အပိုင်း ၁၇၆
Viewers 18k

Chapter 176

စာရင်းသွင်း




အိမ်ပြန်ရောက်သည်နှင့် မုန့်ယွမ်က အလောတကြီး ဖုန်းခေါ်လာခဲ့သည်။ 


"နျန်နျန်... မင်းကားပါကင်မှာ လမ်းပိတ်ခံလိုက်ရတယ်ဆို"


ယွီနျန် ပြန်ဖြေလိုက်သည်။


 "အဲ့ဒီသတင်းထောက်က ကားပါကင်မှာ စောင့်နေတာ ကြာပြီ ဖြစ်မယ်... အချိန်ကိုက်ဖြစ်လွန်းနေတယ်... အဲ့ဒီအချိန်တုန်းက ကျွန်တော့်အနားမှာ လူတွေ အများကြီး မရှိဘူး... ကံကောင်းလို့ ရွှယ်ယုံ ကျွန်တော့်ကို လာကြိုလို့ပေါ့"


ထိုစကားကို ကြားသောအခါ မုန့်ယွမ် ရယ်မောလာခဲ့သည်။


 "ဟားဟားဟား... အခု အဲ့ဒီသတင်းထောက်ကတော့ နောင်တရနေလောက်ပြီ... သူက တကယ်တော့ သေနတ်ပြောင်းဝရှေ့ ဝင်ပြေးမိသွားတာပဲကွ... မဟုတ်သေးဘူး... ပိုတောင်ဆိုးသေး... အမြှောက်ရှေ့တည့်တည့် ပြေးဝင်မိတာပဲ"


ယွီနျန်က နှုတ်ခမ်းလေးများကို တွန့်ကွေးကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။


 "အစ်ကိုမုန့်... အယ်လ်ဘမ်ဒီဇိုင်းက အခြေအနေ ဘယ်လိုလဲ"


“လုပ်ဆောင်နေဆဲပဲ... ကာဗာရဲ့ ဗားရှင်းအချို့ ပြီးသွားပြီဆိုတော့ မင်း လာကြည့်လိုက်လေ.. ကုမ္ပဏီက ဝင်နှောက်ယှက်မှာ မဟုတ်ဘူး... မင်းကြိုက်တဲ့စတိုင်ကို ရွေးလို့ရတယ်" 


မုန့်ယွမ် ကောင်းကောင်းသိနေသည်။


 "နောက်ပိုင်းပြင်ဆင်မှုတွေ လိုအပ်နေတဲ့ မာစတာတိတ်ခွေကို မနေကပဲ ပြည်ပကို ပို့လိုက်တယ်... 'ကျော့ရှင်းသော' ကို လုပ်ခဲ့တဲ့ တစ်ခုပဲ... သူတို့မှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိနေတယ်... အသံအခြေအနေနဲ့ တေးသံသွင်း အရည်အသွေးကတော့ သတိပြုမိလောက်ဖွယ်ရာပဲ... မာစတာတိပ်ခွေ ပြန်ရောက်လာရတာနဲ့ တံဆိပ်ရိုက်တာတွေ လုပ်ပြီးရင် မြန်မြန်ဆန်ဆန်ပဲ တရားဝင် ထုတ်လွှင့်လို့ရပြီ"


အတိအကျပင် မုန့်ယွမ် ကြိုတင်မှန်းဆထားသည်။ 


"အယ်လ်ဘမ် ထွက်လာရင် မင်းအကြောင်းကို တစ်ချိန်လုံး မကောင်းပြောနေတဲ့ သူတွေတော့ ထိတ်လန့်ကုန်ကြတော့မှာပဲ"


ယွီနျန် ရယ်မောလိုက်သည်။ "ဒါဆိုရင် ကျွန်တော် အစ်ကိုမုန့်ရဲ့ စကားကောင်းလေးတွေကို သိမ်းထားလိုက်ပါ့မယ်"


မုန့်ယွမ်က နှာသံဖြင့် ထောက်ခံစကားပြောလိုက်ပြီးနောက် အမှတ်ရသွားသည်။ 


"မင်း လွန်ခဲ့တဲ့ နှစ်ရက်တုန်းက မနက်ဖြန်ကျရင် ချင်းရှီလမ်းက စီနျင်းအိမ်တော်ကို သွားလည်မယ်လို့ ပြောခဲ့တယ်မလား"


