က ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်သော ပြတင်းပေါက်၏ လိုက်ကာများကို ဖွင့်လိုက်ရာ မြို့တော်တစ်ခုလုံး၏ နီယွန်မီးရောင်များက ဟယ်ရှောင်း ရှေ့တွင် တလက်လက်ပေါ်လာသည်။
အိပ်ရာဘေးနားက ကုလားထိုင်တွင် ပြန်ထိုင်လိုက်ရင်း လူဝီဆန်က ဟယ်ရှောင်းမေးလာသံကို ကြားလိုက်ရသည်
" မင်း ဒီနေ့ သူနဲ့ သွားတွေ့သေးတယ်မဟုတ်လား"
“မစ္စတာဟယ်ကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ"
လူဝီဆန်က ပျော့ပျောင်းသည့် လေသံနှင့် စကားဆိုလာရင်း ရိုးရိုးသားသား ဝန်ခံလိုက်သည်
" မစ္စတာယွီက ကျွန်တော် ဖိတ်လိုက်တာကို လက်ခံပြီး ကျွန်တော်နဲ့ တွေ့ပေးခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပဲ လက်ခံမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောနေတာ"
ခေါင်းအုံးကို မှီထားရင်း ဟယ်ရှောင်း၏ နှုတ်ခမ်းများက ဖျော့တော့လာသည်။ သူက ချောင်းဖွဖွ ဆိုးလိုက်ပြီး ပြုံးပြလာသည်။
" သူက သူ့အမေလိုပဲ ။ အရမ်း ခေါင်းမာတယ်။ အပေါ်ယံကသာ နူးညံ့ပုံပေါ်ပေမယ့် ဆုံးဖြတ်ချက် ချပြီးတာနဲ့ တဖက်လူက ဘယ်လောက်ပဲ သိမ်းသွင်းသွင်း နားမထောင်တော့ဘူး"
လူဝီဆန်က ခေါင်းညိမ့်ပြလာရင်း စက္ကန့်အနည်းငယ် တိတ်ဆိတ်နေရာမှ ပြန်မေးလာသည်။
"ဆရာ...တကယ်ပဲ သူ့ကို ပြောမပြတော့ဘူးလား"
ဟယ်ရှောင်းက ပြတင်းပေါက် အပြင်ဘက်ရှိ နီယွန်မီးရောင်များကို ကြည့်နေရင်း ခေါင်းအသာယမ်းပြလာသည်။ ထို့နောက် အက်ကွဲနေသော လေသံနှင့် စကားဆိုလာသည်။
" သူ့ရဲ့ နှစ်ဆယ့်နှစ်နှစ်တာ ကာလမှာ ငါက သူ့ဘဝထဲ တစ်ခါမှ ပေါ်မလာခဲ့ပဲ သူ့ရဲ့ တည်ရှိမှုကိုတောင် မသိခဲ့ရဘူး။ အခုမှ ရုတ်တရက် ကိုယ်ထင်ပြလာပြီး သူ့ဘဝထဲ ကျူးကျော်မိဖို့ ငါ့မှာ ဘာအခွင့်အရေး ရှိလို့လဲ။ ပြောရရင် ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ အချိန်လည်း သိပ်မကျန်တော့ဘူး။ သူ့ကို ဘယ်လို ပြောပြရက်မှာလဲ"
အကြိမ်ပေါင်းများစွာ ချောင်းဆိုးပြီးနောက် ဟယ်ရှောင်းက အားအင်ချိနဲ့စွာ စကားဆိုလာသည်။
" သူက အရမ်း ငယ်သေးတယ်။ မွေးကင်းစအရွယ်မှာ အမေကို ဆုံးရှုံးခဲ့ရပြီးတော့ အဘိုးအဘွားတွေကိုလည်း နှုတ်ဆက်ခဲ့ရပြီးပြီ။သူ့ရဲ့ ဝမ်းနည်းမှုတွေ ထပ်တိုးလာဖို့ ငါ့ကိုလည်း နှုတ်ဆက်စကား ဆိုရအောင် ဘာလို့ လုပ်ရမှာလဲ။ ငါ့ဘက်က တိတ်တိတ်လေး ထွက်သွားတာမှ ပိုကောင်းလိမ့်မယ်။ ဒါမှ သူက ဘယ်နေရာရောက်နေမှန်း မသိရင်တောင် ဒီကမ္ဘာကြီးမှာ သူ့ကို အားပေးနှစ်သိမ့်ပေးမယ့် ဆွေမျိုးတစ်ယောက် ကျန်ပါသေးတယ်လို့ ယုံကြည်နေမှာ။ အဲ့လိုမဟုတ်ရင်တော့ သူက ပိုပြီး စိတ်ဆင်းရဲသွားရလိမ့်မယ်"
လူဝီဆန်က သူ၏ ယခုလို ဖြစ်နေသည့် ပုံစံကို မမြင်ရက်၍ ပြောလာသည်။ "ဆရာ ဒါပေမယ့်..."
