🍵Chapter 249
ထိုလူများ ထွက်သွားသောအခါ လူနာခန်းက ရုတ်တရက် တိတ်ဆိတ်သွားပြီး ထုံကျန်းကျန်းတစ်ယောက် နောက်ဆုံး ထွက်သက်သို့ ရောက်နေသည် ဟူသော အချက်မှာလည်း ပိုပို၍ ထင်ရှားလာသည်။
ထုံရွှယ်လူက သူမနှင့် လက်တစ်ကမ်းအကွာတွင် ရပ်လိုက်သည်။
"ငါရောက်လာပြီလေ... နင်ဘာပြောချင်တာလဲ"
ထုံကျန်းကျန်း၏ မျက်နှာထက်မှ ကြွက်သားများ ရှုံ့တွသွားခဲ့ပြီး ထုံရွှယ်လူအား စိုက်ကြည့်လာခဲ့သည်။
"နင် နင်လည်း ပြန်လည်မွေးဖွားလာတာလား"
ထုံရွှယ်လူက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "ငါက ပြန်လည်မွေးဖွားလာရုံတင်မကဘူး... ငါ့လက်ထဲမှာ တစ်ခုခု ရလာခဲ့သေးတယ်လေ... အဲ့ပစ္စည်းက နင့်ဆီက ကံကောင်းခြင်းတွေကို သိမ်းယူဖို့ ကူညီပေးခဲ့တာ"
"အစကတော့ နင်က နင့်ဘဝကို သာသာယာယာနဲ့ ဖြတ်သန်းရမှာ... နင်က အထွဋ်အထိပ်ကို ရောက်လာရုံတင်မကဘူး သားစဥ်မြေးဆက်တွေလည်း အများကြီး ရဦးမှာ... ကံဆိုးချင်တော့ နင့်ရဲ့ ကံကောင်းခြင်းတွေက ငါ့ဆီကနေ စုပ်ယူခံလိုက်ရတယ်လေ... ဒါကြောင့်မို့ နင်က သေရတော့မှာ"
ထုံကျန်းကျန်းမှာ ဒေါသထွက်ရလွန်း၍ အတွင်းကလီစာများပင် နာကျင်လာရသည်။
"ဟုတ်တယ် နင်ငါ့ကို ဒုက္ခပေးခဲ့တာ.. ခွေးမ... ငါသရဲဖြစ်သွားရင်တောင် နင့်ကို လွှတ်မပေးဘူး"
ထုံရွှယ်လူက နူးညံ့စွာ ပြုံးပြလိုက်သည်။
"ဟုတ်ပြီလေ... နင်သေသွားရင် နင့်ခန္ဓါကိုယ်ကို ခွေးကျွေးလိုက်ဖို့ လူတစ်ယောက်ကို ခိုင်းလိုက်မယ်... ပြီးရင် နင့်ဝိဥာဏ်ကို ချိတ်ပိတ်ခိုင်းလိုက်မှာ... ဒါဆို နင်သရဲဖြစ်သွားရင်တောင် လုပ်ချင်သလို လုပ်လို့ မရတော့ဘူး"
ထုံကျန်းကျန်းမှာ မျက်လုံးများပြူးကျယ်၍လာသည်။ "နင်... နင်ဒီလို လုပ်လို့မရဘူး... ထုံရွှယ်လူ... နင်လုပ်လို့မရဘူး"
ထုံရွှယ်လူ မျက်တောင်များ တဖျတ်ဖျတ်ခတ်လိုက်သည်။ "ငါက အရင်ဘဝက ကိစ္စတွေကို သိပ်ပြီး သတိမရခဲ့ဘူးလေ... နင်အရင်တစ်ခေါက်က သတိပေးခဲ့လို့ ကျေးဇူးတင်ရမှာပဲ... ဝမ်ရူကွေ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှာကို မှတ်မိသွားပြီ... ငါ သူနဲ့ လက်ထပ်စာချုပ် မချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ... ကျေးဇူးနော်"
ထုံကျန်းကျန်းမှာ ဒေါသထွက်ရလွန်း၍ မျက်နှာအစိတ်အပိုင်းများဖြင့် ရွဲ့စောင်းသွားသည်။
"နင်ငါ့ကို ဒီလိုဆက်ဆံလို့မရဘူး... နင် ဝမ်ရူကွေ့နဲ့ လက်ထပ်ဖို့ သဘောတူထားတာကို ဖျက်လိုက်လို့မရဘူး... ဝမ်ရူကွေ့အမေက သူ့ကို သတ်သေအောင်တွန်းအားပေးခဲ့တာ... နင်က မုဆိုးမဖြစ်သွားရမှာ... နင်က..."
