၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၈)
ချင်းမျန့်သည် သူမရဲ့အဘိုးအဘွားအိမ်တွင် အခြားညီအစ်ကိုနှစ်ယောက်နှင့် အတူနေခဲ့ရသည်။ နောက်ပိုင်းတွင် ငယ်ရွယ်လှပသောချင်းမျန့်ဟာ သူငယ်ချင်းကိုတွေ့ဖို့ တောင်ပိုင်းကို လာလည်သောချန်မျန့်နှင့် အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး အိမ်ထောင်ကျခဲ့ကြသည်။ (Me: ချင်းမျန့် နဲ့ ချန်မျန့် မှားရေးမိတော့မှာပဲကွယ် 🙃)
ချင်းရို့က သူ့အမေနှင့်လိုက်သွားရသဖြင့် ပထွေးရှိလာခဲ့သည်။ ထိုပထွေးသည်လည်း ကောင်လေး၂ယောက်ကို ခေါ်လာခဲ့၏။ သူမက မကြာခဏ အနိုင်ကျင့်ခံရလို့ ဒီလိုမျိုးစိတ်တိုဒေါသကြီးတတ်လာရတာဖြစ်သည်။
ပထွေးအိမ်၌ အစပိုင်းတွင် သူမအသက်ရှင်ဖို့တောင် အနိုင်နိုင်ပင်။ နောက်ပိုင်းတွင် ချင်းရို့က အသက် ၁၂နှစ်၊၁၃နှစ်ရောက်လာတော့ သူမလေးက ပိုလှပလာသောကြောင့် သူမရဲ့ပထွေးဖြစ်သူက သူမအား ဗလက္ကာရလုပ်ချင်ခဲ့သည်။
ထို့နောက် ချင်းရို့က သူမရဲ့ပထွေးအိမ်မှ လွတ်မြောက်ခဲ့ပြီး သူမရဲ့အစ်မ ချင်းမျန့်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ သူ့ညီမအတွက် စိတ်မကောင်းဖြစ်သွားကာ မြောက်ဘက်လျောင်ပြည်နယ်သို့ သွားသင့်တယ်လို့ အကြံပေးခဲ့၏။
ချင်းရို့သည်လည်း ရဲရင့်တဲ့မိန်းကလေးတစ်ယောက်ပင်။ သူမသည် အသက် ၁၃နှစ်၊ ၁၄နှစ်အရွယ်တွင် တစ်ယောက်တည်း ရထားလက်မှတ်ကို ဆုပ်ကိုင်ကာ မရင်းနှီးသော လျောင်ပြည်နယ်သို့ ရက်အနည်းငယ်ကြာ ရထားဖြင့် ခရီးဆက်ခဲ့လေသည်။
သူမရဲ့အစ်မအိမ်သို့ရောက်သောအခါ ချင်းရို့မှာ မိသားစု၏နွေးထွေးမှုကို ခံစားခဲ့ရ၏။ အစ်မချင်းမျန့်က သူမအပေါ် အရမ်းကြင်နာလေသည်။ ချင်းရို့မှာ ချောမောလှပကာ အသံကောင်းသောကြောင့် သူမကို ပြည်တွင်းအနုပညာကျောင်းသို့ ပို့ပေးခဲ့သည်။
အသက် ၁၆နှစ်တွင် အနုပညာကျောင်းမှ ဘွဲ့ရပြီးနောက် ချင်းရို့သည် ဒေသဆိုင်ရာသီချင်းနှင့် အကအဖွဲ့သို့ ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ယဉ်ကျေးမှုနှင့် အနုပညာအဖွဲ့သို့ ဝင်ခွင့်ရခဲ့သည်။ သို့ရာတွင် ချင်းမျန့်နှင့် သူမရဲ့ခင်ပွန်းမိသားစုမှာ အရိုက်နှက်ခံရပြီး လယ်ကွင်းဆီ ပို့ခံလိုက်ရသည်။ ချင်းမျန့်မှာ အလွန်ညှဉ်းပန်းခံရသည့်ဘဝဖြင့် နေထိုင်ခဲ့ရပေသည်။
ချင်းရို့က ခေါင်းဆောင်ယန်ကို လက်ထပ်ချင်ရသည့် အကြောင်းအရင်းမှာ သူမအစ်မရဲ့ မိသားစုကို စောင့်ရှောက်ဖို့နှင့် သူတို့ရဲ့ဘဝကို ပိုကောင်းအောင်လုပ်ပေးနိုင်ဖို့သာ မျှော်လင့်ခဲ့သည်။
