အပိုင်း ၃-၄
Viewers 28k

Part 3


ကျန်းယန်ရှန့် သေခြင်းတရား၏အမှောင်ထုထဲမှ အလင်းရောင်ကိုတွေ့လိုက်ပြီးနောက် သူမ မျက်လုံးကိုဖွင့်လိုက်စဉ် သူမအိပ်ခန်းထဲတွင် ရှိနေသည်ကို သိလိုက်ရသည်။ သူမသည် လွန်ခဲ့သည့် နှစ်နှစ်လောက်ကတည်းက အပြင်တွင်လျောက်သွားကာ သူမနေထိုင်ရာအိမ်သို့ ပြန်မလာခဲ့ပေ။ ထို့အပြင့် ဒီအခန်းအပြင်အဆင်သည် သူမ အလယ်တန်းကျောင်းတက်တုန်းကပုံစံနှင့် တစ်ထပ်တည်းကျနေသည်။


ကျန်းယန်ရှန့် ရေချိုးခန်းထဲသို့ပြေးဝင်သွားကာ မှန်ကြည့်လိုက်မိသည်။ သူမ အရပ်ပိုပုသွားပြီး ခန္ဓာကိုယ်မှာလည်းပြားကပ်နေသည်။ သူမတွင် သန့်ရှင်းသောမျက်နှာလေးရှိပြီး ထိုမျက်နှာလေးက သူမ၏ဆယ်ကျော်သက်အရွယ်ကို ပြသနေသည်။


လွန်ခဲ့သည့်နှစ်များက ဖုန်းပေါ်မှ ရက်စွဲကိုကြည့်ပြီးနောက် အသုံးမပြုတာကြာပြီဖြစ်သော ကွန်ပြုတာကို ကြည့်လိုက်မိသည်။ နောက်ဆုံးတွင် ကျန်းယန်ရှန့်သည် သူမသေဆုံးပြီးနောက် အသက် ၁၅ နှစ် အလယ်တန်းတတိယနှစ်အရွယ်သို့ ပြန်လည်မွေးဖွားလာကြောင်း သုံးသပ်လိုက်မိသည်။


ကျန်းယန်ရှန့်သည် ထိုအချက်အလက်များကို နားလည်နိုင်ရန် အခန်းထဲရှိဆိုဖာပေါ်တွင် နှစ်နာရီကြာ ထိုင်စဉ်းစားခဲ့ရသည်။


အဲ့ဒီတော့… အရာအားလုံးကို ပြန်စဖို့ အခွင့်အရေးရလာပြီပေါ့လေ…. ဟုတ်တယ် မဟုတ်လား….


သူမ ရုတ်တရက်ပင် အမှောင်ထုထဲမှအသံကိုသတိရသွားပြီး ထိုအသံက သူမကို နောက်ဘဝတွင် မှန်မှန်ကန်ကန်နေထိုင်နိုင်ရန် ဆုတောင်းပေးခဲ့သည်ကို မှတ်မိသွားသည်။


ကျန်းယန်ရှန့် စိတ်လှုပ်ရှားစွာဖြင့် ဆိုဖာပေါ်မှ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။


ဟုတ်ပြီ…. ဒီဘဝအသစ်က အရင်ဘဝဟောင်းလိုမျိုး ရှုပ်ထွေးမနေသင့်တော့ဘူး…. သူမ မသေခင်အထိ ဒါကသူမ၏ကိုယ်ပိုင်ဘဝဆိုတာကို သတိမထားခဲ့မိဘူး။ တခြားသူတွေအတွက်နဲ့ ဘာလို့များမိုက်ရူးရဲဆန်ပြီး ကိုယ့်ဘဝကိုယ် ဖျက်ဆီးပစ်ခဲ့မိရတာလဲ….