သူမ၏ အသံက တဝက်တပျက် ရပ်သွားပြီး မျက်လုံးများကမူ ထုံရွှယ်လူအား စိုက်ကြည့်နေဆဲ ဖြစ်သည်။
ထုံရွှယ်လူ အနားသို့ ကိုင်း၍ နှာခေါင်းအောက်သို့ လက်ညှိုးထားလိုက်သောအခါ ဝင်လေထွက်လေကို အာရုံမခံရတော့ပေ။
စာအုပ်ထဲမှ ဇာတ်လိုက်မဖြစ်သော ထုံကျန်းကျန်းကား သေဆုံးသွားခဲ့လေပြီ...
ထုံရွှယ်လူ သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
မွန်းတည့်နေရောင်က ကမ္ဘာမြေပေါ် ကျဆင်းနေသော်ငြား ထုံရွှယ်လူ၏ နှလုံးသားထဲတွင် အအေးဓါတ်များက ထိုးဆွနေလေသည်။
စာအုပ်ထဲမှ ဇာတ်ကြောင်းတစ်ခုကို မှတ်မိနေသဖြင့် သူမက ခန့်မှန်းချက်များစွာ ထုတ်ထားခဲ့သော်လည်း ထိုလူကောင်းလေးမှာ မိခင်ထံမှ အသတ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူမက ဝမ်ရူကွေ့နှင့် အချိန်အတော်ကြာ အတူရှိခဲ့သော်လည်း သူ့အမေအကြောင်း ကောင်းသည်ဆိုးသည် ထုတ်ပြောသည်အား မကြားခဲ့ဖူးပါပေ။
အဘိုးဝမ်နှင့် ဦးလေးဇုန်းကလည်း တစ်ခါမှ မပြောခဲ့ဖူးသဖြင့် ထိုအချိန်က တစ်ခုခု မှားနေကြောင်း မခန့်မှန်းမိခဲ့လေရာ ဝမ်ရူကွေ့မှာ သူ့မိခင်ကြောင့် သတ်သေသွားခဲ့ရမည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
ဒီဘက်ခေတ်မှာ လူနည်းနည်းလောက်ကပဲ ကွာရှင်းကြတာ... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကဆို ပိုတောင်နည်းဦးမယ်... အဲ့ဒီနှစ်က သူ့မိဘတွေ ဘယ်လိုဖြစ်ပြီး ကွာရှင်းခဲ့ရပါလိမ့်...
ထုံရွှယ်လူမှာ ဤကိစ္စအား ရှင်းရှင်းလင်းလင်း ဖော်ထုတ်ရန် လိုအပ်သည်ဟု ခံစားရသည်။
သူမကလည်း အဲ့ဒီမိန်းမ ဘယ်လောက်တောင် မကောင်းဆိုးဝါးဆန်လဲ သိချင်မိသေးတယ်...
