Ch-6
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၆)


ချင်းရို့သည် အနုပညာအဖွဲ့ထဲတွင် နာမည်ဆိုးရှိလေသည်။ အဆောင်ခန်းရှိလူများက သူမကိုမကြိုက်ကြပေမယ့် သူမကလည်း သူတို့ကိုမကြိုက်ပါဘူး။ သူမကိုစကားလာပြောနေသောလူတွေကတော့ ပလတ်စတစ်ညီအစ်မတွေပေါ့။ 


တကယ်တမ်းမှာတော့ ထိုပလတ်စတစ်ညီအစ်မတွေက အပေါ်ယံမှာ နှစ်သိမ့်အားပေးနေကြပေမယ့်လည်း သူတို့ထဲကလူအနည်းငယ်က သူမဘဝကောင်းမွန်ရာကနေ ကျရှုံးတာကို ပျော်ပျော်ရွှင်ရွှင်ကြည့်ဖို့ စောင့်မျှော်နေကြ၏။ 


"ငါ့ကို လုယန်လို့ခေါ်တဲ့ ရေတပ်အရာရှိတစ်ယောက်နဲ့တွေ့ဖို့လည်း ပြောသေးတယ်" ချင်းရို့က သူမရထားသည့် ဘောနပ်စ်နှင့် အသားလက်မှတ်တွေကို လစ်လျူရှုထားရင်း အတိုချုပ်ရှင်းပြလိုက်သည်။ သူမသည် ကြွေခွက်ကြီးနှင့် အစပြုပြီးတော့မှ နောက်ဆုံးတွင် သတင်းကြီးကို ထုတ်ပြောလိုက်ခြင်းပင်။ 


ဒါရိုက်တာစွင်းက သူမကို တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ပြောတယ်ပေါ့။ 


ချင်းရို့ပြောလိုက်ပေမယ့် အရမ်းအလေးအနက်မထားပေ။ ယခင်က သူမ မူကြိုဆရာမတစ်ယောက်လုပ်တုန်းကလည်း ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကရော... ပြီးတော့ ကလေးမိဘတွေတောင်မှ သူမကို မိတ်ဆက်ပေးချင်ကြတဲ့သူတွေ တော်တော်များများပဲ။ 


အကယ်၍ သူမက တစ်ယောက်ယောက်နဲ့ ဘလိုင်းဒိတ်လုပ်ခဲ့ရင် ကောင်းတာပေါ့၊ သူမသေမှာမဟုတ်ဘူးလေ။ 


အဲ့ဒီကိစ္စအတွက် တကယ်ပဲ ဆင်ခြေမရှိပါဘူး။ ချင်းရို့ကြောက်သည်မှာ လူတွေက သူမကိုအနှောင့်အယှက်ပေးမှာ​ကိုပဲ။ 


ဒါရိုက်တာစွင်းက အတိုချုံးသာမိတ်ဆက်ပေးခဲ့တာတောင်မှ လုယန်က အခြေအနေကောင်းမွန်ကြောင်း ချင်းရို့လည်းသိပါသည်။ သူက အသက် ၂၅နှစ်မှာ တပ်ရင်းဝန်ထမ်းတွေရဲ့ခေါင်းဆောင်ဖြစ်နေပြီလေ။ 


သို့သော် ချင်းရို့မှာ ကိုယ့်အကြောင်းကိုယ်သိလေသည်။ ဒါရိုက်တာစွင်းက သူမကိုမကြိုက်သလို မကြာသေးခင်ကလည်း သူမက ပြဿနာတွေရှာထားသေးတယ်။ အဲ့ဒီအမျိုးသမီးကြီးက သူမကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်နေတာ ဘယ်လိုလုပ်ကောင်းနိုင်ပါ့မလဲနော်။ 


လုမျိုးရိုးနှင့်လူက တစ်ခုခုမှားနေတာရှိရမယ်။ 


ထို့ကြောင့် ချင်းရို့သည် အချက်အလက်တစ်ချို့ရရန် ထိုသူ့နာမည်ကို ဖွင့်ချလိုက်ခြင်းပင်။ သူမက ထိုလူကိုမသိပေမယ့် တခြားသူတွေမသိဘူးလို့ မဆိုလိုဘူးလေ။ စစ်တပ်အသိုင်းအဝိုင်းက သိပ်မကြီးပေ။ ထိုခေတ်အခါမှာ ဖျော်ဖြေရေးလှုပ်ရှားမှုတွေလည်း အများကြီးမရှိသေးဘူး။ လူတိုင်းက တိတ်တဆိတ် အတင်းအဖျင်းတွေပြောတာကို နှစ်သက်ကြ၏။ အကယ်၍ လုယန်မှာ နာမည်ဆိုးရှိခဲ့လျှင် ချင်းရို့လိုပဲ သူ့အကြောင်းတွေကို လူတွေကြားထားမှာပဲ။ 


"လုယန်? အဲ့ဒီလုယန်လား။ ချင်းရို့ နင်တော့သွားပါပြီဟယ်!!" 


