Chapter 172
နျန်နျန်... မင်းငါ့ကို... ခေါ်ပေးနိုင်မလား
ဟယ်ရှောင်း၏ လက်ကို စောင်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်ပြီးနောက် ယွီနျန် လူဝီဆန်နှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။
နေ့တိုင်းတွင် ဟယ်ရှောင်း နိုးနေချိန်က တိုတောင်းလှပြီး ရှေ့နေ့များနှင့် လက်အောက်ငယ်သားများက အခန်းထဲတွင် မကြာခဏ ဝင်ထွက်သွားလာနေကြသည်။ ယွီနျန်က အသေးစိတ်အကြောင်းအရာများကို အာရုံစိုက်မထားပေ။ ဟယ်ရှောင်းက သူငယ်စဥ်က အကြောင်းအရာများ နားထောင်ရသည်ကို သဘောအတွေ့ဆုံး ဖြစ်ကြောင်း သိလိုက်ရသည်။ ဟယ်ရှောင်း၏ ကုတင်ဘေးတွင် ထိုင်ကာ စကားပြောကြတိုင်း ထိုအကြောင်းအရာများကိုသာ သက်သက်သာသာ ပြောပြတတ်သည်။
“ကျွန်တော် ငယ်ငယ်တုန်းက ဘွားဘွားက ခြံဝင်းထဲမှာ ပန်းတွေအများကြီး စိုက်ထားသေးတယ်... ကျွန်တော်က ပျိုနီပန်းတွေကို သဘောအကျဆုံးပဲ... ကျွန်တော်က ဘိုးဘိုးဆီကနေ ပန်းချီဆွဲသင်တော့ သူ ပထမဆုံး သင်ပေးတဲ့ပုံက ပျိုနီပန်းပုံလေ... တစ်ခါက ကျွန်တော် ညလယ်ခေါင် အိမ်မက်ဆိုးတွေမက်ပြီး လန့်လွန်းလို့ ပြန်မအိပ်နိုင်တော့ဘူး... နောက်တစ်နေ့ ပန်းချီဆွဲရင်းနဲ့ အိပ်ငိုက်ပါလေရော... ဘိုးဘိုးကလည်း မနှိုးဘူးလေ... နေ့ဘည်စာစားချိန်ရောက်တော့ မျက်နှာတစ်ပြင်လုံး ဆေးတွေ ပေပွနေတာ... ဘိုးဘိုးက ကျွန်တော့်ကို စတယ်... ကျွန်တော်က ပန်းချီဆွဲဖို့ ကင်းဗတ်စကို သုံးမဲ့အစား ကိုယ့်မျက်နှာကို သုံးထားလို့ စွန့်လွှတ်တတ်တဲ့ စိတ်ထားကို ပြနေတာပဲတဲ့"
ဟယ်ရှောင်း ရယ်မောလိုက်သည်။
ယွီနျန်က စပျစ်သီးခွံများကို ကျွမ်းကျွမ်းကျင်ကျင်နွှာလိုက်ပြီး ပျော်ရွှင်နေသည့် လေသံဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်တော်က စီနျင်းအိမ်တော်မှာ အဘိုးအဘွားတွေနဲ့ နေခဲ့တာလေ... မိသားစုအမွေအနှစ်လည်း ဖြစ်တဲ့အပြင် အဆောက်အအုံကလည်း အိုမင်းနေပြီ... နျင်းမြို့မှာ တစ်ခါက မိုးတွေ သည်းသည်းမည်းမည်း ရွာတဲ့ အချိန်ရှိခဲ့သေးတယ်... ပြီးတော့ ခေါင်မိုးရဲ့ တစ်နေရာက ဆွေးမြေ့နေတော့ မိုးတွေ စိမ့်လာရော... ဘိုးဘိုးက ဒီကိစ္စကို သဘောမတွေ့ဘူး... အဲ့ဒီအစား သူပြောတာ အိမ်ထဲကို ဝင်လာတဲ့ မိုးရေတွေက ကျွန်တော်တို့ မိသားစုနဲ့ ရေစက်ရှိတယ်တဲ့... မဟုတ်ရင် မိုးရေစက်ပေါင်း ဘီလီယံနဲ့ချီကျနေတဲ့အချိန်မှာ ဘာလို့ ဒီမိုးရေစက်လေးတွေကပဲ အိမ်ထဲကို ကျလာတာ ဖြစ်မလဲတဲ့...
