အပိုင်း ၁
Viewers 22k

အမျိုးသား၏လက်သည် ရေပိုက်ခေါင်းအောက်သို့ရောက်သွားသည်နှင့် ကြည်လင်သောရေများ ကျဆင်းလာသည်။
လက်နှစ်ဖက်လုံးမှာ သွယ်လျနေပြီး လက်ဆစ်များမှာ သန်မာမှုကိုပြသနေသည်။ လက်ကောက်ဝတ်မှ သိသာထင်ရှားသောအရိုးအဆစ်များက အများနှင့်မတူပဲ တမူကွဲပြားသော လက်ရာမြောက်မှုကိုဖော်ပြနေသည်။
လက်ဆေးဆပ်ပြာနှင့် ဆေးပြီးနောက် သူက တစ်ရှုးတစ်ရွက်ကိုယူကာ လက်ကိုသုတ်လိုက်ပြီး တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီး တစ်ယောက်၏ ကျယ်လောင်သော သီချင်းဆိုသံကို ကြားလိုက်ရသည်။ တခြားသူများသည် အရက်သောက်ရင်း အော်ဟစ်နေကာ အံစာတုံးများပစ်နေကြသည်။
အိမ်သာမှထွက်လာသော အမျိုးသားသည် ခေါင်းငုံ့ကာ စီးကရက်ကို မီးညှိလိုက်သည်။ သီးသန့်ခန်းထဲမှ နီယွန်မီးရောင်သည်တောက်ပနေပြီး သူ၏ ဖြောင့်စင်းနေသည့်နှာတံမှအရိပ်သည် ပါးပြင်ပေါ်သို့ကျဆင်းနေသည်။ သူသည် ကြယ်သီးနှစ်လုံးဖြုတ်ထားသော အဖြူရောင်ရှပ်အကျီကိုဝတ်ထားပြီး နက်ကတိုင်မပါသည့် အနက်ရောင်ကုတ်အကျီကို အပေါ်မှထပ်ဝတ်ထားသည်။ သူ့တွင် သွယ်လျသောလည်တိုင်ရှိပြီး ဆက်ဆီကျသော လည်ဇလုပ်ကိုပိုင်ဆိုင်ထားသည်။
‘’ယွဲ့စုန့်…’’
သူထွက်လာသည်ကိုတွေ့လိုက်သည့်လူများက ချက်ချင်းပင် သူ့ကိုလှမ်းခေါ်လိုက်ကြသည်။
‘’လာလေ… ဆက်သောက်ရအောင်…’’
ယွဲ့စုန့်သည် လက်ထဲမှ စီးကရက်ကိုသောက်ပြီးနောက် ဖန်ခွက်ထဲမှ ဝိုင်များကို ထပ်သောက်လိုက်သည်။ ထို့နောက် လက်မှနာရီကိုကြည့်လိုက်စဉ် ည ၁၂ နာရီကျော်သွားပြီကို တွေ့လိုက်ရသည်။ သူ့အတွက်ဝိုင်ထည့်ပေးနေသောလူကို လက်ကာပြလိုက်ရင်း ‘’ သုံးနာရီမှာ အစည်းအဝေးရှိတယ်… ဒါကြောင့် ငါအရင်သွားတော့မယ်…’’
သူငယ်ချင်းဖြစ်သူက မကျေမနပ်ဖြင့် ‘’ အခုက ညလယ်ခေါင်ကြီးနော် ‘’
ယွဲ့စုန့်က မေးကိုမော့လိုက်ရင်း ‘’ ငါ့ရဲ့ ဗီဒီရိုကွန့်ဖရန့်က M နိုင်ငံနဲ့လုပ်ရမှာ… အဲ့မှာ နေ့လည်ခင်းပဲရှိသေးတယ်…’’
‘’ချီးပဲ… ပျင်းစရာကောင်းလိုက်တာ…’’ သူ့ သူငယ်ချင်းက ရယ်ရင်း ဆဲရေးလိုက်သည်။
‘’ မင်းက တကယ့်အလုပ်သရဲပဲ…’’