"ဟုတ်... တစ်ခုခု သွားယူစရာရှိလို့"


မုန့်ယွမ်က ယွီနျန်၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် အလွန်အကျွံ ဝင်စွက်ဖက်တတ်သူ မဟုတ်သဖြင့် သတိပေးရုံသာ ပေးလိုက်သည်။ 


"နည်းနည်းတော့ ကြာသွားပြီ... ဒါပေမယ့် အဲ့ဒီပါပါရာဇီတွေရဲ့ စိတ်ရှည်သည်းခံမှုကို လျှော့မတွက်နဲ့နော်... အဲ့ဒီနေရာမှာ စောင့်နေမဲ့ သတင်းထောက် နှစ်ယောက်သုံးယောက်လောက် ရှိနေနိုင်တုန်းပဲ... သတိထားနေနော်"


“ဟုတ်ကဲ့" ယွီနျန်က ပြုံး၍ ပြန်ဖြေလိုက်သည်။ 


"စိတ်မပူပါနဲ့... သူတို့ ကျွန်တော့်နောက် နောက်ယောင်ခံလိုက်မလာအောင် ကျွန်တော် သေချာဂရုထားလိုက်ပါ့မယ်"


ထိုစကားကို ကြားသော မုန့်ယွမ် ပို၍ စိတ်ပူပင်လာလေသည်။ 


"ဟေး... လူလိမ်လေး... မင်းအသံက တစ်ခုခုကို ကြံစည်နေသလိုပဲနော်" ယွီနျန်၏ ပြန်ဖြေသံကို မစောင့်ဘဲနှင့် မုန့်ယွမ် ဆက်ပြောလိုက်သည်။ 


"မဟုတ်သေးပါဘူး... မင်းက သေချာတွေးတောတဲ့သူပဲ... စဥ်းစားကြည့်လိုက်တော့ ငါဝင်မစွက်ဖက်တော့ဘူး... ကိုယ့်စိတ်တိုင်းကျသာလုပ်" 


"ကျေးဇူးပါ အစ်ကိုမုန်"


“ငါ့ကို ဒီလောက်ထိ ကျေးဇူးမတင်ပါနဲ့" 


မုန့်ယွမ် နှစ်စက္ကန့်မျှ တုံ့ဆိုင်းသွားသည်။


 "ပြောကာမှပဲ ငါဒီတလော နည်းနည်း စိတ်ပူပန်နေရတာ... ဒါမတိုင်ခင်က မင်းကို ဆွဲချချင်နေကြတဲ့သူတွေက အပူလှိုင်းတွေ ဖန်တီးဖို့ ထောင့်တစ်ခုကနေပဲ ပစ်မှတ်ထားခဲ့ကြတာ... မင်းအဖေက သင်္ဘောဘုရင်ကြီး ဟယ်ရှောင်း ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး အတည်ပြုလိုက်ရော အဲ့ဒီအပုပ်ချနေတဲ့သူတွေက ငြိမ်ကျသွားပြီး ထပ်မလှုပ်ရဲကြတော့ဘူး... ဒါပေမယ့် ငါအမြဲတမ်း ခံစားနေရတာကလေ... အများကြီး လာဖို့ ရှိသေးတယ် ထင်တာပဲကွ"


ယွီနျန်က တည်ငြိမ်သော စိတ်အခြေအနေဖြင့်ပင် မုန့်ယွမ်အား စိတ်အေးသွားစေရန် နှစ်သိမ့်ပေးလိုက်သည်။ "အစ်ကိုမုန့်... အခု အစ်ကိုမုန့် ပူပန်နေတာတွေက ဘာရလဒ်မှ ရှိမှာမဟုတ်ဘူး... အချိန်ကျရလာရင် တံတားကို ဖြတ်ကူးကြတာပေါ့... ပြဿနာအကြီးကြီး ဖြစ်လာမှာ မဟုတ်ပါဘူး"


နောက်တစ်နေ့တွင် တစ်ညလုံး မိုးရွာခဲ့ပြီး မနက်ထိတိုင် ဆက်တိုက်ရွာနေခဲ့သည်။ ချင်းရှီလမ်းမ၏ ကျောက်ခင်းလမ်းကြောင်းက မချောမွေ့သဖြင့် ချိုင့်ရာလေးများတွင် ရေများ စုနေခဲ့သည်။ ဖြတ်သွားသောကားများက မရေတွက်နိုင်သော ရေစက်များကို ဖြိုခွင်းသွားစေခဲ့လေသည်။ 


