Chapter 171
သူ့ကို သွားတွေ့တဲ့အခါ အဖော်လိုက်ပေးနိုင်မလား
တစ်ခဏအကြာ များစွာသော ခန့်မှန်းချက်များနင့် ခွဲခြမ်းစိတ်ဖြာမှုများ ပေါ်ထွက်လာသည်။ မကြာခင် ယွီနျန်၏ ဖန်အကြီးစားအချို့က ထုတ်ဖော်ပြောကြားလာသည်။
[ဒါက ကိစ္စတွေရဲ့ အဆုံးသတ်ပဲ... ကျေးဇူးပါအဖွဲ့သားတွေရေ... စကားသုံးတာ မှန်မမှန်ကို မဆွေးနွေးကြရအောင်... ငါကတော့ မင်းဘယ်သူ့ကိုပဲ ကြိုက်ကြိုက် ဒါမှမဟုတ် မင်းဘယ်သူနဲ့ပဲ အတူရှိရှိ အားပေးနေမယ်ဆိုတာ ပြောပါရစေ... မင်းက အဆိုတော်တစ်ယောက် ဆိုရင်တောင် လူသားတစ်ယောက်ပဲလေ... မင်းမှာ ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေး ရှိလာဖို့ ဆုတောင်းပေးပါတယ်"]]
ထိုပိုစ့်အောက်တွင် ဖန်များစွာက ကွန်မန့်များ ချန်ထားခဲ့ကြသည်။
[ထောက်ခံပါတယ် +1... နျန်နျန် သဘောကျတဲ့သူ ရှိနေတာကို သိရတုန်းက ဝမ်းနည်းခဲ့ရပေမယ့် ငါအခုတော့ ပျော်သွားပါပြီ... နောက်ဆိုရင် နျန်နျန့်ဘေးမှာ အတူရှိနေပြီးတော့ အနိမ့်အမြင့် အတက်အကျတွေကို အတူမျှဝေခံစားပေးမယ့် လူတစ်ယောက်ရှိနေပြီ... အဲ့ဒီလူ ဘယ်သူပဲ ဖြစ်ဖြစ် ငါသူတို့အတွက် ဆုတောင်းပေးနေမယ် ]
[ထောက်ခံပါတယ် +1 ငါလည်း ငိုချင်နေပြီ... တကယ်ပါ.... နျန်ကော်ဖန်တွေမှာ ဒါအတွက် သဲလွန်စတစ်ခု ရှိနေကြတယ်မလား... ပျော်လည်းပျော် ဝမ်းလည်းနည်းရင်း တစ်ခါတည်း ဆုတောင်းပေးလိုက်မယ်... နျန်နျန်ကိုယ်တိုင် မပြောပြခင်အထိ လိမ်လိမ်မာမာနဲ့ စောင့်နေပါ့မယ်... အဲ့ဒီအချိန်မရောက်ခင်အထိ စိတ်ရှည်လက်ရှည်စောင့်နေမယ်]
[ထောက်ခံပါတယ် +1 ကျေးဇူးပါ အဖွဲ့သားတွေရေ... ကျေးဇူးပါနျန်ကော်မလေးတွေ... အားလုံးက အရမ်း အံ့သြဖို့ကောင်းတာပဲ .. ငါ့အခန်းဖော်ကလည်း နျန်ကော်မလေးပဲ... ဒီအကြောင်းကို ဆွေးနွေးပြီးသွားတော့ သူက ဒါကို လက်မခံနိုင်လို့ စိတ်ငြိမ်သွားဖို့ အချိန်လိုတယ်လို့ ပြောခဲ့သေးတယ်... ငါ့ခံစားချက်တွေလည်း ရှုပ်ထွေးနေတာပါပဲ... နျန်နျန်က ငါပထမဆုံးသဘောကျဖူးတဲ့ နာမည်ကျော်ပဲ... ဒါပေမယ့် တစ်ယောက်ယောက်ကို သဘောကျတာက သူ့ကို ပျော်ရွှင်စေနိုင်ရင် ဒါအရေးကြီးဆုံးပဲမလား... ဆက်လုပ်ထား နျန်နျန်ရေ]
