🍵Chapter 250
၎င်းက သူမကိုယ်တိုင်၏ အမှား ဖြစ်နေသည့်အတွက် ထုံရွှယ်လူမှာ သူမ၏ အမှားကို ဝန်ခံရာ၌ အလွန်ကောင်းမွန်သော သဘောထားရှိနေပြီး အော်၍ ပြောလိုက်သည်။
"ဒါလင်ရေ"
ဝမ်ရူကွေ့က မျက်လုံးပင့်ကြည့်လိုက်သောအခါ နောက်ထပ်အခိုက်အတန့်လေးတွင် သူ့မျက်နှာကို ပင့်ကိုင်ခံထားလိုက်ရသည်။ သူမက သူ့ဘက်ကို တိုးကပ်လိုက်ပြီးနောက် နှာခေါင်းဖျားချင်း ပွတ်သပ်လိုက်သည်။
သူတို့၏ နှုတ်ခမ်းဖျားများမှာ စင်တီမီတာ တစ်ဝက်မျှသာ ကွာဝေးလေတော့သည်။
ဝမ်ရူကွေ့က ရေစင်ကဲ့သို့ တောက်ပနေသော မျက်လုံးလေးများနှင့် ယပ်တောင်လေးများကဲ့သို့ ယှက်ဖြာနေသော မျက်တောင်လေးများကို ကြည့်နေရင်း နှလုံးခုန်သံများက ကဆုန်ပေါက် မြည်ဟီးလာခဲ့သည်။
ထုံရွှယ်လူက နှုတ်ခမ်းများကို အနည်းငယ် တွန့်ကွေးလိုက်သည်။ "ရှင် အခုထိ စိတ်တိုနေတုန်းပဲလား"
ဝမ်ရူကွေ့က ပြန်ဖြေလိုပါသော်လည်း သူ့နှုတ်ခမ်းများ ဖွင့်ဟလိုက်သည်နှင့် သူမက သူ့နှုတ်ခမ်းတို့ကို ကိုက်ခဲလာလေသည်။
မိန်းမောတွေဝေနေဆဲမှာပင် ထုံရွှယ်လူက သွားများကို ဖွင့်ဟလိုက်သည်။
ဝမ်ရူကွေ့၏ မျက်နှာနှင့် လည်ပင်းတို့က သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် ရဲတွက်လာခဲ့ပြီး လူတစ်ကိုယ်လုံးက လျှပ်စစ်ဓါတ်များ ဖြည့်သွင်းလိုက်သည့်အလားပင်။
ထုံရွှယ်လူက သူ့ကို ပိုးသားမျက်ဝန်းတို့ဖြင့် ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဘယ်သူမှ မရှိတဲ့အချိန် ရှင် နည်းနည်းလောက် ပိုပြီး အရိုင်းဆန်လို့ရပါတယ်... ကျွန်မ သဘောကျတယ်"
အရိုင်းဆန်တယ်လား...
ဝမ်ရူကွေ့၏ မျက်နှာထက် သွေးများ လောင်းချလိုက်သလို ဖြစ်သွားပြီး စေ့စပ်ပွဲနေ့က အဖြစ်အပျက်များကို အမှတ်ရသွားခဲ့သည်။
ကြည့်ရတာ သူမလေးက အရိုင်းဆန်တဲ့ ယောကျ်ားတွေကို သဘောကျပုံပဲ...
သူမသဘောကျရင် သူလည်း လုပ်နိုင်မှ သဘာဝကျမှာပေါ့...
