Chapter 169
မင်းတို့နှစ်ယောက်ကို တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့ ဆုတောင်းပေးပါတယ်
ယွီနျန်မှာ ခြေနှစ်လှမ်းမျှပင် မလှမ်းနိုင်တော့ဘဲ ပြတင်းပေါက်နားမှ ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ လဲလျောင်းလိုက်ပြီး ဖုန်းကိုင်ထားရင်း ကွန်မန့်များကို စိတ်ဝင်စားမှုများစွာဖြင့် လှန်လှောကြည့်လိုက်သည်။
တစ်ခဏအကြာ လေထုထဲတွင် မီးကျွမ်းသည့် အနံ့ ထွက်ပေါ်လာလေသည်။ ယွီနျန်က ရွှယ်ယုံ မီးဖိုချောင်ထဲသို့ ထွက်သွားသည်ကို အမှတ်ရမိသွားသဖြင့် ဖိနပ်ပါး မြန်မြန် စီးကာ အောက်ထပ်သို့ အပြေးဆင်းလာခဲ့သည်။
မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့် ပုံမှန်တွင် ထိန်းချုပ်ထားသည့် အမူအယာတို့ ရှိနေတတ်သည့် ရွှယ်ယုံမှာ အင်္ကျီလက်များကို တံတောင်ဆစ်အထိ လိပ်တင်ထားပြီး မီးခိုးတလူလူ ထနေသည့် ဒယ်အိုးရှေ့တွင် ရပ်ကာ ကူကယ်ရာမဲ့ ဖြစ်နေပုံပေါ်ကြောင်း တွေ့လိုက်ရသည်။
ယွီနျန်မှာ တောင့်မခံနိုင်တော့ဘဲ ခြေတံရှည်များကို အနည်းငယ် ကွေး၍ တံခါးဘောင်ကို စိတ်အေးလက်အေး အမူအယာဖြင့် မှီထားရင်း နူးနူးညံ့ညံ့ ရယ်မောလိုက်လေသည်။
ရွှယ်ယုံမှာ ယွီနျန်တစ်ယောက် ရှုပ်ပွနေသော မီးဖိုချောင်ကို မြင်ပြီးသွားပြီ ဖြစ်ကြောင်း သတိပြုမိသွားသဖြင့် ချက်ချင်းဆိုသလို နားရွက်များ နီရဲလာခဲ့သည်။ သူ ရှက်ရွံ့စိတ်များဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
"န နျန်နျန်... ကျောမနာဘူးလား... မြန်မြန်ပြန်ပြီး အနားယူတော့လေ"
“ဘယ်သူက ဒီလောက်ပျော့လို့လဲ"
ယွီနျန်က ကျောမတ်လိုက်ပြီး ရွှယ်ယုံထံ ခြေနှစ်လှမ်းမျှ တိုးလာကာ ခေါင်းလေးစောင်းကာဖြင့် ရွှယ်ယုံ၏ ပုခုံးပေါ် မေးတင်ထားလိုက်သည်။ သူက မီးဖုတ်သည့်လင်ဗန်းပေါ်မှ မီးကျွမ်းနေသည့် ပစ္စည်းကိုကြည့်ကာ ခပ်နောက်နောက်ဖြင့် ပြုံးလိုက်သည်။
"ဘာတွေ လုပ်နေတာလဲ"
ရွှယ်ယုံက ကသိကအောက်ဖြစ်စွာဖြင့် အကြည့်လွှဲလိုက်သည်။ "ဘရောင်နီ... ကြက်ဥမုန့်"
ရွှယ်ယုံ၏ လက်ချောင်းများထက် ပေကျံနေသည့် ဂျုံမှုန့်နှင့် ထောပတ်များကို တွေ့သောအခါ ယွီနျန်မှာ သူ့နှလုံးသားက မာ့ရှ်မယ်လိုတစ်ခုလို ပျော့ပြောင်းနူးညံ့လာသည်ဟု ခံစားလိုက်ရသည်။ သူ ရွှယ်ယုံ၏ လက်ကို ကိုင်ကာ ခေါင်းလေးငုံ့၍ လက်ပေါ်ကို အနမ်းပေးလိုက်သည်။ ထို့နောက် သူမော့ကြည့်လာပြီး ပြုံးပြလိုက်လေသည်။
