အပိုင်း ၁၆၁
Viewers 18k

Chapter 161



“ဒီရက်ပိုင်းအတွင်း အလုပ်များနေတာလား"


"တကယ် မများပါဘူး"


 ယွီနျန်က ချက်ကျလက်ကျ ပြန်ဖြေလိုက်သည်။


"ကျွန်တော်က ဖျော်ဖြေပွဲတွေလည်း လက်မခံထားဘူးလေ။ ဒီအယ်လ်ဘမ်အတွက်ပဲ အာရုံစိုက်ထားချင်လို့ ကျွန်တော့် မန်နေဂျာလည်း ထောက်ပံ့ပေးတယ်။ လတ်တလော ထူးထူးခြားခြား လုပ်ဖြစ်တာဆိုလို့ သိုက်ပေါ်ရဲ့ ရှိုးပွဲကြီးပဲ ရှိသေးတယ်။ ကျွန်တော့်မန်နေဂျာကတောင် စနေသေးတယ်။ ကျွန်တော်က နာမည်မရှိတော့တဲ့ လူလိုမျိုးတောင် ဖြစ်နေပြီတဲ့"  


ဟယ်ရှောင်းက အလေးအနက်ထားပြီး နားထောင်နေသည်။


"ကျွန်တော်က အဖွင့်ရှိုးမှာ လျှောက်ရတဲ့အတွက် ပရော်ဖက်ရှယ်နယ် အတန်းတွေ တက်ခဲ့ရပေမယ့် နေ့တိုင်းကြီးတော့ မဟုတ်ပါဘူး။ အဲ့ဒါပြီးတော့ ဒီအယ်လ်ဘမ်အတွက်က ကျွန်တော်က အားလုံးကို ကိုယ်ကိုယ်တိုင် လုပ်ချင်တာလေ။ အချိန်ဇယားအရဆိုရင် ရက်အနည်းငယ်အတွင်း ရိုက်ကူးရေး စနိုင်လိမ့်မယ်"


ဟယ်ရှောင်း၏ မျက်လုံးများက တဖြေးဖြေး ပိတ်သွားသည်ကို မြင်၍ ယွီနျန်က စကားပြောရပ်လိုက်သည်။


ဟယ်ရှောင်း၏ အားအင်က နည်းပါးလေသည်။ သူက နှစ်နာရီကျော်ကြာအောင် အိပ်ပြီးမှ နိုးလာသည်။ သူ၏ မျက်လုံးတို့ကို ဖွင့်လိုက်စဥ် အစဦးပိုင်းတွင် အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်နှင့် စိတ်ပူနေမိသော်လည်း ကုတင်ဘေးတွင် ထိုင်နေသည့်သူကို တွေ့လိုက်ရ၍ သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားကာ စိတ်ပျက်မှုများလည်း ကွယ်ပျောက်သွားသည်။ သူက မေးလိုက်သည် 


" မပြန်သေးဘူးလား"


“အမ်...ကျွန်တော် မပြန်သေးဘူးရယ်" 

ယွီနျန်က ပြုံးလိုက်ပြီး တစ်ခဏမျှ တွန့်ဆုတ်နေရာမှ စကားဆိုလာသည်


 "...ကျွန်တော့်အမေအကြောင်း ပြောပြပေးလို့ ရမလား...ကျွန်တော့်အဘိုးအဘွားတွေ ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့ ဦးလေးရှန်းရယ် အိမ်နီးနားချင်းတွေဆီကရယ် အမေ့အကြောင်း ကြားဖူးပေမယ့် ဘောင်လွတ်နေတဲ့ ဓါတ်ပုံတစ်ခုလို ခံစားရတယ်"


ဟယ်ရှောင်းက နားနေရာမှ အနည်းငယ် ကောင်းမွန်လာသလို ခံစားရသည်။ ယွီနျန့် မေးခွန်းကို ကြားသောအခါ သူ၏ မျက်လုံးထဲတွင် နူးညံ့ရိပ်တို့ ပြလာသည်။


“ရတာပေါ့။ ပြောပြပေးလို့ရပါတယ်"