ဖန်များ၏ တုံ့ပြန်မှုများနှင့် အောက်မှ တင်ပြထားသော ဒေတာများကို ဖတ်ပြီးသွားသောအခါ မုန့်ယွမ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
"မန်နေဂျာဖြစ်ရတာက စိတ်ဖိအားအများဆုံး အလုပ်တစ်ခုပဲ... ငါ့နှလုံးက ကောင်းကောင်းအလုပ်လုပ်ပါတော့မလား"
ရှစ်ရော့ကလည်း သူ့ဘေးတွင် ထိုင်ကာ စိတ်ပူပန်နေသည်။ "ဖန်တွေရဲ့ တုံ့ပြန်မှုက ကျွန်မတို့ ကြိုတင်မျှော်မှန်းထားတာထက်တောင် အပြုသဘောဆောင်နေသေးတယ်... လွန်လွန်းအားကြီးတဲ့ ကွန်မန့်တွေ မရှိဘူး... တော်သေးလို့ တော်သေးလို့" သူအက ရင်ဘတ်ကို ပုတ်လိုက်သည်။ "ထပ်ပြီးတော့ နျန်နျန်က ရည်းစားကောင်လေး ပုံရိပ်လိုမျိုးနောက်ကို မလိုက်ခဲ့လို့ ကျေးဇူးတင်မိတယ်... မဟုတ်ရင် ဖန်တွေ ဆုံးရှုံးသွားပြီးတော့ ဝေဖန်ခံရတာတွေက ကြောက်စရာကောင်းလောက်အောင် ဖြစ်သွားမှာ"
မုန့်ယွမ်က လက်ပ်တော့ကို ပြန်ပိတ်လိုက်ရင်း ယွီနျန်၏ အမူအယာက အတော်လေး မူမမှန်ဖြစ်နေကြောင်း ပထမဆုံး သတိပြုမိသွားသည်။
"နျန်နျန်... ဘာဖြစ်လို့လဲ" သူက ယွီနျန် ပြန်မဖြေလာခင်အထိ နှစ်ကြိမ်မျှ မေးလိုက်ရသေးသည်။
“အစ်ကိုမုန့်... ကျွန်တော့်ကို ခေါ်သေးလား"
မုန့်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်နေတာလဲ... မင်းကို ကြည့်ရတာ စိတ်လွတ်နေသလိုပဲ"
ယွီနျန်က အလေ့အကျင့်အတိုင်း နှုတ်ခမ်းလေးများကို တွန့်ကွေးရန် ကြိုးစားလိုက်သော်လည်း အပြုံးလေးတစ်ခု ဖြစ်လာအောင် မလုပ်နိုင်ခဲ့ပေ။ သူက ဖုန်းကို လက်ငါးချောင်းဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းများက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့သည်။ "ခုနက ဗီဒီယိုကော ပြောခေါ်ခဲ့ပေမယ့်... မကိုင်ဘူး"
“မင်းအဖေကိုလား" ယွီနျန် ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ မုန့်ယွမ် ခန့်မှန်းလိုက်သည်။
"တစ်ခုခုဖြစ်လာလို့ နှောင့်နှေးသွားတာများ ဖြစ်နေမလား"
"မဟုတ်ဘူး...သူက ကျွန်တော့်ဆီက ဖုန်းခေါ်တာတွေ မက်ဆေချ့်တွေ အမြဲတမ်း စောင့်နေတာ... သူအိပ်ပျော်နေရင်တောင် အိမ်တော်ထိန်းက သေချာကြည့်ပေးတော့ ဘယ်တုန်းကမှ လွတ်မသွားဘူး... ဒါပေမယ့်...."