ဝမ်ရူကွေ့ ရှက်သွေးဖြာသွားပြီး ရုတ်တရက်ဆိုသလို သူ့လက်ကို ဆန့်ထုတ်၍ သူမ၏ ခါးကို ဆွဲယူကာ အားသုံး၍ တွန်းလိုက်သည်။
နှစ်ယောက်သားက နောက်ပြန်ဆုတ်သွားကြပြီး သူတို့နောက်ပါးမှ နံရံကို တည့်တည့်ဖိကပ်မိသွားသည်။
ထုံရွှယ်လူ၏ နောက်ပါး၌ အေးစက်စက်နံရံကြီးသာ ရှိနေပြီး အရှေ့ဘက်၌ တောင့်တင်းသော ရင်အုပ်ကြီး ရှိနေသည်။
ဝမ်ရူကွေ့က ရှက်နေသေးသော်လည်း ရှက်စိတ်များကို အရိုင်းဆန်ဆန် တော်လှန်ကာ သူမ၏ နှုတ်ခမ်းများကို ထိကပ်၍ အဆက်မပြတ်တိုက်ခိုက်လေတော့သည်။
ပြင်းထန်ပြီး သိမ်မွေ့လှသည်...
နှစ်ယောက်သားက တစ်ချိန်တည်းမှာပင် နက်နက်နဲနဲ တွယ်ယှက်နေသော အရှိန်အဝါများထုတ်လွှင့်လာပြီး ထုံရွှယ်လူတစ်ယောက် သူ့ရှေ့မှလူက အလွန်အမင်း ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းကြောင်း ခံစားနေရသည်။
သူတို့က ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ ညီအစ်ကိုနှစ်ဦးသား ကျောင်းမှ ပြန်ရောက်မလာခင်အထိ သုံးကြိမ်မျှ အရိုင်းဆန်ခဲ့ကြပြီး အဆုံး၌ သူတို့၏ နှုတ်ခမ်းများ ထပ်ပြီး ယောင်ကိုင်းသွားခဲ့လေသည်။
ထိုနေ့တွင် ဝမ်ရူကွေ့၏ "ဒဏ်ရာရ" နှလုံးသားလေးအား ကုသပေးရန်အလို့ငှာ ထုံရွှယ်လူက စားကောင်းသောက်ဖွယ်များကို စားပွဲအပြည့် ချက်ပြုတ်ပေးခဲ့သည်။
ဝမ်ရူကွေ့မှာ သူ့အတွက် အစားအသောက်များ ချက်ရင်း အလုပ်များနေရသည့် သူမလေးက နှလုံးသားထဲတွင် အပြစ်ရှိစိတ်လေး ရှိနေကြောင်း တွေ့လိုက်ရသည်။
အမှန်မှာ မတိုင်မီကတည်းက လုံးဝ ဒေါသထွက်နေခြင်းမျိုး မရှိဘဲ တမင်တကာ နှုတ်ဆိတ်နေခြင်းမှာ သူမကို အကြိမ်အနည်းငယ်မျှ ထပ်ပြီး အနမ်းပေးချင်၍သာ ဖြစ်သည်။
အစပိုင်းတွင် သူမ၏ ပါးလေးကိုသာ နမ်းလိုခြင်း ဖြစ်သော်လည်း နောက်ပိုင်းများ၌ အရိုင်းဆန်သွားမည်ဟု မထင်မှတ်ထားခဲ့ပေ။
နည်းနည်းလောက် အပြစ်ရှိစိတ် ဝင်သွားရပေမယ့် နောက်တစ်ကြိမ်ဆိုရင်တော့ သူလုပ်ရဲလောက်ပါတယ်...
