အပိုင်း ၂
Viewers 22k

လူနာတင်ကားပေါ်တွင် အလင်းရောင်က တောက်ပမနေပေ။ မိန်းကလေး၏ မျက်လုံးများပွင့်လာပြီး ထိုလှပသောမျက်လုံးများထဲတွင် ကြောက်လန့်မှု နောင်တရမှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် ယွဲ့စုန့်၏လက်ကို သိပ်မများသောခွန်အားလေးဖြင့် အသာဆုပ်ကိုင်ထားသည့်အတွက် သူ့လက်ကိုဆွဲမယူဖြစ်တော့ပေ။
အနီးကပ်သာကြည့်လိုက်မည်ဆိုလျင် ထိုထူထဲနေသည့်မိတ်ကပ်များအောက်တွင် နုနယ်လွန်းသော မျက်နှာလေးတစ်ခုကို တွေ့ရမည်ဖြစ်သည်။ သူမ၏ မျက်နှာကျသည် အလွန်လှပနေပြီး မိတ်ကပ်သာဖယ်လိုက်မည်ဆိုလျင် အလွန်လှပသည့်မိန်းကလေးတစ်ယောက်အဖြစ် ထွက်ပေါ်လာမည်မှာ အသေအချာပင်။
ထိုမိန်းကလေးသည် မူးယစ်ဆေးသုံးစွဲရန် ရည်ရွယ်ချက်မရှိကြောင်း သူသေချာသိနေသည်။ သူမသာ ဆေးသုံးမည်ဆိုလျင် သူ့အားအကူအညီတောင်းလိမ့်မဟုတ်ပေ။
ကြည့်ရတာ အလှမ်းမှားသွားသည့် ခြေလှမ်းတစ်ခုဖြစ်နေပုံပင်။
သူမ မျက်လုံးထဲရှိ ကြောက်ရွံ့မှုများ နောင်တတရားများက ယွဲ့စုန့် နှလုံးသားကို ပျော့ပြောင်းသွားစေသည်။ သူမလက်ကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း နူးညံ့သည်လေသံဖြင့် ‘’ မကြောက်နဲ့တော့နော်… ကိုယ်တို့ ဆေးရုံရောက်တော့မှာပါ… သိပ်မကြာခင် အဆင်ပြေသွားလိမ့်မယ်…’’
ထိုမိန်းကလေး၏ မျက်လုံးများထဲတွင် ကျေးဇူးတင်မှုများပြည့်နှက်သွားပြီး သူမနှုတ်ခမ်းလေးများ လှုပ်လာစဉ်တွင် လုံးဝ သတိလစ်သွားတော့သည်။
ယွဲ့စုန့်သည် သူ၏အချိန်များအလဟသဖြစ်သွားပြီး M နိုင်ငံမှ ဗီဒီယိုကွန့်ဖရန့် လွတ်သွားသော်လည်း အဆုံးတွင် မိန်းကလေးတစ်ယောက်၏အသက်ကို မကယ်လိုက်နိုင်ပေ။ သူ့အနေဖြင့် သူမ၏နောက်ဆုံးခရီးလမ်းကိုသာ ကြည့်နေနိုင်တော့သည်။
ရဲများရောက်လာချိန်တွင် သူ၏အခြေအနေကိုမှတ်ချက်ယူပြီးနောက် ထိုမိန်းကလေး၏အချက်အလက်များကို သိလိုက်ရသည်။
ကျန်းယန်ရှန့် ၊ အမျိုးသမီး၊ အသက် ၂၁ နှစ်၊ လူလွတ်
ငယ်ရွယ်စဉ်မှာပင် သူမ၏အမှားများက သူမဘဝကို နှုတ်ယူသွားပြီဖြစ်သည်။
‘’ကြည့်ရတာ အဲ့ဒါက သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပုံရတယ်…’’ ရဲသားက ပြောလိုက်သည်။
‘’ သူမ ခန္ဓာကိုယ်က မူးယစ်ဆေးနဲ့ပတ်သတ်ပြီး ထိခိုက်လွယ်လွန်းတယ်… ကံမကောင်းတာက သူမ အရမ်းငယ်နေသေးတာပဲ… သူမ မိသားစုက ချမ်းသာပုံရတယ်…’’
ယွဲ့စုန့်က ‘’ သူမ အဲ့ဆေးတွေသုံးဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူး…’’
‘’ကျွန်တော်တို့ အဲ့ဒီအကြောင်းကို စုံစမ်းနေဆဲပဲ…. ဟိုလူအုပ်ကိုလဲ ရဲစခန်းကိုခေါ်သွားပြီးပါပြီ ပြီးတော့ ရလဒ်ကိုမထုတ်ပြန်ရသေးဘူး… ဘာလို့များ အဲ့လိုပြောရတာလဲ… မင်းမှာ အထောက်အထားသက်သေရှိလို့လား…’’
‘’မရှိပါဘူး… စိတ်ထဲက ခံစားလိုက်ရလို့ပါ…’’ ယွဲ့စုန့် ပြောလိုက်သည်။
