၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၁)
၁၉၇၁ခုနှစ် ဇွန်လ၊ ပင်းချန်မြို့ လျောင်ပြည်နယ်ရှိ ဇာတ်ရုံတစ်ခု၌ ~
မူလက ဘာမှမရှိသည့် ဂိုဒေါင်တစ်ခုဖြစ်၏။ နောက်ပိုင်းတွင် ဇာတ်ရုံခန်းမအဖြစ် ပြောင်းလဲလိုက်ပြီး စင်မြင့်ကြီးတစ်ခုတည်ဆောက်လိုက်သည်။ ရက်သတ္တပတ်များတွင် ထိုနေရာ၌ စစ်တပ်နှင့်အရပ်သားတို့ တွေ့ဆုံပွဲများ၊ ရုပ်ရှင်များနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများကို ကျင်းပကြ၏။
အမျိုးသားတစ်ဦးသည် ကြယ်နီတစ်လုံးပါသော ဦးထုပ်ကို ချိန်ညှိနေပြီး ထိုနေရာရှိကေဒါဟောင်းတစ်ဦးက သူ့လက်ကောက်ဝတ်တွင် ကြိုးဖြင့်ချည်ထားရသည့်နာရီဟောင်းကို ငုံ့ကြည့်နေသည်။ ဝန်ထမ်းတွေရဲ့အကူအညီဖြင့် လူတွေက သေသေသပ်သပ် တိုးဝှေ့ထိုင်နေကြလျက်။
ပင်းချန်ရှိ ခရိုင်အများအပြားမှ ယဉ်ကျေးမှုအနုပညာအဖွဲ့များ၏အဖွဲ့ဝင်တွေက စင်မြင့်နောက်ကွယ်တွင် အလုပ်ရှုပ်နေကြသည်။ ဒီနေ့မှာ ယဉ်ကျေးမှုဖျော်ဖြေပွဲတွေကို ဆုချီးမြှင့်ရန်အတွက် ရွေးချယ်အကဲဖြတ်ကြမှာဖြစ်လို့ မလွယ်ကူလှပေ။ ၎င်းမှာ နှစ်ကုန်ရဲ့ အဆင့်မြင့်အကဲဖြတ်မှုအပေါ် သက်ရောက်မှုရှိနိုင်တာကိုး။
"ချင်းရို့ရေ ဒီတစ်ကိုယ်တော်ရှိုးကို နင် တကယ်ပဲ မပြောင်းချင်ဘူးလား"
ချင်းရို့က ပြန်မဖြေတာကြောင့် အခြားတစ်ယောက်က သူမကို မျက်စောင်းထိုးကာ "ဒါက ဘယ်လိုလုပ်ပြောင်းလို့ရမှာလဲ၊ ကြေညာထားပေးပြီးသားလေ"
"ငါတို့အဖွဲ့ရှုံးရင် ခေါင်းဆောင်တွေက ဘယ်သူတွေကို ဝေဖန်မှာလဲဟယ်။ ဘယ်သူက သုံးသပ်စာရေးရမှာလဲ။ နောက်ဆုံးတော့လည်း ငါတို့မှမဟုတ်တာ၊ သူမကပဲလုပ်ခဲ့တာတွေလေ။"
"သူမက မိထွေးဖြစ်ဖို့ မအောင်မြင်ခဲ့တော့ ဒီသီချင်းကိုဆိုရမှာပေါ့ဟယ်"
ဆံပင်တိုတိုညှပ်ထားတဲ့မိန်းကလေးက သူတို့သုံးယောက်ဆီ လျှောက်လာခဲ့ပြီး သတိပေးလာ၏ "နင်တို့စကားပြောတဲ့အခါ သတိထားကြလေ၊ နင်တို့မဟုတ်တာတွေပြောလို့ လူတွေက နင်တို့ပါးစပ်ကို ဆွဲဖြဲလာမှာကို သတိထားပေါ့"
"သူမက ချွမ်ရှန်းကလေ၊ အရမ်းနာမည်ကြီးတာနော်"
"သူမနာမည်ကြီးမှန်းသိသားနဲ့ နင်ဘယ်လိုလုပ်ရန်စရဲရတာတုန်းဟဲ့"
စကားပြောပြီးနောက် သုံးယောက်သား အချင်းချင်းကြည့်ပြီး လှောင်ရယ်လိုက်ကြ၏။
ရယ်မောပြီးနောက်တွင် ပထမဆုံးစကားဆိုလာသူ ကျိုးမိန်လန်က အစိမ်းရောင်သားရေအိတ်လွယ်ထားပြီး မြင်းပုလေးပေါ်တွင် ထိုင်နေတဲ့မိန်းကလေးကို ကြည့်ရင်း သူမမျက်လုံးတွေက မနာလိုစိတ်ဖြင့်တောက်လောက်နေလျက်။