ကျွန်တော် ငယ်သေးတော့ ညသန်းခေါင်ကြီး အိပ်ရာက ထပြီး 'ရေစက်ပါတဲ့ မိုးရေ'တွေကို ထိုင်ပြီး ကြည့်နေခဲ့တာပေါ့... ခဏလောက်ကြာတော့ အိပ်ချင်လာပြီး မြေပေါ်မှာပဲ အိပ်ပျော်သွားတယ်... နောက်တစ်ရက်ကျတော့ အအေးမိသွားတယ်လေ... ဘိုးဘိုးက ကျွန်တော့်ကို အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး အကြာကြီး စနေခဲ့တာ"
ဟယ်ရှောင်း၏ မျက်လုံးများထဲမှ အပြုံးရိပ်တို့ကို တွေ့လိုက်ရသောအခါ ယွီနျန် ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကို ရယ်နေပြန်ပြီလား"
ဟယ်ရှောင်းက တလေးတနက် အမူအယာသို့ အမြန်ပြောင်းကာ ဟန်ဆောင်လိုက်သည်။
"ဟမ်း... မရယ်ပါဘူးနော်... နျန်နျန် နားလည်မှု လွဲနေတာ ဖြစ်မယ်"
ယွီနျန်က မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်ကာ တွေးတောလိုက်သည်။
"အင်း... ဟုတ်ပါပြီလေ... နားလည်မှုလွဲနေတာ နေမှာ" သူက အခွံခွာထားသော စပျစ်သီးကို ခွံ့ကျွေးလိုက်ပြီးနောက် နူးနူးညံ့ညံ့ ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားရဲ့ တည်ရှိမှုနဲ့ အတွေးတွေကို နားလည်ပါတယ်... ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ခင်ဗျားကို လာတွေ့ချင်နေတုန်းပဲ... အနည်းဆုံးတော့..."
သူ ဟယ်ရှောင်း၏ မျက်လုံးများကို ကြည့်လိုက်သည်။ "အနည်းဆုံးတော့ တစ်နေ့ကျရင် ခင်ဗျားအကြောင်း ပြန်စဥ်းစားတိုင်း ဗီဒီယိုထဲက ပုံရိပ်ကိုပဲ မှတ်မိမနေချင်ဘူး"
ဟယ်ရှောင်း ခေါင်းငြိမ့်ပြလိုက်ပြီး ရှုပ်ထွေးနေသော စိတ်ခံစားချက်များ ဆုပ်ကိုင်ထားသည်။
"ကောင်းပြီလေ" သူ ပြောလိုက်သည်။
"မင်းက မင်းအမေနဲ့ အရမ်းတူတယ်... ခေါင်းမာတာချင်း အတူတူပဲ"
ယွီနျန်၏ မျက်လုံးလေးများ ကွေးညွတ်သွားသည်။ "အင်း... မျိုးရိုးလိုက်တာ ဖြစ်မယ်"
ဟယ်ရှောင်း အိပ်ပျော်သွားသောအခါ ယွီနျန်က သတိထား၍ ထွက်လာပြီး ကော်ဇောနီပေါ် ခြေလှမ်း၍ ဆေးရုံခန်းထဲမှ ထွက်လာခဲသည်။ တံခါးဝတွင် လူဝီဆန် စောင့်နေသည်ကို မြင်သောအခါ ယွီနျန် တီးတိုးပြောလိုက်သည်။
"သူ အိပ်ပျော်သွားပြီ"
လူဝီဆန်က စိတ်သက်သာရာရသွားပုံပေါ်သည်။