ယွဲ့စုန့်က ပြုံးလိုက်ရင်း လက်ထဲမှစီးကရက်ကို တောက်ထုတ်ကာ လူတိုင်းကို အသိပေးလိုက်သည်။
‘’ ငါ သွားတော့မယ်…’’
သူက သီးသန့်ခန်းမှထွက်လိုက်ပြီး အသံလုံတံခါးကိုပိတ်လိုက်သည်နှင့်တပြိုင်နက် သူ့နားများ အတော်လေးသက်သာသွားသည်။
ကျင်းတင်း KTV သည် K မြို့တော်၏ နာမည်ကြီးဖျော်ဖြေရေး ကလပ်တစ်ခုဖြစ်သည်။ သူနှင့် သူ့သူငယ်ချင်းများ မကြာခဏသွားလည်သည့် နေရာတစ်ခုလည်းဖြစ်သည်။ ကော်ရစ်တာရှိ ဝိတ်တာသည် သူ့အားကောင်းမွန်စွာသိနေပြီဖြစ်သည်။ ဝိတ်တာလေးသည် ခါးကိုကိုင်းကာ ခေါင်းညွှတ်လျက် လမ်းကြောင်းကိုညွှန်ပြရင်း...
‘’ သခင်လေးယွဲ့’’
ယွဲ့စုန့် ကပေါ့ပေါ့ပါးပါးပင် ခေါင်းငြိမ့်ပြလိုက်ရင်း လက်တစ်ဖက်ကိုဘောင်းဘီအိတ်ထဲသို့ထည့်လိုက်ကာ နောက်တစ်ဖက်မှ ဖုန်းကိုထုတ်လိုက်ရင်း ဒရိုင်ဘာကိုလှမ်းခေါ်လိုက်သည်။
ဖုန်းသံမဆုံးခင်မှာပင် သူ့အနားရှိ အသံလုံအခန်းတစ်ခုမှတံခါးက အသိမပေးပဲ ရုတ်တရက်ပွင့်လာကာ တစ်စုံတစ်ယောက်မှ ခုန်ထွက်လာပြီး ယွဲ့စုန့်လက်မောင်းကို လှမ်းဆွဲလိုက်သည်။
ယွဲ့စုန့် အနည်းငယ်အံ့ဩသွားဟန်ပေါ်သော်လည်း ခေါ်ဆိုရခက်သောအရောင်ဆိုးထားသည့်ဆံပင်နှင့် ထူပိန်းနေသောမိတ်ကပ်အပြည့်ရှိသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ထိုမျက်ဝန်းများသည် အလွန်ကြီးမားနေပြီး mascara နှင့် eyeshadow များကိုသာဖျက်လိုက်ပါက လှပသော မျက်ဝန်းတစ်စုံပေါ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ eyeshadow မှာထူပိန်းနေပြီး mascara ခြယ်ထားသည်မှာ အလွန်ပါးနေသောကြောင့် မျက်နှာပေါ်ရှိ မိတ်ကပ်၏ သုံးပုံတစ်ပုံခန့်ကို mascara နှင့် eyeshadow များက နေရာယူထားလေသည်။
‘’သူမကို မလွတ်စေနဲ့…’’
အခန်းထဲမှ တစ်စုံတစ်ယောက်၏အော်သံကို ယွဲ့စုန့်ကြားလိုက်ရသည်။ ထိုအသံမှာ အနည်းငယ် အလောတကြီးနိုင်လေသည်။
တချိန်တည်းမှာပင် သူ့အနားရှိ မိန်းကလေးကို တစ်စုံတစ်ယောက်က ခါးမှဆွဲယူလိုက်လေသည်။
မိန်းကလေးသည် ယွဲ့စုန့်လက်ကို အားလျော့စွာကိုင်ထားသောကြောင့် အလွယ်တစ်ကူပင် လက်လွတ်သွားကာ ဆွဲ‌ခေါ်ရာနောက်သို့ပါသွားတော့သည်။ သူမ၏လက်များသည် ယွဲ့စုန့်၏ လက်မောင်းများမှတဆင့် လက်ဖျံဆီသို့လျောကျလာကာ နောက်ဆုံးတွေ သူ၏လက်ချောင်းထိပ်လေးကို ထိသွားပြီးနောက် လွတ်သွားတော့သည်။