မိန်းကလေးမှာ အနက်ရောင်ကျစ်ဆံမြီးနှစ်ချောင်းကျစ်ထားပြီး ဦးထုပ်ဆောင်းထားခြင်းမရှိ။ အဖွဲ့ထဲရှိ မိန်းကလေးတွေကြားထဲမှာ သူမရဲ့ဆံပင်က အလှဆုံးပင်။ ဆံသားနက်မှောင်နေပြီး ထူထဲနေသဖြင့် သူမ၏ အသားအရည်ကို ဖြူဝင်းနူးညံ့စေ၏။
သူမ၏အသွင်အပြင်မှာ ဖရဲသီးသေးသေးသဏ္ဍာန်မျက်နှာပုံနှင့် လှပပြီး ဝင့်ကြားသည့်ဟန်ပန်ရှိသည်။ သူမရဲ့မျက်နှာပေါ်မှ ဆွဲဆောင်မှုအရှိဆုံးအရာကတော့ နှစ်လိုဖွယ်ကောင်းတဲ့ မြေခွေးသဏ္ဍာန်မျက်လုံးတွေပါပဲ။ အဲ့ဒီမျက်လုံးတွေက ထူးထူးခြားခြားလှပပြီး သူမကိုတွေ့တဲ့သူတိုင်းက မျက်လုံးတွေကို စိုက်မကြည့်ဘဲ မနေနိုင်ကြဘူးလေ။
သူတို့၏ယဉ်ကျေးမှုအဖွဲ့၌ ချွမ်ရှန်းမှ မိန်းမလှလေး ချင်းရို့သည် လှပပြီး orioleငှက်ကဲ့သို့ သာယာသောအသံရှိပေသည်။ သို့ရာတွင် သူမက ဒေါသကြီးပြီး စိတ်တိုစရာကောင်းသောစရိုက်ရှိနေ၏။
ချင်းရို့က သူမရဲ့အလှအပကို အမှီသဟဲပြုပြီး အရာရာကို ဦးဆောင်ချင်ခဲ့သည်။ သူမက ကိုင်းမြင့်မြင့်ကို တက်ချင်သေးပေမယ့် ကျွမ်းကျင်ခြင်းအလျဥ်းမရှိခဲ့။ သူမရဲ့မြေခွေးလိုမျက်နှာမှာ ယောက်ျားတွေကို အမှန်တကယ်ဆွဲဆောင်နိုင်သော်လည်း သူမရဲ့တောင်ပိုင်းလေယူလေသိမ်းနှင့် စိတ်ထားကိုဖော်ပြတတ်တဲ့ ပါးစပ်ကြီးတစ်ခုရှိလေသည်။
တစ်ချိန်က သူမသည် ယန်အမည်ရှိ တပ်ရင်းခေါင်းဆောင်တစ်ဦးကို တွယ်တက်ခဲ့သည်။ တပ်ရင်းမှူးက အသက် ၃၂နှစ်ရှိပြီး သူမထက် ဆယ့်သုံးနှစ်ကြီး၏။ တောရွာက သူ့မိန်းမက စောစောသေသွားခဲ့ရာ သားသမီးသုံးယောက်ကျန်ခဲ့၍ ချင်းရို့သည် ကလေးများ၏မိထွေးဖြစ်ရန် ယန်ထွမ်ကိုလက်ထပ်ဖို့ သဘောတူခဲ့သည်။
မမျှော်လင့်စွာပင် နှစ်ရက်အတွင်းမှာဘဲ ကျေးလက်မှခေါင်းဆောင်ယန်နှင့် သူ့၏မိခင်အိုကြီးက ချင်းရို့ကို ပြဿနာရှာရန် သူတို့အနုပညာအဖွဲ့ဆီ ရောက်လာကြပြီး သူမအား ငယ်ငယ်လေးနဲ့ လှည့်ကွက်တွေ သုံးတတ်တဲ့ ညုတုတုမြေခွေးမဟု ဆဲဆိုသွားကြသည်။
ကျေးလက်ရှိ သူ့မိခင်အိုကြီးသည် ခေါင်းဆောင်ယန်အတွက် ဇာတိရွာမှဇနီးတစ်ယောက် ရွေးချယ်ထားပြီးဖြစ်ကြောင်း ပေါ်လာခဲ့သည်။ ဒီတော့ သူ့သားကို မြေခွေးမကသွေးဆောင်နေတာကို ဘယ်လိုလုပ်ဖြစ်စေချင်မှာတုန်း။
