Ch-7
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၇)


လုယန်နှင့်တွေ့ရမည့်နေ့ သတ်မှတ်ထားပြီးဖြစ်သည်။ ခေါင်းဆောင်က သူမအပေါ် အပြစ်ရှိသလိုခံစားရ၍ ချင်းရို့အတွက် ခွင့်တစ်ရက်ပေးလိုက်၏။ 


ချင်းရို့: "...?" 


အဲ့ဒီစစ်တပ်အရာရှိက အရမ်းကြောက်ဖို့ကောင်းလို့လား။ 


လုယန်နှင့်သူမတို့လို ဆူးနှစ်ချောင်းပေါင်းစည်းခြင်းက ​ဆိုးရွားလွန်းသည်မှာ တခြားသူများရဲ့အမြင်တွင် ထင်ရှားနေခဲ့သည်။ 


အားလပ်ရက်တစ်ရက်ရတယ်ဆိုတာ အမြဲကောင်းတာပဲလေ။ 


ချင်းရို့သည် အိပ်ဆောင်သို့ ပြန်သွားလိုက်ပြီး ပိုက်ဆံနှင့်အသားလက်မှတ်များကိုယူ၍ ပေါ့ပေါ့ပါးပါး၀တ်စုံကို ၀တ်ဆင်ကာ နေ့လည် ၂း၃၀ တွင် အနုပညာအဖွဲ့မှ ထွက်လာခဲ့၏။ 


သူမသည် စတိုးဆိုင်နှင့် သရေစာရောင်းတဲ့ဆိုင်ဆီ ဦးစွာသွားခဲ့သည်။ ထို့နောက် ပင်းချန်ဘတ်စ်ကားဂိတ်မှာ ဘတ်စ်ကားစီး၍ တစ်နာရီကျော်ကြာပြီးနောက် မူခမ်းစိုက်ပျိုးရေးခြံဆီ ရောက်သွားခဲ့ပြီ။ 


ခြံဝင်းတို့ဖြင့် ဝန်းရံထားသော အုတ်အိမ်တွေ အတန်းလိုက်ရှိနေ၏။ လူတွေက အလုပ်လုပ်ရာတွင် ထုတ်လုပ်ရေးကိရိယာတွေကို သုံးလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ 


ချင်းရို့ရောက်လာခြင်းမှာ လူများရဲ့အာရုံစိုက်မှုကို ခံလိုက်ရ၏။ သူမသည် အိမ်များကို ရေတွက်ရင်း ပျက်စီးယိုယွင်းနေတဲ့ သီးသန့်အိမ်ဆီသို့ ရောက်လာခဲ့သည်။ တံခါးအရှေ့တွင် လှေကားသုံးထစ်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စိုက်ထားပေမယ့် တက်နင်းမိသွားလေသည်။ 


ယိုယွင်းနေတဲ့တံခါးကို အနက်ရောင်ရွှံ့မြည်းချေးတို့ဖြင့် ဖုံးအုပ်ထားပြီး စက္ကူကပ်ထားတဲ့ ပြတင်းပေါက်များတွင်လည်း အပေါက်ကြီးများစွာရှိနေခဲ့သည်။ နေ့ခင်းဘက် အိမ်မှာလူတွေရှိနေသောကြောင့် တံခါးမပိတ်ထားချေ။ ထို့ကြောင့် ချင်းရို့က တံခါးကို တိုက်ရိုက်တွန်းဖွင့်ကာ အိမ်ထဲကို ဝင်လိုက်၏။ 


ချင်းရို့ဝင်လိုက်သည်နှင့် ကျောက်တုံးတွေနှင့် သစ်ရွက်အဆွေးတွေကို ကောက်ယူရန် ခါးကိုင်းနေသော ရှေ့ဖုံးခါးစည်းဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ နွားချေးမာမာတွေက စားပွဲပေါ်၊ နံရံပေါ်၊ မြေကြီးပေါ်တွင်… တံခါးနှင့် ပြတင်းပေါက်များအနီးတွင် ပြန့်ကျဲနေလေသည်။ 


