အပိုင်း၂၅၂
Viewers 67k

🍵Chapter 252




ရာသီဥတုက တစ်​နေ့ထက်တစ်​နေ့ ပိုပူလာလေရာ သစ်ပင်ရိပ်ခိုကာ ပူ​အိုက်လွန်း​ကြောင်း ​အော်ဟစ်​နေရသည်။ 


ထုံရွှယ်လူက အဘိုးဝမ် သို့မဟုတ် ဦး​လေးဇုန်းထံမှ ဝမ်ရူ​ကွေ့၏ မိခင်အ​ကြောင်း စုံစမ်းချင်ပါ​သော်လည်း အဘိုးဝမ်တစ်​​ယောက် ရုတ်တရက် ​ဆေးရုံတက်လိုက်ရမည်ဟု မထင်မှတ်ထားခဲ့​ပေ။ 


သို့​သော်လည်း လွန်ခဲ့​​သော ရက်များတွင် ဝမ်ရူ​​ကွေ့က အ​နောက်​မြောက်ပိုင်းတွင် စမ်းသပ်ချက်တစ်ခု လုပ်​ဆောင်ရန်အတွက် ဒါရိုက်​တာကျောင်း​နောက်သို့ လိုက်သွားသည်။ ထိုအ​ကြောင်းကို သိ​သောအခါ ထုံရွှယ်လူက စားစရာများ အမြန် သယ်ကာ ​ဆေးရုံတက်​နေသည့် အဘိုးဝမ်ထံ ​လာလည်ခဲ့သည်။ 


​ဆေးရုံခန်းတံခါးဝသို့ ​ရောက်သည့်အချိန်တွင် အထဲမှ အဘိုးဝမ်၏ အသံ ထွက်​ပေါ်လာခဲ့လသည်။


 "​ရှောင်ဇုန်း... ဆန်ပြုတ်ရ အရသာမရှိဘူး... ​ရွှယ်လူရဲ့ စား​သောက်ဆိုင်က​နေ အစပ်ဟင်းရည်ပူပူ​လေး ဝယ်​ပေးပါလား"


ဦး​လေးဇုန်း: "ဗိုလ်မှူး... ဗိုလ်မှူးကို ​ဒေါက်တာက ​သွေးတိုးပြီး နှလုံး​ရောဂါ ရှိ​နေတယ်လို့ ​ပြောထားတာ​လေ... အရသာ ​​ပေါ့တာ​တွေပဲ စားရမယ်... အခုတ​လော အဆီများတာ​တွေ စားလွန်းလို့ အခု ​ဆေးရုံတက်​နေရတာ​လေ.."


အဘိုးဝမ်: "​ဆရာဝန်​တွေ ​လျှောက်​ပြော​နေတာပါကွာ... ငါ့ခန္ဓါကိုယ်က အလတ်ကြီး ရှိ​သေးတယ်"


ဦး​လေးဇုန်းက အနိုင်ဖဲကတ်ကို ထုတ်သုံးလိုက်သည်။ "ဗိုလ်မှူး... ဒီလို ထပ်လုပ်​​နေရင် ရွှယ်လူကို ​​ပြောလိုက်မှာ​နော်"


အဘိုးဝမ်: "..."


တံခါးဝတွင် ရပ်​နေသည့် ထုံရွှယ်လူမှာ ရယ်ရမည်လား ငိုရမည်လားပင် မသိ​တော့​ပေ။ 


အဘိုးဝမ်က စကားပြန်​​ပြောမည်အပြု ​ခေါင်းလှည့်ကြည့်လိုက်​သောအခါ ထုံရွှယ်လူ ဝင်လာသည်ကို ​တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။


 "​​ကောင်မ​လေး... ဘယ်ကတည်းက ​ရောက်​နေတာလဲ"


ထုံရွှယ်လူ ​ပြုံး၍ ​ပြောလိုက်သည်။ "အဘိုး မာလာထန်း စားချင်တယ်လို့ ​ပြော​နေတုန်းက​လေ"


အဘိုးဝမ်: "..."


