အပိုင်း ၁၇၇
Viewers 18k

Chapter 177

စိတ်လိုလက်ရထောက်ခံမယ်...



ယွီနျန်မှာ အွန်လိုင်းပေါ်မှ ဆွေးနွေးမှုများကို သတိမပြုမိပါပေ။ သူက ယွီရှို့နျင်း လုပ်ထားသည့် စာရင်းကို အိတ်ထဲသို့ နေရာပြန်ချ၍ တံခါးနှင့် ပြတင်းပေါက်များ ပိတ်ကာ မီးပြန်မှိတ်လိုက်ပြီး အဆုံးတွင် အိမ်တံခါးဝကိုပါ သော့ခတ်လိုက်သည်။ သူက ထိုသတင်းကို ကြား၍ သတင်းထောက်များ ရောက်မလာခင်မှာပင် စီနျင်းအိမ်တော်မှ ထွက်လာခဲ့သည်။


ယွီနျန်က ကားထဲတွင် ထိုင်နေရင်း ကျန်းဟုန်ယင်း၏ နံပါတ်ကို ဖုန်းခေါ်လိုက်သည်။ 


တစ်ခဏအကြာ တစ်ဖက်မှ ကျန်းဟုန်ယင်း၏ အသံ ထွက်ပေါ်လာသည်။ 


"နျန်နျန်လား... ကောင်းတာလေး ထပ်တွေ့လာပြန်ပြီလား"


ယွီနျန်က မျက်လုံးလေးများ ကွေးတက်လာသည်အထိ ပြုံးပြလိုက်သည်။ 


"ဘာကောင်းတာမှ မတွေ့ပါဘူး ပရော်ဖက်ဆာ... ကျွန်တော် ဆရာ့ကို လာတွေ့လို့ရမလား" 


“အရေးကြီးကိစ္စ ဖြစ်နေလို့လား" 


ကျန်းဟုန်ယင်းက အလျင်အမြန် မေးလိုက်သည်။


 "ညနေပိုင်း တွေ့ကြရအောင်... ငါမြေပဲကြော်တွေ ကြော်ထားတယ်... မင်း မြည်းဖို့ အခွင့်ကောင်း ရပြီပဲ"


*******


“မင်းက ပစ္စည်းတွေကို လွှဲပြောင်းချင်နေတာလား... အသုံးအဖြုန်း ကြီးလိုက်တဲ့ကောင်... အဟွတ်..."


သီးသန့်စားသောက်ဆိုင်လေး၏ သီးသန့်ခန်းထဲတွင် ကျန်းဟုန်ယင်း၏ အသံမှာ အလွန် အံ့အားသင့်မှုကြောင့် မထိန်းနိုင်ဘဲ အသံကျယ်မိသွားသည်။ ပြောရင်းဖြင့် မြေပဲဆံ နင်သွားပြီး မျက်နှာများ နီရဲလာသည်ထိ ထပ်ကာထပ်ကာ ချောင်းဆိုးသွားလေတော့သည်။ 


ယွီနျန်က ရေနွေးတစ်ခွက် မြန်မြန် ကမ်းပေးလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ဆရာ... အလောတကြီး မလုပ်နဲ့လေ... ကျွန်တော် ရှင်းပြတာကို ဆုံးအောင် နားမထောင်ဘဲနဲ့"


ရေတစ်ခွက် သောက်ပြီးနောက် ကျန်းဟုန်ယင်းက မူလတည်ငြိမ်မှုများ ပြန်ရလာသည်။ သူက ယွီနျန်ကို ကြည့်ကာ လက်ယမ်းပြလိုက်ရင်း ပြောလိုက်သည်။ 


"ကောင်းပြီ... ကောင်းပြီ... မင်းပြောမဲ့စကားကို ငါ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးမယ်... အခု ဘယ်ရောက်နေပြီလဲ... မင်းက ယဥ်ကျေးမှုအမွေအနှစ်ပစ္စည်း သုံးဆယ့်တစ်ခုထဲက ဆယ့်ခြောက်ခုကို လွှဲပြောင်းဖို့ အတွေးရှိနေတယ်... ပြီးတော့ရော"