ဝမ်ရူကွေ့ဘက်တွင် ချိုမြနေသော်ငြား ကျိုးရန်ဘက်တွင်မူ ရှက်သွေးဖြာခြင်းများ နှလုံးခုန်သံများသာ ရှိနေသည်။
သူ မနေ့ညက မတော်တဆ အမူးလွန်သွားသဖြင့် ယောကျ်ားတစ်ယောက်၏ ဘဝတွင် အရေးကြီးဆုံးသောအရာကို လွဲချော်သွားခဲ့ရသည်။
သူက ခွင့်ငါးရက်သာ ရထားပြီး အပျော်ရွှင်ရဆုံး ဖြစ်ရမည့် တစ်ရက်က အလဟဿ ဖြစ်သွားရပြီ ဖြစ်သည်။
သူ နောင်တများဖြင့် နိုးလာခဲ့သည်။
ထို့ကြောင့် ယနေ့တွင် မှောင်စပျိုးလာသောအခါ မိသားစု၏ ဒွိဟဖြစ်နေသော မျက်လုံးများကို လစ်လျူရှုကာ သူ့ဇနီး ဝမ်ရှောင်းယွင်ကို ဆွဲခေါ်၍ အိမ်ခန်းထဲသို့ ဝင်လာခဲ့သည်။
ဝမ်ရှောင်းယွင်က ကြက်ဥကြော်၍ ရလောက်သည်အထိ ရှက်သွေးဖြာနေရသည်။
"မှောင်ကာစပဲ ရှိသေးတာ အိပ်ရာဝင်နေပြီ... ဘယ်လိုလုပ် အိပ်ပျော်ပါ့မလဲ"
"ကိုယ်တို့ အိပ်မပျော်မှာ ဟုတ်တာပဲလေ... ကိုယ်တို့က ဟီးဟီး..."
ကျိုးရန်းက အလျင်အမြန် လှုပ်ရှားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကြမ်းပြင်ထက်၌ အဝတ်များ အပုံလိုက် ကျသွားသည်။
ဝမ်ရှောင်းယွင်က သူမ၏ မျက်လုံးများကို ကာထားပြီး သူ့ကို မကြည့်ရဲတော့ပေ။
"ကျိုးရန်... ရှင်က တကယ်ကို အရှက်မရှိတာပဲ"
ကျိုးရန်ကရှက်သွေးဖြာသွားပြီးနောက် ပြောလိုက်သည်။ "မိန်းမ... ကလေးရလာရင် ရှက်စရာတောင် ရှိမှာ မဟုတ်တော့ဘူးလေ"
ဝမ်ရှောင်းယွင်က အလွန် ရှက်နေသော်ငြား သူမ၏ အမေကလည်း လက်မထပ်ခင်ကတည်းက ချစ်မှုရေးရာကိစ္စများ သင်ပြထားပြီးသား ဖြစ်၍ ခုခံမနေတော့ပေ။
ဝမ်ရှောင်းယွင်က မျက်လုံးပိတ်ထားပြီး ရောက်ရှိလာတော့မည့် နာကျင်မှုများကို အန်တုရန် ပြင်လိုက်စဥ် ကျိုးရန်က သူမကို ရုတ်တရက် တွန်းလှဲလိုက်သည်။
"ရှောင်းယွင်... ဒီလိုဆို ကလေးရမှာ မဟုတ်တော့ဘူး"
ဝမ်ရှောင်းရန်က မျက်လုံးဖွင့်လာပြီး မရေမရာဟန်ဖြင့် မေးလိုက်သည်။ "ဘာလို့ ကလေးမရရမှာလဲ"
ကျိုးရန်က ရှက်သွေးဖြာနေပြီး နှာခေါင်းကို ကုတ်ခြစ်လိုက်သည်။ "အနေအထားက မှားနေတယ်"
ဝမ်ရှောင်းယွင်က ပို၍ပင် ရှုပ်ထွေးသွားလေသည်။ သူမအမေက သူမဘဝရဲ့ အတွေ့အကြုံတွေ အားလုံး သင်ပေးထားပြီးသားပါ... ဒီအနေအထားက မှန်ပါတယ်...
ကျိုးရန်က သူမ နားမလည်ဖြစ်နေသည်ကို တွေ့သောအခါ လက်ထပ်သင်ကြားပေးလိုက်သည်။
"ခွေးတွေ ဒီလိုမျိုး လုပ်တာ တွေ့ဖူးလို့လား"
ဝမ်ရှောင်းယွင်မှာ ရုတ်တရက်ဆိုသလို ဒေါသများကြောင့် တုန်ယင်သွားပြီး နှုတ်ခမ်းများကို ဖြူလာသည်အထိ ကိုက်လိုက်သည်။
ကျိုးရန်မှာ အနားသို့ တိုးကပ်တော့မည်ပြုသော်လည်း ဝမ်ရှောင်းယွင်က လှည့်ကာ သူ့မျက်နှာကို ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။
"ကျိုးရန် သွားသေလိုက်စမ်း"
ဒါက စော်ကားနေတာပဲ...