ဦး​လေးဇုန်းက အလျင်အမြန်ပင် တိုင်​တော​လေ​တော့သည်။


 "ရွှယ်လူ ဗိုလ်မှူးကို ကူ​ပြောအုံး... ဗိုလ်မှူးက တ​ဖြည်းဖြည်း က​လေးဆန်လာပြီ... ကိုယ် ကျန်းမာရေးမ​ကောင်းတာ သိ​နေတာ​တောင် ဆီများတဲ့ အစားအစာ​တွေ စား​ချင်နေတုန်းပဲ"


အဘိုးဝမ် ​ဒေါသထွက်သွားပြီး ဦး​လေးဇုန်းကို ထိုး​ဖေက်မတတ် စိုက်ကြည့်လိုက်၏။


ထုံရွှယ်လူက ဒင်းဆမ်းများကို စားပွဲ​ပေါ်တွင် တင်ကာ ​ပြောလိုက်သည်။ 


"အဘိုးဝမ်... အဘိုး ဆရာဝန်​တွေရဲ့ စကားကို နား​ထောင်ရမယ်​လေ... အဆီများတာ အရသာပြင်းတာ​တွေ ​လျှော့စားရမယ်... အဘိုး​ ​နေ​ကောင်းလာရင် အရသာရှိတာ​တွေ ချက်​ကျွေးမယ်​နော်"


အဘိုးဝမ် လျှာသပ်လိုက်သည်။ "အခု စားလို့မရဘူးလား... ငါက​တော့ ငါ့ကျန်းမာ​ရေး ​ကောင်း​နေပြီလို့ ထင်တာပဲ... ဆရာဝန်နဲ့ ​ရှောင်ဇုန်းကမှ ​ပေါက်က​ရတွေ ​ပြော​နေကြတာ"


ထုံရွှယ်လူ ​ခေါင်းယမ်းပြလိုက်သည်။ "အခု ​နေမ​ကောင်း​သေးဘူး... အရသာ​ပေါ့တာပဲ စားရမယ်... ပြီး​တော့ ဦး​လေးဇုန်းရဲ့ စကားကိုလည်း နား​ထောင်ရမယ်​နော်... မဟုတ်ရင် ချက်မ​ကျွေး​တော့ဘူး" 


ဦး​​လေးဇုန်းမှာ မ​နေနိုင်ဘဲ စိတ်ကြီးဝင်သွားရ​လေသည်။ 


အဘိုးဝမ်မှာ သူ့ကို ကြည့်​နေရင်း အသည်းတယားယား ဖြစ်နေရ​သော်ငြား ​ရေရှည် အစားအ​သောက်အတွက် သ​ဘောတူလိုက်ရသည်။


 "ကောင်းပြီ​လေ... အဘိုး ယာယီ ​အစား​ရှောင်​ပေးလိုက်ပါ့မယ်"


လူအများက အသက်ရလာ​လေ​​လေ က​လေးနှင့် ပိုတူလာ​လေ​​လေဟု ​ဆိုကြ​ပေသည်။ ထုံရွှယ်လူမှာ အဘိုးဝမ်ကို က​လေးတစ်​ယောက်နှင့် တူ​နေ​လေပြီဟု ​တွေး​နေသည်။


အဘိုးဝမ်က ​ဆေး​သောက်ပြီး​နောက် ချက်ချင်းအိပ်​ပျော်သွားသည်။ 


သူအိပ်​မောကျသွား​သောအခါ ထုံရွှယ်လူက ဦး​လေးဇုန်းကိုတီးတိုး​ပြောလိုက်သည်။ "ဦး​လေးဇုန်း... အပြင်သွားရ​အောင်... ကျွန်မ ​မေးစရာ​လေး ရှိလို့"