တကယ်တော့ ထိုအချင်းအရာများသည် နစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်အတွင်းသာ ဖြစ်သွားခြင်းပင်။ ထိုမိန်းကလေးမှ အသံလုံတံခါးဆီသို့ ပြန်ဆွဲခေါ်ခံသွားရပြီး တံခါးမှာချက်ချင်းပိတ်သွားသည်။ အခန်းထဲတွင် ဖြစ်ပျက်သမျှကိစ္စတိုင်းသည် ယွဲ့စုန့်နှင့် မသက်ဆိုင်တော့ပေ။
သို့သော် ထိုအချိန် စက္ကန့်ပိုင်းလေးအတွင်းမှာ အခန်းအတွင်းသို့ပြန်ဆွဲခေါ်ခြင်းခံလိုက်ရသည့် အမျိုးသမီးလေး၏ မျက်နှာရှိ အညိုအမည်းများနှင့် သူမနှုတ်ခမ်းမှ တီတိုးပြောသွားသော စကားသံက လွန်စွာပင်ပြတ်သားနေခဲ့သည်။
‘ ကျွန်မကို ကူညီပါ…’
ယွဲ့စုန့် တဖက်သို့လှည့်ကာ ဝိတ်တာလေးအား ခေါ်မည်ပြုလိုက်စဉ် ထိုဝိတ်တာလေးမှာ နေရာတွင်မရှိတော့ပေ။
ယွဲ့စုန့် ခေါင်းကိုလှည့်ကာ တံခါးကို ဒုတိယအကြိမ်စိုက်ကြည့်လိုက်ပြီး ရုတ်တရက် တွန်းဖွင့်လိုက်တော့သည်။ သူမသည် ကောင်းမွန်သည့်မိန်းကလေးဖြစ်ပုံမပေါ်သော်လည်း သူ့ကိုအကူအညီတောင်းခဲ့သည့်အတွက် လစ်လျူမရှုနိုင်ပေ။
အခန်းထဲမှ လူများသည် တံခါးရုတ်တရက်ပွင့်လာပြီး လူတစ်ယောက်ဝင်လာမည်ဟု မထင်မှတ်ထားကြပေ။ အခန်းထဲမှ လူရည်သန့်တစ်ဦးက အထိတ်တလန့်ဖြင့် မတ်တပ်ရပ်လိုက်ရင်း အော်ဟစ်လိုက်သည်။
‘’ မင်း ဘာလုပ်တာလဲ…. မင်းက ဘယ်သူလဲ…’’
လူများစွာသည် ဆိုဖာပေါ်တွင် လဲလျောင်းနေကြရင်း သတိလစ်သူများ ရယ်မောနေသူများဖြင့် ပြည့်နှက်နေသည်။ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ဘာတွေဖြစ်နေလဲဆိုသည်ကို ယွဲ့စုန့် နှလုံးသားထဲမှ ချက်ချင်းပင် နားလည်လိုက်သည်။
သို့သော်လည်း သူ ထိုလူတွေကို ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ သူ့အား အကူအညီတောင်းသွားသည့် ထိုမိန်းကလေးတစ်ယောက်သာဖြစ်သည်။ ထိုမိန်းကလေးသည် ဆိုဖာပေါ်တွင် လဲနေပြီး အားနည်းကာ သတိလစ်တော့မလိုဖြစ်နေသည်။