ယွီနျန်က ကျန်းဟုန်ယင်း၏ ခွက်ထဲသို့ လက်ဖက်ရည် ပြန်ဖြည့်ပေးလိုက်သည်။ 


"ကျွန်တော့်မှာ အကြံနှစ်ခု ရှိတယ်... ပထမတစ်ခုက ကျွန်တော့် ဘိုးဘိုး စာရင်းထုတ်ထားတဲ့ ပစ္စည်း သုံးဆယ့်တစ်ခုထဲက ဆယ့်ခြောက်ခုကို ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုကို လွှဲပြောင်းပေးမယ်... ဒုတိယတစ်ခုက ကိုယ်ပိုင်ပြတိုက်တစ်ခု ထောင်ဖို့ပါ"


ကျန်းဟုန်ယင်းက ယခုတွင် စိတ်ငြိမ်သွားလေပြီ။ သူက တူများကို ပြန်ကောက်ယူလိုက်ပြီး ၎င်းတို့ကို သုံး၍ မြေပဲဆံတစ်ခုကို ကောက်စားလိုက်သည်။ 


"ဆက်ပြော"


“ကျွန်တော် အရင်ကတည်းက ယဥ်ကျေးမှုအမွေအနှစ် ဆယ့်ခြောက်ခုကို လှူဖို့ အတွေးရှိပြီးသားပါ... ဒီဆယ့်ခြောက်ခုက ကျွန်တော်ကိုယ်တိုင် သေချာရွေးချယ်ထားတာ... သူတို့ရဲ့ တန်ဖိုးနဲ့ အရေးပါမှုက ကြီးမားလွန်းတယ်... ကျွန်တော် ထမ်းနိုင်မဲ့ ဝန်မဟုတ်သေးဘူး... ကျွန်တော် တည်ထောင်မဲ့ ပြတိုက်လည်း မလုပ်နိုင်လောက်ဘူး... ဒါကြောင့် ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုဆီ လွှဲပြောင်းပြီး တိုင်းပြည်နဲ့ နာမည်အောက်မှာ အကာအကွယ်ယူထားနိုင်ဖို့ တွေးမိတာ"


ကျန်းဟုန်ယင်းက တူများကို ပြန်ချကာ သက်ပြင်းချလိုက်သည်။


 "မင်းငါ့ကို ရုတ်တရက်ကြီး ဖုန်းခေါ်လာတော့ အရေးတကြီး ဆွေးနွေးစရာ ရှိမယ်ထင်ထားတာ... ဒါပေမယ့် ဒီကိစ္စ ဖြစ်နေမယ်လို့ ထင်မထားဘူး... မစ္စတာရှို့နျင်းရဲ့ စာရင်းထဲက ပစ္စည်းတစ်ခုချင်းစီ က အရမ်းကို တန်ဖိုး ရှိနေပြီးသားပဲ... ဆယ့်ခြောက်ခုလုံးပေါင်းရင်တော့ မပြောနဲ့တော့...


ပြီးတော့ မင်းတို့ ယွီမိသားစု မျိုးဆက် နှစ်ဆက်က ဒီရတနာသုံးဆယ့်တစ်ခုကို ပြန်ရနိုင်ဖို့အတွက် မတိုင်းတာနိုင်လောက်တဲ့ အားထုတ်ကြိုးပမ်းမှုတွေ စိုက်ထုတ်ခဲ့ရတာ... မင်း လွှဲပြောင်းပေးလိုက်ရင်တော့ သမိုင်းကြောင်းအတွက်ရော တိုင်းပြည်အတွက်ရော ယဥ်ကျေးမှုအတွက်ကော ကိစ္စကောင်းတစ်ခု ဖြစ်လာမှာပဲ... ငါက မင်း နောင်တရမှာ စိုးနေတာ"


“ဆရာ... ကျွန်တော် နောင်တမရပါဘူး... ပြီးတော့ ပိုလို့တောင် စိတ်သက်သာရာရသွားသေးတယ်... အဆုံးကျရင် ဒီပစ္စည်း ဆယ့်ခြောက်ခုထဲက အစွန်းလေးတစ်ခုကို မတော်တဆ ပျက်ဆီးစေမိရင်တောင် ကျွန်တော့်အတွက် သံသရာအဆက်ဆက်ထိ ပြစ်မှုတစ်ခု ဖြစ်လာစေလိမ့်မယ်... ဒါကတကယ် စိတ်ခြောက်ခြားစရာပဲ"


