အပိုင်း ၁၆၂
Viewers 18k

Chapter 162

ဝယ်ထုတ်




စင်နောက်ဘက်တွင် အလုပ်ဝန်ထမ်းများက လှေကားထစ်များတွင် နေရာယူထားပြီး ဝေါ်ကီတော်ကီများ ကိုင်ထားရင်း တေးဂီတနှင့်အတူ စပြီး အတိအကျ နောက်ပြန်ရေတွက်လာခဲ့သည်။ “3-2-1-သွားမယ်”


လျှောက်လမ်းထက် ယွီနျန် ထွက်ပေါ်လာသည်နှင့် အသစ်ထပ်မံတီးခတ်လိုက်သော ဒရမ်သံနှင့်အတူ ပြီးပြည့်စုံစွာ ထပ်တူကျသွားစေသည်။ သူ့မျက်နှာထက်တွင် မလိုအပ်သော အပိုအမူအယာများ မရှိဘဲ ရှည်လျားသွယ်လျသော ကိုယ်နေဟန်ထားလည်း ရှိနေသည်။ အပေါ်တွင် ရုံထားသော ဝတ်ရုံရှည်က တွဲလောင်းကျနေပြီး ခြေလှမ်းများက တည်ငြိမ်ကာ စည်းချက်ညီနေသည်။ ဝတ်ရုံရှည်၏ ချည်သားများက အလွန်ပေါ့ပါးလှသည့်အတွက် သူလမ်းလျှောက်လိုက်တိုင်း လှိုင်းလေးများ တရိပ်ရိပ်တက်လာသလို ဖြစ်သွားစေသည်။ အလင်းရောင်အောက်တွင် ၎င်းအပေါ်၌ ခပ်ရေးရေး ပုံဖော်ထားသော ငွေရောင် အိုင်းရစ်ပန်းလေးများကိုပင် တွေ့မြင်နိုင်ပေသည်။ 


လျှောက်လမ်း၏ အဆုံးကို ရောက်သောအခါ ယွီနျန်က အရိပ်အမြွတ်ပေးသည့်အလား ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ဝတ်ရံရှည်ကို ရည်မွန်ကျော့ရှင်းစွာ ဖြုတ်ချလိုက်ပြီးနောက် အညိုရင့်ရောင် ဝေ့စ်ကုတ်နှင့် အတွင်းပိုင်းမှ ရှပ်အင်္ကျီအဖြူတို့ကို ဖော်ပြလာသည်။ အလင်းရောင်အောက်တွင် အပြာရင့်ရောင် ကျောက်မြက်ရတနာ လက်ကြယ်သီးက မြင်လွှာထက်၌ တလက်လက်တောက်ပနေသော မျက်စိကျိန်းလောက်ဖွယ် အဆုံးသတ်ပုံရိပ်ကို ဖြစ်ပေါ်လာစေခဲ့လေသည်။ 


 သိုက်ပေါ်၏ ဖက်ရှင်ရှိုးကို ရှင်းဟယ် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြသပေးနေခဲ့သည်။ ဖွင့်ပွဲမစခင် တစ်မိနစ်အလိုတွင် စနစ်မှ ဆယ်မီလီယံနီးပါးရှိ ကြည့်ရှုသူများက အွန်လိုင်းပေါ်မှ ကြည့်ရှုရန် စုဝေးနေကြသည်ဟု ဖော်ပြနေခဲ့သည်။ သို့သော်လည်း ယွီနျန် လျှောက်လမ်းပေါ်သို့ ခြေချလိုက်သည့် အခိုက်တွင် အွန်လိုင်းကြည့်ရှုသူ အရေအတွက်မှာ အမြင့်ဆုံးထိ ရောက်ရှိသွားပြီး ဆယ်မီလီယံထက် ကျော်လွန်ကာ အလျင်အမြန် မြင့်တက်လာပြီး ကွန်မန့်များကိုပင် နောက်ကျကျန်ရစ်သွားခဲ့စေသည်။ 