ကားက စီနျင်းအိမ်တော်ရှေ့တွင် ရပ်တန့်သွားသည်။ ယွီနျန်က ကားပြတင်းကိုဖြတ်၍ မိုးရေများကြားမှ အဆောက်အအုံကြီးကို ကြည့်ကာ အတွေးနစ်နေခဲ့သည်။ ရွှယ်ယုံက အရင်ဆုံး ကားထဲမှ ထွက်လာခဲ့ပြီး ယွီနျန်အတွက် ကားတံခါး ဖွင့်ပေး၍ သူတို့နှစ်ယောက်လုံး ထွက်လာစေခဲ့ပြီး ကိုင်ထားသော အနက်ရောင်ထီးကို သဘာဝကျကျ ရွှေ့ကာ ယွီနျန်အား မိုးရေများထံမှ ကာကွယ်ပေးလိုက်သည်။


သော့ထုတ်၍ ခြံတံခါးကို ဖွင့်လိုက်သောအခါ အထဲမှ အချိန်ဟောင်းလေးများကို နှောက်ယှက်မိသည့်အလား ချပ်ကနဲ ပွင့်သွားလေသည်။ လမ်းကြောင်းလေးကို လျှောက်လာသောအခါ ယွီနျန်က ခြံဝင်း၏ ထောင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ 


"တောင်ဘက်အကျဆုံးနံရံဘေးက အဲ့ဒီနေရာလေးက ကျွန်တော့်ဘွားဘွား စိုက်ထားတဲ့ ပြင်သစ်နှင်းဆီတွေနဲ့ ခြံစည်းရိုးပင်တန်းလေး လုပ်ထားတာလေ... သူတို့က ပွင့်လာရင် အရမ်းလှတာ... အောက်ဘက်မှာ ကျွန်တော့်မေမေ သဘောအကျဆုံး ပျိုနီပန်းခြုံလေး ရှိတယ်... ဒီဘက်မှာ ကြာပန်းလေးတွေ ငါးလေးတွေ ရှိတဲ့ ရေကန်ငယ်လေး ရှိသေးတယ်... ကျွန်တော်တို့ ယီမိန်ပွဲကြည့်စင်ကို အတူသွားခဲ့ကြတဲ့အချိန်ကို မှတ်မိသေးလား... ကျွန်တော့်ဘိုးဘိုးက ဒီနေရာရဲ့ ဇီးပန်းပွင့်တွေက တောင်တန်းတွေပေါ်က နှစ်ရှည်ဇီးပင်အိုကြီးတွေနဲ့ မယှဥ်နိုင်ဘူးလို့ ပြောခဲ့တယ်”


ယွီနျန်က ဤနေရာတွင် ငယ်စဥ်ကတည်းက နေထိုင်ခဲ့သူ ဖြစ်၍ ပန်းပင်တိုင်း သစ်ပင်တိုင်း၌ မှတ်ဥာဏ်များ သယ်ဆောင်ထားခဲ့သည်။ သူက ပြောနေရင်းဖြင့် ရွှယ်ယုံအား အိမ်ထဲသို့ ခေါ်ပေးသွားခဲ့သည်။ 


“ကျွန်တော် ပြန်မလာတာ အတော်ကြာပြီ... ဒါပေမယ့် ဦးလေးကျန်းနဲ့ ဒေါ်လေးထောင်တို့က ညဆိုရင် ဒီနေရာကို ကြည့်ပေးဖို့နဲ့ ခြံထဲက ပန်းပင်တွေ ထိန်းသိမ်းပေးဖို့ ရောက်လာလိမ့်မယ်... အိမ်ကို သန့်ရှင်းဖို့ ရောပေါ့..."