ပယင်းရောင် လက်ဖက်ရည်များက စိမ်းပြာရောင်ခွက်လေးအတွင်း ချောချောမွေ့မွေ့ ဝင်ရောက်သွားပြီး "တပ်တပ်" မြည်သံများ ထွက်ပေါ်လာစေသည်။ ယွီနျန်က လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သော်လည်း မသောက်ဖြစ်ခဲ့ပေ။ သူဆက်ပြောလိုက်သည်။ 


“ကျွန်တော် ဘိုးဘိုးနဲ့ ငယ်ကတည်းက အတူရှိခဲ့တော့ အရာအားလုံးကို မျက်မြင်တွေ့ခဲ့ဖူးပြီးပြီ... အနားယူတာကို ဘေးပို့ထားရင်းနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အာရုံစိုက်ထားတာကနေ ကိုယ်တိုင် မြင်ခဲ့ကြားခဲ့ရတယ်... 'ကျန်းရှန်းမှာ အဆက်မပြတ်ရွာတဲ့မိုး' ပန်းချီကို ရောင်းချခဲ့သူက မျိုးရိုးအမည် ဟုန်ဖြစ်ပြီး သူ့ရဲ့ ဘိုးဘေးတွေက ချမ်းသာကြွယ်ဝသူတွေ ဖြစ်ခဲ့တယ်... ဒါပေမယ့် ဒီမျိုးဆက်ရောက်တော့ ငွေရေးကြေးရေးက ကျပ်တည်းလာတယ်... မစ္စတာဟုန်က ဒီပန်းချီကားကို လက်ဆင့်ကမ်းနိုင်ဖို့အတွက်နဲ့ အဝတ်အစားသစ် မဝယ်နိုင်တာ ငါးနှစ်ရှိခဲ့ပြီ...ဒါပေမယ့် မစ္စတာဟုန်ရဲ့ ဇနီးကတော့ သူ့ကို မိုက်မဲတယ်လို့ပဲ တွေးတယ်... သူတို့က ကလေးတွေရဲ့ ကျောင်းလခအတွက် ငွေလိုနေတာကို ဘာလို့ ဒီပန်းချီကားကို ရောင်းပြီး ပိုက်ဆံအချို့ မရှာရတာလဲတဲ့... သူတို့တွေ ရန်ဖြစ်ကြရင်းနဲ့ မစ္စတာဟုန်ရဲ့ ဇနီးကြောင့် ပန်းချီကားမှာ ခြစ်ရာထင်လုနီးပါး ဖြစ်သွားတယ်တဲ့... ဒါပြီးတော့ မစ္စတာဟုန်က ပန်းချီကားကို ရောင်းလိုက်တယ်... အကြောင်းကတော့ သူထပ်ပြီး ထိန်းသိမ်းနိုင်တော့မှာ မဟုတ်လို့ပါတဲ့"


“ရှုခင်းပုံ ငါးမြီးပန်းအိုးကို အမျိုးသမီးကြီးတစ်ယောက်က ပလပ်စတစ်ပန်းတွေ ထိုးဖို့ သုံးပြီး တောင်ပေါ်က ဘုရားကျောင်းတစ်ခုရဲ့ ရွှံ့စေး ဘုရားရုပ်တုရုပ်တုရှေ့မှာ ထားခဲ့တယ်... နောက်ပိုင်းကျတော့ နိုင်ငံခြားသားတစ်ယောက်က ရွာကို ဓါတ်ပုံလာရိုက်ရာကနေ ဒီပုံကို အမှတ်မထင် ရိုက်ကူးမိသွားတယ်... အလှည့်အပြောင်းအချို့ ပြီးသွားတော့ ငါးမြီးပန်းအိုးကို ဓါတ်ပုံကနေတဆင့် နိုင်ငံခြားသားစုဆောင်းသူတစ်ယောက်ကနေ မှတ်မိသွားတယ်လေ... နောက်ဆုံးကျ နိုင်ငံခြားက လေလံပွဲတစ်ခုမှာ ဒီအိုး ပေါ်လာပါရော"