မစ္စယန် အနုပညာအဖွဲ့သို့ ရောက်ရှိလာခြင်းကြောင့် ချင်းရို့၏ဂုဏ်သိက္ခာမှာ လုံးဝထိခိုက်သွားရပြီး ဤစစ်တပ်နယ်မြေတွင် ဟာသဖြစ်လာရ၏။ အဲ့ဒီခေတ်က မြေခွေးမလို့ အခေါ်ခံရတာ မကောင်းဘူးလေ။
ချင်းရို့လည်း ဒေါသတကြီးနှင့်သည်းမခံဘဲ ဆေးရုံတင်ထားရတဲ့မစ္စယန်ကို ဆူပူကြိမ်းမောင်းတာပေါ့။ ဒါပေမယ့် သူမကိုယ်တိုင်လည်း အဖျားရှိလို့ အနုပညာအဖွဲ့ရှိလူတွေက သူမကို ဆေးရုံကိုပို့ပေးကြ၏။
နာမကျန်းဖြစ်ပြီးနောက် အနုပညာအဖွဲ့မှလူများက ချင်းရို့၏စရိုက်မှာ ပိုပြီးရိုးသားလာကြောင်း တွေ့ရှိခဲ့သည်။
"ချင်းရို့ရေ နင်က ရွှယ်ထင်ထင်ရဲ့ ရှိုးကို ခိုးလိုက်တော့ နင်သီချင်းကောင်းကောင်းမဆိုနိုင်ရင် လူတွေရှေ့မှာ အရှက်ကွဲမှာနော်"
"စဖို့အချိန်နီးနေပြီ၊ ကျန်းမင်ကို နင့်မိတ်ကပ်လိမ်းပေးဖို့ မပြောသေးဘူးလား"
အနုပညာအဖွဲ့တွင် မိတ်ကပ်တာဝန်ယူသူမှာ အရင်က ချင်းရို့ကို မထီမဲ့မြင်ပြုခဲ့သော ဆံပင်တိုမိန်းကလေးဖြစ်ပြီး သူမနှင့် တစ်ခါမျှမဆက်ဆံခဲ့ဖူးပေ။
အတိတ်ကတော့ ချင်းရို့သည် ကျန်းမင်က သူမကိုလိမ်းခြယ်ပေးတဲ့ အရုပ်ဆိုးဆုံးစင်မြင့်မိတ်ကပ်ကို အမြဲလိုလို နှစ်သက်ခြင်းမရှိ။ ပထမတော့ ကျန်းမင်က ချင်းရို့၏ ချစ်စရာကောင်းပြီး ချောမောတဲ့အသွင်အပြင်ကို တကယ်ပင် မနာလိုဖြစ်ခဲ့ပြီး တမင်တကာ ရုပ်ဆိုးအောင်လုပ်ခဲ့ခြင်းပင်။
ယခုတော့ ချင်းရို့မှာ အခြေအနေမကောင်းသဖြင့် သူမလည်း အလျင်အမြန်လာတော့သည်။
မြင်းပုပေါ်တွင်ထိုင်နေဆဲ ချင်းရို့မှာ အစိမ်းရောင်အိတ်ကိုချပြီး ထရပ်လိုက်ရင်း "ငါ့ဘာသာ လုပ်လိုက်မယ်"
သူမရဲ့အသံမှာ ငွေခေါင်းလောင်းကဲ့သို့ ပြတ်သားပြီး မတူညီသောစည်းချက်အမျိုးမျိုးနှင့် ဖီဖာကြိုးများမှ တီးခတ်လိုက်သော ဗျပ်စောင်း၏ငြိမ့်ငြိမ့်ညောင်းညောင်းအသံလေးကဲ့သို့ အလွန်သာယာလှသည်။
တစ်ဖက်မှ ကျိုးမိန်လန်သည် ခဏမျှ အံ့အားသင့်သွားလျက်။ ချင်းရို့က မန်ဒရင်းဘာသာစကားကို ပို၍ကောင်းမွန်စွာပြောတတ်နေပြီး သူမရဲ့အသံမှာလည်း ယခင်ကထက် ပိုနူးညံ့၍သာယာလာသည်ကို တွေ့ရှိခဲ့သည်။
ကျန်းမင်က သူမမျက်လုံးတွေကို လှိမ့်လိုက်ပြီး သူမရဲ့အင်္ကျီလက်များကိုဆွဲတင်ကာ လက်နှစ်ဖက်ကို ပိုက်လျက် လှောင်ပြောင်ရင်း "ဒါဆိုလည်း နင့်ဘာနင်ဖြေးဖြေးပြင်ပေါ့၊ နင့်ကိုယ်နင် တစ္ဆေသရဲလိုပြင်မိရင်တော့ ငါနဲ့မဆိုင်ဘူးနော်။ ကောင်မလေးတွေ လာကြ နင်တို့ရဲ့မိတ်ကပ်ကို လှလှပပလေးပြင်ပေးမယ်"
xxx