🍵Chapter 248
ထုံရွှယ်လူက ဝန်ကြီးလင်း သူမအား မည်သည့်အတွက်ကြောင့် ခေါ်သည်ကို မခန့်မှန်းနိုင်ခဲ့ပေ။ စက်ရုံတစ်ခု ဖွင့်လှစ်ရန် အစီအစဥ်ပင် နောက်ရောက်သွားခဲ့ပြီး ဖြစ်၏။
ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင် နှစ်ဝက်မျှသာ အချိန်ရှိတော့သည်။ ဤအချိန်များ၌ စက်ရုံတစ်ခု ဖွင့်လှစ်ရန် အလုပ်များလွန်းလှပြီး ဒုတိယအချက်မှာ သူမကလည်း နောက်ပိုင်းတွင် ၎င်းကို ကြည့်ရှုပေးရန် အချိန်ရှိမည် မဟုတ်သဖြင့် ထိုအကြံကို စွန့်လွှတ်ဖို့သာ ရှိသည်။
ရုံးခန်းထဲသို့ ရောက်လာသောအခါ ဝန်ကြီးလင်းက သူမ မေးလာမည်ကိုပင် မစောင့်တော့ပေ။
"မန်နေဂျာထုံ... မင်း အလုပ်သမား လယ်သမားနဲ့ စစ်သားတက္ကသိုလ်ကို တက်ဖို့ စဥ်းစားဖူးလား... ကုန်သွယ်ရေးဌာနမှာလည်း ခွဲတမ်းရှိတယ်... မန်နေဂျာထုံလို လုပ်ရည်ကိုင်ရှည်ရှိသူက ရှားတယ်လေ... ငါမင်းကို သွားတက်ဖို့ ထောက်ခံချက်ပေးချင်တယ်"
သူမကို ဒီအကြောင်းလေး ပြောဖို့ အတွက်နဲ့ ခေါ်လိုက်တာလား...
ထုံရွှယ်လူက နှလုံးသားထဲတွင်မက ပြင်ပမှာပါ သက်ပြင်းချလိုက်မိသည်။
"ကျေးဇူးပါ ဝန်ကြီးလင်း... ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြုပေးလို့ပါ... ဝန်ကြီးလည်း သိမှာပါ... ကျွန်မရဲ့ မိဘတွေက မရှိကြတော့ဘူး... မိသားစုထဲက မောင်လေးတွေ ညီမလေးတွေကလည်း ငယ်ကြသေးတော့ ကျွန်မ မရှိဘဲ ဘာမှ မလုပ်တတ်ကြဘူးလေ... သူတို့ကို ဂရုစိုက်ပေးဖို့လည်း လိုနေတော့ ဒီအခွင့်အရေးကို တွန့်ဆုတ်ဆုတ်နဲ့ပဲ လက်လျှော့ရတော့မှာပါပဲလေ"
ဝန်ကြီးလင်းက အသိပြန်ဝင်သွားသည်။
"ငါမင်းပြောခဲ့တဲ့အခြေအနေကို မစဥ်းစားမိခဲ့ဘူး... တက္ကသိုလ်တက်ရင် ကျောင်းထဲမှာပဲနေရတော့မှာ... ပြီးရင် ကွင်းဆင်းလေ့လာဖို့ စက်ရုံတွေ ကျေးလက်ဒေသတွေကို သွားရမှာပဲ... ဒီလိုနည်းနဲ့သာဆို မိသားစုကို စောင့်ရှောက်နိုင်တော့မှာ မဟုတ်ဘူး... စိတ်မကောင်းစရာပဲ"
ထုံရွှယ်လူ: "..."
ဝန်ကြီးလင်းရေ... ရှင့်နှုတ်ခမ်းထောင့်တွေသာ ကွေးတက်မနေဘူးဆိုရင် ကျွန်မအတွက် တကယ်စိတ်မကောင်းဖြစ်နေတာဆိုပြီး ယုံမိလိုက်ဦးမယ်...