ထို့နောက် ထိုမိန်းကလေးကို နောက်ဆုံးအကြိမ်ကြည့်ရန် ထွက်သွားလိုက်တော့သည်။
နာစ်မလေးက သူမ မျက်နှာကိုသန့်ရှင်းအောင် သုတ်ပေးလိုက်သည်။ သူမသည် အလွန်ချောမောသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် ငယ်ရွယ်သေးသော်လည်း ထိုကဲ့သို့သောအကျိုးမရှိသည့်လူများနှင့် မည်သို့ပူးပေါင်းသွားမိသည်ကို သူ မသိပေ။
ယွဲ့စုန့် သူမကို သနားသွားသည်။
သူခေါင်းကိုငုံ့ကာ သူမနဖူးကိုညင်သာစွာပွတ်ပေးလိုက်ရင်း နူးညံ့သည့်လေသံတိုးလေးဖြင့် ‘’ နောင်ဘဝမှာ မှန်ကန်တဲ့လမ်းကို လျောက်နိုင်ပါစေ…’’
………………..x x x x x ……………
သူမ မြစ်ကမ်းဘေးတွင် မကြာခဏ လမ်းလျောက်လေ့ရှိသည်။ ကျန်းယန်ရှန့်တစ်ဘဝလုံးကို ကလန်ကဆန်လုပ်ရင်းဖြင့် ကုန်ဆုံးခဲ့သည်။ သို့သော် အဆုံးမှာတော့ သူမဘဝအဆုံးသတ်ခဲ့သည်။
သူမ ဘဝကို သူမထိန်းချုပ်နိုင်သည်ဟု အမြဲထင်မှတ်ခဲ့မိသည်။ ထိုလူအုပ်စုက သူမကို လမ်းလွဲစေခဲ့ပြီး သူမကလည်း သူတို့နောက်သို့လိုက်ကာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းစသည့် မကောင်းသောအရာများကို လုပ်ခဲ့မိသည်။ သူတို့က သူမကို ဆေးသုံးစွဲစေချင်သော်လည်း သူမ ငြင်းဆန်ခဲ့သည်။
သူမ နှလုံးသားထဲတွင် ကြိုးတစ်ချောင်းရှိသောကြောင့် ထိုဖြတ်ကျော်ဖို့မသင့်သော နောက်ဆုံးလိုင်းကို သူမ သိသည်။ သို့သော်လည်း သူမ မမျှော်လင့်မိသည်မှာ သူတို့သည် သူမထင်ထားသည်ထက်ပို၍ မည်းညစ်နေမည်ဟုပင်။ သူတို့က သူမသောက်မည့် အရက်ထဲတွင် ဆေးခတ်ခဲ့သည်။
မည်သူကမျှ သူမ ထိုမူယစ်ဆေးများကို မခံနိုင်ဟု မထင်ထားခဲ့ကြပေ။ ထို့အပြင် ထိုဆေးများသည် သူမကို သေစေသည်အထိ ဆိုးရွားစေခဲ့သည်။
သူမ နောက်ဆုံးမှတ်မိသည့် အခိုက်အတန့်တစ်ခုမှာ အလွန်ခန့်ညားသည့် မျက်နှာတစ်ခုပင်ဖြစ်သည်။ သူ၏မျက်ဝန်းအစုံသည် နက်မှောင်နေပြီး နှာတံလေးမှာဖြောင့်စင်းနေသည်။ သူ့အကျီပေါ်တွင် သွေးစအနည်းငယ်ရှိနေပြီး သန်မာသည့်မေးရိုးက သူ့အား ထူးဆန်းစွာဖြင့် ဆွဲဆောင်မှုရှိနေစေသည်။
သို့သော်လည်း ထိုလူသည် မမျှော်လင့်စွာဖြင့် နူးညံ့နေခဲ့သည်။ သူမဘဝ၏ နောက်ဆုံးအချိန် သူမအကြောက်ဆုံးနှင့် အားအနည်းဆုံးအချိန်တွင် သူက သူမလက်ကိုဆုပ်ကိုင်ထားကာ သူမကို ညင်သာစွာနှစ်သိမ့်ပေးခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူမ အမှောင်ထုထဲသို့ကျရောက်သွားခဲ့သည်။ အေးစက်သော အမှောင်ထုသည် ကြောက်မက်ဖွယ်ရာကောင်းစွာဖြင့် တစ်စပြီးတစ်စ ပိုမိုနက်ရှိုင်းလာသည်။
များပြားလှသော ရုပ်ပုံများသည် သူမ မျက်ဝန်းရှေ့တွေ လွင့်မျောနေသည်။
သူမ သေဆုံးသွားပုံကို သူမကိုယ်တိုင်မြင်တွေ့နေရပြီး လူပေါင်းများစွာက ဝမ်းနည်းနေကြသည်။
သူမ ဖခင်က သက်ပြင်းချလိုက်ပြီး မျက်ရည်နှစ်စက်ကျကာ အတွင်းရေးမှုးကို အသုဘအတွက် ခိုင်းလိုက်သည်