"ကျွန်တော်တော့ ချက်ပြုတ်ဖို့ အဆင်ပြေတော့မယ် မထင်ဘူး... နေ့လည်စာအတွက် အောက်ထပ်ကို ဆင်းပြီး ခင်ဗျားပြောဖူးတဲ့ ဆိုင်လေးမှာ သွားစားကြရအောင်လေ"
ယွီနျန်၏ ဦးဆောင်မှုကို အမြဲတမ်း လိုက်နာတတ်သည့် ရွှယ်ယုံက ခေါင်းငြိမ့်ပြလိုက်ပြီး ရေပိုက်ကို ဖွင့်၍ လက်ဆေးလိုက်သည်။ ယွီနျန်က သူ့လက်ကို သုတ်ရန်အတွက် လက်သုတ်ပဝါတစ်ထည် ကမ်းပေးလိုက်ပြီးနောက် မေးလိုက်သည်။
"စကားမစပ်... ခင်ဗျားက ကျွန်တော့်ကို ဟယ်ရှန်းကနေတဆင့် ကိတ်ကလေးတွေ ၊ တိရစ္တာန်ပုံ ကွက်ကီးလေးတွေ ထည့်ပေးလိုက်သေးတယ်မလား"
“အားလုံးကို ကိုယ် ကိုယ်တိုင် လုပ်ထားတာ"
ရွှယ်ယုံက ခပ်မြန်မြန် ဖြေရှင်းလိုက်ပါသော်လည်း မုန့်ဖုတ်လင်ဗန်းထဲရှိ မီးခိုးထွက်နေဆဲ မဲတူးတူးအရာများက သူ့စကားများက ကျိုးကြောင်း မဆီလျော်ကြောင်း ဖော်ပြနေခဲ့သည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အမှန်တရားကို တီုးတိုးပြောလာသည်။ "ကိုယ် အခုတစ်ရာကျော်လောက် လုပ်ထားပြီးမှ ကြည့်လို့ အကောင်းဆုံးတွေ ရွေးပြီး မင်းကို ပို့ပေးလိုက်တာ"
ထိုစကားကို ကြားသောအခါ ယွီနျန် အံ့သြသွားပြီး သူ့နှလုံးသားထဲတွင် လည်ပတ်နေသည့် ခံစားချက်များကို တစ်ခဏမျှ မဖော်ထုတ်နိုင်ဖြစ်သွားသည်။ လျှာပေါ်တွင် အသီးယိုလေးများကို မြည်းစမ်းနေရသည့်အလား ချိုချိုချဥ်ချဥ် ခံစားချက်လေး ဖြစ်နေပေသည်။
သူကြိုက်နေတဲ့သူက သူ့နှလုံးသားထဲမှာ သူ့အတွက် ထူးခြားတဲ့နေရာလေးတစ်ခုအမြဲတမ်း ရှိနေပေးခဲ့တယ်...
ရေပိုက်မှ ရေများက နေရောင်အောက်တွင် တလက်လက်ဖြာနေပြီး ယွီနျန် ကိုယ်ကိုကိုင်း၍ ရွှယ်ယုံ၏ မျက်နှာထက်တွင် အနမ်းပေးလိုက်သည်။ "ကိတ်ကလေးတွေရော အကောင်ပုံကွက်ကီးလေးတွေရော အရမ်းချစ်ဖို့ကောင်းတယ်"
ထိုချီးကျူးမှုကြောင့် ရွှယ်ယုံ၏ နားရွက်များ ထပ်ပြီး နီရဲသွားကာ ချီမွမ်းစကားများကြောင့် ပူတက်လာနေဆဲ ဖြစ်သည်။
နှစ်ယောက်သားက ရိုးရှင်းသော နေ့လည်စာလေးအတွက် အောက်ထပ်က စားသောက်ဆိုင်လေးတွေ ဆင်းစားလိုက်ကြသည်။ အပြင်ဘက်ရှိနေရောင်က တည့်တည့်ကျနေပြီး လတ်တလော မိုးရွာထားခြင်းကြောင့် လေထုက စိုထိုင်းထိုင်း ဖြစ်နေခဲ့သည်။ လေပြေအေးလေးများက သူတို့၏ မျက်နှာများအပေါ် ဖြတ်တိုက်လာပြီး မထင်မှတ်ထားစွာပင် သက်တောင့်သက်တာ ဖြစ်သွားစေသည်။ ရွှယ်ယုံ၏ အကြည့်များက မနီးမဝေးရှိ လီတိုတေးဂီတအကယ်ဒမီ၏ ခေါင်မိုးများထံ မကြာခဏ ရောက်ရှိနေကြောင်း သတိထားမိသွားသည့် ယွီနျန်က ရွှယ်ယုံ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