ဝန်ကြီးလင်းမှာ အမှန်ပင် ဝမ်းသာအားရ အံ့အားသင့်သွားခဲ့ခြင်းဖြစ်သည်။
သူက ထိုအခွင့်အရေးကို ထုံရွှယ်လူကို ပေးခဲ့သည့် အကြောင်းမှာ ပထမအချက်အနေဖြင့် သူမက အမှန်ပင် လုပ်ရည်ကိုင်ရည်ရှိ၍ ဖြစ်ပြီး ဒုတိယအချက်မှာ သူမက ဗိုလ်ချုပ်တစ်ယောက်၏ မြေးဖြစ်နေ၍ပင်။ သူက ထိုအခွင့်အရေးကို ဗိုလ်ချုပ်ရှောင်းထံ ရောင်းချလို၍သာ။
ထုံရွှယ်လူက ထိုကဲ့သို့သော အခွင့်အရေးကောင်းကို ငြင်းဆန်လာသည်ကြောင့် ဤအခွင့်အရေးအား သူ၏ တူဖြစ်သူထံ ချန်ထားနိုင်ပေလိမ့်မည်။
ဝန်ကြီးလင်းက ဝမ်းတွင်းမှ ပျော်ရွှင်မှုများကို ထိန်းချုပ်ထားလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
"ဒီလိုဖြစ်လာပြီဆိုမှတော့ ဒီတစ်ခေါက်ကို မေ့လိုက်ရုံပေါ့... မန်နေဂျာထုံရဲ့ အသက်နဲ့သာဆိုရင် နောက်နှစ်နည်းနည်းလောက်မှ တက္ကသိုလ်တက်ရင်လည်း နောက်မကျသေးပါဘူး"
ထုံရွှယ်လူက ကျေးဇူးတင်ပုံပေါ်နေသည်။
"ကျွန်မ မသွားနိုင်ပေမယ့် ကျွန်မကို ဦးစားပေးတဲ့အတွက် ဝန်ကြီးလင်းကို ကျေးဇူးတင်ရမှာပါ... ကျွန်မတကယ့်ကို ကျေးဇူးတင်သွားတာ"
ဝန်ကြီးလင်းမှာ သူမက ငြင်းပယ်လိုက်သည့်တိုင် ကျေးဇူးတင်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်နိုင်သကဲ့သို့ ခံစားလိုက်ရပြီး ရုတ်တရက်ပင် မျက်လုံးများထဲ၌ အပြုံးများ ပြည့်သွားသည်။
ရုံးခန်းထဲမှ ထွက်လာသောအခါ အတွင်းရေးမှူးကျိုးက အသံတိုးတိုးဖြင့် မေးမြန်းလာခဲ့သည်။
"မန်နေဂျာထုံ... ဝန်ကြီးလင်းက ရှင့်ကို အလုပ်သမား လယ်သမားနဲ့ စစ်သား တက္ကသိုလ် အကြောင်း ပြောတယ်မလား"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်... ဒါပေမယ့် ကျွန်မ ငြင်းလိုက်တယ်"
အတွင်းရေးမှူးကျိုးက အလန့်တကြား ဖြစ်သွားပုံပင်။ "ဘာလို့ ငြင်းလိုက်တာလဲ... ရှင်က တုံးလိုက်တာ... ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လူတွေအများကြီးကတောင် သွားနိုင်ကြတာမဟုတ်ဘူး"
ထုံရွှယ်လူ သက်ပြင်းချကာ ခုနလေးတင်မှ ပြောခဲ့ရသည့် အကြောင်းပြချက်ကိုပင် ထပ်ပြောပြလိုက်သည်။
ထိုစကားကို ကြားသောအခါ အတွင်းရေးမှူးကျိူးက သူမကို သနားသည့် မျက်လုံးများဖြင့်ပင် ကြည့်လာခဲ့သည်။
"တကယ် စိတ်မကောင်းစရာပဲ... ဒါပေမယ့် မင်းမသွားရင် လူတိုင်းက ဒီအခွင့်အရေးအတွက် တိုက်ခိုက်ကြတော့မှာ"
ထုံရွှယ်လူက စကားတစ်ခွန်းမှ မပြောဘဲ ပြုံးသာပြလိုက်သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲများက နှစ်ဝက်အတွင်းမှာပင် စတင်တော့မည်ကို သူမသိနေပါသော်လည်း ထိုအကြောင်းအား မည်သူ့ကိုမှ ပြောပြ၍ မရနိုင်ပေ။
