အပိုင်း ၁၆၀
Viewers 18k

Chapter 160

ကိုယ် မင်းအတွက် ဆုံးဖြတ်ပေးမယ်



မုန့်ယွမ်က မသက်မသာ ခံစားနေရသည့် ယွီနျန့်ကို စောင့်ကြည့်နေမိသည်။ လေ့ကျင့်နေစဥ်အတွင်း သူနှင့်အတူ ရှိနေပေးရန် ဆုံးဖြတ်လိုက်သည်။ ထင်ထားသည့်အတိုင်း သူ၏ စိုးရိမ်မှုများက ဖြစ်လာခဲ့သည်။ စင်ပေါ် လျှောက်ရန် လေ့ကျင့်နေစဥ်အတွင်း ယွီနျန်က နှာရီဝက်ကြာပြီးချိန် ရှူးဖိနပ်မတော်၍လား အခြားအကြောင်းရင်းကြောင့်လား မသိပဲ ခြေထောက်ခေါက်သွားသည်။   


ယွီနျန့်တွင် အရင်က ခြေကျင်းဝတ် ထိခိုက်ဖူးမှန်း သိနေ၍ မုန့်ယွမ်က သတိကြီးကြီး ထားခဲ့လေသည်။ ယခုလို အရေးကြီးသည့်အချိန်တွင် အနည်းငယ်မျှ အထိခိုက်မခံနိုင်ပေ။ သူက အမြန် ပြေးသွားလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။


 " ဘယ်လိုနေလဲ။ မင်း အဆင်ပြေရဲ့လား" 


ယွီနျန်က မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်နေလျက် ခြေကျင်းဝတ်ကို ကိုင်ထားပြီး ခေါင်းခါပြသည်။


 " ရပါတယ်။ နည်းနည်းပဲ နာသွားတာပါ" 


ယွီနျန်၏ ပြန်ဖြေသံကို ကြားသောအခါ မုန့်ယွမ်က စိုးရိမ်လာရသည်။ သူက ရှစ်ရော့ကို ယွီနျန်နှင့်အတူနေခဲ့ရန် မျက်ရိပ်ပြလိုက်ပြီး ဆရာကို အရင်ဖယ်ထုတ်ရန်အတွက် ဆရာဝန်သွားပြမည် ဆိုသော ဆင်ခြေကို သုံးလိုက်သည်။ 


အမြန် ပြန်လာသည့်အချိန် ယွီနျန်က မြေပြင်တွင် ဒူးထောက်လျက် ရှိနေလျက်သားပုံစံကို မြင်လိုက်ရ၍ မုန့်ယွမ်ကလည်း ထိုင်ချလိုက်သည်။


" နျန်နျန်။ ဘာဖြစ်လို့လဲ။ ဘာလို့ ငိုနေတာလဲ။ မင်း ငိုနေရင် ငါလည်း တကယ် စိတ်မသက်သာဖြစ်ရတယ်"


ယွီနျန့်မျက်လုံးများက အနည်းငယ် နီရဲနေပြီး သူက အားတင်းပြုံးလိုက်သည်။


 " ကျွန်တော် မငိုပါဘူး။ တကယ်ပြောတာ"


သူ၏ ငိုမနေသည့် ပုံစံက မုန့်ယွမ်ကို ငိုတာထက်ပိုပြီး စိတ်ပူမိစေသည်။ သေချာစဥ်းစားကြည့်ပြီးနောက် သူက ဖုန်းခေါ်ရန် အပြင်သို့ ထွက်လာလိုက်သည်။ ထို့နောက် ယွီနျန့်ခြေထောက်က အမှန်တကယ် အဆင်ပြေကြောင်း အတည်ပြုပြီးမှ မုန့်ယွမ်က ရုံးခန်းသို့ ပြန်ခေါ်လာခဲ့ပြီး ဖြန်းဆေးဘူးထုတ်လိုက်ရင်း ယွီနျန့်ခြေကျင်းဝတ်ကို အကြိမ်ပေါင်းများစွာ ဖြန်းလိုက်သည်။ 