လူတစ်စုက သူမထွက်လာသည်ကို ကြည့်နေခဲ့ကြပြီး အားလုံး၏ အကြည့်များက သူမအပေါ် ကျရောက်နေကြသည်။
ထုံရွှယ်လူ ပြောလိုက်သည်။ "ထုံကျန်းကျန်းက စကားနည်းနည်းလောက် ပြောပြီးတာနဲ့ ဆုံးသွားတယ်"
လယ်ကွင်းတာဝန်ခံနှင့် သူနာပြုတို့ ထိုစကားကို ကြားသောအခါ ထူးဆန်းသည်ဟု မခံစားရဘဲ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ထုံရွှယ်လူ: "တာဝန်ခံ... ထုံကျန်းကျန်း စားထားတဲ့ အစားအသောက်တွေ ရှိသေးလား... ကျွန်မ ကြည့်ဖို့ ခေါ်သွားပေးနိုင်မလား"
လယ်ကွင်းတာဝန်ခံက အလျင်အမြန် ခေါင်းငြိမ့်ပြလာခဲ့သည်။ "ရပါတယ်... ကျွန်တော် မင်းကို ခေါ်သွားပေးမယ်"
ထုံကျန်းကျန်း နေသော အဆောင်ခန်းမှာ အပိတ်ခံထားရပြီး အထဲရှိ မည်သည့်အရာမှ နေရာမရွေ့ပေ။
ထုံရွှယ်လူနှင့် ဖူကျန့်ယိတို့ အတူတကွ ဝင်သွားလိုက်ကြသည်။ အထဲရှိ မြေပြင်ပေါ်၌ အန်ဖတ်များ ရှိနေဆဲ ဖြစ်ပြီး လေထုက အလွန် မနှစ်မြို့ဖွယ်ရာ ဖြစ်နေသည်။
စားပွဲပေါ်တွင် ဟင်းပန်းကန်နှစ်ခုနှင့် ခေါက်ဆွဲနှစ်ပန်းကန် ရှိနေသည်။ ဟင်းနှစ်ပွဲမှာ တရုတ်မုန်ညင်းဖြူမွှေကြော်နှင့် မှိုကြွက်နားရွက်များ ဖြစ်သည်။ ခေါက်ဆွဲများမှာ အချဥ်ဟင်းရည်နှင့် ခေါက်ဆွဲအပြားထူ ဖြစ်လေသည်။
စားပွဲပေါ်မှ ဟင်းပွဲများကို တွေ့သောအခါ ထုံရွှယ်လူက ချက်ချင်းဆိုသလို ထုံကျန်းကျန်းနှင့် ရှန့်ဖန်းတို့ သေဆုံးရသည့်အကြောင်းအရင်းကို ချက်ချင်းဆိုသလို နားလည်သွားသည်။
သူမက ဒီမနက်မှာပဲ ပြောနေရုံရှိသေးတယ်... ထုံကျန်းကျန်းနဲ့ ရှန့်ဖန်းတို့ သေသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...
ဖူကျန့်ယိ တွေးတောနေမိသည်။ "ဒီအစားအသောက်တွေထဲမှာ ပိုးသတ်ဆေးနံ့ မရပါဘူး... သူတို့ ဘယ်လို သေသွားကြပါလိမ့်"
ထုံရွှယ်လူက မှိုကြက်နားရွက်နှင့် အချဥ်ဟင်းရည်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။ "ဒီနှစ်မျိုးက 24နာရီကျော်အောင် ထားရင် အဆိပ်တွေ ထုတ်တတ်တယ်... လူတွေ စားလိုက်မယ်ဆိုရင် အန်မယ် ဝမ်းသွားမယ်... သွေးတွေတောင် အန်နိုင်သေးတယ်... သေဆုံးနိုင်ချေကလည်း အရမ်းမြင့်တယ်"