အဲ့ဒီတော့ အခုက ဘာတွေဖြစ်နေမှာလဲ… ဒီတစ်ကြိမ်မှာကော သူမ ဘာလုပ်သင့်လဲ…


ကျန်းယန်ရှန့် နှစ်ပတ်ခန့်လှည့်ပတ်နေပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်လိုက်စဉ် သူမနှင့်ရင်းနှီးနေသည့် စားပွဲခုံကိုတွေ့လိုက်ရသည်။ သူမ အလျင်အမြန်ဖြင့် အနားသို့လျောက်သွားလိုက်သည်။ စားပွဲခုံကို အန်တီတစ် မှ သန့်ရှင်းရေးလုပ်ပေးထားသည်။ ကျန်းယန်ရှန့် က ကြုံရာစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ရာ အလယ်တန်းတတိယနှစ်အတွက် လေ့ကျင့်ခန်းစာအုပ်ကိုတွေ့လိုက်ရသည်။ သူမ မျက်လုံးများပြူးသွားကာ နဖူးမှ ချွေးများကျလာသည်ဟု ခံစားလိုက်မိသည်။


မေးခွန်းတစ်ခုတောင် ဖြေမထားဘူးဟ…


မဟုတ်သေးဘူးလေ… မေးခွန်း တစ်ခုလေးတောင်မှ ဖြေမထားတာဟ… မေးခွန်းလေ…


သူမ သင်ယူခဲ့သမျှအရာအားလုံးကို ဆရာများဆီသို့ ပြန်ပေးလိုက်တာလား…


သူမ သေဆုံးချိန်တွင် ကျောင်းတက်နိုင်ရန်အတွက် ပိုက်ဆံတစ်ချို့ပေးလို့ရသည့် ဒီပလိုမာအတွက်ဘွဲ့မရသေးပေ။ 


‘တကယ်တမ်း သူမ အဲ့လောက်တောင် အတန်းမတက်ခဲ့မိတာလား… ဘယ်လိုတောင် အမှိုက်ဆန်ခဲ့တာလဲ….’


ယခုအချိန်သည် ဂျူလိုင်လလယ်ဖြစ်ပြီး အလယ်တန်းကျောင်းဆင်းပွဲပြီးနောက် နွေရာသီကျောင်းပိတ်ရက်ဖြစ်သည်။ ထပ်ပေါင်းပြောရလျင် တစ်လအတွင်း သူမ အထက်တန်းသို့သွားရမည်ဖြစ်သည်။


သူမ သည် K မြို့တော်မှ ရီ အထက်တန်းကျောင်းသို့သွားရမည်ဖြစ်သည်။ ထိုကျောင်းသည် K မြို့တော်ရှိ ကျောင်းများထဲတွင် အကောင်းဆုံးနှင့်ထိပ်ဆုံးရောက်နေသော ကျောင်းတစ်ကျောင်းဖြစ်သည်။


ဖခင်ဖြစ်သူက သူမအတွက် ထိုကျောင်းတက်နိုင်ဖို့ရာ မည်မျှအားထုတ်ခဲ့ရသည်ကို သူမ မသိခဲ့ပေ။ ထိုကျောင်းတွင် သူမ၏ပညာရေးအဆင့်လွန်စွာကျဆင်းခဲ့သည်မှာ သနားစရာကောင်းလှပေသည်။ နောက်ပိုင်းတွင် သူမဘာသာပင် ကျောင်းတက်ဖို့ရာအတွက် လက်လျော့ခဲ့ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ရန်ဖြစ်ခြင်းများဖြင့် စတင်ကျောင်းပြေးတတ်လာတော့သည်။ ထိုဖြစ်ရပ်များ၏ သက်ရောက်မှုက အလွန်ဆိုးရွားလှကာ သူမဖခင်ဘက်မှ ငွေကုန်ကြေးကျခံပေးသော်လည်း အဆုံးတွင် သူမကို ကျောင်းမှ ထုတ်ပယ်ခဲ့သည်။ 


သူမ ဖခင်မှာ သူမစိတ်တိုင်းကျအရှုပ်များလုပ်နိုင်ရန် ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ပို့ပေးရုံသာတတ်နိုင်တော့သည်။ ဘွဲ့ရပြီးနောက် ဒီပလိုမာရစေရန် အသုံးမဝင်သော ကောလိပ်တစ်ခုသို့စေလွှတ်ခဲ့သည်။ ထပ်ပေါင်းပြောရလျင် အထက်တန်းကျောင်းဘွဲ့တစ်ခုသာရှိသည့်အတွက် အလွန်ရှက်စရာကောင်းလိမ့်မည်မဟုတ်ပါလား…