 သူက ဖြေးဖြေးချင်း စပြောလာသည်။


 " ထိုက်ယွဲ့က မယုံနိုင်လောက်အောင် အရမ်း လှတဲ့သူပါ။ ငါတို့ ပထမဆုံး တွေ့တဲ့အချိန် သူမက ငါ့ကို ပြုံးပြလာခဲ့တော့ ငါ သူမကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။ အဲ့ဒီအပြုံးလေးက တောင်တန်းအားလုံးပေါ်က ပန်းတွေအကုန် ပွင့်သွားသလိုမျိုးပဲ "


“နောက်ပိုင်းမှာ သူမက ငါ့ကို ပြောခဲ့တယ်။ ငါ့ကို ပထမဆုံး တွေ့တဲ့အချိန်မှာ ငါက ရုပ်ချောပြီး သူမရဲ့ အကြိုက်ပုံစံမို့လို့ ငါ့အပေါ် ထင်မြင်ချက်ကောင်းကောင်း ရှိတယ်လို့ ပြောခဲ့တာ"


ယွီနျန်က သဘောကျရယ်မောလိုက်သည်။


 " ကျွန်တော်တော့ အဲ့ဒါ မျိုးရိုးလိုက်တာလို့ ထင်တယ်။ အဘိုးကလည်း ပြောခဲ့တာ အဘွားက သူ့ကို လက်ထပ်ခဲ့တာက သူ့ကို ရုပ်ချောတယ် ထင်လို့တဲ့လေ"


ဟယ်ရှောင်း၏ အကြည့်က အရမ်း နူးညံ့နေသည်။


 " ဟုတ်တယ်။ ဒါကြောင့် သူမနဲ့ တွေ့ဖို့လုပ်ရင် ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးတော့ ကြည့်ကောင်းအောင် လုပ်ခဲ့ရတာ။ သူမက စိတ်ဝင်စားတာတွေ များတယ်။ စာဖတ်ရတာ၊ လက်မှုပညာ၊ နူးညံ့သိမ်မွေ့တဲ့ ပစ္စည်းသေးသေးလေးတွေ စုဆောင်းရတာ၊ လက်ရေးလှရေးတာ၊ ပန်းချီဆွဲတာနဲ့ တံဆိပ်ထုတာရယ်...အများကြီးပဲ။ သူမက စူးစမ်းလိုတဲ့ စိတ်ရှိပြီးတော့ ဗဟုသုတတွေကို သိလိုတဲ့ ဆန္ဒရှိတယ်" 


“သူမက နွေဦးမှာဆို ပန်းပွင့်တွေကို မြတ်နိုးပြီးတော့ နွေရာသီမှာ ရေကစားရတာ ကြိုက်တယ်၊ ဆောင်းဦးမှာ သစ်ရွက်ကြွေတွေကို စုဆောင်းရတာ ကြိုက်တယ် ပြီးတော့ ဆောင်းရာသီမှာ နှင်းပွင့်တွေကို အရသာခံပြီး ကြည့်ရတာ ကြိုက်တယ်။ သူမမျက်လုံးထဲမှာ နေ့ရက်တိုင်းမှာ ကမ္ဘာကြီးက လှနေတာပဲပေါ့။ ဒါပေမယ့် ငါ့အတွက်ကတော့ ငါက အသက်ငယ်ငယ်လေးနဲ့ မိဘမဲ့တစ်ယောက် ဖြစ်လာတယ်။ ငါ့ဆီကနေ ယူသွားကြတဲ့ ပစ္စည်းတွေကို ပြန်ရှာပြီး ပြန်ရယူဖို့ လက်စားချေစရာတွေ ရှိသေးတယ်။ ငါ အောင်မြင်မလား ကျရှုံးမလား သေမလား ရှင်မလားဆိုတာတောင် ငါမသိဘူး" 


“သူမက တောက်ပနေတဲ့ အလင်းရောင်လေးလိုပဲ။ ဒါကြောင့် သူမကို ရွှံ့နွံထဲ ဆွဲမခေါ်သွားနိုင်ခဲ့ဘူး။ ထိုက်ယွဲ့က ငါ့အတွေးတွေကို သိသွားတော့ သူမက ပြောခဲ့တယ်။ အချစ်အပြင် ရှင့်ကို ပေးဖို့ လိုအပ်တဲ့ အရာတွေ ရှိနေသေးတယ်လို့ ပြောခဲ့တာ။ သူမက ငါ့ရဲ့ ဆုံးဖြတ်ချက်ကို အားပေးခဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူမက ဒီဆက်ဆံရေးကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာ" 