"သခင်လေး ရောက်လာပြီးတော့ ဆရာ့ရဲ့ စိတ်အခြေအနေက သိသိသာသာ တိုးတက်လာတယ်... ဆရာက စိတ်ခံစားမှုများတာထက် ကျိုးကြောင်း ဆက်စပ်နိုင်တာက ပိုများတယ်... ပြီးတော့ သူချလိုက်တဲ့ ဆုံးဖြတ်ချက်တွေက ငြင်းခုံဖို့ မပွင့်လင်းဘူး... ဒါပေမယ့် သခင်လေး ရောက်လာလို့ တကယ်ပျော်နေတာပါ"
“ဒါ ကျွန်တော် လုပ်သင့်တဲ့အရာပါ" ယွီနျန်၏ နှဖူးပြင်ထက် စိတ်ပူပန်မှုများ ထင်ဟပ်လာပြီး တံခါးဝတွင် ရပ်နေရင်း ချီတုံချတုံ ဖြစ်နေခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အခြေအနေ ပိုဆိုးလာသလိုပဲ"
“ဟုတ်ပါတယ်" လူဝီဆန်က ခံစားချက်ကို ချိန်ညှိနေသည့်အလား ခေါက်တင်ထားသော အင်္ကျီလက်ကို ပြန်ဖြေလိုက်သည်။ တစ်ခဏအကြာ သူဆက်ပြောလာသည်။
"ဒေါက်တာကတော့ နောက်ဆုံးအချိန်နဲ့ နီးကပ်နေပြီလို့ ပြောတယ်... ဆရာကလည်း သတိထားမိပုံပါပဲ... ဒါကြောင့် ခဏလောက် စိတ်ကြည်လင်နေတဲ့ အချိန်အတွင်း စီစဥ်စရာ ရှိတာတွေ စီစဥ်နိုင်အောင် ကြိုးစားနေတာပါ"
ယွီနျန် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လူဝီဆန် နှစ်သိမ့်ပေးလိုက်သည်။
"နှစ်ပေါင်းများစွာ နေမကောင်းဖြစ်ပြီး အိပ်ရာပေါ် လဲနေရပြီးတော့ ဆရာက သေခြင်းရှင်ခြင်းအပေါ် ထူးမခြားနား ဖြစ်လာတယ်... သူက တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပါတယ်... သခင်လေးရဲ့ တည်ရှိမှုကို သိသွားပြီးနောက်မှာတော့ လက်မလွှတ်ချင်စိတ်လေးတွေ ဖြစ်လာတယ်...
ဒါပေမယ့် လူတစ်ယောက်က တုံ့ဆိုင်းနေတယ်ဆိုတာနဲ့ပဲ ကံကြမ္မာက ခြေလှမ်းပြန်ဆုတ်သွားမှာ မဟုတ်ဘူးလေ"
ယွီနျန်က အသက်ပြင်းပြင်းရှုကာ များများ ဆက်မတွေးတော့ရန် ကြိုးစားလိုက်သည်။
"ကျွန်တော် ကတိပေးထားသလို ပန်းခြံထဲကနေ ပန်းနည်းနည်းလောက် သွားခူးလိုက်ဦးမယ်... ကျွန်တော် သူကြည့်ဖို့ ပွင့်နေတဲ့ ပန်းလေးတွေ ခူးပေးခဲ့မယ်လို့ ပြောထားတာ"
သို့သော်ငြား ကံကြမ္မာ၏ အလျင်က ယွီနျန် ထင်ထားသည်ပင် ပိုမြန်နေခဲ့သည်။ ညနေစာစားချိန်အတွင်း လူဝီဆန်က သူ့ကို ရုတ်တရက် လာရှာခဲ့ပြီး ဆရာနေမကောင်းဖြစ်နေတယ်ဟု ပြောလာခဲ့သည်။ ယွီနျန် ချက်ချင်းထကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ လှေကားတက်နေစဥ် ခြေချော်သွားပြီး လဲကျလုမတတ်ပင် ဖြစ်သွားခဲ့သေးသည်။