ကျိုးရန်ကို ဒီလောက်ထိ အရှက်မဲ့လိမ့်မယ်လို့ သူမ ထင်မထားခဲ့ဘူး... သူမကို ဘယ်လိုလူစားမျိုး ထင်နေတာလဲ...
ကျိုးရန်မှာ အထိန်းအကွပ်မဲ့သွားပြီး အကန်ခံလိုက်ရသည်။ သူ နောက်ပြန်လည်ကာ မြေပေါ်သို့ ကျသွားပြီးနောက် သူ့ခေါင်းမှာလည်း "ဒုန်း" ဟူသော အသံဖြင့် မြေပေါ်သို့ ဆောင့်မိသွားသည်။
ပက်လက်လှန်ခံလိုက်ရတဲ့ ငါးတစ်ကောင်လိုပဲ...
ကျိုးရန်မှာ နာကျင်မှုများကြောင့် စုပ်သပ်လိုက်သည်။ "ရှောင်ယွင်... ကိုယ့်ကို ဘာလို့ ကန်ရတာလဲ"
ဝမ်ရှောင်ယွင်က ခေါင်းအုံးကို ယူကာ ပစ်ပေါက်လိုက်ပြီးနောက် မျက်လုံးများမှာလည် မျက်ရည်များဖြင့် နီရဲလာလေသည်။
"ကျိုးရန်... လူယုတ်မာ... ရှင်နဲ့ ကွာရှင်းမယ်"
"!!!"
ကျိုးရန် နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသည်။
ကျိုးရန်ထံ မိုးကြိုးများ တစ်ချက်ပြီးတစ်ချက် ပစ်ချလာနေသည်။
ကျိုးရန် ကြက်သေသေသွား၏။
သူဘာအမှားတွေ ထပ်လုပ်မိပြန်ပါလိမ့်...
ကျိုးရန်၏ အခန်းထဲ၌ "ဝုန်း" ဟူသော အသံကြီး ထွက်လာပြီးနောက် ဝမ်ရှောင်းယွင်၏ ကျိန်ဆဲသံ ထွက်ပေါ်လာပြန်သည်။
ဧည့်ခန်းထဲရှိ ကျိုးမိသားစုဝင်များမှာ တစ်ခဏမျှ ကြောင်အသွားကြပြီးနောက် မျက်နှာများ နီရဲသွားကြသည်။
ဒီလောက်ကြီးက မလွန်လွန်းဘူးလား...
လူတိုင်းက ရှောင်ထွက်သွားကြရန် တွေးလိုက်ကြပြီး ကိုယ်လက်သန့်စင်ကာ အလျင်အမြန် အိပ်ရာဝင်လိုက်ကြသည်။
မထင်မှတ်ထားစွာပင် ထိုအခိုက် ရုတ်တရက် တံခါး ပွင့်သွားပြီး ဝမ်ရှောင်းယွင်တစ်ယောက် အခန်းထဲမှ ငိုကြီးချက်မဖြင့် ပြေးလာကာ အိမ်ထဲမှ ပြေးထွက်သွားလေသည်။
လူတိုင်း: "..."
"တတိယသား... ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ မင်းရဲ့ မိန်းမက ငိုကြီးချက်မနဲ့ ပြေးသွားရတာလဲ...