"မပြန်ခင် လမ်းခဏ လျှောက်ကြမလား"
"ရတာပေါ့"
ယွီနျန် ထပ်ပြောလိုက်သည်။
"လီတိုက ဒီနေရာနဲ့ သိပ်မဝေးဘူး... အထဲကို ခဏလောက် ဝင်ကြည့်ကြမလား"
ရွှယ်ယုံ၏ အကြည့်များက ယွီနျန်ထံ ရောက်ရှိလာပြီး စိတ်ပြင်ဆင်နေသည့်အလား နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
"ကောင်းပြီလေ... အတူတူ သွားကြတာပေါ့"
လီတိုက နှစ်နှစ်ရာနီးပါး သက်တမ်းရှိနေပြီး ကျယ်ပြောလှသော ကျောင်းဝင်းကြီးလည်း ရှိနေသည်။ စိမ်းစိုနေသော သစ်ပင်ပန်းမာန်များက ဥရောပစတိုင် အဆောက်အအုံကြီး၏ နီရံဖြူများကို ဝန်းရံထားသည်။ အဓိကအဆောက်အအုံကြီးကို ဖြတ်သွားသူက နည်းနည်းသာ ရှိနေသည်။
ရွှယ်ယုံ ပြောလိုက်သည်။
"လီတိုက ကျောင်းသားတအားနည်းတယ်... များသောအားဖြင့် တစ်ရာ့ခုနစ်ဆယ်လောက်ပဲ ရှိတယ်... ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို သင်ကြားပေးတာလေ... ဒီအချိန်ဆို လူတိုင်းက လေ့ကျင့်တာ မဟုတ်ရင် အတန်းတွေ တက်နေကြမှာဆိုတော့ ကျောင်းပတ်လည်မှာ လူတွေအများကြီး တွေ့ရမှာ မဟုတ်ဘူး"
ပြတင်းပေါက်ခုံးလေးတစ်ခုအောက်မှ ဖြတ်သွားသောအခါ ဂီတသံ ခပ်တိုးတိုး ထွက်ပါ်လာပြီး တေးသွားများ ကျဆင်းလာသည်နှင့် နံရံထောင့်မှ ကျောက်ဆစ်ပန်းပုများသည်ပင် အသက်ဝင်လာကြသည်ဟု ထင်လာရသည်။ သူတို့က တွယ်တက်နေသော နှင်းဆီပန်းများ ဖူးပွင့်နေပြီး ၎င်းတို့ဖြင့် ဖုံးအုပ်ထားသည့် ကော်ရစ်ဒါရှည်ကြီးကို ဖြတ်လာကြကာ အဖြူရောင်အဆောက်အအုံကြီး၏ ရှေ့သို့ ရပ်လိုက်ကြသည်။
"ကိုယ် ကျောင်းသားဘဝတုန်းက ကိုယ့်ရဲ့ လေ့ကျင့်ခန်းက ဒီနေရာမှာလေ"
သူက ယွီနျန်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒုတိယထပ်ရဲ့ တတိယပြတင်းပေါက်"
ယွီနျန် မော့ကြည့်လိုက်ရာ ထိုလေ့ကျင့်ခန်း၏ ပြတင်းပေါက်မှာ ပိတ်နေပြီး မှန်တံခါးနောက်မှ အဖြူရောင်လိုက်ကာစများကို တွေ့နေရသည်။ လေပြေညင်းလေးများက နှင်းဆီနွယ်ပင်များအကြား တိုက်ခတ်လာခဲ့သည်။
ရွှယ်ယုံကလည်း အတိတ်ကို လွမ်းဆွေးနေသော အကြည့်များဖြင့် ထိုပြတင်းပေါက်ကို ကြည့်လာသည်။
"ရှောင်းရန် တစ်ခါက ကိုယ့်ကို မေးဖူးတယ်... ဒီနေရာက ထွက်လာရတာ နောင်တမရဘူးလားတဲ့"