ညလွန်ထားသော မှိုများနှင့် အချဥ်ဟင်းရည်တို့က သေစေနိုင်လောက်သည့် အဆိပ်ဓါတ်များ ထုတ်ပေးနိုင်ပေသည်။
ဖူကျန့်ယိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းဘယ်လို သိတာလဲ... ငါတစ်ခါမှ မကြားဖူးပါဘူး... ငါတို့မိသားစုဆို နွေရာသီကျရင် မှိုကြက်နားရွက်တွေ ချက်ပြီး နောက်တစ်နေ့မှာ စားကြတာ... ငါတို့အားလုံး အဆင်ပြေပါတယ်"
ထုံရွှယ်လူ: "ရှင်တို့က ကံကောင်းလို့နေမှာပေါ့... ပြီးတော့ အဆိပ်ထုတ်တဲ့အချိန်ကလည်း တိုတောင်းလို့ လွတ်သွားတာ ဖြစ်မယ်... ဒါပေမယ့် နောက်ကျရင် ဒီလိုလုပ်လို့ မရဘူးနော်... ကျွန်မ စားသောက်ဆိုင်ကို လာတဲ့ တရုတ်တိုင်းရင်းဆေး ဆရာကြီးတစ်ယောက်ဆီက ကြားခဲ့ဖူးတာလေ"
ဖူကျန့်ယိ မျက်မှောင်ကြုတ်လိုက်သည်။ "ငါသွားပြီး ဒီကိစ္စကို စုံစမ်းရဦးမယ်... ပြန်ကြရအောင်"
"ကောင်းပြီလေ"
🍵
အထွေထွေ ထောက်ပံ့ပို့ဆောင်ရေးဌာနချုပ် အိမ်ယာထဲရှိ ထုံမိသားစုမှာ ငိုကြွေးသံများ စီဝေနေလေသည်။
ထုံအမေက ဆိုဖာပေါ်တွင် လဲကာ တက်မတတ်ချက်မတတ် ငိုကြွေးနေသည်။
"ဘယ်လိုဖြစ်ရတာလဲ... ဘာလို့ သေသွားရတာလဲ... ဆံဖြူက ဆံမည်းကို လိုက်ပို့ခိုင်းအောင် လုပ်ရသလား... ငါဘယ်လို တောင့်ခံနိုင်ပါ့မလဲ"
သူမက ထုံကျန်းကျန်း အမြဲတမ်း ပြဿနာများ ရှာနေခြင်းကြောင့် ဒေါသထွက်ရပါသော်လည်း လူတစ်ယောက်လုံး သေသွားသည်ကို ကြားရသည့်အချိန်တွင်မူ အမေထုံမှာ အရေခွံနွှာခံလိုက်ရသည့်အလား စိတ်မသက်မသာ ဖြစ်နေဆဲပင်။
အဖေထုံမှာ နှုတ်ခမ်းများ ဖိပိတ်ကာ ထိုင်နေပြီး မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နေခဲ့သည်။
အိမ်နီးချင်းများမှ ငိုသံကြား၍ အပြေးရောက်လာသောအခါ ထုံကျန်းကျန်း တစ်ယောက် အဆိပ်မိ၍ သေဆုံးသွားသည့်သတင်းကို ကြားလိုက်ရသည့်အတွက် ထိတ်လန့်သွားကြပြီး သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။
ဒီကမ္ဘာကြီးက ထူးဆန်းလိုက်တာ...
လူတစ်ယောက်က ဆိုးရွားတဲ့ အလုပ်တွေ ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ မီးအိမ်လေးတစ်လုံးလိုပဲ သူသေသွားတာနဲ့ သူလုပ်ခဲ့တဲ့ ဆိုးဝါးတဲ့ အလုပ်တွေ ထပ်မရှိတော့ဘူး...