ယွီနျန် အသက်ဖွဖွ ရှုကာ အသံကလည်း ခါးသီးမှုတို့ ပြည့်နေသည်။ "သူ့အခြေအနေ ရုတ်တရက် ဆိုးဝါးလာပြီး... ကယ်တင်ဖို့ ကြိုးစားနေရတာမျိုး မဟုတ်ရင်ပေါ့"
ထိုစကားကို ကြားသောအခါ မုန့်ယွမ်နှင့် ရှစ်ရော့တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူ့အား မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ပေ။ မုန့်ယွမ်က ယွီနျန်၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ ပါးစပ်ဟလိုက်ပါသော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့။
ရုတ်တရက်ဆိုသလို အွန်လိုင်းပေါ်မှ အငြင်းအခုံ၊ သံသယများနှင့် စွပ်စွဲမှုများမှာ သူ့ကို မနှောက်ယှက်နိုင်သည့် မီးခိုးငွေ့များအဖြစ် လွင့်ပါးသွားသလိုပင်။ ယွီနျန်က ထိုင်ခုံပေါ်တွင် တစ်ခဏမျှ ထိုင်နေပြီးနောက် တီးတိုးပြောလိုက်သည်။
"တစ်ခါတစ်လေ... လူသားဘဝက တကယ်ကျိုးပဲ့လွယ်တယ်လို့ တွေးနေမိတယ်"
“ဘယ်သူက မဟုတ်ဘူးပြောလို့လဲ"
မုန့်ယွမ်ကလည်း ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
"ငါ့မိဘတွေ ဆုံးသွားကြတော့ သေခြင်းရှင်ခြင်းနဲ့ ရင်ဆိုင်လာရတဲ့အခါ အရာအားလုံးက အသေးအဖွဲ့ဖြစ်သွားမှန်း နားလည်သွားတယ်... အဲ့ဒီအချိန်တုန်းက အလုပ်မှာလည်း မအောင်မြင်သေးဘူး... ငါလက်မှတ်ထိုးထားတဲ့ အနုပညာရှင်က သူ့လမ်းကို ဝင်ရှုပ်တယ်လို့ တွေးပြီးတော့ ကဖျက်ယဖျက်တွေလုပ် ငါ့အတွက် ဒုက္ခတွေ လိုက်ပေးနေတာပေါ့... အဲ့အချိန်တုန်းက ပင်ပန်းနေခဲ့ရပြီးတော့ ဘာကိုမှ လုပ်ဖို့ စိတ်ခွန်အား မရှိဘူး... နောက်ပိုင်းကျတော့ ငါနားလည်သွားတာက အသက်ရှင်နေတာကပဲ ကံကောင်းမှု ဖြစ်နေပြီ...
အသက်ရှင်နေရတာက မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ... ဒါကြောင့် ငါပြန်ပြီး နလန်ထူနိုင်ခဲ့တာ"
မုန့်ယွမ်က လိမ္မော်သီးတစ်လုံးကို ခွာကာ ယွီနျန်ထံ တစ်ခြမ်းခွဲပေးလိုက်ပြီး သူ့ကို ချော့မော့ရန် ဆက်ပြီး ကြိုးစားမနေတော့ပေ။ ဤကဲ့သို့သော အချိန်များတွင် များများ နှစ်သိမ့်လျှင် ပိုပြီး အားနည်းသွားတတ်ကြောင်း သိနေခဲ့သည်။
ဤကဲ့သို့ တစ်ခဏမျှ ခံစားနေရပြီးနောက် ယွီနျန်၏ ဖုန်း၌ အသိပေးချက်တစ်ခု မြည်လာခဲ့သည်။ သူက ချက်ချင်းနီးပါး ပြန်ဖြေလိုက်သည်။ ဖုန်းထဲတွင် ရှင်းသန့်နေသော အနက်ရောင် ကုတ်အင်္ကျီရှည် ဝတ်ထားသည့် လူဝီဆန်က ပုံမှန်ထက် အရေးအကြောင်းများ ရှိနေပုံရသော်လည်း စိတ်အေးလက်အေး ဖြစ်နေပုံပေါ်နေသည်။ သူက များများစားစား မပြောပေ။
"သခင်လေး... ဆရာ့ကို ကယ်တင်နိုင်ခဲ့ပါပြီ"