ဦး​လေးဇုန်း က သူမ၏ တ​လေးတနက် အမူအယာကို ကြည့်ကာ ​တွေ​​တွေ​ဝေ​ဝေဖြင့် ​ခေါင်းငြိမ့်ပြလိုက်သည်။ "​ကောင်းပြီ​လေ"


နှစ်​ယောက်သားက အပြင်ဘက်မှ ဥယျာဥ်ငယ်​လေးထံသို့ သွားခဲ့ကြသည်။


​​တောက်ပ​နေ​သော ​နေလုံးကြီးက သစ်ပင်အရိပ်များကြား ဖြာကျ​နေပြီး အရိပ်​​လေးများကို ​​ပြောက်ကျားကွက်​​လေးများ ဖြစ်​လာ​စေကာ အနီးအနားရှိ ပန်းများ တဝိုက်တွင်လည်း ပျားပုတုန်းတို့ ဝဲခို​နေ​လေသည်။


ထုံရွှယ်လူက ခုံတန်းလျားတွင် ထိုင်ကာ ​​ပြောလိုက်သည်။


 "ဦး​လေးဇုန်း... ကျွန်မ တကယ်​တော့ ရူ​ကွေ့အ​မေအ​ကြောင်း ​မေးချင်တာပါ... အဲ့ဒီအ​ကြောင်း ​ပြောပြဖို့ အဆင်​ပြေရဲ့လားမသိဘူး"


ဦး​​လေးဇုန်းက သူမ ထို​မေးခွန်း ​မေးလာမည်ဟု မထင်ထားသဖြင့် ​ခြောက်​သွေ့​နေ​သော နှုတ်ခမ်းများကို တင်းတင်း​​​စေ့လိုက်သည်။ 


"ရပါတယ်... ဘာကို သိချင်တာလဲ"


ထုံရွှယ်လူ: "အဲ့ဒီအချိန်တုန်းက ရူ​ကွေ့အ​မေက ဘာလို့ ကွာရှင်းခဲ့တာလဲ"


"ဒါက ဇာတ်လမ်းရှည်ကြီး တစ်ခုပဲ... အဲ့ဒီအချိန်တုန်းက ရူ​ကွေ့အ​​ဖေနဲ့ အဲ့ဒီမိန်းမက ချစ်လို့ လက်ထပ်ခဲ့ကြတာ... အစတုန်းက​တော့ ဆက်ဆံ​ရေး အဆင်​ပြေပါရဲ့... ​နောက်​တော့ ရူ​ကွေ့အ​ဖေက ရှင်းကျန်းက စစ်တပ်ကို တာဝန်ကျတယ်​လေ... အဲ့ဒီမိန်းမက အဲ့ဒီ​ဒေသက ​​ခေါင်လွန်းလို့ မ​​နေနိုင်ခဲ့ဘူး... ဒါ​ကြောင့် ရူ​ကွေ့ကို ​ခေါ်ပြီး ​ပေကျင်းကို လာ​နေခဲ့တာ"


"အဲ့ဒီမိန်းမက လုံးဝ အရှက်မရှိတဲ့သူ ဖြစ်​နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ... သူက ​ကောလိပ်အတန်း​ဖော်တစ်​ယောက်နဲ့ ​ဖောက်ပြန်ရုံတင်မကဘူး ရူ​ကွေ့ကိုပါ နှိပ်စက်ခဲ့​သေးတယ်... ​ဆောင်းရာသီမှာ ရူ​ကွေ့ကို ​ရေခဲပြင်​ပေါ် ဒူး​ထောက်ခိုင်းတယ်... ​နွေရာသီမှာ ဖန်ကွဲစတွေ​ပေါ် ဒူး​ထောက်ခိုင်းပြန်​ရော... ကျားအ​မေကြီး​တောင် သူ့က​လေးကို ပြန်မစားဘူး... အဲ့ဒီမိန်းမက တိရစ္ဆာန်​လောက်​တောင် အသိစိတ်မရှိခဲ့ဘူး"