ရွှယ်ယုံက ဘေးမှ လှမ်းဆွဲကာ လက်မောင်းများကို ဆုပ်ကိုင်ထားလိုက်ပြီး ယွီနျန်၏ ခြေထောက်များကို သူ့အောက်တွင် လမ်းဖယ်ပေးလိုက်သည်။ ယွီနျန်မှာ သူ့ခြေထောက်များက တုန်ယင်နေပြီး အားမရှိတော့ကြောင်း နားလည်လိုက်ရသည်။ လက်သီးကျစ်ကျစ် ဆုပ်ထားရင်းဖြင့် ရွှယ်ယုံကို ပျာယာခတ်စွာ ကြည့်လိုက်ပြီး မေးခွန်းများ မေးချင်သည့်အလား နှုတ်ခမ်းဟလိုက်ပါသော်လည်း စကားတစ်ခွန်းမှ ထွက်မလာနိုင်ခဲ့ပေ။
ရွှယ်ယုံက ယွီနျန်၏ နှဖူးထက်သို့ ခပ်မြန်မြန် အနမ်းပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"နျန်နျန်... မကြောက်နဲ့နော်"
အိပ်ခန်းမှ ဆေးရုံခန်းအဖြစ် ပြောင်းထားသော အခန်းထဲတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဝင်လိုက်ထွက်လိုက် ဖြစ်နေကြသည်။ အစီအစဥ်မကျသော ခြေသံများက နှလုံးသားကို အပ်နှင့်ဆွနေသကဲ့သို့ ခံစားနေရသည်။ ယွီနျန်က ရွှယ်ယုံဘေးတွင် ရပ်ကာ အထဲမှ အခြေအနေကို မျက်တောင်တစ်ချက်ပင် မခတ်ဘဲ စူးစိုက်ကြည့်နေခဲ့သည်။
အချိန်တချို့ကြာပြီးနောက် ကုသပေးနေသည့် ဒေါက်တာတစ်ယောက်က အခန်းထဲမှ ထွက်လာပြီး အင်္ဂလိပ်စကားဖြင့် ပြောလိုက်သည်။
"အခြေအနေ တည်ငြိမ်သွားပါပြီ"
လူဝီဆန်က မသိစိတ်အရ လှည့်သွားပြီး စိတ်ရင်းဖြင့် ဆုတောင်း စကားပြောလိုက်ပြီး သူ့မျက်နှာထက်တွင် စိတ်သက်သာရာရမှုများ ပြည့်သွားသည်။
သိပ်မကြာခင် ဟယ်ရှောင်းနိူးလာသည်။ ယခင်ကနှင့် နှိုင်းယှဥ်ပါက သူက အတော်လေး ပိန်ပါးလာပြီး မျက်နှာ အစိတ်အပိုင်းများမှာလည်း ငယ်ရွယ်စဥ်က ပုံစံနှင့် အနည်းငယ်သာ ကိုက်ညီနေလေတော့သည်။ မျက်လုံးများ နီရဲနေသော ယွီနျန်ကို တွေ့သောအခါ လက်မြှောက်ကာ နှစ်သိမ့်ပေးချင်ပါသော်လည်း ထိုသို့ လုပ်ဆောင်ရန် ခွန်အား မရှိတော့သဖြင့် သူအရှုံးပေးလိုက်ရသည်။
အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်လာသောအခါ ဟယ်ရှောင်းက ဖြည်းဖြည်းချင်း တမင်တကာ ပြောလာသည်။