သိပ်မကြာမီ ရုံးခန်းတံခါးက တံခါးခေါက်သံနှင့်အတူ ပွင့်လာပြီး ချူရှောင်းရန်နှင့် ရွှယ်ယုံတို့ ဝင်လာကြသည်။


သူတို့ကို တွေ့လိုက်သောအခါ မုန့်ယွမ်က စိတ်အေးသွားဟန် သက်ပြင်းချလိုက်ရင်း မတ်တပ်ရပ်လိုက်ပြီး ချောင်းဖွဖွဆိုးလိုက်သည်။


" အမ်...သိုက်ပေါ်အဖွဲ့နဲ့ အသေးစိတ်အချက်အလက်တွေကို သွားစစ်ကြည့်လိုက်ဦးမယ်"

 ပြောပြီးနောက် သူက ရှစ်ရော့ကို ဆွဲခေါ်ပြီး ထွက်သွားလိုက်သည်။


ချူရှောင်းရန်ကလည်း တစ်ယောက်ယောက်ကို အထဲခေါ်လာပြီးနောက် နှုတ်ဆက်ပြီး ပျောက်သွားလေသည်။


ရွှယ်ယုံက အနောက်တိုင်းဝတ်စုံနှင့် လည်စီးကို ဝတ်ဆင်ထားဆဲ ဖြစ်ကာ ယွီနျန့်နား ရောက်လာပြီး သူ့ရှေ့ထိုင်ချလိုက်ရင်း ခြေကျင်းဝတ်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။


 " နာနေတုန်းလား"  


ယွီနျန်က ခေါင်းခါပြလာသည်။


 " မနာတော့ပါဘူး။ ချော်လဲပြီး နည်းနည်း ထိသွားရုံပါ။ ဒါပေမယ့် အခု ပျောက်သွားပါပြီ"


“အင်း" 


ရွှယ်ယုံက ထရပ်လိုက်ရင်း ကိုယ်ကို ကုန်းလိုက်ပြီး ယွီနျန့်ကို ပွေ့ဖက်လာကာ သူ့ကို ချီထားလျက် ဆိုဖာပေါ် ထိုင်လိုက်သည်။ နေရာကျအောင် လုပ်ပြီးနောက် သူက ယွီနျန့်ကိုယ်လေးကို နမ်းရှိုက်လာသည်။


 " ရှောင်းရန်က အလောတကြီး ခေါ်လာပြီး ပြောလာတာ မင်းရဲ့ မန်နေဂျာက သူ့ကို ဖုန်းဆက်တယ်တဲ့။ မင်း ငိုနေတယ် ဆိုပြီး ပြောနေလို့"


ယွီနျန်က ရွှယ်ယုံ့ရင်ဘတ်ပေါ် မှီလိုက်ရင်း ပြောလိုက်သည်။


" ကျွန်တော် မငိုပါဘူး"


အနီးကပ်တိုးဝင်လိုက်ရင်း ရွှယ်ယုံက ယွီနျန့်မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့လေးကို နမ်းရှိုက်လိုက်ပြီး သူ၏ မျက်လုံးထဲသို့ နူးနူးညံ့ညံ့ ကြည့်လာသည်။


 " မင်း မငိုခဲ့ပေမယ့် ဝမ်းနည်းနေတယ် မဟုတ်လား"


“အင်း" 

ယွီနျန်က ရွှယ်ယုံ၏ စည်းချက်ကျကျ နှလုံးခုန်သံကို နားထောင်နေရင်း သူ၏ ကျောပြင်ကို ဖွဖွပုတ်ပေးလာသည်ကို ခံစားရ၍ တုန်ယင်နေသော စိတ်အစုံက လုံခြုံသွားသလို ခံစားချက် ဖြစ်တည်လာပြီး ငြိမ်သက်လာသည်။ 


သူက တစ်ခဏမျှ ငြိမ်သက်နေရာမှ စကားဆိုလာသည် " သူက အဲ့ဒီလူ ဖြစ်နိုင်မယ်လို့ ထင်...လား"


ရွှယ်ယုံက ပြန်ဖြေမလာပဲ စကားဆိုလာသည်။


 " မင်းရင်ထဲမှ အဖြေရှိပြီးသားပဲ မဟုတ်လား"