ဦး​​လေးဇုန်းက ​​ပြော​နေရင်းပင် ဒေါသ​ကြောင့် မျက်လုံးများ နီရဲလာခဲ့ပြီး နှဖူးထက်၌ ​သွေး​ကြောများ ​ထောင်ထလာခဲ့သည်။


ပြီး​နောက် လက်သီးကိုလည်း တင်းတင်းဆုပ်လိုက်သည်။


ဦး​လေးဇုန်းထံမှ မကြားရခင်က ထုံရွှယ်လူမှာ ၎င်းက ယခင်မျိုးဆက်များအကြား အချစ်နှင့် အမုန်း​ကြောင့် ဖြစ်မည်ဟု ​တွေးခဲ့​​သော်လည်း ထိုမိန်းမကို နှိပ်စက်တတ်ပြီး ​ဖောက်ပြန်သူ ဖြစ်မည်ဟု မထင်ထားခဲ့​ပေ။ 


အဲ့ဒီအချိန်တုန်းက ဒီမိန်းမသာ သူမ​ရှေ့မှာ ရှိရင် သွား​တွေ ကျွတ်ထွက်သွား​အောင် ပါးရိုက်လိုက်မိမှာပဲ...


ထုံရွှယ်လူ၏ ရင်ဘတ်က ​ဒေါသ​ကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်​နေပြီး ဤအခိုက်၌ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် လူသတ်ချင်စိတ်များ ဝင်လာရသည်။


 "အဘိုးဝမ်က​ရော အဲ့ဒီအ​ကြောင်း မသိခဲ့ဘူးလား"


ဦး​လေးဇုန်း: "အဲ့ဒီအချိန်တုန်းက ဗိုလ်မှူးက အ​နောက်​မြောက်​ဒေသမှာ ​ရောက်​နေတာ​လေ... အဲ့ဒီမိန်းမက ကိုယ့်က​လေးအရင်းကိုနှိပ်စက်​နေမယ်လို့ ဘယ်ထင်ပါ့မလဲ... သူသိခဲ့ရင် သူလည်း..."


"​နောက်ပိုင်း ရူ​ကွေ့​အ​ဖေ ပြန်လာ​​တော့မှ အဲ့ဒီမိန်းမ ​ဖောက်ပြန်​နေတာကို သိသွားတာ​လေ... က​​လေးကို နှိပ်စက်​နေတာလည်း သိသွားတယ်... သူအရမ်း​ဒေါသထွက်သွားလို့ ချက်ချင်း ​ခွေးဇာတ်ခင်း​နေတဲ့ ​ယောကျာ်းနဲ့ မိန်းမစုံတွဲကို ​သေနတ်နဲ့ ချိန်လိုက်တယ်​လေ... ဒါ​ပေမယ့် အဲ့ဒီမိန်းမက ကာ​လိုက်​တော့ ​ပစ်ချက်လွဲပြီး လက်​မောင်းကိုပဲ ပစ်မိသွားတာ... ပြီး​တော့ သူတို့ ကွာရှင်းလိုက်ကြတာပဲ"


ဝမ်မိသားစုက အင်အားကြီး​သော်လည်း ထိုစုံတွဲ​၏ ​​နောက်ခံမိသားစုကလည်း မဆိုးလှ​ပေ။ သူတို့ကို တိတ်တဆိတ် သတ်ပစ်လိုက်ရန် ဝမ်မိသားစုအတွက် မဖြစ်နိူင်ခဲ့​​​ပေ​။ 


သို့​သော်ငြား ထိုစုံတွဲကို ​ပေကျင်း၏ စစ်တပ်အိမ်ရာမှ နှင်ထုတ်ရန် ဝမ်မိသားစုမှ ဖိအား​​​ပေးခဲ့ပြီး အစပိုင်းတွင် ​နေထိုင်ခဲ့​သော ထျန်းကျင်းတွင် ပြန်လည် ​နေထိုင်​စေခဲ့သည်။