[အဲ့ဒီ တိတိကျကျ လှည့်ပြီး ကင်မရာကို တစ်ချက်ကြည့်ပေးလိုက်တာက ပြစ်မှုပဲနော်... ပြစ်မှုပဲ... ငါအခုပဲ သွားတိုင်ရတော့မယ်... ရွှတ်...ရွှတ်... ရွှတ်... နျန်နျန်က ဘာလို့ ဒီလောက်ထိ ကြည့်ကောင်းနေရတာလဲ... 'ထာဝရထိ တည်မြဲနေမယ့် အလှတရား'လို့ ပြောကြသလိုမျိုးလား]


[ဒီလို ပြောင်မြောက်လှတဲ့ အခိုက်အတန့်လေးကို ရှင်းပြစရာ မလိုတော့ဘူး... သူ တစ်ပတ်လှည့်ပြပြီး ဝတ်ရုံရှည် ချွတ်လိုက်တဲ့ နေရာလေးကို အကြိမ်တစ်ထောင်လောက် ပြန်ရစ်ကြည့်နိုင်တယ်... ငါ့ကလေးလေးက ပြုံးမနေတဲ့အခါကျတော့လည်း ဖော်ပြရခက်ခဲတဲ့ တော်ဝင်ဆန်မှု အငွေ့အသက်တွေ ထုတ်လွှင့်နေတာပဲ... 'တောက်တန်းပေါ်က နှင်းစက်'လို သူ့ရဲ့ အလှအပတွေ မြင်နိုင်ကြရဲ့လား... ဟားဟားဟား] 


[သောက်ကျိုးနဲ ညီအစ်မတို့ရေ... နျန်နျန့်ကိုပဲ ကြည့်မနေကြနဲ့... ရှိုးရဲ့ ပရိတ်သတ်ခုံကို ကြည့်လိုက်ကြစမ်းပါ... အခု ငါ့ကို ကျယ်ကျယ်လေး ပြောပြကြစမ်းပါ... ကင်မရာက ဥက္ကဌရွှယ်ကြီးကို ရိုက်မိသွားသလားလို့... အဟုတ်ပဲဟေ့... သရဖူအသစ် ရထားတဲ့ ယုံယွီမလေးကတော့ နေရာမှာပင် ပေါက်ကွဲထွက်သွားပါပြီနော်... သူတို့နှစ်ယောက်က အနည်းနဲ့ အများတော့ ရိုက်ချက်တစ်ခုထဲ အတူပါလာကြသေးတယ်]


[ငါက ဖန်တော့ မဟုတ်ပါဘူး... ဒါပေမယ့် ယွီနျန်ရဲ့ လျှောက်လမ်းပေါ်မှာ လျှောက်သွားတာက တကယ်ဆွဲဆောင်မှု ရှိတယ်နော်... သူ ကြိုးကြိုးစားစား လေ့ကျင့်ထားတယ်ဆိုတာ ငါသေချာပြောနိုင်တယ်... နာမည်ကြီးတယ်ဆိုတာနဲ့ပဲ သူတို့ကိုယ် သူတို့ လုပ်ပိုင်ခွင့်ရှိတယ်လို့ တွေးပြီး တောက်တောက်ပပ အဝတ်တွေဝတ် လမ်းနည်းနည်းလောက် လျှောက်ပြတတ်ကြတဲ့ သူတွေနဲ့ တခြားစီပဲနော်... သူက တကယ် ပရော်ဖက်ရှင်နယ်ဆန်တယ်]


စင်နောက်တွင် ယွီနျန် ပြန်လာသောအခါ လေဒီ သိုက်ပေါ်မှာ ပုံမှန်ရှိနေကျ တည်တင်းနေသော အမူအယာများကို မေ့ကာ သူ့ကို ဖက်လာပြီး အံ့သြတကြီး ပြောလိုက်သည်။


 "အရမ်း မိုက်တယ်... လုံးဝ မိုက်ချက်ပဲ"


ထိုအခါမှ ယွီနျန်လည်း စိတ်အေးသွားပြီးနောက် ပြောလိုက်သည်။ "တော်သေးလို့ ဘာအမှားမှ မရှိခဲ့တာ"