သူတို့၏ နှလုံးသားထဲတွင် လေးလံစွာ ချိတ်ဆွဲထားသော ကျောက်တုံးကြီးမှာ အဆုံးတွင် ပြုတ်ကျသွားလေပြီး နာကျင်မှု ခပ်ယဲ့ယဲ့ကို ယူဆောင်လာပေးခဲ့သည်။ ယွီနျန် နှစ်ကြိမ်မျှ ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပါပြီ" ခဏအကြာ သူ့လည်စေ့ လှုပ်ရှားသွားပြီး အသံကလည်း အက်ကွဲနေသည်။
"ကျွန်တော်... ကျွန်တော် သူ့ကို ကြည့်လို့ရမလား"
လူဝီဆန်က ကင်မရာကို ဆေးရုံကုတင်ထက်သို့ ပြန်ချိန်ပေးလိုက်သည်။ ကုတင်ထက်တွင် ဟယ်ရှောင်း၏ နှုတ်ခမ်းများက ဖျော့တော့နေပြီး နှစ်ခြိုက်စွာ အိပ်မောကျနေပုံရသည်။ ဆေးဘက်ဆိုင်ရာ ကိရိယာများက တည်ငြိမ်သော "တတီတီ" မြည်သံကို ထုတ်လွှင့်နေလေသည်။
ယွီနျန်၏ အကြည့်များက ဟယ်ရှောင်းထံတွင် အချိန်အတော်ကြာ ရောက်ရှိနေခဲ့သည်။ သူ တည်တည်ငြိမ်ငြိမ် အသက်ရှုနေသည်ကို မြင်ရသည့်အခါမှသာ အဆုံးတွင် စိတ်အေးသွားခဲ့လေသည်။
ကင်မရာ ပြန်လှည့်သွားပြီး လူဝီဆန် ဆက်ပြောလာသည်။ "ဂျိုးဇက်ရဲ့ မသင့်တော်တဲ့ စကားတွေကြောင့် ပိုစ့်ကို ပြန်ဖျက်ခိုင်းလိုက်ပါတယ်... ကျွန်တော် သတိမထားမိလို့ သခင်လေးကို ပြဿနာတက်စေရပြီ"
ယွီနျန်မှာ ထိုကိစ္စကို သူတို့ဘက်မှ ဖြေရှင်းလိုက်သူမှာ လူဝီဆန် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားမိပြီးသားဖြစ်သဖြင့် အံ့အားသင့်မသွားပေ။ "ကျေးဇူးတင်ပါတယ်"
လူဝီဆန်၏ အမူအယာက ညင်သာနေသည်။ "ဒါ ကျွန်တော် လုပ်သင့်တဲ့အရာပါပဲ"
စကားအချို့ ထပ်ပြောပြီးနောက် လူဝီဆန် မျက်နှာထက်မှ ပင်ပန်းနွမ်းနယ်မှုများကို တွေ့လိုက်ရသဖြင့် ယွီနျန် သတိပေးလိုက်သည်။
"ကျေးဇူးပြုပြီး... ကောင်းကောင်း အနားယူပါဦး... ကျန်းမာရေး ဂရုစိုက်ပါ"
အသံသွင်းစတူဒီယိုမှ အိမ်ပြန်လာသောအခါ ရွှယ်ယုံက ယွီနျန်ကို လာကြိုပေးခဲ့သည်။ ယွီနျန်က နောက်ခုံတွင် ထိုင်ထားရင်း ရွှယ်ယုံ၏ ပုခုံးကို မှီနေခဲ့သည်။ တစ်ခဏအကြာ သူ နူးညံ့စွာ ခေါ်လိုက်သည်။
"ရွှယ်ယုံ"
ရွှယ်ယုံက ယွီနျန် အနည်းငယ် အေးနေကြောင်း သတိထားမိလိုက်သဖြင့် ရင်ခွင်ထဲသို့ နီးနီး ဆွဲယူကာ ပြန်ဖြေလိုက်သည်။
"အင်း"
“သူ့ကို သွားတွေ့ရင် အတူလိုက်ပေးလို့ရမလား... ကျွန်တော် တစ်ယောက်တည်း မသွားရဲလို့"
ယွီနျန်က မျက်တောင်ချကာ သူ့လက်ချောင်းများကို ရွှယ်ယုံ၏ လက်ချောင်းများနှင့် ယှက်နွယ်၍ တင်းတင်းဆုပ်ထားလိုက်ပြီး ဝမ်းနည်းမှုများကို ဖိနှိပ်လိုက်သည်။ ပထမဆုံးအနေဖြင့် ထိုအသုံးအနှုန်းကို သုံးနှုန်းမိခဲ့လေသည်။
"ကျွန်တော့်အဖေကို သွားတွေ့ကြရအောင်"