‘’ သူမကို ကောင်းကောင်းမွန်မွန်နဲ့ အသုဘချပေးလိုက်ပါ…’’
‘ကောင်းကောင်းမွန်မွန် …’’ ဆိုသည်မှာ သူမ ဖခင်က သူမကိုပေးနေကျအတိုင်း ပိုက်ဆံများပေးသလို ပိုက်ဆံအမြောက်အများ အသုံးပြုရန်ဆိုလိုခြင်းဖြစ်သည်။
သူမ၏ ငယ်ရွယ်သောမိထွေးသည် တခြားသူများရှေ့တွင် နှစ်သိမ့်စကားအနည်းငယ် ဟန်ဆောင်ကာပြောနေသော်လည်း နှုတ်ခမ်းထောင့်တွင် တခြားသူများမမြင်နိုင်သော အပြုံးတစ်ခုချိတ်ဆွဲထားသည်။ အကြီးဆုံးသမီးဖြစ်သော သူမသာမရှိလျင် မိသားစု၏ ပိုင်ဆိုင်မှုအတွက် ယှဉ်ပြိုင်စရာမလိုတော့ပေ။
နတ်ဆိုးကဲ့သို့သောမောင်ငယ်လေးသည် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်သေးသောကြောင့် သူ့အစ်မ အသုဘတွင် နှာခေါင်းရှုံလိုက်သည်။
ကျန်းယန်ရှန့်အတွက် အံ့အားသင့်သွားစေသည်မှာ သူမ အသုဘတွင် လူတစ်ချို့သည် ဝမ်းနည်းစွာဖြင့် အမှန်တကယ်ငိုကြွေးနေကြခြင်းပင်။
ထိုသူမှာ သူမ မိထွေး၏ သမီးပင်ဖြစ်သည်။ သူမ၏ညီမလေးသည် သူမငယ်စဉ်ကတည်းကပင် သူမနှင့်ရင်းနှီးချင်ခဲ့သူဖြစ်သည်။ သို့သော် ကျန်းယန်ရှန့်က သူမကိုမုန်းတီးနေသောကြောင့် သူမအနား ကပ်ခွင့်မရခဲ့ပေ။
မမျှော်လင့်စွာဖြင့် သူမ အသုဘတွင် ဝမ်နည်းစွာဖြင့်ငိုကြွေးနေသူမှာ သူမ၏ညီမလေးတစ်ယောက်တည်းသာဖြစ်သည်။
သူမဘဝသည် အတော်လေးတန်ဖိုးမဲ့ခဲ့သည်ဟု ကျန်းယန်ရှန့် ခံစားလိုက်မိသည်။ သူမ၏ စိတ်ရှုပ်ဖို့ကောင်းသည့်မိထွေးကြောင့် အရာအားလုံးကိုအရွဲ့တိုက်ကာ ဆေးလိပ်သောက်၊ အရက်သောက်၊ ကျောင်းမတက်ပဲ အသုံးမကျသည့်သူငယ်ချင်းများဖြင့် လျောက်လည်ပတ်ခဲ့သောကြောင့် အဆုံးသတ်တွင် အသက်သေဆုံးခဲ့သည့်အပြင့် အလွန်ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့သည်။
ကျန်းယန်ရှန့် အလွန်နောင်တရခဲ့မိသည်။ တကယ်လို့ သူမတွင် အခွင့်အရေးရှိခဲ့မည်ဆိုလျင် ထိုကဲ့သိုထပ်လုပ်တော့မည် မဟုတ်ပေ။
ငါမုန်းတဲ့သူတွေအတွက် ဘာလို့များ ငါ့ဘဝကို ဖျက်ဆီးခဲ့မိပါလိမ့်….
သူမ ထိုအတွေးကိုတွေးလိုက်မိသည်နှင့် အဝေးမှ လာသည်အသံတစ်ခုကိုကြားလိုက်ရသည်။
‘’နောက်ဘဝမှာ မင်းရဲ့ဘဝကို မှန်ကန်တဲ့လမ်းပေါ်မှာ လျောက်လှမ်းနိုင်ပါစေ…’’
ထို ကောင်းချီးပေးမှုနှင့်အတူ အလင်းရောင်သည် အမှောင်ထုကိုဖြတ်သန်းလာသည်။
ကျန်းယန်ရှန့် သူမ မျက်လုံးကိုဖွင့်လိုက်ချိန်တွင် လွန်ခဲ့သည့် ၆ နှစ်က အချိန်ကို ပြန်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် သူမသည် အသက် ၁၅ နှစ်သာရှိသေးပြီး ကလန်ကဆန်လုပ်ရန် စတင်နေပြီဖြစ်သည်။ သူမ၏လှမ်းနေသော ခြေလှမ်းကိုပြန်ရုတ်သိမ်းလိုက်ကာ ယခုမှစ၍ လမ်းမှားသို့ လျောက်တော့မည်မဟုတ်…
ဘယ်တော့မှ ….
ဒီဘဝမှာတော့ သူမဘဝကိုဖျက်ဆီးဖို့ မည်သူ့ကိုမှ ခွင့်ပြုတော့မည်မဟုတ်ပေ။
Xxxxxx