“ငါ ကျေနပ်ပါတယ်" ဟယ်ရှောင်းက လူဝီဆန့်ကို စကားဖြတ်ပြောလိုက်သည်။
" သူက ကောင်းကောင်း လုပ်နေတာပဲလေ။ လောဘကြီးမနေတော့ပဲ သူ့ကို ရိပ်ခနဲ တွေ့လိုက်ရတာလေးကိုက ငါ့အတွက် လုံလောက်နေပါပြီ"
သူက လူဝီဆန်ကိုလည်း အကြံပေးလာသည် " မင်းက ငါ့ဘေးမှာ ရှိနေခဲ့တဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ။ ကျေးဇူးပြုပြီး မင်းဘက်က အခွင့်ရေးယူပြီး သူ့ကို သွားမရှာပါနဲ့တော့"
လူဝီဆန်က သူ့ရှေ့တွင် အရိုအသေပေးလာပြီး သဘောတူလာသည်။
" ဟုတ်ကဲ့ပါ ဆရာ"
*****
ယွီနျန်က သူ မှေးခနဲ အိပ်ပျော်သွားစဥ် ထပ်ကာထပ်ကာ အိပ်မက်မက်နေမှန်း နားလည်သွားသည်။
အိပ်မက်ထဲတွင် သူက အရမ်း အသက်ငယ်ငယ် ကလေးတစ်ယောက် ဖြစ်နေပြီး မူလတန်းကျောင်းမှ အိမ်ပြန်လာရင်း အဘိုးနှင့်အဘွားကို နားမလည်သလို မေးလာသည်
" တခြားကလေးတွေမှာ အဘိုးနဲ့အဘွားတင် မကဘူး။ အဖေနဲ့ အမေရော ရှိကြတယ်။ တချို့ကလေးတွေမှာက အစ်ကိုတွေ အစ်မတွေတောင် ရှိကြတယ်။ ကျွန်တော့်မှာ ဘာလို့ မရှိရတာလဲ"
ထိုအချိန်တွင် သူ၏ အဘိုးက စာအုပ်ဖတ်နေရာမှ မေးခွန်းကြားလိုက်၍ ယွီနျန့်ကို အနားဆွဲယူလိုက်ပြီး အဖြေကို မရှောင်သလို လိမ်လည်းမလိမ်ခဲ့ချေ။ ထိုအစား သူက ငြင်ငြင်သာသာ ပြောလာသည်
" ငါတို့ နျန်နျန်လေးရဲ့ အမေက ဒီကမ္ဘာကြီးကနေ နျန်နျန်လေး မွေးပြီးတာနဲ့ ထွက်သွားခဲ့တာပဲလေကွယ်။ နျန်နျန့်အဖေကိုတော့ အဘိုးရော အဘွားရော မသိဘူးကွဲ့။ ဘာလို့လဲဆိုတော့ နျန်နျန့်အမေရဲ့ လျှို့ဝှက်ချက်သေးသေးလေး ဖြစ်နေလို့ပဲ"
“သားမှာ လျှို့ဝှက်ချက်သေးသေးလေး ရှိနေသလိုမျိုး ဘိုးဘိုးကလည်း ဟိုရက်တွေတုန်းက ကြွေပုလင်း တစ်ခု တိတ်တိတ်လေး ဝယ်ခဲ့ပြီး အဘွားကို မသိစေချင်သလိုမျိုးလား...။ အဲ့ဒါကလည်း ဘိုးဘိုးရဲ့ လျှို့ဝှက်ချက် သေးသေးလေးပဲလေ ဟုတ်တယ်မို့လား"
“ဟုတ်တာပေါ့ကွ။ နျန်နျန်လေး ပြောတာ လုံးဝ မှန်တယ်။ မင်းအမေရဲ့ လျှို့ဝှက်ချက်သေးသေးလေး ဖြစ်တာမို့လို့ အဘိုးတို့အားလုံး မသိကြဘူးကွ။ ဒါပေမယ့် နျန်နျန်လေးမှာ အဖေနဲ့အမေ မရှိရင်လည်း အဘွားနဲ့ အဘိုးနဲ့က နျန်နျန်လေးကို အရမ်းအရမ်း ချစ်တယ်လေ။ နျန်နျန်လေးလည်း အဲ့လို ခံစားရတယ် မဟုတ်လား"
“ဟုတ်ကဲ့။ ဘိုးဘိုးတို့ရဲ့ အချစ်ကို ခံစားရပါတယ်ဗျ"