လွန်ခဲ့​သော ဆယ်စုနှစ် နှစ်ခုအတွင်း ဝမ်မိသားစု၏ ဖိအားများ​ကြောင့် ထိုမိသားစုနှစ်စုမှ မည်သူကမှ အထက်သို့ မတက်နိုင်ကြဘဲ သူတို့၏ အာဏာများကိုလည်း ထပ်ပြီး မရနိုင်ခဲ့​တော့​​ပေ။ 


ထုံရွှယ်လူက ​ဒေါသထွက်​နေဆဲ ဖြစ်ပြီး မျက်နှာတွင် ​သွေး​ရောင်ထလာကာ လက်သီးများကိုလည်း တင်းတင်းဆုပ်ထားမိသည်။ 


ဦး​လေးဇုန်းက သူမ ထိုသို့ ဖြစ်​နေသည်ကို ​တွေ့​သောအခါ သူမကို စိတ်​​လျှော့ရန် နှစ်သိမ့်​ပေးလိုက်သည်။ 


"အတိတ်က ကိစ္စ​တွေက ပြီးသွားပြီ... စိတ်ထဲ မထားနဲ့​တော့... ​ခွေးဇာတ်ခင်းတဲ့ စုံတွဲကိုလည်း ဗိုလ်မှူးက ​စောင့်ကြည့်​နေတယ်... သူတို့ ပြန်လာနိုင်မှာ မဟုတ်ဘူး"


ထုံရွှယ်လူက ပြုံး၍ ​ခေါင်းငြိမ့်ပြလိုက်​သော်လည်း နှလုံးသားထဲတွင်မူ ထိုကိစ္စကို အလွတ်​​မ​ပေးနိုင်ဟု ​တွေး​နေသည်။


ပြန်လည်ပြုပြင်​ရေးနှင့် လမ်းများ ပြန်ဖွင့်လာခြင်းမျိုး မရှိပါက ထိုစုံတွဲလည်း ပြန်လာနိုင်မည် မဟုတ်​ပေ။ သို့​သော်ငြား ပြန်လည်ပြုပြင်​ရေးများ လုပ်ပြီးသွားပါက နိုင်ငံ​ရေးဘက်နှင့် မငြိလျှင် အချိန်မ​ရွေး ​ပေကျင်းသို့ ပြန်လာနိုင်​ပေလိမ့်မည်။ 


စာအုပ်ထဲမှ အတိုင်းဆိုလျှင် ဝမ်ရူ​ကွေ့အ​မေက ထိုနည်းဖြင့် ​ပေကျင်းသို့ ပြန်လာ​ပေလိမ့်မည်။ 


သို့​သော်ငြား သူမက ထိုစုံတွဲ ပြန်လာမည်ကို မ​​ကြောက်​ပေ။ သူတို့​တွေ ပြန်မလာမည်ကိုသာ စိုးရိမ်​နေမိသည်။


သူတို​တွေ ပြန်လာရဲလျှင် သူမကလည်း ပြန်လမ်းမရှိရ​လေ​အောင် လုပ်​ပေးရ​ပေလိမ့်မည်။


ယခုတွင် ပြန်လည်ပြုပြင်​ရေးနှင့် လမ်းများ ဖွင့်​ပေးခြင်းမျိုး မရှိ​သေးသဖြင့် ထိုစုံတွဲကလည်း အချိန်တစ်ခု​လောက်ထိ ​​ပေကျင်းကို ပြန်လာနိုင်ဦးမည် မဟုတ်​ပေ။ သို့​သော်ငြား ကိစ္စမရှိ။ သူမက အသင့်​စောင့်ကြို​နေမည်သာ။ 


​တောင်တန်းနှင့် မြစ်များက အမြဲတမ်း ​ထိပ်တိုက်​တွေ့ကြသည် မဟုတ်ပါ​လော...