အမျိုးသမီးသည် မီးခိုးရောင်ဝတ်စုံနှင့် အဖြူရောင်ရှေ့ဖုံးခါးစည်းကို ၀တ်ဆင်ထား၏။ ခါးစည်းမှာ ဆေးကြောလို့မရနိုင်တော့တဲ့ မီးခိုးရောင်အစွန်းအထင်းများရှိနေသည်မှာ ကြာလှခဲ့ပြီ။ အပြင်မှ တစ်စုံတစ်ယောက်ဝင်လာသည်ကို သူမ သတိပြုမိလိုက်ရာ ထိုလူက နောက်တစ်ကြိမ်ထပ်ပြီးဒုက္ခပေးမည်ကို သူမကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူမလှမ်းကြည့်လိုက်သည့်အခါ ချင်းရို့ကို မြင်လိုက်ရ၍ သူမရဲ့မျက်လုံးတွေမှာ အံ့အားသင့်မှုများပြည့်နှက်သွားလျက်။ 


ထိုအမျိုးသမီးသည် နားရွက်နားလောက်ရှည်တဲ့ဆံပင်တိုတိုရှိပြီး ကြီးမားလုံးဝိုင်းတဲ့မက်မွန်သဏ္ဍာန်မျက်ဝန်းများနှင့် နှုတ်ခမ်းထူထူတို့မှလွဲ၍ သူမ၏မျက်နှာမှာ ချင်းရို့နှင့်ဆင်တူပေသည်။ 


ချင်းရို့ကိုတွေ့လိုက်သည့်အခါ သူမ အံ့သြသွားပြီး စကားမပြောထွက်တော့။ အခန်းထဲက ကလေးနှစ်ယောက်က တိုးထွက်လာပြီး ချင်းရို့ကို ဝန်းရံလျက် ပျော်ရွှင်စွာအော်နေကြ၏ "အန်တီ!!" 


"မေမေရေ! အန်တီ ရောက်လာပြီ!!" 


ချင်းရို့က ချင်းမျန့်ကိုပြုံးပြကာ "မမ"လို့ ခေါ်လိုက်သည်။ 


"ညီမလေး၊ နင်ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ" ချင်းမျန့်က သူ့ညီမကိုတွေ့ရတော့ အရမ်းပျော်နေသည်။ သူမရဲ့ပါးကိုသုတ်ရန် လက်မြှောက်လိုက်ပြီး ခေါင်းကိုလှည့်လိုက်ရာ အိမ်မှာရှုပ်ပွနေတာကိုမြင်တော့ ရှက်သွား၍ အလျင်အမြန် တံမြက်စည်းကောက်လှည်းတော့သည်။ 


ချင်းရို့က သူမကို သန့်ရှင်းရေးကူလုပ်ပေးနေရင်း ပြောလာ၏။ "ဒီနေ့ပွဲမှာ ဆုရခဲ့လို့လေ၊ ခေါင်းဆောင်က ညီမကို အထူးအားလပ်ရက်ပေးလိုက်တာ" 


"ငါ့ညီမလေးက တော်လိုက်တာ!" ချင်းမျန့်က ပြုံးလိုက်ပြီး လက်ဆန့်ထုတ်ကာ ချင်းရို့လက်ကိုတားလိုက်ရင်း "ဘာလို့ရှင်းနေတာတုန်း။ ကလေးတွေခေါ်ပြီး ဟိုမှာသွားထိုင်နေ။ ကျွမ်းကျွမ်းရေ မင်းအန်တီအတွက် ရေတစ်ခွက်ခပ်ပေးလိုက်ဦး" 


ချန်ကျွမ်းကျွမ်းသည် ချင်းမျန့်၏အကြီးဆုံးသမီးဖြစ်သည်။ သူမလေးက အသက် ၇နှစ်ရှိပြီဖြစ်ပြီး သူမဘေးကတစ်ယောက်မှာ သူမ၏အမြွှာမောင်လေး ချန်ကျင်ဟွာပင်။ ကလေးနှစ်ယောက်လုံးက သူတို့ရဲ့အန်တီကိုတွေ့ရ၍ အလွန်ပျော်ရွှင်နေကြ၏။ 


သူတို့အန်တီရောက်ရင် အိမ်မှာအသားရှိလာမှာလေ။ 


ချင်းမျန့်သည် လျောင်ပြည်နယ်တွင် အခြားဆွေမျိုးများမရှိသလို ညီမတစ်ယောက်သာရှိ၏။ သူမရဲ့ညီမရောက်လာတိုင်း သူမအတွက် အရသာရှိသောအရာတွေကို အမြဲချက်ပြုတ်ပေးတတ်သည်။ 