အချိန်က တိုတောင်းလှသဖြင့် စကားများများ ပြောရန် အချိန်မရပေ။ လေဒီသိုက်ပေါ်က လက်ထောက်တစ်ယောက်ကို ခေါ်၍ ပြောလိုက်သည်။ 


"မြန်မြန်လုပ်... သူ့ကို နောက်တစ်စုံ လဲဖို့ ခေါ်သွားပေးလိုက်"


ယွီနျန်၏ ဒုတိယဝတ်စုံမှာ ခေတ်ဟောင်းစတိုင် မီးခိုးရင့်ရောင် တောလိုက်ဂျာကင်ကို နှစ်လက်မလောက်ထိ ကျယ်သည့် သားရေခါးပတ်ဖြင့် ပတ်ထားသဖြင့် ခါးသွယ်သွယ်လေးကို ပေါ်လွင်နေစေသည်။ သားရေဘွတ်ဖိနပ်အရှည်က ခြေသလုံးသားများကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားပြီး ကျော့ရှင်းမှုနှင့် အရိုင်းဆန်မှုတို့အား ပြိုင်ဘက်ကင်း ပေါင်းစပ်နေမှုကို ပြသနေသည်။ 


လေဒီသိုက်ပေါ်က တုပထုတ်လုပ်ထားသော တောလိုက်ရိုင်ဖယ်တစ်လက်ကို ယွီနျန်ထံ ကိုင်တိုင် ကမ်းပေးလိုက်ပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "ငါလေ မင်း ဒီဝတ်စုံကို မကိုင်တွယ်နိုင်မှာ စိတ်ပူပြီး တစ်ချိန်လုံး တုံ့ဆိုင်းနေခဲ့တာ... အခုတော့ ငါအမြင်ကျဥ်းသွားတယ်ထင်တယ်... အဲ့ဒီအစား နောက်ထပ် ဆွဲဆောင်မှုတစ်ခု ရှိနေသေးတယ်"


အနီးအနားရှိ ဝန်ထမ်းလေးက ခပ်မြန်မြန် သတိပေးလာခဲ့သည်။ "နောက်ထပ် ထွက်ဖို့ ဝတ်စုံနှစ်ခုပဲ ကျန်တော့တယ်"


ယွီနျန်က လေဒီသိုက်ပေါ်ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထွက်ပေါက်နေရာတွင် နေရာယူရန် ခြေလှမ်းအနည်းငယ် ရှေ့တက်လာခဲ့သည်။ 


ဖက်ရှင်ရှိုးက အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့သည်။ ယွီနျန် စင်နောက်သို့ ပြန်လာသောအခါ ဝန်ထမ်းများက လက်ခုပ်များတီးကာ ဂုဏ်ပြုနေခဲ့ကြပြီး မော်ဒယ်များကလည်း အတူတကွတွဲကာ တပျော်တပါး ဆယ်ဖီဆွဲနေကြသည်။ 


ယွီနျန်က တိတ်ဆိတ်သည့် နေရာလေးကို ရှာကာ ဖုန်းကို ထုတ်လိုက်ပြီး နှစ်ဖက်လုံးမှ အချိန်ကို တွက်ချက်၍ ဟယ်ရှောင်းထံ ဗီဒီယိုကော ခေါ်လိုက်သည်။ 


အကြိမ်အနည်းငယ် မြည်ပြီးနောက် အဆုံးတွင် ဖုန်းမျက်နှာထက်၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဟယ်ရှောင်းက ခေါင်းအုံးကိုမှီထားရင်း အိပ်ရာထက်၌ လဲလျောင်းနေခဲ့သည်။ ပိန်ပါးနေသော်လည်း ငယ်ရွယ်စဥ်က ရှိခဲ့ဖူးသည့် ချောမောသော အသွင်အပြင်များကို သိမြင်နိုင်ဆဲ ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ ဖျားနာနေခဲ့သည့်တိုင် ခပ်မတ်မတ် ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားနိုင်ဆဲပင်။ လက်ဖမိုးတွင် IVအပ် ထိုးထားလျက် လက်များကို ဗိုက်ပေါ်တွင် တင်ထားသဖြင့် အချို့သော အပ်ပေါက်ဒဏ်ရာများကို မြင်နိုင်ဆဲ ဖြစ်သည်။ 