ယွီနျန်က ရွှယ်ယုံ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ရင်း မျက်လွှာချလိုက်သည်။


 " လူဝီဆန်က သူ့ကို တွေ့ဖို့ ခေါ်သွားတဲ့အချိန် ကျွန်တော်က ရင်းနှီးနေသလို ခံစားရတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့တာ သေချာပါတယ် ... သူ ကျွန်တော့်ကို ကြည့်လာတဲ့ ပုံစံ... ကျွန်တော့်အဘိုးအဘွား နာမည်ကို မေးလာတဲ့ ပုံစံ... ကျွန်တော့်မွေးနေ့ကို မေးလာတဲ့ပုံစံရယ် အထူးသဖြင့် သူက ကျွန်တော့်မွေးနေ့က တရုတ်နှစ်သစ်ကူးနေ့ ဆိုတာကို ကြားလိုက်ရတဲ့အခါ သူ ငိုတော့မယ်လို့ ကျွန်တော် ခံစားနေရတယ် ... နောက်တော့ တစ်နေ့ ကျွန်တော် မှန်ထဲ ရပ်ကြည့်မှ သူ့ကို ရင်းနှီးနေရတဲ့ အကြောင်းရင်းကို ချက်ချင်း နားလည်သွားခဲ့တာ" 


ယွီနျန်က စကားရပ်လိုက်ရင်း အသက်အနည်းငယ် ရှူလိုက်ပြီး ဆက်ပြောလာသည်။


 " ဘာလို့လဲဆိုတော့ ကျွန်တော်က သူနဲ့ တော်တော်ကို တူနေတာ။ မျက်နှာကျပုံလား နာဖူးလား နားရွက်တွေလား မျက်ခုံးတွေ တူနေတာလားတော့ ကျွန်တော် မသိဘူး"


ရွှယ်ယုံက ယွီနျန်၏ အနည်းငယ် အေးစက်နေသော လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး နမ်းရှိုက်လိုက်သည်။


 " မင်း ဘယ်လိုလုပ်ချင်လဲ။နျန်နျန်"


“ကျွန်တော် မသိဘူး" 


ယွီနျန်က ခေါင်းခါပြရင်း သူ၏စိတ်ထဲလည်း အနည်းငယ် ခါးသက်နေသည်


 " ကျွန်တော် တကယ် မသိဘူး"


ရွှယ်ယုံက ယွီနျန်၏ လက်ငါးချောင်းလုံးကို ဆုပ်ကိုင်ထားလိုက်ရင်း ပြောလာသည်။


" ဒါဖြင့် ကိုယ်မင်းအတွက် ဆုံးဖြတ်ပေးမယ် ဟုတ်ပြီလား"


၂၃ရက်နေ့ မနက်ပိုင်းတွင် ယွီနျန်က အပေါ်ကုတ်ပါးပါး တစ်ထည် ခြုံထားပြီး ရွှယ်ယုံ့နောက်လိုက်ရင်း တံခါးပြင်ထွက်လိုက်သည်။ ဓါတ်လှေကားက ဟိုတယ်၏ အပေါ်ဆုံးထပ်တွင် ရပ်သွားသည်နှင့် သူတို့က ဓါတ်လှေကားအပြင်ဘက်ကို ထွက်လိုက်ရာ နောက်မြီးရှည် ကုတ်အင်္ကျီ အနက်ရောင်ကို ဝတ်ထားသည့် လူဝီဆန်က စောင့်ကြိုနေလေသည်။


ယွီနျန်က တစ်ဖက်လူနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်။


 " တဆိတ်လောက် ခွင့်ပြုပါ။ ကျွန်တော်က ကြေးနီစပ်ကွေ့အိုးကို ယူဖို့ လာခဲ့တာပါ" 


လူဝီဆန်က ခေါင်းညိမ့်ပြလာပြီး သူ့ကိုယ်သူ ဟန်ပြင်လိုက်ရင်း ပြန်ဖြေလာသည်။


 " ကျေးဇူးပြုပြီး ကြွပါခင်ဗျာ" 