“ကော်ရှု ဝါးစာလိပ်ကို ဟွေ့မြို့ရဲ့ စွန်းမိသားစုက ပိုင်ဆိုင်ခဲ့တာ... ပြီးတော့ ရှိတဲ့ အသုံးမကျတဲ့ သားစဥ်မြေးဆက်တစ်ယောက်ဆီကနေ အခိုးခံလိုက်ရတယ်... အဲ့ဒီလူက လောင်းကစားစွဲပြီး အကြွေးတွေ တင်နေတာ... သူရဲ့ ခိုးမှုကို ဖုံးကွယ်ဖို့အတွက် မိသားစု စာကြည့်တိုက်ကို မီးရှို့ပြီး ဝါးစာလိပ်ကို ခိုးထုတ်လာတယ်လေ... ပြီးတော့ နိုင်ငံခြားသား ရှေးဟောင်းပစ္စည်းရောင်းသူ တစ်ယောက်ကို စျေးချိုချိုနဲ့ ရောင်းလိုက်တာ" 


ထိုဇာတ်လမ်းများကို နားထောင်နေရင်းဖြင့် ကျန်းဟုန်ယင်း သက်ပြင်းချမိသည်။ 


"တကယ်ပဲ... ဒီယဥ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေသာ စကားပြောနိုင်ကြရင် သူတို့ရဲ့ ဇာတ်ကြောင်းတွေကို နေ့ညပေါင်းများစွာ ပြောပြနိုင်လောက်တယ်... ဒီလက်မှုပစ္စည်းတွေကို တာရှည်ခံအောင် ထိန်းသိမ်းတဲ့ကိစ္စအပေါ် သေသေချာချာ တွေးတောဆင်ခြင်ပေးတာကမှ မှန်ကန်တဲ့ နည်းလမ်းပဲ"


ယွီနျန်က လက်ဖက်ရည်ခွက်ကို မကာ လက်ဖက်ရည်ကြည်တစ်ခွက်ကို တစ်ငုံသောက်လိုက်ပြီး ဘေးတိုက်မျက်နှာလေးက နူးညံ့သော ငွေ့ရည်များအတွင်း ပိုမိုချောမောလာသည်။ လည်ချောင်း ရှင်း၍ သူဆက်ပြောလာသည်။ 


“ဟုတ်တယ်.... ကျွန်းနိုင်ငံတစ်ခုရဲ့ ကိုယ်ပိုင်ပြတိုက်တစ်ခုမှာ ချိတ်ဆွဲပြသခဲ့တဲ့ 'နွေဦးမှာယစ်မူးနေတဲ့မြင်းကဦးတည်ရာမဲ့လျှောက်သွားနေတယ်' ပန်းချီကားလည်း ရှိသေးတယ်... ဒါပေမယ့် ကိုယ်ပိုင်ပြတိုက်က စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ပိတ်သိမ်းရဖို့ ဖြစ်လာပြီး အားလုံးသော စုဆောင်းမှုတွေက လေလံစျေးကွက်မှာ စီးဆင်းလာခဲ့တယ်လေ... ကျွန်တော့်မမကသာ ပန်းချီကားဝယ်ဖို့ နောက်ဆုံးမိနစ်မှာ ပိုက်ဆံထုတ်မချေးခဲ့ရင် အနောက်နိုင်ငံက လူချမ်းသာမိသားစုတစ်စုရဲ့ လက်ထဲကို ရောက်သွားနိုင်လောက်တယ်" 


ကျန်းဟုန်ယင်း၏ အမူအယာများက ပို၍ တလေးတနက် ဖြစ်လာသည်။ "မင်းက ဒီအကြောင်းကို ပြောလာပြီဆိုမှတော့ နျန်နျန် မင်းကိုယ်ပိုင်ပြတိုက်ထောင်ဖို့ စဥ်းစားထားတယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေရော စဥ်းစားကြည့်ပြီးပြီလား”


“စဥ်းစားပြီးပါပြီ" ယွီနျန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ကျွန်တော်က အခုမှ နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်... ငယ်သေးတဲ့အရွယ်ပဲ... ဘဝကတိုတယ်ဆိုရင်တောင် ကျွန်တော့်ရှေ့ဆက်လျှောက်ရဖို့ ဆယ်စုနှစ်တွေ အများကြီး ကျန်နေသေးတယ်... ပြတိုက်ကို လမ်းကြောင်းမှန်ရောက်လာအောက် တဖြည်းဖြည်း တည့်မတ်ပေးဖို့ လုံလောက်တဲ့ အချိန်ရှိတယ်... ကျွန်တော့်မှာ ငွေတွေအများကြီး ရှိတာမို့ အစပိုင်းမှာ ပြတိုက်က ကောင်းကောင်း မလုပ်နိုင်ခဲ့ရင်တောင် အဆင်ပြေနေသေးတယ်... ပြတိုက်ရဲ့ ကုန်ကျငွေတွေကို ဖြည့်ပေးနိုင်တယ်... ကျွန်တော် စိုးရိမ်နေတဲ့ တစ်ခုတည်းသော အရာက အချိန်ပဲ" 