သေချာနေပါပြီ၊ တစ်စုံတစ်ယောက်က လုယန်ကို တကယ်ကြားဖူးနေတာပဲ။ 


ချင်းရို့သည် စကားပြောနေတဲ့သူကို ကြည့်လိုက်တော့ အဖွဲ့ထဲရှိအသံချဲ့စက် ထန်ရွေ့ပိုင်ပင်။ သူမ၏မိသားစုက အဆက်အသွယ်တွေရှိပြီး ခရိုင်အတွင်း အတင်းအဖျင်းအများကြီးကိုသိသည်ဟု ဆိုကြ၏။ 


"နင်ဘာလို့ဒီလိုပြောတာလဲဟဲ့" ချင်းရို့၏ပလတ်စတစ်ညီအစ်မများထဲမှ တစ်ယောက်ဖြစ်သော လော့ပေ့ပေ့က မေးလာ၏ "အဲ့ဒီလုယန်က အရင်ကအိမ်ထောင်ပြုဖူးလို့လား" သို့သော် မွန်းကျပ်ကျပ်ခံစားချက်တစ်ခု ထူးဆန်းစွာရှိနေကြလျက်။ 


လော့ပေ့ပေ့ တိတ်တဆိတ်ပြုံးလိုက်သည်။ မစ္စယန်နှင့်ပြဿနာဖြစ်ပြီးကတည်းက တကယ်ပဲ ချင်းရို့ကို ဒုတိယအိမ်ထောင်နှင့် မိတ်ဆက်ပေးချင်တဲ့သူတွေ တော်တော်များများရှိနေတာပဲ။ 


ချင်းရို့သည် လှပသော်လည်း သူမတွင် ညှို့ယူဖမ်းစားသော မြေခွေးမျက်လုံးတစ်စုံရှိလေ၏။ 


"သူ့မှာအိမ်ထောင်မရှိပါဘူး၊ ပြီးတော့ သူ့မိသားစုကလည်း အဆင်ပြေတယ်။ သူက အသက် ၂၀ကျော်လေးပဲရှိသေးတာ၊ ကွန်မန်ဒါဟောင်းလုရဲ့ အငယ်ဆုံးသားလေ။ ဒါပေမယ့် သူက ဒေါသတအားကြီးရုံလေးပဲရှိတာပါ။ သူ့မိသားစုက သူ့ကို ဘလိုင်းဒိတ်တွေအများကြီးတွေ့ခိုင်းပေမယ့် သူကအားလုံးကို ငြင်းပစ်လိုက်တာလေ" 


"ခရိုင်ဆေးရုံက အရမ်းလှတဲ့ သူနာပြုရှောင်းခယ်ကို နင်တို့သိတယ်မလား။ သူနဲ့တွေ့ပြီးပြန်လာတော့ အကြာကြီးငိုနေတော့တာတဲ့" 


"သူက အရမ်းရက်စက်တယ်ဆိုပဲ။ ချင်းရို့ရေ နင် သူ့ကိုတွေ့တဲ့အခါ ပြေးမငိုနဲ့နော်။ အဖြစ်ကတော့ဒါပါပဲ" ထန်ရွေ့ပိုင်က ပြုံးရုံလေးပြုံးလိုက်တော့၏။ 


ချင်းရို့နဲ့လုယန်တို့ရဲ့တွေ့ဆုံမှုမှာ ကျည်ဆံနှစ်တောင့်တိုက်မိတာလို့ သူမခံစားရသည်။ လုယန်၏ဒေါသက တရားလွန်ဖြစ်ပြီး ချင်းရို့မှာလည်း ပိုတောင်ဆိုးသေး၏။ 


- ဒီနှစ်ယောက်က ဖြစ်နိုင်ပါ့မလား။ 


စိတ်ကူးယဥ်ဆန်ဆန်ကြီးဟ! နေကအနောက်ဘက်ကထွက်လာခဲ့ရင်ပေါ့။ 


"ချင်းရို့ရေ နင်ကအရမ်းလှတာလေ၊ ယောက်ျားတစ်ယောက်က နင့်ကို ဘယ်လိုများရက်စက်နိုင်မှာလဲဟယ်။ ပြီးတော့ သူက မိသားစုကောင်းကောင်းကဆိုတော့ နင်သေချာဂရုစိုက်နိုင်မှာပါ!" အဲဒါကိုကြားတော့ လော့ပေ့ပေ့က အင်တင်တင်ပြုံးနေ၏။ လုယန်၏မိသားစု အခြေအနေမှာ ဒီလောက်ကောင်းနေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ကွန်မန်ဒါဟောင်း၏အငယ်ဆုံးသားမှာ လူပျိုလူလွတ်ဖြစ်နေသေးဆဲ။ သို့ရာတွင် သူက ဒေါသအရမ်းကြီးတာလေးပဲရှိတာကို ချင်းရို့နှင့် တကယ်ပဲ မိတ်ဆက်ပေးခဲ့သည်။ 