"အနာဂတ်မှာ ဒီလိုမိုက်မဲတာတွေ ထပ်မလုပ်နဲ့တော့။ ကံကောင်းထောက်မစွာနဲ့ နင်လက်မထပ်လိုက်ရလို့ပေါ့ဟယ်။" ချင်းမျန့်က သူမညီမလေးရဲ့ ပျော်ရွှင်မှုကို ပြက်ရယ်မပြုချင်ခဲ့ပေ။
ချင်းရို့က ခေါင်းညိတ်ပြီး သဘောတူလိုက်ရင်း "မမရယ် ငါထပ်ပြီး မိုက်မဲတာတွေမလုပ်တော့ဘူးဆိုတာ သေချာပါတယ်။"
ချင်းမျန့်လည်း သက်ပြင်းချလျက် "ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲဟာ။ နင့်ကို ဆွဲချနေမိတာပဲ။"
သူမရဲ့မိသားစုက အဆင်မပြေတဲ့အတွက် သူမညီမရဲ့ အိမ်ထောင်ရေးကို နှောင့်နှေးစေနိုင်တယ်လေ။
"မမရယ် ဒီလိုမပြောပါနဲ့။ နင်နဲ့ ခဲအိုသာ ငါ့ကိုခေါ်မထားခဲ့ရင် ငါ့ဘဝကြီးဘယ်လိုဖြစ်နေမလဲဆိုတာ ငါမသိဘူး။"
"ငါတို့က ညီအစ်မတွေပဲ၊ ဒီအကြောင်းတွေပြောနေစရာလား"
ချင်းရို့က ဒီစကားတွေပြောနေရင်း နွေးထွေးပြီး ချဉ်သလိုလိုခံစားလိုက်ရသည်။ သူမမှာ မူလချင်းရို့ရဲ့မှတ်ဥာဏ်တွေရော တချို့ခံစားချက်တွေပါ အမွေဆက်ခံခဲ့ရသည်။
ချင်းရို့သည် သူမရဲ့အစ်မနှင့် အလွန်ရင်းနှီးကြလေသည်။
ချင်းရို့မကူးပြောင်းလာခင်မှာ သူမရဲ့မိဘတွေက အစောကြီးကွာရှင်းထားကြပြီးဖြစ်သလို သူတို့ကိုယ်ပိုင်မိသားစုတွေရှိနေခဲ့ကြပြီးဖြစ်သည်။ သူမကတော့ အဖွားနဲ့နေခဲ့ရပြီး အဖွားကွယ်လွန်သွားသည့် နောက်ပိုင်းတွင်လည်း သူမမိဘတွေက သူမကိုဂရုမစိုက်ကြ၍ တစ်ယောက်တည်းနေခဲ့ရလေသည်။
သူမရဲ့အဖွားက သူမအတွက် အိမ်ဟောင်းတွေ အများကြီးချန်ပေးထားခဲ့သည်။ ပထမတော့ သိပ်တန်ဖိုးမရှိဘူးလို့ ထင်ခဲ့၏။ သူမလည်း ၎င်းတို့ကိုသိမ်းထားခဲ့ပြီး အငှားတင်ကာ ငွေရှာခဲ့၏။ သူမရဲ့အဖွားကို ချစ်တဲ့စိတ်ကြောင့် ဒီအိမ်တွေကို ဘယ်တော့မှ မရောင်းခဲ့ချေ။ နောက်ပိုင်းတွင် ၎င်းတို့ကို ဖြိုဖျက်ကာ တိုက်ခန်းများအဖြစ်သို့ ပြောင်းလဲခဲ့သည့်အပြင် ရှန်ကျန်းတွင် အိမ်ယာဈေးတွေလည်း တောက်လျှောက်ထိုးတက်သွားခဲ့သည်။ သို့ရာတွင် ချင်းရို့သည် သူမရဲ့ချမ်းသာမှုကို မထုတ်ဖော်ဘဲ သာမာန်ဘဝဖြင့်သာ ဆက်လက်နေထိုင်လျက် ငှားခတွေစုဆောင်းရင်း ကျောင်းဆရာမတစ်ဦးဖြစ်လာခဲ့သည်။
အစားအသောက်နှင့် အဝတ်အစားအတွက် စိတ်ပူစရာမရှိသော်လည်း သူမသည် ဆွေမရှိမျိုးမရှိဖြစ်၍ နှစ်တိုင်းနှစ်တိုင်း နှစ်သစ်ကူးအကြိုတွင် အချိန်အတူတူကုန်ဆုံးမယ့်သူမရှိခဲ့ပေ။
၁၉၇၀နှစ်များတွင် သူမသည် အစားအသောက်နှင့် အဝတ်အစား ရှားပါးသော်လည်း သူမကို ဂရုစိုက်ပေးသည့်ဆွေမျိုးများရှိလေသည်။
ချင်းရို့လည်း ရေစီးကြောင်းအတိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏။ ဘယ်လိုပဲအဆင်မပြေဖြစ်နေပါစေ၊ သူမလည်း ကောင်းမွန်တဲ့ဘဝကို နေချင်တာပေါ့နော်။
"ဘာလို့ နင့်အသံပြောင်းသွားတာလဲ?"