*****.
ကိုယ်ပိုင်လေယာဥ်ကို စီစဥ်၍ ပျံသန်းမှုအစီအစဥ်များကို ထည့်သွင်းကာ အချိန်စာရင်းများ ညှိနှိုင်းပြီးနောက် နောက်တစ်နေ့ မနက် 7နာရီခန့်တွင် ယွီနျန်က ရွှယ်ယုံနောက်မှတဆင့် လေဆိပ်ထဲသို့ ဝင်လာခဲ့သည်။ အောက်တိုဘာနှောင်းပိုင်း၏ အအေးဓါတ်က သိသိသာသာ အေးနေပြီး ကောင်းကင်ကြီးကလည်း ယခုထက်ထိ လင်းချင်းမလာသေးပေ။ သူတို့၏ မျက်နှာများကို တိုက်ခတ်လာသည့် လေများက အေးစိမ့်စိမ့်ဖြစ်သွားစေသည်။
ယွီနျန်က အနက်ရောင် maskတစ်ခုနှင့် လျှာထိုးဦးထုပ်ဆောင်းထားပြီး ပျံလမ်းထက်မှ မှိတ်တုပ်မှိတ်တုပ်လင်းနေသော အချက်ပြအလင်းတန်းများအား တွေဝေငေးမောနေလေသည်။
ရွှယ်ယုံက ယွီနျန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ လေဒဏ်မှ ကာကွယ်ပေးလိုက်ပြီးနောက် မျက်နှာလေးကို ထိလိုက်သည်။
"နျန်နျန်... အေးနေလား"
ယွီနျန်က ခေါင်းခါပြလိုက်ပြီး ရွှယ်ယုံ၏ ရင်ခွင်ထဲတွင် မှီထားလိုက်သည်။
"မအေးပါဘူး... ကျွန်တော် ဆွယ်တာနှစ်ထပ်တောင် ဝတ်ထားတာ" သူက စိုးရိမ်နေမှုများကို ကွယ်ဝှက်မထားဘဲ တီးတိုးပြောလိုက်သည်။
"ဒါပေမယ့် ကျွန်တော် အရမ်းကြောက်နေတယ်... လက်ချောင်းထိပ်တွေ မတုန်ဘဲ မနေနိုင်ဘူး"
ယွီနျန်၏ အေးစက်နေသော လက်ကလေးကို ဆွဲယူကာ သူ့အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ရွှယ်ယုံ ပြောလိုက်သည်။
"ကြောက်ရင် ကိုယ်တို့ ကိုယ်တိုင်သွားကြည့်ပေးကြမယ်လေ... အဆက်မပြတ် ခန့်မှန်းနေရတာက အကြောက်တရားကို ပိုတိုးစေတယ်"
သူက ယွီနျန်၏ မျက်လုံးများကို ကြည့်လိုက်ပြီးနောက် အသံထဲတွင်လည်း စိတ်ချလက်ချဖြစ်သွားနိုင်သည့် ခွန်အားများ ပါဝင်နေခဲ့သည်။
"ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်ရှိနေပေးမယ်"
ယွီနျန်က ရွှယ်ယုံ၏ ပုခုံးပေါ်တွင် မှီနေရင်း သူ့ကိုယ်ထက်မှ သစ်ကြံပိုးရနံ့ဖျော့ဖျော့ကို တစ်ဝကြီး ရှိုက်သွင်းလိုက်ပြီး သတ္တိများတိုးလာသလို ခံစားလိုက်ရသည်။
မြေပေါ်မှ လေယာဥ် ထွက်ခွာလာသောအခါ အဆောက်အအုံမြင့်ကြီးများနှင့် နီယွန်အလင်းရောင်များက ခပ်ရေးရေး အစက်လေးများအဖြစ် ပြောင်းလဲသွားသည်။ တိမ်များက မြင်ကွင်းကို ပိတ်ဆို့ထားပြီး အရာအားလုံးက ပိတ်ကားချပ်ကြီးတစ်ခု ဖြစ်လာသလိုပါပင်။ ယွီနျန်က မနေ့ညက များများ မအိပ်ခဲ့ရဘဲ မနက် 2နာရီအထိ သီချင်းသွင်းနေခဲ့ရသည်။ အထုပ်အပိုးများ ထုပ်ပိုးသည့်အချိန်ထိလည်း မျက်လုံးများကို မပိတ်ခဲ့ရပေ။ နှလုံးသားထဲမှ ရတတ်မအေး ဖြစ်နေမှုများကို ဖိနှိပ်ရန်အတွက် အလုပ်များရှာလုပ်နေပုံလည်း ပေါ်နေခဲ့သည်။