ငယ်ရွယ်စဉ်အချိန်ကို အလဟဿဖြစ်စေခဲ့သည်မှာ အလွန်နှမြောစရာကောင်းသည်။


အဲ့ဒါ တကယ်ကို အသုံးမဝင်တာပဲ…


ထိုအကြောင်း ကျန်းယန်ရှန့် တွေးလိုက်မိသည့်အတွက် သူမ နှလုံးသားထဲမှ အဆင်မပြေမှုများ ခံစားလာရပြီး ချွေးစေးများထွက်လာသည်။


သူမ ဒီလိုထပ်လုပ်လို့မဖြစ်တော့ဘူး…. ဒီဘဝအစမှာပင် အခုအချိန်ကစပြီး မတူညီသည့်လမ်းကြောင်းကို သူမ လျောက်လှမ်းတော့မည်ဖြစ်သည်။


ကျန်းယန်ရှန့် စိတ်များရှင်းလင်းသွားသည်။ ဘာတွေပဲဖြစ်လာပါစေ သူမ ပြန်လည်မွေးဖွားခဲ့ပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင် သူမ လုပ်ရမည့်အရာမှာ တစ်ခုတည်းသာဖြစ်သည်။ နေ့စဉ်တိုးတက်အောင် စာကိုကြိုးကြိုးစားစား လေ့လာရမည်ပင်…


ကျန်းယန်ရှန့် စိတ်ငြိမ်အောင် အသက်ပြင်းပြင်းရှုလိုက်သည်။ သူမ စားပွဲကိုလှန်လှောရှာလိုက်စဉ် သူမ၏ကျောင်းလွယ်အိတ်ကိုတွေ့လိုက်ရသော်လည်း အလယ်တန်းနှင့်ဆိုင်သည့်တခြားစာအုပ်များကို ရှာမတွေ့ပေ။ သူမ စိတ်ထဲမှရေရွတ်လိုက်မိသော်လည်း ထိုလေ့ကျင့်ခန်းစာအုပ်များကို ဘယ်နားထားခဲ့မိမှန်း မမှတ်မိတော့ပေ။ ထိုအချိန်တွင် အခန်းတံခါးခေါက်သံထွက်ပေါ်လာသည်။


 ‘’ ယန်ယန်… ယန်ယန်… ဆရာက သမီးကိုမြန်မြန်လုပ်ဖို့ပြောလိုက်တယ်… အားလုံးပြီးဖို့သင့်ပြီတဲ့… အန်တီတို့ သွားတော့မယ်လေ…’’


ကျန်းယန်ရှန့် ရပ်တန့်သွားသည်။


သူမ ခဏလောက်ရပ်ပြီးနောက် တခါးကိုရုတ်တရက်ဆွဲဖွင့်လိုက်သည်။


သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသမီးတစ်ဦးသည် တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေသည်။ သူမသည် အလွန်အသက်ကြီးနေပြီး ဆံပင်များကိုဆေးအနက်ရောင်ဆိုးထားသည်။ သူမ ဆံပင်များက အရင်းကနေဖြူနေမည်ဟု ကျန်းယန်ရှန့် ခန့်မှန်းနိုင်သည်။


ကျန်းယန်ရှန့် မျက်ဝန်းများရုတ်တရက်နီရဲလာကာ ရှုပ်ထွေးနေသောခံစားချက်များဖြင့် အော်ခေါ်လိုက်မိသည်။


‘’အန်တီ…’’


အမျိုးသမီးက သက်ပြင်းချလိုက်ရင်း ‘’ အကျီဘာလို့ မလဲသေးတာလဲ… မြန်မြန်လေးလုပ်တော့လေ…. မဒမ်တောင် မိတ်ကပ်လိမ်းလို့ပြီးတော့မယ်… သူတို့ကို သမီးအတွက်စောင့်ခိုင်းလို့ မကောင်းဘူးလေ…’’


သူမက အသံကိုနှိမ့်လိုက်ရင်း ‘’ မဟုတ်ရင် သူမက သူ့မခင်ပွန်းကို ထပ်တိုင်နေလိမ့်မယ်…’’