ယွီနျန်က အကြည့်များကို ရွှယ်ယုံ၏ ဘေးတိုက်မျက်နှာထံ ပို့လိုက်သည်။ ရွှယ်ယုံ၏ မျက်နှာအစိတ်အပိုင်းများမှာ ပန်းပုပညာရှင်တစ်ယောက်က ထွင်းထုထားသည့်အလား စူးရှပြတ်သားနေသည်။ နှင်းဆီပန်းများကို နောက်ခံထားလိုက်သောအခါ သက်ဝင်လှုပ်ရှား ခမ်းနားနေသော ဆီဆေးပန်းချီကားတစ်ချပ်အလား ထင်မှတ်မှားသွားစေရသည်။
လေပြင်းလေးက ဆံနွယ်လေးများကို ပွတ်တိုက်သွားရင်းဖြင့် ယွီနျန် မေးလိုက်သည်။
"ဒါဆိုရင် ခင်ဗျား နောင်တရဖူးလား"
"မရဖူးဘူး... ကိုယ်တစ်ခါမှ နောင်တမရဖူးဘူး... ကိုယ် စန္ဒယားကို အရမ်းချစ်ပြီး ဒီနှစ်တွေအတွင်း ကိုယ်တီးချင်ခဲ့တဲ့ အခိုက်အတန့်တွေ မရေတွက်နိုင်အောင် ရှိခဲ့ပေမယ့်လေ..."
ရွှယ်ယုံ၏ အသံက နူးညံ့နေပြီး ပုံမှန်ထက် စကားပိုပြောနေခဲ့သည်။
"ကိုယ့်အစ်ကို ဆုံးတဲ့အကြောင်း ပထမဆုံး ကြားခဲ့ရတုန်းက... လစ်ဟာသွားသလို ခံစားခဲ့ရတယ်... လူတစ်ယောက် ဒီကမ္ဘာက ထွက်သွားရင် သူ့နှလုံးသား ဘယ်ရောက်သွားလဲ သူဘယ်ကို ရောက်သွားမလဲ မသိရဘူး... ဒါပေမယ့် ကိုယ်သေချာသိတာက သူ ဘယ်ကိုပဲသွားသွား ပြန်တော့ မရောက်လာနိုင်တော့ဘူး...
ကိုယ် ကိုယ့်ကိုယ်ကိုယ် ထပ်ကာထပ်ကာ ပြောနေမိတာ ကိုယ့်အစ်ကိုကို တစ်ဘဝလုံး သတိရနေရမယ်လို့လေ... ဒီနည်းနဲ့... ဒီကမ္ဘာပေါ်မှာ သူတည်ရှိခဲ့ဖူးတာက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တော့ဘူး...
နောက်ပိုင်း ကိုယ်ရွှယ်မိသားစုရဲ့ ဆက်ခံသူ ဖြစ်လာပြီး ကိုယ်တစ်ခါမှ မကြုံဖူးတဲ့ အရေးကိစ္စတွေ ကိုင်တွယ် ဖြေရှင်းရတယ်... ဒါက ကိုယ့်ပုခုံးပေါ် လေးလံတဲ့ တာဝန်ကြီး ပိနေသလိုပါပဲ... ဂီတခလုတ်တွေဆီကနေ ဆွဲထုတ်ခံလိုက်ရတဲ့ သံစဥ်တစ်ခုက ငွေကြေးတွေ၊ နံပါတ်တွေ၊ ငွေကြေးအစီရင်ခံစာတွေ ပြည့်နေတဲ့ အမောတကော ဖြစ်နေတဲ့ ကမ္ဘာကြီးထဲ နေရာချထားခံလိုက်ရသလိုပဲ... ကိုယ် ဒါကို ကိုယ့်ရဲ့ တာဝန်မှန်း သိနေပါတယ်... ကိုယ် မလွတ်မြောက်နိုင်တော့လည်း လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားရတော့တာပေါ့"
ယွီနျန် လက်လှမ်းကာ ရွှယ်ယုံ၏ အေးစက်စက် လက်ဖျားများကို ဆုပ်ကိုင်လိုက်သည်။ "ပြီးတော့ရော..."
"ပြီးတော့လား" ရွှယ်ယုံ ယွီနျန်ကို ကြည့်လိုက်သည်။ "ကမ္ဘာကြီးပေါ်မှာ ကံကြမ္မာရဲ့ ချိန်းခြောက်မှုတွေကြောင့် ထပ်ပြီး သိလာရတာက ကံကြမ္မာ ကျီဆယ်လာတဲ့အခါ ပြင်ဆင်ထားဖို့ လုံလောက်တဲ့အချိန်ဆိုတာ မရှိဘူး ဆိုတာပဲ..."