၎င်းက ယွီနျန် ကြီးပြင်းလာခဲ့သည့် နေရာဖြစ်၍ ရွှယ်ယုံက အတော်လေး စိတ်ဝင်စားနေခဲ့သည်။ 


"နျန်နျန်... မင်းနေ့တိုင်း 'မင်္ဂလာနံနက်ခင်းပါ'လို့ နှုတ်ဆက်တဲ့ ငှက်သိုက်လေးကော ဘယ်နားမှာလဲ"


သူ့ခြေလှမ်းများ ချော်သွားမိသည်။ ရွှယ်ယုံတစ်ယောက် သူငယ်စဥ်က မနက်ခင်းတိုင်း၏ ပထမဆုံး အလုပ်မှာ အသိုက်ထဲမှ ငှက်လေးများအား 'မင်္ဂလာနံနက်ခင်းပါ'ဟု ပြောခြင်း ဖြစ်ကြောင်း အမှတ်ရနေမည်ဟု ထင်မထားခဲ့ပေ။ သူ ရှက်သွေးဖြာသွားပြီး ပြောလိုက်သည်။


 "အဲ့ဒီအပင်လေ" 


လက်ညှိုးထိုးပြလိုက်ပြီးနောက် ယွီနျန်က ရွှယ်ယုံ၏ လက်ကို မြန်မြန်ဆွဲကာ နောက်ထပ်မေးခွန်းများ ဆက်မေးလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အထဲသို့ ဆက်လျှောက်လာခဲ့သည်။ 


သူက ပါဝါခလုတ်ကို နှိပ်လိုက်သောအခါ အလင်းရောင်များက အတွင်းမှ ပရိဘောဂများကို ပြသလာခဲ့သည်။ အိမ်အတွင်းပိုင်းမှ အပြင်အဆင်များမှာ ကျော့ရှင်းလှပသော လက်ရေးစာများ ပန်းချီကားများကြောင့် သိမ်မွေ့ပြီး ရှေးဟောင်းဆန်ကာ အသေးစိတ်ကျကျ နွေးထွေးသော အပူချိန်လေးကို ပုံဖော်ထားသည်။ ယွီနျန်က ရေနွေးအိုးတည်လိုက်ပြီးနောက် လက်ဖက်ရည်ပွဲတစ်ခုနှင့် လက်ဖက်ခြောက်ဘူး တစ်ဝက်ကို ရှာ၍ လက်ဖက်ရည်အိုးတစ်အိုးကို ဂရုတစိုက် နှပ်လိုက်သည်။ 


ယွီနျန်က ရွှယ်ယုံထံသို့ လက်ဖက်ရည်ပူပူတစ်ခွက် ကမ်းပေးလိုက်ပြီး သူ့ကိုယ်ပိုင်ခွက်ကိုလည်း တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်၏ အရသာက အနည်းငယ် ခါးသက်နေသည်။ သူက မျက်တောင်များကို ချလျက် တုံ့ဆိုင်းနေလေသည်။ 


"တကယ်တော့... ကျွန်တော် ဒီနေ့ အိမ်ကို လာဖို့ မဆုံးဖြတ်ခင် အကြာကြီး စိတ်ပြင်ဆင်ခဲ့ရတာ... ဒါတောင် နည်းနည်းလောက်...." 


သူ စကားလုံးတစ်ခု ရှာတွေ့သွားသည်။ 

"သူရဲဘောကြောင်နေသေးတယ်"


ယွီနျန်က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အကြည့်များက တက်လာနေသော ရေနွေးငွေ့များအပေါ် ရောက်ရှိသွားပြီးနောက် ခြောက်ကပ်ကပ် ပြောလိုက်သည်။


 "တကယ်တော့ ကျွန်တော်လည်း သေသေချာချာ မရှင်းပြတတ်ဘူး... ကျွန်တော် ဘာကို ကြောက်နေလဲ ဆိုတာကိုတောင် သေချာမသိဘူး"


ရွှယ်ယုံက ယွီနျန်၏ နားသန်သီးလေးများကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။ 


"အင်း... အားလုံးရှင်းပြစရာ မလိုပါဘူး... မင်းတစ်ခုခု လုပ်ချင်ရင် ကိုယ်အနားမှာ ရှိနေပေးမယ်... ရှင်းရှင်းလေးပဲလေ"


ယွီနျန်က လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်ပြီး မခုခံနိုင်တော့ဘဲ ရွှယ်ယုံ၏ ပေါင်ပေါ် ခေါင်းတင်မိသွားသည်။ သူ့လက်ကို မြှောက်ကာ ရွှယ်ယုံ၏ မျက်ခုံးထောင့်လေးကို ထိလိုက်ပြီးနောက် ပြောလိုက်သည်။