အမျိုးသမီးနာမည်မှာ လော ဖြစ်သည်။ သူမသည် ကျန်းယန်ရှန့် မွေးကတည်းက အသက်ကြီးလာသည်အထိ စောင့်ရှောက်ခဲသော ကလေးထိန်းဖြစ်သည်။ သူမ ကျန်းမိသားစုထဲရောက်နေသည်မှာ ဆယ်စုနှစ်တစ်ခုစာပင် ကျော်နေပြီဖြစ်သည်။


သူမ သည် ကျန်းယန်ရှန့်၏ မွေးမိခင်နှင့်ဆယ်နှစ်ကျော်ကြာနေခဲ့ပြီး အလွန်ရင်းနှီးခဲ့ကြသည်။ ထို့နောက် ကျန်းယန်ရှန့်ကို သူမ၏ သွေးသားအရင်းကဲ့သို့ပင် ဆက်ဆံခဲ့သည်။


လျန့်မျိုးရိုးအမျိုးသမီးသည် မိသားစုထဲဝင်လာပြီးနောက် အန်တီလော ကိုအလုပ်ထုတ်နိုင်ရန် အကြိမ်များစွာ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ကျန်းယန်ရှန့်နှင့် သူမဖခင် ကျန်းဟွမ်က ရပ်တည်ပေးခဲ့သောကြောင့် အန်တီလော ဆက်ရှိနေရခြင်းပင်…


မမျှော်လင့်စွာဖြင့် အန်တီလောသည် ဒုတိယဇနီး၏ ဒုက္ခပေးမှုများမှ ရှင်သန်နိုင်သော်လည်း ကျန်းယန်ရှန့်အတွက် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ 


နောက်ပိုင်းတွင် ကျန်းယန်ရှန့်သည် ပို၍ မနာခံဖြစ်လာကာ ကျန်ဟွန်ကပင် သူမအပေါ် ဂရုမစိုက်တော့ပေ။ သူက သူမ တောင်းသလောက်ပိုက်ဆံများကိုပေးကာ တခြားဘာကိုမှ မတောင်းဆိုတော့ပေ။


ကျန်းယန်ရှန့်၏ မိထွေး လျန့်ယင်းယင်း သည် ထိုကိစ္စအပေါ် မကျေမနပ်ဖြစ်ကာ ပြဿနာတက်စေရန် လှုံ့ဆော်ပေးတော့သည်။


ဒီမိသားစုထဲတွင် ကျန်းယန်ရှန့်အပေါ် ဂရုစိုက်သည့်သူမှာ အန်တီလော သာဖြစ်သည်။


Xxxxxxxx


Part 4


ကျန်းယန်ရှန့်၏ အကျင့်စရိုက်သည် ထိုအချိန်တုန်းက အလွန်မုန်းတီးဖွယ်ရာကောင်းခဲ့သည်။ သူမသည် စိတ်တိုလွယ်ပြီး ငယ်စဉ်တုန်းကလို ပြောစကားနားမထောင်တော့ပေ။ အန်တီလောမှ သူမအား အကြိမ်များစွာဂရုစိုက်ခဲ့သော်လည်း စိတ်ရှုပ်စရာကောင်းသည်ဟု ထင်မှတ်ခဲ့ကာ ဒေါသထွက်စွာဖြင့် စကားလုံးကြမ်းကြမ်းများကို ပြောခဲ့သည်။


 ‘’ ရှင်က ကျွန်မတို့ဆီက ပိုက်ဆံကိုယူနေတဲ့ နာနီတစ်ယောက်ပဲ…. ‘’


သူမ ဒေါသတကြီးဖြင့်ပြောပြီးနောက် အခန်းတံခါးကိုဆောင့်ပိတ်ကာ ထွက်ခွာသွားသည်။


သူမ ထွက်သွားပြီးနောက် အနည်းငယ်စိတ်မကောင်းဖြစ်ခဲ့မိသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ပြောစကားများကြောင့် အန်တီလော ၏မျက်ဝန်းထဲတွင် အနည်းငယ်နာကျင်ခံစားသွားရသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။