ကျန်းဟုန်ယင်း မျက်ခုံးကျံ့လိုက်သည်။

 "မင်းပြောတဲ့အချိန်က ဘာကိုဆိုလိုတာလဲ"


“ဆရာ... သမိုင်းကို လေ့လာနေတဲ့ လူတစ်ယောက်အနေနဲ့ ဆရာ ကျွန်တော့်ခံစားချက်တွေကို နားလည်မှာပါ" ယွီနျန်က စကားလုံးများကို သေသေချာချာ ရွေးချယ်နေသည်။


 "ကျွန်တော်က နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာတောင် ချစ်ရတဲ့လူသုံးယောက်နဲ့ ခွဲခွာရတာကို ကြုံတွေ့ခဲ့ရပြီးပြီ... ကျွန်တော် သေခြင်းတရားကို မကြောက်ပေမယ့် လူတစ်ယောက်ရဲ့ ဘဝဆိုတာ ဒီလက်မှုပစ္စည်းတွေနဲ့ ယှဥ်ရင် နှစ်ထောင်ပေါင်းများစွာရဲ့ လျှပ်တပြက် အချိန်လေးပါလားလို့ နားလည်မိလိုက်တယ်... ကျွန်တော် ဘယ်လောက်အထိ အသက်ရှင်နိုင်မလဲ ဘယ်လိုမတော်တဆမှုတွေနဲ့ ကြုံရမလဲဆိုတာ ကျွန်တော် မသိဘူး... ဒါကြောင့် ကျွန်တော် စိတ်ပူရတဲ့ တစ်ခုတည်းသောအရာက ကျွန်တော် ကမ္ဘာပေါ်က ထွက်သွားတဲ့အခါ ဒီကိုယ်ပိုင်ပြတိုက်နဲ့ ပစ္စည်းတွေ ဘာဖြစ်သွားမလဲ ဆိုတာပဲ”


ယွီနျန် ဆက်ပြောလိုက်သည်။ "အခြားတစ်ဖက်မှာ ကြေးနီသတ္တုစပ်အိုးတွေအကြောင်း တွေးကြည့်လိုက်ရင် စစ်ပွဲတွေ ဖြစ်လာတာနဲ့ သူတို့တွေလည်း ထိန်းသိမ်းရခက်လာတော့တာပဲ... ကြေးနီသတ္တုစပ်အိုးတောင် အခက်အခဲတွေ များနေရင် ကျိုးပဲ့လွယ်တဲ့ လက်ရေးစာမူတွေ ပန်းချီကားတွေဆို ဘယ်လိုလုပ်ကြမလဲ"


ကျန်းဟုန်ယင်းက "တပ်" ဟူသော အသံဖွဖွဖြင့် လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်ရင်း ပြောလိုက်သည်။


 "ရေရှည်ကို တွေးထားတာက ဥာဏ်ပညာရှိတာပဲ ဆိုပေမယ့် ယွီနျန်... သမိုင်းကျောင်းသားတစ်ယောက်အနေနဲ့ ကံကြမ္မာကို ကာကွယ်နေရင်း ကိုယ်လုပ်နိုင်သမျှ လုပ်တာက ကုသိုလ်တစ်ပါးပဲ ဆိုတာကို မင်းသိမှာပါ... နှစ်တစ်ထောင်အတွင်း ကမ္ဘာကြီးက ပျက်ဆီးသွားနိုင်တယ်...