အထွေထွေ ထောက်ပံ့ပို့ဆောင်ရေး ဌာနချုပ်ခြံဝင်းထဲမှ လူများမှာ ထုံကျန်းကျန်းကြောင့်ပင် ထုံမိသားစုနှင့် ဝေးဝေးနေခဲ့ကြသော်လည်း ယခုတွင် ထုံကျန်းကျန်းမှာ သေဆုံးသွားခဲ့လေပြီ။ အဖေထုံနှင့် အမေထုံတို့ ဆံဖြူလူအိုနှစ်ယောက်က ဆံမည်းလူငယ်လေးကို ပို့ဆောင်ပေးရမည့် အဖြစ်ကြောင့် သူတို့ကလည်း လာရောက် နှစ်သိမ့်ပေးခဲ့ကြသည်။
အဖေထုံက သူ့သားနှစ်ယောက်ကို ခေါ်ကာ ထုံကျန်းကျန်း၏ ရုပ်အလောင်းအား သွားယူခိုင်းလိုက်ပါသော်လည်း အပြင်မထွက်ခင်မှာပင် အိမ်ထဲ ပြန်ဝင်လိုက်ရသည်။
ရှန့်မိသားစုက ဆွေမျိုးတစ်စုကို ခေါ်ကာ အိမ်သို့ ရောက်ချလာကြပြီး စကားတစ်ခွန်းမှ မဆိုဘဲ ထုံမိသားစု၏ အိမ်တံခါးဝတွင် ကျင်ငယ်ရည်နှင့် မစင်များ လာပစ်သွားကြသည်။
အမေရှန့်က သူမ၏ အကြီးဆုံးချွေးမကို မှီတွယ်ထားရပြီး မျက်လုံးများမှာလည်း ငိုရလွန်း၍ သစ်ကြားသီးလိုပင် ဖောင်းပွနေလေသည်။
"ငါ့သားလေး... ဒီလောက် သနားစရာကောင်းအောင် သေသွားရရှာတာ... ထုံမျိုးရိုးက တကယ်မကောင်းဆိုးဝါးမပဲ... သူ့အတွက်သာ မဟုတ်ရင် ငါ့သားလေးက ဘယ်လိုလုပ်ပြီး သေသွားမှာလဲ"
လာရောက်နှစ်သိမ့်ပေးကြသည့် အိမ်နီးချင်းများမှာ အိမ်ထဲမှ ဆီးနှင့်မစင်တို့၏ အနံ့များကြောင့် တစ်ယောက်ပြီး တစ်ယောက် အော့အန်လုနီးပါး ဖြစ်သွားကြလေသည်။
သူတို့က တန့်သွားကြပြီးနောက် ပြေးထွက်သွားကြသည်။
ထုံမိသားစုမှာ ဒေါသထွက်နေကြသော်လည်း ရှန့်မိသားစုသည်လည်း တမင်သက်သက် ပွဲရှာနေခြင်း မဟုတ်သဖြင့် ထုံမိသားစု၏ အိမ်ကို ကျင်ငယ်ရည်နှင့် မစင်များ ပက်ပြီးသွားသောအခါ ထွက်သွားကြလေသည်။
အချို့လူများက ပျော်နေကြပြီး အချို့ကတော့ ဝမ်းနည်းနေကြသည်။
ယခုအချိန်၌ ကျိုးရန်မှာ ပျော်ရွှင်တက်ကြွနေပြီး အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးနေသည်။
ဝမ်ရူကွေ့နှင့် ဟွမ်ချီမင်တို့က မနက်စောစောအချိန်တွင် ကျိုးအိမ်သို့ ရောက်လာကြပြီးနောက် ကျိုးရန်နှင့်အတူ သတို့သမီး သွားကြိုခဲ့ကြပြီး အချိန်အတော်ကြာမှ ပြန်ရောက်လာကြသည်။
လက်ရှိတွင် ကျိုးရန်က ဝမ်ရူကွေ့၏ ပုခုံးပေါ် လက်တင်ကာ လေးတွဲတွဲ ပြုံးနေလေသည်။ "ရူကွေ့... မင်း ငါတို့လက်ထပ်တာကို မြင်ရတာ မနာလိုမဖြစ်ဘူးလား"
ဝမ်ရူကွေ့: "..."
ကျိုးရန်က ပြုံးဖြဲဖြဲ လုပ်နေလေသည်။
"မင်း လက်ထပ်ဖို့ နှစ်နှစ်တောင် စောင့်ရဦးမှာကို တွေးမိတော့ မင်းအတွက် လွယ်မှာ မဟုတ်ဘူးလို့ တွေးမိတယ်ကွာ... ဒီနှစ်တောင် နှစ်ဆယ့်ခြောက်နှစ် ဖြစ်နေပြီကို နောက်ထပ်နှစ်နှစ်ဆို နှစ်ဆယ့်ရှစ်နှစ် ဖြစ်နေပြီ... မင်းက လူအိုကြီး ဖြစ်သွားတော့မှာပဲ"
ဝမ်ရူကွေ့: "..."