သို့သော် ထိုစဉ်တုန်းက သူမ၏အသက်အရွယ်အရ ပြန်တောင်းပန်ဖို့ဆိုသည်မှာ မဖြစ်နိုင်ခဲ့ပေ။ အပြင်တွင် တစ်ပါတ်ခန့် လျောက်သွားပြီးနောက် အိမ်ပြန်ဖို့သတိရလာချိန်တွင် အန်တီလော၏ အခန်းမှာ ဗလာဖြစ်နေသည်ကို တွေ့ခဲ့ရသည်။


လျန့်ယင်းယင်းက အပြုံးလေးဖြင့် ‘’ အန်တီ သူမကိုမောင်းမထုတ်ဘူးနော်… သူမက အကြီးဆုံးသမီးလေးကို မခစားနိုင်တော့ဘူးဆိုတာ သူ့ကိုယ်သူသိသွားလို့နေမှာပေါ့…’’


ထိုအချိန်တုန်းက ကျန်းယန်ရှန့် လျန့်ယင်းယင်းကို တစ်စစီဆွဲဖြဲပစ်ချင်သည်အထိ ဒေါသထွက်ခဲ့သည်။ သို့သော်လည်း ကျန်းဟွမ်က သူမကိုတားလိုက်သည်။ 


‘’ အန်တီလောက အလုပ်ထွက်သွားပြီ အရင်ကတည်းက သူမ မိသားစုက သူတို့မြေးလေးအတွက် ခဏခဏပြန်ခေါ်နေခဲ့တာ … နင့်ကြောင့် သူမ ထွက်မသွားခဲ့တာပဲ… အခုတော့ သူမထွက်သွားပြီလေ…’’


ထိုအချိန်တုန်းက ကျန်းယန်ရှန့် တစ်ယောက်တည်း ရက်ပေါင်းများစွာ စိတ်ဒုက္ခရောက်ခဲ့ရသည်။ ထိုအရာက သူမ မိခင်ဆုံးပြီးနောက်ပိုင်းနှင့် သူမဖခင်နောက်အိမ်ထောင်ပြုပြီးနောက် စိတ်ဒုက္ခပြင်းထန်စွာခံစားခဲ့ရသည့် အကြိမ်ဖြစ်သည်။


ရက်ပေါင်းများစွာကြာပြီးနောက် အန်တီလောကို သူမကိုယ်တိုင်ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း ဖုန်းနံပါတ်မှာ ခေါ်ဆို၍ မရတော့ပေ။


ထိုအချိန်တုန်းက ရွေးပြောင်းအသုံးပြုရသောဖုန်းနံပါတ်များရှိသည်။ အန်တီလောသည် K မြို့တော်မှဖြစ်သည့်အတွက် သူမ မြို့တော်သို့ပြန်သွားလျင် ထိုနံပါတ်မှာလည်းပြောင်းလဲသွားမှာ အသေအချာပင်ဖြစ်သည်။


ကျန်းယန်ရှန့် သည် အန်တီလော နှင့် နှစ်ပေါင်းများစွာ နေခဲ့သော်လည်း အန်တီလော၏ ဖုန်းနံပါတ်မှလွဲ၍ တခြားအချက်အလက်များကို မသိခဲ့ပေ။ လူတိုင်းတွင် နောက်ဆုံးစည်းရှိသည့်အတွက် သူမနှင့် အန်တီလော၏ ဆက်ဆံရေးသည် ထိုအချိန်ကတည်းက အဆုံးသတ်သွားခဲ့ရတော့သည်။


သို့သော် ယခုအချိန်တွင် အန်တီလော၏ သူမအပေါ်ထားရှိသည့် သဘောထားသည် မပြောင်းလဲသေးပေ။ သူမ အလုပ်မထွက်သေးသလို ကျန်းယန်ရှန့်၏အိမ်တွင် ရှိနေဆဲဖြစ်သည်။


ကျန်းယန်ရှန့် နှာခေါင်းမှာ ရှုံ့တွလာပြီး မျက်ရည်များကျလာတော့မလို ခံစားလိုက်ရသည်။ ထို့နောက် သူမက ချက်ခြင်းပင် အန်တီလောကို ဖက်လိုက်ကာ ‘’ အန်တီ လော…’’