“နောက်ပိုင်းမှာ ငါ့ဘဝကြီး ပျောက်ဆုံးသွားမတတ် ခံစားခဲ့ရပေမယ့် လက်စားချေနိုင်ခဲ့ပြီးတော့ ငါပိုင်ဆိုင်တဲ့အရာတွေကို ပြန်ရယူနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ငါ နောက်ပြန်ကြည့်တဲ့အချိန်မှာ သူမကို မရှာနိုင်တော့ဘူး" 


ဟယ်ရှောင်းက ပြောနေရင်း သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ ယွီနျန်က မေးလာသည် " မစ္စတာဟယ်ရဲ့ ကျန်းမာရေးကြောင့်လား" 


“ဟုတ်တယ်။ အဲ့ဒီအချိန်က ဖြစ်ခဲ့တာ။ အဲ့ဒီတုန်းက ငါက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးတော့ မကြာခဏဆိုသလို ဆေးကုသမှု ခံယူနေရတယ်။ အနားယူပြီးတဲ့နောက်မှာ အချိန်အကြာကြီး သတိလစ်နေခဲ့တယ်။ ဆရာဝန်တွေကတောင် ငါက သိပ်မနေရတော့ဘူးလို့ ပြောခဲ့တာ။ အခု နောက်ပြန်ကြည့်လိုက်ရင် ပစ္စည်းပိုင်းလေးတွေ စုဆောင်းရင်းနဲ့ ငါက ဒီ နှစ်နှစ်ဆယ်ကို ကံကောင်းလို့ နေခဲ့ရတာပဲ"


ထိုအချိန် တာဝန်ခံ သီးသန့်ဆရာဝန်က ပုံမှန်စစ်ဆေးစရာရှိတာများကို ဆောင်ရွက်ရန် ဝင်လာသည်။ သူ၏ အားနည်းနေသော ပုံစံကို ယွီနျန့်ကို မတွေ့စေချင်၍ ဟယ်ရှောင်းက ပြောလာသည် ။


" တစ်နေ့စာ ပြီးသွားပြီ ဆိုတော့ ဒီနေ့တော့ ပြန်လိုက်တော့လေ"


ယွီနျန်က နားလည်၍ မတ်တပ်ရပ်လိုက်သည်။


 " မနက်ဖြန်မှ ပြန်လာပါဦးမယ်"


နောက်ပိုင်းရက်များတွင် ယွီနျန်က အားလပ်ချိန်ရှိသည့်အခါတိုင်း ဟယ်ရှောင်းကုတင်ဘေး သွားလည်တတ်ပြီး သူ အခြေအနေကောင်းနေသည့်အချိန် စကားပြောနေတတ်သည်။ တစ်ခါတစ်ရံ သူတို့က ယွီနျန်၏ ကလေးဘဝ အကြောင်း ပြောလေ့ရှိပြီး တစ်ခါတစ်ရံ ထိုက်ယွဲ့အကြောင်း ပြောလေ့ရှိသည်။ ဟယ်ရှောင်းက တစ်ခါတစ်ရံမှသာ သူ၏ အတိတ်ကို ပြောလာသည်။ သူတို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းမပြုကြသော်လည်း သူတို့နှစ်ယောက်ကြားတွင် စကားဆိုစရာမလိုသည့် နားလည်မှု ကိုယ်စီ ရှိသည့်ပုံပေါ်သည်။ 


အောက်တိုဘာလ အစောပိုင်းထိ သိုက်ပေါ်ရှိးပွဲအတွက် ပြင်ဆင်မှုများက နောက်ဆုံးအဆင့်ထိ နီးကပ်လာ၍ ယွီနျန်က အချိန်ရှာပြီး ဟယ်ရှောင်းကို သွားရှာချိန် တာဝန်ခံဆေးဝန်ထမ်းက အခန်းထဲမှ ထွက်သွားခါစ ဖြစ်မှန်း သတိထားမိသည်။


အခန်းထဲရှိ ဆေးနံ့က ခါတိုင်းထက် အနံ့ပိုပြင်းနေသည်။ ယွီနျန်က မေးလာသည် " ဒီနေ့ နေလို့မကောင်းဘူးလား"


ဟယ်ရှောင်းက သူ၏ စိတ်အာရုံကို စုစည်းလိုက်ရင်း တစ်ခုမှ ဖုံးကွယ်မထားပဲ ဖြေလာသည်။


 " အင်း...ဆရာဝန်က ရောက်လာပြီးတော့ ဆေးထိုးပေးသွားတယ်။ အခုတော့ ပိုကောင်းလာပါပြီ"