အဖေကျိုးက အသိစိတ်ပြန်ဝင်လာပြီး ကျိုးရန်၏ အခန်းထဲသို့ ပြေးဝင်သွားသည်။ သူဝင်လာသည့်အချိန်၌ ကျိုးရန်က ကိုယ်လုံးတီးဖြစ်နေပြီး မျက်စိပိတ်ထားရန်ပင် အချိန်မရလိုက်ဘဲ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
ကျိုးရန်မှာ အရှက်တရားကို အမှုမထားအားဘဲ အဝတ်အစားများ ဝတ်နေရင်းဖြင့် မကျေမနပ် ပြောလိုက်သည်။
"အဖေ... ဘာလို့ ရှောင်းယွင်ကို မတားလိုက်ရတာလဲ"
အဖေကျိုး: "ဘာတွေ ဖြစ်သွားတာလဲ"
ကျိုးရန်မှာ ပြောရန် ရှက်နေသဖြင့် အဝတ်များ ဝတ်ပြီး အမြန် ပြေးထွက်လာခဲ့သော်လည်း ဝမ်ရှောင်းယွင်မှာ စက်ဘီးစီးကာ အရိပ်အယောင်ပင် မမြင်ရလေအောင် ပြေးထွက်သွားခဲ့လေပြီ...
ကျိုးရန်မှာ စိတ်ပူရလွန်းသဖြင့် ဖိနပ်ကိုပင် မလဲနိုင်တော့ဘဲ စက်ဘီးစီးကာ အမြန်လိုက်သွားရသည်။
ဝမ်ရှောင်းယွင်မှာ ငိုနေရင်းဖြင့် မိဘအိမ်သို့ ပြန်ရောက်လာပြီး တစ်မိသားစုလုံးကို ထိတ်လန့်သွားစေခဲ့သည်။
အမေဖြစ်သူက အခန်းထဲသို့ လိုက်ဝင်လာပြီး ဖြစ်ခဲ့သမျှကို မေးမြန်းလာသည်။ အစပိုင်းတွင် ဝမ်ရှောင်းယွင်က မည်သည်ကိုမှ မပြောပြချင်သော်လည်း ဖုံးကွယ်ထား၍ မရသဖြင့် တုံ့ဆိုင်းနေပြီးနောက် ဖြစ်ခဲ့သမျှကို ပြောပြလိုက်သည်။
သမီးဖြစ်သူ၏ စကားများကို ကြားလိုက်ရသည့် အမေဖြစ်သူ: "..."
ဝမ်ရှောင်းယွင်မှာ သူမအမေ၏ မျက်နှာအမူအယာကို သတိမပြုမိဘဲ ခါးသီးစွာ ပြောလိုက်သည်။
"အမေ... သူ လွန်လွန်းတယ်လို့ မထင်ဘူးလား... သူ သမီးကို လုံးဝ မလေးစားဘူး... သမီး သူနဲ့ အတူ မနေနိုင်တော့ဘူး"
ဒီနေ့က လက်ထပ်ပြီး ဒုတိယမြောက်နေ့ပဲ ရှိသေးတယ်... နောက်ဆို သေချာပေါက် ပိုဆိုးလာမှာပဲ...
သူမ၏ ခေါင်းကို မော့လိုက်သည်နှင့် သူမ အမေ၏ မျက်နှာက ချက်ထားသည့် ပုစွန်ထုပ်ကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရသည်။ သူမ စိုးရိမ်တကြီး ပြောလိုက်သည်။
"အမေ... မျက်နှာက ဘာလို့ နီနေရတာလဲ... ဖျားနေတာလား"
သူမ၏ မိခင်က ရှက်သွေးဖြာနေသော မျက်နှာဖြင့် ပြောလာသည်။ "အခု ပြန်လိုက်တော့... ဘာကွာရှင်းမှာလဲ... ငါတို့ဝမ်မိသားစုမှာ ကွာရှင်းတဲ့ထုံးစံမျိုး မရှိဘူး"
