Ch-2
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အခန်း (၂)


ဖျော်ဖြေပွဲအများစုမှာ မိတ်ကပ်မပါကြပေမယ့် မိန်းကလေးငယ်များကတော့ အလှအပနှင့်ပတ်သက်၍ စူးစမ်းလိုစိတ်ရှိကြသည်။ စင်ပေါ်မှာ လှပနေဖို့ မျှော်လင့်ရင်း နှုတ်ခမ်းနီဆိုး၊ မျက်ခုံးမွှေးဆွဲဖို့ အခွင့်အရေးကို အမြဲဆုပ်ကိုင်ထားကြ၏။


ချင်းရို့လှည့်လိုက်ကာ ကျန်းမင်ကို လျစ်လျူရှုလိုက်ပြီး မှန်သေးသေးလေးနှင့် သူမ၏အစိမ်းရောင်အိတ်ထဲမှာ အချိန်ကြာကြီးထဲက ပြင်ဆင်ထားတဲ့အလှပြင်ပစ္စည်းအိတ်ကို ထုတ်လိုက်သည်။ 


ထိုနှစ်များတွင် အလှကုန်တွေကို ပြင်ပသို့ရောင်းချခွင့်မပေးထားသေးဘဲ နိုင်ငံတွင် ဖျော်ဖြေပွဲတွေအတွက် ပြည်တွင်းအနုပညာရှင်များ အထူးအသုံးပြုတဲ့ အလှကုန်ထုတ်လုပ်ရေးလိုင်းအနည်းငယ်သာ ရှိသေးသည်။ 


ချင်းရို့သည် အလှအပချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် အလှကုန်အချို့ကို သီးသန့်သိမ်းထားခြင်းပင်။ 


သူမက နံရံမှာကပ်ထားသော အမျိုးသားကြီးတွေရဲ့ဆောင်ပုဒ်တွေကို ဘယ်ညာကြည့်၍ ထောင့်ဘက်ရှိ အစိမ်းရောင်အိတ်နှင့် အနီရောင်ကြယ်တစ်လုံးနှင့်ဦးထုပ်ကို ကြည့်လိုက်သည်။ အထူးသဖြင့် အကျွမ်းတဝင်ရှိနေတဲ့မြေခွေးမျက်လုံးတစ်စုံကို သူမကိုယ်သူမ မှန်ထဲမှာ မြင်လိုက်ရတော့ သက်ပြင်းမချပဲမနေနိုင်တော့။ 


သူမက စာအုပ်တစ်အုပ်ထဲသို့ တကယ်ပဲကူးပြောင်းသွားခဲ့ပြီး ၇၀ခုနှစ်ရဲ့အနုပညာအဖွဲ့တွင် အမျိုးသမီးဇာတ်ပို့အဖြစ်ကူးပြောင်းသွားခဲ့မယ်လို့လည်း သူမမျှော်လင့်ထားခြင်းမရှိခဲ့။ 


ဟုတ်တာပေါ့၊ ချင်းရို့ဆိုတာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှန်းချန်ရှိ မူကြိုကျောင်းတစ်ကျောင်းမှ ဆရာမတစ်ယောက်ပင်။ သူမက စက္ကူဖြတ်ပြီးအရုပ်ခေါက်သည့် လှုပ်ရှားမှုကို ကလေးတွေအား သင်ကြားပေးနေချိန်မှာ ကျောင်းသားမိဘလို့ထင်ရတဲ့လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ ကလေးငယ်တစ်ယောက်ကို ဓားနဲ့ထိုးဖို့ ကြံရွယ်ပြီး စာသင်ခန်းထဲကို ရုတ်တရက် ၀င်ရောက်လာခဲ့သည်။ 


ချင်းရို့သည် ရှောင်တိမ်းဖို့ရာ ကလေးရှေ့မှာရပ်ပြီး ပွေ့ဖက်လိုက်ပေမယ့် နောက်ကျောကို ဓားနဲ့အထိုးခံလိုက်ရခြင်းပင်။ သူမ ပြန်နိုးလာသောအခါ သူမသည် အဖျားကြီး၍ ဆေးရုံသို့ရောက်နေသည့် "ချင်းရို့" ဖြစ်လာခဲ့ပေသည်။ 