ယွီနျန်က စကားတစ်ခွန်းမှ မဆိုပဲ ကုန်းလိုက်ရင်း ဟယ်ရှောင်း၏ ပေါ်နေသော လက်ကို ဆုပ်ကိုင်လိုက်ပြီး စောင်အောက်သို့ သေသေချာချာ ထည့်ပေးလိုက်သည်။


 " ရေဆာလို့လား။ ရေသောက်လိုက်မလား"


ဟယ်ရှောင်းက ခေါင်းညိမ့်ပြလာသည်။


ယွီနျန့်မျက်လုံးများက အနီရောင် သန်းနေမှန်း သိလိုက်၍ ဟယ်ရှောင်းက နူးနူးညံ့ညံ့ ပြောလာသည်။


 " နျန်နျန်..."


“အင်း..."


“လာမယ့်ရက်အနည်းငယ်အတွင်း ငါ ထွက်သွားဖို့ စီစဥ်ထားတယ်"


ယွီနျန့်လက်က ရပ်တန့်သွားရင်း ရေနွေးများက လက်ပေါ်သို့ ဖိတ်ကျမလို ဖြစ်သွားသည်။ ဟယ်ရှောင်းဘက် ကျောလှည့်လာရင်း သူက မေးလာသည်။


 " ထွက်သွားချင်တာလား"


“အင်း..."

ဟယ်ရှောင်း၏ စကားလုံးများက လေးလံနေပြီး အသံကလည်း ပိုတိုးလာသည်။


 " သတင်းကို တွေ့ပြီး မင်းရှိနေတာ သိလိုက်ရတော့ ငါ အလောတကြီးနဲ့ အမြန်လာခဲ့တာက ခပ်ဝေးဝေးကနေ မင်းကို ရိပ်ခနဲ တွေ့ချင်မိရုံပါပဲ။ ဒါပေမယ့်လည်း ငါ့ရဲ့ လောဘတွေကို မထိန်းချုပ်နိုင်တော့ဘူး။ မင်းနဲ့ ပိုပြီး အနီးကပ်နေချင်တယ်။ မင်းကို ပိုပြီး ကြည့်နေချင်တယ်။ ဒါကြောင့် မင်းရှေ့ပေါ်လာဖို့ကို အဆုံးသတ်ရတော့တာပဲ" 


ယွီနျန်က ခွက်ကို ကိုင်ထားရင်း အလင်းရောင်နှင့် ဝေးရာကို ကြည့်နေပြီး သောက်တော့မသောက်ဖြစ်ပေ။


“ငါတို့ နျန်နျန်လေးက အရမ်း လိမ္မာပြီးတော့ အရာရာတိုင်းကို မြန်မြန်ဆန်ဆန် ခန့်မှန်းနိုင်တယ်။ ငါ့ရဲ့ အတွေးတွေကိုရောပေါ့" 


ဟယ်ရှောင်းက အားအင်ချိနဲ့စွာ ချောင်းနှစ်ကြိမ်ဆိုးလိုက်သည် ။


" ဒီရက်တွေမှာ ငါ့ကို လာတွေ့ပေးတယ်၊ ငါနဲ့အတူ ရှိနေပေးတယ်၊ ငါနဲ့အတူ စကားပြောပေးတဲ့အတွက် ဒီရက်တွေက နှစ်ပေါင်းများစွာအတွင်း အပျော်ရွှင်ရဆုံး အခိုက်အတန့်လို့ ပြောလို့ရတယ်။ ငါတကယ်ကို ပျော်ရွှင်မိတယ်။ အရမ်း အရမ်းပဲ ပျော်ရွှင်ရတယ်။ ဒီတစ်လျှောက်လုံး ငါ့ရဲ့ ကျိုးကြေပျက်စီးနေတဲ့ ခန္ဓာကိုယ်က ကြံကြံခံနေခဲ့တာ အလကား မဖြစ်သွားဘူးပဲလို့ ခံစားရစေတယ်" 


“ဒါပေမယ့် မင်း မြင်တဲ့အတိုင်း ငါ မကြာခင် ထွက်သွားဖို့ ပြင်ဆင်ရတော့မယ်လေ"