အခန်းထဲတွင် ပိုးသတ်ဆေးနံ့ ဖျော့ဖျော့ ရနေသည်။ ဟယ်ရှောင်းက ကုတင်ပေါ်တွင် လှဲနေရင်း အသံတစ်ချို့ကြားလိုက်၍ မျက်လုံးဖွင့်လာသည်။ 


လူဝီဆန်က တလေးတစား ပြောလာသည် " မစ္စတာဟယ်...မစ္စတာယွီက ကြေးနီစပ်ကွေ့အိုးကို ယူဖို့ ရောက်လာတာပါ"


ဟယ်ရှောင်းက စကားမဆိုပဲ ဖြေးဖြေးချင်း လက်မြောက်ပြလာသည်။


“ကောင်းပါပြီ" ညွှန်ကြားချက်ရ၍ လူဝီဆန်က လှည့်သွားပြီး မီးခံသေတ္တာထဲမှ ကြေးနီစပ်ကွေ့အိုး၏ အောက်ခံခုံပါသည့် ဘူးတစ်ဘူးကို သယ်ထုတ်လာသည်။ 


သူက စားပွဲပေါ် တင်လိုက်ရင်း ဂရုတစိုက် အဖုံးဖွင့်လိုက်သည်။


ယွီနျန်က ကြေးနီစပ်ကွေ့အိုးကို ကြည့်သာကြည့်လိုက်ပြီး မထိချေ။ ထိုအစား သူက ဟယ်ရှောင်းလှဲနေသည့် ကုတင်နားကို ခြေလှမ်းအနည်းငယ် လျှောက်သွားရင်း ကြောက်ရွံ့တုန်လှုပ်မနေပဲ နှုတ်ဆက်လာသည်။


 " မင်္ဂလာပါ" 


ဟယ်ရှောင်းတွင် စူးရှသည့် မျက်ခုံးများရှိ၍ ကြီးမားသော သြဇာအာဏာတို့ ထုတ်လွှင့်နေသည်။ သူက ယွီနျန့်ကို ကြည့်လာသည့်အချိန် သူ့အကြည့်က မီးတောက်ထဲ ရေခဲအရည်ပျော်သွားသလို နူးညံ့လာသည်။ သူက အလိုလို အသံ နူးညံ့သွားပြီး သြရှရှလေသံနှင့် ပြန်ဖြေလာသည်။


" မင်္ဂလာပါ" 


ဘေးတွင်ချထားသည့် ယွီနျန့်လက်ချောင်းများက သတိမထားမိစွာ တွန့်ကွေးလာ၏။ သတ္တိတို့ စုစည်းလိုက်ရင်း သူ ပြောလိုက်သည်။


" စိတ်မရှိရင် မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ"


ဟယ်ရှောင်းက ဆိုလိုက်သည် " မေးပါ"


အသက်ပြင်းပြင်းရှူလိုက်ပြီး မြန်ဆန်နေသော နှလုံးခုန်သံကို လျစ်လျူရှုထားလိုင်ရင်း ယွီနျန်က အနည်းငယ် အက်ကွဲနေသော လေသံနှင့် ပါးစပ်ဟလာသည်


 " ယွီထိုက်ယွဲ့ကို သိပါသလား"


ဟယ်ရှောင်း၏ မျက်ဆံများက အနည်းငယ် ကျဥ်းမြောင်းသွားရသည်။ ယွီနျန့်ကို မျက်နှာချင်းဆိုင်ထားပြီး မည်သည့်မျက်နှာအမူအရာ လုပ်ရမှန်း မသိ ဖြစ်သွားရင်း အသက်ပင် အောင့်ထားမိလေသည်။


အခန်းထဲတွင် ဆေးပစ္စည်းကိရိယာသံများသာ ထွက်နေပြီး အလင်းရောင်တောက်တောက်က ယွီနျန့်အတွက် ဟယ်ရှောင်း၏ မျက်နှာအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရစေသည်။  


အပြုံးဖျော့ဖျော့နှင့် ယွီနျန်က ဆက်ပြောလာသည်။


 " ယွီထိုက်ယွဲ့က ကျွန်တော့်အမေ နာမည်ပါ။ သူမကို သိပါသလား"