ကုန်သွယ်ရေးဌာနမှ ထွက်လာသောအခါ စားသောက်ဆိုင်သို့ ပြန်ရောက်လာသည်နှင့် ဖူကျန့်ယိလည်း ရောက်ချလာခဲ့လေသည်။
ဖူကျန့်ယိ မျက်မှောင်ကျုံ့နေလေသည်။
"ရဲဘော်ထုံ... တစ်ခုခု ဖြစ်သွားတယ်"
အလေးအနက်ဖြစ်နေသော အမူအယာကို ကြည့်ကာ ထုံရွှယ်လူ နှလုံးသားထဲ၌ ထိတ်လန့်မိသွားသည်။
"တစ်ခုခု ဖြစ်သွားလို့လား"
ဖူကျန့်ယိ ခေါင်းမြန်မြန် ယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး... ထုံကျန်းကျန်းနဲ့ ပတ်သက်တဲ့ကိစ္စပါ"
ထိုစကားလုံးများကို ကြားသောအခါ ထုံရွှယ်လူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ "ဒါဆို၀င် အပြင်ထွက်ပြီး ပြောကြရအောင်"
လူလွတ်များနှင့် မုဆိုးမများမှာ လူမြင်ကွင်းတွင် ရင်းရင်းနှီးနှီး နေထိုင်၍မရပေ။
ဖူကျန့်ယိက လှည့်ထွက်လာပြီး သူမနှင့်အတူ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။
နှစ်ယောက်သား စားသောက်ဆိုင်ထဲမှ ထွက်လာကြသောအခါ ဖုကျန်းယိက လာရင်းကိစ္စကို ပြောလိုက်သည်။
"ရှန့်ဖန်းနဲ့ ထုံကျန်းကျန်းတို့ လယ်ထဲမှာ အဆိပ်မိပြီး သေသွားတယ်"
"!!!"
ထုံရွှယ်လူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားလေသည်။
အချိန်အတော်ကြာမှသာ သူမ အသိပြန်ဝင်လာသည်။ "ထုံကျန်းကျန်းက ဘယ်လိုလုပ်ပြီး သေသွားရတာလဲ"
သူမက စာအုပ်ထဲက ဇာတ်လိုက်မဖြစ်ပြီးတော့ နတ်ဘုရားရဲ့ မျက်ရှုလေးလေ... ဘယ်လိုလုပ်ပြီး စောစောသေသွားပါလိမ့်...
သေခြင်းတရားလွတ်မြောက်ခြင်းလို့ ပြောရမှာပဲလား...
ဖူကျန့်ယိ: "အတိအကျပြောရရင် ရှန့်ဖန်း သေသွားတယ်... ထုံကျန်းကျန်းကတော့ အသက်မျှင်းမျှင်းလေးပဲ ရှိတော့တာ... သူက မင်းကို တွေ့ချင်တယ်လို့ပဲ ဆက်တိုက်ပြောနေတယ်... လယ်တောဘက်မှာ ငါ့အသိတစ်ယောက် ရှိတယ်လေ... သူ ငါ့ကို ဖုန်းဆက်ပြီး ပြောလာလို့... မင်းဘယ်လိုလုပ်မယ် စိတ်ကူးလဲ"
"သူက ဘာတွေ ပြောနေတာတဲ့လဲ"
ထုံရွှယ်လူမှာ ထိုကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှပင် တွေးမကြည့်ဖူးခဲ့ပေ။
မကြာသေးမီကပင် ထုံကျန်းကျန်းမှာ အလွယ်တကူ အသတ်ခံရနိုင်မည် မဟုတ်ဟု ခံစားခဲ့ရသေးသည်။ ထိုကိစ္စမျိုး ဖြစ်ခဲ့ပါက ရန်ရုံအန်က လက်ဦးမှု ယူကာ သူမကို ကာကွယ်ပေးမည် ဖြစ်သည်။
ရန်ရုံအန်း၌ မတော်တဆမှုတစ်ခု ဖြစ်လာခဲ့ပြီး နောက် သူမက ချက်ချင်း ပြန်သွားလိုက်ရသော်လည်း ကံဆိုးလွန်းနေသည်ထင်။
သူမဆီမှာ ဇာတ်လိုက်ရောင်ဝါ ရှိနေလောက်တယ်လို့ တွေးမိရုံရှိသေးတယ်... ရုတ်တရက်ကြီး သေသွားလိမ့်မယ်လို့တော့ သူမလည်း မထင်ထားမိဘူးလေ...