သူမဆီသို့ တိုက်ရိုက်ပင်လျောက်သွားလိုက်ရင်း သူမမျက်တောင်များကို လက်ဖြင့်ဖွင့်ကာ မျက်လုံးများကိုကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
‘’ မင်းမေ-ိုး… ငါ ဘာမှမကြားရဘူးကွ…’’
တက်တူးအပြည့်ထိုးထားသော လူတစ်ယောက်က ပြောရင်းဖြင့် သူ့အားတွန်းရန်ပြင်လိုက်သည်။
ယွဲ့စုန့်က ချက်ချင်းရှောင်လိုက်ကာ ထိုလူ၏လက်ကောက်ဝတ်ကို လျင်မြန်စွာဆွဲလိုက်ပြီး မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။
‘’ သူမ အခြေအနေအရမ်းဆိုးနေတယ်… ဒါကြောင့် ဆေးရုံပို့မှဖြစ်မယ်…’’
တစ်စုံတစ်ယောက်က ပြေးထွက်လာရင်း လက်သီးတစ်လုံးကို ယွဲ့စုန့်ဆီသို့ ပစ်သွင်းလိုက်ကာ ‘’ မင်းဦးလေးကိုပဲ ဆေးရုံပို့လိုက်ပါလား…’’
တခြားအခန်းထဲသို့ သောက်စရာများသွားပို့သည့် ဝိတ်တာလေး အခန်းနံပါတ် ၆၂၈ နားမှဖြတ်သွားစဉ် တံခါးဝမှ လူတစ်ယောက်လွင့်ထွက်လာပြီး သူ့အားဝင်တိုက်မလိုဖြစ်သွားသည့်အတွက် ကြောက်လန့်စွာဖြင့် နံရံဘက်သို့အလျင်အမြန်ကပ်လိုက်မိသည်။
ထိုသူသည် အခန်းတွင်းမှ တက်တူးအပြည့်နှင့်လူမဟုတ်ပဲ နောက်တစ်ယောက်ဖြစ်သည်။ သူသည် မြေပေါ်သို့ ညည်းတွားရင်း ပစ်ကျသွားသည်။ တစ်စုံတစ်ယောက်မှ သူ့အား ကိုင်ပေါက်လိုက်သည်မှ အသိသာကြီးပင်…
ချက်ချင်းဆိုသလိုပင် တက်တူးအပြည့်နှင့် လူတစ်ယောက် ထပ်ထွက်လာပြီး ကြမ်းပြင်ပေါ်တွင် နှစ်ပါတ်ခန့်လှိမ့်သွားကာ နံရံနှင်ဝင်တိုက်သွားတော့သည်။
‘’ယီးလိုပဲ… သူတို့တွေ ရန်ဖြစ်နေကြတာလား…’’
ဝိတ်တာလေးမှာ လုံခြုံရေးကိုခေါ်ဖို့ ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က အခန်းထဲမှထွက်လာသည်။ ထိုလူငယ်လေး၏ ပါးစပ်ထောင့်တွင် သွေးအနည်းငယ်စို့နေရုံသာမက အကျီလည်း ညစ်ပါတ်နေလေသည်။ သူသည် သတိလစ်နေပုံရသော မိန်းကလေးတစ်ဦးကို တွဲထားသည်။
ဝိတ်တာလေးသည် ထိုလူငယ်လေးအား တွေ့လိုက်သည်နှင့် အံ့အားသင့်စွာဖြင့် ခေါ်လိုက်မိသည်။ ‘’ သခင်လေးယွဲ့..’’
‘’ ရဲခေါ်လိုက်… ဒီကိုတစ်ယောက်ယောက် မူးယစ်ဆေးတွေယူလာတယ်…’’
ယွဲ့စုန့်၏ လေသံမှာနက်ရှိုင်းနေကာ ဆက်ပြောလိုက်သည်။
‘’ ပြီးတော့ လူနာတင်ကားပါ အမြန်ခေါ်လိုက် ဒီမိန်းကလေးက သေတော့မယ်…’’
xxx