🍵


ဦး​​လေးဇုန်း၏ စကားများကို နား​ထောင်ပြီး​နောက် ထုံရွှယ်လူမှာ ​ဒေါသထွက်ရလွန်း၍ နှစ်ရက်​​လောက်ထိ အစားမစားနိုင်ခဲ့​ပေ။ လူတစ်​ယောက်အတွက် ထိုမျှ​လောက်ထိ စိတ်​သောက​ရောက်ရခြင်းမျိုး မခံစားခဲ့ဖူး​ပေ။


ဝမ်ရူ​ကွေ့တစ်​ယောက် သု​တေသနစခန်းတွင် ရှိ​နေပြီး အဆက်အသွယ်မရဖြစ်​နေသည်က စိတ်မ​ကောင်းစရာပင်။ သူမက သူ့အသံ​လေးကို ကြားချင်​နေ​သော်ငြား မတတ်နိုင်ခဲ့​ပေ။ 


ရက်အနည်းငယ်ကြာ​​သောအခါ စုယွဲ့ရှန်းက ​ရှောင်ကျိုးကို ထုံမိသားစုအိမ်သို့ ​ခေါ်လာ​ပေးခဲ့သည်။


ကုရိလန်၏ အမှုပြီးကတည်းက ထုံရွှယ်လူမှာ ​ရှောင်းမျန်မျန်​လေးကို ​ခေါ်ကာ စုအိမ်သို့ ​ရှောင်ကျိုး​လေးနှင့် အကြိမ်များစွာ သွား​တွေ့ခဲ့​သော်လည်း ​ရှောင်ကျိုး၏ စိတ်ပိုင်းဆိုင်ရာ အ​ခြေအ​နေမှာ သိသိသာသာပင် ​ကောင်းမွန်မလာခဲ့​ပေ။


လွန်ခဲ့သည့် လဝက်ခန့်နှင့် ယှဥ်လိုက်ပါက က​လေးက အ​တော်​လေး ပိုပိန်သွားပုံ​ပေါ်ပြီး အဆီပြည့်​​နေသည့် မျက်နှာ​ဖောင်း​ဖောင်း​လေးကို ​မ​တွေ့ရ​တော့​​ပေ။ 


စုယွဲ့ရှန်းက သူယူလာသည့် သစ်သီးများ မုန့်များကို ကမ်း​ပေးလိုက်ပြီး​နောက် ​ပြောလိုက်သည်။ "ငါတို့ မင်းတို့ကို လာနှုတ်ဆက်တာ​လေ"


ထုံရွှယ်လူ အံ့သြသွားသည်။ "ရှင် ကွမ်းတုံအ​ရှေ့ပိုင်းကို သွား​တော့မလို့လား"


သူမက အမှန်တကယ်တွင် စုယွဲ့ရှန်း၏ စကားများကို သိပ်ပြီး အံ့သြမသွားခဲ့​ပေ။ 


စုယွဲ့ရှန်းမှာ အလုပ်ဖြုတ်ခံရပြီ ဖြစ်၍ အချိန်တိုအတွင်း အစိုးရဌာနများကို ပြန်ဝင်နိုင်ဦးမည် မဟုတ်​ပေ။ အဆက်အသွယ်များ သုံးကာ ပြန်ဝင်လာလျှင်ပင် အ​ရေးမပါသည့် ရာထူးအ​သေး​လေးသာ ရ​နိုင်​လောက်မည်ကို စိုးရိမ်ရသည်။


စုယွဲ့ရှန်း၏ ပုံစံအရ သူက ​သေချာ​ပေါက် ​နောက်ပြန်သွားလိမ့်မည် မဟုတ်ပေ။ ကုရိလန်က ကွမ်းတုံအ​ရှေ့ပိုင်းသို့ အပို့ခံလိုက်ရသည် ဖြစ်ရာ သူမိသားစုကလည်း လိုက်သွား​ပေမည်။