သူစက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
"ကိုယ်အခုထိ ရှင်ကျန်ရစ်ပြီး အလဲထိုးမခံရဘဲ ချစ်ရသူတွေကို ကာကွယ်ဖို့ အင်အား ရှိလာတဲ့အတွက် ဝမ်းသာမိတယ်"
တစ်နေရာရာမှ စန္ဒယားတီးသံ ကြားသောအခါ ရွှယ်ယုံချက်ချင်း မှတ်မိသွားသည်။
"ဒါက E-flat majorထဲက ‘Grand Valse Brillante’ပဲ”
ယွီနျန်နှင့် ရွှယ်ယုံတို့က တစ်ခဏမျှ တိတ်တဆိတ် နားထောင်နေခဲ့ကြသည်။ ရုတ်တရက် ယွီနျန် သိချင်စိတ် ပြင်းပြလာခဲ့သည်။
"စန္ဒယား တီးနေတဲ့အချိန်ဆိုရင် ဘယ်လို ခံစားရလဲ"
ထိုမေးခွန်းကို ကြားသောအခါ ရွှယ်ယုံ လက်မြှောက်ကာ လက်သွယ်သွယ်လေးများကို လေပေါ်တွင် ကခုန်နေမိသည်။ မျက်လုံးလေးများက အလင်းရောင်များအကြား တဖျတ်ဖျတ် လက်သွားသည်။
"တစ်ခါတစ်လေ... ခလုတ်တွေက ကိုယ့်ရဲ့ ထိန်းချုပ်မှုအောင်ကို ရောက်နေသလိုပဲ... ပြီးတော့ ကိုယ်က ဂီတသင်္ကေတတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးမှာ အရှင်သခင် ဖြစ်လာတယ်... တခြားအချိန်တွေမှာဆို ဂီတနုတ်စ်တွေက စကြဝဠာကြီး ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ကိုယ်က နုတ်စ်သေးသေးလေးလို ခံစားရတယ်... ပြီးရင် ကိုယ်က စီးမျောနေတဲ့ ဖုန်မှုန့်လေးလိုပေါ့"
သူက မျက်လုံးထဲတွင် ရွှင်မြူးမှုတို့ဖြင့် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကိုယ့်မှာ မရှောင်လွဲနိုင်တဲ့ တာဝန်ဝတ္တရားတွေ၊ လုပ်ရမဲ့ အလုပ်တွေ ရှိနေပေမယ့် ဂီတကို တကယ်ချစ်တယ်... စန္ဒယားကို တကယ်ချစ်တယ်"
စကားပြောပြီးနောက် ရွယ်ယုံ ရုတ်တရက် အေးခဲသွားသည်။
"ဂီတကို တကယ်ချစ်တယ်... စန္ဒယားကို တကယ်ချစ်တယ်" ဟူသည့်စကားများကို မည်သည့်အချိန်က နောက်ဆုံး ပြောမိခဲ့သည်ကိုပင် မမှတ်မိတော့ပေ။
ယွီနျန်က ခေါင်းလေးစောင်း၍ အားတက်သရော ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားကို ချစ်တယ်... ခင်ဗျား ဂီတနဲ့ စန္ဒယားကို ချစ်သလောက်..."