ချင်းရို့က နည်းနည်းလေးပိုလှရုံပါပဲ။ 


လော့ပေ့ပေ့သည် မနာလိုဖြစ်နေသော်လည်း သူမဆန္ဒနှင့်ဆန့်ကျင်စွာပင် ချင်းရို့၏အလှကို ချီးကျူးနေလိုက်ပြီး "လုယန်"ဆိုတဲ့ လက်တွဲဖော်ကောင်းကို ကောင်းစွာဂရုစိုက်ရန် အားပေးလိုက်၏။ 


နာမည်ကောင်းရှိသည့်မိသားစု၏အငယ်ဆုံးသားဖြစ်ပေမယ့် နာမည်ဆိုးဖြင့်ကျော်ကြားနေသော လုယန်အကြောင်း ထန်ရွေ့ပိုင်ပြောတာကိုကြားလိုက်မိတော့ ချင်းရို့က ဒီလိုအရိုးမာမာကြီးကို ဘယ်လိုများဝါးနိုင်ပါ့မလဲ။ 


မဖြစ်နိုင်ပါဘူးလေ။ 


ဖြစ်နိုင်ချေအများဆုံးမှာ ထိုလူကမိသားစုကောင်းမှဖြစ်၍ ချင်းရို့က အမြင့်ကိုတက်လိုပြီး သူနှင့်ငြိချင်တာပဲဖြစ်ရမယ်။ ထိုလူက သူမကို အောက်တန်းကျပြီး နန့်တန့်တန့်မိန်းကလေးလို့ထင်ပြီး နောက်ဆုံးမှာ ဟာသဖြစ်ဦးမှာပဲ။ 


သူမသည် ချင်းရို့အား အရိုးမာမာကိုဝါးရန် အားပေးလိုက်၏။ 


"ကောင်းပါပြီ ငါ အဲ့ဒီကိစ္စကို ဂရုစိုက်လိုက်ပါ့မယ်" ချင်းရို့က သူတို့ပြောတာကို နားထောင်ပြီးနောက် စိတ်သက်သာရာရသွား၏။ 


လုယန်က ပြဿနာကြီးတစ်ခုလို့မထင်ရပါဘူး။ သူက ဒေါသကြီးပြီး ကျောက်စိမ်း (မိန်းကလေး)တွေကို ဘယ်လိုသနားကြင်နာရမှန်းမသိတာပါပဲလေ... 


ချင်းရို့က တွေးလိုက်၏ 'ငါက သူ့မိန်းမမဟုတ်ဘူးလေ၊ ဒါကြောင့် သူ့မှာစိတ်ကောင်းရှိလားမရှိလားဆိုတာကို ဂရုမစိုက်ပါဘူးနော်။ သူ့ရဲ့ဒေါသကို ငါကဂရုစိုက်စရာလား။ ငါက သူနဲ့နေမှာမှမဟုတ်ပဲ...' 


ပြီးတော့ သူနဲ့ ဘလိုင်းဒိတ်တွေ့ကြရုံလေးပဲဟာ၊ သူကနဂါးလည်းမဟုတ်ပါဘူး၊ ငါ့ကိုစားနိုင်မှာမို့လို့လားနော်။ 


သူ့အကြီးအကဲတွေက သူ့ကို အတင်းအကျပ်လက်ထပ်ခိုင်းနေတာကြောင့် ဒီလိုတွေပြုမူနေတာပဲဖြစ်ရမယ်။ 


ဒီလိုမျိုးဘလိုင်းဒိတ်ကလည်း ကောင်းပါတယ်၊ အနည်းဆုံးတော့ သူက သူမကိုအနှောင့်အယှက်မပေးတော့ဘူးပေါ့။ 


ချင်းရို့က လျှို့ဝှက်စွာခေါင်းတညိတ်ညိတ်ဖြင့် —— ငါ့မှာ မှန်ကန်တဲ့သဘောထားရှိနေသရွေ့ ခေါင်းဆောင်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို လှည့်စားနိုင်မှာပဲ။ ချင်းရို့၏နာမည်ဆိုးကိုလည်း ဖယ်ရှားပစ်နိုင်မှာပါ။ 


ချင်းရို့သည် အိပ်ရာပေါ်တက်လိုက်ကာ ပိုက်ဆံနှင့် အသားလက်မှတ်တွေကို ဝှက်လိုက်ပြီးနောက် အသစ်စက်စက်ကြွေခွက်ကို ဆေးကြောရန် အိပ်ရာမှပြန်ထလိုက်သည်။ 


ကြွေခွက်ကိုကိုင်ထားရင်း ဆွံ့အနေမိလျက် - ဒီလိုမျိုးကြွေခွက်ကြီးရှိသေးတယ်လား။ ဒါက တကယ်ပဲ ခွက်တစ်ခွက်ဟုတ်ရဲ့လား၊ ပန်းကန်လုံးကြီးမဟုတ်ဘူးလားဟင်။


xxx