ဟယ်ရှောင်းက မျက်လုံးပိတ်လိုက်ပြီး ပြန်ဖွင့်လာသည့်အချိန် မျက်လုံးထက် ငွေ့ရည်တစ်ချို့ ရစ်သိုင်းနေသည်။ သူ၏ နှုတ်ခမ်းများက ထိန်းချုပ်မရစွာ တုန်ယင်လာပြီး သူ၏လည်စိက အထက်အောက် ရွေ့လျားလာရင်း စကားပြောရန် အားယူလိုက်သည်။


 " သူမကို သိပါတယ်"


ယွီနျန်က သူ၏ မျက်ရည်တို့ကို ဖုံးကွယ်ရန် အကြည့်လွှဲလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။


 " ကျွန်တော် သိပါပြီ"


လက်ကို မပြီး လက်သီးဆုပ်လိုက်ရင်း ယွီနျန်က အကြိမ်ကြိမ် တွန့်ဆုတ်နေမိသည်။ နောက်ဆုံး သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ရင်း ခေါင်းငုံ့လိုက်ပြီး ဟယ်ရှောင်းကို ဂရုတစိုက် စောင်ခြုံပေးလိုက်သည်။ သူက လူနာကုတင်ပေါ်က လူကို ကြည့်ရန် အရမ်းကြောက်နေမိသည်။


ကြေးနီစပ်ကွေ့အိုး၏ အောက်ခံခုံကို ကျန်းဟုန်ယင်း၏ သုတေသနခန်းထဲ သယ်လာသည့်အချိန် ကျန်ဟုန်ယင်းက အရမ်း အံ့သြနေသည်။


" မင်း ဒါကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ"


ယွီနျန့်ဘက်က ပြန်မဖြေလိုက်ခင် ကျန်းဟုန်ယင်းက လက်အိတ်စွပ်ပြီး လေးထောင့်ပုံ အောက်ခံခုံကို ကိုယ်တိုင်ကိုယ်ကျ ယူကြည့်လိုက်ရင်း သူ၏ အလုပ်သင်ကို လာကူရန် ခေါ်လိုက်သည်။ သူတို့က စက်ဝိုင်းပုံ အပေါ်ပိုင်း၏ ကွဲနေသော အနားစွန်းနှင့် ဆက်ကြည့်လိုက်ရင်း အပိုင်းများကို သေသေချာချာ တစ်စုတည်းဖြစ်အောင် လုပ်လိုက်သည်။


တစ်ခဏကြာသည်ထိ အနီးကပ် စစ်ဆေးကြည့်ပြီးနောက် ရှုလျန်ယန်က လက်ခုပ်တီးပြီး ရယ်မောလိုက်သည်။


 " အောက်ခုံနဲ့ တကယ်ကြီး တစ်ဆက်တည်း ဖြစ်နေတာပဲ"


ယွီနျန်က ဘေးတွင် ရပ်နေရင်း နှုတ်ခမ်းထက် အပြုံးဖျော့ဖျော့ စွန်းနေပြီး တိုးတိုး ပြောလာသည်။


 " ဟုတ်တယ်။ အတူတူ ဆက်လိုက်တော့ ပြီးပြည့်စုံသွားပြီ"


နောက်တစ်နေ့တွင် သူ၏ အတန်းများ ပြီးသွားချိန် ယွီနျန်က ဟယ်ရှောင်း၏ အခန်းသို့ ထပ်ပြီး သွားလိုက်သည်။ သူက အိပ်ရာဘေးက ကုလားထိုင်တွင် ထိုင်နေရင်း သက်သက်သာသာ ပုံစံနှင့် စိတ်ရွှင်နေသည့်ပုံရသည်။


 " ကျွန်တော် ဒီနေရာမှာ စာအုပ်တစ်အုပ် ဖတ်လို့ရမလား"


ဟယ်ရှောင်းက ယွီနျန့်ကို ချုပ်ထိန်းထားရသည့်မျက်လုံးများနှင့် ကြည့်လာပြီး ဖြေးဖြေးချင်း ခေါင်းညိမ့်ပြလာသည်။ 