‘’အိုကေ…အိုကေ… သမီး သူမနဲ့အတူတူ မသွားချင်ဘူးဆိုတာ အန်တီသိပါတယ် … ဒါပေမယ့် အခုက သမီးအဖွားရဲ့မွေးနေ့လေ… သမီးသာမသွားဘူးဆိုရင် … သမီးအဖွား သေချာပေါက်စိတ်ဆိုးသွားလိမ့်မယ်… သမီးလဲသိရဲ့သားနဲ့… သွား… သွား… လှလှလေးဝတ်လာခဲ့… အန်တီတို့ရဲ့ ယန်ယန်လေးက ဘယ်နေရာသွားသွား မင်းသမီးလေးလို အလှဆုံးဖြစ်နေမှာ…’’


အဖွားမွေးနေ့ပွဲလား…. 


အန်တီလော ပြောသည်ကို နားထောင်ပြီးနောက် ပြက္ခဒိန်ပေါ်က နေ့စွဲများကို သတိရသွားသည်။ အဲ့ဒါက ဒီနေ့ပဲ…


ကျန်းယန်ရှန့် အန်တီလောကိုမတွေ့ခင်ကတည်းက  သူမစိတ်ကို ပြင်ဆင်ပြီးဖြစ်သောကြောင့်  ဘဝအသစ်တွင် ကောင်းမွန်စွာနေထိုင်ပြီး အရင်တုန်းကလို ထပ်လုပ်တော့မည်မဟုတ်ပေ။ ဒီအရွယ်တွင် သူမအနေနှင့်လုပ်သင့်သည့်အရာများကို လုပ်ရမည်ဖြစ်သည်။


‘’အိုကေ… သမီးအခုပဲ အဝတ်သွားလဲလိုက်မယ်…’’ 


ထို့နောက် သူမ ထပ်မေးလိုက်သည်။ ‘’ အန်တီလော… သမီးရဲ့ လေ့ကျင့်ခန်းစာအုပ်တွေ ဘယ်နားထားမိလဲဆိုတာ သိလား… ကျောင်းပြန်မဖွင့်ခင် သမီး ပြန်လှန်လေ့ကျင့်ခန်းလုပ်ချင်လို့…’’


အန်တီလောက အံ့အားသင့်စွာဖြင့် ဝမ်သာသွားပြီး ‘’ အန်တီသိတယ်… အန်တီသိတယ်… အဲ့ဒါက စတိုခန်းထဲမှာလေ… အန်တီ သမီးအတွက်ရှာထားပေးမယ်… အခုတော့ မွေးနေ့ပွဲကို စိတ်ချလက်ချသွားလိုက်နော်…’’


သူမ ကျန်းယန်ရှန့်ကို အဝတ်အစားလဲရန်အတွက် အဝတ်ဗီဒိုနားသို့ တွန်းပို့လိုက်ရင်း ‘’ မူလတန်းတုန်းကဆို သမီးရဲ့ ရမှတ်တွေက အရမ်းကောင်းခဲံတာ… သမီးက အိမ်ကို မကြာခဏ ဆုတံဆိပ်တွေနဲ့ ပြန်လာနေကျ… ပြီးတော့ အမြဲတမ်းလိုလို မိဘဆရာတွေ့ဆုံပွဲတွေမှာ ချီးကျူးခံခဲ့ရတာ…  အဲ့တုန်းကဆို သမီးအမေက အရမ်းပျော်နေခဲ့တာလေ…. တစ်မိသားစုလုံးကလဲ အဲ့ဒါအတွက် ဂုဏ်ယူနေခဲ့ကြတာပေါ့…’’


ကျန်းယန်ရှန့် မိခင်တွင် ကင်ဆာရောဂါရှိသည်။ နှစ်ပေါင်းများစွာ ဓါတ်ရောင်ခြည်ကုထုံးများ၊ ခွဲစိတ်မှုများပြုလုပ်ခဲံရသည်။ ထိုကုသမှုများက သူမအမေကို ကျန်းမာရေးတွင်အားနည်းစေကာ စီးပွားရေးဘက်တွင် စီမံခန့်ခွဲ့မှုများမလုပ်နိုင်တော့ပေ။ တနေကုန် အိပ်ယာထဲတွင် လှဲနေရပြီး သူမအပျော်ဆုံးအချိန်မှာ ကျန်းယန်ရှန့်တစ်ယောက် ကျောင်းမှဆုတံဆိပ်များပိုက်ပြီး အိမ်သို့ပြန်လာချိန်ပင်ဖြစ်သည်။