၎င်းက ကိစ္စ​ကောင်းတစ်ခုဖြစ်သည်။ ​နောက်နှစ်တွင် စီးပွား​ရေးပြုပြင်​ပြောင်းလဲမှုများ လုပ်​ဆောင်ပြီးနောက် ရှန်းကျန်းက ပထမဆုံး​သော အထူးစီးပွား​ရေးဇုန်အဖြစ် ​ရွေးချယ်ခံရမည် ဖြစ်ပြီး စီးပွား​ရေးက လျင်မြန်စွာ ဖွံ့ဖြိုးလာ​ပေလိမ့်မည်။ ​နောက်တွင် စုယွဲ့ရှန်း၏ အခွင့်အ​ရေး ဖြစ်လာ​ပေလိမ့်မည်။ (ရှန်းကျန်း/ကွမ်းတုံစီရင်စုထဲမှ မြို့)


စုယွဲ့ရှန်းက တ​လေးတနက် ​ခေါင်းငြိမ့်ပြလိုက်သည်။ "ငါ အဲ့ဒီဘက်ကို သွားပြီး ဖွံဖြိုး​ရေး လုပ်လို့ရတဲ့ကိစ္စများ ရှိ​နေမလား သွားကြည့်မလို့"


သူက ​ပေကျင်း၏ ​နေရာတိုင်းတွင် ကန့်သတ်ခံထားရ​လေရာ အ​ကြောများ ​ပြေ​လျော့​စေရန် ခက်ခဲ​ပေလိမ့်မည်။


ထုံရွှယ်လူက ​ရှောင်ကျိုး၏ ​ခေါင်း​လေးကို ပွတ်​ပေးလိုက်သည်။ 


"အဲ့ဒီဘက်ကို သွားတာ ​ကောင်းပါတယ်... ဒါ​ပေမယ့် ​နောက်ဆို ​ချစ်စရာ ​ကောင်းတဲ့ ရှောင်ကျိုး​လေးနဲ့ မ​တွေ့ရ​တော့ဘူး​ပေါ့​"


​ရှောင်ကျိုးက သူမ၏ ​​ပေါင်​ပေါ် ​ခေါင်းမှီကာ ချစ်ခင်တွယ်တာစွာဖြင့် တိုး​ဝှေ့လာခဲ့သည်။ 


"ရှောင်ကျိုးက မမရွှယ်လူကို သတိရ​နေမှာ"


ထုံရွှယ်လူက သူ့ကို ဖက်ကာ အကြိမ်များစွာ အာဘွား​ပေးလိုက်ပြီး​နောက် ​ရှောင်းမျန်မျန်ကို သွားနှုတ်ဆက်ခိုင်းလိုက်သည်။


​ရှောင်ကျိုးက သူယူလာ​သော အရုပ်များကို ထုတ်ကာ ​ရှောင်းမျန်မျန်ကို ​ပေးလိုက်သည်။ 


"မမမျန်မျန်... ​ရှောင်ကျိုးက အ​ဝေးကြီးကို သွားရ​တော့မှာဆို​တော့ ထပ်မ​တွေ့ရ​တော့ဘူး... ဒီအရုပ်​တွေ ​ပေးလိုက်မယ်​နော်"


​ရှောင်းမျန်မျန်က စိုစွတ်​လာ​သော မျက်လုံးရွဲကြီးများကို မျက်​တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ 


"ဘယ်​လောက်​တောင် ​ဝေးတာလဲ"


​ရှောင်ကျိုးက ​ခေါင်း​လေးကို အနည်းငယ်​စောင်းကာ လက်ဖြင့် ယှဥ်ကြည့်လိုက်သည်။ 


"အရမ်း​ဝေးတယ်... ဘွားဘွားက ​ပြောတာ ဒီ​နေရာကို ထပ်လာလို့ မရ​​တော့ဘူးတဲ့"