ယွီနျန်က ဟယ်ရှောင်းကို လက်ထဲရှိ စာအုပ်အဖုံးလေးကို အကြမ်းသဘော ပြလိုက်ရင်း စကားထပ်ပြောလာသည်။


" ဒီစာအုပ်က ဆာရီနာသိုက်ပေါ်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်လေ။ သူမက သိုက်ပေါ်ဘရန်းရဲ့ တည်ထောင်သူ ဖြစ်ပြီးတော့ အခု ကျွန်တော်က ဘရန်းကိုယ်စားလှယ် ဖြစ်နေပြီ။ မကြာခင် ကျွန်တော်က ဖက်ရှင်ရှိုးပွဲ တော်တော်များများမှာ ပါလာပြီးတော့ သတင်းထောက်တွေနဲ့လည်း အင်တာဗျူးတွေ လုပ်ရတော့မှာ။ ဒါကြောင့် ကျွန်တော်က ဒီစာအုပ်ကို သေသေချာချာ ဖတ်ဖို့ ပြင်ဆင်ထားပြီး ကျွန်တော့်အိမ်စာကို လုပ်မလို့လေ"


ဟယ်ရှောင်း၏ အကြည့်တို့က အာရုံစိုက်ထားဟန် ယွီနျန့်စကားလုံးများကို အလေးထား နားထောင်နေပြီး နူးနူးညံ့ညံ့ ပြန်ဖြေလာသည် 


" အင်း" 


ယွီနျန်က ဆက်ပြောလာသည်။


 " ဒါနဲ့ စကားမစပ်။ ကြေးနီစပ်ကွေ့အိုးရဲ့ အောက်ခံခုံက အခု ကျွန်တော့်ဆရာ ကျန်းဟုန်ယင်းရဲ့ သုတေသနခန်းထဲမှာ ရောက်နေတယ်" 


သူက ပြုံးလိုက်သည်။


 " ပရော်ဖက်ဆာ ကျန်းဟုန်ယင်းက ကျွန်တော့်အပေါ် အရမ်း ကောင်းပေးခဲ့တာ။ ကျွန်တော်က နျင်းချန်တက္ကသိုလ်မှာ ဘွဲ့ကြိုအတွက် စာလေ့လာနေတုန်းကတောင် ဆရာက ကျွန်တော့်ကို တပည့်အဖြစ် ခေါ်ဖို့ ပြင်ဆင်ထားနှင့်ပြီးပြီ။ ဆရာက ကျွန်တော့်ကို နေရာတိုင်းကို ခေါ်သွားပြီး ဗဟုသုတတွေ

စည်းမျဥ်းစည်းကမ်းတွေအကြောင်း အများကြီး သင်ပေးခဲ့တယ်။ သူက တော်တော်လေး ခေါင်းမာပြီး အထက်စီးဆန်သလို ပုံစံ ဆိုပေမယ့် တကယ်တမ်းကျ အရမ်း ကြင်နာတတ်တာ။ ကျွန်တော် ဘွဲ့ရပြီး အဆိုတော်အဖြစ်နဲ့ ဖျော်ဖြေရေးလောကထဲ ဝင်လိုက်တော့ သူ မပျော်သလို ဖြစ်သွားရပေမယ့် ကျွန်တော့်ကို ထောက်ပံ့ပေးနေတုန်းပဲ။ နောက်ပိုင်းမှာ သူက ပြောခဲ့သေးတယ်။ ကျွန်တော် ဘာပဲလုပ်လုပ် သူ့အတွက် ဂုဏ်ယူစရာပါပဲတဲ့" 


ဟယ်ရှောင်းက တုံ့ပြန်သည့်အနေနှင့် ခေါင်းညိတ်ပြလာသည်။


စကားဝိုင်းပြီးသွားစဥ် ယွီနျန်က အသံတိတ်သွားပြီး ကုတင်ဘေး ထိုင်နေရင်း သူ့စာအုပ်ကို ဖတ်နေသည်။ သူ ဖတ်တာက မြန်သည်။ စာမျက်နှာများကို တစ်ရွက်ပြီးတစ်ရွက် လှန်လှောရင်း ဖတ်နေခြင်းဖြစ်သည်။ တစ်နေရာအရောက် သူက မော့ကြည့်လိုက်ရာ ဟယ်ရှောင်းက သူ့ကို ကြည့်နေရင်း မျက်လုံးပိတ်ပြီး မှေးနေပြီ ဖြစ်ကြောင်း သတိထားမိသွားသည်။ 