"မမ ငါမန်ဒရင်းလေ့ကျင့်နေတာလေ။ ငါ ရေဒီယိုရုပ်သံစာမေးပွဲဖြေပြီး သတင်းကြေညာသူတစ်ယောက် ဖြစ်ချင်လို့။" ချင်းရို့က ဘာလို့အသံပြောင်းသွားသလဲဆိုတာ ရှင်းပြလိုက်သည်။
ချင်းရို့အတွက်တော့ သင့်လျော်တဲ့အလုပ်တစ်ခုပင်။ ဤခေတ်အခါတွင် သတင်းကြေငြာသူက အလုပ်ကောင်းတစ်ခုဖြစ်ပြီး အနုပညာအဖွဲ့ထက် ပို၍သက်တောင့်သက်သာဖြစ်ကာ လစာလည်း ပိုများပေ၏။ လူတိုင်း မနာလိုအားကျရမယ့် အလုပ်တစ်ခုပါပဲ။
ချင်းရို့သည် သာမန်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး သူမရဲ့မေဂျာမှာ အဆင့်မြင့်မန်ဒရင်းလိုအပ်ပေသည်။ သည့်အပြင် သူမက ကျောင်းတက်ရင်း အလုပ်လုပ်တာဖြစ်၍ အသံလွှင့်ခြင်းနှင့် အစီအစဥ်မှူးလုပ်ရာတွင် အတွေ့အကြုံများစွာ ရရှိခဲ့၏။ သူမအလုပ်ကြိုးစားပါက ဤခေတ်ရဲ့ သတင်းကြေညာသူအဖြစ် အသိအမှတ်ပြုခံရမှာပဲ။
"သတင်းကြေညာသူလား? ကောင်းတာပေါ့! ညီမလေး နင့်အသံက အရမ်းကောင်းတော့ စာမေးပွဲအောင်မှာ သေချာတယ်!" ဤခေတ်အခါတွင် နာမည်ကြီးသတင်းကြေညာသူဖြစ်ဖို့မလွယ်ပေမယ့် သူမရဲ့အစ်မချင်းမျန့်ကတော့ ယုံကြည်စိတ်လျော့မသွားဘဲ သူမကို အားပေးတိုက်တွန်းခဲ့သည်။ "မမအထင်တော့ နင့်ရဲ့ မန်ဒရင်းက ပိုကောင်းလာတယ်နော်။"
ညီအစ်မနှစ်ယောက်သည် အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြလေသည်။
"ချင်းမျန့်ရေ နင့်ညီမ ဒီမှာရှိနေလား။" အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကြီးတစ်ယောက်က တံခါးဝမှဝင်လာခဲ့သည်။ အခန်းထဲဝင်လာသည်နှင့် ချင်းရို့အား အသားတစ်ပိုင်းကိုစိုက်ကြည့်နေသကဲ့သို့ ခေါင်းအစခြေအဆုံး စိုက်ကြည့်နေခဲ့သည်။
ထိုသူကိုမြင်လိုက်သည့်အခါ ချင်းမျန့်ရဲ့မျက်နှာပေါ်က အပြုံးမှာ မှိန်ဖျော့သွားလျက်။
ထိုအဒေါ်က အသံကျယ်ကျယ်ဖြင့် ပြောလာခဲ့၏။ "နင့်ညီမကို ငါ့ရဲ့အကြီးဆုံးတူလေးနဲ့ မိတ်ဆက်ပေးမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးတယ်လေ။ ငါ့တူကြီးနဲ့နေရတာက မိထွေးဖြစ်ရတာထက် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား"
"နင့်ညီမလည်း ဒီမှာရှိနေတာဆိုတော့ မနက်ဖြန် ငါ့တူကြီးနဲ့တွေ့သွားလိုက်တာ ပိုကောင်းတယ်နော်!!"