သို့သော် သူမသည် ကျန်းယန်ရှန့် အသက် ၁၀ နှစ်အရွယ်တွင် ဆုံးပါးခဲ့ရသည်။


သူမ သေဆုံးပြီး ၂ လအကြာတွင် လျန့်ယင်းယင်းက လက်ထပ်စာချုပ်နှင့်အတူ သူမတို့မိသားစုထဲဝင်ရောက်လာသည်။ သူမ တစ်ယောက်တည်းသာမက သူမလက်ထဲတွင် အသက်နှစ်နှစ်အရွယ် ကျန်းရှို့ချန်နှင့် အသက်လေးနှစ်အရွယ် ကျန်းဟယ်လင်းတို့ ပါလာသည်။


ပြောရလျင် ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်မိခင် ခွဲစိတ်မှုလုပ်အပြီး နှစ်နှစ်အကြာတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။


ထိုနှစ်များတွင် ကျန်းယန်ရှန့် မိခင်သည် သူမ၏သေဆုံးမည့်အချိန်ကို စောင့်မျှော်နေရင်း အိမ်ယာပေါ်တွင် လှဲလျောင်းနေရချိန်ဖြစ်သည်။ 


ထို့ကြောင့် လျန့်ယင်းယင်းနှင့် ကလေးနှစ်ယောက်ကို တွေ့လိုက်ရချိန်တွင် ကျန်းယန်ရှန့် အလွန်အမင်းပေါက်ကွဲတော့သည်။


ကလေးမလေးသည် ဒေါသတကြီးအောဟစ်လိုက်ပြီး ကျန်းဟယ်လင်းကို တွန်းချလိုက်သည်။


လျန့်ယင်းယင်းသည် သူမလက်ထဲတွင် သားဖြစ်သူကိုချီထားရသည့်အတွက် သမီးဖြစ်သူကို မကာကွယ်လိုက်နိုင်ပေ။ ထို့ကြောင့် အန်တီလောမှ ကျန်းယန်ရှန့်ကိုဝင်ဆွဲခဲ့ရသည်။


နောက်ဆုံးတွင် သူတို့သားအမိသုံးယောက်လုံးကို အိမ်တွင်နေစေခဲ့ရသည်။ မည်သူကမှ မတားနိုင်သလို အသက် ၁၀ နှစ်သာရှိသေးသည့် ကျန်းယန်ရှန့်သည်လည်း မတားဆီးနိုင်ခဲ့ပေ။


ထိုအချိန်မှစ၍ ကျန်းယန်ရှန့်၏နေ့ရက်များသည် အရင်လိုဖြစ်မလာနိုင်တော့ပေ။ သူမ မူကြိုကျောင်းပြီးဆုံးသွားချိန်တွင် သူမ၏ အမှတ်များသည် ထင်သလောက်မကောင်းတော့ပေ။ သို့သော်လည်း လွန်ခဲ့သည့် နှစ်များတွင် သူမ ကောင်းကောင်းလုပ်ခဲ့သည့်အကျိုးများကြောင့် သူမ အမှတ်များသည် အဆင်ပြေသည့်အဆင့်တွင်သာ ရှိခဲ့သည်။


အိပ်ယာပေါ်တွင်လှဲနေရသော မိခင်ကောင်းကို အမြဲဂုဏ်ယူရအောင်လုပ်နိုင်သည့် သမီးလိမ်မာလေးမှာ ပျောက်ကွယ်သွားတော့သည်။ ထိုသမီးလေး၏ အချိန်အများစုသည် သူမမိထွေးဖြစ်သူနှင့် စကားများခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရပြီး သူမ၏စိတ်သည်လည်း ရွံရှာခြင်း မုန်းတီးခြင်းများဖြင့် ပြည့်နှက်ခဲ့ရသည်။