 "ကျွန်တော်အစက အချိန်က အရာအားလုံးကို ကုစားပေးသွားမယ်ပေါ့... ကျွန်တော့်အဘိုးအဘွားတွေ ကွယ်လွန်သွားတဲ့ကိစ္စအပါအဝင်ပေါ့... ဒါပေမယ့် မဟုတ်တဲ့ပုံပဲ... ဒီတစ်ခေါက် ကျွန်တော် ပြန်လာတာတောင် ခင်ဗျားကို အဖော်လိုက်ပေးဖို့ ဆွဲခေါ်မိနေတာ" 


ရွှယ်ယုံက ယွီနျန်၏ ဂနာမငြိမ် ဖြစ်နေသော လက်ကလေးကို ဆုပ်ကိုင်၍ အနမ်းပေးလိုက်ပြီးနောက် သူ့စကားကို စိတ်လိုလက်ရ နားထောင်ပေးနေခဲ့သည်။ 


“ဘိုးဘိုးက အရင်ဆုံး ထွက်သွားရတယ်... နှစ်အနည်းငယ်အတွင်း ဘွားဘွားကပါ ထပ်ဆုံးသွားပြန်ရော... အဲ့ဒီအချိန်တုန်းက ကျွန်တော် တကယ် ရင်ထဲဟာသွားခဲ့ရတာလေ... ကမ္ဘာပေါ်မှာ လူတွေ အများကြီး ရှိနေတာတောင် ဘယ်သူနဲ့မှ နီးကပ်တဲ့ဆက်ဆံရေး မရှိဘူးလို့ ခံစားရတယ်... နောက်ပိုင်းကျတော့ ကိုယ့်ဘာသာ တွေးမိတယ်... ကျွန်တော် မလုပ်ရသေးတဲ့အရာတွေ အများကြီး ကျန်နေသေးပါလား... ပြီးတော့ ဘဝကြီးကလည်း တိုတောင်းလွန်းတယ်... ကျွန်တော် ဦးတည်ရာမရှိ လေလွင့်မနေသင့်ဘူး... မဟုတ်ရင် တစ်ချိန်ကျ ပြန်စဥ်းစားမိတဲ့အခါ နောင်တရနေမိတော့မှာ...


အဲ့ဒီအချိန်တုန်းက ကျွန်တော့်ရဲ့ပုံစံကိုတောင် စက်ဆုပ်နေမိလောက်တယ်... ဒါကြောင့် ကျွန်တော်ကိုယ်တိုင်အတွက် ရည်မှန်းချက်တွေ ချလိုက်တာ"


“ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေ ပြန်ယူလာဖို့လား”


“အင်း... အခက်ခဲဆုံးအချိန်မှာ ဒီရည်မှန်းချက် ရှိနေတာက အနည်းဆုံးတော့ ကျွန်တော့်ကို ဦးတည်ရာတစ်ခု ရှိနေစေသေးတယ်... အဲ့ဒီရည်မှန်းချက်ကပဲ ကျွန်တော့်ကို ကြုံရာကျပန်း အတွေးမျိုးစုံ ခံစားချက်မျိုးစုံကို တွန်းထုတ်နိုင်အောင် ကူညီပေးခဲ့တယ်... နောက်ပိုင်းကျတော့ ရည်မှန်းချက်တစ်ခု ဟုတ်လား မဟုတ်လားဆိုတာက အဓိကအကျတော့ဘူး... ကျွန်တော် ဒီအလုပ်ကို ရင်ထဲကနေ အစစ်အမှန် လုပ်ချင်လာခဲ့တာ”


ယွီနျန် ပြုံးလိုက်သည်။


 "ဆုံးရှုံးသွားရတဲ့ ပစ္စည်းတွေကို ဒီလောက် အချိန်တိုလေးအတွင်း ပြန်ရလာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး... နှစ်နှစ်ဆယ်... နှစ်သုံးဆယ်... ဒါမှမဟုတ် တစ်ဘဝလုံး ကြာသွားနိုင်တယ်လို့တောင် ထင်ထားခဲ့တာ"


ယွီနျန် ဤအကြောင်းများ ပြောပြနေရခြင်းမှာ စိတ်လှုပ်ရှားနေခြင်းကြောင့် သို့မဟုတ် အခြားသော ခံစားချက်များ ခံစားနေရခြင်းကြောင့် ဖြစ်ကြောင်း အာရုံခံမိနေသည့် ရွှယ်ယုံက တိတ်တဆိတ် နားထောင်နေပြီးနောက် မေးလိုက်သည်။ "ပြီးတော့ရော"