သူက ထပ်ပြီး အိပ်မက်မက်ပြန်သည်။ သူ၏ ကျောင်းလွယ်အိတ်အဟောင်းလေးကို လွယ်ရင်း ကျောင်းမှ ပြန်လာစဥ် ဦးလေးရှန်းက ညစာပြင်ပေးထားလေသည်။ သူက ထိုင်ခုံပေါ် ထိုင်လိုက်ရင်း တူတစ်စုံ ကိုင်လိုက်ပြီး အစားစားလိုက်ချိန် မျက်ရည်များက ထမင်းပန်းကန်ပေါ် ကျလာသည်။
အဘွားက သူ့ခေါင်းလေးကို စိုးရိမ်သလို ပွတ်သတ်ပေးလာရင်း မေးလာသည်
" ဘာဖြစ်လို့လဲ။ နျန်နျန်။ ကျောင်းမှာ တစ်ခုခု ဖြစ်ခဲ့လို့လား။ ဒါမှမဟုတ် စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခု ရှိနေလို့လား"
သူက မော့ကြည့်လိုက်ရင်း ဝမ်းနည်းရိပ်သန်းနေသော အသံနှင့် စိတ်ဆိုးသလို ပြောလာသည်။
" ဘွားဘွား...။အ...အဖေကလေ ကျွန်တော်နဲ့ အမေ့ကို မလိုချင်လို့ တစ်ခါမှ ပေါ်မလာခဲ့တာလား။ ကျွန်တော့် ထိုင်ခုံဖော်ရဲ့ မိဘတွေက သူ့ကို နေ့တိုင်း ကျောင်းလာကြိုပေးကြတယ်။ ကျွန်တော်လည်း ကျွန်တော့်ကို လာကြိုပေးမယ့် မိဘတွေ ရှိချင်လိုက်တာ..."
အိပ်မက်မှ နိုးလာရန် ရုန်းကန်လိုက်စဥ် သူ၏ မျက်လုံးများက စိုစွတ်နေလေသည်။ အိပ်ခန်းက တိတ်ဆိတ်နေပြီးဘေးက ရွှယ်ယုံ့အသက်ရှူသံကိုသာ ကြားနေရသည်။ ယွီနျန်က မျက်လုံးဖွင့်လျက်သား တစ်ခဏမျှ ဗလာသက်သက် စိုက်ကြည့်နေပြီးနောက် ရွှယ်ယုံ့ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
သူ ငယ်ရွယ်စဥ်က အဘိုးနှင့်အဘွားတို့ မသိစေပဲ ပုန်းပြီး တိတ်တိတ်လေး ငိုလေ့ရှိသည်။ သူ၏ မိဘများသာ ရှိနေသေးလျှင် မည်သို့ဖြစ်လာမလဲ ဟုပင် စိတ်ကူးယဥ်ကြည့်ဖူးသည်။ သို့မဟုတ် တစ်နေ့ သူ့အဖေက ရုတ်တရက် ပေါ်လာပြီး သူ့ခေါင်းလေးကို ပွတ်သတ်ပေးပြီးချီလာရင် ဆိုသည့် မြင်ကွင်းမျိုးလည်း ပုံဖော်ကြည့်ဖူးသည်။
သို့သော်လည်း သူ အရွယ်ရောက်လာသည်နှင့် ကိုယ်မသိသော လူတစ်ယောက်အပေါ် မျှော်လင့်ချက်များထားပြီး လှပသော စိတ်ကူးယဥ်ပုံရိပ်များတွင်သာ ပိတ်မိမနေစေရန် နားလည်လာခဲ့သည်။ မဟုတ်လျှင် သူ့ဘေးပတ်လည်ရှိ လူများ၏ ကောင်းပေးကြပုံများကို အသိအမှတ်မပြုသလို ဖြစ်သွားလိမ့်မည်။ မျှော်လင့်ချက်ထားတာ များလေလေ စိတ်ပျက်ရပေါင်း များလေလေ ဖြစ်လာ၍ပင်။
သူက ဆန္ဒကြောင့် ဖြစ်လာသည့် စိတ်ကူးယဥ်မှုများကို တွန့်ဆုတ်တွန့်ဆုတ်နှင့် ရပ်တန့်ခဲ့ရသည်။
"နျန်နျန်"
ရွှယ်ယုံ၏ အိပ်ချင်နေသည့် သြရှရှ အသံကို ကြားလိုက်စဥ် ယွီနျန်က အနားတိုးဖက်လိုက်ရင်း မေးလာသည်
" အင်း..."