ကျိုးရန်မှာ စကားဆုံးပြီးနောပ် အရက်သောက်ရန် ဆွဲခေါ်သွားခံရလေသည်။
ဝမ်ရူကွေ့၏ မျက်တောင်များ တုန်လှုပ်သွားပြီး အခန်းထဲမှ ဝိုင်ဖြူ နှစ်ပုလင်းကို ထုတ်ကာ လူတိုင်းကို ပြောလိုက်သည်။
"ဒီမှာ ဝိုင်ရှိသေးတယ်... သတို့သားကို အတူတူတိုက်ကြရအောင်"
လူတိုင်းက ဝိုင်ဖြူကို တွေ့လိုက်ကြသောအခါ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားကြပြီးနောက် ကျိုးရန်ကို တစ်ယောက်ပြီးတစ်ယောက် ဝိုင်များ ဖြည့်ပေးလာကြလေသည်။
သနားစရာကျိုးရန်လေးခမျာ အရက်သောက်နိုင်စွမ်းတော့ မြင့်ပါရဲ့... လူတွေအများကြီး ဝိုင်းတိုက်ကြတာကိုတော့ မခုခံနိုင်ရှာဘူး... တဖြည်းဖြည်းနဲ့ အရက်မူးလာလေရဲ့...
ကျိုးရန်မှာ မင်္ဂလာဦးညမှာပင် သတို့သမီးခန်းထဲ၌ ဝက်သေတစ်ကောင်ကဲ့သို့ အရက်မူးနေလေသည်။ သူ့ကိုမည်မျှပင် ပုတ်နှိုးပါသော်လည်း မနိုးလာနိုင်ခဲ့ပေ။
တစ်ဖက်မှ ဟွမ်ချီမင်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သေသေနေလေ၏
ဒီလူကို နူးညံ့သိမ်မွေ့ပြီး ရိုးသားတယ်လို့ ထင်ခဲ့တာ အခု လူရိုးလေးက ဘယ်လိုလုပ်ပြီး ဥာဏ်နီဥာဏ်နက်တွေ များသွားပါလိမ့်...
🍵
ဝမ်ရူကွေ့က နောက်တစ်နေ့ မနက်စောစော အချိန်တွင် ထုံအိမ်သို့ ရောက်လာခဲ့သည်။
သူက ထုံရွှယ်လူအား အလုပ်သို့ လိုက်ပို့ပေးခဲ့သည်။ စျေးဝယ်ပြီးနောက် နှစ်ယောက်သားက ဌာနစတိုးဆိုင်တွင် စျေးဝယ်ထွက်ခဲ့ကြပြီး အတူတူ ရုပ်ရှင်ကြည့်ခဲ့ကြသေးသည်။
ဝမ်ရူကွေ့မှာ တစ်လျှောက်လုံး ဂရုစိုက်ပေးနေခဲ့သော်လည်း ထုံရွှယ်လူကမူ သူ ပုံမှန်နှင့် ကွဲပြားနေကြောင်း ခံစားမိနေဆဲပင်။
နှစ်ယောက်သား အိမ်ပြန်ရောက်လာသောအခါ သူမက မနေနိုင်တော့ဘဲ ထုတ်မေးလိုက်မိသည်။
"ရှင်ဘာတွေ တွေးနေတာလဲ"
ဝမ်ရူကွေ့က မျက်လုံးပင့်၍ သူမကို ကြည့်လိုက်သည်။ "ကိုယ်ထင်တာ ကိုယ်က အရမ်း အသုံးမဝင်တဲ့သူ ဖြစ်နေသလိုပဲ... မင်း ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် ဘေးမှာ ရှိမနေပေးနိုင်ခဲ့ဘူး"
ထုံရွှယ်လူက ထိုသူစိတ်မကောင်း ဖြစ်နေသည့်အကြောင်းကို သိလိုက်ရသည်။