အချိန်အကြာကြီး ရပ်သွားပြီးနောက် ယွီနျန် ဆက်ပြောလိုက်သည်။ "ပြီးတော့ ဒီရက်တွေထဲ ဘာဆက်လုပ်ရမလဲ တွေးနေမိတယ်"


စကားဆုံးသောအခါ ယွီနျန် ထရပ်လိုက်ပြီး ရွှယ်ယုံအား ယွီရှို့နျင်း၏ စာကြည့်ခန်းထဲသို့ ခေါ်သွားပေးခဲ့သည်။ နံရံကပ်စင်၏ ပထမဆုံး အံဆွဲထဲမ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည်။ 


“ဒါက ဘိုးဘိုး လုပ်ထားတဲ့ စာရင်းလေ... ဒီထဲမှာ ပစ္စည်းပေါင်း သုံးဆယ့်တစ်မျိုးကို မှတ်တမ်းတင်ထားတယ်"


ထိုစာရင်းကို ကြိုးဖြင့် စည်းထားပြီး စာရွက်သားများက ဝါကျင့်နေလေပြီ။ သန့်ရှင်းသပ်ရပ်နေသော မင်သားများဖြင့် မိုးတိမ်ဖြူသစ်စေးထွင်းပန်းကန်ပြား၊ ကျောက်စိမ်းပြာဇာမဏီငှက် အမွှေးနံ့သာအိုး၊ မြားအထပ်ပုံ ပန်းကန်ပြား အပါအဝင် ပစ္စည်း သုံးဆယ့်တစ်မျိုး၏ နာမည်များကို အစဥ်လိုက် မှတ်တမ်းတင်ထားသည်။ ဤပစ္စည်းများ၏ အခုနှစ်ဆယ်ကျော်တွင် နာမည်ဘေး၌ "ပြန်လည်ရယူပြီး" ဟု ရေးသားထားပြီး "ပြန်လည်ရယူပြီး" စာလုံး၏ ညာဘက်ထောင့်တွင် ရရှိခဲ့သည့် ရက်စွဲကို ရည်ညွှန်းသည့် မှတ်စုတိုလေးလည်း ပါနေသည်။ ထိုစာရင်းအောက်တွင် ယွီရှို့နျင်း၏ လက်ရေးမှတ်စု ရှိပြီး ပြန်လည်ရယူမှု၏ လုပ်ငန်းစဥ်နှင့် အကျိုးကျေးဇူးတို့ အသေးစိတ်ကို မှတ်သားထားသည်။ 


စာရွက်များထဲမှ တစ်ရွက်ကို လှန်လှောကြည့်လိုက်သောအခါ လက်ရေးများက ကျော့ရှင်းပြီး ဂုဏ်သရေကြီးမားသည့် ပုံမှန်လက်ရေးလက်သားများမှ သက်ဝင်လှပပြီး စာလုံးဆက်များ စီးဆင်းနေသည့် လက်ရေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယွီနျန် ရှင်းပြလိုက်သည်။


 "ဒါက ဘိုးဘိုး ဆုံးသွားတော့ ဘွားဘွားက ပစ္စည်းတွေ ပြန်ရပြီးရင် အဝင်မှတ်တမ်းကို ဆက်ရေးတယ်... ဘွားဘွားရဲ့ လက်ရေးက အရမ်းနူးညံ့ပေမယ့် ဘွားဘွားက အတော်လေး ကျွမ်းကျင်တယ်... ဘိုးဘိုးရဲ့ လက်ရေးကို ကောင်းကောင်း တုပနိုင်လို့ တစ်ခါတစ်လေကျရင် ဘိုးဘိုးကိုယ်တိုင်ကတောင် ဘယ်ဟာက သူ့လက်ရေး ဟုတ်မဟုတ် မခွဲခြားနိုင်ဘူးတဲ့"


ရွှယ်ယုံ မှတ်ချက်ပြုလိုက်သည်။


 "မင်းလက်ရေးကလည်း အရမ်းလှတယ်"


ချီးကျူးခံလိုက်ရခြင်းကြောင့် ယွီနျန်၏ အပြုံးလေးများ တောက်ပသွားပြီး မျက်လုံးလေးများကလည်း အလင်းရောင်နှင့်အတူ တလက်လက် ထနေခဲ့သည်။ 