"နျန်နျန်... ကတိပေး... အကြာကြီး ဝမ်းနည်းမနေပါဘူးလို့နော်.... ဟုတ်ပြီလား"
ယွီနျန်၏ နှာခေါင်းလေး ပွယောင်းလာပြီး ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။
ဟယ်ရှောင်း၏ မျက်လုံးများထက် အပြုံးရိပ်လေး ပေါ်လာပြီး တဖြည်းဖြည်း ပြောလာသည်။
"ငါ့ဘဝမှာ ငယ်ငယ်တုန်းက မင်းအမေကို တွေ့ခဲရတာနဲ့ ဆုံးခါနီးမှ မင်းကို ရှာတွေ့ခဲ့ရတာ... ဒါဆိုရင် လုံလောက်ပါပြီ... ငါဘာမှ ထပ်မတောင်းဆိုတော့ဘူး"
“ငါတစ်ခါက ထိုက်ယွဲ့ကို အပြစ်တင်မိတယ်... နောက်တော့ ငါ့ကိုယ်ငါ အကြိမ်တစ်ထောင်လောက် အပြစ်တင်မိတယ်... နောက်ပိုင်းကျတော့ ကံကြမ္မာရဲ့ ကြမ်းတမ်းမှုကိုပဲ အပြစ်တင်မိတော့တယ်... ဒါပေမယ့် လတ်တလောမှာ ထိုက်ယွဲ့ မင်းကို မွေးခဲ့တာကို သိခဲ့ရပြီး ကံကြမ္မာက မင်းနဲ့ တွေ့ဖို့ ခွင့်ပြုပေးခဲ့တယ်... အားလုံးက ကောင်းကင်က ပေးလာတဲ့ လက်ဆောင်တွေပဲ”
ယွီနျန်က ဟယ်ရှောင်း၏ လက်ပိန်ပိန်လေးကို ကိုင်ကာ သည်းသည်းမည်းမည်း ခေါင်းငြိမ့်ပြလိုက်ပြီး အသံကလည်း ဆို့နင့်နေသည်။
"ခင်ဗျားနဲ့ တွေ့ခွင့်ရတာက အထက်ကောင်းကင်က ပေးလာတဲ့ လက်ဆောင်ပါပဲ"
ဟယ်ရှောင်း၏ လက်ချောင်းလေးများ အနည်းငယ် ကွေးတက်သွားပြီး ယွီနျန်၏ လက်ကို ပြန်ကိုင်ထားလိုက်သည်။
"မင်းငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်... ငါမင်းကို မတွေ့ရဲတာက မင်းတွေ့သလိုပဲလေ... ငါမင်းကို တွေ့ရင် ပိုပြီးလောဘကြီးလာမှာ... အသက်ရှင်ဖို့ ဆန္ဒရှိလာမှာ... သေခြင်းတရားကို မရင်ဆိုင်ရဲမှာ... မင်းကို ချန်ထားဖို့ တွေဝေနေရမှာ... ဒီကမ္ဘာကြီးကနေ ထွက်သွားဖို့ကိုရောလေ"
ယွီနျန်၏ အသံက အလွန်ညင်သာနေသည်။
"ကျွန်တော် နားလည်ပါတယ်"
ဟယ်ရှောင်း၏ အကြည့်များ ရွေ့သွားပြီး ယွီနျန်၏ နောက်ပါးတွင် ရပ်နေသည့် ရွှယ်ယုံအပေါ် ဆင်းသက်သွားသည်။ မျက်နှာထက်တွင် ပျော်ရွှင်သည့် ခံစားချက်များ ပေါ်လာသည်။
"တကယ်ကောင်းတယ်... ငါတို့နျန်နျန်လေး... နောက်ဆို အထီးမကျန်ရတော့ဘူး"
ဟယ်ရှောင်းက တဖြည်းဖြည်း အားကုန်လာသည့်အလား မျက်လုံးများ စင်းကျလာသည်။
"နျန်နျန်... မင်းငါ့ကို ခေါ်...."