သူမက သူ့လက်ကို လှမ်းကိုင်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မရှင့်ကို မပြောတာ ရှင်စိတ်မပူရအောင်လို့လေ"
ဝမ်ရူကွေ့က အနည်းငယ် တုန်ယင်သွားပြီး သူမ၏လက်ကို ပြန်ကိုင်လိုက်သည်။
"နောက်ဆို ဘာတွေပဲဖြစ်ဖြစ် ကိုယ်မလုပ်နိုင်တဲ့ ကိစ္စဆိုရင်တောင် ကိုယ့်ကို ပြောပြလေနော်... ကိုယ် မင်းကို တစ်ယောက်တည်း လွှတ်ရမဲ့အစား အတူရှိနေပေးချင်တယ်... တစ်ယောက်တည်း မရင်ဆိုင်စေချင်ဘူး"
သူပြန်ရောက်လာသည့်အခါမှသာ သူ့အဘိုးထံမှ ထုံရွှယ်လူတစ်ယောက် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ နိုင်ငံရေးဗျူရိုမှ စုံစမ်းစစ်ဆေးရန် ခေါ်ယူခံရပြီး ယန်ရုံအန်းကိုဆွဲချရန်အတွက် သူမနှင့် စုယွဲ့ရှန်းတို့အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ကြားသိခဲ့ရသည်။
ယမန်နေ့ညက ဖူကျန့်ယိထံမှလည်း လယ်တောရှိ ထုံကျန်းကျန်းကို သွားတွေ့ခဲ့ကြကြောင်း သိခဲ့ရသည်။
သူ့ကိုယ်သူ အလွန်ပင် အသုံးမကျဟု ခံစားနေရသည်။ သူမ လိုအပ်သည့် အချိန်များတွင် အမြဲတမ်း အဝေးမှာသာ ရောက်နေခဲ့သည်။ ဤခံစားချက်က သူ့ကို အလွန်အမင်း ဒေါသထွက်စေသည်။
ထုံရွှယ်လူက ဝမ်ရူကွေ့ကို မှီလိုက်ပြီးနောက် မျက်နှာထက်ကို အနမ်းပေးလိုက်သည်။
"ဟုတ်ပါပြီ... ကတိပေးတယ်နော်... နောက်ဆို ဘာပဲဖြစ်လာဖြစ်လာ ရှင့်ကို ပြောပြပေးမယ်"
ဝမ်ရူကွေ့၏ နာရွက်ဖျားလေးများ ရဲတွက်သွားလေသည်။ သူစကားပြောချင်ပါသော်လည်း ဦးနှောက်က ရုတ်တရက် ချာချာလည်နေပြီး ထပ်ပြီး ပါးစပ်ပိတ်သွားရပြန်သည်။
သူ ငြိမ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ ထုံရွှယ်လူက သူ စိတ်ပျက်နေဆဲ ဖြစ်မည်ဟု တွေးမိသွားသဖြင့် ထပ်ပြီး အနမ်းပေးလိုက်သည်။
မထင်မှတ်ထားစွာပင် သူက အလွန်အမင်း နူးညံ့လှပြီး ချော့ရလွယ်သည့်အတွက် နှစ်ကြိမ် အနမ်းခံလိုက်ရပြီးနောက် စကားတစ်ခွန်းမှပင် မပြောနိုင်တော့ပေ။
ထုံရွှယ်လူမှာ သူမ အတော်လေး လွန်သွားလေပြီဟု ခံစားလိုက်ရပြီး သူဒေါသထွက်နေ၍ စကားမပြောလာခြင်း ဖြစ်မည်ဟုထင်လိုက်မိ၏။
သူတို့က စေ့စပ်ပြီးသွားပြီလေ... သူ့ဘက်ကလည်း သူမရဲ့ ပုံစံအသစ်ကို ကျင့်သားရအောင် ကြိုးစားဖို့လိုနေပြီ...