သူမနှင့် နာမည်နဲ့အသွင်အပြင်တူသော အမြောက်စာဇာတ်ပို့ဇာတ်ကောင်တစ်ဦးပင်။ 


ချင်းရို့: "…" 


ချင်းရို့က အားလပ်ချိန်များတွင် အပျင်းပြေစေရန်အတွက် အင်တာနက်ပေါ်မှာ ဝတ္ထုတွေကိုဖတ်လေ့ရှိ၏။ မတော်တဆမှုမဖြစ်ခင်က သူမသည် ၇၀ခုနှစ်များအတွင်းက အနုပညာအဖွဲ့အကြောင်းရေးထားသည့် ဝတ္ထုတစ်ပုဒ်ကို ဖတ်ထားရုံရှိသေးပေမယ့် ဖတ်လို့တော့မပြီးသေးဘူး။ သူမကိုယ်တိုင်နှင့် နာမည်နဲ့အသွင်အပြင်အတိအကျတူသော ချင်းရို့ဟုခေါ်သည့် ဇာတ်ပို့ဇာတ်ကောင်တစ်ဦးရှိနေသည်ကို တွေ့လိုက်ရခြင်းကြောင့်ပင်။ 


၄င်းမှာအဆင်ပြေသော်လည်း အမျိုးသမီးဇာတ်လိုက်ကိုတော့ ရွှယ်ထင်ထင်လို့ခေါ်၏။ ချင်းရို့ တက္ကသိုလ်မှာပညာသင်ချိန်တုန်းက သူမဟာ ကွမ်တုန်းပြည်နယ် Campus Top Ten အဆိုပြိုင်ပွဲမှာပါဝင်ခဲ့ရာ ပထမဆုရရှိခဲ့ပြီး လျောင်ထင်ထင်က ဒုတိယဆုရခဲ့သည်။ 


ချင်းရို့နှင့် လျောင်ထင်ထင်တို့က နာကျည်းမှု သို့မဟုတ် မုန်းတီးမှုတွေမရှိသည့်အပြင် အချင်းချင်း အဆက်အသွယ်လည်း သိပ်မရှိပါဘူး။ တစ်နည်းတစ်ဖုံဆိုရသော် သူတို့ကို ဝတ္ထုတစ်ပုဒ်တွင် ရေးသားထားခဲ့ရာ တစ်ယောက်က အမျိုးသမီးဇာတ်လိုက်ဖြစ်လာပြီး နောက်တစ်ယောက်မှာတော့ ဇာတ်ပို့ပင်။ 


ချင်းရို့သည် လှပပြီးဆွဲဆောင်မှုရှိတဲ့မျက်နှာရှိပေမယ့် ဦးနှောက်မရှိသည့် ဇာတ်ပို့ဇာတ်ကောင်တစ်ဦးပင်။ သူမက စာအုပ်ထဲမှာ ဥပဒေမရှိသလိုပြုမူကာ နေရာတိုင်းတွင် အမျိုးသမီးဇာတ်လိုက်ကို ဆန့်ကျင်နေပြီး တစ်ကိုယ်တော်ရှိုးကို ထပ်လုလိုက်သေးသည်။ သူမက သီချင်းဆိုတာကို ကောင်းကောင်းမလေ့ကျင့်ခဲ့ဖူးဘဲ သူမရဲ့သဘာဝအသံကိုသာအားကိုးရင်း ဖျော်ဖြေပွဲမှာ သူ့ကိုယ်သူအရှက်ရစေခဲ့ပြီး ခေါင်းဆောင်တွေ၏ငြင်းပယ်ခြင်းကို ခံခဲ့ရလေသည်... 