"သူပြောတာ မင်းသူ့ကို လာမတွေ့ရင် နောင်တရလိမ့်မယ်တဲ့"
ဖူကျန့်ယိ၏ မျက်လုံးများထဲ ရွံရှာမှုတို့ ဖြတ်ပြေးသွားလေသည်။
"သေတော့မှာကိုတောင် စိတ်ကြီးဝင်ရဲသေးတယ်... ဒါပေမယ့် ဒီလိုမျိုး ဖြစ်တာကို ပထမဆုံး မြင်ဖူးတာပဲ"
ထုံရွှယ်လူ နူးညံ့စွာ ပြောလိုက်သည်။
"သူက ကျွန်မကို ဒီလောက်တောင် တွေ့ချင်နေမှတော့ သွားတွေ့ပေးရသေးတာပေါ့"
သူမကလည်း ထုံကျန်းကျန်း ဘာတွေ ပြောလာမလဲဆိုတာကို သိချင်သေးပါရဲ့...
ဖူကျန့်ယိက တစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြောလေသည်။ "ခဏလေးစောင့်... ငါကားမောင်းလာခဲ့မယ်... ငါမင်းနဲ့အတူ လိုက်ပေးမယ်"
ထုံရွှယ်လူ ခေါင်းငြိမ့်ကာ အခြားသူများကို စကားပြောရန်အတွက် စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
ထုံကျန်းကျန်း၏ လယ်တောမှာ မြို့နှင့် နှစ်နာရီခန့်ဝေးသဖြင့် လယ်တောသို့ ရောက်သောအခါ နေ့လည်ခင်းအချိန် ရောက်နေပေပြီ။
လယ်ကွင်းတာဝန်ရှိသူက ဖူကျန့်ယိကို တွေ့သောအခါ ချက်ချင်း လာနှုတ်ဆက်သည်။
"ခေါင်းဆောင်ဖူ... ဘာလို့ လူကိုယ်တိုင် ရောက်လာရတာလဲ"
ဖုကျန့်ယိက ထိုသူနှင့် အလ္လာပသလ္လာပစကားပြောရန် အချိန်မရှိသဖြင့် တန်း၍သာ မေးလိုက်သည်။ "ထုံကျန်းကျန်း အခုဘယ်လိုနေလဲ... အသက်ရှိနေသေးလား"
လယ်ကွင်းတာဝန်ခံက ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "သူအသက်ရှင်နေဆဲပါပဲ... သွေးတွေတော့ အန်နေတယ်... အသက်မျှင်းမျှင်းပဲ ရှိတော့တယ်"
ဖူကျန့်ယိ: "ဒါဆို ငါတို့ကို မြန်မြန် ခေါ်သွားပေး"
လယ်ကွင်းတာဝန်ခံက ခေါင်းငြိမ့်ပြပြီး ဆေးပေးခန်းတစ်ခုထဲသို့ ဦးဆောင်ကာ ခေါ်လာပေးခဲ့သည်။
ကျန်းမာရေးစင်တာထဲသို့ ရောက်လာပြီး ဆေားပေးခန်းထဲသို့ ခြေမချခင်မှာပင် မဖော်ပြနိုင်သည့် ရွံရှာဖွယ်ရာ အငွေ့အသက်များက အခန်းထဲမှ အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။
ထုံရွှယ်လူမှာ ပျို့အန်လုနီးပါး ဖြစ်သွားခဲ့သည်။
"သူတို့က ဘာနဲ့ အဆိပ်မိသွားတာလဲ"
လယ်ကွင်းတာဝန်ခံက ခေါင်းယမ်းပြလိုက်သည်။