ရွှယ်ယုံက လက်ထောက်သုံးယောက်ကိုပါ အတူခေါ်လာခဲ့ပြီး လေယာဥ် ချောချောမွေ့မွေ့ ပျံသန်းလာသည်နှင့် အလုပ်စလုပ်လေတော့သည်။ ယွီနျန်က ရွှယ်ယုံ၏ ပေါင်ပေါ် ခေါင်းအုံး၍ မျက်လုံးများ ပိတ်ထားသော်လည်း နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ဘဲ အိပ်လိုက်နိုးလိုက် အခြေအနေ ဖြစ်နေသည်။ ရှည်ကြာလှသော လေယာဥ်ခရီးစဥ်များက တောင့်ခံရန် ခက်ခဲလှသည်။ ယွီနျန်က မအိပ်နိုင်သဖြင့် သုံးနာရီမျှသာ ကြာသော ဂီတရုပ်ရှင်တစ်ခု ရှာကြည့်လိုက်သော်လည်း ဇာတ်လမ်းပြီးသွားသည့်တိုင် ဇာတ်ကြောင်းကို မပြောပြနိုင်ပေ။ (စိတ်မဝင်စားလို့)
အဆုံးတွင် လေယာဥ် ဆိုက်ရောက်သည့်အချိန်ထိ ကြံ့ကြံ့ခံပြီးသွားသောအခါ ဆွစ်ဇလန်၌ နေ့ခင်းပိုင်း ရောက်နေပြီ ဖြစ်ပြီး နေရောင်ကလည်း မျက်စိကျိန်းလောက်ဖွယ် တောက်ပနေခဲ့သည်။ သူတို့က ဟယ်ရှောင်း ရှိနေသည့် နေရာသို့ ကားစီး၍ ရောက်လာကြပြီး လူဝီဆန်က ဝင်ပေါက်တွင် အသင့်စောင့်နေခဲ့သည်။ ယွီနျန်ကို တွေ့သောအခါ လက်များကို ရှေ့ပို့ကာ တလေးတစား နှုတ်ဆက်လာခဲ့သည်။
"သခင်လေး... မစ္စတာရွှယ်... မင်္ဂလာနေ့လည်ခင်းပါ"
“မင်္ဂလာနေ့လည်ခင်းပါ... အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်"
လူဝီဆန်နောက်မှတဆင့် အထဲသို့ လိုက်လာကြသောအခါ မြို့ငယ်လေး၏ အစွန်အဖျားရှိ ကျယ်ဝန်းလှပြီး စိမ်းလန်းသော သစ်ပင်များ ဝန်းရံထားသည့် မြေနေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ မော့ကြည့်လိုက်လျှင် အဝေးတစ်နေရာမှ သိပ်သည်းနေသော တောအုပ်လေးများ ကြည်လင်နေသော ရေကန်များနှင့် တောင်တန်းကြီးများ၏ လှပသော ကောက်ကြောင်းလေးများကို တွေ့မြင်နိုင်ပေသည်။
လမ်းအဆုံးတွင် ခေတ်သစ်စတိုင် အဖြူရောင် လေးထောင့်အဆောက်အအုံးတစ်ခု ရှိနေပြီး အနက်ရောင် မှန်ပြတင်းများက အပြာရောင်ကောင်းကင်ကြီးနှင့် အဖြူရောင်တိမ်တိုက်လေးများကို ရောင်ပြန်ဟပ်နေခဲ့သည်။ ဝင်လာသောအခါ အတွင်းပိုင်းက အဖြူနှင့် အနက်ရောင်များ ရောယှက်နေလေသည်။ ဒုတိယထပ်သို့ တက်လာသောအခါ ကော်ရစ်ဒါတလျှောက်တွင် နံရံထက်၌ ကြီးမားလှသော နံရံပြည့် ပုံတူပန်းချီကားချပ်များ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ ယွီနျန် ခြေလှမ်းရပ်သွားပြီးနောက် စိုက်ကြည့်လိုက်သည်။
"ဒါက..."