ထိုမျှဇာတ်ကြောင်းတိုးတက်ပြီးနောက် ချင်းရို့က ဆက်မဖတ်နိုင်တော့ဘဲ ဒေါသတကြီး ရယ်မောလိုက်သည်။ သူမ ထပ်ပြီးသည်းမခံနိုင်တော့ဘူးလေ၊ "ချင်းရို့"လို့ခေါ်တဲ့ အမျိုးသမီးဇာတ်ပို့ဇာတ်ကောင်ဟာ လူရွှင်တော်ဖြစ်ပြီးတော့ သေချာပေါက် ကောင်းမွန်သောဇာတ်သိမ်းရှိမှာမဟုတ်ဘူး။ 


အကယ်၍ သူမသာ အနှီလှပတဲ့အမျိုးသမီးဇာတ်ကောင်ချင်းရို့ဖြစ်လာမည်ကို ကြိုသိခဲ့ပါက ဝတ္ထုကို သေချာပေါက်ပြီးအောင်ဖတ်လိုက်မှာပဲ။ 


"ချင်းရို့ရေ နင့်မိတ်ကပ်ပြင်ပြီးပြီလား" ကျိုးရှောင်လင်းသည် အထည်ကြမ်းရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး နောက်ပိုင်းတွင် သရုပ်ဖော်ဖျော်ဖြေရပေမည်။ သူမက ချင်းရို့ဘေးသို့လျှောက်လာရင်းခေါ်လိုက်တော့ မျက်နှာကို မြင်လိုက်ရ၏။ 


ရုတ်​တရက်​ပင်​ သူမမှာ ထို​မြေခွေး​မျက်လုံးတွေရဲ့ ဖမ်းစားခြင်းခံလိုက်ရတော့သည်။ 


ချင်းရို့က နဂိုလှပ၍ စင်မြင့်မိတ်ကပ်လိမ်းရာတွင် တအားပုံကြီးချဲ့မထားပါဘူး။ ၄င်းမှာလည်း သူမရဲ့မျက်နှာအသွင်အပြင်ကို အားသာချက်ဖြစ်စေ၏။


သူမရဲ့မျက်နှာမှာလည်း ပါးနီရှိနေပေမယ့် ချဲ့ကားခြင်းမရှိ။ မိုးရွာပြီးနောက် သဘာဝအတိုင်းနီရဲနေသလိုမျိုး အလွန့်အလွန်လှပလေသည်။ 


ကျိုးရှောင်လင်း၏နှလုံးခုန်နှုန်းမှာ နှေးကွေးသွားလျက် ကျန်းမင်က သူမကိုရုပ်ဆိုးအောင်လုပ်နေတာလို့ ချင်းရို့အမြဲပြောနေတာ အံ့သြစရာမရှိတော့ပေ။ ကြည့်ရတာအမှန်ဖြစ်ပုံပဲ။ 


သူမက အလိုလိုချီးကျူးမိရင်း "ချင်းရို့ရေ နင်အရမ်းလှနေတာပဲ!" 


ကျိုးရှောင်လင်း၏စကားတွေက သူမဘေးနားက လူတွေရဲ့အာရုံကို ဆွဲဆောင်သွားခဲ့၏။ ကျန်းမင်၊ ကျိုးမိန်လင်းနှင့် တခြားသူတွေကလည်း ချင်းရို့၏မျက်နှာကို ကြည့်လိုက်ရာ တစ်ယောက်ပြီး တစ်ယောက် တိတ်တဆိတ် ပင့်သက်ရှိုက်ကုန်သည်။ 


သူတို့အနုပညာအဖွဲ့ရဲ့အဖွဲ့ဝင်များသာမက ကျိုးကျွမ်းဒေသရှိ အနုပညာအဖွဲ့ရဲ့အခြားအဖွဲ့ဝင်တွေကလည်း အံအားသင့်လျက်။ တစ်ကိုယ်တော်အဆိုတော်တစ်ဖြစ်လဲ မိန်းကလေးတစ်ယောက်က ချင်းရို့ဆီကို ရောက်ချလာကာ သူမမျက်နှာကိုကြည့်ရင်း ​စကားစပြောလာခဲ့သည်။ "ညီအစ်မရေ ငါ့မိတ်ကပ်ကိုလည်း ပြင်ပေးလို့ရမလား" 


ချင်းရို့ကပြုံးလျက် သဘောတူလိုက်ပြီး "ကောင်းပြီလေ" 