ရွှယ်ယုံ၏ ပူနွေးနေသော လက်ဖဝါးက ယွီနျန်၏ အေးစက်နေသော မျက်နှာကို ထိတွေ့လာရင်း နမ်းရှိုက်လိုက်ပြီး စကားဆိုလာသည်။
"အိပ်မက်ဆိုးတွေ မက်လို့လား"
“မဟုတ်ပါဘူး။ ကျွန်တော် ကလေးဘဝက ကိစ္စလေးတွေကြောင်း အိပ်မက်မက်နေရုံပါ" ယွီနျန်က ရွှယ်ယုံ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး သူ့မျက်နှာပေါ် ဖိလိုက်စေသည်။ သူ၏ အသံက အနည်းငယ် တိုးဖျော့သွားသည်။
" ခင်ဗျား ကျွန်တော့်ကို ဘာလို့ ခုခံနေရတာလဲလို့ မေးခဲ့ပေမယ့် အမှန်တရားကို ကျွန်တော် သိသွားပြီ"
ရွှယ်ယုံက အသံထွက်မလာချေ။
ယွီနျန်၏ လေသံက ပိုပြီး ပျော့ပျောင်းလာသည်
" ကျွန်တော် ကြောက်နေတာ"
အသံများ တုန်ယင်နေ၍ ရွှယ်ယုံက လက်လှမ်းလာပြီး လက်ထဲရှိ လူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာသည်။
ယွီနျန်က ရွှယ်ယုံ့ရင်ခွင်ထဲ ငြိမ်နေရင်း ညအိပ်ဝတ်စုံကို တင်းတင်း ဆုပ်ကိုင်မိသည်။ ခဏအကြာ လှိုက်ဝင်နေသည့် အသံက အမှောင်ထုထဲ ပျံ့လွင့်သွားသည်
" ရွှယ်ယုံ...။ ကျွန်တော် တကယ် ကြောက်တယ်..."
*******
“သိုက်ပေါ်ရှိုးပွဲက ပြင်ဆင်လာတာ နှစ်ဝက်လောက် ရှိပြီ။ အခုတော့ တရားဝင် ပရိုမိုးရှင်းဆင်းတဲ့ ကာလထဲ ဝင်လာခဲ့ပြီပဲ။ ပရိုမိုးရှင်းမှာ ပါတဲ့ အကြောင်းအရာမှာ နျန်နျန်က ရှိုးပွဲကို ဖွင့်ပေးဖို့ စင်ပေါ် ရှိနေရမယ် ဆိုတာကို အလေးပေး ဖော်ပြထားတယ်။ ဒါက ပွဲဦးထွက်ကတည်းကဆိုရင် မင်းအတွက် ပထမဆုံးအနေနဲ့ runway လျှောက်တာ ဖြစ်လိမ့်မယ်။ ပြီးတော့ ဖန်တွေကလည်း စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတာ။
စင်ပေါ်မှာ လျှောက်ပေးဖို့အတွက် သိုက်ပေါ်ဘက်က စဥ်းစားထားတာကတော့ ကိစ္စကြီးကြီးမားမား မရှိလောက်ဘူး ဆိုပေမယ့်လို့ မင်းရဲ့ အကြံပြုချက်အတိုင်း ဆရာတစ်ယောက် စီစဥ်ပေးထားပြီးပြီ။ လေ့ကျင့်မယ့် အချိန်ဇယားကိုလည်း စီစဥ်ပေးပြီးသွားပြီ"
မုန့်ယွမ်က စကားဆုံးသွားသည်နှင့် ယွီနျန့်ရှေ့သို့ စာရွက်လိပ်တစ်ခု ဝှေ့ယမ်းပြလာရင်း မျက်မှောင်ကြုပ်လိုက်သည်
" နျန်နျန်။ မင်း နားထောင်နေရဲ့လား"
စက္ကန့်အနည်းငယ် ကြာပြီးနောက် ယွီနျန်က အသိပြန်ဝင်လာ၍ တောင်းပန်လာသည် ။
" ဆောရီးပါ အစ်ကိုမုန့်။ ကျွန်တော် ခုနက အတွေးများနေလို့။ အစ်ကိုမုန့် ပြောလိုက်တာကို ကျေးဇူးပြုပြီး ပြန်ပြောပေးလို့ရမလား"
မုန့်ယွမ်က ပြန်ပြောပြလာရင်း ယွီနျန့်ကို စိုက်ကြည့်လိုက်သည်။