မျက်ရည်များက အိုင်ဖွဲ့လာပြီး ရေခွက်ထဲကို ကျဆင်းလာ၍ တတောက်တောက် အသံပင် မြည်နေသည်။ ယွီနျန်က အစစ်အမှန်ဘဝထဲ ပြန်ရောက်လာသလို လက်ဖမိုးနှင့် မျက်ရည်တို့ကို သုတ်လိုက်ရင်း ပြောလာသည် " ခွက်ကို ရေပြန်ဖြည့်ပေးပါရစေ"


ဟယ်ရှောင်းက အောက်တိုဘာလ ခြောက်ရက်နေ့တွင် ယွီနျန့်ကိုပင် လေဆိပ်ဆီ လာမတွေ့ခိုင်းပဲ ထွက်သွားလေသည်။


မိတ်ကပ်ပညာရှင်က ယွီနျန့် မျက်နှာပေါ် ခြယ်သနေစဥ် သူက ရှစ်ရော့ကို မေးလိုက်သည်။


 " အစ်မရော့ရော့ အခု ဘယ်အချိန်ရှိပြီလဲ"


“နှစ်နာရီကွက်တိ"


လူဝီဆန်က သီးသန့်ဂျက်လေယာဥ်က ၂နာရီတွင် ထွင်ခွာမည်ဟု ပြောထားဖူးသည်။


"အစ်မ လိုက်ကာကို နည်းနည်းလောက် ဖွင့်ပေးလို့ရမလား"


“ရတယ်လေ။ အခုလုပ်ပေးမယ်" 

ယွီနျန့်တောင်းဆိုမှုကို ကြားသောအခါ ရှစ်ရော့က အမြန်ပင် ခြေနှစ်လှမ်း တိုးပြီး လိုက်ကာ ဖွင့်လိုက်သည်။ သူမက အပြင်ဘက်ကို ကြည့်ပြီး ပြုံးပြလာသည်


 " ဒီနေ့ ရာသီဥတုက တကယ် သာယာတာပဲ"


ယွီနျန်က အပြင်ဘက်ရှိ မိုးပြာရောင် ကောင်းကင်ကြီးကို အချိန်အတော်ကြာအောင် ကြည့်လိုက်ရင်း ပြန်ဖြေလာသည် 

" ဟုတ်တယ်။ တကယ် သာယာတာပဲ" 


အင်တာဗျူးက လာမည့် သိုက်ပေါ်ဖက်ရှင်ရှိုးပွဲအကြောင်းကို အဓိကထားပြောလာသည်။ ယွီနျန်က ဆိုဖာပေါ် ထိုင်နေရင်း သူ့နောက်ရှိ နံရံတွင် သိုက်ပေါ်တံဆိပ်ကို ကပ်ထားလေသည်။ ယွီနျန်က တီရှပ်ဖြူကို ဝတ်ဆင်ထားရင်း ဘောင်းဘီရှည်နှင့် သားရေဘွတ်ဖိနပ်ကို ဝတ်ဆင်ထား၍ ရိုးရိုးလေးနှင့် ကြော့ရှင်းနေသည်။


မီးခိုးဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် တင်ဆက်သူက မေးလာသည်


 " ဒီတစ်ခေါက် ဖက်ရှင်ရှိုးပွဲက မင်းရဲ့ ပွဲဦးထွက်ပြီး ပထမဆုံး runwayလျှောက်တာလို့ သတ်မှတ်လို့ရတယ် မဟုတ်လား"


ယွီနျန်က ခေါင်းညိမ့်ပြလာသည်


 " ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ဖြစ်လို့ နောက်ပိုင်းမှာ runwayကို ဘယ်လို ကောင်းကောင်း လျှောက်ရမလဲဆိုတာ ဆရာတွေနဲ့ ခေါ်သင်ရတယ်။ တော်တော် စိန်ခေါ်ထားရတယ်လို့ ပြောရမယ်။ အရှိန်အဝါ ပြင်းပြင်းနဲ့ ကြော့ကြော့ရှင်းရှင်း လျှောက်ပြဖို့လိုတယ်လေ"


တင်ဆက်သူက မှတ်ချက်ပေးလာသည်။


 " စင်ပေါ်မှာ တစ်မိနစ်လေး နေဖို့ကို စင်အောက်မှာ ဆယ်နှစ်လောက် ကြိုးစားဖို့ လိုတယ် ဆိုတာမျိုးလား"