ဟယ်ရှောင်းက ကင်မရာနှင့် ဖုန်းမျက်နှာပြင်ကို ဖြတ်၍ ယွီနျန်ကို အသေအချာ ကြည့်လာပြီးနောက် အသက်ပြင်းပြင်း ရှူ၍ ဖြည်းဖြည်းချင်း မေးလိုက်သည်။ 


"မိတ်ကပ်လိမ်းထားတာလား... မင်း အရမ်းချောနေတယ်... ငါအခုလေးတင် တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတာ... လုပ်သွားတာ အရမ်းကောင်းတယ်... အခု ရှိုးက ပြီးသွားပြီလား"


“ဟုတ် ပြီးသွားပြီ... ကျွန်တော် ထင်ထားတာထက် ပိုပြီး ချောချော့မွေ့မွေ့နဲ့ ပြီးသွားတယ်" 


ယွီနျန် ပြုံးပြလိုက်ပြီးနောက် သတိတရ မေးလိုက်သည်။ "ဒီနေ့ နေလို့ထိုင်လို့ ကောင်းရဲ့လား"


ဟယ်ရှောင်းက ငြင်ငြင်သာသာ ခေါင်းငြိမ့်ပြလိုက်ပြီး မျက်လုံးထဲတွင်လည်း နွေးထွေးမှုများ ပြည့်နေခဲ့သည်။


 "မနေ့ညက အရင်နှစ်ညကထက် ပိုပြီး ကောင်းကောင်းအိပ်ခဲ့ရတယ်... ဒါပေမယ့် အိမ်မက်တွေ ဆက်တိုက်မက်နေတာနဲ့ ခဏခဏ နိုးလာတာ... မင်း ငယ်ငယ်တုန်းက အချိန်ကိုလည်း အိမ်မက်မက်သေးတယ်... မင်းက ငါ့ခါးလောက်တောင် အရပ်မရှည်သေးဘူး... လမ်းကို ယိုင်တိုင်တိုင် လျှောက်နေတာလေ... ခြံဝင်းထဲက ပန်းတွေခူးပြီး ပန်းစည်းလေး လုပ်သေးတယ်တဲ့... ဒါပေမယ့် မင်းလက်လေးတွေက သေးလွန်းလို့ မထိန်းထားနိုင်တော့ ငိုချတော့တာလေ... ငါလည်း စိုးရိမ်သွားပြီး မင်းကို ကူပြီး သယ်ပေးဖို့ လုပ်လိုက်ပေမယ့် အဲ့ဒီအချိန်မှာပဲ နိုးလာရော" 


နားထောင်ပြီးနောက် ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။ "ဟုတ်... ကျွန်တော် ငယ်ငယ်တုန်းက လက်ကလေးတွေက သေးပြီးတော့ အသားအရည်ကလည်း နူးညံ့တယ်... ကျွန်တော် အဆော့လွန်ပြီး နှင်းဆီပန်းတွေ ခူးဖို့ ကြိုးစားတော့ လက်အစူးခံရပြီး ငိုရတော့တာလေ... ဘွားဘွားက ပြောတာ ကျွန်တော် ငယ်ငယ်က ငိုပြီဆိုရင် အကျယ်ကြီး အော်မငိုပဲ မျက်ရည်ပေါက်ကြီးတွေကျပြီး တရှုံ့ရှုံ့ ငိုတတ်တာတဲ့... ကျွန်တော့်ပုံစံက အရမ်းသနားစရာကောင်းလွန်းလို့ ဘယ်သူမှ မဆူရက်ကြဘူးတဲ့လေ" 


ဟယ်ရှောင်း: “နျန်နျန်က အရမ်းလိမ္မာမယ်ဆိုတာ သေချာတယ်... ဘယ်သူက ဆူရက်ကြမှာတဲ့လဲ"