“အဖေ"
ယွီနျန်က ဟယ်ရှောင်း စကားဆုံးမည်ကို မစောင့်တော့ဘဲ အရင်ဆုံးပြောလိုက်သည်။ သူက နှုတ်ခမ်းထောင့်လေးများကို အနည်းငယ် ပင့်ကာ ဆက်ပြောလိုက်သည်။
"ကျွန်တော့်နာမည် ယွီနျန်... ကျွန်တော့်အဖေ နာမည်က ဟယ်ရှောင်း... သူက အရမ်းအရမ်းကို အံ့လောက်ဖို့ကောင်းတဲ့သူပဲ"
စကားတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
ထိုစကားများကို ပြောပြီးနောက် ကလေးဘဝကတည်းက နှလုံးသားထဲတွင် တည်ရှိနေခဲ့သည့် ချောက်နက်ကြီးမှာ ဤအခိုက်တွင် ရင်ကြားစေ့သွားသည့်အလား ပြည့်ဝသွားသလို ခံစားလိုက်ရသည်။
ဟယ်ရှောင်း အိပ်ပျော်သွားသောအခါ ယွီနျန်က ဘေးခန်းထဲရှိ ဆိုဖာပေါ်၌ ရွှယ်ယုံနှင့်အတူ ထိုင်နေခဲ့ပြီး စိတ်မတည်မငြိမ်ဖြစ်နေခဲ့သည်။ သူက အတွေးများ နက်နေပြီး ကိုယ့်အခန်းကိုယ်ပင် မပြန်ဖြစ်တော့။
ညသန်းခေါင်အချိန်တွင် ရွှယ်ယုံဘေး၌ အိပ်ပျော်နေရင်းက ရုတ်တရက် တစ်ခုခုကို ခံစားမိသွားသည့်အလား မျက်လုံးများ ပွင့်လာသည်။ နှစ်စက္ကန့်မျှ ရပ်နေပြီးနောက် ယွီနျန် ဖိနပ်ပင် မစီးနိုင်တော့ဘဲ ရှေ့သို့ လျှောက်လာပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်လေရာ အဆုံးတွင် ဟယ်ရှောင်း၏ အိပ်ရာဘေးသို့ ခြေဗလာဖြင့် ရောက်လာသည်။
နှစ်စက္ကန့်အတွင်း စက်များက တတီတီ အော်မြည်လာကြပြီး ဆူညံသံများ ထွက်လာကာ သိပ်မကြာခင် ဆရာဝန်များ အပြေးဝင်လာပြီး အလျင်လိုနေသော အသံများက ခပ်လောလောစကားလုံးများနှင့် ရောနှောနေခဲ့သည်။ ယွီနျန်က နေရာမှာပင် အေးခဲနေပြီး ခြေဖျားမှ စိမ့်တက်လာသော အအေးဓါတ်ကို ခံစားနေရကာ သွေးများပင် ခဲလာသလို ဖြစ်လာချိန် နှလုံးသားက အခုန်မြန်လာပြီး နားစည်ထက် တဝီဝီ မြည်လာခဲ့သည်။
သူက ရွှယ်ယုံ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိပြီး အချိန်များကို အဆုံးအစမရှိ ဆွဲဆန့်ချင်နေမိသည်။
အချိန်အကြာကြီး ဖြစ်သွားခဲ့ပြီဟု ခံစားရပြီးနောက် မော်နီတာထက်မှ နှလုံးခုန်နှုန်မှာ တပြေးတည်း ဖြစ်လာသည်။ ဒေါက်တာများက အားထုတ်နေမှုများကို ရပ်လိုက်ကြပြီး ကိရိယာများကို ပြန်ဖြုတ်လိုက်ကြသည့်အခိုက် အခန်းထဲမှ အသံများနှင့် လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားသလို ဖြစ်သွားသည်။
အသက်ရှုလမ်းကြောင်းကို ကျောက်တုံးအကြီးကြီးတစ်ခုက ခိုင်မြဲစွာ ပိတ်ဆို့နေသည့်အလား အသက်ရှုရခက်လာပြီး နှလုံးခုန်လိုက်တိုင်း နာကျင်လာရသလို ဖြစ်လာသည်။ ယွီနျန်က မသိစိတ်အရ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ဘေးတွင်ချထားသော လက်များမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်လာခဲ့သည်။
ရွှယ်ယုံက လက်မြှောက်ကာ သူ့ကို ရင်ခွင်ထဲသို့ တိတ်တဆိတ် လှမ်းဆွဲလိုက်သည်။ သိပ်မကြာခင် ပူနွေးသော မျက်
ရည်စများက ရွှယ်ယုံ၏ အင်္ကျီကို စိုရွှဲလာစေခဲ့ပြီး မီးတောင်ချော်ရည်များက ပုခုံးပေါ်မှ အရည်ပြားကို လောင်ကျွမ်းစေသည့်အလား ဖြစ်လာစေခဲ့လေသည်။