“ဒါက ဆရာ စိတ်ကြည်တဲ့အချိန်တွေမှာ ဆွဲထားတဲ့ သခင်မလေးထိုက်ယွဲ့ရဲ့ ပုံတူပန်းချီကားတွေပါ... ဒါဆွဲဖို့ သုံးလလောက် အချိန်ယူခဲ့ရတယ်"
လူဝီဆန်က ရှင်းပြလိုက်ရင်း ယွီနျန်နှင့် ရွှယ်ယုံတို့၏ နောက်မှ ပန်းချီကားများကို အတူမော့ကြည့်လာခဲ့သည်။
"ဒါပေမယ့် ဆရာက သခင်မလေး ထိုက်ယွဲ့ရဲ့ ရှေ့ဘက်ပုံတူကို တစ်ခါမှ မဆွဲခဲ့ဘူး... သူ့ရဲ့ ကျွမ်းကျင်မှုက သူမရဲ့ အလှအပကို ဆွဲနိုင်ဖို့ မပြည့်ဝဘူးလို့ အမြဲတမ်း ပြောနေခဲ့တာ... ဒါကြောင့် ဒီပုံမှာ ကောက်ကြောင်းပုံတွေပဲ ဆွဲထားတာပါ... ဟုတ်ပါတယ်... များသောအားဖြင့် နောက်ကျောပုံတွေပဲ ဆွဲဖြစ်တာပါ"
ယွီနျန် ဟယ်ရှောင်း ရှိနေသည့် အခန်းထဲသို့ ဝင်လာမှသာ လူဝီဆန်ပြောခဲ့သည့် "များသောအားဖြင့် နောက်ကျောပုံတွေပဲ ဆွဲတယ်" ဟူသော စကားကို နားလည်သွားခဲ့သည်။ အိပ်ရာထက်သို့ မျက်နှာမူနေသော နံရံထက်တွင် အကြီးအသေး ဆိုဒ်စုံ များစွာသော ပန်းချီကားများ ချိတ်ဆွဲထားပြီး အားလုံးက လူတစ်ယောက်တည်း၏ နောက်ကျောပုံကိုသာ ရေးဆွဲထားသည်။ တမ်းတမှုနှင့် နှစ်သက်သဘောကျမှုများက ရေကဲ့သို့ စီးဆင်းလာနေပြီး နောက်တစ်စက္ကန့်မှာပင် ထိုပန်းချီကားထဲမှ စိမ့်ထွက်လာတော့မည့်အလား ခံစားရသည်။
လူဝီဆန်က ကုတင်ဘေးတွင် ရပ်ကာ တီးတိုးပြောလိုက်သည်။
"ဆရာ... သခင်လေးနဲ့ မစ္စတာရွှယ်တို့ ရောက်လာပါပြီ"
ဟယ်ရှောင်း၏ ငြိမ်သက်နေသော မျက်ခွံများ အနည်းငယ် တုန်ယင်သွားပြီး မျက်လုံးများ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ ယွီနျန်ကို မြင်သောအခါ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အသံက အားနည်းနေသော်လည်း ရွှင်ပြနေလေသည်။
"ပင်ပန်းနေပြီလား"
ဤနေရာသို့ လာသည့် လမ်းတလျှောက်လုံး မည်သည့် အခြေအနေ မည်သည့်မြင်ကွင်းကိုမဆို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု တွေးကာ သူ့ကိုယ်သူ မရေတွက်နိုင်သည့် အကြိမ်ပေါင်းများစွာ စိတ်အသင့်ပြင်ထားခဲ့သည်။ သို့သော်ငြား ထိုအခိုက်တွင် အားလုံးသော မျှော်လင့်ထားမှုများနှင့် ပြင်ဆင်ထားမှုများမှာ ချက်ချင်းဆိုသလို ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြောင်း နားလည်လိုက်ရသည်။ နှလုံးသားအထိ ပျံ့နှံ့လာသည့် ဝမ်းနည်းမှုများက တောင့်ခံရန် ခက်ခဲလာခဲ့သည်။