အားနည်းကာ ခပ်မှိုင်းမှိုင်းပုံစံ ပေါ်နေသည့် ဟယ်ရှောင်းကို ကြည့်ရင်း ယွီနျန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ခဏလောက် နားလိုက်ပါဦး"


ဟယ်ရှောင်းက လက်ခံသည့်ဟန် ရေရွတ်လိုက်သည်။


 "ကောင်းပြီလေ... မနက်ဖြန် နျင်းချန်မှာ မိုးရွာလောက်တယ်လို့ ရာသီဥတုခန့်မှန်းချက်တွေက ပြောထားတယ်... အပြင်ထွက်ရင် ထီးယူသွားဖို့ သတိရဦးနော်... မိုးမမိစေနဲ့"


ထိုစကားကို ကြားသောအခါ ယွီနျန်၏ လည်ချောင်းထဲ တင်းကျပ်သွားပြီး မျက်ရည်မကျမိအောင် ထိန်းကာ ပြန်ဖြေလိုက်ရသည်။


 "မှတ်ထားလိုက်ပါ့မယ်... ကျွန်တော် သေချာပေါက် ထီးယူသွားမယ်နော်"


ဗီဒီယိုကော ပြီးဆုံးသွားသောအခါ ယွီနျန်က ဖုန်းကို တစ်ခဏမျှ ကိုင်ထားရင်း မျက်လုံးထောင့်မှ မျက်ရည်စများကို သုတ်လိုက်သည်။ 


ယွီနျန်က ညနေပိုင်း ဧည့်ခံပွဲတွင် ပြောရေးဆိုခွင့်ရှိသူအဖြစ် ပထမဆုံး ပေါ်လာပြီး လေဒီသိုက်ပေါ်နှင့်အတူ ဓါတ်ပုံ တွဲရိုက်ခဲ့သည်။ အရာအားလုံးအခြေတကျ ဖြစ်သွားသောအခါ ရွှယ်ယုံကို ရှာရန်အတွက် ခန်းမထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။ 


ကားထဲတွင် ရွှယ်ယုံက ယွီနျန်၏ လက်ကလေးများကို အနွေးဓါတ် ရစေရန် ဆုပ်ကိုင်ပေးထားပြီးနောက် မေးလိုက်သည်။ "ဗိုက်ဆာနေလား" 


“ကျွန်တော် ဗိုက်အရမ်းဆာနေတာ... စင်ပေါ်မတက်ခင်အထိ ဘာမှမစားခဲ့ရဘူး... ရေနွေးတစ်ငုံပဲ သောက်ရသေးတယ်" အခမ်းအနားတွင် သူ၏ ပုံရိပ်ကို ထိန်းသိမ်းရမည် ဖြစ်ကာ လူထုဆက်ဆံရေးများလည်း ရှိနေသေးသဖြင့် ယွီနျန်မှာ အချိုရည် ခွက်တစ်ဝက်လောက်သာ ဗိုက်ဖြည့်ထားခဲ့ရသည်။ 


ယွီနျန်က ရွှယ်ယုံ ကမ်းပေးလာသော မုန့်ဘူးလေးကို ယူကာ တစ်ခုကို နှစ်ကိုက်မျှဖြင့် အပြီးသတ်လိုက်ပြီးနောက် လည်မနင်စေရန် လက်ဖက်ရည်အေးလေး သောက်လိုက်မှသာ ဆာလောင်နေမှုများ သက်သာသွားသည်။ 


ယွီနျန်က မျက်လွှာချလိုက်ရင်း လက်ချောင်းထိပ်မှ မုန့်အစလေးများကို ခါ၍ ပြောလိုက်သည်။ 


"ကျွန်တော် အခုလေးတင် သူနဲ့ ဗီဒီယိုကော ပြောခဲ့တယ်"


"သူ"ဟူသည်က မည်သူ့ကို ရည်ညွှန်းကြောင်း သိနေခဲ့သည့် ရွှယ်ယုံက ယွီနျန်၏ ပါးလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း မေးလိုက်သည်။ 