ကျန်းယန်ရှန့် အဝတ်များလဲပြီးနောက် သူမစိတ်ထဲရှိ အမှတ်တရများကို တွေးနေမိသည်။


ကွယ်လွန်သွားသည့် သူမမိခင်သာ သူမဖြစ်ပျက်ခဲ့သည်များကို သိသွားလျင် အန်တီလော စိတ်ပျက်သလောက် သူမကိုစိတ်ပျက်နေမှာ အသေအချာပင်…


ကျန်းယန်ရှန့်တစ်ယောက် စိတ်ထဲမှလှိုက်တက်လာသော ခါးသီးမှုများကြောင့် မျက်ဝန်းများနီရဲလာသည်။ သူမ ခံစားချက်များကို ထိန်းချုပ်လိုက်ပြီဂ အခန်းထဲမှထွက်လာကာ ‘’ သမီး အကျီလဲပြီးပြီ…’’


‘’ယန်ယန်လေးက အရမ်းလှတာပဲ…’’ အန်တီလောက သူမကိုတွေ့လိုက်သည်နှင့် ချီးကျူးတော့သည်။ 


‘’ ယန်ယန်က တကယ်ကို ကောင်းကောင်းကြီးပြင်းလာတာပဲ…. သမီးလေးက ငယ်ငယ်တုန်းကလဲလှသလို အခုကြီးလာတော့လဲ လှနေတုန်းပဲ…’’


အသက် ၁၅ နှစ်အရွယ်ရှိသည့် မိန်းကလေးတစ်ယောက်အနေဖြင့် ရင်ဘတ်မှာ မဖွံ့ဖြိုးသေးသော်လည်း သူမသည် သေးသွေးသွယ်သွယ်လေးနှင့် ကျက်သရေရှိစွာလှပနေသည်။ သူမ၏ မျက်လုံးများသည် တောက်ပနေပြီး ခြောက်ကပ်မနေပေ။ သူမ၏ ပါးလေးများသည် ဖြူစင်ပြီးနူးညံ့နေကာ သူမမိခင်ကဲ့သို့ပင် မွေးကတည်းက လှပသည့်သူတစ်ယောက်ဖြစ်သည်။


အန်တီလောက ချက်ချင်းပင် သူမဆံပင်ကို ကူစည်းပေးလိုက်သည်။ ဒီအရွယ် မိန်းကလေးများသည် မိတ်ကပ်မလိုပဲ သဘာဝအလှများက အကောင်းဆုံးပင်ဖြစ်သည်။ အန်တီလောက အချိန်ကိုကြည့်ပြီဂနောက် သူမကို တံခါးဝဆီသို့ အလျင်အမြန်တွန်းပို့လိုက်ရင်း ‘’ မြန်မြန်လေး သွားတော့… အဲ့ဒီလူ သမီးကို အနှောက်အယှက်မပေးနိုင်အောင်လို့ မြန်မြန်လေးသွား…’’


အဲ့ဒီလူဆိုသည်မှာ သူမ မိထွေး လျန့်ယင်းယင်းကို ဆိုလိုခြင်းဖြစ်သည်။


သို့သော် သူမ တံခါးဖွင့်လိုက်သည်နှင့် သူမမျက်နှာသို့ အေးစက်သည့်ရေများအပက်ခံလိုက်ရပြီး အခုလေးတင်မှလဲလာသည့် အကျီမှာလဲ စိုစွတ်သွားတော့သည်။


ကျန်းယန်ရှန့် သူမ မျက်နှာကိုသုတ်လိုက်ရင်း တံခါးအပြင်မှ ရေပြွတ်သေနတ်ကိုင်ထားသည့် ကောင်လေးကို စိုက်ကြည့်လိုက်သည်။


နွေရာသီအားလပ်ရက် သူမအဖွားဖြစ်သူမွေးနေ့ပွဲတွင် ထိုကောင်စုတ်လေးမှ သူမ စကတ်နှစ်ထည်ကို ရေပြွတ်သေနတ်ဖြင့် ဖျက်စီးခဲ့သည့် အချိန်ကို သူမ သတိရသွားသည်။ 


ဟုတ်တယ်… နှစ်ထည်လုံးကိုဖျက်စီးခဲ့တာ….


xxxxxx