စာအုပ်ကို ဖွင့်ကာ စားပွဲပေါ်တွင် နေရာချထားလိုက်ပြီးနောက် ယွီနျန်က မင်ကို ပြင်ဆင်၍ စုတ်တံ ထုတ်ယူလိုက်ပြီး "ကော်ရှု ဝါးစာလိပ်"၊ "အိပ်မပျော်နိုင်သူ စာလိပ်"နှင့် ချန်ဖန့်ဇွင်းတို့၏ အဝင်ပစ္စည်းနေရာများ၌ "ပြန်လည်ရယူပြီး" ဟူသည့် စကားလုံးများ ရေးလိုက်သည်။ ထို့နောက် စာမျက်နှာ အလွတ်တစ်ခုကို လှန်ကာ အသေးစိတ်အကြောင်းအရာများကို အတိအကျ မှတ်တမ်းတင်သည်။ "မူလက ဟွေ့မြို့တော် စွန်းမိသားစု နေထိုင်ရာ မင်ယွဲ့စံအိမ်တွင် ထိန်းသိမ်းထားရှိသည့် ကော်ရှုဝါးစာလိပ်... နောက်ပိုင်းတွင်..." 


နောက်ဆုံး စကားလုံး “年” (နျန်)၏ စုတ်ချက်ကို အပြီးသတ်ရေးပြီးသွားသောအခါ ယွီနျန်က စုတ်တံကို ပြန်ချထားလိုက်ပြီး စာရွက်ပေါ်တွင် တဖြည်းဖြည်း စိမ့်ဝင်သွားသော လတ်လတ်ဆတ်ဆတ် မင်ရာများကို ကြည့်၍ သက်ပြင်းချလိုက်မိသည်။ 


သူက ရွှယ်ယုံကို ကြည့်လိုက်ပြီး မဟူရာကျောက်အပေါ် ရေဖြတ်တိုက်သွားသည့်အလား အကြည့်များ ရှင်းလင်းလာခဲ့သည်။ 


"ကျွန်တော် ဆုံးဖြတ်ချက်ချပြီးသွားပြီ... ဖြစ်နိုင်တာ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ယုံကြည်ချက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပုံပါပဲ"


တစ်ချိန်တည်းမှာပင် ဖျော်ဖြေရေးလောက၌ လူသိများသူ တစ်ယောက်က "ငါ့မှာ လက်ဆုပ်လက်ကိုင် ရှိတယ်" ဟု ခေါင်းစဥ်ရသည့် ဓါတ်ပုံအတွဲလိုက်ကို ဝေ့ပေါ်တွင် တင်ပေးလာခဲ့ပြီး ၎င်းတို့ကို စီနျင်းအိမ်တော်တွင် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ညွှန်ပြလာခဲ့သည်။ ဓါတ်ပုံများမှာ အတန်ငယ် ဝါးနေသော်လည်း အတည်ပြုရန်အတွက် ရှင်းလင်းနေဆဲ ဖြစ်သည်။


[ဒါက ဥက္ကဌရွှယ်နဲ့ နျန်နျန်လား... အားးးး ဥက္ကဌရွှယ်က အနက်ရောင် လောင်းကုတ်နဲ့ ချောမောမှုတွေ လျှံထွက်လာတော့မယ်... ဥက္ကဌရွှယ်က နျန်နျန်အတွက် ကားတံခါးဖွင့်ပေးလိုက်တာလား... ဥက္ကဌရွှယ်နဲ့ နျန်နျန်တို့ ထီးတစ်ချောင်းတည်း အတူဆောင်းနေကြတယ်... ဥက္ကဌရွှယ်က နျန်နျန့်ဘက်ကို တိုးပြီးတော့တောင် ထီးကိုစောင်းပေးလိုက်သေးတယ်... အားးးး ဥက္ကဌရွှယ်ရေ... အင်္ကျီလက်တွေ စိုနေပြီလို့... သိတောင်သိရဲ့လား] 


[ဒါက အချစ်မဟုတ်ရင် သူတို့က သူငယ်ချင်းကောင်းတွေ ဒါမှမဟုတ် ညီအစ်ကိုကောင်းတွေ ဖြစ်နေရင်တောင် ဘယ်သူကမှ သူတို့ကိုယ်သူတို့ ဒီလောက်ထိ မိုးရေစိုခံပြီးတော့ ထီးကို တစ်ဖက်လူဆီ များများဆောင်းပေးကြမှာ မဟုတ်ဘူး... သူတို့ရဲ့ ရုပ်ရည်တွေကို ထပ်ပြီး ချီးကျူးကြရအောင်ပါ... အတူတူ ရပ်နေတော့ တကယ့်ကို မျက်စိဖမ်းစားစရာ ကောင်းပြီး ပန်းချီကားထဲက ထွက်လာတဲ့အတိုင်းပဲ] 