"သူ ဘယ်လိုနေသေးလဲ"


“သူ့အသားအရည်က အရင်ကထက်တောင် ပိုဆိုးနေသေးတယ်... မျက်ကွင်းတွေညိုလို့ နှုတ်ခမ်းတွေကလည်း အရောင်မရှိဘူး... သူ့ကြည့်ရတာ အရမ်း အားနည်းနေသလိုပဲ" ယွီနျန်က အဆာသွပ်မုန့်တစ်ခုကို ယူနေရင်း ရပ်သွားပြီးနောက် ပြန်ချကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


"ကျွန်တော် ကလေးဘဝတုန်းက အကြောင်း အိမ်မက် မက်တယ်လို့ ပြောခဲ့သေးတယ်"


အဝေးတစ်နေရာမှ အင်ဂျင်စတင်လည်ပတ်သံကိုလည်း ကြားနေရသည်။ ယွီနျန်၏ ပါးစပ်ဖျားအတွင်း ခါးသီးမှုများ ပြည့်နှက်နေပြီး ခေါင်းငုံ့ကာ မုန့်ဘူးလေးကို ပြန်ထည့်နေရင်း ပြောလိုက်သည်။ 


"ကျွန်တော် သူတွေးနေတာကို သိနေတယ်... သူရဲ့ နောက်ဆုံးအချိန်မှာ အားနည်းပြီး ကူကယ်ရာမဲ့ ဖြစ်နေတဲ့ ပုံစံမျိုး ကျွန်တော့်ကို မမြင်စေချင်ဘူး... သူက အတူတူ အချိန်ဆုံးရင် ခံစားချက်တွေ တစ်ဖြည်းဖြည်း တိုးလာမယ်လို့ တွေးနေတာ... ကျွန်တော်တို့ ရက်နည်းနည်းလောက်ပဲ ကုန်ဆုံးပြီး တစ်ယောက်အကြောင်း တစ်ယောက် နည်းနည်းလေးပဲ သိကြရင် နောက်ပိုင်းမှာ ဝမ်းနည်းကြေကွဲရမှုတွေ ပိုနည်းသွားနိုင်တယ်... ဒါဆိုရင် သူဆုံးသွားတဲ့အခါ ကျွန်တော် ရင်ကွဲပြီး ကျန်နေရမှာ မဟုတ်ဘူးလေ ...."


မုန့်ဘူးလေးကို ဘေးတွင် ထားလိုက်ပြီးနောက် ယွီနျန်က ရွှယ်ယုံ၏ ပေါင်ပေါ် ခေါင်းအုံးလိုက်သည်။


 "သူ ကျွန်တော့်အပေါ် အပြစ်ရှိစိတ် ခံစားနေရတယ်ဆိုပြီး လူဝီဆန်ကို ပြောနေတာ နားစွန်နားဖျား ကြားလိုက်သေးတယ်...သူသာ ကျွန်တော့်အမေ ဆုံးတဲ့ သတင်းကို မကြားဘဲ ဒီမြေပေါ် ထပ်ပြီး ခြေမချရဲတာမျိုး မဖြစ်ဘဲနဲ့ တစ်ခေါက်လောက် ပြန်လာကြည့်မိခဲ့ရင် ဒီနှစ်တွေထဲမှာ ကျွန်တော် မိဘမရှိဘဲ ကြီးပြင်းလာမှာ မဟုတ်သလို သူ ကျွန်တော့်အမေနဲ့ ကလေးတစ်ယောက် ရပြီး ကျွန်တော်မွေးလာတာကို မသိခဲ့ရတာမျိုး ဖြစ်မှာ မဟုတ်ဘူးတဲ့လေ... အခု သူကျွန်တော့်ကို ရှာတွေ့တော့လည်း အချိန်အများပြီး မကျန်တော့လို့ ကျွန်တော့်အပေါ် အဆုံးမရှိတဲ့ ဝမ်းနည်းကြေကွဲမှုတွေပဲ ချန်ထားနိုင်ခဲ့တော့မှာတဲ့... ဒါကြောင့်မို့ သူက ဝေးဝေးမှာပဲ နေချင်ပြီးတော့ ကျွန်တော့်ကို မျက်ရည်တွေ အများကြီး ကျနေမှာမျိုး မဖြစ်စေချင်ဘူးတဲ့လေ"