မင်းရဲ့ ပြတိုက်ကတော့ ပြောမနေနဲ့တော့... မင်းက အကောင်းဆုံး ကြိုးစားဖို့ မင်းလုပ်နိုင်သမျှ ပြီးမြောက်အောင် လုပ်ဖို့ပဲ လိုတာပါ... ပြီးရင် ကျန်တာကို နောက်မျိုးဆက်ဆီ ချန်ထားလိုက်တော့လေ... ဘာလို့ ဒီလောက်ထိ စိုးရိမ်နေရတာလဲ"


ယွီနျန်က ကျန်းဟုန်ယင်း၏ ရုတ်တရက် သဘောပေါက်မှုကို အာရုံခံမိသဖြင့် ပြုံးလိုက်သည်။ 


"ကောင်းပါပြီ... ဆရာပြောတာ အကုန်မှန်ပါတယ်"


ကျန်းဟုန်ယင်းက ယွီနျန်အား အသေအချာ လေ့လာပြီးနောက် ဂရုတစိုက် စူးစမ်းလိုက်သည်။ 


"ရိုးရိုးသားသား ပြောရရင် ပြတိုက်ထောင်ဖို့အကြံက ဘယ်က ရလာတာလဲ... ဒါက မင်း အလွယ်တကူ ပြီးမြောက်နိုင်မဲ့ အရာမျိုး မဟုတ်ဘူးနော်"


ယွီနျန် ပြန်ဖြေလိုက်သည်။


 "ဒီအကြံက တကယ်တော့ ကျွန်တော့် ဘိုးဘိုး စိတ်ထဲမှာ အရင်ကတည်းက ရှိခဲ့တာပါ... ဒါပေမယ့် အခြေအနေတွေက မျက်နှာသာမပေးခဲ့တော့ သူ့ကို သေသေချာချာ သဘောမပေါက်စေခဲ့ဘူး... ကျွန်တော် ငယ်ငယ်တုန်းက ဘိုးဘိုးနောက်ကို လိုက်ပြီး ကျွန်တော်တို့အိမ်ထဲက ရှေးဟောင်းစာအုပ်တွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ယဥ်ကျေးမှုအမွေအနှစ်တွေကို ရေတွက်ခဲ့ရတယ်... ကျွန်တော်တို့ ယွီမိသားစု မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ဒီရတနာတွေက များပြားရုံတင်မကဘူး အမျိုးမျိုး ကွဲပြားခြားနားနေသေးတယ်... ဒါပေမယ့် မူလအခြေအနေတိုင်း ထိန်းသိမ်းဖို့အတွက် သူတို့အများစုကို မီးခံသေတ္တာတွေထဲ ထည့်ပြီး သိမ်းထားလို့ လူထုအမြင်ကနေ ဖုံးကွယ်ထားခဲ့ရတယ်"


ကျန်းဟုန်ယင်းမှာ ချင်းရှန်းယွီမိသားစုက ကျယ်ပြန့်ပြီး ဂုဏ်သတင်းကြီးသော သမိုင်းကြောင်းရှိနေပြီး နှစ်ပေါင်းများစွာတိုင် ပညာသင်သားများ၊ သစ္စာရှိအမှုထမ်းများ၊ ပြီးမြောက်အောင်မြင်သော ပညာတတ်များနှင့် စစ်တပ်အရာရှိများပင် မွေးထုတ်ပေးခဲ့ကြောင်း သိနေခဲ့သည်။ သူက ထောက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"အဟုတ်ပါပဲ... မင်းမိသားစုက ဒီလိုမျိုး အမွေအနှစ်တွေ အများကြီး ရှိနေတာပဲ... မဟုတ်ရင် ငါယုံရခက်ခက် ဖြစ်နေမှာ"


ယွီနျန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်... ကျွန်တော်က ကလေးတစ်ယောက်အဖြစ်နဲ့တောင် အံ့အားသင့်ခဲ့ရတာပါပဲ... ငါတို့မိသားစုက ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဘယ်လိုများ ပိုင်ဆိုင်ခဲ့ပါလိမ့်လို့ တွေးမိသေးတယ်... ကျွန်တော့်ဘိုးဘိုးက ကျွန်တော့်ကို စနောက်ခဲ့ဖူးတယ်... ကျွန်တော့်ရဲ့ တုံ့ပြန်မှုက လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော့်မေမေ လုပ်ခဲ့တဲ့ ပုံစံနဲ့ တစ်ထပ်တည်းပဲတဲ့"


ကျန်းဟုန်ယင်း ကြော်ထားသည့် မြေပဲဆံကြော်များကို စားပြီးနောက် ယွီနျန်က အတွေးများကို ပြန်စုစည်းလိုက်ပြီး ဆက်ပြောလာသည်။