" နျန်နျန်။ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခု ရှိနေလို့လား။ မင်း ဒီရက်တွေထဲ စိတ်တွေ လွတ်လွတ်နေတယ်"
ယွီနျန်က အားတင်းပြုံးလိုက်ရင်း ပြောလာသည်။
" မနေ့ညကရော အရင်နေ့ညကရော အိပ်မက်တွေ မက်ခဲ့လို့ ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး"
“ကောင်းကောင်း အိပ်မပျော်တာလား။ အဲ့ဒါကြီးက တကယ်ကို စိတ်ညစ်ပြီး ဒေါသထွက်ဖို့ ကောင်းတာနော်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့မှာ ပြဿနာတစ်ချို့ ရှိခဲ့လို့ စိုးရိမ်သောကတွေရယ် ဖိအားတွေကြောင့် ညညဆို အိပ်မပျော်နိုင်ခဲ့ဘူး။ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ ဆေးအကူအညီယူပြီး ပြန်ကောင်းအောင် လုပ်ခဲ့ရတာကို နှစ်ဝက်လောက် ကြာတယ်။ မင်းက အယ်လ်ဘမ်ကြောင့် စိတ်ထဲ ကျဥ်းကြပ်နေလို့လား။ ဥက္ကဌရွှယ်နဲ့ အဆင်မပြေတာတွေ ရှိနေလို့လား"
“အဲ့လိုမျိုး မဟုတ်ပါဘူး"
ယွီနျန်က ခေါင်းခါပြလိုက်သည်။
" အယ်လ်ဘမ်ထုတ်တာကလည်း ချောချောမွေ့မွေ့ပါပဲ။ ခန့်မှန်းထားတာထက်တောင် မြန်နေဦးမယ်။ ရွှယ်ယုံနဲ့လည်း အဆင်မပြေတာတွေ မရှိပါဘူး။ ညတုန်းက အိပ်မက်ကြောင့် လန့်နိုးလာတော့ သူကပဲ ပြန်အိပ်ပျော်အောင် ချော့သိပ်ခဲ့တာ"
“ဒါဖြင့် ဟို လူဝီဆန် ဆိုတဲ့လူက မင်းကို ပြန်လာရှာနေလို့လား"
“မဟုတ်ပါဘူး"
ယွီနျန်က ခံစားချက်တို့ကို ဖုံးလိုက်ရန် အကြည့်လွဲသွားပြီး စားပွဲပေါ်က ရေခွက်ကို လှမ်းယူလိုက်ရင်း တစ်ငုံသောက်လိုက်သည်။
" သူက ကျွန်တော့်ကို လာမရှာပါဘူး"
မုန့်ယွမ်က မေးစေ့ကို ပွတ်သတ်လိုက်ရင်း စဥ်းစားကြည့်လိုက်သည်။
" အဲ့လိုမဟုတ်ရင် ဝါးစာလိပ် လေလံပွဲကြောင့် ဖြစ်မယ် ဟုတ်တယ်မို့လား။ ဒါ တကယ်ကို စိတ်ပျက်စရာပဲ။ ခရီးသွားရတာ အလကား ဖြစ်သွားရတယ်။ ဒါပေမယ့် စဥ်းစားကြည့်ရင်လည်း ပြဿနာတော့ မဟုတ်ပါဘူး။ အဲ့ဒီလူက ရောင်းဖို့ စီစဥ်ထားမှတော့ သိပ်မကြာခင်လောက် ဒါမှမဟုတ် နောက်ပိုင်းလောက်မှာ ဘယ်လိုပဲဖြစ်ဖြစ် ရောင်းမှာပဲလေ။ သူ နောက်ပိုင်းမှ ရောင်းရင်တော့ မင်းမှာ ပိုက်ဆံစုဖို့ အချိန်ပိုရှိသွားတာပဲပေါ့...မှန်တယ်မို့လား ... "
ယွီနျန်က ထပ်ပြီး ရှင်းမပြတော့ပဲ သဘောတူလိုက်သည် " ဟုတ်ကဲ့"
မုန့်ယွမ်က ယွီနျန့်ကို အတန်းအချိန်ဇယား ပြလ
ာသည်။
" ဟော်ရှင်းကို ပြောထားပြီးပြီ။ လောလောဆယ် အကအတန်းကို နားထားပြီး catwalk လျှောက်ဖို့ကို အာရုံစိုက်ထားရမယ်။ မဟုတ်ရင် မင်းမှာ အချိန်လောက်မှာ မဟုတ်ဘူး ကြားလား"
“ကောင်းပါပြီ"