ယွီနျန်က ဟယ်ရှောင်းကို တစ်ခဏမျှ စိုက်ကြည့်နေရင်း ခေါင်းခါလိုက်ကာ သူ့အကြည့်တို့ကို စာမျက်နှာအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ သို့သော်လည်း စာလုံးလေးတစ်လုံးကိုမှ အာရုံစိုက်၍ မရဖြစ်နေကြောင်း သိလိုက်ရသည်။


နောက်တစ်နေ့ နေ့လည်တွင်လည်း ယွီနျန်က ထပ်လာပြန်သည်။ သူက အပေါ်ကုတ်ကို ချွတ်လိုက်ပြီး သပ်သပ်ရပ်ရပ် ချိတ်ထားလိုက်ကာ တောက်တောက်ပပ ပြုံးလာရင်း နှုတ်ဆက်စကားဆိုလာသည်။


" နျင်းမြို့တော်က ကြည့်ရတာ ဒီနှစ်တော့ စောစော ဆောင်းဝင်မယ့်ပုံပဲ။ မနေ့ညက မိုးရွာထားတော့ ဒီနေ့ လေတိုက်တာတောင် ချမ်းစိမ့်စိမ့် ဖြစ်နေတယ်" 


ဟယ်ရှောင်းက ကုတင်ပေါ် မှီထားရင်း ယွီနျန့်လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေပြီး ခပ်ဖြေးဖြေး ပြောလာသည်။


 " အဝတ်ထူထူ ဝတ်ဖို့ မမေ့နဲ့ဦး"


ယွီနျန်က ခံစားချက်များကို ချုပ်ထိန်းလိုက်ရင်း ခေါင်းညိမ့်ပြလာသည်။


 " ကောင်းပါပြီ။ ကျွန်တော် မှတ်ထားပါ့မယ်။ သေချာပေါက် အအေးမိခံမှာ မဟုတ်ပါဘူး"


 သူက ကုတင်ဘေးက ကုလားထိုင်ပေါ် ထိုင်လိုက်ရင်း စကားဆိုလာသည်။


 " ဒီမနက်ပိုင်း စတူဒီယိုမှာ ပိုစတာတွေ ရိုက်နေတာလေ။ ချောချောမွေ့မွေပဲ ပြီးသွားတယ်။ အစတုန်းကတော့ ညနေ လေးနာရီထိ ရိုက်ဖို့ စီစဥ်ထားပေမယ့် ၂နာရီမထိုးခင် ပြီးသွားတာ"


ဟယ်ရှောင်းက မေးလာသည်။


 " နေ့လည်စာ စားပြီးသွားပြီလား"


ယွီနျန်က စောင်ကို သေသေချာချာ ဖြန့်ပေးလိုက်ရင်း ပြောလာသည်

 " ဟုတ်ကဲ့။ ကျွန်တော် staffတွေနဲ့ နေ့လည်စာ စားခဲ့ပြီးပါပြီ။ အသားဟင်းနှစ်ခွက်၊ အသီးအရွက်ဟင်း နှစ်ခွက်နဲ့ စွပ်ပြုတ်တစ်ခွက်ရယ်...အလုပ်မှာစားတဲ့ အစားအစာပါပဲ။ ကျွန်တော် ဒီကို လာတဲ့လမ်းမှာ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သစ်သီးဖျော်ရည်ကိုလည်း သောက်ခဲ့ပြီးပြီ။ ဝိတ်တက်မှာစိုးလို့ အများကြီး မစားချင်ဘူးလေ"


“ဒီရက်ပိုင်းအတွင်း အလုပ်များနေတာလား"


"တကယ် မများပါဘူး"


 ယွီနျန်က ချက်ကျလက်ကျ ပြန်ဖြေလိုက်သည်။



( Ed/Nဒီအပိုင်းဖတ်ပြီး ဝမ်းနည်းနေမိတယ် 🥺)