 "ကျွန်တော့်ဘိုးဘိုး တစ်ခါပြောဖူးတယ်... အမှန်တကယ် ထူးချွန်ပြောင်မြောက်တဲ့သူဆိုတာ မရေတွက်နိုင်တဲ့ ရတနာတွေကို ပိုင်ဆိုင်ထားရုံတင်မကဘူး ဒီရတနာတွေကို ပိတ်လှောင်နေတဲ့ ထောင့်ပေါင်းစုံကနေ ရှာဖွေပြီး ဖုန်တွေ သဲတွေ ရှင်းလင်းလို့ သူတို့မှာ သင့်တော်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ကို အသေအချာ အာမခံပေးနိူင်တဲ့ အရည်အချင်း ရှိရမယ်တဲ့... ပြီးရင် ကမ္ဘာကြီးကို သူတို့ရဲ့ သမိုင်းကြောင်းဆိုင်ရာ၊ ယဥ်ကျေးမှုနဲ့ အနုပညာပိုင်းဆိုင်ရာ တန်ဖိုးတွေကို ပြသပေးဖို့ စွမ်းဆောင်ရည်ရှိရဦးမယ်...


ကျွန်တော်ကိုယ်တိုင် သမိုင်းကို လေ့လာနေရင်းနဲ့ ဒီလက်မှုပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေဟာ ကျွန်တော်တို့ရဲ့ သမိုင်းကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ မရှိမဖြစ်ပါလား ဆိုတာကို နားလည်သွားခဲ့ရတယ်... 'ကော်ရှု' ဝါးစာလိပ်လို ချန်ဖန့်ဇွင်းလို ဒါမှမဟုတ် ကြေးနီသတ္တုစပ်အိုးလိုမျိုးပေါ့... ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေက သိပ်မရှင်းလင်းတဲ့ သမိုင်းတစ်ပိုင်းတစ်စကို ဖော်ပြနိုင်ပြီးတော့ သူတို့က ယဥ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းကြီးရဲ့ ပဟေဠိကြီးကို တစ်ပိုင်းတစ်နေရာက ပြီးပြည့်စုံအောင် ဖြေရှင်းပေးနိုင်မယ်ဆိုရင် ဒါတွေကို ဖုံးကွယ်ထားဖို့ ခက်ခဲသွားပြီလေ”


သူက ကြည်လင်အေးချမ်းသော အမူအယာ ယုံကြည်မှုရှိသော လေသံတို့ဖြင့် ထပ်ပေါင်းပြောလိုက်သည်။


 "ဒါကြောင့် ကျွန်တော့်ရဲ့ ပထမဆုံး ရည်ရွယ်ချက်က ပြတိုက်တစ်ခု တည်ထောင်ဖို့ပါ" သူက အသံမြှင့်လိုက်ပြီးနောက် ယုံကြည်ချက်များ တောက်လောင်လာလေသည်။


 "ပြီးတော့ ကျွန်တော်တို့ ချင်းရှန်းယွီမိသားစုရဲ့ ရာစုနှစ်ချီ စုဆောင်းမှုနဲ့ဆို ကျွန်တော့်မှာ လုပ်နိုင်စွမ်း ရှိနေပြီးသားပဲလေ... ဒါဆိုရင် ဘာလို့ လုပ်မကြည့်ရမှာလဲ"


ကျန်းဟုန်ယင်းက ဟက်ဟက်ပက်ပက် ရယ်မောလေတော့သည်။ 


"ပြောသွားတာ ကောင်းတယ်... မင်းမှာ စိတ်ဆန္ဒနဲ့ လုပ်ရည်ကိုင်ရည် ရှိနေရင် ဘာလို့ မလုပ်ကြည့်ရမှာလဲ... နျန်နျန် နိုင်ငံ့ရတနာ ဆယ့်ခြောက်ခုကို ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုဆီ လွှဲပြောင်းတာပဲ ဖြစ်ဖြစ် မင်းအကြာကြီး မက်ခဲ့ရတဲ့ အိမ်မက်ကို ပြည့်ဝဖို့ ကိုယ်ပိုင်ပြတိုက်ထောင်တာပဲဖြစ်ဖြစ်... ဆရာ မင်းကို စိတ်လိုလက်ရ ထောက်ခံပေးမယ်"