ရွှယ်ယုံက ယွီနျန်၏ လည်ပင်းလေးကို နှိပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


ယွီနျန်က ရွှယ်ယုံ၏ အင်္ကျီလက်အနားစကို တင်းတင်းဆုပ်ကာ တီးတိုးရေရွတ်လိုက်သည်။ 


"ဒါပေမယ့် ကျွန်တော့်အတွက် "အဖေ"ဆိုတဲ့ အသုံးအနှုန်းက အခုမှ ရှင်းရှင်းလင်းလင်း ပုံပေါ်လာတာ... ဒါက လုံလောက်တာထက်ကို ပိုနေပါပြီ... ကျွန်တော် ထပ်ပြီး မတောင်းဆိုချင်တော့ဘူး"


ရွှယ်ယုံ ခေါင်းငုံ့ကာ ယွီနျန်၏ ပါးလေးကို အနမ်းပေးလိုက်သည်။ 


"နျန်နျန်... သူက မင်း ခံစားနေရမှာကို မမြင်ချင်တာပါ" 


ယွီနျန်က သူ့မျက်နှာကို ရွှယ်ယုံ၏ နွေးထွေးသော လက်ဖဝါးထဲတွင် နှစ်မြုပ်ထားလိုက်ပြီးနောက် တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်သည်။


သိုက်ပေါ်၏ ဖက်ရှင်ရှိူးက အကြီးအကျယ် အောင်မြင်ခဲ့သည်။ နောက်တစ်နေ့တွင် ဝေ့ပေါ်မှ သတင်းပလပ်ဖောင်းများဖြစ်စေ လူထုဖိုရမ်များ ဖြစ်စေ လူတိုင်းက ထိုရှိုး မည်ကဲ့သို့ ပြင်ဆင်ထားကြောင်း မည်သည့် အနုပညာရှင်များ ဖိတ်ခေါ်ခံရကြောင်းနှင့် တက်ရောက်လာသည့် နာမည်ကျော်များက မည်သည့်အဝတ်အစားများ ဝတ်ဆင်ထားကြကြောင်း သူတို့၏ တစ်ဦးချင်း ဝတ်စားဆင်ယင်မှု အကြိုက်ပုံစံက မည်သို့ ပြင်ဆင်ထားကြောင်း စသည့် ဆွေးနွေးမှုများက ရေပန်းစားသွားသည်။ မရေတွက်နိုင်သော ဆောင်းပါးများနှင့် သတင်းစာများကိုလည်း ထုတ်ပြန်ကြသည်။ အချိန်တစ်ခုလောက်ထိ သိုက်ပေါ်ဖက်ရှင်ရှိုးနှင့် ပတ်သက်သော သတင်းစကားများက အတိုင်းအတာအသစ်တစ်ခုထိ မြင့်တက်လာခဲ့လေသည်။ 


ရှိုး၏ ဖွင့်လှစ်သူနှင့် အဆုံးသတ်ပေးသူလည်းဖြစ် ဘရန်း၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် ယွီနျန်မှာ သတင်းစာများ၏ ရှေ့ဖုံးခေါင်းစီးများ၌ နေရာယူထားနိုင်ခဲ့ပြီး hot search၏ ထိပ်ဆုံးသို့ ရောက်ရှိသွားနိုင်ခဲ့သည်မှာလည်း အံ့သြစရာကိစ္စ မဟုတ်ပါပေ။ 


[#ယွီနျန်ဖက်ရှင်ရှိုး# အား... တကယ်မိုက်လိုက်တာ... ဝတ်စုံနှစ်ခုက လုံးဝ ကွဲပြားတဲ့ ခံစားချက်ပေးတယ်နော်... သူ့ရဲ့ ခန္ဓါကိုယ်အချိုးအစားက အံ့မခန်းပဲ... ယွီနျန်ကို နေ့တိုင်း မရပ်မနား ချီးကျူးချင်ပါတယ်]