ဝမ်ရှောင်းယွင်မှာ သူမ၏ မိခင်က သူမဘက်မှ ရပ်တည်လိမ့်မည် မဟုတ်ဟု မထင်မှတ်ထားခဲ့ပေ။ သူမက မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာသည်။
"တကယ့်ကိုပဲ... လက်ထပ်သွားတဲ့ သမီးက ရေသွန်လိုက်သလိုပါပဲလား... လက်ထပ်ပြီးသွားရင် တန်ဖိုးမရှိတော့ဘူး"
အမေဖြစ်သူက သူမ၏ သမီး ငိုနေသည်ကို ကြည့်ကာ ဒေါသထွက်သွားရသလို ကူကယ်ရာလည်းမဲ့သွားရသည်။ "ဘာအဓိပ္ပါယ် မရှိတာတွေ ပြောနေတာလဲ... ကျိုးရန်က နင့်ကို မလေးစားတာ မဟုတ်ဘူး... မြန်မြန် ပြန်သွားတော့"
ဝမ်ရှောင်းယွင် မျက်ရည်သုတ်လိုက်သည်။
"သူပြောတာ မလေးစားတာ မဟုတ်ရင် သမီးကို အဲ့လိုပုံစံ လုပ်ခိုင်းတာလေ... သူက... သမီးကို တိရစ္ဆာန်လို ဆက်ဆံနေတာ"
အမေဖြစ်သူ: "ဘာတိရစ္ဆာန်လဲ... လင်မယားကြားမှာ ဒီလိုအနေအထားကို သုံးတာဖြင့် ကြာလှပြီ"
ဝမ်ရှောင်းယွင် ထိတ်လန့်နေဟန်ဖြင့် မေးလိုက်သည်။ "တကယ်လား... အမေနဲ့ အဖေရော အဲ့လိုပုံစံ သုံးကြသလား"
မနေ့က အမေ သမီးကို ဘဝအတွေ့အကြုံတွေ သင်ပေးခဲ့တာပဲ မဟုတ်ဘူးလား... အဲ့ဒီအချိန်တုန်းက အဲ့လိုပုံစံအကြောင်း မပြောခဲ့ဖူးပါဘူး...
လောင်ကျွမ်းမတတ် ရှက်သွေးဖြာနေသည့် အမေဖြစ်သူ: "..."
သူမက သူမရဲ့သားမက်ကို ပထမဆုံးနေ့မှာတင် အဆင့်ကျော်တဲ့ လူမျိုး ဖြစ်မယ်လို့ ထင်မထားဘူးလေ... သူမရဲ့ သမီးကလည်း ဒီလောက်တောင် တုံးအရလား...
ဘဝအတွေ့အကြုံတွေ အကြောင်းပြောရင် လုပ်ရိုးလုပ်စဥ် သာမန်အဖြစ်ဆုံးပုံစံပဲ ပြောပြမှာပေါ့... ဟိုလိုဒီလို အနေအထားတွေ အမျိုးမျိုး ပြောပြရဦးမှာလား...
အခန်းက ကသိကအောက် ဖြစ်ရသည့် ရှက်ရွံ့မှုများကြောင့် တစ်ခဏမျှ တိတ်ကျသွားသည်။
ကံအားလျော်စွာဖြင့် ကျိုးရန်ကလည်း မြန်မြန် လိုက်မှီလာခဲ့သည်။ ရယ်ရခက်ခက် ကိစ္စများ လုပ်ဆောင်ကြမည်ကို တားဆီးရန်အတွက် ဝမ်ရှောင်းယွင်၏ အမေဖြစ်သူက အဖေဖြစ်သူအား ကျိုးရန်ကို အတွေ့အကြုံများ မျှဝေစေခဲ့သည်။
ဝမ်အိမ်မှ ပြန်ရောက်လာသောအခါ ကျိုးရန်နှင့် ဝမ်ရှောင်းယွင်တို့၏ မျက်နှာများမှာ ဝက်အသည်းကဲ့သို့ နီရဲနေကြလေသည်။
၎င်းက ရယ်စရာ တစ်ခုမျှသာ ဖြစ်သော်လည်း ထိုညတွင် ကျိုးရန်တစ်ယောက် ကြက်ပေါက်လေးအဖြစ်မှ ကြက်ဖကြီးတစ်ကောင်အဖြစ်သို့ ကူးပြောင်းသွားခဲ့လေသည်။
**(🤣🤣)