ထိုဝန်ခံချက်ကြောင့် အကာအရံမဲ့ ဖြစ်သွားရသည့် ရွှယ်ယုံက အနည်းငယ် ရှက်သွေးဖြာသွားလေသည်။ သူ လက်ကို မြှောက်ကာ ယွီနျန်၏ မျက်လုံးထောင့်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီးနောက် အနမ်းဖွဖွလေး ပေးလိုက်သည်။
"ကိုယ်လည်း မင်းကို ချစ်တယ်" နှစ်စက္ကန့်မျှ တွေးပြီးနောက် ရွှယ်ယုံ အသံတိုး၍ ထပ်ပြောလိုက်သည်။ "ဂီတနဲ့ စန္ဒယားကို ချစ်တာထက်ပိုပြီးတော့"
နှင်းဆီနွယ်များအောက်တွင် ယွီနျန်က လှပစွာ ပွင့်ကားနေသည့် နှင်းဆီတစ်ပွင့်ကို ကောက်ယူလိုက်ပြီး စာအုပ်များအကြား ညှပ်၍ အိမ်ပြန်ယူသွားပြီး သိမ်းထားရန် စီစဥ်ထားသည်။
ယွီနျန်က ရွှယ်ယုံဘေးတွင် အိပ်ကာ အချိန်ကွာခြားချက်ကို ကျင့်သားရရန် ညှိယူပြီးနောက် မုန့်ယွမ်ကို တွေ့ရန် ကုမ္ပဏီသို့ သွားနေသည့်လမ်း၌ ဟယ်ရှောင်းကို ဗီဒီယိုကောခေါ်ရန် ကြံရွယ်လိုက်သော်လည်း အကြိမ်များစွာ မြည်နေသည့်တိုင် ပြန်မဖြေလာပေ။
သူ့လက်များက "ဗီဒီယိုကော" ဟူသော ခလုတ်အပေါ် ရပ်တန့်နေပြီးနောက် အချိန်အတော်ကြာ တုန့်ဆိုင်းနေပြီးမှ သတ္တိမွေး၍ နှိပ်ဖို့ လုပ်လိုက်သည်။
ထိုအခိုက် သူ့ဖုန်းမြည်လာပြီး ယွီနျန် အသိပြန်ဝင်သွားသည်။ "အိမ်တော်ထိန်း လူဝီဆန်"
"မင်္ဂလာနေ့လည်ခင်းလေးပါ... သခင်လေး" လူဝီဆန်၏ အသံက ပုံမှန်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ တလေးတစား ပြောလာသည်။
"ဆရာက ပုံမှန်စစ်ဆေးမှုတွေ လုပ်နေလို့ပါ"
ယွီနျန်၏ မျက်ခုံးများ စုကျုံ့သွားခဲ့သည်။
"နေ့လည်နှစ်နာရီပဲ ရှိသေးတယ်... ပုံမှန်စစ်ဆေးမှုက ဒီအချိန် လုပ်လေ့မရှိပါဘူး"
လူဝီဆန်က ပြန်မဖြေဘဲ တုံ့ဆိုင်းနေသည်။
ယွီနျန် ရုတ်တရက် နှလုံးခုန်မြည်လာပြီး လည်ချောင်းများ ခြောက်ကပ်လာခဲ့သည်။
"သူ့အခြေအနေက ရုတ်တရက် အပြောင်းအလဲတွေ ရှိလာလို့လား"
တစ်ခဏအကြာ လူဝီဆန် ပြန်ဖြေလာသည်။
"ဟုတ်... ဆရာက သခင်လေးကို ဒီအကြောင်း မပြောပြခိုင်းပါဘူး"
ယွီနျန် ဆက်မမေးရသေးခင်မှာပင် လူဝီဆန် ထပ်ပြောလာခဲ့သည်။
"သူက လွန်ခဲ့တဲ့ ရက်တွေလောက်ကအထိ ကောင်းနေပါသေးတယ်... ဒီအခြေအနေအတိုင်း ဆက်သွားရင် အချိန်ပိုပြီး နေရလောက်တယ်လို့တောင် ဒေါက်တာက ပြောသွားပါသေးတယ်... ဒါပေမယ့် ခုနကပဲရုတ်တရက် သတိမပေးဘဲ သတိလစ်သွားလို့ ဒေါက်တာတွေက ကယ်တင်ပေးဖို့ ကြိုးစားနေကြတာပါ"
ဘေးတွင် ချထားသော လက်ချောင်းများကို တင်းတင်းဆုပ်မိသွားသဖြင့် လက်သည်းများသည်ပင် လက်ဖဝါးထဲသို့ နစ်ဝင်သွားသည်။ ယွီနျန် နှုတ်ခမ်းကို ကိုက်ကာ နှလုံးသားထဲမှ လှိုက်တက်လာသော ချဥ်စူး
နေသည့် ခံစားချက်များကို ဖိနှိပ်ထားလိုက်သည်။
"ကျေးဇူးပြုပြီး သူနိုးလာရင် ကျွန်တော့်ကို အသိပေးပါ"
လူဝီဆန်၏ အသံကလည်း အက်ကွဲနေလေသည်။ "ဟုတ်ကဲ့ပါ... သခင်လေး"