[#ယွီနျန်ဖက်ရှင်ရှိုး# ငါမေးပါရစေ... ငါ့လိုသတိထားမိတဲ့သူတွေရှိလား... ဥက္ကဌရွှယ်လည်း အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်နော်... ပြီးတော့ ရှေ့ဆုံးတန်းမှာ... အား... ယုံယွီမတွေ နှလုံးကွဲတဲ့အထိ အော်လိုက်ကြစမ်း... ဒီနေ့ ငါတို့ လုံးဝ အရှုံးမပေးဘူးကွ]


[OMG လူတိုင်း သွားပြီး ကြည့်ကြပါ... 'ဝယ်ထုတ်သွားတယ်' ဆိုတဲ့စကားလုံးတွေကို အခု ရှာနေကြပြီ]


မကြာမီ ဖိုရမ်များ၌ ဆွေးနွေးမှုများ မြင့်တက်လာသည်။ 


[အား... ဒီလိုဖော်ထုတ်မှုက ဘာအခြေအနေလဲ... ယွီနျန်က ဖက်ရှင်ရှိုးမှာ ဝတ်စုံနှစ်စုံ ဝတ်ခဲ့ပြီးတော့ ချမ်းသာတဲ့ နျန်ကော်မလေး အချို့က သူတို့ရဲ့ စုဆောင်းမှုထဲက တူညီတဲ့ ဝတ်စုံတွေကို ဝယ်ဖို့ ပြင်ဆင်ထားခဲ့ပြီးသား... ဒါက သာမန်ပဲလေ... ဟုတ်တယ်မလား... ဒါပေမယ့် ပြဿနာက တစ်စုံတစ်ယောက်က နှစ်စုံစလုံးကို စျေးမြင့်မြင့်နဲ့ ဝယ်ထုတ်သွားခဲ့တာမလို့ ဒီအဝတ်အစားတွေကို ဝယ်လို့ မရကြဘူးတဲ့... အမည်မဖော်လိုတဲ့ အတွင်းလူတစ်ယောက်ရဲ့ ဖော်ထုတ်ချက်အရ ဝယ်သူရဲ့ မျိုးရိုးအမည်က ရွှယ်တဲ့... အိုးမိုင်ဂေါ့... ငါ့ခေါင်းကတော့ အရိုင်းဆန်ပြီး ယုတ္တိမတန်တဲ့ ခန့်မှန်းမှုတွေ ပြည့်နေပြီ]


[အင်း... ဒီဝတ်စုံတွေ ဝယ်ထုတ်သွားပြီး သူများတွေ ဝယ်လို့ မရအောင် လုပ်လိုက်တယ်... အတွေ့အကြုံရှိ နျန်ကော်မလေး တစ်ယောက်အနေနဲ့ ဒီနည်းလမ်းက တကယ် ရင်းနှီးနေတယ်လို့ ပြောပါရစေ]


[ခဏလေး... ခဏလေး... 'ဖလောရင့်' ဒါမှမဟုတ် 'ပုံရိပ်ယောင်ပင်လယ်'ဆိုတဲ့ စကားဝှက်လား... ကြော်ငြာထဲမှာ နျန်နျန် ဝတ်ထားတဲ့ မြေခွေးမြီးလေးလေ... ဟာဆီ ဘရန်းဘက်က လုပ်ခဲ့တဲ့ တစ်ခုမလား... မဖြေရှင်းနိုင်တဲ့ လျှို့

ဝှက်ဆန်းကြယ်မှု: မြေခွေးမြီးကို ဘယ်သူ ဝယ်သွားတာလဲ]


[တကယ်ပါနော်... ကွန့်မန့်တွေ သေချာဖတ်ပြီးသွားတော့ ရင်တထိတ်ထိတ် ဖြစ်နေမိပြီ]