“ဟုတ်တယ်။ အဲ့ဒါ အမှန်ပဲ။ ဒါကြောင့် ကျွန်တော်က အခု မော်ဒယ်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ပိုပြီး ကောင်းကောင်း နားလည်သွားသလိုပဲ"


တင်ဆက်သူက သူမလက်ထဲရှိ အင်တာဗျူးကတ်ပြားလေးကို ကြည့်လိုက်သော်လည်း စီစဥ်ထားသည့် မေးခွန်းကို ရှောင်လိုက်ပြီး မေးလာသည်။


 " လွန်ခဲ့တဲ့ ရက်တွေမှာ မင်းရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေက ဝေ့ပေါ်မှာ လွှမ်းမိုးနေတယ်။ တချို့ အင်တာနက်သုံးစွဲသူတွေဆို သမိုင်းစာအုပ်ထဲက ယွီနာမည်ရှိတဲ့သူတွေကြားမှာ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ချင်းရှန်းယွီမိသားစုက လာတယ်လို့ ပြောနေကြတယ်။ မင်းရဲ့ မိသားစုက တော်တော်လေး အခြေကြီးကြီး ဖြစ်ပြီးတော့ မင်းရဲ့ အဘိုးအဘွားတွေကလည်း လေးစားအားကျရတဲ့လူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း မင်းရဲ့ မိဘတွေအကြောင်းကတော့ အချက်အလက် နည်းနည်းပဲ ရှိနေတယ်။ ထူးထူးခြားခြား အကြောင်းပြချက် တစ်ခု ရှိနေတာများလား" 


ယွီနျန့်နှုတ်ခမ်းတစ်စုံက ယဥ်ကျေးပျူငှာသော အပြုံးကို ချိတ်ဆွဲထားသော်လည်း ပြန်ဖြေမလာချေ။ 


တင်ဆက်သူက ယွီနျန်၏ သဘောကောင်းပြီး အပြုအမူကောင်းရှိသည် ဆိုသည့် သတင်းကို ကြားထား၍ ရဲဆေးတင်ပြီး ပြောလာသည်။


 " မေးပါရစေ..."


“ဆောရီးပါ" 


ယွီနျန်က တင်ဆက်သူကို စကားဖြတ်ပြောလိုက်သည်။


 " ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ဘာမှ ပြောစရာမရှိပါဘူး။ ထပ်ပြောရရင် မေးခွန်းတွေကို ကြိုတင်စီစဥ်ထားတဲ့အတိုင်းဆိုရင် ဒီမေးခွန်းက ပါမှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့်မှာ ဖြေဖို့ ငြင်းရမယ့် အခွင့်အရေးလည်း ရှိပါတယ်"


တင်ဆက်သူက ရှက်ရွံ့သွားသည့် ပုံစံနှင့် အမြန် တောင်းပန်လာသည်။


 "တောင်းပန်ပါတယ်"


အင်တာဗျူး ပြီးသွားသောအခါ ရှိုးပွဲမစခင် နောက်ဆုံးပိတ် ဝတ်ကြည့်ပြီး ပြန်ပြင်ခြင်းကို လုပ်ဆောင်ရသည်။ သိုက်ပေါ်မှ အမျိုးသမီးတစ်ယောက်က သူမ၏ ကောင်းကောင်းထိန်းသိမ်းထားသော လက်များနှင့် ကိုယ်တိုင်းတိပ်ကို ကိုင်ထားရင်း ယွီနျန့်ကို သေချာ စစ်ဆေးပေးနေပြီး ကျေနပ်သလို ခေါင်းညိမ့်ပြလာသည်။ 


"အရမ်း ကောင်းတယ်။ အခုကစပြီး ဖက်ရှင်ရှိုးပွဲက မင်းရဲ့ တင်ဆက်မှုကို စောင့်မျှော်နေမယ်" 


ယွီနျန်က ကျေးဇူးတင်ကြောင်း ပြလိုက်သော်လည်း ဘယ်အချိန်မဆို ထိုးကျရန် အဆင်သင့်ဖြစ်နေသည့် ကျောက်တုံးကြီး တစ်တုံးက လေထဲ တွဲလောင်းကျနေသလို ဗလာသက်သက် ခံစားချက်တို့ ဖြစ်စေသည့် ပြတင်းပေါက်ဘက်ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။