​ရှောင်းမျန်မျန်က သူ့ကို မီတာဝက်အကွာမှ ရပ်ကာ ကြည့်​နေပြီး​နောက် ​ပြောလာသည်။ 


"အရမ်း​ဝေးတာပဲ အရမ်း​ဝေးတယ်... ​ရှောင်ကျိုး... ​နောက်ဆို ငါနင့်ကို လွမ်း​နေမှာ​နော်"


​ပြောပြီး​နောက် မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာခဲ့သည်။


​ရှောင်ကျိုးမှာ လုံးဝ မငိုချင်ခဲ့​သော်လည်း သူမ ငို​နေသည်ကို မြင်​သောအခါ သူသည်လည်း မျက်ရည်များ မဆည်နိုင်​တော့​ပေ။ 


အဆုံးတွင် ဖက်ထုပ်​လေးများက တစ်​ယောက်​ခေါင်းကို တစ်​ယောက်ဖက်ကာ ​အော်ငိုလိုက်ကြသည်။


"မမမျန်မျန် ​ရှောင်ကျိုးလည်း အတူတူပဲ လွမ်း​နေမှာ"


​ရှောင်းမျန်မျန်က ​ရှောင်ကျိုး ​ပေး​လာ​သော အရုပ်ကို ယူလိုက်ပြီး​နောက် ​ခြေတံတို​လေးများဖြင့် အခန်းထဲသို့ ​ပြေးဝင်သွားပြီး​​နောက် ရှန်ဝမ်ရုန် ချုပ်​ပေးထားသည့် အဝတ်ရုပ်​လေးကို ထုတ်ယူလာပြီး ​ရှောင်ကျိုးအား ​ပေးလိုက်သည်။ 


"​ရှောင်ကျိုး... ဒါ ငါအကြိုက်ဆုံး အရုပ်ပဲ... ငါနင့်ကို ​ပေးလိုက်မယ်... နင် သူနဲ့ ခင်ချင်ရဲ့လား"


​ရှောင်ကျိုးက ကြက်​ပေါက်​လေးကဲ့သို့ ​ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။


 "ဟုတ် မမမျန်မျန် ​နောက်ဆို သားသူ့ကို ဖက်အိပ်မယ်​နော်" 


ထိုစကားကို ကြား​သောအခါ ​ရှောင်းမျန်မျန်၏ မျက်နှာထက် "ဒါဆိုရင် ငါစိတ်ချလိုက်မယ်" ဟူ​သော အမူအယာ ​ပေါ်လာပြီး​နောက် အရုပ်​ပေါ်မှ အမည်းကွက်​လေးကို လက်ညှိုးထိုးပြကာ ​ပြောလိုက်သည်။


 "ငါလည်း သူနဲ့တူတူ အိပ်ရတာ သ​ဘောကျတယ်... ဒီမှာ ဒီမှာ ​တွေ့လား အားလုံး ငါ့သွားရည်​တွေ ကျ​နေတာ​လေ"


​ရှောင်ကျိုးက မျက်နှာထက်တွင် ​လေးစားအားကျ​သော အမူအယာများ ​ပေါ်လာသည်။ "ဒါဆို သားလည်း ​နောက်ဆို ဒီအရုပ်​ပေါ်မှာ သွားရည်​တွေ ကျအောင် လုပ်လိုက်မယ်​နော်"


​ရှောင်းမျန်မျန် ​ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် နှုတ်ခမ်းများကို အုပ်ထားရင်းဖြင့် ​ပြုံးပြလိုက်သည်။ 


​​ရှောင်ကျိုးက သူမကို ကြည့်ကာ တခစ်ခစ် ရယ်​မောလိုက်​လေသည်။ 


ထုံရွှယ်လူ: "..." သူမက​တော့ က​လေး​တွေရဲ့ ကမ္ဘာကြီးကို နားမလည်နိုင်​တော့ပါဘူး...


​နောက်ဆုံးတွင် စုမိသားစု ထွက်သွား​​လေသည်။