သူမသည် အမြဲတမ်း အလှတရားကိုမြတ်နိုးသောမိန်းကလေးဖြစ်ပြီး မိတ်ကပ်ကို ကြိုက်နှစ်သက်သူဖြစ်ရာ ခဏတစ်ဖြုတ် အလှအပရေးရာဘလော့ဂါလုပ်ခဲ့သူလည်းဖြစ်သည်။ ထို့ကြောင့် သူမသည် အလှအပဆိုင်ရာမိတ်ကပ်ပညာကို အလွန်ကျွမ်းကျင်ပြီး မိတ်ကပ်လိမ်းခြယ်ပုံအမျိုးမျိုးကို တတ်မြောက်နေရာ မိတ်ကပ်နည်းပညာတွေ မတိုးတက်သေးသောအချိန်ဖြစ်သည့် ၇၀ခုနှစ်အချိန်ဆီ ပြန်ရောက်လာသည်ကိုမမှုချေ။ 


မိတ်ကပ်ကျွမ်းကျင်မှုအမျိုးမျိုးကို သိရှိထားသူ ချင်းရို့မှာ လူတစ်ဦးရဲ့မျက်နှာအသွင်အပြင်၏ အားသာချက်များကို မည်သို့မည်ပုံပြင်ဆင်ပေးရမည်ကို ကောင်းစွာသိပေ၏။ 


ချင်းရို့ ပြုံးနေတာကိုမြင်တော့ မိန်းကလေးမှာ ပင့်သက်ရှိုက်လိုက်ပြီး "နင့်ရဲ့မျက်လုံးတွေက အရမ်းကြည့်ကောင်းတာပဲဟယ်၊ ငါတို့အဖွဲ့မှာတော့ နင့်လိုအလှလေးမရှိဘူး!!!!" 


"ငါ့ကို ပိုလှအောင် နင်ကူညီပေးနော်!!" 


ထိုခေတ်အခါက အလှအပကို မနှစ်သက်သည့် မိန်းကလေးဆိုတာမရှိချေ။ 


ကျန်းမင်သည် ချင်းရို့မျက်နှာပေါ်က မိတ်ကပ်ကိုမြင်သောအခါ သူမ၏မျက်နှာမှာ အလွန်ရုပ်ဆိုးသွား၏။သူမဆီက မိတ်ကပ်လိမ်းပေးခံထားရသော ကျိုးမိန်လင်းနှင့် အခြားသူတို့လည်း သူတို့၏မျက်ခုံးမွှေးများကို ကောင်းစွာမဆွဲထားသလို ခံစားလိုက်ရသည်။ 


သူမက တိတ်တဆိတ် အေးတိစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ကျိုးမိန်လင်းအားပြောလိုက်၏ "သူမမှာ ဘာဂုဏ်ယူစရာမှမရှိဘူးလေ၊ စင်ပေါ်တက်ပြီး သီချင်းဆိုဖို့ ပါးစပ်ဖွင့်လိုက်တာနဲ့ အရှက်ကွဲမှာပဲဟာ" 


"လွန်ခဲ့တဲ့ရက်တွေကလည်း သူမလေ့ကျင့်နေတာကို ငါနားမထောင်ရပါဘူးဟယ်" 


"ငါ အရင်ကကြားဖူးပေမယ့် သူမကသီချင်းမဆိုတတ်ဘူးလေဟဲ့" 


မိန်းကလေးတစ်ယောက်က နားမထောင်ဘဲ ချင်းရို့၏ကိုယ်ရည်ကိုယ်သွေးကို စဥ်းစားမိတော့ "ဒီနေ့ ချင်းရို့ကိုယ်တိုင် မိတ်ကပ်လိမ်းထားတာ အရမ်းလှတာပဲဟယ်။ ကျန်းမင်ရေ သူ့ဆီကနေ နင်သင်ယူသင့်တယ်နော် ဟုတ်ပြီလား?  


"ဟွန့် ငါ သူ့ဆီကနေ မသင်နိုင်ပါဘူး။" 


"သူမ ချက်ခြင်းကြီး လှလှပပမိတ်ကပ်လိမ်းတတ်အောင် ဘယ်လိုသင်လိုက်တာပါလိမ့်" 


"သူ့ညီမဆီက သင်တာဖြစ်မှာပေါ့" 


"သူမရဲ့ ခဲအို(မတ်)မိသားစုက ဟန်ဆောင်တတ်ပေမယ့် လယ်လုပ်တာလေဟဲ့"


xxx