ရှိုးပွဲကြီးမစတင်ခင် အချိန်တိုင်းက ယောက်ယက်ခတ် အလုပ်ရှုပ်ကြလေ့ရှိသည်။ မော်ဒယ်များက မိတ်ကပ်မှန်များရှေ့တွင် အတန်းလိုက် ထိုင်နေကြပြီး မိတ်ကပ်ပညာရှင်များက နောက်ထပ်လက်အပိုများ ထပ်ရှိလာရန် ဆုတောင်းမိနေကြသည်။ လှပတောက်ပြောင်နေသော ဒီဇိုင်နာချုပ် အဝတ်အထည်များကို ရွေ့လျားနေသော သံချိန်တန်းများတွင် ချိတ်ဆွဲထားပြီး တလက်လက် တောက်ပလက်ဖြာနေပေသည်။ စတိုစ်လစ်များက ပြင်ဆင်ထားသော မော်ဒယ်များအတွက် နောက်ဆုံး ချိန်ညှိမှုများ လုပ်ပေးနေကြပြီး နေရာတိုင်းတွင် ခပ်လောလော ပြေးလွှားနေကြသော ခြေသံများနှင့်အတူ မတူညီသော ဘာသာစကားများက တိုးမပေါက်နိုင်အောင် ဖြစ်နေရသည်။


ယွီနျန်က ဆံနွယ်ရှည်များကို ရိုးရှင်းသေသပ်စွာ ထုံးဖွဲ့ထားသည့် လေဒီသိုက်ပေါ်ရှေ့တွင် ရပ်နေခဲ့သည်။ လက်ထောက်လေးတစ်ယောက်က ကျော့ရှင်းလှပစွာ ဒီဇိုင်းဆင်ထားသည့် အဆင်တန်ဆာများစွာ တင်ထားသော သလင်းကျောက် လင်ဗန်းလေးတစ်ခု ယူလာပေးခဲ့သည်။ 


နီလာလက်ကြယ်သီးများကို လိုက်ဖက်ညီသည့် လက်ပတ်နာရီတစ်ခုနှင့်အတူ ပြောင်းလဲဝတ်ဆင်ပေးလိုက်ပြီးနောက် လေဒီသိုက်ပေါ်က ခါးမတ်ကာ ခြေနှစ်လှမ်း ဆုတ်လိုက်ပြီးနောက် ယွီနျန်ကို အကဲဖြတ်လိုက်သည်။ "ကောင်းပြီ... အခု အဆင်ပြေသွားပြီ"


ထို့နောက် သူမက ယွီနျန်ကို အားတက်သရော မေးလိုက်သည်။ "ဒါဆိုရင် နောက်ဆုံးတစ်ခေါက် အတည်ပြုလိုက်ကြရအောင်... ရှူးဖိနပ်တွေက စီးရတာ အဆင်ပြေရဲ့လား"


ယွီနျန်က အသေအချာ ခံစားကြည့်လိုက်သည်။ "ဟုတ်"


“အိုကေ... လက်မောင်း လွှဲတဲ့အခါမှာလည်း ပုခုံးမှာ ကျပ်မနေဘူးနော်"


"ဟုတ်ပါတယ်"


လေဒီသိုက်ပေါ်က လက်ခုပ်တီးလိုက်ပြီးနောက် သူမ၏ နီနီရဲရဲ နှုတ်ခမ်းများကို ပင့်တင်ကာ မျက်လုံးအောက်မှ အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။ "ကောင်းပြီလေ... အားလုံး အသင့်ဖြစ်သွားပြီ... လူတွေအားလုံးကို ငါတို့ရှိုးရဲ့ မျက်စိကျိန်းလောက်စရာ အဖွင့်လေးကို ပြလိုက်ကြတာပေါ့"


ပွဲကျင်းပရာခန်းမထဲမှ နောက်ခံတီချင်းကို တီးဝိုင်းအဖွဲ့တစ်ခုက တီးခတ်ပေးနေခြင်းဖြစ်ပြီး ချိုမြိန်လှသော တယောသံလေး ထွက်လာသည်နှင့် လျှောက်လမ်းထက်မှ မီးများ လင်းထိန်သွားပြီး လျှောက်လမ်းတစ်ခုလုံးကို လူတိုင်း၏ အမြင်ထက်သို့ ချက်ချင်းဆိုသလို ထွက်ပေါ်လာရစေသည်။