စကားပြောနေသည့်သူမှာ ဟယ်ချွင်းဖန်ဖြစ်ပြီး သူမပြောနေတဲ့ အကြီးဆုံးတူလေးမှာ အလွန်ပျင်းရိပြီး လယ်ကွင်းအနီးနားမှာနေထိုင်တဲ့ နာမည်ကြီးဒုတိယတန်းစားကောင်လေးပင်။
"ကျွန်မရဲ့ညီမလေးက အဒေါ်ရဲ့တူလေးနဲ့ မတွေ့နိုင်ဘူး။ သူမက မြန်မြန်ပြန်ရမှာတဲ့။"
ဟယ်ချွင်းဖန်က သူမရဲ့မျက်လုံးကို လှိမ့်လိုက်ပြီး တမင်သက်သက် အရှက်ခွဲလိုစွာဖြင့် "နင်တို့ရဲ့မိသားစုအဆင့်အတန်းနဲ့များ ငါ့တူအကြီးဆုံးကို အထင်သေးနေသေးတယ်ပေါ့လေ။ အနည်းဆုံးတော့ သူက singleပဲဟဲ့။ ဒါပေမယ့် နင့်ညီမကတော့ တစ်စုံတစ်ယောက်ရဲ့ မိထွေးဖြစ်လုနီးပါးဖြစ်သွားပြီး အဘွားကြီးရဲ့ အဆဲခံလိုက်ရတာကိုများ။ သူမက အရှက်ကွဲနေပြီးသား၊ သူမရဲ့ဂုဏ်သတင်းကလည်း အပုပ်နံ့ထွက်နေပြီဟဲ့။ တကယ်လို့ နင်သာ တခြားတစ်ယောက်ဆိုရင်ရော သူမကို ယောက်ျားကောင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမှာမို့လား။"
"အခုချိန်မှာတော့ သူမမှာ လှပတဲ့မျက်နှာလေးရှိပြီး မိထွေးဖြစ်ဖို့ဆန္ဒရှိတာကို ငါတို့အားလုံးသိကြပြီးသား။ ဟုတ်သားပဲ၊ စစ်တပ်ထဲမှာဆို ကွာရှင်းထားတဲ့သူတွေ အများကြီးရှိတာဆိုတော့ အဘိုးကြီးနဲ့ လက်ထပ်တော့မလို့လား။ ရှေးတုန်းကလူ့ဘောင်အဖွဲ့အစည်းမှာဆို ဒါကို အိမ်ဖြည့်တယ်လို့ ခေါ်တယ်လေ။ သူမရဲ့မျက်နှာလေးကိုကြည့်ရုံနဲ့ သူမကို ကိုယ်လုပ်တော်လို့ လူတိုင်းထင်နေကြမှာပဲ။"
ချင်းမျန့်က တံမြက်စည်းကောက်ကိုင်ကာ သူမကိုရိုက်ထုတ်ဖို့လုပ်တော့မလိုပင်။ သို့ပေတည့် ဟယ်ချွင်းဖန်မှာ ပုန်းနေရင်း သူမအားဒေါသဖြစ်အောင်ပြောနေခဲ့သေးသည်။ "ငါပြောခဲ့တာတွေက ကြားလို့မကောင်းပေမယ့် အမှန်တရားတွေပဲ။ သူမကိုလက်ထပ်ချင်တဲ့သူအများစုက ကွာရှင်းထားတဲ့လူအိုကြီးတွေပဲလို့ သူမရဲ့အနုပညာအဖွဲ့ထဲကလူတွေပြောတာကို ငါကြားဖူးတယ်နော်။ ငါ့တူအကြီးဆုံးနဲ့ လက်ထပ်လိုက်တာက ပိုကောင်းတယ်ဟဲ့။"
"ဘာ!" အမြဲတမ်းနူးညံ့သိမ်မွေ့တတ်တဲ့ ချင်းမျန့်မှာ ဒေါသဖြင့် တုန်လှုပ်လာခဲ့၏။
"မမ သူ့ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေ နားမထောင်နဲ့။ ငါ့ခေါင်းဆောင်က ငါ့အတွက် အကြီးအကဲဟောင်းရဲ့သားတစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်လေ။ သူက အရာရှိငယ်တစ်ယောက်လေ။ အသက်နှစ်ဆယ်ကျော်လေးပဲရှိသေးတာ၊ အိမ်ထောင်လည်းမပြုဖူးသေးဘူး။"
သူမစကားကိုကြားတော့ ချင်းမျန့်မှာ ကြောင်အသွားရကာ "တကယ်လား?"
"တကယ်ပေါ့!" ချင်းရို့က ခေါင်းညိတ်ပြကာ "သူ့ရဲ့ မျိုးရိုးနာမည်က လုပါ။ သူက ရေတပ်အရာရှိဖြစ်ပြီးတော့ အသက်ကတော့ ၂၅နှစ်ရှိပြီ။ ငယ်ရွယ်ပြီး အလားအလာရှိတယ်။ မကြာခင်မှာ တပ်ရင်းမှူးအဖြစ် ခန့်အပ်ခံရတော့မယ်ဆိုပဲ။"
သူမသည် လေးလေးနက်နက်ပြောနေခဲ့ရာ ချင်းမျန့်နှင့် ဟယ်ချွင်းဖန်တို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
သူမညီမရဲ့ခေါင်းဆောင်က ချင်းရို့ကို ငယ်ရွယ်ပြီး အလားအလာရှိတဲ့လူတစ်ယောက်နဲ့ မိတ်ဆက်ပေးသည့်အတွက် ချင်းမျန့်က အတော်လေးအံ့ဩသွားရပေသည်။
xxx