ဟယ်ရှောင်းက ပြန်ဖြေသံမကြားရသဖြင့် ခပ်တိုးတိုးရယ်ကာ ထပ်ပြောလိုက်သည်။
"အနားလာခဲ့... အငိုသန်ကလေးလေး မျက်ရည်တွေ ကျနေပြန်ပြီလားလို့ ကြည့်ရအောင်"
သူက တစ်ခဏမျှ အသက်ရှူလိုက်ပြီးမှ ဆက်ပြောသည်။
"မင်းက ငါမသိဘူးထင်လို့လား... ဗီဒီယိုကော ခေါ်ပြီးသွားတော့ သေချာပေါက် မျက်ရည်တွေ တိတ်တိတ်လေး ခိုးသုတ်နေတယ်မလား"
ယွီနျန်၏ အသံက တုန်ယင်နေပြီး ပြန်ဖြေလိုက်သည်။ "ဘယ်လိုသိတာလဲ"
ဟယ်ရှောင်းက သူ့ကို ကြည့်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါတို့ရဲ့ နျန်နျန်လေးက ကြင်နာတတ်ပြီး နှလုံးသား နူးညံ့တဲ့ ကလေးလေး ဖြစ်နေလို့ပေါ့"
ဟယ်ရှောင်း၏ တုန်ယင်နေသည့် လက်တစ်ဖက် မြှောက်လာသည်ကို မြင်သောအခါ ယွီနျန် ခပ်မြန်မြန် ရှေ့တိုးလိုက်ပြီး ဆုပ်ကိုင်လိုက်သည်။
ဟယ်ရှောင်း၏ အသံက ခွန်အားများ ကင်းမဲ့နေပြီး ဆက်ပြောလာသည်။
"အစကတော့ တိတ်တိတ်လေး ထွက်သွားရတာက အကောင်းဆုံးလို့ တွေးခဲ့မိတယ်... ငါမင်းကို အိပ်ရာပေါ်မှာ လဲနေရပြီးတော့ သေခြင်းတရားကနေ မကျော်လွှားနိုင်တာမျိုး မမြင်စေချင်ဘူး... ငါ့ဘဝမှာ အမြဲတမ်း ရည်မှန်းချက်ကြီးခဲ့တယ်... အလုပ်အကိုင်ကို ချဲ့ထွင်ခဲ့ပြီးတဲ့နောက် အနိမ့်အမြင့်အတက်အကျတွေလည်း ကြုံတွေ့ခဲ့ရပြီးပြီ... ငါတစ်ခါက တွေးခဲ့ဖူးတယ်... မင်းရဲ့ အမေကလွဲရင် ငါ့ဘဝမှာ နောင်တရစရာ မရှိခဲ့ဘူးလို့ပေါ့... ဒါပေမယ့် အခုတော့ နောက်ထပ် နှစ်နည်းနည်းလောက် အသက်ဆက်ရှင်ပြီး မင်းအနားမှာ နည်းနည်းလောက် ထပ်ပြီး အဖော်ပြုပေးခွင့်မရတော့လို့ အရမ်းနောင်တရမိတယ်"
ယွီနျန် ခေါင်းယမ်း၍ တီးတိုးပြောလိုက်သည်။
"ကျွန်တော့်ဘဝထဲကို ပေါ်လာပေးတာကတင် ကျွန်တော့်အတွက် ကျေနပ်စရာ ဖြစ်နေပြီးသားပါ"
ဟယ်ရှောင်းက လက်သီးကျစ်ကျစ် ဆုပ်ထားသည်။ "မင်းက ငါ့ကို မင်းဘဝရဲ့ နှစ်နှစ်ဆယ်လုံး အတူရှိနေမပေးခဲ့ဘဲနဲ့ စောစောထွက်သွားပြီး တစ်ယောက်တည်းချန်ထားခဲ့မှာကို အပြစ်မတင်ဘူ
းလား"
ယွီနျန်က ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော်က လောဘမကြီးပါဘူး"
နူးညံ့သော အသံလေးနှင့်အတူ ဟယ်ရှောင်း၏မျက်လုံးများ တဖြည်းဖြည်း ပိတ်သွားပြီး အိပ်ပျော်သွားခဲ့သည်။