"ဒေါက်တာကလည်း မသိဘူးလို့ ပြောတယ်... ပိုးသတ်ဆေး သောက်မိသွားတာနဲ့ တူသလိုလို ရှိပေမယ့် မတူဘူး... ပြီးတော့ သူနေတဲ့ နေရာမှာလည်း ပိုးသတ်ဆေး မတွေ့ဘူး"
ထုံရွှယ်လူက စစ်တပ်သုံးအိတ်ထဲမှ လက်ကိုင်ပုဝါကို ယူကာ နှာခေါင်း အုပ်လိုက်ပြီးနောက် ဝင်သွားလိုက်သည်။
သူမ ဝင်လာသည်နှင့် ဆေးရုံကုတင်ထက်တွင် လဲလျောင်းနေသည့် ထုံကျန်းကျန်းကို တွေ့လိုက်ရသည်။ သူမ မျက်နှာထက်မှ အရေပြားမှာ ပြာနှမ်းနေသည်ကိုလည်း တွေ့ရသည်။ အသေအချာ အနီးကပ် ကြည့်လိုက်သောအခါ မျက်နှာနှင့် လည်ပင်းထက်၌ အရေပြားအောက်မှ သွေးယိုစိမ့်နေပုံရသော အနီရောင် အစက်အပြောက်များ ရှိနေခဲ့သည်။
ထိုအခိုက် သူမ၏ မျက်လုံးများမှာ တင်းကျပ်စွာ ပိတ်ထားနေပြီး အချိန်နှင့်အမျှ ရှုံ့တွနေခြင်းမျိုးသာ မရှိခဲ့ပါက သေဆုံးနေလေပြီ ဟုပင် ထင်ရနိုင်သည်။
လယ်ကွင်းတာဝန်ခံက သူနာပြုကို မေးလိုက်သည်။
"သူထပ်ပြီး သတိမေ့သွားပြန်ပြီလား"
သူနာပြုက ထုံကျန်းကျန်းအား ရွံရှာဟန်ဖြင့် ကြည့်လိုက်သည်။ "မဟုတ်ဘူး... ဒါပေမယ့် ဆီးထဲမှာ သွေးတွေပါလာပြီး သွေးတွေ ထပ်အန်နေပြန်တယ်... တကယ်ရွံစရာကြီး"
ထုံရွှယ်လူက ကုတင်အောက်မှ အင်တုံတစ်လုံး ရှိနေပြီး ညှိစို့စို့ ရနံ့များ လှိုက်တက်လာသည်ကို တွေ့လိုက်ရသည်။
သူမက လာခဲ့မိသည်ကိုပင် ရုတ်တရက် နောင်တရသွားသည်။
ထုံအခိုက် ထုံကျန်းကျန်းက သူမရောက်လာသည်ကို အာရုံခံမိသည့်အလား ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။
သူမ၏ အကြည့်များက အခြားသူများအပေါ် ဖြတ်ပြေးသွားပြီး အဆုံး၌ သူမအပေါ် ကျရောက်လာခဲ့သည်။
"ထုံ ရွှယ် လူ"
သူမမှာ မကြာသေးခင်က မျက်လုံးပိတ်ထားစဥ်ကပင် ကြည့်ရဆိုးလွန်းနေပြီ ဖြစ်ကာ လက်ရှိ မျက်လုံးပွင့်လာသောအခါ ပို၍ပင် ကြောက်စရာကောင်းလာသည်။
ထုံရွှယ်လူက ဖူကျန့်ယိထံ လှည့်၍ ပြောလိုက်သည်။ "ကျွန်မ သူ့နဲ့ နှစ်ယောက်တည်းပဲ စကားပြောချင်တယ်... ဖြစ်မလား
ဖူကျန့်ယိက ထုံကျန်းကျန်းတစ်ယောက် စကားပြောရန်ပင် အနိုင်နိုင် ဖြစ်နေသည်ကို ကြည့်ကာ အခြားသူများအား ထိခိုက်စေနိုင်မည်ကို မစိုးရိမ်ရတော့သဖြင့် ခေါင်းငြိမ့်ကာ လယ်ကွင်းတာဝန်ရှိသူနှင့်အတူ အပြင်သို့ ထွက်သွားသည်။