ချင်းရို့သည်လည်း သူမရဲ့အစ်မနှင့် ရင်းနှီးပေသည်။ သူမပိတ်ရက်ရတိုင်း အစ်မဆီကိုသွားတတ်၏။ ချန်မိသားစု၏အခြေအနေမှာ သိပ်မကောင်းပေ။ သူမသည်လည်း တစ်လမှာ ၁ကြိမ် ၂ကြိမ်သာ အစားကောင်းစားနိုင်သောကြောင့် ချန်အိမ်ကိုသွားခြင်းပင်။ ထိုနေ့များသည် သူမအစ်မနှင့်ခဲအိုတို့၏ အစားအသောက်တွေ ပိုကောင်းလာတတ်သော နေ့ရက်များဖြစ်လာခဲ့၏။ 


ပါးနပ်လှတဲ့ကလေးတွေက ဒီစည်းမျဥ်းကို နားလည်သဘောပေါက်လာသည်မှာ ကြာနေပြီလေ။ 


ချင်းရို့သည် တူမလေးခပ်ပေးသောရေကို သောက်လိုက်ပြီး ကလေးတွေကိုပေးရန် သူမအိတ်ထဲမှ ယုန်ဖြူသကြားလုံးတစ်ထုပ်ကို ယူလိုက်၏။ 


ချန်ကျွမ်ကျွမ်က သကြားလုံးနှစ်လုံးကို ယူလိုက်ပြီး "မောင်လေးကို တစ်လုံးပေးလိုက်မယ်!" 


ချင်းမျန့်သည် သကြားလုံးတွေကိုမြင်တော့ ချင်းရို့အား စိုက်ကြည့်လျက် "နင့်ကိုပိုက်ဆံတွေသုံးဖို့ ဘယ်သူပြောလို့တုန်း" 


"ကလေးတွေအတွက်လေ၊ အစ်မလည်းစား" ချင်းရို့သည် သကြားလုံးအခွံကိုခွာ၍ ချင်းမျန့်၏ပါးစပ်ထဲ ခွံ့ပေးလိုက်၏။ 


ချင်းမျန့်က သကြားလုံးကို တွန့်ဆုတ်စွာစားလိုက်ရာ ပါးစပ်ထဲမှာ ချိုမြိန်တဲ့နို့ရနံ့လေး ပျံ့သွားတော့သည်။ သူမဘဝက ခါးသီးပေမယ့်လည်း နှလုံးသားထဲမှာ ချိုမြိန်မှုနည်းနည်းလေးတော့ရှိနေဆဲပါပဲ။ 


သူမ မြန်မြန်ဝါးစားလိုက်ပြီး "သကြားလုံးစားပြီး နွားချေးတွေကျုံးရမှာ အနံ့တွေဆိုးကုန်တော့မှာပေါ့" ဟု ရယ်ရင်းပြောလာ၏။ 


"ခဲအိုရောဘယ်မှာလဲ" 


"အိမ်ထဲမှာလေ ငါ့ယောက္ခမကို ဂရုစိုက်နေတာ" ချင်းမျန့်က ဘာမှထပ်မပြောချင်တော့သလို မျက်လွှာချလိုက်၏။ 


ချင်းရို့ ထပ်မမေးလိုက်တော့။ 


အစ်မချင်းမျန့်က ပညာတတ်မိသားစုတွင် အိမ်ထောင်ကျခဲ့၏။ သူမရဲ့ခဲအို ချန်မျန့်မှာ  ကျောင်းဆရာဖြစ်ပြီး ချန်မျန့်ရဲ့အဖေသည်လည်း ပင်းချန်ရှိတက္ကသိုလ်တစ်ခုမှာ ဆရာတစ်ယောက်ပင်။ 


ချင်းရို့ရဲ့အစ်မဖြစ်သူ ချင်းမျန့်သည် ချွမ်ရှန်းမှဖြစ်၏။ သူတို့အဖေက စောစောသေဆုံးခဲ့ပြီး အမေကတော့ နောက်အိမ်ထောင်ပြုဖို့ နောက်ထပ်ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ ထိုအချိန်တွင် ချင်းရို့က ငယ်သေး၍ သူမရဲ့မိခင်မှာ ခုနစ်နှစ်/ရှစ်နှစ်အရွယ်သာရှိသေးသည့် ချင်းရို့ကိုပဲ သူမနှင့်အတူခေါ်သွားခဲ့လေသည်။


xxx