[ယွီနျန်က စီနျင်းအိမ်တော်ကို ပြန်လာတာလား... အဲ့ဒီအဆောက်အအုံကြီးက ထင်ရှားတဲ့ သမိုင်းအမွေအနှစ်တွေ ရှိတယ်... ဒါပေမယ့် ချင်းရှန်းယွီမျိုးနွယ်လို မိသားစုမျိုးဆို ငါခန့်မှန်းမိတာ ကြုံရာ ပန်းအိုးလေးတစ်လုံးကတောင် သမိုင်းတန်ဖိုးတွေ ရှိနေလောက်မယ်ထင်တယ်နော်... "ကျွန်တော့်ရဲ့ တစ်နေ့တာ" ရှိုးထဲမှာတုန်းကဆို ယွီနျန်က 'အားလုံးက အတုတွေပါ'လို့ မပြောခဲ့ဘူးလား... ငါဟိုတစ်ရက်က တွေးမိနေတာ ယွီနျန့်မှာ မရေမတွက်နိုင်လောက်တဲ့ ရှေးဟောင်းပစ္စည်းတွေရယ် တစ်ခုလောက်နဲ့ အချီကြီးပွသွားလောက်တဲ့ ယဥ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေလည်း ရှိနေလောက်တယ်... သူ ပြတိုက်အသေးလေးတွေကိုတောင် ဖိနှိပ်နိုင်လောက်တယ်နော်] 


ဤအချက်မှစ၍ ကွန်မန့်များ၏ လားရာသည်လည်း ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ 


[လူထုသတင်းတွေအရ ယွီနျန်က ရှေးဟောင်းပစ္စည်းနဲ့ ယဥ်ကျေးမှု အမွေအနှစ်တွေ တော်တော်လေး ရထားပုံပဲ... ဒါပေမယ့် သူရခဲ့တဲ့ သိုချိုက်ကြက်နှင့်ကျောက်တုံး အကွက်ပါခွက်ကို လေလံတင်တာနဲ့ ကြေးနီသတ္တုစပ်အိုးကို ပြန်ယူလာတာကလွဲရင် သူဝယ်ထားတာတွေ အကုန်လုံး မရောင်းချရသေးဘူး... သူက ဒါတွေကို မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းဖို့ စဥ်းစားနေတာလား... ဒီလိုသာဆိုရင် နောက်ထပ် မျိုးဆက်သုံးဆက်လောက်ထိ အလုပ်မလုပ်ဘဲ ထိုင်စားနေလို့ ရပြီ] 


[ငါ့မှာသာ ဒီလို ရတနာတွေ ရှိနေရင် ပြတိုက်ထောင်၊ ဝင်ကြေးကောက်ပြီး စားနေတော့မှာ... ဒါမှမဟုတ်ရင် တစ်နှစ်ကို တစ်ခုစီ ရောင်းရင်းနဲ့ တစ်ဘဝလုံး ငွေတွေ ထိုင်ရေသွားတော့မှာ] 


[ငွေတွေ ထိုင်ရေချင်နေတဲ့ သူငယ်ချင်းလေးရေ ယွီနျန်ရဲ့ ငွေရှာတဲ့ စွမ်းရည်ကိုက ရက်စက်နေပြီးသားပါနော်... သူက သင်္ဘောဘုရင်ကြီးရဲ့ အမွေတွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်... ပြီးတော့ အဲ့ဒီအမွေက ဘာတွေပဲဖြစ်ဖြစ် သာမန်လူတွေ တွေးနိုင်တာထက် သေချာပေါက် မိုးထိမြင့်

နေတဲ့ ပမာဏ ဖြစ်နေမှာပဲ... သူက ငွေတွေ ထိုင်ရေနေရပြီးသားပါ... ငါကတော့ သူပိုင်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေ ယဥ်ကျေးမှူ အမွေအနှစ် ပစ္စည်းတွေကို ရောင်းမယ် မထင်ပါနော်]